← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅)

သိုးသားခေါက်ဆွဲစွပ်ပြုတ်

လူတိုင်း၏ ဘေးကင်းလုံခြုံရေးအတွက် မြို့တံခါးဝများတွင် အသိပေးချက်များ ကပ်ထားပြီး ဟွာကျွင်းသည်လည်း ဆိုင်ကို ယာယီပိတ်ထားလိုက်၏။

လုမင်လီသည် ကိုယ်ရံတော်အဖွဲ့၊ ကင်းလှည့်အဖွဲ့တို့နှင့်အတူ ညဘက်တွင် လှည့်ကင်းပတ်နေပြီး ရွာမှ လူငယ်များကအမျိုးသမီးများနှင့် ကလေးများကို ဝိုင်းရံလျက် တဲများ၏ အပြင်ဘက်ဆုံး စက်ဝိုင်းတွင် စောင့်ကြပ်နေကြသည်။ ရွာတစ်ရွာလုံးမှာ မီးထိန်ထိန်လင်းနေပြီး မီးရှို့ထားသော မက်မွတ်ပင်နံ့များမှာလည်း ကောင်းကင်ယံ၌ မြူခိုးများကဲ့သို့ ဖုံးလွှမ်းနေ၏။

အသားကင်ဆိုင် မဖွင့်သဖြင့် ပိုနေသော သိုးသားများကို ဟွာကျွင်း လူတိုင်းအတွက် ခန္ဓာကိုယ် နွေးစေမည့် အစားအစာများ ပြုလုပ်ရန် အသုံးပြုလိုက်သည်။

လူဦးရေ များပြားလှသဖြင့် ဟွာကျွင်းသည် သိုးနံရိုးနှင့် ကျောရိုးတစ်ခုလုံးကို ခုတ်ထစ်ကာ သွေးများကုန်သွားစေရန် ရေအေးထဲတွင် နာရီဝက်ခန့် စိမ်ထားဖို့ မော့ချွမ်းကို ခိုင်းလိုက်၏။

သူမသည် ဇောက်နက်သော အိုးကြီးတစ်လုံးကို ယူကာ သိုးသားများ ထည့်ပြီး ရေအေးလောင်းထည့်လိုက်၏။ ထို့နောက် စီချွမ်ငရုတ်ကောင်း၊ ကြက်သွန်မြိတ်နှင့် ဂျင်းပြားများကို ထည့်ကာ မီးပြင်းပြင်းဖြင့် ဆူအောင် တည်လိုက်သည်။

အိုးမှာ ကြီးလွန်းလှသဖြင့် ရေဆူရန် အချိန်အတော်ပေးလိုက်ရ၏။ ဟွာကျွင်း အမြှုပ်များကို ခပ်ထုတ်လိုက်သော်လည်း ဝက်ရိုးစွပ်ပြုတ်လုပ်သကဲ့သို့ ရေဟောင်းကို သွန်ပစ်ပြီး ရေသစ်လဲခြင်းမျိုး မလုပ်ပေ။

သူမ ရေအေးတစ်ခွက် ထည့်လိုက်ပြီး ပြန်ဆူလာသည်ကို စောင့်ကာ အမြှုပ်များအား ဆက်၍ ခပ်ထုတ်၏။ ထို့နောက် ရေအေးထပ်ထည့်ပြန်၏။ ဤလုပ်ငန်းစဉ်ကို ငါးကြိမ်တိုင်တိုင် ပြုလုပ်လိုက်သည်။

အားမန်သည် ဘေးမှနေ၍ သင်ယူနေပြီး အလွန်ပင် ဉာဏ်ကောင်းလှ၏။ ဟွာကျွင်း ရေထည့်သည်ကို မြင်သည့်အခါ သူမသည် ဘာမှမမေးဘဲ ဟွာကျွင်းအတွက် ရေခပ်ပေးခြင်းဖြင့်သာ ကူညီပေးသည်။

ဟွာကျွင်း သူမကို အရင် ရှင်းပြလိုက်၏။

“ဒါက ဖတ်ထုပ်ပြုတ်သလိုပဲ။ ရေအေးကို ထပ်ခါတလဲလဲ ထည့်ပေးတာက အိုးထဲက အပူချိန်ကို အမြဲတမ်း ပြောင်းလဲနေစေတယ်။ အပူကြောင့် ပွလာတာနဲ့ အအေးကြောင့် ကျုံ့သွားတာကို အသုံးချပြီး သိုးသားထဲက သွေးတွေကို ညှစ်ထုတ်တာပေါ့။ ဒါဆိုရင် သိုးသားရဲ့ အရသာလည်း မပျက်သလို စွပ်ပြုတ်ကလည်း ပိုကြည်လင်သွားတာပေါ့”

နားထောင်ပြီးနောက် အားမန်သည် ဟွာကျွင်းကို စိတ်ထဲမှ အလွန် လေးစားသွားပြီး လက်မထောင်ပြလိုက်သည်။ သူမ စိတ်ထဲတွင် သူဌေးမဟွာသည် အရာအားလုံးကို သိပြီး အလွန်ပင် အရည်အချင်းရှိသူ ဖြစ်၏။ ရေပြန်ဆူလာသည့်အခါ ဟွာကျွင်း အိုးကို အဖုံးအုပ်ကာ မီးအေးအေးဖြင့် တစ်နာရီခန့် နှပ်ထားလိုက်သည်။

စောင့်နေစဉ်အတွင်း ဟွာကျွင်းသည် အားမန်ကို ဂျင်းကိုလာ ပြုလုပ်နည်း သင်ပေးလိုက်၏။ ရာသီဥတုက မကြာမီ ပူလာတော့မည် ဖြစ်သဖြင့် ဤသည်မှာ ကိုလာအပူ ကို နောက်ဆုံးအကြိမ် သောက်ရခြင်းလည်း ဖြစ်နိုင်သည်။

သူတို့ မီးဖိုချောင်ထဲတွင် အရသာရှိသော အစားအစာများ ပြင်ဆင်နေစဉ် အပြင်ဘက်တွင် ကင်းလှည့်နေသော စစ်သည်များမှာ သနားစရာ ကောင်းလှ၏။ မုန့်ဆိုင်ရှေ့မှ ဖြတ်သွားတိုင်း ရရှိသော အနံ့ကြောင့် သူတို့မှာ တံတွေးကို မသိမသာ မျိုချနေကြရသည်။ နောက်ဆုံးတွင် မုန့်ဆိုင်ရှေ့သို့ တတိယအကြိမ်မြောက် ဖြတ်သွားသည့်အခါ တစ်ယောက်က မအောင့်နိုင်တော့ဘဲ ရှေ့က သူငယ်ချင်းကို တိုးတိုးလေး မေးလိုက်၏။

“သူဌေးမဟွာ ဘာတွေ ချက်နေတာလဲ။ ဘာလို့ ဒီလောက် မွှေးနေရတာလဲ”

ရှေ့က စစ်သည်လေးလည်း ထိုအနံ့ကို ရနေသည်မှာ ကြာပြီဖြစ်ပြီး သူ့ဗိုက်ထဲကလည်း မနားတမ်း မြည်နေသည်။

“ငါတော့ ဗိုက်ဆာလွန်းလို့ ဆက်ပြီး သည်းမခံနိုင်တော့ဘူး”

နောက်က စစ်သည်လေးကလည်း မျှော်လင့်တကြီးဖြင့် ပြော၏။

“ဒါက စစ်သူကြီးအတွက် ချက်တာလား။ သူဌေးမဟွာရဲ့ လက်ရာက တကယ်ကောင်းတယ်လို့ ငါ ကြားဖူးတယ်”

“ငါ စစ်သူကြီးကို ဒီလောက်အထိ အားကျဖူးတာ ဒါ ပထမဆုံးပဲ...”

“ငါတို့အတွက်လည်း ပါနိုင်မလားလို့ မင်း ထင်လား”

“စိတ်တောင် မကူးနဲ့။ ငါတို့က စစ်သူကြီးနဲ့ တန်းတူ စားခွင့်ရဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

“ပြီးခဲ့တဲ့ အခေါက်က ပစ္စည်းပို့တဲ့ အဖွဲ့ကို သူဌေးမဟွာက အသားမုန့်တွေ ပေးဖူးတယ်လို့ ကြားတယ်၊ သိပ်စားကောင်းတယ်တဲ့”

“ငါတို့ အသားမုန့်လေးပဲ ရရင်တောင် သိပ်ကောင်းမှာပဲ”

လက်ထောက်စစ်သူကြီး ကောကျန်း သည် ထိုစစ်သည်လေး နှစ်ယောက် ဘေးသို့ မည်သည့်အချိန်က ရောက်လာသည်မသိဘဲ တင်းမာစွာ ပြောသည်။

“မင်းတို့ နှစ်ယောက်၊ ဘာတွေ ပြောနေတာလဲ။ ကင်းလှည့်တာကိုပဲ အာရုံစိုက်စမ်း”

စစ်သည်လေးများမှာ ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် ဖြေလိုက်ကြ၏။

“ဟုတ်ကဲ့”

သူတို့ နောက်ထပ် စကားမပြောရဲကြတော့ဘဲ အားတင်းကာ ရှေ့သို့ ဆက်လျှောက်သွားကြသည်။

နောက်ဆုံးတွင် မည်မျှအထိ လှည့်ပတ်ခဲ့သည်မသိ မုန့်ဆိုင်တံခါးဝသို့ ရောက်သည့်အခါ ဟွာကျွင်း ထွက်လာပြီး ကောကျန်းကို လှမ်းခေါ်လိုက်၏။

“စစ်သူကြီး”

ကောကျန်းက ဟိုဟိုဒီဒီ ကြည့်လိုက်ပြီးနောက် ဟွာကျွင်းကို နားမလည်သော မျက်နှာထားဖြင့် ကြည့်ကာ သူ့ကို ခေါ်နေခြင်းလားဟု တွေးမိ၏။

“စစ်သူကြီး... စစ်သူကြီးလု ဘယ်မှာလဲဆိုတာ သိပါရစေ”

ကောကျန်း ချက်ချင်းပင် ပြေးလာပြီး ပြော၏။

“စစ်သူကြီးလုက ရွာထိပ်မှာ စောင့်ကြည့်နေပါတယ်။ ကိစ္စရှိလို့လား”

ဟွာကျွင်း ပြုံးလျက် ပြောလိုက်သည်။

“ရာသီဥတုက အေးနေတော့ ကျွန်မ သိုးသားခေါက်ဆွဲစွပ်ပြုတ် ပြင်ထားပါတယ်။ အလှည့်ကျ ဝင်စားကြပါဦး”

ကောကျန်း စကားမပြောမီ နောက်က စစ်သည်လေးများ၏ ဝမ်းသာအားရ အသံများကို ကြားလိုက်ရ၏။

“သိပ်ကောင်းတာပဲ။ သိုးသားခေါက်ဆွဲစွပ်ပြုတ်တဲ့”

ကောကျန်းက လှည့်ကြည့်ကာ မျက်လုံးဖြင့် သတိပေးလိုက်၏။ စစ်သည်လေးများမှာလည်း ဘာမှမဖြစ်သလိုမျိုး ခေါင်းကို ချက်ချင်း ပြန်လှည့်သွားကြသည်။

အားလုံး အေးအေးဆေးဆေး ဖြစ်သွားသည်ကို မြင်ရမှ သူ ဟွာကျွင်းဘက်သို့ လှည့်ကာ မျက်နှာတစ်ခုလုံး ပြုံးရွှင်သွားပြီး ပြောလိုက်၏။

“သူဌေးမဟွာ... အားနာစရာကြီးဗျာ။ ကျွန်တော် စီစဉ်လိုက်ပါ့မယ်။ စစ်သူကြီးအတွက်လည်း ခေါက်ဆွဲအချို့ ပြင်ပေးပါဦး”

“ပြင်ပြီးပါပြီ၊ ခဏလောက် စောင့်ပါဦး”

ဟွာကျွင်း သိုးသားစွပ်ပြုတ်ယူရန် ဆိုင်ထဲသို့ ဝင်သွားစဉ် ကောကျန်းက စစ်သည်တစ်ဝက်ကို ကင်းဆက်ပတ်ခိုင်းပြီး ကျန်တစ်ဝက်ကိုတော့ အရင်စားရန် စီစဉ်လိုက်သည်။

စစ်သည် တစ်ဒါဇင်ခန့် မုန့်ဆိုင်ထဲသို့ ဝင်လိုက်သည့်အခါ အတွင်းထဲတွင် မည်မျှအထိ နွေးထွေးသည်ကို သူတို့ သိလိုက်ရ၏။ နံရံတွင် ချိတ်ထားသော မီးအိမ်များမှာလည်း နေမင်းကြီးထက်ပင် ပို၍ လင်းထိန်နေသည်။ သူတို့ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘဲ စနစ်တကျ ထိုင်လိုက်ကြ၏။

နို့နှစ်ရောင် သိုးသားစွပ်ပြုတ်ပေါ်တွင် လှပသော ဆီအလွှာလေး ဝေ့နေပြီး စွန်ပလွံသီးခြောက်နှင့် ဂိုဂျီဘယ်ရီသီးလေးများလည်း ထည့်ထားသည်။ နောက်ဆုံးတွင် ဟွာကျွင်း နံနံပင်နှင့် ကြက်သွန်မြိတ်လေးများ ဖြူးလိုက်ရာ စွပ်ပြုတ်အိုးကြီးမှာ လှပပြီး စားချင်စဖွယ် ဖြစ်သွားတော့၏။

ဟွာကျွင်းသည် ပထမဆုံးအကြိမ်အဖြစ် သိုးသားစွပ်ပြုတ်အတွက် ဘူးတစ်ခု၊ ခေါက်ဆွဲအတွက် တစ်ခု ထုတ်ယူလိုက်၏။

“ဘာလို့ အတူတူ မထည့်တာလဲဗျာ”

ကောကျန်းက ဘေးမှ စပ်စုမိပြီးနောက် သူဌေးမဟွာနှင့် မရင်းနှီးဘဲ စကားအများကြီး ပြောမိသွားပြီ အနှောင့်အယှက်ဖြစ်သွားသည်ဟု ထင်နေမိ၏။

ဟွာကျွင်းနှင့် တစ်ခါမှ မဆုံဖူးသော်လည်း သူမ အမည်ကို ကြားနေရသည်မှာ ကြာပြီ ဖြစ်၏။

ဘေးဒုက္ခကြုံနေစဉ်အတွင်း ဟွာကျွင်းဆိုသော အမည်မှာ ဒဏ္ဍာရီတစ်ခုကဲ့သို့ မကြာခဏ အပြောခံရလေ့ရှိ၏။

ဟွာကျွင်းက စစ်သူကြီးကို ကုပေးခဲ့သည်၊ ဟွာကျွင်းက အစွမ်းထက်သော ဆေးများ ယူလာပေးခဲ့သည်၊ ဟွာကျွင်းက တဲများ ပေးခဲ့သည်၊ ဟွာကျွင်းက ဆန်တွေ ယူလာပေးခဲ့သည် စသည်ဖြင့် ကြားခဲ့ရခြင်း ဖြစ်၏။ သူ့စိတ်ထဲတွင် ဟွာကျွင်းအပေါ် လေးစားမှုများ ပြည့်နှက်နေသည်။ သူ တွေးနေမိ၏။

‘အခု ငါ ရုတ်တရက် စကားပြောလိုက်ရင် ငါ့ကို စပ်စုတယ်လို့ ထင်သွားမလား’

ဟွာကျွင်း သူ့စိတ်ထဲတွင် ဘာတွေဖြစ်နေမှန်း မသိဘဲ ပုံမှန်အတိုင်းပင် ပြန်ဖြေလိုက်သည်။

“အခုလို သီးခြားထားမှ ခေါက်ဆွဲက စွပ်ပြုတ်ကို သိပ်မစုပ်ယူဘဲ ပျော့ဖတ်မသွားမှာလေ။ ဒါမှ စားတဲ့အခါ အရသာရှိမှာ”

သူမ ဘူးများကို သေချာ ထုပ်ပိုးပြီး ကောကျန်းထံ ကမ်းပေးလိုက်၏။

“အဲဒီရောက်ရင် စစ်သူကြီးကို ပြောလိုက်ပါ၊ စားခါနီးမှ ခေါက်ဆွဲတွေကို စွပ်ပြုတ်ထဲ ထည့်ပြီး မွှေစားပါလို့”

ကောကျန်း ဘူးများကို အားတက်သရော ယူလိုက်ရင်း ပြော၏။

“ဟုတ်ကဲ့၊ အခုပဲ သွားလိုက်ပါ့မယ်”

သို့သော် သူ့စိတ်ထဲတွင် တွေးနေမိသည်။

‘ဝိုးးး သူက သိပ်ခင်ဖို့ကောင်းတာပဲ၊ ငါ့ကို စကားတောင် ပြန်ပြောတယ်’

ဟွာရှန့် ခေါက်ဆွဲ တစ်ဒါဇင်ခန့် တင်ထားသော လှည်းလေးကို တွန်းထုတ်လာ၏။ သူမ ဘာမှလုပ်စရာ မလိုဘဲ စစ်သည်လေးများမှာ ဝိုင်းအုံလာကြပြီး တစ်ခဏအတွင်းမှာပင် ခေါက်ဆွဲအားလုံး ကုန်သွားတော့သည်။ သူတို့သည် ပင်ပင်ပန်းပန်း အလုပ်လုပ်ရမည် ဖြစ်သဖြင့် ဗိုက်ပြည့်အောင် စားသင့်သည်ဟု ဟွာကျွင်းက တွေးကာ ပန်းကန်တိုင်းတွင် ခေါက်ဆွဲများ အပြည့်ထည့်ပေးပြီး သိုးသားများစွာ ထည့်ပေးလိုက်၏။

ဆိုင်ထဲတွင် ရုတ်တရက် တိတ်ဆိတ်သွားပြီး ခေါက်ဆွဲစုပ်စားသံများကိုသာ ကြားရတော့၏။ နူးညံ့ပြီး စေးပိုင်သော ခေါက်ဆွဲ တစ်လုပ်၊ အိစက်နေသော သိုးနံရိုး တစ်ကိုက်၊ ထို့နောက် ချိုမြိန်သော သိုးသားစွပ်ပြုတ် တစ်ငုံ။ မည်သူက စကားပြောရန် အချိန်ရှိပါမည်နည်း။

အားမန် မီးဖိုချောင်ထဲမှနေ၍ တိတ်တဆိတ် ကြည့်နေသည်။ မည်သူကမှ စကားမပြောဘဲ ခေါင်းငုံ့စားနေကြသဖြင့် သူမ စိုးရိမ်သွားကာ တွေးနေမိ၏။

‘ခေါက်ဆွဲက အရသာ မရှိလို့လား’

ပထမဆုံးလူ ခေါက်ဆွဲကုန်သွားသည့်အခါ သူသည် ပန်းကန်ကို မကာ စွပ်ပြုတ်အားလုံးကို သောက်လိုက်၏။ လေတက်သံ အကျယ်ကြီး ပြုလိုက်ပြီးနောက် သူ အော်လိုက်သည်။

“ကျွန်တော့်တစ်သက်မှာ ဒီလောက် အရသာရှိတဲ့ ခေါက်ဆွဲမျိုး တစ်ခါမှ မစားဖူးဘူး”

ထို့နောက် သူသည် ခေါင်းပြန်ငုံ့ကာ ပန်းကန်ဘေးတွင် ကပ်နေသော နံနံပင်လေးကိုပင် တူဖြင့် ကုတ်ခြစ်စားနေပြန်၏။

ခေါက်ဆွဲ ကုန်သွားသော နောက်ထပ် စစ်သည်လေး တစ်ယောက်မှာ အတော်လေး ငယ်ပုံရပြီး ပန်းကန် ကိုင်ကာ ကောင်တာသို့ လာသည်။ သူ ဟွာကျွင်းကို ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။

“သူဌေးမဟွာ... ဒါ ကျွန်တော့်တစ်သက်မှာ စားလို့ အကောင်းဆုံး ခေါက်ဆွဲပါပဲ၊ ကျေးဇူးတင်ပါတယ်”

ဟွာကျွင်း ပြုံးလျက် ပြော၏။

“ရှင်လေးရဲ့ ဘဝက အရှည်ကြီး ကျန်ပါသေးတယ်၊ နောက်ဆိုရင် ဒါထက် ကောင်းတာတွေ အများကြီး စားရဦးမှာပါ”

စစ်သည်လေးက ခေါင်းကုတ်လျက် ဟုတ်ကဲ့ဆိုကာ ပျော်ရွှင်စွာ ထွက်သွားတော့၏။

ပန်းကန်များမှာ တစ်လုံးပြီး တစ်လုံး ကောင်တာပေါ်သို့ ပြန်ရောက်လာကြ၏။ သူတို့မှာ ဗိုက်ပြည့်သွားပြီး တာဝန်ကို သတိရကာ အခြားသူများကို အလှည့်ကျ စားခွင့်ပေးရန် အပြင်သို့ ထွက်သွားကြရသည်။ ဟွာကျွင်း သူတို့ကို လှမ်းခေါ်ကာ ဂျင်းကိုလာ တစ်ခွက်စီ ပေးလိုက်၏။ သူတို့သည် ၎င်းကို အမြန်သောက်ပြီး အလျင်အမြန် ထွက်ခွာသွားကြတော့သည်။

အခန်း (၁၁၆)

သူငယ်ချင်း အချင်းချင်း စိုးရိမ်ခြင်း

လူတစ်စုမှာ ကင်းလှည့်အဖွဲ့နှင့် အလှည့်ကျစောင့်ရန် အပြေးကလေး ရောက်လာကြ၏။ သူတို့ ရောက်လာသည်နှင့် မွှေးပျံ့သော အနံ့အသက်များကို လူတိုင်း ရလိုက်ကြသည်။

“မင်းတို့ တကယ်ပဲ သိုးသားခေါက်ဆွဲ စားခဲ့ရတာလား”

“ဟုတ်တယ်၊ တကယ်ကို အရသာရှိတာ”

၎င်းကို ကြားလိုက်ရသည့်အခါ ကျန်နေသော အဖွဲ့မှာ သူတို့ ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မုန့်ဆိုင်ဆီသို့ ပြေးသွားကြတော့၏။

အခြားတစ်ဖက်တွင် ကောကျန်းသည် လုမင်လီကို တွေ့သွားသည်။ ထိုအချိန်တွင် လုမင်လီသည် ဆောင့်ကြောင့်ထိုင်လျက် မြေပြင်ကို ဓာတ်မီးဖြင့် ထိုးကြည့်ကာ တစ်ခုခုကို အသည်းအသန် စဉ်းစားနေ၏။

ကောကျန်း သူ့ဘေးတွင် ဝင်ထိုင်လိုက်ရာ မြေပြင်ပေါ်တွင် ရှုပ်ထွေးနေသော ခြေရာများကို မြင်ရ၏။

“ဒီမှာ ထူးဆန်းတာ တစ်ခုခု ရှိလို့လား”

လုမင်လီ ပုံစံမပျက်ဘဲ စဉ်းစားဟန်ဖြင့် ပြောသည်။

“ဒီမှာ ကြည့်စမ်း၊ ဒါ ကျားခြေရာနဲ့ မတူဘူးလား”

ပုံမှန်အားဖြင့် ထိုနေရာတွင် လူ အသွားအလာ များပြီး ခြေရာများစွာ ထပ်နေသဖြင့် ကောကျန်း ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။

“ရှုပ်လွန်းတယ်ဗျ။ ဘာမှ သဲသဲကွဲကွဲ မမြင်ရဘူး”

လုမင်လီ လက်ညှိုးဖြင့် မြေပြင်ပေါ်ရှိ ခြေရာပုံစံကို လိုက်ဆွဲပြလိုက်၏။

“ဒါကို ကြည့်ဦး၊ တူတယ်လို့ မထင်ဘူးလား”

“အို၊ တွေ့ပြီ။ ဒါ ကျားခြေရာ အစစ်ပဲ၊ ဒါပေမဲ့ နည်းနည်းတော့ ရှုပ်နေတုန်းပဲ”

“ဟုတ်တယ်၊ ကျားက ဒီနားမှာ ရှိနေခဲ့တာ၊ ဒီနားတင် ဝဲလည်နေတာ ဖြစ်ရမယ်”

ကောကျန်း အံ့သြလွန်းသဖြင့် ပါးစပ် အဟောင်းသား ဖြစ်သွား၏။

“ဒီကျားက သတ္တိ ကောင်းတာပဲ။ မီးတုတ်တွေရော လူတွေရော ဒီလောက်အများကြီး ရှိတာတောင် လာရဲသေးတယ်”

လုမင်လီ ထရပ်လိုက်ပြီး ပြောသည်။

“ကင်းလှည့်တာကို ပိုတိုးမြှင့်ရမယ်။ လူတိုင်းကို ပိုပြီး သတိဝီရိယရှိဖို့ အကြောင်းကြားလိုက်”

သူ လှည့်ထွက်သွားရန် ပြင်စဉ် ကောကျန်းသည် သူ့လက်ထဲရှိ မုန့်ဘူးကို ကြည့်ကာ သတိရသွား၏။ “စစ်သူကြီး.. ခေါက်ဆွဲလေး စားပါဦး”

လုမင်လီ နောက်လှည့်မကြည့်ဘဲ ပြောသည်။

“မစားတော့ဘူး”

“ဒါ သူဌေးမဟွာက စစ်သူကြီးအတွက် ပေးလိုက်တာဗျ”

ထိုအခါမှသာ လုမင်လီ ရပ်သွားပြီး ပြန်လှည့်လာကာ လက်ကမ်းလိုက်၏။

“ပေး”

သူ ခေါက်ဆွဲကို နှစ်လုပ်ပင် မစားရသေးမီမှာပင် ခွေးဟောင်သံများ တစ်သီကြီး ထွက်ပေါ်လာခဲ့သည်။

“ကျားလာပြီ။ ရွာထဲကို ကျားဝင်လာပြီ”

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

လုမင်လီသည် တူကို ချက်ချင်း ချလိုက်၏။ သူ့ပထမဆုံး တုံ့ပြန်မှုမှာ ဟွာကျွင်းအတွက် စိုးရိမ်သွားခြင်း ဖြစ်၏။ သေသေချာချာ စဉ်းစားပြီးနောက် သူ ကောကျန်းကို ပြောသည်။

“ခင်ဗျား သွားကြည့်လိုက်ဦး၊ ဘေးကင်းအောင်လည်း အထူးသတိထား။ ကျွန်တော် အခုချက်ချင်း လိုက်လာခဲ့မယ်”

သူ မုန့်ဆိုင်ဆီသို့ အားကုန် ပြေးသွားသည်။ ဟွာကျွင်းမှာ ဟွာရှန့်နှင့် စကားပြောနေ၏။ လုမင်လီ တံခါးကို အပြင်ဘက်ကနေ ပိတ်လိုက်ပြီး မှာကြားချက် တစ်ခုသာ ချန်ထားခဲ့သည်။

“အပြင်မထွက်နဲ့”

သူသည် မီးတုတ်များ လင်းထိန်နေပြီး လူသံ၊ ခွေးသံများ ဆူညံနေသော ရွာထိပ်ဆီသို့ ပြေးသွားသည်။ လုမင်လီ ရွာထိပ်သို့ ရောက်သည့်အခါ အလယ်တွင် ရပ်နေသော ကျားကြီးတစ်ကောင် တွေ့လိုက်ရ၏။ ရွာသားများမှာ ၎င်းကို မီးတုတ်များ ကိုင်ဆောင်လျက် ဝိုင်းထားကြသော်လည်း မည်သူကမှ အနားမကပ်ရဲကြပေ။

ကျားမျက်လုံးများမှာ အေးစက်သော အလင်းရောင်များ တောက်ပနေပြီး လည်ချောင်းထဲမှလည်း တိုးတိုးလေး ဟိန်းနေသည်။ လုမင်လီသည် သစ်ကိုင်းအထူကြီး တစ်ခုကို ကောက်ယူကာ ထိပ်တစ်ဖက်တွင် အဝတ်စများကို တင်းတင်းကျပ်ကျပ် ပတ်လိုက်၏။ ထို့နောက် ဆီထဲတွင် စိမ်ကာ မီးရှို့လိုက်ပြီး ရိုးရှင်းသော မီးတုတ်ကြီးတစ်ခု ပြုလုပ်လိုက်သည်။

သူ ကျားထံသို့ တဖြည်းဖြည်း ချဉ်းကပ်သွားရာ လူတိုင်းက အသက်ကိုပင် အောင့်ထားကြ၏။ ကျားမှာ ခြိမ်းခြောက်မှုကို ခံစားမိပုံရပြီး ရှေ့ခြေဖဝါးများဖြင့် မြေပြင်ကို အဆက်မပြတ် ကုတ်ခြစ်နေသည်။

အကွာအဝေး အတော်လေး နီးကပ်လာသည့်အခါ လုမင်လီသည် မီးတုတ်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ပြီး တစ်ပြိုင်တည်းမှာပင် အသံကျယ်ကြီးဖြင့် အော်လိုက်သည်။ ကျားမှာ မီးအလင်းရောင်နှင့် အော်သံကြောင့် လန့်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသော်လည်း ထွက်ပြေးမည့်ပုံတော့ မပြပေ။

ထိုအကောင်ကို အပြီးတိုင် ခြောက်လှန့်မောင်းထုတ်ရမည်ကို လုမင်လီ သိသည်။ သူ မီးတုတ်ကို ဆက်တိုက် ဝှေ့ယမ်းနေသလို ရွာသားများကိုလည်း သူနှင့်အတူ အော်ဟစ်ရန် ညွှန်ကြားလိုက်၏။

တောက်လောင်နေသော မီးလျှံများမှာ လူတိုင်း၏ တင်းမာနေသော မျက်နှာများကို လင်းထိန်သွားစေသည်။

နောက်ဆုံးတွင် ကျားသည် ဖြည်းဖြည်းချင်း လှည့်ထွက်သွားပြီး ရွာအပြင်ဘက် မှောင်မိုက်သော နေရာတွင် ပျောက်ကွယ်သွားတော့၏။ လူအုပ်ကြီးထံမှ အောင်ပွဲခံ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် လုမင်လီ သက်ပြင်းချနိုင်သော်လည်း စိုးရိမ်စိတ်ကမူ လျော့မသွားပေ။ သူ မုန့်ဆိုင်သို့ ပြန်ရောက်သည့်အခါ ဟွာကျွင်းမှာ လုမင်လီအတွက် အလွန်အမင်း စိုးရိမ်နေပြီး အလွန်ပင် စိတ်လှုပ်ရှားနေသည်။ လုမင်လီ တံခါးတွန်းဖွင့်ပြီး ဝင်လာမှသာ သူမ စိတ်အေးသွားတော့၏။

ဟွာကျွင်း ရှေ့သို့ ပြေးထွက်လာ၏။

“တော်သေးတာပေါ့၊ စစ်သူကြီး ဘာမှမဖြစ်လို့။ ကျွန်မမှာ စိုးရိမ်လွန်းလို့ သေတော့မလို့ပဲ”

လုမင်လီ စကားပြောရန် ပြင်လိုက်သော်လည်း ဟွာကျွင်း စကားကို ကြားသည့်အခါ သူ ပြောမည့်စကားများကို မျိုချလိုက်ပြီး ပြန်မေးလိုက်၏။

“မင်းက ကိုယ့်ကို စိုးရိမ်လို့လား”

ဟွာကျွင်းမှာ အံ့သြသွားပြီး လုမင်လီကို မော့ကြည့်လိုက်၏။ သူ ခေါင်းငုံ့ကာ သူမကို အကြည့်စူးစူးများဖြင့် စိုက်ကြည့်နေသည်။

‘ဘာလို့ သူ့မျက်လုံးထဲက အလင်းရောင်တွေက အနည်းငယ် စူးရှနေသလို ခံစားရတာပါလိမ့်’

“ဒါပေါ့... ကျွန်မတို့က သူငယ်ချင်းတွေပဲလေ၊ စစ်သူကြီး အတွက် စိုးရိမ်တာက သဘာဝကျပါတယ်”

“သူငယ်ချင်း အချင်းချင်း စိုးရိမ်တာလား”

ဟွာကျွင်းသည် သူ့အကြည့်အောက်တွင် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ခေါင်းငုံ့ကာ တိုးတိုးလေး ရေရွတ်လိုက်၏။

“ဒါမှမဟုတ်ရင် ဘာရှိဦးမှာလဲ”

ထို့နောက် သူမ အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။

“ကျားကော ဘယ်မှာလဲ။ မောင်းထုတ်လိုက်ပြီလား”

လုမင်လီက ဆက်၍ မမေးတော့ဘဲ စိုးရိမ်သော လေသံဖြင့် ပြော၏။

“ခဏတာတော့ ခြောက်လှန့်လိုက်နိုင်ပြီ။ ဒါပေမဲ့ ကျားက အလွယ်တကူ လက်လျှော့မဲ့ပုံ မပေါ်ဘူး။ ကိုယ် စိုးရိမ်မိတယ်”

ဟွာကျွင်း ထိုစကားကို ကြားသည့်အခါ အနားသို့ တိုးကပ်လာ၏။

“ဘာလို့ အဲဒီလို ပြောတာလဲ။ ကျွန်မတို့ ရွာမှာ လူတွေ အများကြီး ရှိတာကို မြင်ရင် သူ ထပ်လာရဲမှာ မဟုတ်တော့ပါဘူး”

လုမင်လီ ခေါင်းခါလိုက်၏။

“ဒီနေ့ သူက ဒီနေရာကို ကင်းထောက်သွားတာ။ ပြီးတော့ မီးကိုလည်း ကျော်ဖြတ်သွားသေးတယ်။ ရွာထဲက ဘာက သူ့ကို ဆွဲဆောင်နေမှန်း ကိုယ်မသိဘူး။ နောက်ပိုင်းဆို မီးတုတ်တွေကတောင် သူ့ကို မောင်းထုတ်နိုင်မှာ မဟုတ်တော့မှာကို ကိုယ်ကြောက်တယ်”

“ရပါတယ်၊ မနက်ဖြန်ဆိုရင် ပုဆိန်တွေနဲ့ မေ့ဆေးတွေ ရောက်လာတော့မှာ။ သူ ထပ်လာရင် ကျွန်မတို့မှာ ရင်ဆိုင်ဖို့ နည်းလမ်း ရှိသွားပြီ”

နောက်တစ်နေ့တွင် ပုဆိန်များနှင့် မေ့ဆေးများမှာ ချိန်းဆိုထားသည့်အတိုင်း ရောက်ရှိလာ၏။ လူတိုင်း ဝိုင်းအုံလာကြပြီး အသစ်စက်စက် လက်နက်များနှင့် ဆေးများကို စပ်စုနေကြသည်။

လုမင်လီ ပုဆိန်တစ်လက်ကို ယူကာ စမ်းကြည့်၏။ ၎င်းမှာ အတော်လေး လေးလံပြီး လက်ကိုင်ကိုလည်း မချော်အောင် သားရေအစစ်ဖြင့် ပတ်ထားကာ ပုဆိန်ခေါင်းမှာလည်း အမည်းရောင် တောက်ပြောင်နေသည်။ ၎င်းမှာ ဂျာမနီနိုင်ငံထုတ် ဖြစ်သည့်အတွက် အသေးစိတ်တိုင်းမှာ အပြစ်ပြောစရာ မရှိပေ။

ဟွာကျွင်း မေ့ဆေးထိုးပြွန်များကို စပ်စုကြည့်နေ၏။ ၎င်းနှင့်အတူ မေ့ဆေး သေနတ်(မှုတ်တံပုံစံသေနတ်) အခု ငါးဆယ် ပါလာသည်။ ၎င်းကို မှုတ်လိုက်ရုံဖြင့် မေ့ဆေးအပ် ပါသော ပြွန်လေး ထွက်သွားပေမည်။ လုမင်လီသည် မျက်စိရှင်သော စစ်သည်အယောက် နှစ်ဆယ်ကို ရွေးချယ်ကာ တစ်ယောက်ကို မှုတ်တံ တစ်ခုစီ ပေးလိုက်၏။ ပြီးနောက် ကျားမလာမီ အမြန် လေ့ကျင့်ထားရန် မှာကြားလိုက်သည်။

သွက်လက်သော လူငါးယောက်ကိုလည်း ထပ်မံရွေးချယ်ကာ တစ်ယောက်ကို ပုဆိန် တစ်လက်စီ ပေးထား၏။ အကယ်၍ မေ့ဆေးက အလုပ်မဖြစ်ဘဲ အနီးကပ် တိုက်ခိုက်ရလျှင် အသုံးပြုရန် ဖြစ်၏။

ညရောက်လာသည့်အခါ လူတိုင်း အထူးသတိရှိနေကြသည်။ အမှန်တကယ်ပင် ကျားမှာ ထပ်မံ ပေါ်လာပြန်၏။ သူ ကျယ်လောင်စွာ ဟိန်းလိုက်ပြီးနောက် မီးခိုးများကို ဖြတ်ကျော်ကာ ရွာထဲသို့ ဝင်လာသည်။ သူ့ကိုယ်ထည်မှာ သစ်ပင်များကြားတွင် တစ်ဝက်တစ်ပျက်သာ မြင်ရ၏။ မျက်လုံးများမှာ အမှောင်ထဲတွင် ယခင်ကထက် ပို၍ ကြောက်စရာကောင်းသော အစိမ်းရောင် အလင်းများ တောက်ပနေသည်။

စစ်သည် နှစ်ဆယ့်ငါးယောက်သည် ခံစစ်ပြင်လိုက်ကြပြီး မျက်လုံးများမှာ ကျားထံတွင်သာ ရှိနေကြကာ အာရုံအနည်းငယ်မျှပင် မပျက်ရဲကြပေ။ ကျားသည် အားနည်းချက်ကို ရှာနေသကဲ့သို့ ဘေးတစ်ဖက်တစ်ချက်သို့ သတိကြီးစွာ လျှောက်နေ၏။

လုမင်လီ လူတိုင်းကို စိတ်အေးအေးထားခိုင်းပြီး အစီအစဉ်အတိုင်း လုပ်ဆောင်ရန် အချက်ပေးလိုက်သည်။ ကျား နီးကပ်လာသည့်အခါ မှုတ်တံကိုင်ထားသော စစ်သားလေးများ အရင်စတင် တိုက်ခိုက်ကြပြီး မေ့ဆေးပြွန်များကို ကျားထံသို့ မှုတ်လိုက်ကြ၏။ သို့သော် ကျားမှာ အလွန်ပင် ပါးနပ်လှသဖြင့် ပြွန်အများစုကို ရှောင်တိမ်းသွားနိုင်သည်။

မေ့ဆေး အလုပ်မဖြစ်သည်ကို မြင်ရသည့်အခါ ပုဆိန်ကိုင်ထားသော လူငါးယောက်မှာ အမြန် ပြေးဝင်သွားကြ၏။ ကျားက ဟိန်းလိုက်ပြီး တစ်ယောက်ကို ခုန်အုပ်လိုက်၏။ ထိုလူက လျင်မြန်စွာ ရှောင်လိုက်ပြီး ကျန်လူများက ထိုအခွင့်အရေးကို သုံးကာ ကျားကို ဝိုင်းခုတ်ကြသည်။ သို့သော် ကျား၏ ခြေလက်များမှာ ထွားကြိုင်းပြီး အရေခွံကလည်း ထူလှသဖြင့် ပုဆိန်ချက်များမှာ ဒဏ်ရာ အနည်းငယ်သာ ရစေသည်။

ကျားသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသော်လည်း ချက်ချင်း ပြန်နိုးကြားလာကာ ထပ်မံ ခုန်အုပ်ပြန်၏။ ထိုအရေးကြီးသော အချိန်တွင် ကျား၏ ခြေလှမ်းများ ယိုင်နဲ့သွားသည်။ မေ့ဆေးသည် အလုပ်စတင် လုပ်ဆောင်လာပြီ ဖြစ်ရာ ကျားမှာ မူးဝေလာခြင်း ဖြစ်၏။

သူ့ခြေလှမ်းများ မမှန်တော့ပေ။ ၎င်းကို မြင်ရသည့်အခါ လူအုပ်ကြီးမှာ သတိမလျှော့ဘဲ တဖြည်းဖြည်း ဝိုင်းလိုက်ကြ၏။ သို့သော် ကျား၏ တိုက်ခိုက်နိုင်စွမ်းကို သူတို့ အထင်သေးမိဆဲ ဖြစ်၏။ ထိုကျားသည် ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်ပြီးနောက် ကျယ်လောင်စွာ ဟိန်းကာ ပြန်လည် တိုက်ခိုက်ရန် ပြင်သည်။

အခြေအနေမှာ တင်းမာနေစဉ် ဟွာကျွင်းသည် ရုတ်တရက် အကြံရသွား၏။ သူမက ကြိုတင်ပြင်ဆင်ထားသော လောင်စာဆီများကို ပတ်ပတ်လည်တွင် လောင်းချကာ မီးရှို့ရန် မော့ချွမ်းကို ခိုင်းလိုက်သည်။ မီးတုတ်များနှင့် မတူဘဲ လောင်စာဆီမှ ထွက်လာသော မီးလျှံများမှာ ချက်ချင်းပင် ဆယ်ပေခန့်အထိ မြင့်တက်သွားသည်။ ကျားမှာ လန့်သွားပြီး နောက်ဆုတ်သွားရာ သူ့လမ်းမှာ ထင်းပုံကြီးဖြင့် ပိတ်နေသည်။

ရှေ့တွင် မီး၊ နောက်တွင် ထင်းပုံကြီး ရှိနေသဖြင့် ကျားသည် လွတ်မြောက်ရန် ကျော်တက်ဖို့ ပြင်သည်။ ထိုအခွင့်အရေးကို ယူကာ လုမင်လီ ပုဆိန် ကိုင်ပြီး ကိုယ်ကို နှိမ့်ကာ ထင်းပုံနောက်သို့ ပြေးသွားသည်။ ကျား ခုန်တက်လိုက်သည့် အချိန်မှာပင် သူသည် ပုဆိန်ကို မြှောက်ပြီး ကိုယ်ကို နောက်သို့ လှန်လိုက်ရာ ထက်ရှလှသော ပုဆိန်ချက်မှာ ကျား၏ ဝမ်းဗိုက်ကို ဖြတ်ခုတ်သွားတော့၏။

All Chapters