အေးစက်သောကောင်းကင်မှ လေပြင်းများ
Vol. 21 Ch. 289
ထိုအခိုက်အတန့်တွင် စုမင်၏အမြန်နှုန်းသည် မယုံနိုင်ဖွယ်အရှိန်အဟုန်သို့ ရောက်ရှိသွားသည်။ သူ့မြားသည် မျိုးနွယ်စုထဲတွင် အမြန်ဆုံးမဟုတ်ခဲ့လျှင်တောင် မာန်စွမ်းအားရှင်တစ်ယောက်ထက်တော့ သေချာပေါက်ပိုမြန်သည်ဟု ယို့လင်းအမြဲတမ်းထင်ထားခဲ့မိသည်။
အကယ်၍ သူသတ်ချင်သောလူတွင် မြားအား သူကိုယ်တိုင်ရှောင်တိမ်းနိုင်စွမ်း ရှိလျှင်တော့ ထိုသူသည် လေးညှို့မှ ပစ်လွှတ်လိုက်သောမြားအား ရှောင်တိမ်းနိုင်ကောင်း ရှောင်တိမ်းနိုင်ပေလိမ့်မည်။
သို့သော် အကယ်၍ ထိုလူတွင်သာ ရှောင်တိမ်းနိုင်စွမ်းမရှိပဲ ပြင်ပအကူအညီလိုအပ်ခဲ့မည်ဆိုလျှင်တော့ ထိုအခိုက်အတန့်တွင် မည်သူကမှ ထိုလူကိုမကယ်တင်နိုင်တော့ဟု ယို့လင်းယုံကြည်၏။
စုမင်၏ လုပ်ရပ်များကိုမြင်သောအခါ ယို့လင်း၏ခေါင်းထဲတွင် အတွေးတစ်ခုဖြစ်ပေါ်လာသည်မှအပ ပျက်ရယ်ပြုခြင်း၊ အထင်သေးခြင်းများသာ ရှိနေလေသည်။
သို့သော် သူ့ခေါင်းထဲတွင် စုမင်အားစတင်ပျက်ရယ်ပြုမိတော့မည့် အချိန်မှာပင် ထိုလှောင်ပြောင်လိုမှုများသည် အေးခဲရပ်တန့်သွားပြီး မယုံကြည်နိုင်မှု၊ ထိတ်လန့်မှုများဖြင့် အစားထိုးသွားတော့သည်။
ယို့လင်း၏ မျက်စိထဲတွင် စုမင်ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်သောအခါ ပုံရိပ်နှစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ၎င်းတို့အထဲမှတစ်ခုသည် စုမင်ခြေတစ်လှမ်းလှမ်းနေသည့် ပုံစံအတိုင်းရှိနေဆဲဖြစ်ပြီး အခြားတစ်ခုကတော့ ထိတ်လန့်ဖွယ်ကောင်းစွာ ဟူကျီရှေ့တွင် ပေါ်လာခဲ့လေသည်။ ထိုပုံရိပ်ပေါ်လာသည့်အခိုက်အတန့်မှာပင် မြားကလည်း အနီးသို့ရောက်သွားခဲ့သည်။
ညာဘက်မျက်လုံးအတွင်းမှ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအရှိန်အဝါနှင့် ဘယ်မျက်လုံးအတွင်း ရေသေကဲ့သို့ အေးဆေးတည်ငြိမ်မှုများရှိနေသော ထိုလူငယ်သည် ညာလက်ကိုမြှောက်၍ မျဉ်းတစ်ကြောင်းဆွဲသားလိုက်သည်ကို ယို့လင်းတစ်ယောက် သူ့မျက်လုံးများဖြင့်တွေ့လိုက်ရသည်။ ထိုလူသည် နီးကပ်လာနေသောမြားနှင့် အပြာရောင်အရှိန်အဝါမှ ဖြစ်တည်လာသည့် ရက်စက်ကြမ်းကြုတ်သော စိတ်တစ္ဆေအရိပ်တို့ တိုးဝင်လာနေရာဘက်သို့ ပန်းချီတစ်ချပ်ရေးဆွဲလိုက်ဟန် ပြုလုပ်လိုက်ခြင်းဖြစ်သည်။
ထိုတစ်ခုတည်းသောစုတ်ချက်ကြောင့် ယို့လင်း၏အမြင်အာရုံထဲမှ ကမ္ဘာလောကတစ်ခုလုံး ပျောက်ကွယ်သွားသကဲ့သို့ပင် ဖြစ်သည်။ တစ်ခုတည်းသော ကျန်ရှိနေသည့်အရာသည် ထိုလူငယ်၏ လက်ချောင်းမှဆွဲသားလိုက်သော ထိုအလင်းတန်း၊ ထိုမျဉ်းကြောင်းပင်ဖြစ်သည်။
ထိုမျဉ်းကြောင်းသည် ကောင်းကင်နှင့်မြေပြင်တို့အား ဆက်သွယ်ထားသည့် တံခါးပေါက်ကို ဖွင့်လိုက်သကဲ့သို့ပင်။ ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေပြင်တို့ အတူတကွပေါင်းစည်းသွားသည်။ ရာသီဥတုများ ပြောင်းလဲသွားပြီး ထိုတဒင်္ဂအချိန်အခိုက်အတန့်လေးသည် ထာဝရတည်ရှိနေတော့မည့်ပုံ ပေါ်သွားခဲ့သည်။
ထိုမျဉ်းကြောင်းဖြင့် စုမင်လက်ချောင်းသည် တိုးဝင်လာနေသောမြားကို ပိုင်းဖြတ်သွားပြီး ၎င်းမြားသည် အသံတစ်ချက်မထွက်ပဲ ထက်ခြမ်းခြမ်းခံလိုက်ရလေသည်။ ၎င်းကွဲထွက်သွားသည့်အခိုက်အတန့်မှာပင် နှစ်ခြမ်းစလုံး၏ တစ်လက်မချင်းစီတိုင်းတွင် အက်ကြောင်းများ စတင်ဖြစ်ပေါ်လာပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားတော့သည်။
လက်ချောင်းကျဆင်းလာသည်နှင့် ဝမ်းနည်းပူဆွေးမှုများ ဖြန့်ကျက်သွားပြီး ကြည့်ရှုနေသူတို့၏ နှလုံးသားများအတွင်း ပြည့်နှက်သွားခဲ့သည်။ ထိုအရာက ယို့လင်း၏မျက်လုံးများကို ဗလာဟင်းလင်းဖြစ်သွားစေပြီး သူ့အားငေးငိုင်သွားစေသည်။ သူ့ခန္ဓာကိုယ်က တုန်ယင်လာပြီး နာကျင်စွာအော်ဟစ်လိုက်သည်။ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး စိတ်ထဲတွင် အော်ဟစ်သံများဆူညံသွားသည်။ သူ့နှလုံးသား၏ နက်ရှိုင်းသောနေရာများမှ ထွက်ပေါ်လာပုံရသည့် ထိုပူဆွေးမှု၊ ဝမ်းနည်းမှုများသည် သူ့ခန္ဓာကိုယ် လက်ခံနိုင်သော အကန့်အသတ်ထက်ကျော်လွန်နေခဲ့ပုံ ပေါ်သည်။ သူသည် တစ်လောကလုံးထံမှ နှိပ်စက်ခံနေရပြီး သူ့အားတစ်လောကလုံးမှ သဘောမကျငြင်းဆန်လိုက်သကဲ့သို့ပင်။
စုမင်၏ လက်ချောင်းကျဆင်းလာသည့်အခိုက်အတန့်တွင် လူရိုင်းများ၏ နယ်မြေထဲတွင် စုမင်ကြားခဲ့ရသော ခပ်တိုးတိုးအသံက နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ ထိုအရာက သူ့နှလုံးသားထဲတွင်သာ ရှိနေခြင်းမဟုတ်တော့ပဲ အပြင်သို့ပါ ပျံ့လွင့်သွားခဲ့သည်။ အိုမင်းရှေးကျသောထိုအသံသည် အဆုံးအစမဲ့နယ်မြေအတွင်းရှိ လူတိုင်းအား ပြောဆိုလိုက်သည်။
“ငါမွေးဖွားခဲ့တဲ့နေရာက စကြဝဠာရဲ့ စည်းမျဉ်းဥပဒေသတွေအတိုင်း အလုပ်လုပ်နေတုန်းပဲ...”
“ငါမွေးဖွားခဲ့တဲ့ အချိန်တုန်းက မာန်စွမ်းအားရှင်တွေက အားနည်းခဲ့တယ်...”
“ကောင်းကင်ဘုံကသာ အညှာအတာကင်းမဲ့ရင်၊ ငါတို့အားလုံး ခွဲခြားခံရလိမ့်မယ်...”
“ကမ္ဘာမြေပြင်က အကြင်နာမဲ့ခဲ့လို့ ငါ့နက်မှောင်တောင်သေဆုံးခဲ့ရတယ်...”
“စစ်ပွဲစတင်တဲ့အခါ လကအစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားလိမ့်မယ်...”
“ငါတို့အိမ်တွေဆီပြန်တဲ့လမ်းတွေက ငါတို့နဲ့မရင်းနှီးတော့ပဲ ငါတို့တွေ သောကပင်လယ်ဝေရလိမ့်မယ်...”
စုမင် ခေါင်းမော့လိုက်သည်။ သူ့ခန္ဓာကိုယ်က အဝေးရှိဒုတိယအရိပ်ထဲတွင် ရှိနေခဲ့သည်။ ထိုအရိပ်ပျောက်ကွယ်သွားပြီး သူခေါင်းမော့လိုက်သည်နှင့် သူ၏ တစ်ခုတည်းသော မျဉ်းကြောင်းသည် အပြာရောင်စိတ်တစ္ဆေအရိပ်အား ပိုင်းဖြတ်၍ မြားကိုဖျက်ဆီးပစ်လိုက်ချေပြီ။
စိတ်တစ္ဆေအရိပ်သည် ၎င်းမသေဆုံးခင် စိတ်ပျက်လက်ပျက်ငိုကြွေးလိုက်သကဲ့သို့၊ မယုံနိုင်ဖွယ်ကိစ္စတစ်ခုအား တွေ့ကြုံလိုက်ရသကဲ့သို့ စူးရှစွာအော်ဟစ်လိုက်သည်။ ၎င်းသည် နောက်ပြန်ဆုတ်လိုသည့်အလား ရုန်းကန်နေပြီး ၎င်း၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ အသနားခံမှုများအား တွေ့မြင်နိုင်လေသည်။
သို့သော် စိတ်တစ္ဆေအရိပ်အား စုမင်၏လက်ချောင်းဖြတ်သန်းသွားသောအခါ ထိုအမူအယာများ ပျောက်ကွယ်သွားပြီး ၎င်း၏ခန္ဓာကိုယ်နှင့်အတူ လေထဲသို့ ပြန့်ကျဲလွင့်မျောသွားတော့သည်...
စိတ်တစ္ဆေ သေဆုံးသွားချေပြီ။
စုမင် ထိုမျဉ်းကြောင်းကိုဆွဲ၍ မြားနှင့် စိတ်တစ္ဆေတို့ကို ဖျက်ဆီးလိုက်သည့် အချိန်မှာပင် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု အလယ်ပိုင်းရှိရေခဲအိမ်ထဲတွင် ယောကျ်ားတစ်ယောက်သည် ဒူးထောက်နေသူသုံးဦးကို အလျင်အမြန် ဖြတ်လျောက်သွားလေသည်။
ထိုလူသည် အရပ်ပုပုနှင့် ကလေးတစ်ယောက်ပုံမျိုး ဖြစ်သော်လည်း သူ့မျက်နှာထက်တွင်တော့ ရိုင်းစိုင်းသောအမူအယာတစ်ခု ရှိနေချေသည်။ သူ့အရပ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ့ဆံပင်များက အလွန်ရှည်လျားပြီး ကြမ်းပြင်ပေါ်တွင် ဒရွတ်တိုက်နေခဲ့သည်။
“မာန်နတ်ဘုရား အသွင်ပြောင်းလဲခြင်း” ထိုလူ၏ မျက်နှာပေါ်တွင် လေးနက်သောအမူအယာမျိုး ဖြစ်ပေါ်လာခဲ့သည်။ “ငါ့လေး ယူလာခဲ့” အရပ်ပုပုလူက အေးစက်စွာပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု၏ အတော်အတန်နောက်ဘက်ကျသော အပိုင်းတွင် မြည်ဟည်းသံတစ်သံနှင့်အတူ ရေခဲအိမ်များအတွင်းရှိ အရှိန်အဝါအချို့က စတင်လှုပ်ရှားသွားကြသည်။ ၎င်းတို့သည် စုမင်၏မျဉ်းကြောင်းကြောင့် ဆွဲဆောင်ခံလိုက်ရသကဲ့သို့ ဖြစ်ပြီး တည်ငြိမ်နေသော ရေပြင်ထက်တွင် ဖြစ်ပေါ်လာသည့် ဧရာမလှိုင်းလုံးကြီးကဲ့သို့ လှုပ်ရှားသွားလေသည်။
တိုက်ပွဲမြေပြင်ရှိ သူရပ်နေသောနေရာမှာပင် ယို့လင်း၏မျက်နှာက ဖြူရော်သွားသည်။ နောက်သို့ ဒယိမ်းဒယိုင်ဆုတ်သွားရပြီး သွေးအန်လိုက်ရသည်။ လေးကိုင်ထားသော သူ့လက်သည်လည်း အပြင်းအထန်တုန်ယင်နေခဲ့သည်။ သူ့မျက်လုံးများအတွင်း သွေးကြောများပေါ်လာသော်လည်း ထိုသွေးကြောများပေါ်ပေါက်လာမှုသည် သူစိတ်အားတက်ကြွနိုင်ရန် ဒေါသလုံလုံလောက်လောက် မထောက်ပံ့ပေးနိုင်ချေ။ ၎င်းတို့က အဆုံးမရှိသော ကြောက်ရွံ့မှုနှင့် ထိတ်လန့်တုန်လှုပ်မှုများကိုသာ တောင့်ခံလိုက်နိုင်လေသည်။
သူနောက်ဆုတ်လိုက်ရချိန်မှာပင် စုမင်က သူ့အားမော့ကြည့်လာသည်ကို တွေ့လိုက်ရသည်။ ထိုအကြည့်တွင် ကရုဏာကင်းမဲ့မှုနှင့်... အရိုးထိအောင်အေးစိမ့်သွားစေမည့် အေးစက်မှုတို့ ရောင်ပြန်ဟပ်နေခဲ့သည်။
ဤအရာသည် နောက်ဆုံးအကြည့်တစ်ချက်ဖြစ်သလို ယို့လင်းဘဝတွင် နောက်ဆုံးမြင်လိုက်ရသော မြင်ကွင်းလည်း ဖြစ်သည်။ သူ့နောက်မှ အစိမ်းရောင်ပုံရိပ်တစ်ခု လျှောက်ထွက်လာခဲ့ပြီး ထိုသူက သူ၏အေးစက်နေသောလက်များဖြင့် ယို့လင်း၏လည်ပင်းတစ်လျှောက် ညင်သာစွာပိုင်းဖြတ်လိုက်သည်။ ထိုလက်များသည် ၎င်းတို့နှင့်အတူ... သွေးများပန်းထွက်နေသည့် လူဦးခေါင်းတစ်လုံးကို ယူဆောင်လာခဲ့ချေသည်။
အစ်ကိုနှစ်သည် ယို့လင်း၏ဦးဆောင်းကို လက်ထဲတွင်ကိုင်ထားပြီး သိမ်မွေ့သောအမူအယာဖြင့် စုမင်အား လှမ်းကြည့်လာသည်။ သူ့နှုတ်ခမ်းများတွင်လည်း အပြုံးတစ်ခုဖြစ်ပေါ်လာပြီး မျက်နှာပေါ်တွင်လေးစားမှုများ ပေါ်လာခဲ့သည်။
“သူ အိပ်ပါစေ။ ဒီနေရာမှာတော့ သူအန္တရာယ်ရှိမှာမဟုတ်ဘူး” စကားပြောနေရင်းဖြင့် အစ်ကိုနှစ်သည် ဟူကျီ၏ခန္ဓာကိုယ်မှ အကြည့်လွှဲလိုက်ပြီး မြောက်ပိုင်းနယ်စပ်၏ အတွင်းပိုင်းဆီ လှမ်းကြည့်လိုက်သည်။ “အငယ်ဆုံးလေး မင်းဆွဲလိုက်တဲ့မျဉ်းကြောင်းအတွက် နာမည်ပေးပြီးပြီလား”
“အခုထိ မပေးရသေးပါဘူး” စုမင် ညင်ညင်သာသာ ပြန်ဖြေလိုက်သည်။
“ဒါဆို အဲဒါကို မာန်စွမ်းအားရှင် ဖျောက်ဖျက်ခြင်းလို့ ခေါ်ရင်ရော...”
စုမင်ခဏတာ တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
“မင်းရဲ့ မာန်စွမ်းအားရှင် ဖျောက်ဖျက်ခြင်းအောင်မြင်ပြီး ရွှင်းနဲ့ တေးသံအပြည့်အစုံ တီးခတ်မဲ့နေ့ကို ငါစောင့်နေမယ်...”
အစ်ကိုနှစ်သည် စုမင်ကိုစကားပြောပြီးသည်နှင့် သူတို့နှစ်ဦးသည် အလင်းတန်းများအသွင်ပြောင်း၍ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု၏ အတွင်းပိုင်းသို့ တိုးဝင်သွားခဲ့သည်။ သူတို့ဖြတ်သန်းသွားရာတစ်လျှောက် မည်သူကမှမတားဆီးရဲခဲ့ပေ။ ကျန်ရှိနေသော ဟိုနေရာ၊ သည်နေရာ ပြန့်ကျဲနေသည့် မာန်စွမ်းအားရှင်များသည်ပင် စုမင်နှင့်အစ်ကိုနှစ်တို့ ပိုမိုလျင်မြန်စွာသွားလာနိုင်ရန် နောက်ဆုတ်ပေးလိုက်ကြသည်။
ခဏအကြာတွင် သူတို့သည် မြောက်ပိုင်းနယ်စပ် အရှေ့ပိုင်းနှင့် အလယ်ပိုင်းအကြား နယ်စပ်သို့ရောက်လာခဲ့သည်။ ထိုနေရာနှင့် ပေ၁၀၀၀၀အကွာတွင် အလယ်ပိုင်းတည်ရှိနေသည်ကို မြင်လိုက်ရပြီး ထိုအပိုင်းကို စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုမှ ပိုင်ဆိုင်ခြင်းဖြစ်သည်။
မျိုးနွယ်စုအတွင်းရှိ ရေခဲအိမ်တစ်လုံးရှေ့မှ သူတို့အားအေးစက်စွာစိုက်ကြည့်နေသည့် သက်လတ်ပိုင်းလူသုံးဦးကိုလည်း တွေ့လိုက်ရသည်။ ၎င်းတို့က လက်ထဲတွင်ကိုင်ထားသောလေးများကို မြှောက်လိုက်ရာ သူတို့အား အပြာရောင်အရှိန်အဝါများ ဝန်းရံသွားပြီး လေထဲသို့ စိတ်တစ္ဆေဟိန်းဟောက်သံများ ပျံ့နှံ့သွားသည်။ ထိုလူသုံးဦး၏နောက်တွင်တော့ သူ့အရပ်ထက်ဝက်ခန့်ရှိသည့် လေးတစ်ချောင်းကိုကိုင်ဆောင်ထားသော အရပ်ပုပုလူတစ်ဦးရှိနေသည်။
ထိုလူသည် လေးအား သေချာချိန်ရွယ်လိုက်ပြီး လေးကြိုးကိုဆွဲလိုက်သည်။ ထိုသု့ိဆွဲလိုက်သည်နှင့် လေးကြိုးထံမှ ထူထပ်သောအနက်ရောင်အော်ရာများ ကြီးထွားလာပြီး မျက်စိတစ်မှိတ်အတွင်း ၎င်းသည် လေထဲမှာပင် ရက်စက်ကြမ်းကြုတ်သော စိတ်တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး စုမင်အားဟိန်းဟောက်လိုက်သည်။
၎င်းဟိန်းဟောက်မပြီးခင်မှာပင် မျိုးနွယ်စုအလယ်ပိုင်းအတွင်းမှ ဒါဇင်ခန့်လူများထွက်ပေါ်လာခဲ့သည်။ ထိုသူများအားလုံးသည် ဆံပင်အရှည်အမျိုးမျိုးရှိပြီး လက်များဖြင့် သူတို့ကိုင်ဆွဲသောလေးများကို ဆွဲထုတ်လာခဲ့ကြသည်။
လေထုထဲတွင် ပြင်းထန်သော သတ်ဖြတ်ခြင်းအသိတစ်ခု အလျင်အမြန်စုဝေးသွားသည်။
“အစ်ကိုနှစ် ကျွန်တော့မှာ မာန်စွမ်းအားရှင် ဖျောက်ဖျက်ခြင်းပြီးတော့ ဒုတိယပုံစံတစ်မျိုး ရှိသေးတယ်... ကျေးဇူးပြုပြီး အဲဒါကိုလည်း ကူပြီးနာမည်ပေးပေးပါဦး” စကားပြောလိုက်ရင်း စုမင်ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်သည်။
ထိုခြေလှမ်းလှမ်းလိုက်သည်နှင့် သူ့ခန္ဓာကိုယ်သည် ယခင်ရှိနေခဲ့သောနေရာမှ ပေ၅၀၀အကွာတွင် ပြန်ပေါ်လာခဲ့သည်။ သူ့အမြန်နှုန်းက အလွန်လျင်မြန်လွန်းသဖြင့် ဖော်ပြ၍မရနိုင်အောင်ပင် ဖြစ်သည်။ ထိုသို့လှုပ်ရှားလိုက်သည်နှင့် သူ့ခြေထောက်များမှ ရှစ်ခုမြောက် ရေခဲကွင်းသည်လည်း ဘန်းခနဲပေါက်ကွဲသွားသည်။
စုမင်အမြန်နှုန်းက ပေါက်ကွဲထွက်လာခဲ့သည်။
ရေခဲကွင်းများ၏ပေါက်ကွဲမှုကြောင့် အစ်ကိုနှစ်၏မျက်နှာပေါ်တွင် ထိတ်လန့်သောအမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“အငယ်ဆုံးလေးက တစ်ကယ်ပဲ... အဲဒါတွေကို ဝတ်ထားခဲ့တာလား”
ပထမဆုံးရေခဲကွင်း၏ ပေါက်ကွဲမှုကြောင့် စုမင်ခန္ဓာကိုယ်တစ်ခုလုံးသည် အလေးချိန်များစွာရုတ်သိမ်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ရုတ်တရက်ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသောအခါ ယခင်ကပေ၅၀၀ဖြတ်သွားရန် ယူခဲ့ရသောအချိန်တွင် အခြားပေ၁၀၀၀ ဖြတ်ကျော်ပြီးသွားချေပြီ။
သူထိုအကွာအဝေးကိုဖြတ်သန်းပြီးသွားသောအခါ အခြားသူများသည် စုမင်ကိုမမြင်ရတော့ပဲ ပေ၁၀၀၀အဆုံးတွင် ပုံပျက်ကျန်ခဲ့သည့် ပုံရိပ်ယောင်တစ်ခုကိုသာ တွေ့မြင်ရတော့လေသည်။
ထိုအချိန်တွင် အလယ်ပိုင်းမှ စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုဝင်အများစုသည် သူတို့လေးများကို စတင်ဆွဲရုံသာရှိကြသေးသည်။ စုမင်၏ အံ့အားသင့်ဖွယ်အမြန်နှုန်းက ကျိုးကော၏အရပ်ပုပုအစ်ကိုကြီးကို မျက်လုံးများကျဉ်းမြောင်းသွားစေခဲ့သည်။ သူ့အရှေ့ရှိ လူသုံးဦး၏ မျက်နှာများပေါ်တွင်လည်း ထိတ်လန့်မှုများပေါ်လာခဲ့သည်။
“အဲဒီ အမြန်နှုန်း...”
အရပ်ပုပုလူ၏နှုတ်ခမ်းမှ အလိုလိုအလျောက်ထွက်ပေါ်လာသော စကားမဆုံးသေးခင်မှာပင် စုမင်၏ခန္ဓာကိုယ်တစ်ဝိုက်မှ ပေါက်ကွဲဆူညံသံများ နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့သည်။ သူ ထိုပေ၁၀၀၀ဖြတ်သန်းပြီးသွားသည့် စက္ကန့်အချိန်လေးမှာပင် သူ့ခြေထောက်ပေါ်မှ အခြားရေခဲကွင်းနှစ်ခု ပေါက်ကွဲသွားပြန်သည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် ရေခဲကွင်းငါးခုသာ ကျန်ရှိတော့သည်။ စုမင်၏ အမြန်နှုန်းက ပိုမိုလျင်မြန်လာပြီး တစ်ခဏအတွင်းမှာပင် ပေရာအနည်းငယ်ဖြတ်သန်းသွားခဲ့ကာ ကြီးမားသောလေးကြီးနှင့် အရပ်ပုပုလူဆီသို့ ပြေးဝင်သွားခဲ့သည်။
အရပ်ပုပုလူသည် မျက်လုံးများပြူးကျယ်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “သူ့ကို ပစ်ကြ”
အော်ဟစ်သံအပြီးတွင် မြားများသည်လေထုကို ပိုင်းဖြတ်လျက် စုမင်ထံတိုးဝင်လာကြသည်။
သို့သော် လေးညှို့မှလွှတ်လိုက်သော မြားများသည် လေထဲတွင် မယုံနိုင်ဖွယ်အမြန်နှုန်းဖြင့် ပျံသန်းလာသည့်အချိန်မှာပင် စုမင်ခြေထောက်မှ ပေါက်ကွဲသံများ နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာပြန်သည်။ နောက်ထပ်ရေခဲကွင်းသုံးခု ဆက်တိုက်ပေါက်ကွဲသွားပြန်သည်။
ထိုအခိုက်အတန့်တွင် သူ့ကိုယ်ပေါ်၌ ရေခဲကွင်းနှစ်ခုသာ ကျန်ရှိတော့သည်။ သို့သော် ထိုသို့ဆိုလျှင်တောင် စုမင်၏အမြန်နှုန်းက ကြောက်ရွံ့ထိတ်လန့်ဖွယ်အဆင့်သို့ ရောက်ရှိနေခဲ့ချေပြီ။ စုမင်သည် အချိန်နှင့် လေဟာနယ်အားဖြတ်သန်းသွားသကဲ့သို့ တစ်ခဏအတွင်း ပေ၅၀၀၀ ဖြတ်သန်းသွားပြန်သည်။ ထိုပေ၅၀၀၀သည် စုမင်အတွက်တော့ တစ်လက်မကဲ့သို့ပင်ဖြစ်သည်။
ထို့နောက်တွင်တော့ စုမင်၏မျက်စိရှေ့မှလောကသည် နှေးကွေးသွားပုံပေါ်သည်။ ထိုမြားများသည်လည်း သာမန်လူတစ်ဦးပစ်လိုက်သောမြားတစ်ချောင်း၏ အရှိန်ထက်ပင် ပိုမိုနှေးကွေးနေခဲ့သည်။ ထိုမြားများသည် စုမင်အားဖြတ်သန်းသွားပုံပေါ်သော်လည်း အမှန်တစ်ကယ်တော့ သူ့ပုံရိပ်ယောင်ကိုသာ ဖြတ်သန်းသွားခဲ့ခြင်း ဖြစ်သည်။
မြားများသာနှေးသွားခြင်းမဟုတ်ပဲ သက်လတ်ပိုင်းလူသုံးဦး၏ လေးကြိုးကိုလွှတ်နေသော လုပ်ရပ်များသည်လည်း နှေးသွားခဲ့သည်။ အမှန်စင်စစ်တွင် စုမင်သည် ထိုလူသုံးဦးရှေ့တွင် ရပ်နေပြီဖြစ်သော်လည်း သူတို့မျက်လုံးများကတော့ စုမင်ကိုမြင်ပုံမရပေ။ စုမင်က ကိုယ်ပျောက်နေပြီး ထိုလူသုံးဦးက အဝေးသို့လှမ်းကြည့်နေသည့်အတိုင်းပင် ဖြစ်သည်...
...ထို့နောက် စုမင်သည် ညာလက်ကိုမြှောက်၍ ရှေ့သို့တွန်းထုတ်လိုက်သည်။
ရှေ့သို့တွန်းထုတ်လိုက်သော စုမင်လက်သီးသည် လေကိုသာရိုက်မိသွားပုံပေါ်လည်း သူ့ရှေ့မှလူသုံးဦး၏အရေပြားများက နစ်ဝင်သွားပြီး သူတို့ဆံပင်များက ဖြည်းညင်းစွာလွင့်မျောလာကာ သူတို့ခန္ဓာကိုယ်များက စတင်တုန်ယင်သွားခဲ့သည်။
ထိုလက်သီးချက်သည် လူသုံးဦးအားသွေးအန်သွားစေပြီး လေးကြိုးများကိုလွှတ်လိုက်မိစေသဖြင့် မြားသုံးချောင်းသည် ဦးတည်ချက်ပြောင်း၍ ၎င်းတို့၏တိကျမှုကို ဆုံးရှုံးသွားတော့သည်။
နောက်ဆုံးတွင် စုမင်သည် ညာလက်ကိုမြှောက်၍ လက်သီးဆုပ်ကို ဖြေလိုက်ပြီး လက်ချောင်းတစ်ချောင်းဖြင့် လေထဲသို့ထိတို့လိုက်သည်။
လေထဲသို့ စုမင်၏လက်ချောင်း ကျရောက်သွားသောအခါ ဤအချိန်မတိုင်မီလေးကပင် အလောင်းအစားလုပ်နေခဲ့ကြသည့် လူသုံးဦး၏ဦးခေါင်းများ ပေါက်ကွဲသွားတော့သည်။ သူတို့သေဆုံးရတော့မည့် အချိန်အခိုက်အတန့်ကျမှသာ သူတို့မျက်လုံးများအတွင်း စုမင်ပုံရိပ်က ထင်ဟပ်လာခဲ့ပြီး ထိုအရာကပင် သူတို့ဘဝများ၏ အဆုံးသတ်ဖြစ်လေသည်။
‘ဒီတော့ အရမ်းမြန်တဲ့အရှိန်နှုန်းနဲ့မှသာ ဆရာဦးလေးပိုင်ရဲ့ လက်ဝါးချက်၊ လက်သီးချက်နဲ့ တို့ထိမှုတွေက... လုပ်လို့ရတာပေါ့...’
စုမင်နားလည်သဘောပေါက်သွားခဲ့သည်။
လူသုံးဦးသေဆုံးသွားပြီး ကမ္ဘာလောက၏ အမြန်နှုန်းပုံမှန်ပြန်ဖြစ်သွားသည့် အခိုက်အတန့်မှာပင် စုမင်၏ မြင်ကွင်းတည့်တည့်တွင် အနက်ရောင်မြားတစ်ချောင်း ရုတ်တရက်ပေါ်လာခဲ့သည်။ ၎င်းက လူသုံးဦး၏အသားများ၊ သွေးများကိုဖြတ်သန်းလျက် စုမင်ထံတိုးဝင်လာခဲ့လေသည်။
အနက်ရောင်မြားပေါ်တွင် ရက်စက်ကြမ်းကြုတ်သော စိတ်တစ္ဆေများ အော်ဟစ်ဟိန်းဟောက်နေကြသည်။ ထိုမြားအနောက်မှ လိုက်ပါလာသည်ကတော့ အရပ်ပုပုလူ၏ သတ်ဖြတ်လိုသည့်အသိဖြစ်ပြီး ထိုသတ်ဖြတ်လိုသောအသိအောက်တွင် သူ၏ထိတ်လန့်မှုများ၊ သတိထားမှုများကို ဖုံးကွယ်ထားခဲ့သည်။ အရပ်ပုပုလူသည် ထိတ်လန့်တုန်လှုပ်နေဆဲမှာပင် သူ့အထက်ရှိအေးစက်နေသောကောင်းကင်မှ သူ့ထံသို့ လေပြင်းတစ်ခုတိုက်ခတ်လာသည်ကို ခံစားမိလိုက်ချေသည်...
***