← Chapters

အခန်း (၇၄၉-၇၅၁)

Vol. 51 Ch. 749-751

အခန်း (၇၄၉-၇၅၁)

Vol. 51 Ch. 749-751

အခန်း ၇၄၉ - နတ်မျှော်စင်ကို ခိုးယူသူ

ထျန်းယွမ်လောက၊ မှောင်မိုက် နတ်ဘုရားနန်းတော် ။

၎င်းသည် အလင်းရောင် တစ်ခါမျှ မရရှိဖူးသော နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီးတစ်ခု၏ အောက်ခြေတွင် တည်ရှိသည့် အနက်ရောင် နန်းတော်ကြီးတစ်ခု ဖြစ်သည်။ သာမန်လူများအတွက်မူ ဤနေရာသည် လက်ညှိုးကို မျက်စိရှေ့ ထားလျှင်ပင် မမြင်ရလောက်အောင် မှောင်မိုက်လှသော်လည်း သိုင်းပညာရှင်များအတွက်မူ အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။

ယခုအချိန်တွင် နန်းတော်၏ ဗဟိုခန်းမဆောင်ကြီးအတွင်း၌ ခြောက်ထောင့်ပုံစံ ယဇ်ပလ္လင်တစ်ခု ရှိနေသည်။ ထိုပလ္လင်ပေါ်တွင် ခြောက်ထပ်ရှိသော နတ်မျှော်စင်ငယ်လေးတစ်ခုကို တင်ထားသည်။ ၎င်းမှာ ယီယွင်၏ နတ်ဘုရားကြွမြန်းရာ နတ်မျှော်စင် ပင် ဖြစ်သည်။

နတ်မျှော်စင်၏ ပတ်ပတ်လည်တွင် နီမှောင်သော အင်းကွက်များက ခန်းမအတွင်း၌ ရံဖန်ရံခါ ပေါ်လာတတ်သည်။ ထိုအင်းကွက်များမှတစ်ဆင့် ယွမ်ချီလှိုင်းများသည် နတ်မျှော်စင်ငယ်အတွင်းသို့ စီးဝင်နေပြီး နီမှောင်သော အလင်းတန်းများမှာ သွေးကြောထဲမှ သွေးများကဲ့သို့ တုန်ခါနေကြသည်။

ဤသည်မှာ ယီယွင်၏ ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးရန် စီစဉ်ထားသော သွေးယဇ်ပူဇော်ခြင်း အစီအရင် ပင် ဖြစ်သည်။ အလွန်ပြင်းထန်သော သွေးယွမ်ချီနှင့် သတ်ဖြတ်လိုသော အရှိန်အဝါကို အသုံးပြုခြင်းမှာ ပိုင်ရှင်မဲ့နေသော ရတနာတစ်ခု၏ အမှတ်အသားကို ဖျက်ဆီးရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်။

အနက်ရောင်ဝတ်ရုံခြုံထားသော သခင် ဒါဇင်ပေါင်းများစွာသည် အစီအရင်ကို ဝန်းရံလျက် ရှေးဟောင်းကျိန်စာများကို ရွတ်ဆိုနေကြသည်။ သူတို့၏ အသံများမှာ မိစ္ဆာယွမ်ချီများအဖြစ် ပြောင်းလဲကာ နတ်မျှော်စင်အတွင်းသို့ တိုးဝင်နေသည်။

နတ်မျှော်စင်မှာမူ ယီယွင်၏ ထိန်းချုပ်မှုနှင့် အပြင်လောကမှ ယွမ်ချီအထောက်အပံ့ မရှိတော့သဖြင့် အရောင်အဝါ ကင်းမဲ့စွာဖြင့် ထိုဖျက်ဆီးမှုများကို ငြိမ်သက်စွာ ခံယူနေရတော့သည်။ အကယ်၍ ယီယွင်သာ ရှိနေပါက နတ်မျှော်စင်၏ တုန်ခါမှု တစ်ချက်တည်းဖြင့်ပင် ဤလူများကို အသားစိုင်များအဖြစ် ချေမှုန်းပစ်နိုင်မည် ဖြစ်သည်။

သို့သော် နတ်မျှော်စင်ကို ဖျက်ဆီးရန်မှာ သူတို့ထင်သလောက် မလွယ်ကူပေ။ နတ်မျှော်စင်အတွင်းရှိ အစီအရင်များမှာ အလွန်ပင် နက်နဲလှသဖြင့် သူတို့ လုပ်နိုင်သည်မှာ နတ်မျှော်စင်၏ ကျန်ရှိသော ယွမ်ချီများကို တဖြည်းဖြည်း ကုန်ခမ်းသွားအောင် လုပ်ဆောင်ရန်သာ ရှိသည်။

"အနှစ်နှစ်ဆယ်အတွင်းမှာ ဒီအသက်မဲ့တဲ့ အရာဝတ္ထုကို ငါ မကိုင်တွယ်နိုင်ဘူးလို့ မယုံကြည်ဘူး"

နန်းတော်အတွင်းမှ အနက်ရောင်အခိုးအငွေ့များ ဝန်းရံထားသော မီးခိုးရောင်ဝတ်ရုံဝတ် လူတစ်ယောက် ထွက်လာသည်။ သူ၏ အသားမှာ ဖြူလျော့နေပြီး မျက်ခုံးနှစ်ခုကြားတွင် ထူးဆန်းသော ကျိန်စာတံဆိပ်တစ်ခု ရှိနေသည်။ သူ၏ ပုံစံမှာ အလွန်ပင် ရက်စက်ယုတ်မာမည့် ပုံပေါ်သည်။

"ဒီနတ်မျှော်စင်ရဲ့ ယွမ်ချီတွေ လုံးဝကုန်သွားတဲ့အထိ တစ်ရက် ၂၄ နာရီ မနားတမ်း ဖျက်ဆီးကြစမ်း။ မင်းတို့ အောင်မြင်ရင် ငါ အကြီးအကျယ် ဆုချမယ်။ အကယ်၍ မအောင်မြင်ခဲ့ရင်တော့ မင်းတို့အားလုံး အသက်ရှင်ဖို့ မထိုက်တန်ဘူး" ဟု ထိုလူက အေးစက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။

သူသည် ထျန်းယွမ်လောက၏ နက်နဲသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် မှောင်မိုက် နတ်ဘုရားနန်းတော်၏ အရှင်သခင် နေဝင်ချိန်အရှင်သခင်ပင်ဖြစ်သည်။

လွန်ခဲ့သော တစ်နှစ်က သူသည် ယီယွင်ကို ဝိညာဉ်စာချုပ် လက်မှတ်ထိုးရန် အတင်းအကျပ် ဖိအားပေးခဲ့ဖူးပြီး ယီယွင်နှင့် ရန်သူများ ဖြစ်ခဲ့ကြသည်။ မိစ္ဆာနတ်ဘုရား ပေါ်လာချိန်တွင် သူသည် လုံးဝ ပျောက်ကွယ်နေခဲ့ပြီး ယခုမှသာ ယီယွင်၏ ရတနာကို ခိုးယူရန် ပြန်လည် ပေါ်လာခြင်းဖြစ်သည်။

ယခင်က သူသည် အိုမင်းမစွမ်းသော အဖိုးကြီးတစ်ဦးနှင့် တူသော်လည်း ယခုမူ အသားဖြူဖြူနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအဖြစ် ရုပ်ပြောင်းနေသည်။

ထိုစဉ် အနီရောင်ဝတ်စုံဝတ် မိန်းကလေးတစ်ဦး ဝင်လာပြီး ဦးညွှတ်လိုက်သည်။ "နတ်မျှော်စင်ကို ရရှိခဲ့တဲ့အတွက် အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ ဒါပေမဲ့... နောက်အနှစ်နှစ်ဆယ်မှာ မိစ္ဆာနတ်ဘုရား ပြန်ပေါ်လာရင် အရှင် ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားပါသလဲ"

"မိစ္ဆာနတ်ဘုရား ဟုတ်လား" နေဝင်ချိန် အရှင်သခင်က လှောင်ပြုံး ပြုံးလိုက်သည်။

"သူက နှစ်ပေါင်း သောင်းချီ သက်တမ်းရှိတဲ့ ရှေးဟောင်း နတ်ဘုရားတစ်ပါးပဲ။ အခု သူ့ခွန်အားက ၁၀ ရာခိုင်နှုန်း တောင် မရှိဘူးဆိုဦးတော့ ငါတို့ ရင်ဆိုင်နိုင်တဲ့ အရာမဟုတ်ဘူး။ ဟိုအရူးတစ်စုက သူ့ကို သတ်နိုင်မယ်လို့ ထင်နေတာ တကယ်ကို ရယ်စရာပဲ"

"ကံကောင်းတာက ယီယွင်က အရူးဖြစ်သွားလို့ ငါ့အတွက် ဒီအခွင့်အရေး ရလာတာ။ အခု သူက ဟင်းလင်းပြင်ဝင်္ကပါထဲမှာ ပိတ်မိနေပြီး ဘယ်တော့မှ ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး။ ငါ နတ်မျှော်စင်ကို ဖျက်ဆီးနေတာ သူသိရင်တောင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ငါက မိစ္ဆာနတ်ဘုရားနဲ့ တိုက်ဖို့ အစီအစဉ် မရှိဘူး။

ဒီထျန်းယွမ်လောကက အစွန့်ပစ်ခံ ကမ္ဘာတစ်ခု ဖြစ်နေပေမဲ့ တကယ်တော့ ကောင်းကင်ဘုံ ၁၂ ဘုံ နဲ့ ဆက်သွယ်ထားတဲ့ ဟင်းလင်းပြင် အချက်အချာတွေ ရှိနေသေးတယ်။ ဒီနတ်မျှော်စင်ကို ရပြီဆိုရင် အဲဒီအချက်အချာတွေကို သုံးပြီး ငါ ကောင်းကင်ဘုံကို ထွက်ပြေးမယ်။ အဲဒီကျရင် ဒီကမ္ဘာကြီး ပျက်စီးသွားတာ ငါနဲ့ ဘာဆိုင်လို့လဲ ဟိုလူအအတွေနဲ့ ပျက်စီးခြင်းမျိုးနွယ်တွေ အားလုံး သေကြရုံပဲ ရှိတာပေါ့"

သူသည် သူ၏ လက်စွပ်အတွင်းမှ ကြီးမားသော ရွှေရောင်တံဆိပ်တုံးကြီးတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုတံဆိပ်တုံးမှာ အလွန်ပင် လေးလံပုံရပြီး အနက်ရောင် အလင်းတန်းများကို ထုတ်လွှတ်နေသည်။

"ဖိနှိပ်စမ်း"

သူက လက်ကို အောက်သို့ ဝေ့ယမ်းလိုက်ရာ တံဆိပ်တုံးကြီးသည် နတ်မျှော်စင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားတော့သည်။

"ဒေါင်"

သတ္တုချင်း ထိခိုက်သံကြီး တစ်ခု ထွက်ပေါ်လာပြီး ယဇ်ပလ္လင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားသည်။ သို့သော် နတ်မျှော်စင်မှာမူ အနည်းငယ်မျှ မလှုပ်ရှားဘဲ ရွှေရောင်တံဆိပ်တုံးကြီးသာ လွင့်စဉ်သွားတော့သည်။

နေဝင်ချိန် အရှင်သခင်က အသက်ပြင်းပြင်း ရှူလိုက်သည်။ နတ်မျှော်စင်က ပို၍ အစွမ်းထက်လေလေ သူ ပို၍ စိတ်လှုပ်ရှားလေလေပင်။

"တကယ်ကို ကောင်းတဲ့ ရတနာပဲ။ ဒါပေမဲ့ ဘယ်လောက်ပဲ ကောင်းကောင်း ပိုင်ရှင်မရှိရင်တော့ ဒါဟာ အသက်မဲ့တဲ့ အရာတစ်ခုပဲ။ မင်းရဲ့ အစီအရင်တွေ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"

အခန်း ၇၅၀ - ရုပ်တုကြီး အက်ကွဲပျက်စီးခြင်း

မိစ္ဆာနတ်ဘုရား တံဆိပ်ခတ်ခံထားရသည့် ကမ္ဘာငယ်အတွင်း၌ ယီယွင်သည် တည်ငြိမ်စွာ တရားမှတ်နေသည်။ သူနှင့်မလှမ်းမကမ်းတွင် ဥပဒေသသစ်ရွက်ကလေးမှာ ဟင်းလင်းပြင်အတားအဆီးအတွင်းသို့ ဝင်လိုက်ထွက်လိုက်ဖြင့် လွင့်မျောနေသည်။

လောကယွမ်ချီများကို ဖြတ်တောက်ထားနိုင်သော ဟင်းလင်းပြင်အတားအဆီးမှာ ဥပဒေသသစ်ရွက်အတွက်မူ အရာမထင်ပေ။ ဥပဒေသသစ်ရွက် အတားအဆီးကို ဖြတ်သန်းသွားတိုင်း ယီယွင်၏ စိတ်အာရုံသည်လည်း ၎င်းနောက်သို့ လိုက်ပါသွားပြီး ဟင်းလင်းပြင်ဥပဒေသများကို နားလည်သဘောပေါက်ရန် ကြိုးစားနေသည်။

ဥပဒေသသစ်ရွက်အတွင်းရှိ ဟင်းလင်းပြင်ဥပဒေသများသည် စကြဝဠာစတင်ဖြစ်ပေါ်စဉ်က ဖရိုဖရဲ အခြေအနေမှ ပေါက်ဖွားလာခြင်းဖြစ်ရာ ၎င်းတို့သည် ဥပဒေသများ၏ အနှစ်သာရပင် ဖြစ်သည်။ ထို့ကြောင့် ဥပဒေသသစ်ရွက် ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ယွမ်ချီစီးဆင်းမှု လမ်းကြောင်းများကို ယီယွင်၏ အမြင်အာရုံ၌ ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ယီယွင်တွင် ခရမ်းရောင်သလင်းကျောက်နှင့် ဥပဒေသသစ်ရွက် နှစ်မျိုးလုံး ရှိနေခြင်းမှာ ဥပဒေသများကို နားလည်ရန် အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်သည်။ ကံမကောင်းသည်မှာ ဤနည်းလမ်းကို လင်ရှင်းထုံအား မျှဝေပေး၍ မရခြင်းပင်။ သို့သော် လင်ရှင်းထုံသည်လည်း သူမ၏ အစွမ်းကုန် အာရုံစိုက်မှုဖြင့် မိမိဘာသာ နားလည်အောင် ကြိုးစားနေဆဲ ဖြစ်သည်။

ရုတ်တရက် ယီယွင် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ အမှောင်ထုထဲတွင် လျှပ်စီးတန်း နှစ်ခု လက်ခနဲ ဖြစ်သွားသကဲ့သို့ပင်။

"နတ်ဘုရားကြွမြန်းရာ နတ်မျှော်စင်"

ယီယွင်သည် တရားမှတ်နေစဉ်အတွင်း နတ်မျှော်စင်ထံမှ ပုံမှန်မဟုတ်သော ပြောင်းလဲမှုကို ခံစားလိုက်ရခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က နတ်မျှော်စင်ကို တိုက်ခိုက်ပြီး ဖျက်ဆီးရန် ကြိုးစားနေပုံရသည်။

ယီယွင်သည် နတ်မျှော်စင်ကို ပျက်စီးခြင်းမျိုးနွယ်စုထံတွင် ချန်ထားခဲ့ခြင်း ဖြစ်သည်။ ပျက်စီးခြင်းမျိုးနွယ်စုမှ မည်သူမျှ နတ်မျှော်စင်ကို ဖျက်ဆီးရန် ကြိုးစားမည် မဟုတ်ပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်က ပရိယာယ်သုံး၍ ခိုးယူသွားခြင်း ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။

ယခု ထိုလူသည် နတ်မျှော်စင်အတွင်းရှိ ယီယွင်၏ ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးရန် ကြိုးစားနေခြင်း ဖြစ်သည်။ ဟင်းလင်းပြင် အတားအဆီးကြောင့် သူ၏ နတ်မျှော်စင်နှင့် ဆက်သွယ်မှုမှာ အားနည်းနေသော်လည်း ပိုင်ရှင်ဖြစ်သည့်အတိုင်း ထိုဖျက်ဆီးမှုကို သူ ချက်ချင်း သိရှိလိုက်ခြင်းဖြစ်သည်။

မည်သူပင်ဖြစ်စေ ထိုနတ်မျှော်စင်ကို ပိုင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။ ၎င်းမှာ နီလာယန်သခင် ၏ ရတနာ ဖြစ်သည်။ သို့သော်... ယွမ်ချီများ အမြဲတမ်း တိုက်စားခံနေရပြီး လောကယွမ်ချီ အထောက်အပံ့ မရှိပါက နတ်မျှော်စင်၏ အစီအရင်များ အားနည်းလာပြီး ယီယွင်၏ အမှတ်အသားမှာ ဖျက်ဆီးခံရနိုင်ပေသည်။

၎င်းမှာ ယီယွင်၏ ဝိညာဉ်ကိုလည်း ထိခိုက်စေမည် ဖြစ်သည်။ ယီယွင်သည် အခြေအနေကို သိရှိသော်လည်း စိုးရိမ်မနေဘဲ မျက်လုံးကို ပြန်မှိတ်လိုက်သည်။ ဤနေရာတွင် ပိတ်မိနေစဉ် စိုးရိမ်နေ၍လည်း ဘာမှ မတတ်နိုင်ပေ။ သူ လုပ်ရမည့် အလုပ်မှာ ဥပဒေသကို အမြန်ဆုံး နားလည်အောင် လုပ်ပြီး မိစ္ဆာနတ်ဘုရားကို အပြတ်ရှင်းရန်သာ ဖြစ်သည်။

မှောင်မိုက် နတ်ဘုရားနန်းတော်အတွင်း၌...

"ဝုန်း ဝုန်း ဝုန်း"

ပေါက်ကွဲသံကြီးများ ဆက်တိုက် ထွက်ပေါ်နေသည်။ နေဝင်ချိန် အရှင်သခင်သည် သူ၏ ရွှေရောင်တံဆိပ်တုံးကို ပြန်သိမ်းလိုက်ပြီး ထိခိုက်မှုမရှိသော နတ်မျှော်စင်ကို ကြည့်လိုက်သည်။

သူသည် နေ့ရောညပါ နတ်မျှော်စင်ကို ရိုက်ခွဲနေပြီး သွေးယဇ်ပူဇော်ခြင်း အစီအရင်ကိုလည်း အသုံးပြုနေသော်လည်း နတ်မျှော်စင်၏ ယွမ်ချီကို ကုန်ခမ်းစေရန်မှာ အလွန်ပင် နှေးကွေးလှသည်။ ဤအတိုင်းဆိုလျှင် အနည်းဆုံး ခုနစ်နှစ်၊ ရှစ်နှစ်ခန့် ကြာပေလိမ့်မည်။

မိစ္ဆာနတ်ဘုရားနှင့် ယီယွင် တိုက်ခိုက်စဉ်ကပင် မိစ္ဆာနတ်ဘုရားသည် နတ်မျှော်စင်ကို ဖျက်ဆီးရန် အချိန်အကြာကြီး လိုအပ်မည် ဖြစ်သဖြင့် ဟင်းလင်းပြင်စွမ်းအားဖြင့်သာ ချည်နှောင်ထားခဲ့ခြင်း ဖြစ်သည်။ နေဝင်ချိန် အရှင်သခင်၏ ခွန်အားမှာ မိစ္ဆာနတ်ဘုရားထက် များစွာ နိမ့်ကျသဖြင့် နတ်မျှော်စင်ကို ဖျက်ဆီးရန် ပို၍ပင် ခဲယဉ်းနေခြင်း ဖြစ်သည်။

နေဝင်ချိန် အရှင်သခင်သည် စိတ်မရှည်တော့ပေ။ မိစ္ဆာနတ်ဘုရား ပြန်ပေါ်လာမည့် ခြိမ်းခြောက်မှု ရှိနေသဖြင့် သူ အမြန်ဆုံး လုပ်ဆောင်ရမည် ဖြစ်သည်။ သူ၏ တံဆိပ်တုံးကို ပိုမို အစွမ်းထက်အောင် လုပ်နိုင်မည့် နည်းလမ်းကို သူ စဉ်းစားမိသွားသည်။ ၎င်းမှာ သူ၏ ဒုတိယမြောက် အစီအစဉ်ပင် ဖြစ်သည်။

သူသည် နတ်မျှော်စင်ကို တစ်ချက်ကြည့်ပြီးနောက် ရက်စက်သော အပြုံးဖြင့် နန်းတော်အတွင်းမှ ပျောက်ကွယ်သွားတော့သည်။ သူ၏ ပန်းတိုင်မှာ ပျက်စီးခြင်းမျိုးနွယ်စု ပင် ဖြစ်သည်။

ထိုအချိန်တွင် ပျက်စီးခြင်းမျိုးနွယ်စု နယ်မြေ၌...

နတ်မျှော်စင် ခိုးယူခံလိုက်ရခြင်းအပေါ် ပျက်စီးခြင်းမျိုးနွယ်စုဝင်များမှာ အလွန်ပင် ဒေါသထွက်ပြီး ယီယွင်ကို အားနာနေကြရသည်။ ရန်သူမှာ ကောင်းကင်တက်လှမ်းခြင်း အဆင့် ပညာရှင် ဖြစ်သဖြင့် သူတို့ ဘာမှ မတတ်နိုင်ခဲ့ပေ။ သူတို့ လုပ်နိုင်သည်မှာ ယီယွင် ပျောက်ကွယ်သွားသော နေရာကိုသာ စောင့်ကြည့်နေရုံ ရှိတော့သည်။

ယနေ့တွင် တောရိုင်းတောင်တန်းများပေါ်၌ ရာသီဥတု သာယာနေသော်လည်း ပျက်စီးခြင်းမျိုးနွယ်စု တစ်ခုလုံးမှာမူ မှောင်မိုက် အရိပ်အယောင်များ လွှမ်းမိုးနေဆဲပင်။

ကျန်းရှောင်ယုသည် မြင့်မြတ်သောဝိညာဉ်၏ ရုပ်တုရှေ့တွင် ငြိမ်သက်စွာ ထိုင်နေသည်။ ယီယွင် ပျောက်ကွယ်သွားကတည်းက သူမသည် နေ့ရောညပါ ကျင့်စဉ်များကိုသာ ကြိုးစား အားထုတ်နေခဲ့သည်။ သိုင်းပညာလောကတွင် ခွန်အားသာလျှင် အရာအားလုံး ဖြစ်ကြောင်း သူမ နားလည်ခဲ့ပြီ ဖြစ်သည်။

သူမ၏ မိခင် ပြောပြချက်အရ သူမတွင် ဤကမ္ဘာ၌ အစွမ်းအထက်ဆုံး သွေးမျိုးဆက် ရှိနေသော်လည်း ယခုအချိန်တွင် ထိုခွန်အားများကို အပြည့်အဝ အသုံးမချနိုင်သေးပေ။ သူမသာ ခွန်အားရှိပါက မိစ္ဆာနတ်ဘုရား တိုက်ခိုက်ချိန်တွင် ယီယွင်ကို ကူညီနိုင်မည် မဟုတ်ပါလား။

ကျန်းရှောင်ယုသည် ရုပ်တုရှေ့တွင် တစ်လကျော်ကြာ တရားထိုင်နေစဉ် ရုတ်တရက် စိတ်ထဲ၌ ထင့်ခနဲ ဖြစ်သွားပြီး အလွန်ဆိုးရွားသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ သူမသည် သူမ၏ လှပသော မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်သည်။

"ကွဲ... ကွဲ... ကွဲ..."

အက်ကွဲသံကြီးများ သူမ၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။ သူမ၏ ရှေ့တွင်ရှိသော နှစ်ပေါင်း သန်းနှင့်ချီ တည်ရှိခဲ့သည့် မြင့်မြတ်သောဝိညာဉ် ရုပ်တုကြီးမှာ အက်ကွဲကြောင်းများ ပေါ်လာပြီး ပျက်စီးတော့မည့် အခြေအနေသို့ ရောက်နေသည်။

ကျန်းရှောင်ယုသည် ထိတ်လန့်သွားပြီး အသံလွှင့်အစီရင်ပြားကို အသုံးပြု၍ ပညာရှင်များအားလုံးကို ချက်ချင်း အသိပေးလိုက်သည်။ ထို့နောက် သူမ၏ အရိုးတောင်ဝှေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ခန်းမဆောင်အတွင်းမှ အပြင်သို့ ထွက်လာခဲ့တော့သည်။

အခန်း ၇၅၁ - မြင့်မြတ်သောဝိညာဉ်၏ ရုပ်အလောင်း

ကျန်းရှောင်ယုသည် တောရိုင်းနန်းတော်အတွင်းမှ ထွက်လာသောအခါ တောရိုင်းတောင်တန်းများ၊ အဆုံးမဲ့ ရွှံ့နွံများနှင့် ပြိုကျနေသော တောင်တန်းများအပေါ်၌ မှောင်မိုက် တိမ်တိုက်ကြီးများ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။

အနက်ရောင် ဝတ်ရုံဝတ် အမျိုးသားတစ်ဦးသည် ကောင်းကင်ယံ၌ ဝဲပျံနေပြီး သူ၏ နောက်တွင် နောက်လိုက်အချို့ ရှိနေသည်။ ထိုလူ ပေါ်လာပြီးနောက် တစ်လောကလုံး မှောင်မိုက်သွားကာ စေးကပ်သော အမှောင်ထု ယွမ်ချီများက ဟင်းလင်းပြင်အတွင်း ပျံ့နှံ့လာသည်။ ၎င်းမှာ အမှောင်ထု ဥပဒေသ ပင် ဖြစ်သည်။

"သူက ဘယ်သူလဲ"

ကျန်းရှောင်ယုသည် စိုးရိမ်ထိတ်လန့်စွာဖြင့် ရေရွတ်လိုက်သည်။ ထိုစဉ်မှာပင် ဘုရင်မဟောင်း၊ လမ်းပြလူငယ်နှင့် ပျက်စီးခြင်းပညာရှင်များ အမြန်ဆုံး ရောက်ရှိလာကြသည်။

ဘုရင်မဟောင်းသည် ထိုလူ၏ ကျင့်စဉ်အဆင့်မှာ ကောင်းကင်တက်လှမ်းခြင်းအဆင့်၏ အလယ်အလတ်ပိုင်း အထွက်အထိပ်သို့ ရောက်နေပြီး နောက်ဆုံးအဆင့်သို့ပင် နီးကပ်နေပြီဖြစ်ကြောင်း ခံစားမိလိုက်သည်။

ထျန်းယွမ်လောကနှင့် တောရိုင်းလွင်ပြင် တစ်ခုလုံးတွင် ဤအဆင့်သို့ ရောက်သူမှာ တစ်ဦးတည်းသာ ရှိသည်။ သူမှာ နေဝင်ချိန် အရှင်သခင် ပင် ဖြစ်သည်။ သူသည် ထျန်းယွမ်လောက၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ယခင်က သူသည် အိုမင်းသော ပုံစံရှိသော်လည်း ယခု လူလတ်ပိုင်းအရွယ်သို့ ပြောင်းလဲနေခြင်းမှာ သူ၏ အမှောင်ထုဥပဒေသကြောင့် ဖြစ်ရပေမည်။

"ရှင်က နေဝင်ချိန် အရှင်သခင်လား"

ဘုရင်မဟောင်း၏ မျက်နှာမှာ အေးစက်သွားသည်။ မိစ္ဆာနတ်ဘုရားနှင့် တိုက်ပွဲဖြစ်စဉ်က ပညာရှင်အားလုံး အသက်စွန့် တိုက်ခိုက်ခဲ့ကြသော်လည်း အစွမ်းအထက်ဆုံးဖြစ်သော ဤလူမှာမူ ပေါ်မလာခဲ့ပေ။ ယခု ဘေးဒုက္ခ ခေတ္တ ငြိမ်သက်သွားချိန်မှ ပေါ်လာခြင်းမှာ မကောင်းသော ရည်ရွယ်ချက် ရှိနေသည်မှာ သေချာလှသည်။

"နတ်မျှော်စင်ကို ခိုးသွားတာ ရှင်ပဲ မဟုတ်လား"

အကြီးအကဲ တစ်ယောက်ကို ချက်ချင်းသတ်ပြီး ပညာရှင်များစွာ၏ လိုက်လံမှုကို အလွယ်တကူ ရှောင်တိမ်းနိုင်သူမှာ ဤကမ္ဘာပေါ်တွင် သူမှလွဲ၍ အခြားမရှိနိုင်ပေ။

"ဟားဟား အရှင်မက ကျွန်တော့်ကို စွပ်စွဲနေတာပဲ။ မိစ္ဆာနတ်ဘုရား ပေါ်လာတုန်းက ကျွန်တော်က ကျင့်စဉ်တိုးတက်ဖို့ သီးသန့် ကျင့်ကြံနေတာပါ။ ကံမကောင်းစွာနဲ့ ကျွန်တော် ပြန်ထွက်လာချိန်မှာ တိုက်ပွဲက ပြီးသွားခဲ့ပြီ။ သူရဲကောင်း ယီယွင်ရဲ့ ရတနာကို ကျွန်တော်က ကာကွယ်ပေးချင်တာပါ၊ ဘာလို့ ခိုးရမှာလဲ" နေဝင်ချိန် အရှင်သခင်က မသိနားမလည်ဟန်ဖြင့် ပြောလိုက်သည်။

ယီယွင်သည် ယခုအချိန်တွင် တစ်လောကလုံး၏ သူရဲကောင်း ဖြစ်နေသဖြင့် နေဝင်ချိန် အရှင်သခင်အနေဖြင့် နတ်မျှော်စင်ကို ခိုးယူခဲ့သည်ဟု လူသိရှင်ကြား ဝန်ခံရဲခြင်း မရှိပေ။ သူက ဝန်မခံသရွေ့ မည်သူမျှ ဘာမှ လုပ်နိုင်မည် မဟုတ်ကြောင်း သူ သိသည်။

"ယုတ်မာလိုက်တဲ့သူ"

ဘုရင်မဟောင်းမှာ ဒေါသကြောင့် တုန်ရီနေတော့သည်။

"ရှင် ဒီနေ့ ငါတို့ရဲ့ နတ်ဘုရားအရိုး ယဇ်ပလ္လင် ကို လာတိုက်ခိုက်တာက ငါတို့ကို စစ်ကြေညာတာလား"

နေဝင်ချိန် အရှင်သခင်၏ အောက်တွင် ရှိနေသော ယဇ်ပလ္လင်မှာ ပျက်စီးခြင်းမျိုးနွယ်စု၏ အလွန် အဖိုးတန်သော ရတနာဖြစ်သည်။ ကျန်းရှောင်ယုသည် ဤပလ္လင်ပေါ်တွင် ဝတ်ပြုပြီးမှ သူမ၏ ရှေးဟောင်းသွေးမျိုးဆက်ကို နိုးထစေခဲ့ခြင်း ဖြစ်သည်။

"ဟားဟား အရှင်မကလည်း... ကျွန်တော်က ဘာလို့ ပျက်စီးခြင်းမျိုးနွယ်ကို စစ်ကြေညာရမှာလဲ။ မိစ္ဆာနတ်ဘုရားကို မသတ်နိုင်ခင်အထိ လူသားနဲ့ ပျက်စီးခြင်းမျိုးနွယ်ဟာ စည်းလုံးနေရမှာပေါ့။"

"ကျွန်တော် ဒီကို လာတာက ကျွန်တော့်လက်ထဲမှာ ရှေးဟောင်း ပျက်စီးခြင်းသားရဲအရိုးဆေးနည်း တစ်ခု ရှိနေလို့ပါ။ အဲဒီဆေးကို ဖော်စပ်ဖို့ဆိုရင် အလွန် ရှားပါးတဲ့ ပစ္စည်းတွေ လိုတယ်။

တောရိုင်းလွင်ပြင်တစ်ခုလုံးမှာ ရှာရင်တောင် မလွယ်ဘူး။ ဒါကြောင့် မြင့်မြတ်သောဝိညာဉ် ရဲ့ ရုပ်အလောင်း ကို လာတောင်းတာပါ။ ခင်ဗျားတို့က အဲဒီအလောင်းကို ယဇ်ပလ္လင်အောက်မှာ မြှုပ်ထားတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် အဲဒီအလောင်းကို သုံးပြီး ဆေးဖော်ချင်ရုံပါ။ အစီအရင်ကို ထိမိသွားတာကတော့ တောင်းပန်ပါတယ်"

နေဝင်ချိန် အရှင်သခင်၏ စကားကြောင့် ပျက်စီးခြင်းမျိုးနွယ်စုဝင်များ အားလုံး၏ ဒေါသမှာ ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားကြသည်။

မြင့်မြတ်သောဝိညာဉ်၏ ရုပ်အလောင်း ဤလူသည် သူတို့၏ နတ်ဘုရားသဖွယ် ကိုးကွယ်ရာ ဝိညာဉ်တော်၏ ရုပ်အလောင်းကို ဆေးဖော်ရန် အသုံးပြုချင်နေသည်တဲ့လား။

မြင့်မြတ်သောဝိညာဉ်သည် ပျက်စီးခြင်းမျိုးနွယ်ကို နှစ်ပေါင်း သန်းချီ ကာကွယ်ပေးခဲ့ပြီး နောက်ဆုံး တိုက်ပွဲတွင်လည်း သူတို့အတွက် အသက်ပေး တိုက်ခိုက်သွားခဲ့သူ ဖြစ်သည်။ ဤသည်မှာ လုံးဝ ခွင့်မလွှတ်နိုင်သော စော်ကားမှုပင် ဖြစ်သည်။

"ငါတို့အားလုံးဟာ သိုင်းပညာရှင်တွေပဲ။ နောက်အနှစ်နှစ်ဆယ်မှာ မိစ္ဆာနတ်ဘုရား ပြန်လာလိမ့်မယ်။ ယီယွင်နဲ့ လင်ရှင်းထုံတို့လည်း သေသွားပြီ။ ခင်ဗျားတို့လည်း ကျင့်စဉ်အဆင့်တွေ ကျနေပြီ။ အဲဒီတော့ သူ့ကို ဘယ်သူ ရင်ဆိုင်မှာလဲ"

"မြင့်မြတ်သောဝိညာဉ်က သူ့အသက်ကို စွန့်ပြီး မိစ္ဆာနတ်ဘုရားကို တိုက်ခိုက်သွားတာဟာ ဒီကမ္ဘာကို ကယ်တင်ဖို့ပဲ။ အကယ်၍ သူသာ သိမယ်ဆိုရင် သူ့ရဲ့ ရုပ်အလောင်းကနေ နောက်ဆုံး မျှော်လင့်ချက်ကို ပေးချင်မှာ သေချာတယ်။

အခု ဒီလောကမှာ အစွမ်းအထက်ဆုံးက ကျွန်တော်ပဲ။ ကျွန်တော်သာ ကျင့်စဉ်အဆင့် ထပ်တိုးနိုင်ရင် မိစ္ဆာနတ်ဘုရားကို သတ်ပြီး ခင်ဗျားတို့ကို ကယ်တင်နိုင်မယ့် အခွင့်အရေး အနည်းငယ် ရှိလိမ့်မယ်" ဟု နေဝင်ချိန် အရှင်သခင်က အရှက်မရှိ ပြောဆိုလိုက်တော့သည်။

All Chapters