← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁)

ရွှင်ပျော်ပျော်ရေက ရောဂါပျောက်စေလား

ထိုအမျိုးသားသည် မျက်ရည်များကို သုတ်လိုက်ပြီး ထမ်းစင် တစ်ဖက်ကို မကာ အပြင်သို့ ဆွဲထုတ်သွားသည်။ ဟွာကျွင်း သူမ မြင်ဖူးခဲ့သော သတင်းတစ်ပုဒ်ကို ရုတ်တရက် သတိရသွား၏။ တည်သီးပေါ်ချိန်တွင် လူအများအပြားမှာ တည်သီးများကို အလွန်အကျွံ စားမိရာမှ အစာအိမ်ထဲတွင် ကျောက်တည်တတ်ကြ၏။

ဆရာဝန်များသည် ကိုကာကိုလာ ကို များများသောက်ပေးခြင်းဖြင့် ကျောက်အချို့ကို အရည်ပျော်စေနိုင်ပြီး နာကျင်မှုကို မြန်မြန်ဆန်ဆန် သက်သာစေနိုင်ကြောင်း ပြောထားသည့် သတင်းကိုလည်း သူမ သတိရလိုက်၏။

သို့သော် ၎င်းမှာ ယာယီကုသမှုသာ ဖြစ်၍ နောက်ပိုင်းတွင် ကျောက်များ အရှင်းအလင်း ပျောက်သွားစေရန် တရုတ်ရိုးရာဆေးများ ဆက်လက် သောက်သုံးရန် လိုအပ်သည်။

“နေပါဦး”

ဟွာကျွင်း လှမ်းအော်လိုက်၏။

“ကျွန်မမှာ တိုင်းရင်းဆေးနည်းတစ်ခု ရှိတယ်၊ စမ်းကြည့်ချင်လား”

ထိုအမျိုးသားသည် ချက်ချင်းပင်လှည့်ကြည့်လာကာ အားကိုးတကြီး ပြောလိုက်သည်။

“ကျွန်တော်တို့ကို ကူညီမှာလား။ ကျွန်တော်တို့မှာ တခြားနည်းလမ်း မရှိတော့ပါဘူး၊ ဘာပဲဖြစ်ဖြစ် စမ်းကြည့်ချင်ပါတယ်”

ဤသည်မှာ လွယ်ကူသွားပြီ ဖြစ်သည်။

ကိုလာ ထဲတွင် ပါဝင်သော ဖော့စဖောရစ်အက်ဆစ်သည် အစာအိမ်ထဲတွင် ကျောက်တည်ခြင်းကို ဖြစ်စေသော ကယ်လ်စီယမ်ဓာတ်ကို ဓာတ်ပြယ်စေနိုင်ကြောင်း ဟွာကျွင်း သတိရလိုက်၏။ သူမ မီးဖိုချောင်ထဲမှ (၂) လီတာဆံ့ ကိုလာပုလင်းကြီး နှစ်ပုလင်းကို ထုတ်ယူလိုက်သည်။

သူမ ပုလင်းအဖုံး ဖွင့်ကာ ထိုအမျိုးသားထံ ကမ်းပေးလိုက်၏။

“ဒါ သူ့ကို တိုက်လိုက်ပါ၊ အများကြီး တိုက်နော်”

ထိုအမျိုးသားသည် ထမ်းစင်ကို ဆိုင်တံခါးဝသို့ သယ်သွားပြီး မြေပြင်ပေါ်တွင် အသာအယာ ချလိုက်၏။ ထို့နောက် ကိုလာပုလင်းကို ယူကာ ဘာကိုမှ စဉ်းစားမနေတော့ဘဲ သူ့ဇနီးကို ထူ၍ တိုက်တော့သည်။ အမျိုးသမီးမှာ စကားပင် မပြောနိုင်လောက်အောင် နာကျင်နေပြီး အားနည်းနေသဖြင့် တိုက်သမျှကို သောက်နေ၏။သူမ အနည်းငယ် သောက်ပြီးနောက် ထို ဆေး မှာ ခါးသက်ခြင်းမရှိဘဲ ချိုမြိန်သော စွပ်ပြုတ်ရည်ကဲ့သို့ ဖြစ်နေသည်ကို ခံစားလိုက်ရသည်။

အပြင်ဘက်တွင် ရွာသားများသာမက ဆိုင်အတွင်းရှိ စားသုံးသူများပါ စားလက်စကို ရပ်၍ စူးစမ်းလိုစိတ်ဖြင့် ဝိုင်းအုံကြည့်နေကြ၏။

ကိုလာ တစ်ဝက်ခန့် ကုန်သွားသည့်အခါ သူမ ပြန်လှဲချလိုက်ပြီး အသက်ကို ပြင်းပြင်းရှူနေသည်။ အမျိုးသားမှ စိုးရိမ်တကြီး မေးလိုက်၏။

“ဘယ်လိုနေလဲ။ သက်သာရဲ့လား”

သူမ ပြန်မဖြေပေ။ ခဏအကြာတွင် ဝမ်းဗိုက်ကို ဖိကာ ကိုယ်အပေါ်ပိုင်းကို မတ်ရန် ကြိုးစားသည်။ ထို့နောက်တွင် လေတက်သံ အကျယ်ကြီး တစ်ချက် ပြုလိုက်၏။ ထို့အပြင် အသက်အနည်းငယ် ရှူလိုက်ပြီးနောက် နောက်ထပ် အကြိမ်ပေါင်းများစွာ လေတက်သည်။ နောက်ဆုံးတွင် သူမ မျက်နှာမှာ နဂိုအတိုင်း ပန်းရောင်သန်းလာတော့သည်။

“အောင်မြင်ပြီဟေ့ အောင်မြင်ပြီ”

တစ်ယောက်က လက်ခုပ်တီးလိုက်ရာ ထိုအမျိုးသားသည် ဟွာကျွင်းကို ကျေးဇူးတင်စွာ ကြည့်လိုက်၏။

“ကျေးဇူးတင်ပါတယ်၊ သူဌေးမဟွာ”

ဟွာကျွင်း ထပ်မံ ပြောလိုက်သည်။

“သောက်နိုင်ရင် ထပ်တိုက်လိုက်ပါဦး”

ဟွာကျွင်း၏ စကားကို နားထောင်ပြီးနောက် အမျိုးသားသည် ကိုလာပုလင်းကို ပြန်ယူ၍ အမျိုးသမီး ပါးစပ်သို့ တေ့ပေးပြန်၏။

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာလည်း ငြိမ်သက်သွားပြီး အမျိုးသမီးကိုသာ စိုက်ကြည့်နေကြသည်။

တစ်ပုလင်းလုံး ကုန်သွားသည့်အခါ အမျိုးသမီးသည် ရင်ထဲတွင် ချဉ်တက်လာသလို ခံစားရသဖြင့် ပါးစပ်ကို ပိတ်ကာ နေရခက်စွာ ညည်းညူနေ၏။ အမျိုးသားက ဟွာကျွင်းကို စိုးရိမ်တကြီး ကြည့်လိုက်ရာ သူမ အမြန်ပင် ပြော၏။

“မစိုးရိမ်ပါနဲ့၊ ဒါက ပုံမှန် တုံ့ပြန်မှုတစ်ခုပါ”

လူတိုင်း စိုးရိမ်နေစဉ်မှာပင် အမျိုးသမီးသည် မာကျောသော အရာများကို အန်ထုတ်လိုက်၏။ ထိုအရာများ ထွက်သွားသည့်အခါ အမျိုးသမီး၏ နာကျင်နေသော အမူအရာမှာ တဖြည်းဖြည်း လျော့ပါးသွားသည်။

“ကျောက်တွေ ထွက်လာပြီ”

တစ်ယောက်က အော်လိုက်၏။ အမျိုးသားမှာ ဝမ်းသာမျက်ရည် ကျကာ ဟွာကျွင်းကို အကြိမ်ကြိမ် ကျေးဇူးတင်နေတော့သည်။

ဟွာကျွင်း လက်ကာပြလိုက်ပြီး ပြော၏။

“ဝမ်းသာဖို့ မစောပါနဲ့ဦး၊ သမားတော်နဲ့ ထပ်ပြကြည့်တာ ပိုစိတ်ချရပါတယ်”

အမျိုးသား အမြန်ပင် ခေါင်းညိတ်ကာ မေးလိုက်သည်။

“သူဌေးမဟွာ... ဒီဆေးနဲ့ ဉာဏ်ပူဇော်ခအတွက် ဘယ်လောက် ပေးရမလဲ”

“ကျွန်မက သမားတော် မဟုတ်တော့ ဉာဏ်ပူဇော်ခ ပေးစရာ မလိုပါဘူး။ ဒါက ဆေးလည်း မဟုတ်ဘူး၊ အချိုပွဲဖိုးပဲ ပေးပါ”

ထိုအမျိုးသားမှာ အလွန်ပင် ကျေးဇူးတင်နေသဖြင့် ဟွာကျွင်း ရှေ့တွင် ဒူးထောက်လုနီးပါးပင် ဖြစ်သွား၏။ သူသည် ကြေးပြား လေးဆယ် ပေးခဲ့ပြီးနောက် အမျိုးသမီးကို ထမ်းစင်ပေါ် ပြန်တင်၍ ဆေးခန်းသို့ သယ်ဆောင်သွားတော့၏။

ကိစ္စပြီးသွားသော်လည်း ပတ်ဝန်းကျင်ရှိ လူများမှာ မပြန်ကြသေးပေ။

“ဒီအရည်က တကယ်ကို အစွမ်းထက်တာပဲ။ ဗိုက်နာတာကို ကုနိုင်တယ်”

“ဒါတင်မကဘူး၊ ကြည့်စမ်း... ဟိုအမျိုးသမီးက သေလုမျောပါး ဖြစ်နေတာ၊ ဒါက အသက်ကယ်ဆေးပဲ”

“သူဌေးမဟွာ... ဒီအစွမ်းထက်တဲ့ ဆေးရည်ကို ကျွန်မကို ရောင်းပါဦး”

“ကျွန်တော်လည်း ဝယ်ချင်တယ်၊ အိမ်မှာ အရေးပေါ်ထားဖို့”

ဟွာကျွင်း ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး ပြောလိုက်သည်။

“ဒါက ဆေးမဟုတ်ပါဘူး၊ သောက်စရာ တစ်မျိုး။ အခုက ဒီရောဂါနဲ့ တိုက်ဆိုင်လို့ အဆင်ပြေသွားတာပါ၊ ဆေးအဖြစ် သောက်လို့ မရပါဘူး”

လူတိုင်း သူမ စကားကို မယုံကြပေ။ ကောင်းမွန်သော အရာများကို လွယ်လွယ်နှင့် ရောင်းမည် မဟုတ်ဟု သူတို့က ယူဆနေကြတော့၏။ သို့သော် သူတို့ စိတ်မပျက်ကြပေ။ မုန့်ဆိုင်အနားမှာသာ အမြဲရှိနေလျှင် တစ်နေ့နေ့တွင် ဝယ်နိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။

မော့ချွမ်း နားမလည်နိုင်ဘဲ ဖြစ်နေ၏။ သူ ဟွာကျွင်းကို တိုးတိုးလေး မေးလိုက်၏။

“ဒါက ဟို ရွှင်ပျော်ပျော်လူဝကြီးရေ မဟုတ်လား။ ဒါက တကယ်ပဲ ရောဂါကုနိုင်လို့လား”

ဟွာကျွင်း စိတ်ရှည်စွာ ရှင်းပြရတော့၏။

“ကိုလာထဲမှာ အစာအိမ်ထဲက ကျောက်တွေကို မြန်မြန် ဓာတ်ပြယ်စေပြီး ပျော်ဝင်သွားစေနိုင်တဲ့ အရာတွေ ပါဝင်နေလို့။ အဲဒါတွေ ပျော်သွားတော့ ဗိုက်နာတာလည်း သက်သာသွားတာပေါ့”

မော့ချွမ်း နားလည်တစ်ဝက်၊ မလည်တစ်ဝက်ဖြင့် နားထောင်ကာ ဟွာကျွင်း စကားကို နားလည်အောင် ကြိုးစားနေသည်။

“ကျွန်မ ရှင့်ကို ပြောသားပဲ၊ ပညာက ကံကြမ္မာကို ပြောင်းလဲနိုင်ပြီး စာဖတ်တာက ဘဝကို ပြောင်းလဲနိုင်တယ်လို့”

မော့ချွမ်းသည် ဧည့်ခန်းရှိ စာအုပ်စင်ပေါ်မှ စာလုံးများ ပြည့်နှက်နေသော စာအုပ်များကို သတိရလိုက်ရာ ခေါင်းပင် ကိုက်လာတော့၏။

“ကျွန်တော် စာလုံးတွေ မှတ်မိအောင်ပဲ သင်ပါ့မယ်။ ကျွန်တော့်အသက်အရွယ်နဲ့ ကျောင်းသွားတက်ရင် ရယ်စရာဖြစ်နေမှာပေါ့”

ဟွာကျွင်း နဖူးကို လက်ဖြင့် အသာဖိလိုက်မိ၏။

‘ဘာတွေ ဖြစ်နေတာလဲ’

သူမ မိသားစုဝင်တွေ တစ်ယောက်ပြီး တစ်ယောက် စာသင်ရမှာကို မကြိုက်ကြပေ။

‘မော့ချွမ်းမှာ လူကြီးဖြစ်နေပြီမို့ ထားပါဦး၊ ဟွာရှန့်က ငယ်ငယ်လေး ရှိသေးတာကို တစ်နေကုန် မီးဖိုချောင်ထဲမှာပဲ နေချင်နေတယ်’

ဤအချက်ကို တွေးမိသည့်အခါ သူမ ခေါင်းကိုက်လာရပြန်၏။ သူမကို ဟင်းချက်သင်တန်းကျောင်းသို့ ပို့လိုက်ရမလားဟုပင် တွေးမိသည်။

သူမ စိတ်လှုပ်ရှားနေသော ဟွာရှန့်ကို ကြည့်လိုက်ရာ ဟွာရှန့်က ပြော၏။

“အစ်မက ရောဂါတွေကိုတောင် ကုနိုင်တာပဲ။ တကယ်ကို အံ့သြဖို့ ကောင်းတယ်”

ယနေ့တွင် ဟွာရှန့် အဘိုးက ဟင်းသီးဟင်းရွက် တောင်းကြီးတစ်လုံး လာပို့ပေးခဲ့သဖြင့် ဟော့ပေါ့အစုံလိုက်တွင် ဟင်းအမယ်အချို့ ပိုလာသည်။

ထိုဟင်းအမယ်များမှာ တစ်ညနေအတွင်းမှာပင် ကုန်သလောက် ဖြစ်သွား၏။

အထူးသဖြင့် အာလူးကို စားသုံးသူများက အလွန်ပင် နှစ်သက်ကြသည်။ အာလူးကို အလွှာထူထူလေး လှီး၍ ဟင်းရည်ထဲတွင် ပြုတ်ကာ ဆော့စ်နှင့် တို့စားသည့်အခါ အရသာမှာ အလွန်ပင် ကျေနပ်စရာ ကောင်းလှ၏။

“ဟွာရှန့်... နင့်အဘိုးဆီမှာ တခြား ဘာဟင်းသီးဟင်းရွက်တွေ ရှိသေးလဲ။ နောက်ဆိုရင် ရှိသမျှ အကုန် ပို့ခိုင်းလိုက်တော့”

ဤခေတ်မှ ဟင်းသီးဟင်းရွက်များမှာ ပိုးသတ်ဆေး မပါသဖြင့် အမှန်တကယ်ပင် အရသာ ပိုရှိလှသည်။

“အဘိုးက အများကြီး ပို့လိုက်ရင် သမီးတို့ မကုန်မှာ စိုးနေတာ၊ အခုတော့ ဒီလောက် မြန်မြန် ကုန်သွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ သမီးနဲ့ အားမန် ဆို ဟင်းသီးဟင်းရွက်တွေ လှီးတာ လက်ကို မနားရဘူး”

အားမန် ခေါင်းညိတ်ပြ၏။ ယခုရက်ပိုင်းအတွင်း သူမသည် မယုံနိုင်လောက်အောင် စိတ်ကျေနပ်မှုကို ခံစားနေရ၏။ လူတိုင်း သူမ ဆီသတ်ထားသော ဟင်းရည်များကို ချီးမွမ်းနေကြသည်။ နောက်ဆုံးတွင် သူမကိုယ်သူမ တန်ဖိုးရှိသည်ဟု ခံစားလာရပြီး ဤမုန့်ဆိုင်ကို သူမ၏ အိမ်အဖြစ် စိတ်ထဲမှ သတ်မှတ်ထားသည်မှာ ကြာပြီ ဖြစ်၏။

ယခုအခါ မီးဖိုချောင်အတွင်းမှာ ငြိမ်သက်နေပြီး ဟင်းသီးဟင်းရွက် အနည်းငယ်သာ လှီးရန် ကျန်တော့သဖြင့် အားလုံး စုရုံးကာ စကားပြောနေကြသည်။

ဟွာရှန့် ပြော၏။

“အခု နွေဦးရောက်ပြီဆိုတော့ မြစ်ဘေးမှာ ခရုတွေ အများကြီး ရှိနေပြီ။ ပြီးခဲ့တဲ့ အခေါက်က အိမ်ပြန်တော့ သမီးမောင်လေး မြစ်ထဲမှာ ခရုတွေ ကောက်နေတာ တွေ့ခဲ့သေးတယ်”

ခရုအကြောင်း ကြားရသည့်အခါ ဟွာကျွင်း၏ မျက်လုံးများ တောက်ပသွားတော့၏။ ဆိုရိုးစကားပင် ရှိသည်။

“ချင်မင်းပွဲတော် မတိုင်ခင်မှာ ခရုတွေက ငန်းသားတွေထက်တောင် ကောင်းသေးတယ်”

ဤအချိန်တွင် ခရုများမှာ အသားပြည့်ပြီး အလွန်ပင် အရသာ ရှိလှ၏။ ညဘက်တွင် ခရုတစ်ပွဲကို ကြော်၍ စုပ်စားရခြင်း၏ အရသာကို စားဖူးသူများသာ သိနိုင်သည်။

“အဆင်ပြေတာပေါ့၊ သူ့ကို အများကြီး ကောက်ခိုင်းပြီး ပို့ခိုင်းလိုက်ပါ။ ရှိသမျှ အကုန် ငါ ဝယ်မယ်။ ငါတို့ ခရုကြော် လုပ်စားကြတာပေါ့”

ဟွာကျွင်းသည် ၎င်းတို့ကို ရောင်းရန် ရည်ရွယ်ခြင်း မဟုတ်ပေ။ ကလေးတစ်ယောက် ဆော့ရင်း ကောက်လာသည့် ခရုမှာ မည်မျှ ရှိမည်နည်း။ သူမတို့ဆိုင်က လူအနည်းငယ် စားရန်နှင့် ပိုလျှင်မူ စစ်သူကြီးလု နှင့် ကျန်းရှီယွဲ့ တို့ထံ ပို့ပေးရန်သာ ဖြစ်၏။

ဟွာရှန့် ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

“ဒါဆို သိပ်ကောင်းတာပဲ။ သမီး မောင်လေးလည်း အခုဆို ပိုက်ဆံ ရှာနိုင်ပြီပေါ့”

ဟွာရှန့်သည် ဆိုင်တွင်သာ နေထိုင် စားသောက်သဖြင့် ပိုက်ဆံ သိပ်မကုန်ပေ။ သူမသည် သူမ လစာနှင့် ဟွာကျွင်း ပေးသော မုန့်ဖိုးများကို အဘိုးဖြစ်သူထံသို့သာ အကုန် ပေးလေ့ရှိ၏။

ဟွာကျွင်း သူမကို ဝယ်စဉ်က ပေးခဲ့သော ငွေများ၊ ဟင်းသီးဟင်းရွက်များအတွက် ပေးသော ငွေများကြောင့် အဘိုးဖြစ်သူ၏ မိသားစုမှာ ဆင်းရဲခြင်း မရှိတော့ပေ။

သို့သော် သူတို့မိသားစုမှာ မျိုးရိုးစဉ်ဆက် ရိုးရိုးသားသားသာ နေထိုင်လာခဲ့ကြသဖြင့် ရသမျှ ငွေများကို စုဆောင်းထားကြပြီး သုံးစွဲရန် ဝန်လေးနေကြဆဲ ဖြစ်၏။

ဟွာကျွင်း ပြောလိုက်သည်။

“နင့်မောင်လေးကလည်း မငယ်တော့ဘူး၊ အခု နင်တို့ မိသားစုမှာ ပိုက်ဆံတွေ ပိုနေပြီဆိုတော့ သူ့ကို ကျောင်းပို့ဖို့ စဉ်းစားသင့်တယ်”

ထိုသို့ပြောပြီးနောက် ဟွာကျွင်းကိုယ်တိုင်ပင် ရယ်ချင်မိသွားသည်။ သူမ ယနေ့ ဘာဖြစ်နေသနည်း။ တွေ့သမျှလူတိုင်းကို ကျောင်းပို့ချင်နေသော အမေအိုကြီး တစ်ယောက်နှင့် တူနေသည်။

ဟွာရှန့် ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။

“အဘိုးကလည်း အဲဒီလိုပဲ ပြောတယ်။ နွေဦးရာသီမှာ လယ်စ်ိုက်တာ ပြီးရင်တော့ ကျောင်းရှာရမှာပေါ့။ သမီးတို့ ရွာမှာက မူလတန်းကျောင်း မရှိဘူး၊ မြို့ထဲက ကျောင်းတွေကလည်း သမီးတို့ကို လက်မခံကြဘူး။ အနီးဆုံး မူလတန်းကျောင်းက ငါးမိုင် လောက် ဝေးတယ်”

အခန်း (၁၁၂)

အရက်စိမ် ပုစွန်အစိမ်းသုပ်

ဟွာကျွင်း သက်ပြင်းချလိုက်သည်။

“ဒီခေတ်မှာ ကျောင်းတက်ရတာ တကယ်ကို ခက်ခဲတာပဲ။ ရွာတိုင်းမှာ ကျောင်းရှိတာ မဟုတ်ဘူး၊ များသောအားဖြင့် ရွာကြီးတွေမှာပဲ မူလတန်းကျောင်းတွေ ရှိကြတာ”

“ဒီမှာလည်း ဟွာကျွင်းမူလတန်းကျောင်း ရှိတာပဲ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရှို့ချိုင်တစ်ယောက်ပဲ ရှိတာဆိုတော့ သူက အခြေခံ စာရေးစာဖတ်လောက်ပဲ သင်ပေးနိုင်မှာ”

ဟွာရှန့် မျက်လုံးလေးများ ပြူးကျယ်သွားပြီး ပြောလိုက်သည်။

“မူလတန်းကျောင်းတွေ အကုန်လုံးက စာရေးစာဖတ်နဲ့ အသိပညာပေးတာပဲ သင်တာလေ၊ သူက သမီးတို့ကို စာမေးပွဲအမြင့်ဆုံးအောင်တဲ့ ကျွမ်းယွမ် ဖြစ်အောင် ကူညီပေးနိုင်လိမ့်မယ်လို့တော့ မျှော်လင့်လို့မရဘူးပေါ့”

ဟွာကျွင်းသည် ထိုမူလတန်းကျောင်းမှ ရှို့ချိုင်အကြောင်း သိပ်မသိပေ။ သူသည် များသောအားဖြင့် အတော်လေး အေးအေးဆေးဆေး နေတတ်ပုံရပြီး အခြားသူများ သူ့အကြောင်း ပြောကြလျှင်လည်း တစ်ချိန်လုံး စာဖတ်နေတတ်ကာ သူ့တဲထဲမှ ထွက်ခဲသည်။ ထမင်းကိုပင် ကျောင်းသားမိဘအချို့က အလှည့်ကျ လာပို့ပေးကြခြင်း ဖြစ်၏။ သူ့တွင် မည်မျှအထိ အရည်အချင်းရှိသည်ကို သူမ မသိပေ။

ဟွာကျွင်း ဟွာရှန့်ကို ပြောလိုက်သည်။

“ဒါဆိုရင် အဲဒီမူလတန်းကျောင်းကို တစ်ချက်လောက် စုံစမ်းကြည့်ရအောင်။ အဆင်ပြေတယ်ဆိုရင် သွားလာရလွယ်ကူအောင် နွားလှည်းတစ်စီး ဝယ်လိုက်မယ်။ အဆင်မပြေရင်တော့ ပြန်လာပြီး ငါတို့ကျောင်းမှာပဲ စာသင်ကြတာပေါ့”

ဟွာရှန့် ခေါင်းညိတ်ပြ၏။ သူမသည် အိမ်ပြန်ရောက်လျှင် အဘိုးဖြစ်သူကို ပြန်ပြောရန် ဟွာကျွင်း၏ စကားကို စိတ်ထဲမှ မှတ်ထားလိုက်သည်။

နေ့ရက်များမှာ အလုပ်ရှုပ်နေသော်လည်း အလွန်ပင် စိတ်ကျေနပ်စရာ ကောင်းလှ၏။

ထိုနေ့တွင် ဟွာရှန့်၏ မောင်လေးသည် ခရုတောင်းတစ်လုံး အမှန်တကယ်ပင် သယ်လာသည်။ ၎င်းတို့မှာ အတော်လေး ကြီးမားလှသဖြင့် ခုနစ်ပွဲ ရှစ်ပွဲခန့် ရနိုင်ပုံရ၏။

ဟွာကျွင်း ဝမ်းသာအားရ လက်ခံလိုက်ပြီး မောင်လေးဖြစ်သူကို ကြေးပြားသုံးဆယ် ပေးလိုက်သည်။

မောင်လေးမှာ အတော်လေး ရှက်တတ်ပုံရ၏။ သူ ပိုက်ဆံကို ယူကာ ကျေးဇူးတင်ပါတယ်ဟု တီးတိုး ဆိုပြီးနောက် အမြန်ပင် ထွက်ပြေးသွားတော့၏။

ဟွာကျွင်းသည် ခရုများကို မီးဖိုချောင်ထဲသို့ ယူသွားကာ ပြင်ဆင်သည်။

ခရုများကို ရေဇလုံထဲသို့ ထည့်ကာ နှမ်းဆီနှင့် ဆားအနည်းငယ် ထည့်၍ ခရုထဲမှ သဲများ ထွက်လာအောင် စိမ်ထားလိုက်၏။

ထိုသို့ စိမ်ထားသည့်အခါ ခရုများကြားမှ မြစ်ပုစွန်လေး အများအပြား ခုန်ထွက်လာကြသည်။

ဤသည်မှာ ဝမ်းသာစရာ အံ့ဩဖွယ်တစ်ခု ဖြစ်၏။ ဟွာရှန့် ပုစွန်လေးများကို တစ်ဖက်သို့ ဖယ်လိုက်ရာ တစ်ပွဲစာနီးပါး ရသည်။ ပုစွန်လေးများမှာ ရှင်နေပြီး ခုန်ပေါက်နေသဖြင့် ဟွာရှန့်မှာ အုပ်ဆောင်းတစ်ခုဖြင့် အုပ်ထားရတော့၏။

“အရက်စိမ်ပုစွန် လုပ်ဖို့ ကွက်တိပဲ”

အရက်စိမ်ပုစွန်၏ လျှို့ဝှက်ချက်မှာ လတ်ဆတ်မှုဖြစ်သဖြင့် ပုစွန်သေများကို သုံးမရပေ။ ပုစွန်များက ပို၍ လှုပ်ရှားနေလေ ပိုကောင်းလေ ဖြစ်၏။

ပထမဦးစွာ မြစ်ပုစွန်များကို ရေဖြင့် နှစ်ကြိမ် သုံးကြိမ်ခန့် ဆေးကြောကာ ရွှံ့နှင့် သဲများကို ဖယ်ရှားပြီးနောက် အရက်စိမ်ရန် ပြင်ဆင်သည်။

သူမ ပိုးသတ်ရန်အတွက် ဝိုင်ဖြူ တစ်ခွက်ကို လောင်းထည့်လိုက်ပြီးနောက် အရက်ဝါ အနည်းငယ် ထပ်ထည့်လိုက်၏။ ထိုအချိန်တွင် ပုစွန်များမှာ မူးဝေနေကြပြီ ဖြစ်၏။ ထို့နောက် သူမ ပုစွန်များထည့်ထားသော ပန်းကန်လုံးကို ပန်းကန်တစ်ခုဖြင့် အုပ်ကာ အပေါ်အောက် အပြင်းအထန် လှုပ်ယမ်းလိုက်သည်။

ဆယ်မိနစ်ခန့် ထားလိုက်ပြီးနောက် ဟွာကျွင်းသည် ပဲငပိရည်အကြည် ၊နှစ်ချို့ ရှာလကာရည်၊ သကြား၊ နံနံပင်၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို ထည့်ကာ သမအောင် မွှေလိုက်၏။ ထိုအခါ အရက်စိမ် ပုစွန်အစိမ်းသုပ်လေး အဆင်သင့် ဖြစ်သွားသည်။ ပုစွန်များမှာ ထိုအချိန်အထိ လှုပ်ရှားနေဆဲဖြစ်ရာ စားရဲသူမှာ အစားအသောက်ကို အစစ်အမှန် ခံစားတတ်သူသာ ဖြစ်ပေလိမ့်မည်။

“စားကြလေ”

ထိုသို့ပြောကာ ဟွာကျွင်း ပန်းကန် ကိုင်လျက် အားလုံးကို စားရန် တိုက်တွန်းသည်။

မော့ချွမ်း ပြော၏။

“မ... မကျက်သေးဘူးလား ”

ဟွာရှန့် ပြောလိုက်သည်။

“ဒါက အစိမ်းကြီးပဲရှိသေးတယ်”

“လတ်လတ်ဆတ်ဆတ် စားရတာက အဓိကပဲလေ”

“သမီးတော့ မစားရဲဘူး၊ သူ သမီးကို ပြန်ကိုက်မှာ ကြောက်တယ်”

ဟွာကျွင်း အားမန်ကို ကြည့်လိုက်ရာ အားမန်ကလည်း ခေါင်းခါပြကာ ငြင်းဆန်သည်။

မော့ချွမ်းပင်လျှင် ပန်းကန်ကို စိုက်ကြည့်ရင်း တွန့်ဆုတ်နေမိ၏။

ဟွာကျွင်းသည် တစ်ကောင်ကို ယူကာ အားလုံး၏ အကြည့်များအောက်တွင် အေးအေးဆေးဆေးပင် ပါးစပ်ထဲ ထည့်လိုက်၏။ သူမ ဝါးကြည့်ပြီးနောက် ခေါင်းညိတ်လျက် ပြောသည်။

“ဝေါင်းး အရသာ ရှိလိုက်တာ”

သူတို့ သုံးဦးစလုံး အံ့သြမှင်တက်သွားကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြ၏။

“တကယ်ကြီး စားလိုက်တာလား”

သူမ သူတို့ကို နောက်ပြောင်နေခြင်း မဟုတ်ပေ။

ဒါက တကယ် စားလို့ရတာပဲ။

လူတိုင်း တွန့်ဆုတ်နေသည်ကို မြင်ရာ ဟွာကျွင်းက တစ်ကောင် အရင်နှိုက်လိုက်၏။

“မော့ချွမ်း။ ရှင် မြည်းကြည့်”

မော့ချွမ်းသည် ထွက်ပြေးရန် ပြင်သော်လည်း ဟွာကျွင်း သူ့အင်္ကျီကို ဆွဲထားလိုက်သည်။

“မြန်မြန်လုပ်။ ရှင်ပဲ ကျွန်မ ချက်တာ အကုန် အရသာရှိတယ်လို့ ပြောတာ မဟုတ်လား”

“အဲဒါက တကယ့် အစားအသောက်ဖြစ်မှလေ။ ဒါက အရှင်လတ်လတ် ပုစွန်တွေလေ၊ အစားအသောက်မှ မဟုတ်တာ”

“ရှင် ထပ်ပြေးဦးမှာလား”

မော့ချွမ်းသည် မီးဖိုချောင်ထဲတွင် သုံးပတ်ခန့် ပတ်ပြေးပြီးနောက် စိုးရိမ်ပူပန်သော မျက်နှာဖြင့် ရပ်လိုက်သည်။ သို့သော် သူသည် ဟွာကျွင်းကို ကြောက်သဖြင့် တူကို ကိုင်ကာ ပုစွန်တစ်ကောင်ကို ညှပ်လိုက်ရ၏။

တူပေါ်မှ မြစ်ပုစွန်လေးမှာ တဖြတ်ဖြတ် ခုန်ပေါက်နေသဖြင့် သတိမထားပါက လွတ်ထွက်သွားနိုင်သည်။

မော့ချွမ်းသည် သေဘေးနှင့် ရင်ဆိုင်ရတော့မည့် အမူအရာမျိုးဖြင့် ပုစွန်ကို ပါးစပ်ထဲ ထည့်လိုက်သည်။

ပုစွန်က သူ့ပါးစပ်ထဲတွင် လှုပ်ရှားနေဆဲ ဖြစ်၏။ ပြန်အန်ထုတ်လုနီးပါး ဖြစ်သွားသော်လည်း နောက်တစ်စက္ကန့်တွင် ဟွာကျွင်းက သူ့နှုတ်ခမ်းကို လက်ဖြင့် ပိတ်ထားလိုက်သည်။ သူ တုန်တုန်ရင်ရင်ဖြင့် ပုစွန်ကို ကိုက်လိုက်ပြီး ထိုအခါမှ သူ့မျက်နှာမှာ မူလအတိုင်း ပြန်ဖြစ်သွားတော့၏။

အခွံက ကြွပ်နေပြီး ကိုက်လိုက်သည့်အခါ ကွဲထွက်သွား၏။ အတွင်းမှ အသားမှာ ချိုမြိန်ပြီး နူးညံ့လှသည့်အပြင် အရက်နံ့ မွှေးမွှေးလေးနှင့် မမျှော်လင့်ထားသော အရသာမျိုးကို ပေးစွမ်းသည်။

“အရမ်းမွှေးတာပဲ”

မော့ချွမ်း အံ့သြတကြီး ပြောလိုက်သည်။ စက္ကန့်ပိုင်းအလိုက အမူအရာနှင့် လုံးဝ ခြားနားသွား၏။

“ရှင် မျက်နှာပြောင်းတာကတော့ ဆရာကျတာပဲ။ ပုစွန်စားတာက သေမတတ် ဖြစ်နေသလားမှတ်ရတယ်”

မော့ချွမ်းမှာ ရယ်မောလျက် တစ်ကောင်ပြီးတစ်ကောင် မနားတမ်း စားတော့၏။

ထို့နောက် ဟွာကျွင်းသည် ဟွာရှန့်နှင့် အားမန်ကို တိုက်တွန်းရာ အားမန် ပထမဆုံး စားလိုက်၏။ အားမန်က သူမသည် နောင်တစ်ချိန်တွင် စားဖိုမှူးကြီး ဖြစ်ရမည် ဟု ဆုံးဖြတ်ထားသဖြင့် မည်သည့် အစားအစာကိုမဆို သတ္တိရှိရှိ စမ်းသပ်ရမည်ဟု တွေးလိုက်ခြင်း ဖြစ်သည်။

သူမ စားပြီးနောက်တွင်လည်း အံ့သြသွားကာ ဟွာကျွင်းကို လက်မထောင်ပြ၏။

ဟွာရှန့်သည်လည်း အားလုံး စားကြသည်ကို မြင်ရာ သတ္တိမွေး၍ တစ်ကောင် စားကြည့်သည်။ ကံမကောင်းစွာဖြင့် သူမသည် ၎င်းကို သိပ်မကြိုက်ပေ။ အရက်နံ့က ပြင်းလွန်းသည်ဟု သူမ ခံစားရ၏။ မြစ်ပုစွန်ကို လတ်လတ်ဆတ်ဆတ် စားရမည်ဖြစ်သဖြင့် သူတို့ သုံးဦးမှာ ခရုများကို မေ့ထားကာ ပုစွန်များကိုသာ မီးဖိုချောင်ထဲတွင် ရပ်၍ အကုန်စားလိုက်ကြသည်။

စားပြီးနောက် အားလုံးမှာ ထပ်စားချင်နေကြသေးသော်လည်း ကံကောင်းစွာ ခရုများ ကျန်နေသေး၏။

ဟွာကျွင်းသည် ကတ်ကြေး သုံး၍ ခရုခွံ၏ ချွန်ထက်သော အမြီးပိုင်းကို ဖြတ်ထုတ်လိုက်သည်။ ၎င်းမှာ အရသာ ဝင်လွယ်စေရန်နှင့် စားရလွယ်ကူစေရန် ဖြစ်၏။

အားမန် ကတ်ကြေးတစ်လက် ရှာကာ ကူညီပေးသည်။ သူမသည် ဤထူးခြားသော ဟင်းလျာများကို နေ့တိုင်း စိတ်ပါဝင်စားစွာ သင်ယူနေခြင်း ဖြစ်၏။

ဤသည်ကို မြင်ရရာ ဟွာကျွင်းလည်း ဝမ်းသာလှ၏။ သူမ ချက်ပြုတ်သည့်အခါ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိပေ။ တစ်စုံတစ်ယောက်က သင်ချင်သည်ဆိုပါက သူမ သိသမျှကို အကုန် သင်ပေးလေ့ရှိသည်။

ခရုများကို ဆေးကြောပြီးနောက် ဖယ်ထားလိုက်၏။ ဟွာကျွင်းသည် ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးများကို ပြင်ဆင်သည်။ အိုးထဲရှိ ဆီမှ အငွေ့ထွက်လာသည့်အခါ ပါဝင်ပစ္စည်း အားလုံးကို လောင်းထည့်လိုက်၏။

စက္ကန့်နှစ်ဆယ်ခန့် ဆီသတ်ပြီးနောက် ဟော့ပေါ့အနှစ် တစ်တုံးထည့်ကာ ဆီများ နီထွက်လာသည်အထိ ဆီသတ်သည်။

ထို့နောက်မှ ခရုများကို ထည့်လိုက်၏။ ဆီသတ်ခြင်းဖြစ်သဖြင့် မီးပြင်းပြင်းဖြင့် မနားတမ်း မွှေပေးရသည်။

အနေတော် ဖြစ်သွားသည့်အခါ ဟွာကျွင်း ဘီယာနှစ်ပုလင်းကို လောင်းထည့်ကာ မီးပြင်းပြင်းဖြင့် ဆူအောင် ထားလိုက်၏။ ဘီယာနံ့များ ပျံ့နှံ့သွားသည့်အခါမှ မီးကို လျှော့ကာ အနှစ် ပျစ်အောင် ထားလိုက်သည်။

ကြိုးစား သင်ယူနေသော အားမန်အပြင် အခြားသော အစားအသောက် မက်သူ နှစ်ဦးမှာလည်း မီးဖိုနားသို့ ရောက်လာကြပြီး မျက်လုံးများ တောက်ပလျက် တံတွေးများ မျိုချနေကြသည်။ ထိုသို့ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသူများ ရှေ့တွင် ဟွာကျွင်းသည် ပန်းကန်လုံးကြီးတစ်လုံးဖြင့် ခရုများကို ခပ်ထုတ်ကာ မီးဖိုချောင်ရှိ စားပွဲလေးပေါ်တွင် တင်လိုက်၏။

ဤအချိန်ရှိ ခရုများမှာ ဆောင်းခိုရာမှ နိုးလာကာ အသားပြည့်ပြီး နူးညံ့နေသည့်အပြင် မြေကြီးနံ့လည်း မရှိသဖြင့် စားရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။

ခရုစုပ်စားရာတွင်လည်း နည်းလမ်း ရှိသည်။ ဟွာကျွင်းကဲ့သို့ ကျွမ်းကျင်သူများမှာ ခရုခွံကို တူဖြင့် ကိုင်ကာ လျှာဖြင့် တွန်းပြီး ပါးစပ်ဖြင့် စုပ်လိုက်လျှင် အသားမှာ ပါးစပ်ထဲသို့ အလိုက်သင့် ဝင်လာတော့၏။

နည်းလမ်း မသိသူများမှာမူ သွားကြားထိုးတံ သုံး၍ ခရုအသားကို ထိုးထုတ်ကာ စားကြရသည်။ ၎င်းမှာ နှေးသော်လည်း စား၍တော့ ရသည်။

မော့ချွမ်း အစားအသောက် မက်သူဖြစ်သဖြင့် အမြဲပင် စူးစမ်းလေ့ရှိ၏။ ဟွာကျွင်း အမြန်စားနေသည်ကို မြင်ရာ လုပ်လက်စကို ရပ်၍ သေသေချာချာ ကြည့်ပြီး နည်းလမ်းကို ချက်ချင်း သင်ယူလိုက်သည်။

“ဒီခရုအသားက အိအိလေးနဲ့ အရသာကလည်း ထူးကဲတာပဲ။ ကျွန်တော့်ကို ပန်းကန်လုံးတစ်လုံးစာ ပေးထားရင်တောင် တစ်ညလုံး စုပ်စားနေနိုင်တယ်”

စားရင်း သောက်ရင်းနှင့် ဟွာရှန့်က ရုတ်တရက် သတိရကာ ပြောသည်။

“သမီးအဘိုးက ဟိုမူလတန်းကျောင်း ကို ဆရာ သွားရှာဖို့ သွားတော့ အဲဒီရွာထဲကို အကောင်ကြီးတစ်ကောင် ဝင်လာပြီး လူတစ်ယောက်ကို ဆွဲသွားတယ်လို့ ကြားခဲ့တယ်”

ဟွာကျွင်းက အံ့ဩတကြီး မေး၏။

“အကောင်ကြီးဟုတ်လား။ ဘယ်လို အကောင်လဲ။ လူကို စားနိုင်လို့လား။ နေပါဦး... သတ္တဝါကြီးဆိုတာ... ကျားများလား”

“ဟုတ်တယ်၊ အရမ်းကြီးတာပဲ၊ ပြီးတော့ သူ့နဖူးမှာ ဘုရင်ဆိုတဲ့ စာလုံးပါတယ်တဲ့။ အခု ရာသီဥတုက ပူလာပြီ၊ တောင်ပေါ်က နှင်းတွေလည်း အရည်ပျော်ကုန်တော့ သူ အစာရှာဖို့ ဆင်းလာတာ ဖြစ်မှာ”

ဆောင်းရာသီတွင် ဆာလောင်နေသော ကျားသည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။ ဟွာကျွင်းသည် အနည်းငယ် ထိတ်လန့်သွားလေသည်။ အိမ်ကလည်း မဆောက်ရသေးဘဲ တဲများဖြင့်သာ နေနေရခြင်း ဖြစ်၏။ အကယ်၍ ကျားသာ လမ်းပေါ် ဆင်းလာပါက သူတို့မှာ ကျားအတွက် စိတ်ကြိုက် စားသောက်ပွဲကြီး ဖြစ်မသွားပေမည်။

All Chapters