← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉)

သူဌေးကြီးရှန့်ကွမ်း၏ အထူးညစာ

တစ်ပါးသူ အလွန်လိုလားနေသော အရာကို ယူရမည် ဖြစ်သဖြင့် လုမင်လီ စည်းကမ်းများကို ဖောက်ဖျက်ခြင်း မရှိပေ။ သူသည် ငွေစများကို အပြည့်အဝ ပေးချေခဲ့ပြီး နောက်တစ်နေ့တွင် ရေနဂါးများ ပေးပို့မည်ဟု ကတိပေးကာ ကျားပေါက်လေးကို ခေါ်ဆောင်သွားသည်။

ဟွာကျွင်း တစ်နေကုန် တကယ်ကို အလုပ်ရှုပ်နေ၏။ သူမသည် မုန့်ဆိုင်၏ ညနေခင်း ဝန်ဆောင်မှုအတွက် အစားအစာများ ပြင်ဆင်နေသလို ရှန့်ကွမ်းအတွက်လည်း အထူးပါဝင်ပစ္စည်းများကို ဝယ်ယူနေရသည်။

ရှန့်ကွမ်း လာမည်ကို ထည့်တွက်ပြီး ဟွာကျွင်းသည် ဟော့ပေါ့၏ ပြင်းထန်သော အနံ့များက အခြားဟင်းလျာများ ရနံ့ကို ဖုံးလွှမ်းမသွားစေရန် ယနေ့ညအတွက် ဟော့ပေါ့ဝန်ဆောင်မှုကို ရပ်ဆိုင်းထားလိုက်၏။

ဟွာကျွင်း ဘဲကင် အထုတ်ငါးဆယ် မှာယူလိုက်ပြီး ဒုတိယထပ်တွင် သီးသန့်ခန်းတစ်ခု ဖြစ်သွားစေလိုသောကြောင့် အကာအရံများနှင့် ပိုးထည်များကို အသုံးပြုရန် မော့ချွမ်းကို ညွှန်ကြားလိုက်၏။ ထို့နောက် သူမ သွင်းကုန်စူပါမားကတ်ဆီသို့ တန်းတန်းမတ်မတ် သွားတော့၏။

S-အဆင့်ရှိ ဘဲငန်း အသည်းအဆီအိတ် ဆယ်ခု၊ နယူးဇီလန် ကင်းဆယ်လ်မွန်ဆယ်ပွဲ၊ ပီအိုနီ ပုစွန်အကောင် သုံးဆယ်နှင့် အနှစ် (၂၀)သက်တမ်းရှိ ငါးဥဆယ်ဘူးတို့ကို ဝယ်ယူလိုက်၏။ ဟွာကျွင်း ပါဝင်ပစ္စည်းများနှင့် တွဲဖက်ရန် ဝိုင်ဖြူတစ်ပုလင်းကိုလည်း ရွေးချယ်လိုက်သည်။

ထို့နောက် သူမ ရှားပါးဆေးဖက်ဝင် ပစ္စည်းများ ဝယ်ယူရန် ဆေးကောင်တာသို့ လျှောက်သွား၏။ လင်ဇီးမှို၊ သမင်ချို၊ နဂါးသွေးနှင့် သင်းခွေချပ် အကြေးခွံများမှာ အလျှံပယ် ရှိနေသည်။ ရေနဂါးများကို ဝယ်ယူရာတွင် အထီးနှင့် အမ အစုံလိုက် ဝယ်ရန် လိုအပ်၏၊ ထိုသို့ဆိုမှ အာဟာရဓာတ် ပိုကောင်းသည်ဟု ဆိုကြသည်။ ဟွာကျွင်း ဆယ်စုံ ဝယ်ယူလိုက်၏။

ပြင်ဆင်မှုများ ပြီးလုနီးပါး ရှိသည့်အခါ ဟွာကျွင်း ဆိုင်သို့ ပြန်လာ၏။ ထိုအခါ မော့ချွမ်းနှင့် ဟွာရှန့်တို့သည် ဒုတိယထပ်ကို ပြန်လည် မွမ်းမံပြီးနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

တစ်ဖက်ကို သစ်သားအကာအရံများဖြင့် ပိုင်းခြားထားပြီး အခြားတစ်ဖက်တွင် မီးခိုးရောင် ပိုးထည်များကို အသုံးပြုထားသည်။

အကာအရံများပေါ်တွင် ထင်းရှူးပင်ပုံများ ထွင်းထုထားပြီး ပိုးထည်ပေါ်တွင် ကြိုးကြာငှက်ပုံများကို ပန်းထိုးထားရာ တစ်ခုနှင့်တစ်ခု လိုက်ဖက်နေ၏။

ဟွာကျွင်း ချီးကျူးလိုက်၏။

“အရမ်းတော်တယ်၊ ဒါ ကျွန်မ လိုချင်တဲ့ ခံစားချက်မျိုးပဲ”

အမှန်ပင် ရှေးခေတ်လူများ၏ အနုပညာ အမြင်မှာ ပို၍ တင့်တယ်ကာ သန့်ပြန့်လှ၏။ အကယ်၍ သူမသာဆိုလျှင် ပန်းရောင် ပိုးထည်များကို ရွေးချယ်မိကောင်း ရွေးချယ်မိပေလိမ့်မည်။

ညနေပိုင်းတွင် မုန့်ဆိုင်မှာ ပုံမှန်အတိုင်းပင် လည်ပတ်နေ၏။ ကျားဖြစ်ရပ်ကြောင့် စီးပွားရေးမှာ အပြည့်အဝ ပြန်မကောင်းသေးသဖြင့် ဧည့်သည် သိပ်မများပေ။ ပုံမှန်နှင့် ယှဉ်လျှင် လူတိုင်းမှာ ပို၍ စိတ်လက်ပေါ့ပါးနေကြပြီး ဟင်းပွဲများ ချပေးရင်း စကားစမြည် ပြောနေကြသည်။

မော့ချွမ်း သက်ပြင်းချလျက် ပြော၏။

“နေ့တိုင်း ဒီလောက် လူနည်းရင် ဘယ်လောက် အေးဆေးလိုက်မလဲ”

ဟွာကျွင်းက သူ့ကို မျက်စောင်းထိုးလျက် ပြန်ပြောလိုက်သည်။

“တခြား သူဌေးတွေသာ ရှင် ပြောတာကို ကြားရင် ချက်ချင်း အလုပ်ထုတ်မှာပဲ။ ဒါပေမဲ့ ကျွန်မလည်း ဒါက တော်တော်လေး ကောင်းတယ်လို့ ထင်တယ်၊ ဟဲဟဲ”

သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တပြိုင်တည်း ရယ်မောလိုက်ကြ၏။

ညနေစောင်းပိုင်းတွင် ရှန့်ကွမ်းသည် အခြွေအရံ နှစ်ယောက်နှင့်အတူ ရောက်ရှိလာ၏။ ဟွာကျွင်းသည် သူ့ကို ဒုတိယထပ်ရှိ သီးသန့်ခန်းသို့ ခေါ်ဆောင်သွားပြီး ကတိပေးထားသည့်အတိုင်း ထူးခြားသော ညစာကို ပြင်ဆင်ပေးသည်။

ပထမဆုံး ရောက်ရှိလာသည်မှာ အသားထူထူ လှီးထားသော ကင်းဆယ်လ်မွန် ဖြစ်၏။ ငါးအသားမှာ လိမ္မော်နီရောင် ဖြစ်ပြီး နို့နှစ်ရောင် အဆီအလွှာလေးများမှာ အသားထဲတွင် ကြည်လင်စွာ ပျံ့နှံ့နေသည်။

“ဒါက ကင်းဆယ်လ်မွန်ပါ၊ ဆယ်လ်မွန် အမျိုးအစားတွေထဲမှာ အရသာအရှိဆုံးပဲ”

ရှန့်ကွမ်း ဝေခွဲမရစွာ မေးလိုက်၏။

“သူဌေးမဟွာ ကျွန်တော်က အသစ်အဆန်း စားချင်တယ်လို့ ပြောပေမဲ့ ခင်ဗျားက ငါးအစိမ်းကြီးတော့ မချပေးသင့်ဘူးလေ။ ဒါက တကယ်ပဲ စားလို့ရတာလား”

“မစားခင်မှာ ဘေးက ဆာရှိမီပဲငံပြာရည်နဲ့ ဝါစာဘီထဲမှာ တို့စားရမှာပါ။ အရသာရှိမယ်ဆိုတာ ကျွန်မ အာမခံပါတယ်၊ ကျွန်မရဲ့ မုန့်ဆိုင် ဂုဏ်သိက္ခာနဲ့ ရင်းပြီး ပြောတာပါ”

ရှန့်ကွမ်းမှာ မူလကတည်းက အသစ်အဆန်းများကို စမ်းသပ်လိုသူ ဖြစ်၏။ သူ တူကို ကောက်ကိုင်ကာ ငါးတစ်ပြားကို ယူပြီး ဘေးရှိ ပဲငံပြာရည်ခွက်ထဲသို့ တို့လိုက်သည်။

ဟွာကျွင်း သတိပေးလိုက်၏။

“ဒါ ရှင် ပထမဆုံးအကြိမ် စားတာဆိုတော့ ဝါစာဘီကို သိပ်အများကြီး မတို့ပါနဲ့ဦး”

ရှန့်ကွမ်းသည် ငါးပေါ်မှ ဝါစာဘီ အချို့ကို ပြန်ခြစ်ထုတ်လိုက်ပြီးနောက် ပါးစပ်ထဲသို့ ဖြည်းဖြည်းချင်း ထည့်လိုက်သည်။

‘ဘယ်လို အရသာမျိုးပါလိမ့်’

အေးစက်ကာ လတ်လတ်ဆတ်ဆတ်လေးနှင့် နူးညံ့ပြီး စေးပိုင်နေ၏။ အသားမှာ ဂျယ်လီလေးအလား အိတုံ ချောမွတ်နေသည်။ သကြားကဲ့သို့ ချိုခြင်းမျိုး မဟုတ်ဘဲ အဆီဓာတ်ပါသော ချိုစိမ့်စိမ့် လေးပင်။

ဆာရှိမိပဲငံပြာရည်နှင့် တွဲဖက်လိုက်သည့်အခါ ငါး၏ အရသာမှာ ပို၍ မြင့်မားသွားပြီး အရသာ ပြင်းပြင်းဝါစာဘီကလည်း အဆီအစိမ့်များကို ပြေပျောက်စေရန် အကောင်းဆုံး လုပ်ဆောင်ပေးသည်။

ရှန့်ကွမ်း ထိုအရသာကြောင့် အံ့အားသင့်သွားမိ၏။ အရသာမှာ ထူးထူးခြားခြား မဟုတ်သော်လည်း တစ်ပြားစားပြီးသည်နှင့် နောက်ထပ် တစ်ပြားကို ထပ်စားချင်အောင် လုပ်ဆောင်နိုင်သည့် မှော်ဆန်မှုမျိုး ရှိနေသည်။ ဤကဲ့သို့ ထိပ်တန်း ပါဝင်ပစ္စည်းမျိုးမှာ အရေအတွက်ထက် အရည်အသွေးက ပို၍ အရေးကြီး၏။ ၎င်းမှာ တန်ဖိုးရှိကြောင်း ပြသရန် ဟွာကျွင်းက သူ့ကို ငါးပြားသာ ချပေးထား၏။ သူ ဘာမှမပြောမိခင် လေးပြားကို စားပြီးနေပြီ ဖြစ်၏။

ကံကောင်းစွာပင် နောက်ထပ် ဟင်းပွဲကို လာချပေးသော မော့ချွမ်း အသံကြောင့် သူ သတိပြန်ဝင်လာ၏။ တူကို ချက်ချင်း ပြန်ချလိုက်ပြီး နောက်ထပ်လာမည့် ဟင်းပွဲများအတွက် ဗိုက်ထဲမှာ နေရာချန်ထားလိုက်သည်။ အရသာရှိလှသောကြောင့် နှုတ်ခမ်းကို သပ်လျက် သူ ဟွာကျွင်းကို ပြော၏။

“သူဌေးမဟွာ ခင်ဗျားဆီမှာ အဖိုးတန်တာတွေ အများကြီး ရှိတာပဲ”

နောက်ထပ် ဟင်းပွဲမှာ ပီအိုနီပုစွန် ဖြစ်၏။ ပီအိုနီပုစွန်ကို ပထမဆုံးအကြိမ် မြင်လိုက်ရသည့်အခါ ရှန့်ကွမ်း ၎င်း၏ တောက်ပသော အသွင်အပြင်ကြောင့် ဆွဲဆောင်ခြင်း ခံလိုက်ရသည်။ နီညိုရောင် ပုစွန်ခွံပေါ်တွင် အဖြူရောင် အမှတ်အသားများ ပါရှိရာ ပုစွန်ကိုယ်ထည်ကို ပိုးကြိုးများဖြင့် ပတ်ထားသည့်အလားပင်။

“ဒီပုစွန်က တကယ်လှတာပဲ”

ဟွာကျွင်း ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။

“သူ့အလှကြောင့်ပဲ ပီအိုနီပုစွန်ဆိုတဲ့ ချစ်စရာကောင်းတဲ့ နာမည် ရှိတာပေါ့”

ရှန့်ကွမ်း သေချာ ကြည့်ရှုပြီးနောက် ပြော၏။

“တကယ်ပဲ ပီအိုနီပန်းလို တောက်ပတယ်”

သူသည် ပုစွန်ခွံကို ခွာလိုက်သည့်အခါ ပန်းရောင်သမ်းပြီး ကြည်လင်နေသော ပုစွန်သားကို တွေ့လိုက်ရ၏။ သူ နှာခေါင်းနားသို့ ကပ်ပြီး အနံ့ခံကြည့်သည့်အခါ ညှီနံ့ လုံးဝမရပေ။

“ဒါလည်း အစိမ်းပဲလား”

သူ ဟွာကျွင်းကို မေးလိုက်၏။

“ဒီပုစွန်သားကို ချက်လိုက်ရင် အခုလို လတ်ဆတ်ပြီး ချိုမြိန်တော့မှာ မဟုတ်ဘူး”

ရှန့်ကွမ်း သက်ပြင်းချလျက် ပြောသည်။

“ငါးကို အစိမ်းစားတယ်လို့ပဲ ကြားဖူးတာ၊ အခု ပုစွန်သားကိုပါ၊ သူဌေးမဟွာ ခင်ဗျားက ဒီနေ့ ကျွန်တော့်ကို အံ့သြအောင် လုပ်နေတာပဲ”

သူ ခေါင်းခါလျက် ဆာရှိမိပဲငံပြာရည်ထဲသို့ တို့ကာ ပုစွန်တစ်ကောင်လုံးကို တစ်လုပ်တည်းဖြင့် စားလိုက်၏။

ဆယ်လ်မွန်၏ အဆီအအိမ့်များသော အထိအတွေ့နှင့် မတူဘဲ ပီအိုနီ ပုစွန်သားမှာ ပြည့်ဖြိုး နူးအိကာ ညှီနံ့လည်း မရှိပေ။ တစ်ကိုက် ကိုက်လိုက်သည့်အခါ ပုစွန်သားမှာ သွားကြားတွင် ပျော်ဝင်သွားမတတ် ခံစားလိုက်ရပြီး နောက်တစ်စက္ကန့်တွင် လတ်ဆတ်ချိုမြိန်သော အရသာသည် ပုစွန်သားထဲမှ လျှံထွက်လာတော့သည်။

“ဒီနေ့တော့ ကျွန်တော် တကယ်ပဲ မျက်စိပွင့်သွားပြီ။ ဒီကင်းဆယ်လ်မွန်ပဲ ဖြစ်ဖြစ်၊ ပီအိုနီပုစွန်ပဲ ဖြစ်ဖြစ် တစ်မျိုးစီ အရသာရှိကြတာပဲ။ သူတို့အရသာက အပြစ်ပြောစရာ မရှိအောင် ကောင်းလွန်းတယ်”

သူ စကားပြောပြီးနောက် မော့ကြည့်လိုက်သည့်အခါ ဟွာကျွင်းသည် သီးသန့်ခန်းထဲတွင် မရှိတော့ပေ။ ဟွာရှန့် သူ့ကို ရှင်းပြလိုက်၏။

“မမက ရှင်စားဖို့ နောက်ထပ် ထူးခြားတဲ့ အစားအစာတစ်ခု ပြင်ဆင်ဖို့ သွားတာပါ။ ခဏလောက် စောင့်ပေးပါဦး”

နောက်ထပ်လာမည့် ဟင်းပွဲမှာ ယနေ့ည၏ အဓိကဟင်းလျာဖြစ်သော ပြင်သစ်နည်းအတိုင်း ဆီပူတိုက်ထားသည့် ဘဲငန်း အသည်းအဆီအိတ် ဖြစ်၏။ အသည်းအဆီအိတ်ကို ဆယ့်ငါးမိနစ်ခန့် ကြိုတင်၍ အအေးခံထားသဖြင့် အခုဆိုလျှင် အတော်လေး နူးညံ့နေပြီ ဖြစ်၏။ ဟွာကျွင်း စက္ကူဖြင့် ရေငွေ့များကို သုတ်လိုက်ပြီး ဘေးတွင် ခဏချထားလိုက်သည်။ ထို့နောက် သူမ ပေါင်မုန့်ကင်ကို ပြင်ဆင်၏။

ပေါင်မုန့်၏ ဘေးသားများကို ဖြတ်ထုတ်ကာ ဒယ်အိုးပြားထဲတွင် မီးအေးအေးဖြင့် မျက်နှာပြင် အနည်းငယ် ဝါပြီး ကျွတ်လာသည်အထိ ကင်လိုက်သည်။ ထို့နောက် ၎င်းတို့ကို ပန်းကန်ပြားပေါ်သို့ တင်လိုက်၏။ ထို့ပြင် အသည်းအဆီအိတ်ကို ဒယ်အိုးပြားထဲတွင် ဖြည်းဖြည်းချင်း ဆီပူပေးသည်။ ၎င်းတွင် အဆီဓာတ် အလွန်များသဖြင့် ဆီထပ်ထည့်ရန် မလိုပေ၊၊ ခဏအကြာတွင် ၎င်း၏ အဆီများ ထွက်လာမည်တော့၏။ ထိုအချိန်တွင် နာနတ်သီးစိတ်လေးများကို ထည့်လိုက်သည်။ နာနတ်သီးများက အသည်းအဆီအိတ်မှ အဆီများကို စုပ်ယူပြီးသည့်အခါ ဒယ်အိုးထဲမှ ဆယ်ယူလိုက်၏။

ထို့နောက် ပန်းကန်ပြားပေါ်တွင် အစီအစဉ်လိုက် တင်လိုက်၏။ ပေါင်မုန့်ကင်၊ နာနတ်သီးစိတ်၊ အသည်းအဆီအိတ် နှင့် နောက်ဆုံးတွင် ငါးဥအနှစ် တစ်ဇွန်း တင်လိုက်သည့်အခါ ရိုးရှင်းသော်လည်း အထင်ကြီးစရာကောင်းသော ဟင်းပွဲမှာ အဆင်သင့် ဖြစ်သွားတော့သည်။

ရှန့်ကွမ်း ပြောလိုက်သည်။

“ဒါက အဓိကဟင်းလျာလား။ ကြည့်ရတာတော့ ထူးထူးခြားခြား မရှိပါဘူး၊ ဟိုနှစ်ပွဲလောက်လည်း အသစ်အဆန်း မဖြစ်ဘူး”

“ဒါက ဘာလဲဆိုတာ ရှင် သိလို့လား”

ဟွာကျွင်း ပြန်မေးလိုက်သည်။

ရှန့်ကွမ်း အနီးကပ် ကြည့်ရှုလိုက်၏။ ပါဝင်ပစ္စည်း လေးလွှာကို အဆင့်ဆင့် တင်ထားသဖြင့် ကြည့်ရသည်မှာ ထူးခြားနေ၏။ အညိုရင့်ရောင် အသားကဲ့သို့သော အရာပေါ်တွင် တောက်ပနေသည့် အစိမ်းရင့်ရောင် အလုံးလေးများ ရှိနေသည်။ အပေါ်ဆုံး အလွှာနှစ်ခုမှာ ဟင်းပွဲ၏ အရေးကြီးဆုံး အစိတ်အပိုင်းများ ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်၏။

ထို့ကြောင့် သူ ခန့်မှန်းလိုက်သည်။

“ဒီတစ်ခုက အသားနဲ့ တူတယ်၊ အင်း အမဲသားလား။ အပေါ်က အလုံးလေးတွေကတော့ တစ်ခုခုရဲ့ အစေ့တွေနဲ့ တူတယ်”

ဟွာကျွင်း ပြုံးလျက် ရှင်းပြလိုက်၏။

“နှစ်ခုလုံး မဟုတ်ပါဘူး။ ဒါက ဘဲငန်းအသည်းအဆီအိတ်ပါ၊ အပေါ်ကတော့ ငါးဥတွေပေါ့”

“သူဌေးမဟွာကတော့ နောက်နေပြန်ပြီ။ ကျွန်တော် ဘဲငန်းအသည်းအဆီအိတ် စားဖူးပါတယ်။ အသည်းက မီးခိုးဖြူရောင် ရှိတာလေ၊ ပြီးတော့ ငါးဥတွေက အဝါရောင် မဟုတ်ဘူးလား။ ခင်ဗျားရဲ့ ငါးဥတွေက အစိမ်းရင့်ရောင် ဖြစ်နေပြီး အရွယ်အစားကလည်း ကြီးလွန်းတယ်၊ ဒါက ပိုးကောင်ဥတွေလို့ ပြောရင်တောင် ကျွန်တော် ယုံမိတော့မှာပဲ”

အခန်း (၁၂၀)

ကျားပေါက်လေး၏ ခေါင်းကို ပွတ်သပ်ခြင်း

“အဲဒါက မတူဘူးလေ။ ဒီအသည်းအဆီအိတ်က အထူးမွေးမြူထားတဲ့ ဘဲငန်းကနေ ရတာ၊ ပြီးတော့ ငါးဥအနှစ်ကလည်း ဘယ်ငါးဥမဆို ရတာမဟုတ်ဘူး၊ ငါးမန်းအမျိုးနွယ်ဝင် စတာဂျွန်ရဲ့ ဥတွေပဲ”

‘အသည်းအဆီအိတ်အတွက် သီးသန့်မွေးမြူထားသော ဘဲငန်းတွေ ရှိတာလား။ ပြီးတော့ စတာဂျွန်ဆိုတာကရော ဘယ်လိုငါးမျိုးပါလိမ့်။ တစ်ခါမှ မကြားဖူးဘူး’

သို့သော် ရှန့်ကွမ်း တစ်ညလုံး အံ့သြစရာများနှင့် ကြုံခဲ့ရသဖြင့် ယခုအခါ ဟွာကျွင်း ဘယ်လိုဟင်းပွဲ ချပေးပါစေ သူ ထူးဆန်းတော့မည် မဟုတ်ပေ။ သို့သော်ငြားလည်း မေးလိုက်သေး၏။

“အသည်းအဆီအိတ်က အစိမ်းတော့ မဟုတ်ဘူး မဟုတ်လား”

ငါးအစိမ်းနှင့် ပုစွန်အစိမ်းကို လက်ခံနိုင်သော်လည်း အသည်းအစိမ်းဆိုတော့ မဖြစ်နိုင်ပေ။ ထိုအတွေးဝင်ရုံနှင့်ပင် သူ ပျို့တက်လာသလို ခံစားရသည်။

ဟွာကျွင်းက ပြော၏။

“ဒါပေါ့၊ မဟုတ်ပါဘူး။ အသည်းအဆီအိတ်ကို ဆီပူပေးထားတာပါ။ စိတ်ချလက်ချ စားပါ”

ထိုအခါမှ သူ စိတ်အေးသွားတော့၏။ သူသည် တူကို ကောက်ကိုင်ကာ အပေါ်ဆုံးက ငါးဥအနှစ်ကို ယူရန် ပြင်လိုက်သော်လည်း ဟွာကျွင်း သူ့ကို တားလိုက်သည်။

“တစ်ခုလုံးကို ပါးစပ်ထဲ အကုန်ထည့်စားရမှာ။ ဒီအရသာတွေ အားလုံးက တစ်ခုနဲ့တစ်ခု ခွဲလို့မရအောင် အရေးကြီးလို့ပါ”

ရှန့်ကွမ်း ခေါင်းညိတ်ပြကာ စားရန် ပြင်လိုက်ပြန်၏။ သို့သော် ဝိုင် မချရသေးသည်ကို ဟွာကျွင်း သတိရသွားကာ အော်လိုက်သည်။

“နေဦး”

ရှန့်ကွမ်းမှာ ဘာမှမပြောနိုင်တော့ဘဲ တူကို ပြန်ချလိုက်၏။

“သူဌေးမဟွာ အခုက ဘာဖြစ်ပြန်တာလဲ။ ဒီဟင်းပွဲကို ကျွန်တော် တကယ်ပဲ စားလို့ရဦးမှာလား”

“တောင်းပန်ပါတယ်၊ ရှင့်ကို ဝိုင်ချပေးဖို့ မေ့သွားလို့ပါ”

ဟွာကျွင်းသည် ဘေးနားမှ မြက်ခြောက်ရောင် ပုလင်းတစ်လုံးကို မှော်ဆန်ဆန် ထုတ်ယူလိုက်ပြီး အဆို့ကို အသံမြည်အောင် ဖွင့်ကာ အဝါနုရောင် အရည်များကို ငှဲ့ပေးလိုက်သည်။

“ဒါက ဝိုင်ပါ၊ အသည်းအဆီအိတ်နဲ့ အလိုက်ဖက်ဆုံးပဲ”

ဟွာကျွင်းသည် ဤဝိုင်ကို အထူးရွေးချယ်ထားခြင်း ဖြစ်၏။ ၎င်း၏ လိုင်ချီးသီးရနံ့မှာ အဆီအအိမ့်များကို ပြေပျောက်စေရန် အထူးပင် ကောင်းမွန်လှ၏။ ရှန့်ကွမ်း တစ်ငုံ သောက်ကြည့်ပြီး ချီးကျူးလိုက်သည်။

“ဒီဝိုင်က ချိုပေမဲ့ မအိဘူး။ တကယ့် ထိပ်တန်းပစ္စည်းပဲ”

ထို့နောက် သူ မေးလိုက်၏။

“အခု ကျွန်တော် အသည်းအဆီအိတ်ကို စားလို့ ရပြီလား”

ဟွာကျွင်း လက်ဖဝါးနှစ်ဖက်ကို ဖြန့်လျက် ရိုကျိုးဟန်ပြကာ ပြော၏။

“ရပါပြီ၊ ရပါပြီ၊ စားပါရှင်”

သူ အောက်ဆုံးက ပေါင်မုန့်ကင်ကို လက်ဖြင့် ဂရုတစိုက် မလိုက်၏။ အကယ်၍ စောင်းသွားလျှင် အားလုံး ပြုတ်ကျသွားမည်ကို သူ စိုးရိမ်နေသည်။ စားစရာများ မပြုတ်ကျစေရန် ခေါင်းကိုပင် ရှေ့သို့ တိုး၍ စားလိုက်၏။

ပါးစပ်ထဲသို့ အကုန်ထည့်လိုက်ပြီး အရင်ဆုံး အရသာခံကြည့်၏။ နွေးထွေးနေသော ပေါင်မုန့်ကင်နှင့် အသည်းအဆီအိတ်၊ ၎င်းအပေါ်တွင် အေးစက်နေသော ငါးဥ။

ငါးဥမှာ အတော်လေး ငံပြီး အသည်းအဆီအိတ်မှာ အဆီအအိမ့် များလှ၏။ တစ်ခုချင်းစီ စားလျှင် အရသာမှာ ထူးခြားမည် မဟုတ်သော်လည်း ပေါင်မုန့်ကင်၊ နာနတ်သီးတို့နှင့် တွဲဖက်စားလိုက်သည့်အခါ အရသာမှာ အဆင့်များစွာ မြင့်မားသွားသည်။

အရသာမှာ အလွန်ပင် ရှုပ်ထွေးလှသဖြင့် ဖော်ပြရန် စကားလုံးပင် ရှာမတွေ့နိုင်ပေ။ ပေါင်မုန့်ကင်မှာ ကျွတ်နေပြီး နာနတ်သီးမှာ ချိုချဉ်လေးဖြစ်ကာ အရည်ရွှမ်းနေ၏။ အသည်းအဆီအိတ်မှာ ချောမွတ်စေးပိုင်နေပြီး ငါးဥမှာ ငံနေသည်။

တစ်လုတ်တည်းနှင့် မတူညီသော ပေါင်းစပ်မှု လေးမျိုးနှင့် အရသာ လေးမျိုးကို ခံစားလိုက်ရခြင်း ဖြစ်၏။ အကယ်၍ ပါဝင်ပစ္စည်း တစ်ခုခုသာ လိုအပ်သွားလျှင် ဟင်းပွဲမှာ ဤမျှ အရသာရှိလိမ့်မည် မဟုတ်ပေ။

သို့သော် ၎င်းတို့ကို ရောနှောလိုက်သည့်အခါ အရသာမှာ တစ်ခုနှင့်တစ်ခု အလွန်ပင် မျှတသွားပြီး အချင်းချင်း အားဖြည့်ပေးထားသည်ဟု ဆိုရမည်။

ရှန့်ကွမ်း စားပြီးနောက် လက်ကို သုတ်ကာ ပြောသည်။

“ဒီအစားအစာက အရသာရှိပေမဲ့ အများကြီးတော့ စားလို့မရဘူး။ နည်းနည်းတော့ အီသလိုပဲ”

သူ ဝိုင်တစ်ခွက်ကို အကုန်သောက်လိုက်ရာ အအီဓာတ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။ ထိုအခါမှသာ ဤဝိုင်ကို ရွေးချယ်ရာတွင် ဟွာကျွင်း၏ စေ့စပ်သေချာသော အားထုတ်မှုကို သူ သဘောပေါက်သွားသည်။

ဟွာကျွင်း ပြော၏။

“ဟုတ်တယ်၊ ဒီလို ပါဝင်ပစ္စည်းမျိုးတွေက အရသာ ခံဖို့ပဲလေ။ အများကြီး စားလိုက်ရင် အရသာ ပျက်သွားလိမ့်မယ်”

ရှန့်ကွမ်းသည် နောက်ဆုံး ဆယ်လ်မွန်ပြားကို စားလိုက်ပြီးနောက် စားပွဲကို ကြည့်၏။ ထို့နောက် ဟွာကျွင်းကို ကြည့်ပြီး မေးလိုက်သည်။

“ဒါပဲလား”

“ဒါပါပဲ”

ရှန့်ကွမ်းမှာ အားမရသေးပေ။

“ဒါတွေက အရသာရှိပေမဲ့ ကျွန်တော် ဗိုက်မဝဘူး...”

“ဒါဆိုရင် ရှင်စားဖို့ အသင့်စား ခေါက်ဆွဲတစ်ပွဲလောက် လုပ်ပေးရမလား”

“ကောင်းပြီလေ”

မွှေးပျံ့ကာ အငွေ့တထောင်းထောင်းဖြင့် အမဲသားခေါက်ဆွဲစပ်စပ်မှာ အရသာ အပြည့်အဝ ရှိပြီး တစ်ပွဲလုံး စားလိုက်သည့်အခါမှသာ သူ ကျေနပ်သွားတော့၏။

ရှန့်ကွမ်းကို ပြန်ပို့ပြီးနောက် မော့ချွမ်းက ကျန်နေသော ဆယ်လ်မွန်ကို ကြည့်ကာ မေးလိုက်သည်။

“ဒီကင်းဆယ်လ်မွန်က တကယ်ပဲ အဲဒီလောက် အရသာရှိတာလား”

ဟွာကျွင်း ဆာရှိမိပဲငံပြာရည် အနည်းငယ် ထပ်လောင်းပြီး ဝါစာဘီ အနည်းငယ် ညှစ်ထည့်ကာ ပြော၏။

“မြည်းကြည့်လေ”

အနီးနားတွင် ပုန်းကြည့်နေသော မော့ချွမ်းသည် ဟွာကျွင်း ရှင်းပြပုံကို ကြားဖူးပြီးသား ဖြစ်၏။ သူသည် စိတ်လှုပ်ရှားစွာ ဆယ်လ်မွန်တစ်ပြားကို တူဖြင့်ယူကာ ပဲငံပြာရည်ထဲ တို့လိုက်သော်လည်း ဝါစာဘီကို အများကြီး တို့မိသွားသဖြင့် အစပ်အရသာမှာ ခေါင်းထဲအထိ တန်းတက်သွားတော့သည်။

ငါးစက္ကန့်အတွင်းမှာပင် သူ့မျက်နှာအမူအရာ မျိုးစုံ ပြောင်းလဲသွား၏။ သူသည် ပါးစပ်ကို အကျယ်ကြီး ဖွင့်လိုက်ပြီး အော်ဟစ်တော့၏။

“စပ်တယ်၊ စပ်တယ်၊ စပ်တယ်”

တစ်ခေါင်းလုံးမှာ ပူလောင်ယားယံသော ခံစားချက်ဖြင့် ပြည့်နှက်သွားသည်။ သူ ခေါင်းကို လက်နှစ်ဖက်ဖြင့် အကြိမ်ကြိမ် ထုနေမိတော့၏။

မိနစ်အနည်းငယ် ကြာမှသာ ထိုခံစားချက် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

“ဒီပစ္စည်းက ကြောက်ဖို့ကောင်းတယ်။ စပ်လွန်းလို့ သေတော့မလို့”

ဟွာကျွင်းက ရယ်မောလျက် ပြောသည်။

“ဒါက ဝါစာဘီလေ၊ တစ်ခါတည်း အများကြီး စားလို့မရဘူး။ ဒါပေမဲ့ ငရုတ်သီးနဲ့တော့ နည်းနည်း ကွဲပြားတယ်။ ငရုတ်သီးစပ်တာက ပါးစပ်ထဲမှာ ကျန်နေပေမဲ့ ဝါစာဘီစပ်တာကတော့ ချက်ချင်း ပျောက်သွားတာ”

မော့ချွမ်း ကျန်ရှိနေသော အရသာကို ပြန်မြည်းကြည့်ကာ ပြော၏။

“တကယ် အံ့သြစရာပဲ။ စပ်တဲ့ ခံစားချက် လုံးဝ မကျန်တော့ဘူး”

မုန့်ဆိုင်က ဧည့်သည်များ အားလုံး ပြန်သွားမှသာ လုမင်လီသည် ကျားပေါက်လေးကို ခေါ်ဆောင်လာသည်။

စစ်သည်လေး နှစ်ယောက်မှာ သံလှောင်အိမ် သေးသေးလေး တစ်ခုကို သယ်လာကြရာ အတွင်း၌ အမွှေးပွပွ၊ အဝါနှင့် အမည်းစင်းပါသော ကျားပေါက်လေးတစ်ကောင် ရှိနေ၏။ ၎င်းမှာ လအနည်းငယ်သာရှိသေးသည့် ရွှေရောင်ခွေးပေါက်လေး တစ်ကောင်ခန့်သာ ရှိသည်။ ခေါင်းကြီးပြီး ကိုယ်ထည် သေးသေးလေးနှင့်မို့ အလွန်ပင် ချစ်စရာကောင်းလှ၏။

ထိုကျားပေါက်လေး ဗိုက်ဆာနေသောကြောင့် ဖြစ်မည်။ လှောင်အိမ်ထဲတွင် အားအင်ကုန်ခမ်းကာ ငြိမ်နေသည်။ ဆိုင်ထဲ ရောက်ရောက်ချင်း မီးအလင်းရောင်များကြောင့် လန့်သွားပြီး ဝှစ်ခနဲ ထခုန်ကာ အူး အူးဟု ဆက်တိုက် အော်နေတော့၏။ ကျယ်ကျယ်လောင်လောင် အော်နေသော်လည်း ၎င်းမှာ ဘာအန္တရာယ်မှ မပေးနိုင်သော သတ္တဝါလေးသာ ဖြစ်၏။

“ချစ်စရာလေး”

ဟွာကျွင်း သဘောကျစွာ ပြောလိုက်သည်။

သူမက မော့ချွမ်းကို ဆိုင်တံခါး ပိတ်ခိုင်းလိုက်ပြီး လှောင်အိမ်ကို ဖွင့်လိုက်၏။ ကျားပေါက်လေးသည် ဘယ်ညာကြည့်ကာ လှောင်အိမ်ထဲမှ တစ်လှမ်းချင်းစီ ထွက်လာသည်။ ဟွာကျွင်း သိုးသားအစိမ်းတစ်တုံးကို ယူကာ သူ့ရှေ့သို့ ပစ်ပေးလိုက်၏။ သူသည် အသားနံ့ကို ရသွားကာ နှာခေါင်းဖြင့် စမ်းတို့ကြည့်ပြီး ခဏစဉ်းစားကာ အားရပါးရ စားတော့၏။

အမှန်တကယ့်ကို ငတ်နေပုံရ၏။ ကျားပေါက်လေးမှာ ဝပ်နေလျက် သိုးသားကို အသည်းအသန် စားနေသည်။ အမွှေးပွပွ ကျားပေါက်လေး၏ ခေါင်းမှာ လှုပ်စိလှုပ်စိ ဖြစ်နေသဖြင့် ဟွာကျွင်း ပွတ်သပ်ချင်စိတ် ဖြစ်ပေါ်နေ၏။

သူမ မအောင့်နိုင်တော့ပေ။ ဟွာကျွင်းသည် ဖြည်းဖြည်းချင်း ချဉ်းကပ်သွားကာ သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်၏။ ထိုကျားပေါက်လေး ထံမှ တုံ့ပြန်မှု မရှိသည်ကို မြင်ရသည့်အခါ သူမ လက်လှမ်းကာ ကျားပေါက်လေး၏ ဦးခေါင်းနောက်ဘက်ကို ပွတ်သပ်ပေးလိုက်သည်။

“ဟေး”

လုမင်လီ မတားနိုင်ခင်မှာပင် ဟွာကျွင်းသည် ကျေကျေနပ်နပ် လက်ကို ပြန်ရုတ်လိုက်ပြီ ဖြစ်၏။ ဟွာကျွင်းက လုမင်လီကို ပျော်ရွှင်စွာ မော့ကြည့်လျက် ပြောသည်။

“ကျွန်မ ကျားလေးကို ထိလိုက်ရပြီ”

ကျားပေါက်လေး၏ အမွှေးမှာ သူမ ထင်သလောက် မနုပေ။ ကြောင်နှင့်ယှဉ်လျှင် အနည်းငယ် ကြမ်းတမ်းသည်။

လုမင်လီ သတိပေးလိုက်သည်။

“ဒါက အကောင်ပေါက်လေး ဆိုပေမဲ့ သူ့လက်သည်းတွေက အရမ်းထက်တယ်။ သတိထားဦး”

ထို့နောက် သူ ဂရုတစိုက်ရှိသည့် လေသံဖြင့် ပြောလိုက်သည်။

“တကယ်လို့ မင်း သဘောကျရင် မွေးထားလို့ ရပါတယ်။ ကိုယ် မင်းအတွက် ကျားထိန်းဆရာ တစ်ယောက် ရှာပေးမယ်”

ဟွာကျွင်းက ခေါင်းခါလျက် ပြော၏။

“ကျွန်မ သဘောကျပါတယ်၊ ဒါပေမဲ့ သူက သဘာဝတရားနဲ့ပဲ ဆိုင်တာပါ။ လူတွေနဲ့ နေရရင် သူ ပျော်မှာ မဟုတ်ဘူး။ သူ့ကို တောထဲပဲ ပြန်လွှတ်ပေးသင့်တယ်”

လူမရှိလျှင် တောထဲမှာ အသက်မရှင်နိုင်သည့် ကြောင်လေးများနှင့် မတူဘဲ ဤသည်မှာ သားရဲများ၏ ဘုရင် ဖြစ်သည်။ သူ့တွင် သူ့ကမ္ဘာနှင့်သူ ရှိသည်။

ဤမျှ သေးငယ်သော ကျားမှာ အိပ်ချိန်များသော အသက်အရွယ် ဖြစ်၏။ သိုးသားအတုံးကြီး စားပြီးနောက် နွေးထွေးသော ဆိုင်ထဲတွင် ရှိနေသဖြင့် မျက်လုံးပင် မဖွင့်နိုင်တော့ဘဲ ငိုက်မြည်းနေသည်။ ဟွာကျွင်း ကျားပေါက်လေးကို အသာအယာ မလိုက်ရာ သူကလည်း မရုန်းပေ။ ဟွာကျွင်းသည် ထိုအခွင့်အရေးကို သုံးကာ သူ့ခြေဖဝါးလေးများကို ထပ်မံ ညှစ်ကြည့်ပြီးမှ လှောင်အိမ်ထဲ ပြန်ထည့်လိုက်သည်။

လုမင်လီက ပြော၏။

“မနက်ဖြန် ကိုယ် သူ့ကို သူ့အမေဆီ ပြန်ပို့ပေးပါ့မယ်။ ဒီနောက်ပိုင်းမှာတော့ ကျားတွေ တောင်အောက်ဆင်းလာတဲ့ ကိစ္စမျိုး ထပ်ဖြစ်မှာ မဟုတ်တော့ဘူးလို့ ကိုယ် ထင်တယ်”

“ကျေးဇူးတင်ပါတယ်”

ဤခေတ်က လူများတွင် တိရစ္ဆာန် ကာကွယ်ရေးဆိုသည့် အသိအမြင် မရှိကြပေ။ တောရိုင်းတိရစ္ဆာန်များကို ရန်သူကဲ့သို့သာ သဘောထားကြ၏။ လုမင်လီ သူမအတွက် ဤမျှအထိ လုပ်ဆောင်ပေးခြင်းမှာ သူမ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသည်။

“ဒါနဲ့ ရှင် ညစာ စားပြီးပြီလား။ တစ်ခုခု စားချင်လား။ ကျွန်မဆီမှာ အသစ်အဆန်းတွေ ရှိတယ်နော်”

မော့ချွမ်း ရုတ်တရက် မော့ကြည့်ကာ ပြောလိုက်၏။

“စစ်သူကြီးလု ဆယ်လ်မွန်ကို မြည်းကြည့်ပါဦး။ တကယ်ကို အရသာရှိတာ”

All Chapters