← Chapters

အခု မှောင်နေပြီ...

Vol. 21 Ch. 290

အခု မှောင်နေပြီ...

Vol. 21 Ch. 290

လေ ဘယ်ကတိုက်လာတာလဲ...

လေက ထိုနေရာမှပင် စတင်တိုက်ခတ်လာခြင်း ဖြစ်သည်။

ညာဘက်မျက်လုံးအတွင်းရှိ သတ်ဖြတ်ခြင်းအရှိန်အဝါမှအပ စုမင်၏အမူအယာများက တည်ငြိမ်နေခဲ့သည်။ အနက်ရောင်မြားနှင့် ၎င်းအပေါ်မှ ရက်စက်ကြမ်းကြုတ်သော စိတ်တစ္ဆေအရိပ်တို့ သူ့ထံနီးကပ်လာချိန်တွင် သူ့ကိုယ်ပေါ်မှ နောက်ဆုံးရေခဲကွင်းနှစ်ခုက ပေါက်ကွဲသွားသည်။

သူထိုနေရာသို့လာရာလမ်းတွင် ရေခဲကွင်းရှစ်ခုအနက် ခြောက်ခုပေါက်ကွဲသွားခဲ့ပြီးဖြစ်သည်။ ၎င်းတို့တစ်ခုပျက်စီးသွားချိန်တိုင်း စုမင်၏အမြန်နှုန်းသည် ယခင်အခြေအနေထက် ပိုမိုသာလွန်သွားပြီး စိတ်ကူး၍ပင်မရနိုင်သည့်ပုံစံမျိုးဖြင့် တိုးမြင့်သွားပေလိမ့်မည်။ နောက်ဆုံးရေခဲကွင်းနှစ်ခု အောင်မြင်စွာပျက်စီးသွားချိန်တွင်တော့ စုမင်မျက်လုံးထဲတွင် ထိုအနက်ရောင်မြားဖြစ်စေ၊ အနက်ရောင်အရှိန်အဝါမှ ဖြစ်ပေါ်လာသည့် စိတ်တစ္ဆေအရိပ်ပင်ဖြစ်စေ၊ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု အလယ်ပိုင်းမှပေါ်လာသော သူ့ပတ်ဝန်းကျင်ရှိ စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုဝင်များ ဖြစ်စေ အရာအားလုံး ရပ်တန့်သွားပုံပေါ်သည်။

ကောင်းကင်မှ အနက်ရောင်မြားသည်ပင် လှုပ်ရှားခြင်းမရှိတော့ပဲ အေးခဲရပ်တန့်သွားပုံပေါ်၏။ လောကတစ်ခုလုံးတွင် လှုပ်ရှားနေပုံပေါ်သောအရာမှာ စုမင်၏ခန္ဓာကိုယ်သာ ဖြစ်သည်။ စုမင် အနက်ရောင်မြားနှင့် စိတ်တစ္ဆေအရိပ်တို့ကို ဖြတ်ကျော်သွားပြီး ကျိုးကော၏အစ်ကိုကြီးရှေ့သို့ ရောက်ရှိသွားခဲ့သည်။

ဤလူက ရိုးရေစတေးနယ်ပယ်ရှိလူများနှင့် တူညီသောအစွမ်းရှိသည့် အစွမ်းထက်မာန်စွမ်းအားရှင်တစ်ယောက် ဖြစ်သည်။ သူက ရိုးရေစတေးနယ်ပယ်နှောင်းပိုင်းအဆင့်တွင် မဟုတ်လျှင်တောင် သူပစ်လွှတ်လိုက်သော မြားပေါ်ရှိ အနက်ရောင်အရှိန်အဝါထူထပ်မှုအရ သူ့စွမ်းအားသည် ရိုးရေစတေးနယ်ပယ်ကနဦးဆင့်၏ အထွတ်အထိပ်သို့ရောက်နေပြီဟု ယူဆ၍ရပေသည်။ အကယ်၍ သူသာအလိုရှိလျှင် ရိုးရေစတေးနယ်ပယ်အလယ်ဆင့်သို့ အချိန်မရွေးတက်ရောက်လို့ ရနေပြီဖြစ်သည်။

သို့သော် ဤလူက စုမင်အနိုင်ယူဖူးသည့်လူများထဲ၌ အသန်မာဆုံးတော့ မဟုတ်ချေ။

စုမင် ထိုလူကို ဖြတ်လျှောက်သွားပြီး ညာလက်ထဲရှိ ကျောက်စိမ်းဓားရှည်က တောက်ပသွားကာ အရပ်ပုပုလူ၏ လည်ပင်းကိုပိုင်းဖြတ်သွားခဲ့သည်။

စုမင် ဓားချက်ထုတ်အပြီး အရပ်ပုပုလူ၏အနောက်၌ ရပ်လိုက်ချိန်တွင် ကမ္ဘာလောကတစ်ခုလုံး သာမန်ပြန်ဖြစ်သွားခဲ့သည်။ အေးခဲရပ်တန့်နေသော အခြေအနေမှ ရုတ်တရက်ပြန်လည်ပြောင်းလဲသွားပြီး စုမင်အနောက်မှ စူးရှနာကျင်စွာအော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် တစ်ဆက်တည်းလိုလိုပင် မြေပြင်ထက်သို့ အလောင်းကြီး လဲပြိုကျသွားသံနှင့် ကောင်းကင်အားဖြတ်သန်းသွားသည့် မြားသံများလိုက်ပါလာခဲ့သည်။ ထိုမြား၏လေတိုးသံထဲမှ ပိုင်ရှင်လက်ခံကောင် သေဆုံးသွားသဖြင့် ၎င်းလည်းလိုက်ပါသေဆုံးသွားသော စိတ်တစ္ဆေ၏ နာကျင်စွာဟိန်းဟောက်အော်ဟစ်သံလည်း ထွက်ပေါ်လာခဲ့သည်။

အသံများစွာ ရောထွေးနေပြီး ထိုအသံများသည် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု အလယ်ပိုင်းရှိ စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုဝင်များထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုသူတို့၏ လေးများကိုဆွဲ၍ မြားတို့ကိုပစ်လွှတ်လိုက်သော အသံများပင်။ ထိုအခိုက်အတန့်တွင်တော့ မြားများသည် စူးရှစွာမြည်သံများဖြင့် လေထုကိုဖြတ်သန်းလျက် မြေပြင်ပေါ်ပြုတ်ကျသွားကြသည်။

စုမင်သည် အလွန်လျင်မြန်စွာဖြင့် လူသုံးဦးကို တစ်ချက်တည်းသတ်ပစ်ခဲ့ပီး ထို့နောက်တွင် နောက်ထပ်သတ်ဖြတ်မှုတစ်ခုကို ဆက်လက်ပြုလုပ်ခဲ့သည်။ ကောင်းကင်ထက်သို့ မြားများလွင့်ပျံလာချိန်တွင် သူ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူရပ်တန့်သွားချိန်ကျမှသာ ထိုမြားများက မြေပြင်ပေါ်ပြုတ်ကျလာခဲ့ခြင်း ဖြစ်သည်။

စုမင်၏ မျက်နှာက အနည်းငယ်ဖြူရော်နေသော်လည်း တည်ငြိမ်သောအမူအယာနှင့် ညာဘက်မျက်လုံးအတွင်းရှိ သတ်ဖြတ်ခြင်းအရှိန်အဝါများကတော့ ရှိနေဆဲဖြစ်သည်။ သူ့ပတ်ဝန်းကျင်ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ သူ့အားကြည့်နေကြသည့် စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုဝင်တို့၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့အံ့အားသင့်မှုများကို တွေ့လိုက်ရ၏။

ထိုစိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်ဝင်များသည် စုမင်အားငေးစိုက်ကြည့်နေကြပြီး ၎င်းတို့၏ မျက်လုံးများထဲ၌ မယုံကြည်နိုင်မှုများ၊ ထိတ်လန့်တုန်လှုပ်မှုများကို တွေ့မြင်နိုင်ပေသည်။ ထိုလူလေးဦးကို စုမင်ဘယ်လိုသတ်ခဲ့မှန်း သူတို့မမြင်ခဲ့ရပေ။

ပေ၁၀၀၀၀အကွာအဝေးကို ခြေတစ်လှမ်းတည်းလှမ်းလာသည့် စုမင်ကိုသာ သူတိုမြင်ခဲ့လေသည်။ သူခြေချလိုက်သောအခါ ယခုရောက်နေသောနေရာတွင် ရပ်နေပြီဖြစ်ကာ သူ့အနောက်ဘက် အနီးတွင်တော့ လုံးဝပျက်စီးနေသောခန္ဓာကိုယ်များနှင့် လူသုံးဦးလဲလျောင်းနေခဲ့သည်။ ၎င်းတို့၏ စိတ်တစ္ဆေများသေဆုံးသွားသဖြင့် ၎င်းတို့မြားများလည်း ပျက်စီးသွားခဲ့ချေပြီ။

အနည်းငယ်ဝေးသောနေရာတွင် ကျိုးကော၏အစ်ကိုရှိနေသည်။ ထိုမြားနက်မာန်စွမ်းအားရှင်သည်လည်း သူ့ခေါင်းလေထဲသို့ ပျံဝဲမသွားခင် ခုခံနိုင်ခဲ့ပုံမပေါ်ပေ။ သူ့စိတ်တစ္ဆေအရိပ်သည်လည်း စူးရှစွာအော်ဟစ်သံနှင့်အတူ သေဆုံးသွားခဲ့ချေပြီ။

စုမင်၏အမြန်နှုန်းသည် လူတိုင်းစိတ်ကူးနိုင်သည်ထက် ကျော်လွန်နေသဖြင့် ထိုသူများသည် သူတို့ယခုမြင်လိုက်ရသော အရာကိုမယုံကြည်နိုင်ကြသေးပေ။ သူတို့၏နှလုံးသားများသာ လျင်မြန်စွာခုန်လှုပ်နေခဲ့ပြီး ထို့နောက် စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုများအဖြစ် ပြောင်းလဲသွားလေသည်။ ထိုအချိန်အခိုက်အတန့်တွင် ဧရိယာတစ်ခုလုံး တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။

ပေ၁၀၀၀၀၀ခန့်အဝေးမှ အစ်ကိုနှစ်၏ မျက်လုံးများသည်လည်း ပြူးကျယ်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက်တွင်မှ အသက်ဝဝရှူလိုက်မိပြီး စုမင်ကိုလှမ်းကြည့်လိုက်သော သူ့မျက်လုံးများထဲတွင် ဂုဏ်ယူမှုနှင့် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နေခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံးအတွင်းမှ စုမင်၏လှုပ်ရှားမှုများကို သူစောင့်ကြည့်နေခဲ့သော်လည်း အဆုံး၌ အရပ်ပုပုလူကို စုမင်သတ်လိုက်ချိန်တွင် သူပင် တစ်ခဏတာလွတ်သွားခဲ့ရသည်။

ထိုအခိုက်အတန့်တွင် စုမင်၏အမြန်နှုန်းသည် အစ်ကိုနှစ်၏မြင်နိုင်စွမ်းထက် သာလွန်သွားခဲ့သည်ဟူ၍ ဆိုလိုခြင်းပင်ဖြစ်သည်။ အကယ်၍ စုမင်၏အရှိန်နှုန်းသည်သာ ပိုမိုလျင်မြန်လာခဲ့ပြီး အစွမ်းထက်စစ်သည်တော်တစ်ဦး၏ မြင်ကွင်းအတွင်းမှ အချိန်အတော်ကြာ ပျောက်နေနိုင်မည်ဆိုလျှင်တော့ သူသည်လည်း အစွမ်းထက်စစ်သည်တော်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

သူသည် လေပြင်းတစ်ခုဖြစ်သည်။ လူများအနေဖြင့် သူတို့မျက်နှာအား ဖြတ်တိုက်သွားသည်ကိုသာ ခံစားမိနိုင်ပြီး သူတို့မမြင်နိုင်သည့် လေပြင်းတစ်ခုဖြစ်သည်။

သူ့ပတ်ဝန်းကျင်ရှိ စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုဝင်များအပေါ်သို့ စုမင်၏အကြည့် ဝေ့ဝဲကျရောက်သွားသောအခါ သူ့အမြင်အာရုံအတွင်း ကျရောက်လာသော လူတို့၏မျက်နှာများမှ သွေးများစီးကျလာပြီး ၎င်းတို့ခေါင်းထဲတွင် မြည်ဟည်းသံများဆူညံသွားသည်။

စုမင်၏အကြည့်ထဲတွင် သူတို့မျက်လုံးများအား ထိုးဖောက်လျက် သူတို့၏စိတ်ဝိညာဉ်များအားတိုက်ခိုက်နိုင်သည့် ချွန်ထက်သောဓားပေါင်းများစွာပါဝင်နေပြီး သူတို့စိတ်ဝိညာဉ်များပေါ်တွင် အမှတ်အသားတစ်ခု ချန်ထားခံခဲ့သကဲ့သို့ပင်ဖြစ်သည်။ ထိုအမှတ်အသားက သူတို့အရှေ့မှလူသည် သူတို့အနိုင်မယူနိုင်သူဖြစ်သည်ဟူသော အစွမ်းမဲ့သွားသကဲ့သို့ ခံစားချက်ပင်ဖြစ်သည်။

သူတို့နှလုံးသားအတွင်းမှ ထိုခံစားချက်နှင့် စုမင်၏အကြည့်အောက်တွင် နှလုံးခုန်နှုန်းများ ပိုမိုလျင်မြန်လာပြီး စုမင်အကြည့်ဖြတ်သန်းသွားပြီးနောက် သူ့ရှေ့ရှိလူတိုင်း အလိုလိုဒူးထောက်လိုက်မိကြသည်။ သူတို့၏လေးများကို ခြေထောက်နားတွင်ချ၍ လက်များကိုရင်ဘတ်တွင်ကပ်ကာ ခေါင်းငုံ့ထားလိုက်ကြသည်။

စုမင်၏အကြည့်ဖြတ်သန်းသွားရာ ဧရိယာအတွင်းရှိလူများအားလုံး မည်သည့်ဆံပင်အရှည်မျိုးဖြစ်စေ၊ မာန်စွမ်းအားရှင်ဖြစ်စေ၊ သာမန်လူဖြစ်စေ ဒူးထောက်လျက် စုမင်အားကိုးကွယ်လိုက်ကြသည်။

“ဒုတိယပုံစံက ခဏလေးပဲကြာတဲ့ အချိန်အခိုက်အတန့်လေးလိုပဲ။ အဲဒီအခိုက်အတန့်လေးမှာ တစ္ဆေသရဲတွေ၊ စိတ်တစ္ဆေတွေအားလုံး ဖျက်ဆီးခံလိုက်ရတယ်။ အဲဒါက ပြိုင်ဘက်ကင်းစွမ်းအားတစ်ခုပဲ... လျှပ်တပြက်စိတ်တစ္ဆေလို့ အမည်ပေးရင်ရော” အစ်ကိုနှစ်က စုမင်ထံလျှောက်လှမ်းလာနေရင်း အေးအေးဆေးဆေး မေးလိုက်သည်။

“လျှပ်တပြက်စိတ်တစ္ဆေ... ကောင်းတယ်”

စုမင် ခေါင်းညိတ်ပြလိုက်ပြီး သူ့မျက်နှာက ပိုမိုဖြူရော်သွားသည်။ စောစောလေးက အရှိန်နှုန်းသည် သူ့အကန့်အသတ်သို့ရောက်နေခဲ့ချေပြီ။ နောက်ဆုံးရေခဲကွင်းနှစ်ခု ပေါက်ကွဲသွားသောအခါ အမြန်နှုန်းသည် သူ့ခန္ဓာကိုယ်တောင့်ခံနိုင်သည်ထက် အနည်းငယ်ကျော်လွန်သွားကြောင်း စုမင်ခံစားမိလိုက်သည်။ လွန်ခဲ့သောလအနည်းငယ်အတွင်း သူ့ရုပ်ခန္ဓာအား လေ့ကျင့်ထားခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် ထိုအံ့သြဖွယ်အမြန်နှုန်းအောက်၌ သူစုတ်ပြတ်သတ်သွားနိုင်ချေများပေသည်။

“ဒါပေမယ့် အငယ်ဆုံးလေး... အဲဒီပုံစံက အံ့အားသင့်ဖို့ကောင်းပေမယ့်... လိုနေသေးသလိုပဲ” အစ်ကိုနှစ်သည် စုမင်ထံသို့ဖြည်းညင်းစွာ လျှောက်လာပြီး စုမင်အနောက်သို့ ရောက်လာသောအခါ မြေပြင်အားတစ်ချက်လှမ်းကြည့်လိုက်သည်။ အထူးသဖြင့် ခေါင်းနှင့်ကိုယ် တကွဲတပြားဖြစ်နေသည့် အရပ်ပုပုလူ၏အလောင်းကိုပင် ဖြစ်သည်။

“ဘာလိုနေလဲဆိုတာကိုတော့ ငါတိတိကျကျမပြောနိုင်ဘူး။ အဆုံးမှာတော့ မင်းကအဲဒါကိုဖန်တီးခဲ့တဲ့လူပဲလေ... ဒါပေမယ့် အဲဒီအမြန်နှုန်းနဲ့သွားလာနေတဲ့အချိန်မှာ မင်းရဲ့စူးစမ်းလေ့လာမှုစွမ်းရည်တွေ ကျဆင်းသွားတာလို့တော့ ငါထင်တယ်” စကားပြောလိုက်ပြီးသည်နှင့် အစ်ကိုနှစ်၏ မျက်လုံးများက စူးရှတောက်ပသွားပြီး ချက်ချင်းဆိုသလိုပင် အရပ်ပုပုလူ၏ပတ်ပတ်လည်မှ မြက်များစွာထွက်ပေါ်လာခဲ့သည်။

“မင်းက ပြန်ကောင်းနေတာပဲ။ ငါမြင်နေတယ်...”

အစ်ကိုနှစ် ထိုစကားများကိုပြောလိုက်သည့် အခိုက်အတန့်မှာပင် စတင်အရည်ပျော်သွားပြီး များစွာသောအနက်ရောင်ပိုးကောင်များအဖြစ် ပြောင်း၍ မြေပြင်ပေါ်တွင် ပြန့်ကျဲသွားကြသည်။ အလောင်းသည်လည်း အလားတူအရာမျိုးဖြစ်ပျက်သွားပြီး အနက်ရောင်ပိုးကောင်များအဖြစ် ပြောင်းလဲသွားသည်။

မြေပြင်တစ်ခုလုံး ပြည့်သွားသည်နှင့် ထိုအနက်ရောင်ပိုးကောင်များသည် စူးရှစွာအော်ဟစ်လိုက်ပြီး ကောင်းကင်သို့ အဆက်မပြတ်ပျံတက်လိုက်ကြသည်။

သို့သော် ၎င်းတို့ပျံတက်လိုက်သည်နှင့် မြေပြင်ပေါ်ရှိ မြက်များကလည်း တိုးထွက်လာပြီး အမိအရဖမ်းထားလိုက်ကြသည်။ အနက်ရောင်ပိုးကောင်များသည် မြက်ပင်များထံမှလွတ်မြောက်ရန် အဆက်မပြတ်ကြိုးစားလှုပ်ရှားနေကြသော်လည်း သူတို့မအောင်မြင်နိုင်သည်မှာ အရှင်းအလင်းပင် ဖြစ်သည်။

ကောင်းကင်မှအနက်ရောင်ပိုးကောင်များကို စုမင်မော့ကြည့်လိုက်သည်။ သူ့အကြည့်က အေးစက်သွားခဲ့၏။

“ငါ့ဖန်တီးမှုက အိပ်မက်ထဲကိုဝင်ရောက်တဲ့ တတိယလေးရဲ့ပုံစံနဲ့လည်း မတူဘူး။ မင်းဆွဲတဲ့ပန်းချီတွေနဲ့လည်း အရမ်းကွဲပြားတယ်... ငါ့ဖန်တီးမှုက အသက်လမ်းကြောင်းကို လျှောက်လှမ်းနေချိန်မှာ သေခြင်းတရားကိုရှာဖွေတာပဲ... နေ့က ညကိုရှာသလိုပေါ့...”

အစ်ကိုနှစ်သည် စကားပြောနေရင်း ဘယ်လက်ကိုငုံ့ကြည့်လိုက်သည်။ ထို့နောက်လက်ကို ဖြည်းညင်းစွာမြှောက်လိုက်ပြီး ကောင်းကင်တွင် မြက်များထံမှ လွတ်မြောက်ရန်ကြိုးစားနေသည့် ပိုးကောင်များရှိရာသို့ ကုပ်ဆွဲဟန်ပြုလိုက်သည်။

ထိုသို့လုပ်လိုက်သည်နှင့် နွေရာသီမှ ပန်းများ ဆောင်းလေပြင်းအောက်တွင် အလျင်အမြန် ညှိုးရော်ခြောက်သွေ့သွားသကဲ့သို့ ပိုးကောင်များကို ဖမ်းဆီးထားသောမြက်များသည်လည်း ၎င်းတို့၏ အသက်ဓာတ်များဆုံးရှုံးသွားသည့်ဟန် အညိုရောင်ပြောင်းသွားကြသည်။

သို့သော် ၎င်းတို့ညှိုးရော်ခြောက်သွေ့သွားချိန်တွင် ထိုအသက်စွမ်းအား ကုန်ဆုံးမှုသည် အနက်ရောင်ပိုးကောင်များကို ဖြန့်ကျက်ဖုံးအုပ်သွားပုံ ပေါ်၏။ အစ်ကိုနှစ် လက်ပြန်ချလိုက်သောအခါ ပိုးကောင်များသည်လည်း ကောင်းကင်မှပြုတ်ကျလာခဲ့သည်။ ပိုးကောင်များအားလုံးပြုတ်ကျလာပြီးသောအခါ ၎င်းတို့သည်ပိုးကောင်အသေများပုံစံဖြင့် ဆက်မတည်ရှိတော့ပဲ အရပ်ပုပုလူ၏အလောင်းအဖြစ် ပြန်လည်ပြောင်းလဲသွားချေသည်။

“မင်းနောက်တစ်ကြိမ် လျှပ်တပြက်စိတ်တစ္ဆေသုံးတဲ့အချိန်ကျရင် မင်းရဲ့ပတ်ဝန်းကျင်ကိုပဲ အာရုံစိုက်မထားနဲ့။ မင်းသတ်ချင်တဲ့ ရန်သူအပေါ်မှာလည်း အာရုံစိုက်ထား။ ပြီးတော့ သူ့အသက်ဓာတ်ကိုလည်း လေ့လာစစ်ဆေးကြည့်... မင်းမသေချာရင်တော့ တစ်ခုပဲမှတ်ထား၊ သူ့ကိုအသက်ရှင်နေသေးတယ်လို့ သဘောထားပြီး နောက်တစ်ကြိမ်ထပ်သတ်။ နှစ်ခါဖြစ်ချင်ဖြစ်မယ်။ အဲဒီထက်လည်း ပိုရင်ပိုနိုင်တယ်” စကားပြောပြီးသည်နှင့် အစ်ကိုနှစ်သည် အသားပုံရှိရာဘက်သို့ရွှေ့လိုက်ပြီး ခြေထောက်ကိုမြှောက်၍ မြေပြင်ပေါ်သို့ ထပ်ခါထပ်ခါ ဆောင့်နင်းလိုက်သည်။

သူ့အမူအယာက နူးညံ့သိမ်မွေ့နေဆဲဖြစ်ပြီး ထိုအရာက သူလုပ်နေသောအရာနှင့် အလွန်ကွဲပြားခြားနားနေခဲ့သည်။

“အခု သူတစ်ကယ်သေသွားပြီ။ လုံးဝ သံသယဝင်စရာမလိုအောင်ကို သေသွားပြီ” အစ်ကိုနှစ်က ညင်သာစွာပြောလိုက်ပြီး ခေါင်းမော့၍ စုမင်အားပြုံးပြလိုက်သည်။

သူ့လုပ်ရပ်များသည် ပတ်ဝန်းကျင်တွင် စုဝေးနေကြသည့် စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုဝင်တို့၏ နှလုံးသားများအား အေးစက်သွားစေသည်။ ထိုအချိန်တွင် သူတို့အတွက်တော့ အမြဲတမ်းပြုံးနေသည့် ထိုအမျိုးသားက စုမင်ထက်ပိုကြောက်ဖို့ ကောင်းပေသည်။ထိုကြောက်ရွံ့မှုသည် သူ့စွမ်းအားကြောင့်မဟုတ်ပဲ သူ့လုပ်ရပ်များကြောင့်ဖြစ်သည်။

စုမင်ခဏတာ တိတ်ဆိတ်ငြိမ်သက်နေပြီးမှ လေးလေးနက်နက်ခေါင်းညိတ်ပြလိုက်သည်။

“သွားမယ်။ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုရဲ့ အနောက်ပိုင်းကနေ ငါတို့ကိုတားဖို့ လူဘယ်လောက်ထွက်လာမလဲဆိုတာ ကြည့်ရတာပေါ့” အစ်ကိုနှစ်သည် ပြုံးရွှင်စွာဖြင့် စုမင်ပုခုံးကိုပုတ်လိုက်သည်။ သူ့မျက်လုံးများထဲတွင် ဂုဏ်ယူသည့်အမူအယာတစ်ခု ရှိနေဆဲဖြစ်သည်။

စုမင် အစ်ကိုနှစ်နောက်သို့လိုက်ရန် ခြေထောက်ကိုမြှောက်လိုက်ချိန်မှာပင် သူ့ခန္ဓာကိုယ်က တုန်ယင်သွားပြီး ဘေးတွင်ရပ်နေသည့် အစ်ကိုနှစ်ကိုမော့ကြည့်လိုက်မိ၏။ သူ့အစ်ကိုနှစ်၏ ပြုံးနေသောမျက်နှာပေါ်တွင် ဖြူဖျော့မှုအရိပ်အမြွက်ကို တွေ့လိုက်ရချေသည်။

“အစ်ကိုနှစ်...” စုမင် တစ်စုံတစ်ရာပြောလိုဟန်ဖြင့် ပါးစပ်ဟလိုက်သည်။

“ဘာမှမဖြစ်ဘူး။ ငါကမင်းရဲ့ စီနီယာအစ်ကိုလေ။ ဒါက ငါလုပ်သင့်တဲ့အရာပဲ။ သွားစို့” အစ်ကိုနှစ်သည် ခေါင်းခါယမ်းလိုက်ပြီး ပြုံးလျက် အရှေ့သို့ထွက်သွားလေသည်။

စုမင် အစ်ကိုနှစ်ကို တွေဝေစွာ ငေးကြည့်လိုက်မိပြီး သူ့မျက်လုံးများထဲတွင် နွေးထွေးမှုများဖြစ်ပေါ်လာခဲ့သည်။

သူ့ပုခုံးအား အစ်ကိုနှစ်ပုတ်လိုက်ချိန်တွင် အစ်ကိုနှစ်၏လက်မှတစ်ဆင့် သူ့ကိုယ်ထဲသို့တိုးဝင်လာသော နွေးထွေးမှုတစ်ခုကို စုမင်ရှင်းရှင်းလင်းလင်းခံစားမိခဲ့သည်။ ထိုနွေးထွေးမှုသည် သူ့အားတစ်ကြိမ်လှည့်ပတ်ပြီးသွားသည်နှင့် များပြားသောအသက်ဓာတ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤအသက်ဓာတ်သည် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းကြောင့် စုမင်ရရှိခဲ့သည့် ခန္ဓာကိုယ်မှ ဒဏ်ရာများအားလုံးနီးပါးကို ကုသပေးသွားသည့် အစွမ်းထက်ဆေးလုံးတစ်လုံးကဲ့သို့ပင် ဖြစ်သည်။

သို့သော် ထိုသို့လုပ်ရခြင်းသည် အစ်ကိုနှစ်အတွက် လွယ်လွယ်ကူကူကိစ္စတစ်ခုမဟုတ်သည်မှာ အရှင်းအလင်းပင် ဖြစ်သည်။

အဖွဲ့၏ကြင်နာမှုအား စုမင်နှလုံးသားအတွင်း ရေးထွင်းထားခဲ့ချေပြီ။ သူ နဝမတောင်ထွတ်အား... ထာဝရမေ့မည်မဟုတ်ပေ။

စုမင်တို့နှစ်ဦး ရှေ့ဆက်တိုးလာခဲ့ပြီး မည်သူကမှ သူတို့အားရပ်တန့်ရန် ထပ်မံမကြိုးစားခဲ့ပေ။ သူတို့ပတ်ဝန်းကျင်မှ စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုဝင်များသည်လည်း စုမင်နှင့်အစ်ကိုနှစ်တို့ အဝေးအားလျှောက်သွားသည်ကိုသာ စောင့်ကြည့်နေခဲ့ကြသည်။ တစ်ဖြည်းဖြည်းဖြင့် သူတို့နှစ်ဦးသည် ဆီးနှင်းလွင်ပြင်ပေါ်တွင် တည်ထောင်ထားသည့် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု၏ အနောက်ပိုင်းသို့ရောက်လာခဲ့သည်။

စုမင်နှင့်အစ်ကိုနှစ်တို့အရှေ့တွင် ထွက်ပေါ်လာသောအရာသည် မျိုးနွယ်စု၏ အစွန်ဘက်ဆုံးကျကျတွင် တည်ရှိနေသည့် တိတ်ဆိတ်သော ရေခဲအိမ်များ၊ ဆီးနှင်းလွင်ပြင်အစွန်းရှိ အနက်ရောင်သစ်ရွက်များဖြင့် သစ်ပင်ကြီးနှင့် ထိုသစ်ပင်အောက်မှ အိမ်တို့ပင်ဖြစ်သည်။

“စိတ်တစ္ဆေကပ်ဆိုး မျိုးနွယ်စု... နာမည်အတိုင်းပါပဲ။ အငယ်ဆုံးလေး ဒီဧရိယာအတွင်းက အိမ်တွေထဲမှာ လူတစ်ရာလောက် နေထိုင်နေကြတယ်။ ပြီးတော့ သူတို့အထဲက တစ်ဒါဇင်လောက်ရဲ့ အစွမ်းတွေက ရိုးရေစတေးနယ်ပယ်ကလူတွေနဲ့ ညီတယ်” အစ်ကိုနှစ်သည် ရေခဲအိမ်များကို ဝေ့ဝဲကြည့်လိုက်ပြီး စုမင်အား ပြုံးပြလာခဲ့သည်။ ထို့နောက် ရာသီဥတုအခြေကို မော့ကြည့်လိုက်သည်။

“အခု မှောင်နေပြီ၊ အငယ်ဆုံးလေး...” အစ်ကိုနှစ်၏ ပါးစပ်မှ ထိုစကားလုံးများထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် သူ၏ ယခင်နူးညံ့သိမ်မွေ့နေသော အပြုအမူများသည်လည်း ကောင်းကင်အား မှောက်လှန်လိုက်သကဲ့သို့ ပြောင်းလဲသွားတော့သည်။

***

All Chapters