အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
အခန်း (၁၁၇)
သတ္တဝါကြီးကို သတ်ခြင်း
ကျားသည် နာကျင်လွန်းသဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်လ်ိုက်သည်။ အရှိန်ကြောင့် ရှေ့သို့ ငါးမီတာ၊ ခြောက်မီတာခန့် အဝေးအထိ လျောကျသွားပြီးမှ ရပ်တန့်သွား၏။ မြေပြင်ပေါ်တွင် သွေးစွန်းနေသော လမ်းကြောင်းအရှည်ကြီး ကျန်ရစ်ခဲ့ပြီး လေထဲတွင်လည်း သွေးညှီနံ့များ ပြင်းထန်စွာ ပျံ့နှံ့သွားသည်။
ထိုကျားမှာ ချက်ချင်း သေဆုံးသွားခြင်း မဟုတ်ပေ။ သူ ထရပ်ရန် ရုန်းကန်နေသဖြင့် စစ်သည်များမှာ ပုဆိန်များ ကိုင်ဆောင်လျက် ဝိုင်းထားကြ၏။ ထိုအကောင်ကြီး ထရပ်သည်နှင့် နောက်ဆုံးအချက်ကို အပြီးသတ်နှက်ရန် ပြင်ဆင်ထားကြခြင်း ဖြစ်၏။
သို့သော် ကျားကြီးသည် နောက်ဆုံးတွင် ထမလာနိုင်တော့ဘဲ နှာခေါင်းမှ တရှူးရှူး အသံများထွက်ကာ မြေပြင်ပေါ်သို့ ပြန်လည် ပြုတ်ကျသွားသည်။ ဆယ်မိနစ်ခန့်အကြာတွင် အသက်ရှူသံများ တဖြည်းဖြည်း အားနည်းသွားပြီး မျက်လုံးများ ပိတ်သွားတော့၏။
ကျားကြီး လှုပ်ရှားခြင်း မရှိတော့သော်လည်း ဤမျှကြီးမားသော သတ္တဝါနှင့် ရင်ဆိုင်နေရသဖြင့် လူတိုင်းမှာ စိုးရိမ်စိတ်ရှိနေဆဲ ဖြစ်၏။ သူတို့ ပုဆိန်များကို တင်းတင်းဆုပ်ကိုင်ထားကြပြီး မပေါ့ဆရဲကြပေ။
လုမင်လီ ရှေ့သို့ တက်လှမ်းကာ ကျားကြီး အသက်ရှူခြင်း ရှိ၊ မရှိ စစ်ဆေးပြီးနောက် လူတိုင်းကို ကြေညာလိုက်၏။
“ကျားကို ရှင်းလင်းပြီးပြီ”
ထိုအခါမှသာ လူတိုင်း စိတ်အေးသွားကြပြီး အားတက်သရော အောင်ပွဲခံ အော်ဟစ်ကြတော့၏။ ကောကျန်း မေးလိုက်သည်။
“စစ်သူကြီး... ဒီကျားကို ဘယ်လို စီစဉ်ရမလဲ”
“မြို့ထဲကို ပြန်သယ်သွားပြီး မြို့တံခါးမှာ ပြထားလိုက်။ ဒါမှ လူတွေ စိတ်အေးသွားမှာ”
လူထုကို စိတ်အေးစေခြင်းမှာ အရေးကြီးဆုံး တာဝန်ဖြစ်၏။ လျော်ဖြတ်ကြိုးများကို ယူကာ ကျား၏ ခြေလက်များကို မြဲမြံစွာ ချည်နှောင်လိုက်ကြ၏။ ထို့နောက် သစ်ပင်ပင်စည်အထူကြီး တစ်ခုကို ထိုးထည့်လိုက်၏။ သို့သော် လူခြောက်ယောက် အားစိုက်မမှသာ အနိုင်နိုင် မယူနိုင်ကြသည်။
လုမင်လီ ရုတ်တရက် ပြောလိုက်၏။
“မုန့်ဆိုင်ကို အရင် သယ်သွားရအောင်”
ကောကျန်း ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါ။ စစ်သူကြီး ဘယ်လောက် စွမ်းကြောင်း သူဌေးမဟွာကို ပြလိုက်တာပေါ့”
“အပိုစကားတွေ မပြောနဲ့။ ဒါက သူပေးတဲ့ လက်နက်နဲ့ သတ်နိုင်ခဲ့တာပဲ၊ သူ့ကို ပြသင့်တယ်”
ကောကျန်း အပိုစာသားများ ထပ်မပြောတော့ဘဲ ထောက်ခံလိုက်၏။
“ဟုတ်ကဲ့၊ စစ်သူကြီး ပြောတာ အမှန်ဆုံးပါပဲ”
ကျားကို မုန့်ဆိုင်တံခါးဝသို့ သယ်လာကြ၏။ ကောကျန်း အရင်ဆုံးအော်ဟစ်လိုက်သည်။
“သူဌေးမဟွာ... ကျားကို စစ်သူကြီးက သတ်လိုက်ပြီဗျ”
မီးလောင်ပြီးနောက်ပိုင်း ကျားကို မထိန်းနိုင်မည် စိုးရိမ်သဖြင့် မော့ချွမ်း ဟွာကျွင်းကို ဆိုင်ထဲသို့ တွန်းပို့ကာ တံခါးပိတ်ထားခဲ့ခြင်း ဖြစ်၏။ ယခုအခါ ကောကျန်း၏ အသံကို ကြားရသည့်အခါ ဟွာကျွင်းသည် တံခါးဖွင့်ထွက်လာရာ သစ်သားတိုင်တွင် ဇောက်ထိုးတွဲလွဲဆွဲထားသော ကြီးမားသည့် သတ္တဝါကြီးကို မြင်လိုက်ရသည်။
ဝမ်းဗိုက်မှ သွေးများမှာ အရှိန်အဟုန်ဖြင့် စီးကျနေဆဲ ဖြစ်ပြီး အမွှေးများစွာမှာလည်း သွေးများဖြင့် စိုရွှဲနေ၏။ လုမင်လီ ပြောသည်။
“ဒါက ကိုယ်တစ်ယောက်တည်းရဲ့ အောင်မြင်မှု မဟုတ်ပါဘူး၊ လူတိုင်းနဲ့ ဟွာကျွင်းရဲ့ ကျေးဇူးကြောင့်ပါ”
ဟွာကျွင်း မေးလိုက်၏။
“သေသွားပြီလား”
“သေသွားပါပြီ”
တွဲလွဲဆွဲထားသော ငြိမ်သက်နေသည့် ကျားအလောင်းကို မြင်ရသည့်အခါ ဟွာကျွင်း အနည်းငယ် စိတ်မကောင်း ဖြစ်မိ၏။ သူမ၏ ခေတ်ကာလတွင် ကျားများမှာ ကာကွယ်ထားသော တိရစ္ဆာန်များ ဖြစ်ပြီး တိရစ္ဆာန်ရုံများတွင်သာ မြင်ဖူးသဖြင့် ကျားဆိုသည်မှာ ရွှေဝါရောင် ကြောင်ကြီးများကဲ့သို့ သူမ စိတ်ထဲ ထင်မြင်မိ၏။ ဤကျားကို သနားစရာ မလိုမှန်း သူမ သိသော်လည်း အနည်းငယ်တော့ စိတ်မသက်မသာ ဖြစ်မိသည်။
ဟွာကျွင်း စိတ်ကို ပြန်လည် ပြင်ဆင်လိုက်ပြီး အားလုံးကို ပြုံးလျက် ချီးကျူးလိုက်၏။
“ဒါက တောကျား အစစ်ပဲ။ တိုက်ခိုက်နိုင်စွမ်းကလည်း အံ့မခန်းပဲ။ ရှင်တို့ တကယ်ကို တော်ကြတာပဲ”
လုမင်လီ ပြောသည်။
“တကယ်လို့ မေ့ဆေးသာ မရှိရင် ကိုယ်တို့ ဘာဒဏ်ရာမှ မရဘဲ သတ်နိုင်ဖို့ ခက်ခဲလိမ့်မယ်”
နောက်က ကောကျန်းသည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“သူဌေးမဟွာ စစ်သူကြီး ဘယ်လောက် စွမ်းလဲဆိုတာ ခင်ဗျား မမြင်လိုက်ရဘူး။ ကိုယ်ကို အသာလေး နှိမ့်ပြီး ကျားဗိုက်ကို တစ်ချက်တည်း ခုတ်ချလိုက်တာ”
လုမင်လီ လှည့်ကြည့်ကာ ပြော၏။
“ကဲ... တော်ပြီ၊ မင်းစကားတွေ အရမ်းများနေပြီ။ သယ်သွားကြတော့”
လုမင်လီသည် သူတို့ ရယ်ရယ်မောမောဖြင့် ထွက်သွားသည်ကို ကြည့်နေသည်။ သူတို့ ဝေးသွားသည့်အခါမှ သူ ဟွာကျွင်းထံသို့ တစ်လှမ်း တိုးလာကာ ပြော၏။
“မင်းတို့ ကမ္ဘာမှာတော့ ကျားတွေကို လူတွေ ကြည့်ဖို့အတွက်ပဲ လှောင်ထားလို့ အန္တရာယ်မရှိသလို ထင်ရတာပေါ့။ ဒါပေမဲ့ ဒီမှာတော့ ဒီတစ်ကောင်တည်းတင် လူသုံးယောက်ရဲ့ အသက်ကို နှုတ်သွားခဲ့တာ”
ဟွာကျွင်းသည် သူမ အတွေးများကို လုမင်လီ ရိပ်မိနေသဖြင့် အံ့သြသွားမိ၏။ သူမ ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်မ သိပါတယ်... ကျွန်မတို့ခေတ်မှာ ကျားတွေက မျိုးတုန်းလုနီးပါး ဖြစ်နေလို့ သူတို့ကို ကာကွယ်ထားရတာ”
“မျိုးတုန်းသွားတယ်... အဲဒါ ကောင်းတဲ့အချက် မဟုတ်ဘူးလား။ သူတို့ကြောင့် ဘယ်သူမှ သေစရာ မလိုတော့ဘူးပေါ့”
ဟွာကျွင်းသည် တံခါးဘေးရှိ ထိုင်ခုံတွင် ထိုင်လိုက်ပြီး လုမင်လီအတွက် ရေတစ်ခွက် ခပ်ပေးလိုက်၏။
“ဒါက မပြောနိုင်ဘူးလေ။ အရာအားလုံးက မျှခြေတစ်ခုမှာ ရှိနေရမယ်လို့ တာအိုပညာရှင်တွေလည်း ပြောကြတာပဲ။ တကယ်လို့ ကျားတွေ မျိုးတုန်းသွားရင် အစာကွင်းဆက် ပျက်စီးသွားပြီး နောက်ဆုံးမှာ လူသားတွေကိုပါ ထိခိုက်လာလိမ့်မယ်”
လုမင်လီ ရေခွက်ကို ယူလိုက်သော်လည်း ချက်ချင်း မသောက်ပေ။ သူ ဟွာကျွင်း၏ ဆိုလိုရင်းကို နားမလည်သဖြင့် မျက်ခုံးအနည်းငယ် တွန့်လျက် သူမကို ဇဝေဇဝါ ကြည့်နေသည်။
ဟွာကျွင်း ရှင်းပြလိုက်၏။
“ဥပမာပြောရရင် ကျားက ဝံပုလွေကို စားတယ်၊ ဝံပုလွေက သိုးကို စားတယ်၊ သိုးက မြက်ကို စားတယ်။ ဒါက အစာကွင်းဆက်ပဲ။ အကယ်၍ ကျားတွေ မရှိတော့ရင် ဝံပုလွေတွေကို ထိန်းချုပ်မဲ့သူ မရှိတော့လို့ သူတို့ အရေအတွက် များလာမယ်၊ အဲဒီအခါ ကျွဲနွားတွေနဲ့ သိုးတွေကို အလွန်အကျွံ စားလာလိမ့်မယ်။ ဒါက လူတွေရဲ့ ဘေးကင်းမှုကိုပါ ထိခိုက်လာစေတာပေါ့”
လုမင်လီ အလွန်ပင် တုန်လှုပ်သွားမိ၏။
“ဒီလောက်အထိ နက်နဲတဲ့ ပညာတွေ ရှိလိမ့်မယ်လို့ ကိုယ် မထင်ထားဘူး”
သူ ခဏစဉ်းစားပြီးနောက် ဆက်ပြော၏။
“ဒါက နန်းတွင်းနဲ့ အတူတူပဲ။ ဧကရာဇ်က အစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ ရှိတာပဲ။ တကယ်လို့ သူက မတရားလုပ်ပြီး အထက်တန်းလွှာတွေကို ထိန်းချုပ်မှုမရှိဘဲ အာဏာပြခွင့်ပေးထားရင် နောက်ဆုံးမှာ သာမန်လူတွေပဲ ဒုက္ခရောက်ကြရမှာ”
ဟွာကျွင်း မေးလိုက်၏။
“ဒါက ရှင် ပြောလို့ရတဲ့ အကြောင်းအရာလား”
“ဒီမှာက လူစိမ်းမှ မရှိတာ။ ဒါပေမဲ့ ပြောင်းပြန်လည်း ဟုတ်တာပဲ။ တကယ်လို့ ဧကရာဇ်က အရမ်း တင်းကျပ်လွန်းရင်လည်း အရာရှိတွေက ကြောက်ရွံ့ပြီး အလုပ်မလုပ်ရဲကြတော့ဘူး၊ အဲဒီအခါ လူထုကြားမှာ ဘေးဒုက္ခတွေ ဆက်ရှိနေဦးမှာပဲ”
“ဒါကြောင့် ကမ္ဘာပေါ်က အရာအားလုံးဟာ အပြန်အလှန် ထိန်းကျောင်းတဲ့ စနစ်အတိုင်းပဲ လည်ပတ်ရမယ်”
ဟွာကျွင်းက ပြော၏။
“အို အံ့သြစရာပဲ။ စစ်တိုက်တဲ့ စစ်သူကြီးက ဒီလောက်အထိ အမြော်အမြင် ရှိလိမ့်မယ်လို့ မထင်ထားဘူး”
ဟွာကျွင်း၏ တည့်တိုး ချီးကျူးမှုကြောင့် လုမင်လီ အနည်းငယ် ရှက်သွားမိ၏။
“မင်းက လူတွေကို အမြဲတမ်း ဒီလိုပဲ ချီးကျူးတတ်တာလား”
“ကျွန်မ အမှန်အတိုင်း ပြောတာပါ။ ရှင်က နိုင်ငံရေးကိုလည်း နားလည်တယ်၊ ကျားကိုလည်း သတ်နိုင်တဲ့ ခွန်အားရှိတယ်။ ရှင်က စာပေရော၊ ဓားရေးရော ကျွမ်းကျင်တဲ့သူပဲ။ ကျွန်မက ဒီတိုင်း ချီးကျူးရုံတင် မဟုတ်ဘူး၊ ကောင်းကင်ထိကို အားရပါးရ ချီးကျူးချင်တာ”
ဟွာကျွင်း စကားများ ပို၍ လွန်ကဲလာသည်ကို မြင်ရသည့်အခါ လုမင်လီ အိတ်ဆောင်နာရီကို ထုတ်ကြည့်ကာ စကားကို ဖြတ်လိုက်သည်။
“အချိန်နှောင်းနေပြီ။ ကိုယ် အခု မြို့ထဲကို ပြန်ရတော့မယ်။ မင်းရဲ့ ချီးကျူးသံတွေကိုတော့ နောက်တစ်နေ့မှ အေးအေးဆေးဆေး နားထောင်ပါ့မယ်”
သူ ဆက်၍ မေးလိုက်၏။
“နောက်တစ်ချက်က ဒီပုဆိန်တွေနဲ့ ကျန်နေတဲ့ မေ့ဆေးတွေကို မင်း ပြန်ယူချင်သေးလား”
ဟွာကျွင်း လက်ဝှေ့ယမ်းပြလိုက်ကာ ပြောသည်။
“မယူတော့ဘူး၊ အဲဒါတွေ အကုန်လုံး ရှင်ပဲ ယူ ထားလိုက်ပါ”
သူ ခေါင်းညိတ်ပြပြီး အင်္ကျီအိတ်ထဲမှ ကျောက်စိမ်းလက်ကောက် တစ်ကွင်းကို ထုတ်ကာ စားပွဲပေါ် တင်လိုက်၏။
“ငွေစတွေက မင်းအတွက် အသုံးမဝင်ဘူး။ ဒီလက်ကောက်ကို ယူထားလိုက်၊ ပိုက်ဆံလိုရင် ရောင်းစားလို့ ရတယ်”
လက်ကောက်မှာ တစ်ခုလုံး စိမ်းလဲ့နေပြီး နူးညံ့ချောမွတ်ကာ အစိမ်းရင့်ရောင် အစက်အပြောက်လေးများ ပါဝင်နေသည်။ အလင်းနှင့် ကြည့်လိုက်သည့်အခါ ဖန်ကဲ့သို့ ကြည်လင်နေ၏။ အတော်လေး ထူထဲပြီး ကိုင်လိုက်သည့်အခါလည်း လေးလံသည်။
“ဝါး ဒါက အရမ်းတန်ဖိုးရှိမှာပဲ”
ဟွာကျွင်း လုမင်လီကို ချိုသာစွာ ပြုံးပြလိုက်ပြီး ပြော၏။
“ကျေးဇူးတင်ပါတယ် စစ်သူကြီးလု”
လုမင်လီ အသာပြုံးကာ ပြောလိုက်သည်။
“ဒါက မင်းလုပ်ပေးတာတွေအတွက် ပြန်ပေးတဲ့အရာပါ၊ ကျေးဇူးတင်စရာ မလိုပါဘူး”
သူ ထိုင်ရာမှထကာ ဟွာကျွင်းကို နှုတ်ဆက်ပြီး ထပ်မံပြောကြားလိုက်သည်။
“မနက်ဖြန် မနက်မှာ ကိုယ် လူတွေကို တောင်ပေါ်ခေါ်သွားပြီး တခြားကျားတွေ ရှိ၊ မရှိ ထပ်ရှာဦးမယ်။ ပြီးတော့ သူတို့ကို တောနက်ထဲအထိ မောင်းထုတ်ဖို့ နည်းလမ်းရှာရမယ်၊ ဒါမှ နောက်တစ်ခါ ထပ်ပြီး ဒုက္ခမပေးနိုင်မှာ”
ဟွာကျွင်း ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
“ဒါဆိုရင်လည်း ဘေးကင်းအောင် ဂရုစိုက်ဦးနော်။ တောင်ခြေမှာ မုဆိုးတစ်ယောက် ရှိတယ်၊ သူက တောလမ်းတွေကို အတော်လေး ကျွမ်းကျင်တယ်။ သူ့ကို အကူအညီ တောင်းလို့ ရတယ်”
နောက်တစ်နေ့ နံနက်အစောပိုင်းတွင် ကျားအလောင်းကို မြို့တံခါး၌ ပြသထားပြီး လမ်းတိုင်းတွင်လည်း အသိပေးချက်များ ကပ်ထားသည်။ မကြာမီမှာပင် ကျားသေသွားသည့် သတင်းမှာ မြို့အနှံ့ ပျံ့နှံ့သွားတော့၏။ ကျားအလောင်းဘေးတွင် လူများစွာ စုရုံးလာကြပြီး ပြောဆိုနေကြတော့သည်။
“အို... အံ့သြစရာပဲ၊ ဒီကျားက တကယ်ကြီးတာပဲ”
“ဒါကြောင့်လည်း ကျားလို့ ခေါ်တာပေါ့။ မနေ့ညက စစ်သူကြီးလုက အန္တရာယ်ကြားထဲကနေ ဦးဆောင်ပြီး နာရီဝက်အတွင်းမှာတင် သတ်လိုက်တာလို့ ကြားတယ်”
“စစ်သူကြီးလုက တကယ်ကို စွမ်းတာပဲ။ ဒီလိုကိစ္စမျိုးဆိုရင် မြို့ဝန်ရုံးကလူတွေကို အားကိုးလို့ မရဘူး။ သူတို့က သူခိုးဖမ်းဖို့လောက်ပဲ သိတာ၊ ဒီလို သတ္တဝါကြီးနဲ့ တိုးရင် ကြောက်လို့ လှုပ်တောင် လှုပ်နိုင်မှာ မဟုတ်ဘူး”
အခြားသော အစားအသောက်ကြိုက်သူ တစ်ဦးက ထိုအချက်ကို အာရုံမစိုက်ဘဲ ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
“နောက်ဆုံးတော့ ဟွာကျွင်းမုန့်ဆိုင်ကို ငါ ထပ်သွားလို့ ရပြီ”
အခန်း (၁၁၈)
ကျားတွင်း
နောက်တစ်နေ့တွင် လုမင်လီသည် မနေ့ညက အဖွဲ့လေးကို ဦးဆောင်ကာ တောင်ခြေသို့ သွား၏။ သူ ဝူချင်း ကို ရှာဖွေပြီး တောနက်ထဲသို့ အတူတူ ဝင်ခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် ဝူချင်းက ကျားများ၏ အလေ့အထကို လုမင်လီအား ပြောပြနေ၏။
“ကျားတွေက များသောအားဖြင့် မနက်စောစောနဲ့ နေဝင်ရီတရောအချိန်တွေမှာ အမဲလိုက်လေ့ရှိပြီး နေ့ဘက်မှာတော့ ပုန်းအောင်းနေတတ်ကြတယ်။ တောင်ပေါ်မှာ အစာပေါတာမို့ ဘယ်သူမှ မနှောင့်ယှက်ရင် သူတို့က တောင်အောက်ကို ဆင်းခဲပါတယ်”
“တကယ်လို့ အဲဒီအကောင်က အထီးဆိုရင် အနီးအနားမှာ အမတစ်ကောင်လည်း ရှိနေမှာပဲ”
မနေ့ညက ကျားမှာ အထီးဖြစ်နေသဖြင့် လုမင်လီသည် သတိဝီရိယ ပိုရှိလာ၏။ သူ နောက်ကလူများကို မှာကြားလိုက်သည်။
“တောထဲဝင်ရင် သေချာသတိထားကြ၊ ကျားမတစ်ကောင် ပုန်းအောင်းနေနိုင်သေးတယ်”
မကြာမီမှာပင် သူတို့ နူးညံ့သော ရွှံ့နွံပေါ်တွင် ကျားခြေရာများကို တွေ့လိုက်ရ၏။ ထိုခြေရာများအတိုင်း နှစ်နာရီကျော်ခန့် လျှောက်လာပြီးနောက် တောင်နောက်ဘက်သို့ ရောက်သည့်အခါ ဝူချင်း လုမင်လီကို တိုးတိုးလေး ပြောလိုက်သည်။
“စစ်သူကြီးလု... ဟိုမှာကြည့် ဒီသစ်ပင်ပေါ်မှာ လက်သည်းရာတွေ ရှိနေတယ်။ ကျွန်တော်တို့ ကျားတွင်းနဲ့ မဝေးတော့ဘူး”
ကျားများသည် သူတို့ နေထိုင်ရာ အနီးအနားတွင် နယ်မြေအမှတ်အသားအဖြစ် သစ်ပင်များပေါ်၌ လက်သည်းရာများ ပြုလုပ်တတ်ကြ၏။ ၎င်းကို မြင်ရသည့်အခါ လုမင်လီ ကျားကို မနှောင့်ယှက်မိစေရန် လူတိုင်းကို တိုးတိုးတိတ်တိတ်နှင့် ငြိမ်ငြိမ်နေရန် ညွှန်ကြားလိုက်သည်။
သူတို့သည် ရွာသားများ၏ အိမ်များနှင့် အတော်လေး ဝေးကွာနေပြီဖြစ်သဖြင့် သူ့ရည်ရွယ်ချက်မှာ ကျားဘယ်နှစ်ကောင် ရှိသည်ကို အတည်ပြုရန်သာ ဖြစ်ပြီး တိုက်ပွဲဖြစ်ရန် မဟုတ်ပေ။ လက်သည်းရာများအတိုင်း ဆက်လျှောက်လာရာ နောက်ဆုံးတွင် အလွန်ကြီးမားသော သစ်ပင်ကြီးတစ်ပင်အောက်၌ သန်မာထွားကြိုင်းသော ကျားမတစ်ကောင်ကို တွေ့လိုက်ရ၏။
၎င်းကို ကျားမမှန်း ချက်ချင်း သိလိုက်ရခြင်းမှာ သူမ ဘေးတွင် ကျားပေါက်လေး နှစ်ကောင် ရှိနေသောကြောင့် ဖြစ်၏။ ကျားမသည် လူများ ချဉ်းကပ်လာသည်ကို သတိထားမိသွားကာ ထရပ်လိုက်ပြီး ကျယ်လောင်စွာ ဟိန်းလိုက်သည်။ သူမသည် သားပေါက်လေးများကို နောက်ကွယ်တွင် ကာကွယ်ထားပြီး သူတို့ကို စူးစူးဝါးဝါး စိုက်ကြည့်နေတော့၏။
သားပေါက်လေးများကို ရန်ပြုမည်ကို စိုးရိမ်သဖြင့် ကျားမသည် ရှေ့သို့ တိုးမလာဘဲ သူတို့ကိုသာ အာရုံစိုက် စောင့်ကြည့်နေ၏။
လုမင်လီ ကျားမကို မျက်နှာချင်းဆိုင်လျက် ဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်ပြီး လူတိုင်းကို ဖြည်းဖြည်းချင်း ထွက်ခွာသွားရန် အချက်ပြလိုက်သည်။ ကျားမသည် သွားဖြဲလျက် သူတို့ အဝေးသို့ ရောက်သွားသည်အထိ ရှေ့သို့ ခုန်အုပ်တော့မည့် ပုံစံမျိုး လုပ်နေသည်။
လုမင်လီ ပြော၏။
“ကျားတစ်အုပ်ပဲ။ တစ်ကောင် သေသွားတော့ သုံးကောင် ကျန်တာပေါ့”
သူ ဝူချင်းကို မှာကြားလိုက်သည်။
“ဒီနေရာကို မှတ်ထားပြီး ရွာသားတွေကို တောင်နောက်ဘက် ထပ်မလာဖို့ ပြောလိုက်ဦး”
ဝူချင်း ခေါင်းညိတ်လျက် ရေရွတ်နေမိ၏။
“ကျွန်တော်တို့ကတော့ ပုံမှန်ဆို ဒီလောက် ဝေးတဲ့နေရာအထိ မလာကြပါဘူး။ အဲဒီကျားက ဘာလို့ တောင်အောက်ဆင်းသွားတာလဲ မသိဘူး။ လမ်းမှားသွားတာများလား”
ဟွာကျွင်း ကျားဘာကြောင့် တောင်အောက်ဆင်းလာရသနည်း ဆိုသည့် အကြောင်းအရင်းကို မကြာမီ သိလိုက်ရ၏။
ထိုနေ့ညနေတွင် ဖင်းရှန့်ဆိုင်ပိုင်ရှင် သူဌေးကြီးရှန့်ကွမ်း မုန့်ဆိုင်သို့ ရောက်လာ၏။ သူ ဟွာကျွင်းကို တိုက်ရိုက်ပင် ပြောလိုက်သည်။
“မနေ့ညက ဒီကို ကျားလာတယ်လို့ ကြားတယ်။ သူ ဘာလို့ လာတာလဲဆိုတာ ဆိုင်ရှင် သိလား”
ဟွာကျွင်း ခေါင်းခါလျက် ပြော၏။
“မသိဘူး။ ကျွန်မတို့လည်း အဲဒါကို စဉ်းစားနေတာ”
သူဌေးကြီးရှန့်ကွမ်း လျှို့ဝှက်ဆန်းပြားသော လေသံဖြင့် ပြောလိုက်သည်။
“ကျွန်တော် အဲဒီအကြောင်းရင်းကို ပြောပြနိုင်တယ်။ ဒါပေမဲ့ ဆိုင်ရှင် ကျွန်တော့်ကို ကတိတစ်ခု ပေးရမယ်”
“ကတိတစ်ခု။ ကျွန်မ လုပ်နိုင်တဲ့ အရာလား”
“တစ်ပြည်လုံးမှာ ခင်ဗျားတစ်ယောက်တည်းပဲ လုပ်နိုင်တာ”
“ကျွန်မ လုပ်နိုင်တာဆိုရင်လည်း ရှင် ပြောချင်တာကို ပြောပါ”
“ကျွန်တော်က ထူးဆန်းတဲ့ အစားအစာတွေကို အကြိုက်ဆုံးဆိုတာ ခင်ဗျား သိပါတယ်။ ပြီးခဲ့တဲ့ အခေါက် ဘုရင့်ကဏန်းက ကျွန်တော့်အကြိုက်ပဲ”
“အဲဒါဆိုရင် ရှင် နောက်တစ်ကောင် ထပ်ဝယ်ချင်လို့လား”
သူဌေးကြီးရှန့်ကွမ်း ခေါင်းခါလျက် ပြော၏။
“တစ်ခုတည်းကိုပဲ ဒုတိယအကြိမ် ထပ်စားရတာက ပျင်းစရာကောင်းတယ်။ သူဌေးမဟွာဆီမှာ ကျွန်တော် တစ်ခါမှ မစားဖူးသေးတဲ့ တခြား အသစ်အဆန်းတွေ ရှိရမယ်လို့ ထင်တယ်။ ကျွန်တော် ဈေးကောင်းပေးဖို့ အဆင်သင့်ပဲ”
သူ တစ်ခါမှ မစားဖူးသည့် အသစ်အဆန်းဆိုသည်မှာ ပင်လယ်စာသာ ဖြစ်နိုင်၏။ ဟွာကျွင်း ပြောလိုက်သည်။
“ပြဿနာ မရှိပါဘူး၊ ဒါက ကိုင်တွယ်ရ လွယ်ပါတယ်”
သူဌေးကြီးရှန့်ကွမ်း ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီး ဟွာကျွင်းကို အကြောင်းအရာတစ်ခု ပြောပြ၏။
ယနေ့ညတွင် မြို့ထဲ၌ တစ်စုံတစ်ယောက် ကျားပေါက်လေးတစ်ကောင်ကို လေလံတင်နေ၏။ ကျားသည် သူ့ရင်သွေးနံ့ကို ရသဖြင့် လိုက်ရှာရင်း ရောက်လာခြင်း ဖြစ်နိုင်သည်။
“ဒါကြောင့်လည်း အဲဒီကျားက ထူးထူးဆန်းဆန်း ပေါ်လာတာကိုး။ သူက သူ့သားလေးအတွက် စိုးရိမ်နေတာပဲ”
ဟွာကျွင်း သက်ပြင်းချလိုက်မိ၏။ ကျားသည် သူ့ရင်သွေးအတွက် အန္တရာယ်ကြီးကို ရင်ဆိုင်ခဲ့ပြီး နောက်ဆုံးတွင် ပြန်လမ်းမရှိသော လမ်းကို လျှောက်လှမ်းသွားခဲ့မိ၏။ ဟွာကျွင်း စိတ်မကောင်း ဖြစ်သွားပြီး ကျားပေါက်လေး ဘယ်မှာရှိသလဲဟု သူဌေးကြီးရှန့်ကွမ်းကို စုံစမ်းခိုင်းလိုက်သည်။
“ကျွန်မ အဲဒီကျားပေါက်လေးကို ဈေးကောင်းပေးပြီး ဝယ်ချင်တယ်”
သူဌေးကြီးရှန့်ကွမ်း ငြင်းဆိုလိုက်၏။
“သူဌေးမဟွာ ကျွန်တော်ကို အပြစ်မတင်ပါနဲ့၊ ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို မကူညီနိုင်ဘူး။ အဲဒါက မြို့တော်က လူတစ်ယောက်လို့ ကြားတယ်။ သူက အဲဒီကျားပေါက်လေးကို ရအောင်ယူမယ်လို့ ဆုံးဖြတ်ထားတာ။ ဘယ်သူမှ သူနဲ့ လာမပြိုင်နိုင်အောင်လည်း အိမ်တိုင်းကို အစီအစဉ်တွေ လုပ်ထားပြီးပြီ။ စည်းကမ်းတွေကို မဖောက်ဖျက်နိုင်ဘူး”
“သူ ကျားပေါက်လေးကို ဘာလုပ်ဖို့လဲ။ အိမ်မွေးတိရစ္ဆာန်အဖြစ် ထားဖို့လား”
သူဌေးကြီးရှန့်ကွမ်း သူမကို ရယ်ချင်သလို ကြည့်ကာ ပြော၏။
“အိမ်မွေးတိရစ္ဆာန်လား။ သူက ကျားရိုးတွေကို သုံးပြီး ဆေးအရက်ဖော်ချင်တာ။ ကျားရိုးအရက်က ယောကျာ်းခွန်အား တိုးစေတယ်၊ ကျောက်ကပ်ကို အားဖြည့်ပေးတယ်၊ အရိုးအဆစ်တွေကို သန်မာစေတယ်လို့ ဆိုကြတယ်လေ”
“ယောကျာ်းခွန်အား တိုးဖို့၊ ကျောက်ကပ်အားဖြည့်ဖို့အတွက် ဆေးဖက်ဝင် ပစ္စည်းတွေ အများကြီး ရှိတာပဲ။ ဘာလို့ ကျားပေါက်လေးကို သတ်ရမှာလဲ”
“ကျားပေါက်ဆိုတာ ရှားတယ်လေ၊ ရှားလေလေ ပိုပြီး အစွမ်းထက်လေလို့ ထင်ကြတာပေါ့”
သူဌေးကြီးရှန့်ကွမ်း ဆက်၍ ပြောသည်။
“ကျွန်တော်တော့ ခင်ဗျားကို မကူညီနိုင်ဘူး။ ဆိုင်ရှင် စစ်သူကြီးလုကို သိတယ် မဟုတ်လား။ သူ့ကိုပဲ အကူအညီ တောင်းကြည့်ပါ။ ကျွန်တော်ကတော့ သတင်းလာပေးတာပဲ၊ ကျွန်တော့်ကို ကတိပေးထားတာကိုလည်း မှတ်ထားဦး”
ထို့ကြောင့် လုမင်လီ တောင်ပေါ်က ဆင်းလာသည်နှင့် ဟွာကျွင်း ထိုသတင်းကို ပြောပြလိုက်၏။
“မင်း ဆိုလိုတာက အဲဒီကျားပေါက်လေးကို ဝယ်ချင်တာလား”
“ဟုတ်တယ်၊ ကျွန်မ ဝယ်ပြီးရင် တောင်ပေါ်ကို ပြန်လွှတ်ပေးမှာ။ ဒါဆိုရင် ကျားမလည်း တောင်အောက် ထပ်ဆင်းလာမှာ မဟုတ်တော့ဘူး”
“ဘယ်သူက ကျားပေါက်ကို ဝယ်ချင်နေတာလဲဆိုတာ ကိုယ် စုံစမ်းကြည့်ပါ့မယ်။ ကိုယ်သိတဲ့သူဆိုရင်တော့ ကိုယ့်မျက်နှာကို ထောက်ထားဖို့ ပြောရမှာပေါ့။ တကယ်လို့ လူစိမ်းဆိုရင်လည်း မင်း မစိုးရိမ်ပါနဲ့၊ တခြားလူကို အကူအညီ တောင်းပေးမယ်”
ဟွာကျွင်း ကျေးဇူးတင်စွာ ပြော၏။
“ကျေးဇူးတင်ပါတယ် ရှင်။ ဒါနဲ့ သူက ယောကျာ်းခွန်အား တိုးဖို့ အရက်ဖော်ချင်တာဆိုရင် တခြား ဆေးဖက်ဝင် ပစ္စည်းတွေလည်း ရှိပါတယ်။ ကျွန်မဆီမှာ ရေနဂါး တွေ ရှိတယ်။ ဆေးဖက်ဝင်ပုံက အတူတူပဲ”
လုမင်လီ၏ မျက်နှာမှာ အနည်းငယ် မည်းသည်းသွား၏။
“ဘယ်သူက အဲဒီခွန်အားတိုးတဲ့အကြောင်း မင်းလို မိန်းကလေးတစ်ယောက်ကို ပြောရတာလဲ။ ဒီလိုကိစ္စမျိုးတွေကို ဘယ်လိုများ ပြောရဲတာလဲ”
သူက ဆက်၍ မေးလိုက်၏။
“ဒါနဲ့ ရေနဂါးဆိုတာ ဘာလဲ”
ဟွာကျွင်းသည် ဓာတ်ပုံတစ်ပုံကို ထုတ်ပြလိုက်၏။ “မြင်ဖူးလား။ ပင်လယ်ထဲက သတ္တဝါလေ”
ဤသည်မှာ သူမ ရနိုင်သော တိရစ္ဆာန်အခြေပြု ဆေးဖက်ဝင် ပစ္စည်းအနည်းငယ်ထဲက တစ်ခု ဖြစ်၏။
“ကိုယ် တစ်ခါမှ မမြင်ဖူးဘူး။ ဒီနေရာက ပင်လယ်နဲ့ အရမ်းဝေးတယ်။ ဒီသတင်းသာ ပျံ့သွားရင် လူတွေ အများကြီး စိတ်ဝင်စားကြလိမ့်မယ်”
“ဒါဆိုရင် စစ်သူကြီးကိုပဲ အပ်ပါတယ်နော်။ ကျွန်မက ကျားပေါက်လေးအတွက် ဈေးကောင်းပေးမယ်၊ ပြီးတော့ ရေနဂါး ဆယ်ကောင်လည်း ထည့်ပေးမယ်။ မဟုတ်ဘူး အကောင် နှစ်ဆယ်”
သူမ ခဏစဉ်းစားပြီးနောက် ထပ်မံပြောလိုက်သည်။
“ဒါပေမဲ့ ကျားပေါက်လေးက အသက်ရှင်နေရမယ်နော်”
“ကိုယ့်ကို စိတ်ချလိုက်ပါ။ မနက်ဖြန်ကျရင် အဖြေတစ်ခု ပေးပါ့မယ်”
နောက်တစ်နေ့တွင် နည်းမျိုးစုံဖြင့် စုံစမ်းပြီးနောက် လုမင်လီသည် ကျားပေါက်ကို လေလံတင်မည့်သူမှာ မြို့တော်မှ ချမ်းသာသော ကုန်သည်တစ်ဦး ဖြစ်ကြောင်း သိလိုက်ရ၏။ သူ ထိုကုန်သည်ကို ရှာဖွေပြီး ကျားပေါက်ကို ဝယ်ယူလိုကြောင်း ပြောပြလိုက်သည်။
ကုန်သည်သည် တိုက်ရိုက်ပင် ငြင်းဆိုလိုက်၏။
“စစ်သူကြီးလု စစ်သူကြီးက သတ္တိကောင်းပြီး ဧကရာဇ်ရဲ့ ယုံကြည်မှုကို ရထားတဲ့သူဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဥပဒေကို မချိုးဖောက်ထားဘူး၊ စစ်သူကြီးကလည်း အဓမ္မ ဝယ်ယူတာမျိုး လုပ်လို့မရဘူးလေ။ ဒါက ရှားပါးတဲ့ ရတနာပဲ၊ ကျွန်တော်က ဒါကို သုံးပြီး ပိုက်ဆံအများကြီး ရှာဖို့ တွေးထားတာ”
“ကျွန်တော်က အဓမ္မ မလုပ်ပါဘူး။ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ပိုက်ဆံရှာဖို့ဆိုရင် ခင်ဗျားဝယ်ထားတဲ့ ဈေးထက် နှစ်ဆ ပေးပါ့မယ်၊ ခင်ဗျားအတွက် နစ်နာစရာ မရှိပါဘူး။ ဒါ့အပြင် တခြား ရှားပါးတဲ့ ပစ္စည်းတစ်ခုလည်း ထပ်ပေးဦးမှာပါ”
ချမ်းသာသော ကုန်သည်မှာ ပိုက်ဆံ မရှားပေ။ နှစ်ဆပေးခြင်းက သူ့ကို စိတ်မလှုပ်ရှားစေသော်လည်း ရှားပါးပစ္စည်းဆိုသည့်အခါ စိတ်ဝင်စားသွားသည်။
“စစ်သူကြီးလု ဘယ်လို ရှားပါးပစ္စည်းမျိုးလဲဆိုတာ ပြောပြပါဦး”
“ကျားဆိုတာ တောင်ပေါ်မှာ အန္တရာယ်နည်းနည်း ကြုံရုံနဲ့ ရနိုင်ပေမဲ့၊ ကျွန်တော့်မှာရှိတဲ့ ပစ္စည်းက ပင်လယ်နက်ထဲမှာ ရှင်သန်တာ။ နဂါးနဲ့ တူပေမဲ့ လက်မအနည်းငယ်ပဲ ရှည်တယ်၊ ပြီးတော့ ကျားရိုးလိုပဲ ယောကျာ်းခွန်အားကို တိုးစေတဲ့ အစွမ်းရှိတယ်”
ကုန်သည်ကြီးမှာ စိတ်လှုပ်ရှားသွားပြီး ပြော၏။
“တကယ်လို့ အဲဒီလို ပစ္စည်းမျိုး ရှိတယ်ဆိုရင် နှစ်ဆတောင် ပေးစရာ မလိုပါဘူး။ ကျွန်တော် စစ်သူကြီးရဲ့ မျက်နှာကို ထောက်ပြီး ရေနဂါးနဲ့ ကျားပေါက်လေးကို လဲပေးပါ့မယ်”