← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃)

ခွေးဝယ်ခြင်း

အထူးသဖြင့် အခုအခါ အကင်လုပ်ငန်း လုပ်ကိုင်နေကြသော အားမောက်၏ မိသားစုမှာ ကျားကြီး အသားနံ့ခံပြီး လိုက်လာမှာစိုးသဖြင့် သိုးသားအချို့ကို သိုလှောင်ထားသည်ဟု ပြော၏။

ဟွာကျွင်း အတွေးများနေသည်။ လက်ရှိ ရွာသားများမှာ ခုခံနိုင်စွမ်း အလွန်ပင် အားနည်းလှ၏။ ခိုင်ခံ့သော အိမ်များမရှိသလို လက်နက်လည်း မရှိကြပေ။ ကျွမ်းကျင်မှုမရှိသော ကင်းလှည့်အဖွဲ့လေးသာ ရှိသဖြင့် ဘေးကင်းလုံခြုံမှုမှာ အလွန်ပင် နည်းပါးလှသည်။

သူမသည် ခရု ညှပ်ရန် ပန်းကန်ထဲသို့ တူဖြင့် နှိုက်လိုက်သော်လည်း ဟင်းအနှစ်များကိုသာ တွေ့ရတော့၏။ သူမ မော့ကြည့်လိုက်သည့်အခါ ပါးစပ်တွင် ဆီများပေလျက် လက်ချောင်းများ စုပ်နေသော မော့ချွမ်း ကို တွေ့လိုက်ရသည်။

ဟွာကျွင်း ကျန်နေသော ခရုများကို ကြည့်လိုက်ရာ နောက်ထပ် နှစ်ပွဲစာမက ကြော်ရန် လုံလောက်သေးသဖြင့် မီးဖိုဆီသို့ ပြန်သွားကာ ပြင်ဆင်သည်။

အားမန် ထ၍ ကူညီပေး၏။ သူမသည် နောက်ထပ် အိုးတစ်လုံးကို တည်ကာ သူမကိုယ်တိုင် စမ်းကြော်ကြည့်ချင်ကြောင်း ဟွာကျွင်းကို အမူအရာဖြင့် ပြောလိုက်သည်။

လူနှစ်ယောက်၊ အိုးနှစ်လုံး ရှိသောကြောင့်ဟွာကျွင်း တစ်ဆင့်ချင်း လုပ်ဆောင်ပြရာ အားမန်က နောက်အိုးတလုံးဖြင့် သေသေချာချာ ကြည့်၍ လိုက်လုပ်သည်။ သူမသည် နည်းလမ်းကို စိတ်ထဲတွင် မှတ်သားထားလိုက်တော့၏။ သူမ ခရုတစ်ကောင်ကို ဟွာကျွင်းအား မြည်းခိုင်းရာ အရသာမှာ ထူးမခြားနားဘဲ ကောင်းမွန်နေသည်ကို တွေ့ရ၏။

အမှန်တကယ်တော့ အားမန်၏ လက်မောင်းအားက ပိုသန်သဖြင့် အရသာမှာ ပို၍ပင် ကြွယ်ဝနေသေး၏။

ဟွာကျွင်းသည် ခရုများကို သစ်သားသေတ္တာ နှစ်လုံးထဲသို့ ထည့်ကာ လုမင်လီ နှင့် ကျန်းရှီယွဲ့ တို့ထံ ပို့ပေးရန် မော့ချွမ်းကို ခိုင်းလိုက်သည်။ သူမ မီးဖိုချောင်ကို သိမ်းဆည်းပြီးနောက် ဆိုင်တံခါးဝသို့ ထွက်လာရာ အားမောက် အလုပ်ရှုပ်နေသည်ကို မြင်ရ၏။

ဟွာကျွင်း ရောက်လာသည်ကို မြင်သည့်အခါ အားမောက်က သိုးသားကင် ငါးချောင်း ယူ၍ သူမကို ကမ်းပေးလိုက်သည်။

“သူဌေးမဟွာ... သုံးဆောင်ပါဦး”

ဟွာကျွင်း တစ်ချောင်းသာ ယူပြီး ကျန်သည်ကို အားမောက်အား ပြန်ပေးလိုက်၏။ အေပရွန် ဝတ်ထားသော ဒေါ်လေးပန်းမှ အသားတုတ်များကို စီရင်း ဟွာကျွင်းနှင့် စကားပြောနေသည်။

“သူဌေးမဟွာ ကျေးဇူးကြောင့် အခုဆိုရင် ဘဝက အရင်ကထက် အများကြီး ပိုအဆင်ပြေလာပါပြီ။ အသားကင်တွေက ရောင်းကောင်းသလို အိမ်မှာလည်း သိုးခေါင်းသားတွေ အမြဲရှိနေတယ်”

သူတို့သည် လက်ရှိဘဝကို အလွန် တန်ဖိုးထားကြသည်။ နေ့တိုင်း မုန့်ဆိုင်ပိတ်ပြီးနောက် အသားကင်စင်ကို အရင်ဆုံး သေသေချာချာ သန့်ရှင်းရေးလုပ်ကာ ဆိုင်ရှေ့တစ်ဝိုက်ကိုလည်း တံမြက်စည်း လှည်းလေ့ရှိကြ၏။

ဟွာကျွင်း ပြောလိုက်သည်။

“ဝေးတဲ့ရွာတစ်ရွာထဲကို ကျားကြီးဝင်လာတယ်လို့ ကြားတယ်”

အားမောက်လည်း ထိုသတင်းကို ကြားထားပြီး ဖြစ်၏။

“ဟုတ်ပါ့ဗျာ၊ ကြောက်စရာကြီး။ လူတစ်ယောက်ကိုတောင် ဆွဲသွားတယ်လို့ ကြားတယ်”

ဘေးနားတွင် အသားကင်စောင့်နေသော ဝယ်သူတစ်ဦးကလည်း စကားဝိုင်းထဲ ဝင်လာ၏။ “မြို့ထဲမှာလည်း အဲဒီအကြောင်းတွေပဲ ပြောနေကြတာ။ ကျားကြီးရဲ့ ခေါင်းက ရေတွင်းဝထက်တောင် ကြီးသတဲ့”

ဒေါ်လေးပန်းလည်း ပြောသည်။

“ငါကြားတာတော့ ရွာထဲက အဘိုးကြီးတစ်ယောက် အပြင်ထွက်ပြီး အပေါ့အပါးသွားတုန်း ကျားကြီး ပြေးသွားတာကို တွေ့လိုက်ရတာတဲ့။ သူ ကြောက်လန့်တကြား အော်လိုက်တော့ ကျားကြီးက ရုတ်တရက် ပြန်လှည့်လာပြီး သူ့ကို တစ်ကိုက်တည်းနဲ့ ဆွဲသွားတာတဲ့”

ဟွာကျွင်း ချွေးစေးများပင် ထွက်လာ၏။ သူမက အားမောက်ကို ပြောလိုက်သည်။

“ခွေးတွေ ရအောင်ရှာကြည့်ပါဦး။ ကျွန်မ ပိုက်ဆံပေးမယ်၊ ရှင် ဝယ်ပေးပါ”

အားမောက်က ခေါင်းကုတ်လျက် မေးလိုက်သည်။

“သူဌေးမဟွာ... ဒီရွာမှာ ခွေးရောင်းတဲ့နေရာမှ မရှိတာ။ ပြီးတော့ ကျားကြီး တကယ်လာရင် ခွေးတွေက ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး မဟုတ်လား”

“ကျားကြီး ရွာထဲဝင်လာရင် လူတိုင်း သတိထားမိအောင် ခွေးတွေက ဟောင်ပြီး အချက်ပေးနိုင်တာပေါ့”

သူမ ခဏစဉ်းစားပြီး ထပ်ပြောလိုက်၏။

“မနက်ဖြန် မြို့ထဲသွားရင် ဝယ်ခဲ့ပါ၊ ထက်မြက်တဲ့ကောင်တွေကို ရွေးခဲ့နော်။ ကင်းလှည့်အဖွဲ့ကိုလည်း အဲဒီခွေးတွေ ပေးထားရမယ်”

ထိုစကားပြောပြီးနောက် သူမ ဒေါ်လေးပန်းကို ငွေတေး (၂) ပေးလိုက်၏။ ဒေါ်လေးပန်း တစ်တေးသာ ယူပြီး ပြောလိုက်သည်။

“ခွေးဝယ်တာ ငွေအများကြီး မကုန်ပါဘူး။ တစ်တေးဆိုရင်တောင် ပိုနေပါဦးမယ်”

အားမောက်သည် နောက်တစ်နေ့တွင် ပစ္စည်းများ သွားဝယ်ရန် လိုအပ်သဖြင့် မြို့ထဲသို့ သွားသည်။ သူ မြို့ထဲတွင် ပတ်ရှာသော်လည်း တိုက်တိုက်ဆိုင်ဆိုင် မိသားစုတိုင်းမှာ ခွေးကလေးများသာ ရောင်းရန် ရှိကြသည်။ အကောင်သေးသော ခွေးလေးများမှာ မြန်မြန်မပြေးနိုင်သဖြင့် ကျားကြီးကို မခြောက်လှန့်နိုင်ခင် အစာဖြစ်သွားမည်ကို သူ စိုးရိမ်နေမိ၏။

သူ ခဏစဉ်းစားပြီးနောက် တောင်ခြေရှိ မုဆိုးအိမ်၏ တည်နေရာကို စုံစမ်းကာ ခွေးကြီးများ ရောင်းရန် ရှိ၊ မရှိ သွားမေးသည်။ မုဆိုးမိသားစုတွင် ခွေးအချို့ ရှိသော်လည်း သူသည် ထိုခွေးများကို မိသားစုဝင်များကဲ့သို့ သဘောထားသဖြင့် မည်သို့ ရောင်းနိုင်ပါမည်နည်း။ ထို့ကြောင့် သူသည် အားမောက်၏ တောင်းဆိုမှုကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

နေဝင်တော့မည့် ညနေစောင်းအချိန် ရောက်လာပြီ ဖြစ်၏။ အားမောက် အခြားနည်းလမ်း မရှိတော့သဖြင့် အသနားခံကာ ပြောသည်။

“ကျွန်တော်တို့ ရွာမှာ အိမ်တွေက မဆောက်ရသေးဘူး၊ တဲတွေနဲ့ပဲ နေနေရတာ။ ကျားကြီး လာရင် လူတွေ အစားခံရမှာကို ကျွန်တော် ကြောက်လို့ပါ။ မရောင်းချင်ရင်လည်း ခွေးတွေကို ကျွန်တော်တို့ဆီ ငှားပေးပါဦး”

၎င်းကို ကြားရသည့်အခါ မုဆိုးသည် တံခါးပိတ်လက်စကို ရပ်လိုက်၏။

“တဲတွေလို့ ပြောတာလား၊ ဟွာကျွင်းမုန့်ဆိုင်နဲ့ မဝေးတဲ့နေရာက တဲတွေကို ပြောတာလား”

အားမောက်သည် မျှော်လင့်ချက် ရောင်ခြည်ကို မြင်လိုက်ရသဖြင့် ပြောလိုက်သည်။

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ သူဌေးမဟွာက ခွေးဝယ်ခိုင်းလိုက်လို့ပါ”

“ခင်ဗျား ကျွန်တော်တို့ သူဌေးမကို သိလို့လား”

ထိုမုဆိုးမှာ အခြားသူမဟုတ်ဘဲ မုန့်ဆိုင် စဖွင့်ကာစက လာရောက်စားသောက်ခဲ့သော ဝူချင်းပင် ဖြစ်သည်။

သူသည် ဆိုင်မှ အစားအသောက် အရသာကို မှတ်မိနေဆဲ ဖြစ်၏။ နောက်ပိုင်းတွင် သူ အကြိမ်အနည်းငယ် ထပ်သွားခဲ့သော်လည်း ဆိုင်မဖွင့်သည်နှင့် ကြုံရခြင်း၊ လူများလွန်းခြင်းတို့အပြင် ဈေးနှုန်းများလည်း တက်သွားသဖြင့် သူ ထပ်မသွားရဲတော့ခြင်း ဖြစ်၏။

ဝူချင်း ခေါင်းညိတ်ပြ၏။

“မုန့်ဆိုင် စဖွင့်တုန်းက ကျွန်တော် သွားစားဖူးပါတယ်။ ဆိုင်ရှင်က တကယ်ကို ကြင်နာတတ်တဲ့ စိတ်ရှိတာပဲ”

“ဟုတ်ပါ့ဗျာ။ သူက တကယ့်ကို ရက်ရောတဲ့သူပါ။ ကျွန်တော်တို့လို ဒုက္ခသည်တွေကို လက်ခံတယ်၊ နေစရာပေးတယ်၊ ကျွန်တော့်ကိုတောင် ဒီအသားကင်ဆိုင်လေး လုပ်ပေးထားတာ”

အသားကင်ဆိုင်အကြောင်း ပြောလိုက်သည်နှင့် အားမောက် စိတ်လှုပ်ရှားသွားပြီး ပြောလိုက်၏။

“သိုးသားကင်တွေက တကယ်ကို အရသာရှိတာဗျ၊ အဆီနဲ့ အသားက အချိုးကျနေတာပဲ။ အစ်ကိုကြီး လာမယ်ဆိုရင် ကျွန်တော် ဧည့်ခံပါ့မယ်”

အစားအသောက်သည် လူသားချင်း ရင်းနှီးမှု တည်ဆောက်ရန် အကောင်းဆုံး နည်းလမ်းပင် ဖြစ်၏။ နာရီဝက်မပြည့်မီမှာပင် သူတို့နှစ်ဦး ရင်းရင်းနှီးနှီး စကားပြောနေကြပြီ ဖြစ်၏။

နောက်ဆုံးတွင် ဝူချင်းသည် အားမောက်အား ခွေးကြီး သုံးကောင် ငှားလိုက်ပြီး ထိုနေ့ညနေတွင် အသားကင်ဆိုင်၌ တွေ့ရန် သဘောတူလိုက်သည်။ အားမောက် သူ့ခွေးများအတွက် အသားကင်များ ကျွေးရန်လည်း ကတိပေးလိုက်၏။

အားမောက်သည် ခွေးများကို ရွာသို့ ခေါ်လာပြီး အချိန်ကြည့်လိုက်ရာ အချိန်ရသေးသဖြင့် မြို့ထဲသို့ ပြန်ပြေးကာ ခွေးကလေး ငါးကောင် ထပ်ဝယ်လိုက်သည်။ ထိုနေ့ညနေ ဆိုင်ပြန်ဖွင့်သည့်အခါ အားမောက်သည် ခွေးအားလုံးကို ကြိုးချည်ပြီး ဆိုင်ရှေ့တွင် ချည်ထားလိုက်သည်။

ဟွာကျွင်း တံခါးဖွင့်လိုက်သည်နှင့် ၎င်းတို့ကို မြင်လိုက်ရ၏။ ကျန်းကျန်းမာမာနှင့် အမွှေးအမျှင် တောက်ပသော ခွေးကြီး သုံးကောင်နှင့် ဂွမ်းလုံးလေးများကဲ့သို့ ချစ်စရာကောင်းသော ခွေးကလေးများကို တွေ့ရသည်။

အားမောက် ထိုခွေးကြီး သုံးကောင် ရလာပုံကို ရှင်းပြရာ ဟွာကျွင်းက တွေးမိသည်။

‘ငါ့ကို ရစ်ငှက်လာပေးချင်တဲ့ ဝယ်သူလား’

ဝူချင်း ရောက်လာသည့်အခါ ဟွာကျွင်း သူ့ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွား၏။ သူမက ပြုံးလျက် ကြိုဆိုကာ ပြောသည်။

“မုဆိုးကြီး... ရှင်ပဲကိုး။ ဒီနေ့ ခွေးတွေအတွက် ကျေးဇူးတင်ပါတယ်ရှင်”

ဝူချင်းသည် ဤနေရာသို့ မလာဖြစ်သည်မှာ ကြာပြီဖြစ်သဖြင့် မြေရိုင်းပြင်ကြီးဘဝမှ ယခုကဲ့သို့ ပြောင်းလဲသွားသည်ကို မြင်ရရာ အလွန်ပင် အံ့သြနေမိ၏။ ယခုကဲ့သို့ စည်ကားနေသည်ကို မြင်ရသည့်အခါ သူ ဆိုင်ထဲသို့ ဝင်ရန်ပင် အနည်းငယ် တွန့်ဆုတ်နေမိ၏။

အားမောက်မှာ အလွန်ပင် တက်ကြွနေသည်။ သူသည် ဝူချင်းအတွက် ထိုင်ခုံတစ်လုံး ယူလာပေးပြီး သိုးသားကင် ငါးချောင်းနှင့် ဝက်သားသုံးထပ်သားကင် ငါးချောင်းကို ကင်ပေးသည်။ ထို့ပြင် သူ လျိုရှိီ ဆီမှ နံစော်တို့ဟူး တစ်ပွဲကိုလည်း ဝူချင်းအား တည်ခင်းရန် ဝယ်လိုက်သည်။ လျိုရှီ အားမောက်ပေးသော ပိုက်ဆံကို လက်မခံဘဲ ပြော၏။

“ဒါက ရွာတစ်ရွာလုံး ကောင်းဖို့အတွက်ပဲ၊ အစ်ကို ပေးတဲ့ ပိုက်ဆံကို ကျွန်မ ဘယ်လိုယူမလဲ။ ဒါကို ဒီအစ်ကိုကြီးအတွက် ကျွန်မတို့ရဲ့ ဧည့်ခံမှုလို့ပဲ သတ်မှတ်လိုက်ပါ”

ဟွာကျွင်း ဆိုင်ထဲမှ ဘီယာတစ်ဘူး ယူလာပေးကာ ဝူချင်းအား အသားကင်နှင့်အတူ သုံးဆောင်ရန် ပေးလိုက်သည်။

ဝူချင်း ထ၍ အားလုံးကို ကျေးဇူးတင်စကား ဆိုပြီးနောက် အားမောက်နှင့် စကားပြောနေသည်။

“တောင်ပေါ်မှာ သတ္တဝါကြီးတွေ ရှိတာတော့ အမှန်ပဲ၊ ကျွန်တော့်အဘိုး ပြောတာ ကြားဖူးတယ်။ ဒါပေမဲ့ ဒီနှစ်ပေါင်းများစွာအတွင်း သူတို့ တောင်အောက်ဆင်းလာတာ တစ်ခါမှ မတွေ့ဖူးဘူး။ တောင်ပေါ်မှာ စားစရာတွေ အများကြီး ရှိနေတာပဲ၊ သူတို့ ဆင်းလာဖို့ မလိုပါဘူး”

သူ ခေါင်းခါလျက် ပြော၏။

ဟွာကျွင်း လူတိုင်းကို မှာကြားလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ဘေးကင်းလုံခြုံရေးကို သတိထားကြပါ။ အကယ်၍ ကျားနဲ့ တိုးခဲ့ရင် ဘယ်တော့မှ အသံကျယ်ကျယ်နဲ့ မအော်ပါနဲ့၊ အထူးသဖြင့် လှည့်ပြီး မပြေးပါနဲ့။ သူ့ကို မျက်နှာချင်းဆိုင်ထားပြီး နောက်ဆုတ်ဆုတ်ပြီးမှ သူ မမြင်ရတော့တဲ့ အချိန်ကျမှ ပြေးကြပါ”

လူတိုင်း ခေါင်းညိတ်ကြ၏။

“စိတ်မပူပါနဲ့၊ ကျွန်မတို့ လူတိုင်းကို ပြန်ပြောပြလိုက်ပါ့မယ်”

ဝူချင်းသည် သိုးသားကင်ကို တစ်ကိုက် ကိုက်လိုက်ပြီး အံ့ဩတကြီး ပြော၏။

“မုန့်ဆိုင်က အစားအသောက်တွေက အမြဲတမ်း အမွှေးဆုံးပဲ။ ကျွန်တော်လည်း ကင်တာပဲ၊ ဒါပေမဲ့ ဘာလို့ ဒီအရသာမျိုး မထွက်တာလဲ မသိဘူး”

အားမောက် ပြန်ဖြေလိုက်သည်။

“အစ်ကိုဝူ... ခင်ဗျား ပြောတာ ကွက်တိပဲ။ ဒါတွေက သူဌေးမဟွာ ပြင်ပေးထားတဲ့ အမွှေးအကြိုင်တွေကြောင့်ဗျ၊ အဲဒါတွေနဲ့ဆိုရင် ဖိနပ်အောက်ခံပြားတောင် အရသာ ရှိသွားလိမ့်မယ်”

ဟွာကျွင်း ပြုံးလျက် ပြောလိုက်သည်။

“ရှင် ကြိုက်တယ်ဆိုရင် နောက်မှ ဟင်းခတ်အမွှေးအကြိုင်အချို့ ထုတ်ပေးလိုက်ပါ့မယ်။ အိမ်ယူသွားပြီး အသားကင်တဲ့အခါ တို့စားရုံပဲပေါ့”

အခန်း (၁၁၄)

ကျား ရွာထဲသို့ ဝင်တိုက်ခိုက်ခြင်း

ကျားသည် မျှော်လင့်ထားတာထက် ပိုမြန်မြန် ရောက်လာသည်။ ကံကောင်းသည်မှာ ခွေးများ ဝယ်ထားခြင်း ဖြစ်၏။

ခွေးကြီး သုံးကောင်ထဲမှ တစ်ကောင်မှာ အဝေးဆုံးရှိ တဲအပြင်ဘက်တွင် နေပြီး ကျန်နှစ်ကောင်မှာ ကင်းလှည့်အဖွဲ့နှင့်အတူ ညကင်း လိုက်ရသည်။ ညည့်နက်ပိုင်းတွင် တဲအပြင်ဘက်ရှိ ခွေးကြီးမှာ ရုတ်တရက် ထရပ်ကာ အဝေးတစ်နေရာသို့ ကြည့်၍ တိုးတိုးလေး ညည်းတွားနေ၏။

မကြာမီမှာ ၎င်းက ကျယ်လောင်စွာ ဟောင်တော့ရာ ရွာသားများ နိုးလာကြသည်။

လူတိုင်းသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားကြပြီးပြီ ဖြစ်၏။ ခွေးဟောင်သံ ကြားသည်နှင့် သူတို့ မီးတုတ်များကို အလောတကြီး ထွန်းညှိကာ စုရုံးလိုက်ကြ၏။ အဝေးတစ်နေရာတွင် ကျားကြီးတစ်ကောင်မှာ သူတို့ထံသို့ တစ်လှမ်းချင်း လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

လူအများကြီးကို မြင်သော်လည်း ၎င်းက နောက်မဆုတ်ပေ။ သူ့မျက်လုံးများမှာ လူအုပ်ကြီးထံ စိုက်ကြည့်နေပြီး ဟိုဟိုဒီဒီ ဝေ့ဝဲနေ၏။

ရွာသားများမှာ မြောက်ပိုင်းသို့ ရောက်ခါစဖြစ်သဖြင့် ကျားကဲ့သို့ သတ္တဝါမျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။ ကြားဖူးရုံသာ ရှိသော်လည်း ယနေ့တွင် ကိုယ်တိုင် မြင်လိုက်ရသည့်အခါ ဤမျှအထိ ကြီးမားလိမ့်မည်ဟု မထင်ထားသဖြင့် အလွန် ထိတ်လန့်သွားကြ၏။

၎င်းမှာ ပေါင် သုံးလေးရာခန့် ရှိပြီး ခြေလက်များမှာ သန်မာထွားကြိုင်းကာ လက်သည်းများမှာလည်း ဓားသွားအလား ထက်မြက်သည်။

ရွာသားများမှာ ကြောက်လန့်တုန်ရင်နေကြပြီး ဟွာကျွင်း ပြောခဲ့သည်ကို သတိရကာ ပါးစပ်များ ပိတ်၍ အသံပင် မထွက်ရဲကြပေ။

ခွေးမှာ ဟောင်လျက် ရှေ့သို့ ခုန်အုပ်ရန် ကြိုးစားနေပြီး ၎င်း၏ ကြိုးကို ဖြတ်ရန် ရုန်းကန်နေ၏။ ကျားသည် အားပါသော ဟိန်းသံတစ်ချက် ပြုလိုက်သည်။ ထိုဟိန်းသံမှာ တိုက်ပွဲဝင်ရန် အချက်ပေးသံကဲ့သို့ပင် ဖြစ်ပြီး လူအုပ်ကြီးထံ ပြေးဝင်လာတော့၏။

ကင်းလှည့်အဖွဲ့မှာ အချိန်မီ ရောက်လာပြီး မီးတုတ်များကို မနားတမ်း ဝှေ့ယမ်းပြကြ၏။ အမဲလိုက်ခွေး နှစ်ကောင်ကလည်း ကျားကို ဟောင်လျက် တဖြည်းဖြည်း ချဉ်းကပ်ကာ မောင်းထုတ်ရန် ကြိုးစားကြသည်။

ဖြစ်နိုင်သည်မှာ မီးတုတ်များကြောင့် ကျားက ရပ်သွားပြီး ၎င်း၏ ခြေဖဝါးကြီးဖြင့် အနီးဆုံးရှိ ကင်းသမားကို ရိုက်ချလိုက်ကာ လှည့်ပြေးသွားတော့၏။

ကင်းလှည့်အဖွဲ့သည် ခွေးများနှင့်အတူ ခြေလှမ်းပေါင်းများစွာအထိ လိုက်လံမောင်းထုတ်ကြပြီး ကျား အဝေးသို့ ပြေးသွားသည်ကို မြင်ရမှသာ ပြန်လာကြသည်။ လူတိုင်းက ဒဏ်ရာရသူ၏ အခြေအနေကို အပြေးအလွှား သွားစစ်ဆေးကြ၏။ ကျားလက်သည်းက ကုတ်ခြစ်သွားရုံသာ ဖြစ်သော်လည်း အရေပြားများ စုတ်ပြဲပြီး အသားများ လန်ထွက်နေသည်မှာ ကြောက်စရာ ကောင်းလှ၏။

လူတိုင်း ရိုးရှင်းသော လူနာထမ်းစင်တစ်ခုကို အမြန်ပြုလုပ်ကာ ဒဏ်ရာကို သန့်ရှင်းသော ဂွမ်းစဖြင့် ပတ်ပေးလိုက်ကြပြီး လူအချို့က သူ့ကို မြို့ထဲရှိ ဆေးခန်းသို့ သယ်ဆောင်သွားကြတော့၏။

ဤအဖြစ်အပျက်ပြီးနောက် ကျန်ရှိသော ရွာသားများမှာ မအိပ်ရဲကြတော့ပေ။ သူတို့အားလုံး မုန့်ဆိုင်နှင့် အနီးဆုံး တဲထဲတွင် စုပြုံတိုးဝှေ့ကာ မိုးလင်းသည်အထိ ထိုင်စောင့်နေကြသည်။

ကျားရွာထဲဝင်ပြီး လူကို ဒဏ်ရာရစေသည့် သတင်းမှာ နောက်တစ်နေ့တွင် မြို့ထဲသို့ ပျံ့နှံ့သွား၏။ ထိုနေ့ ညနေတွင် ဟွာကျွင်း တံခါးဖွင့်လိုက်သည့်အခါ တည်ကြည်သော မျက်နှာထားဖြင့် ရှိနေသည့် စစ်သူကြီး လုမင်လီ ကို တွေ့လိုက်ရသည်။ ယနေ့ညတွင် မုန့်ဆိုင်အပြင်ဘက်၌ ဝယ်သူ တစ်ယောက်မှ မရှိပေ။ လူတိုင်းမှာ ကျားအကြောင်း ကြားထားကြသဖြင့် ညဘက်တွင် အပြင်မထွက်ရဲကြခြင်း ဖြစ်၏။

ဟွာကျွင်း နားမလည်ဖြစ်နေစဉ် လုမင်လီသည် သူမကို တိုက်ရိုက်ပင် ပြောပြလိုက်သည်။

“မနေ့ညက ကျားက ရွာကို တိုက်ခိုက်ပြီး လူတစ်ယောက်ကို ဒဏ်ရာရစေခဲ့တယ်။ အခုတော့ လူတွေက ထိတ်လန့်နေကြပြီး ထပ်မလာရဲကြတော့ဘူး”

“ဘာ... ကျားက တကယ်ကြီး ရောက်လာတာလား”

ဟွာကျွင်း ထိတ်လန့်သွားပြီး မျက်နှာ ဖြူဖျော့သွားကာ ရွာသာများ၏ အခြေအနေကို သွားကြည့်ချင်သော်လည်း လုမင်လီ သူမကို တားထားလိုက်သည်။

“မစိုးရိမ်ပါနဲ့၊ ကိုယ် အဲဒီဒေသကို ကင်းလှည့်ဖို့ လူတွေ ပိုလွှတ်ထားပြီး အနီးနားမှာ မတ်မွတ်ပင်တွေကို မီးရှို့ထားခိုင်းလိုက်ပြီ။ ဒီနေ့တော့ သူ ထပ်လာရဲမှာ မဟုတ်ပါဘူး”

[T/N Mugwort (မတ်မွတ်) သည် ကိုရီးယားရိုးရာဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး အရေပြားရောင်ရမ်းခြင်း၊ ဝက်ခြံနှင့် အဆီဖုများကို သက်သာစေကာ ရေဓာတ်ဖြည့်ပေးနိုင်သည့်အတွက် Skincare များတွင် လူကြိုက်များသည်]

ထိုအခါမှသာ ဟွာကျွင်းသည် လေထဲတွင် မက်မွတ်ပင်၏ အနံ့ပြင်းပြင်းကို ရလိုက်သည်။ သူမ စိတ်အနည်းငယ် အေးသွားပြီး ဆို၏။

“ဒီနည်းလမ်းက ထိရောက်မယ်လို့ မျှော်လင့်ရတာပဲ”

“ဒါမဲ့ ဒါက ယာယီစီမံချက်ပဲ။ သူ မနေ့ညက ဒေါသထွက်သွားပြီး ထပ်လာမှာ စိုးရိမ်ရတယ်။ ပြီးတော့ သူ တောင်ပေါ်ကို ပြန်တဲ့လမ်းမှာ နောက်ထပ် လူတစ်ယောက်ကို ဆွဲသွားသေးတယ်”

ဤသည်မှာ ဟွာကျွင်းကို တုန်လှုပ်သွားစေ၏။ သူမသည် ကျား ရုတ်တရက် ပေါ်လာမည်ကို ကြောက်သဖြင့် မုန့်ဆိုင် အပြင်ဘက်သို့ပင် မထွက်ရဲတော့ပေ။ နွေဦးအစောပိုင်းတွင် တောင်ပေါ်ရှိ တိရစ္ဆာန်များမှာ တက်ကြွလာကြသည်။ ကျားတစ်ကောင်အနေဖြင့် တောင်ပေါ်တွင် အစားအစာ ရှားပါးစရာ မရှိဘဲ လူစားရန်အတွက် အဘယ်ကြောင့် တောင်အောက်ဆင်းလာရသနည်း။

ထိုတင်မကဘဲ ၎င်းသည် နေ့တိုင်း ပို၍ ဝေးဝေးသို့ ရောက်လာသည်။ အကယ်၍ အစားအစာ ရှားပါးနေသည်ဆိုပါက တောင်နှင့် အနီးဆုံးရွာရှိ လူများကပင် လုံလောက်ပါ၏။ လုမင်လီ ပြောလိုက်၏။

“မက်မွတ်ပင်ကို မီးရှို့တဲ့နည်းက အလုပ်ဖြစ်မဖြစ် ကိုယ် မသိဘူး။ ဒီနေ့ညတော့ အထူးသတိထားရမယ်၊ မင်းလည်း အပြင်မထွက်နဲ့ဦး”

မော့ချွမ်းသည် ဟွာကျွင်းနှင့် လုမင်လီတို့အတွက် ကိုလာ နှစ်ခွက် ယူလာပေးပြီး ပြော၏။

“ဒီကျားကိုတော့ ရှင်းပစ်မှ ရမယ်။ သူ ပိုဝေးတဲ့နေရာအထိ လာပြီး မြို့ထဲကို တိုက်ရိုက် ဝင်လာမှာကို စိုးရိမ်ရတယ်”

လုမင်လီ တည်ကြည်သောအသံဖြင့် ပြောသည်။

“ဒီရက်ပိုင်း ကိုယ် ဒီမှာပဲ ရှိနေပါ့မယ်။ တကယ်လို့ သူ့ကို မျက်နှာချင်းဆိုင် တိုးခဲ့ရင်တော့ သတ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားမှာပါ”

မော့ချွမ်း ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး ပြောလိုက်သည်။

“ကျွန်တော်လည်း ပါမယ်၊ ကျွန်တော် ကျားနဲ့ တစ်ခါမှ မတိုက်ဖူးသေးဘူး”

ဟွာကျွင်း ပြော၏။

“ဒါက အရမ်းအန္တရာယ် များလွန်းတယ်။ ရှင်တို့က သူ့ကို ဘာနဲ့ ရင်ဆိုင်မှာလဲ။ သူက ပေါင် ရာနဲ့ချီ လေးတာလေ၊ အမြီးနဲ့ တစ်ချက် ရိုက်လိုက်တာနဲ့ လူတစ်ယောက်က သတိလစ်သွားနိုင်တယ်”

“ဓားတွေနဲ့ တိုက်မှာပေါ့။ သူက တိရစ္ဆာန် တစ်ကောင်ပဲဟာ။ ကိုယ်တို့ လူအများကြီးက သူ့ကို ဘာလို့ ကြောက်နေရမှာလဲ”

ဟွာကျွင်း သူ့ကို မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။

“သွေးချင်းဖိနှိပ်မှု ဆိုတာကို ရှင် သိလား။ ကျွန်မ တစ်ခါက တိရစ္ဆာန်ရုံ သွားဖူးတုန်းက ကျားလှောင်အိမ်ရှေ့မှာ ကလေးတစ်ယောက် ကျားကို ကျောပေးပြီး ဓာတ်ပုံရိုက်နေတာ။ ကျားက ရုတ်တရက် တိုးတိုးလေး ဟိန်းလိုက်ပြီး လှောင်အိမ်ဘေးကို တစ်စက္ကန့်အတွင်း ခုန်အုပ်လိုက်တာ။ ကျွန်မဆို ကြောက်လွန်းလို့ တစ်ကိုယ်လုံး တောင့်တင်းပြီး မလှုပ်နိုင်တော့ဘူး”

“အဲဒီကလေး အစားခံလိုက်ရလား” မော့ချွမ်းအံ့သြတကြီး မေးလိုက်သည်။

“မဟုတ်ဘူး၊ ဖန်သားပြင်ကြီး တစ်ခု ခြားထားတာလေ။ ဒါပေမဲ့ ဖန်သားပြင် ရှိမှန်း လူတိုင်း သိနေတာတောင် ကြောက်လွန်းလို့ ခြေထောက်တွေ တုန်နေကြတာ။ ဒါက ဘိုးဘေးတွေဆီက ပါလာတဲ့ ကျားကို ကြောက်တတ်တဲ့ ဗီဇပဲ”

သူမ စကားလုံးများကို သူတို့ နားမလည်ကြသော်လည်း သူမ ဆိုလိုသည့် သဘောကို ယေဘုယျအားဖြင့် သိကြသည်။ သူမ၏ ပြောပြချက်မှာ ကြောက်စရာ ကောင်းလွန်းသဖြင့် အခန်းထဲတွင် တိတ်ဆိတ်သွားတော့၏။ လုမင်လီ ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

“ဒါတောင်မှ ကိုယ်တို့ ကြိုးစားရမှာပဲ”

ဟွာကျွင်းက ပြော၏။

“သူ့ရဲ့ အမွှေးတွေက အရမ်းထူတာ၊ ရှင်တို့ရဲ့ ဓားတွေက သူ့ကို ထိုးဖောက်နိုင်မှာ မဟုတ်ဘူး”

မော့ချွမ်း ရုတ်တရက် အကြံရသွားပြီး ပြော၏။

“ကျွန်တော့်မှာ နည်းလမ်း ရှိတယ်”

ဟွာကျွင်းနှင့် လုမင်လီတို့ သူ့ကို ကြည့်လိုက်ကြ၏။

“သေနတ်ကို သုံးမယ်။ တစ်ချက်တည်းနဲ့ သူ သေမှာပဲ”

“ရှင် ရူးနေတာလား။ ရှင် ရုပ်ရှင်တွေ အရမ်းကြည့်ထားတာလား။ ကျွန်မက သေနတ် ဘယ်ကရမှာလဲ။ ကျွန်မက ဓားတွေကိုတောင် ဝယ်လို့မရတာ”

လုမင်လီက နားမလည်ဘဲ မေး၏။

“သေနတ်ဆိုတာ ဘာလဲ”

မော့ချွမ်း ပြန်ဖြေလိုက်၏။

“သေနတ်ဆိုတာ ကျည်ဆန်တွေ ထည့်ထားတဲ့အရာဗျ။ လက်ချောင်းလေးနဲ့ အသာအယာ ဆွဲလိုက်ရုံနဲ့ ခြေလှမ်း ငါးလှမ်းအကွာက ရန်သူကို အသက်နှုတ်နိုင်တာ”

“အဲဒီလောက် အစွမ်းထက်တဲ့ လက်နက် ရှိလို့လား”

“ဒါက အသုံးမဝင်ပါဘူး ရှင်တို့ရယ်။ ကျွန်မ သေနတ်တော့ လုံးဝ ရမှာ မဟုတ်ဘူး...”

လူတိုင်း ထပ်မံ တိတ်ဆိတ်သွားပြန်၏။ ဟွာကျွင်း၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားပြီး အကြံရသွားသည်။

“ပုဆိန်ဆိုရင်ကော ရမလား”

မော့ချွမ်းက ပြောလိုက်သည်။

“ထင်းခုတ်တဲ့ ပုဆိန်လား။ လက်ကိုင်က တိုတော့ ဓားလောက် မကောင်းဘူး”

“ကျွန်မ ထင်တာကတော့ ဓားတွေကို ဝယ်လို့မရပေမဲ့ ပုဆိန်ကိုတော့ ဝယ်လို့ရမယ် ထင်တယ်။ ဒီနိုင်ငံထုတ် ပုဆိန်က မာပြီး အတော်လေး ထက်တယ်”

“ကျားရဲ့ အားအနည်းဆုံးနေရာက သူ့ဝမ်းဗိုက်ပဲ ဖြစ်ရမယ်။ တကယ်လို့ သူ အနားရောက်လာရင် ပုဆိန်နဲ့ သူ့ဗိုက်ကို ခုတ်နိုင်ရင် ကောင်းမှာပဲ၊ ဒါပေမဲ့ အတော်တော့ ခက်ခဲလိမ့်မယ်”

လုမင်လီ ခဏ စဉ်းစားပြီးနောက် ပြော၏။

“ကိုယ် စမ်းကြည့်နိုင်ပါတယ်”

ဤမျှ တာဝန်ယူတတ်သော လုမင်လီကို ကြည့်ပြီး ဟွာကျွင်းသည် သူ့ကို အန္တရာယ် မဖြစ်စေချင်ပေ။ သူမသည် ယခုခေတ်တွင် ကျားနှင့် တိုးခဲ့လျှင် ဘာလုပ်ရမလဲဆိုသည်ကို အသည်းအသန် စဉ်းစားနေမိ၏။

“ဟုတ်ပြီ။ မေ့ဆေး”

ဟွာကျွင်း အော်လိုက်သည်။

“မေ့ဆေး”

လုမင်လီနှင့် မော့ချွမ်းက တစ်ပြိုင်တည်း မေးလိုက်ကြ၏။

“ဟုတ်တယ် မေ့ဆေး။ တစ်ပုလင်းလောက် တိုက်လိုက်ရင် သူ သတိလစ်သွားမှာပဲ”

ဟွာကျွင်းသည် ပုဆိန်နှင့် တိရစ္ဆာန်သုံး မေ့ဆေးကို ချက်ချင်း မှာယူလိုက်သည်။ ပုဆိန်ကတော့ လွယ်ကူလှ၏၊ ချက်ချင်းပင် ဝယ်ယူနိုင်ခဲ့သည်။ ၎င်းမှာ အထူးသံမဏိဖြင့် ပြုလုပ်ထားသော ပုဆိန်ဖြစ်ပြီး အလွန်ပင် ထက်မြက်လှ၏။ သို့သော် မေ့ဆေးကို ရှာဖွေသည့်အခါတွင် ၎င်းကို ဥပဒေအရ ကန့်သတ်ထားသဖြင့် ရှာဖွေ၍ မရနိုင်ကြောင်း ပေါ်လာသည်။ သူမသည် တိရစ္ဆာန်သုံး မေ့ဆေးဟု ထပ်မံ ရှာဖွေကြည့်သည့်အခါမှ ရလဒ်များ ထွက်လာတော့၏။

ဟွာကျွင်း သက်ပြင်းချလိုက်မိ၏။ သူမ၏ လုပ်နိုင်စွမ်းမှာ ကန့်သတ်ချက်များ အင်မတန်များလွန်းလှသည်။ တခြားသူများသာဆို သေနတ်များ၊ အမြောက်များတောင် ရနိုင်ကြသည်ကို သူမမှာ မေ့ဆေးတောင် ဝယ်၍ မရပေ။

မက်မွတ်ပင်နံ့ကြောင့် ဖြစ်နိုင်သည်။ ထိုနေ့ညတွင် ကျားပေါ်မလာပေ။ လူတိုင်းသည် စိုးရိမ်စိတ်ဖြင့် မိုးလင်းသည်အထိ ဘေးကင်းစွာ ဖြတ်သန်းခဲ့ကြတော့သည်။

All Chapters