အခန်း (၇၅၅-၇၅၇)
Vol. 51 Ch. 755-757
အခန်း ၇၅၅ - ဟင်းလင်းပြင် အတားအဆီးကို ချိုးဖျက်ခြင်း
ကောင်းကင်ဘုံ ၁၂ ဘုံတွင် ဟင်းလင်းပြင်ဥပဒေသများကို အလွန်အရေးကြီးသည်ဟု သတ်မှတ်သော်လည်း သင်ယူရန် အလွန်ခက်ခဲသည်ဟု ယူဆကြသည်။
ဟင်းလင်းပြင်ဥပဒေသကို ကျွမ်းကျင်ခြင်းဖြင့် ဟင်းလင်းပြင်ကို ဆုတ်ဖြဲခြင်း အပြင် နောက်ထပ်အဆင့်များမှာ... ကောင်းကင်ဘုံကို ပိုင်းခြားခြင်း၊ ဟင်းလင်းပြင်ဓားချက်၊ ဟင်းလင်းပြင် ကူးပြောင်းခြင်း ၊ နေရာရွှေ့ပြောင်းခြင်း ၊ သီးခြားဟင်းလင်းပြင်များ ဖန်တီးခြင်းစသည်တို့ဖြစ်သည်။
အခက်အခဲ မြင့်မားလေလေ ပို၍ အစွမ်းထက်လေလေ ဖြစ်သည်။ အခြားအရာများကို ခဏဖယ်ထားပါက၊ ဟင်းလင်းပြင် ကူးပြောင်းခြင်း ကို နားလည်ရုံဖြင့်ပင် ကောင်းကင်ဘုံ ၁၂ ဘုံတွင် အလွန်အရေးပါလှသည်။
အကြောင်းမှာ ကောင်းကင်ဘုံ ၁၂ ဘုံသည် အလွန်ကျယ်ပြောလှသောကြောင့်ဖြစ်သည်။ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးတစ်ဦးပင် ကောင်းကင်ဘုံနှစ်ခုကြား ခရီးသွားလိုလျှင် အချိန်အတော်များများ အကုန်အခံရမည်ဖြစ်သည်။
ကူးပြောင်းခြင်း တတ်မြောက်ထားပါက လိုရာခရီးသို့ အမြန်ဆုံး ရောက်ရှိနိုင်သည်။
သို့သော် ကောင်းကင်ဘုံ ၁၂ ဘုံရှိ ပညာရှင်အများစုမှာ ဟင်းလင်းပြင် ကူးပြောင်းခြင်းကို မလုပ်ဆောင်နိုင်ကြပေ။ ခရီးဝေးသွားလိုပါက နေရာရွှေ့ပြောင်း အစီအရင်များ ကို အသုံးပြုရခြင်း သို့မဟုတ် ဟင်းလင်းပြင် ကူးပြောင်းနိုင်စွမ်းရှိသော ဝိညာဉ်လှေများကို စီးနင်းရခြင်းများ ပြုလုပ်ရသည်။
သီးခြားဟင်းလင်းပြင်များ ဖန်တီးခြင်းနှင့် ပတ်သက်၍မူ နတ်ဘုရားကြွမြန်းရာ နတ်မျှော်စင် သို့မဟုတ် သန့်စင် ယန်ဓားနန်းတော် တို့၏ ကမ္ဘာများသည် သီးခြားဟင်းလင်းပြင်များ ဖြစ်ကြသည်။
၎င်းသည် အဆင့်မြင့် မှော်ရတနာများ ပြုလုပ်ရာတွင် မရှိမဖြစ်လိုအပ်သော စွမ်းရည်ဖြစ်သော်လည်း ထိုသို့ လုပ်ဆောင်နိုင်သူမှာ ပို၍ပင် ရှားပါးလှသည်။ ထို့ကြောင့် အစွမ်းထက် ပုဂ္ဂိုလ်ကြီးအချို့သည် သူတို့၏ ရွေ့လျားမှော်ရတနာများကို ဖန်တီးလိုလျှင် ဟင်းလင်းပြင်ဥပဒေသ သိသူများကို အဖိုးအခကြီးစွာပေး၍ မှော်ရတနာအတွင်း သီးခြားဟင်းလင်းပြင် ဖွင့်ခိုင်းရလေ့ရှိသည်။
ပစ္စည်းများအတွင်း သီးခြားဟင်းလင်းပြင် ဖွင့်ပေးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်ကြီးများသည် ကောင်းကင်ဘုံ ၁၂ ဘုံ၌ပင် အလွန်တင့်တယ် စိုပြေသော ဘဝဖြင့် နေထိုင်ကြရသည်။
ယခုအခါ ယီယွင်သည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲခြင်း ကိုသာ နားလည်သေးသော်လည်း သူ၏ ရှေ့မှ ထူထဲသော ဟင်းလင်းပြင် အတားအဆီးကို ဆုတ်ဖြဲရန်မှာ အလွန်ခက်ခဲနေဆဲဖြစ်သည်။
ယီယွင်သည် သူ၏ သန့်စင် ယန်ဓားကျိုးကို သူ၏ သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်သည်။ သူသည် ဟင်းလင်းပြင်ဥပဒေသများကို ဓားကျိုးအတွင်းသို့ ထည့်သွင်းကာ ဟင်းလင်းပြင် အလွှာကို ပိုင်းဖြတ်လိုက်သည်။
"ရွှမ်း........."
ဓားသွားက ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်ရာ အတားအဆီးမှာ အက်ကွဲသွားသည်။ သို့သော် အက်ကြောင်း ဖြစ်ပေါ်ပြီးနောက် ၎င်းမှာ သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ပြန်လည် ပိတ်သွားသည်။ ဟင်းလင်းပြင် အတားအဆီးများတွင် ကိုယ့်ဘာကိုယ် ပြန်လည်ပြုပြင်နိုင်သော စွမ်းရည်ရှိသည်။
ယီယွင်သည် အတားအဆီး အပြည့်အဝ ပြန်မပိတ်မီ ၎င်းကို ဆုတ်ဖြဲပစ်ရမည် ဖြစ်သော်လည်း ၎င်းမှာ ပြောသလောက် မလွယ်ကူပေ။
ဓားချက် ဆယ်ချက်ကျော်ခန့် ပိုင်းဖြတ်ပြီးနောက် ယီယွင်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ယွမ်ချီများ ကုန်ခမ်းလာသည်ကို ခံစားရပြီး မူးဝေလာသည်။
"အို"
ယီယွင် မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းမှာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မသန့်စင် ယွမ်ချီများကြောင့် ဖြစ်ကြောင်း သူ သိလိုက်သည်။
ဤကမ္ဘာငယ်လေးထဲတွင် ကောင်းကင်မြေကြီး၏ ယွမ်ချီ ကို ဖြတ်တောက်ထားခြင်း ခံရသည်။
ထို့ကြောင့် ယခုအချိန်အထိ ယီယွင်နှင့် လင်ရှင်းထုံတို့သည် ခန္ဓာကိုယ် ယွမ်ချီလိုအပ်ချက်၊ ဒဏ်ရာကုသခြင်း သို့မဟုတ် ဥပဒေသများကို လေ့လာခြင်းများအတွက် ပျက်စီးခြင်းအရိုးဆေး များမှ ပေးသော ယွမ်ချီများကိုသာ အားကိုးနေရသည်။
ပျက်စီးခြင်းသားရဲအရိုးဆေးများကို များများစားလေလေ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ယွမ်ချီများ ပို၍ မစင်ကြယ်လေလေ ဖြစ်သည်။ ၎င်းမှာ ရှောင်လွှဲ၍ မရနိုင်ပေ။
ယီယွင်သည် အသက်ပြင်းပြင်းရှူကာ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထားလိုက်သည်။ သူ ယွမ်ဖွင့်ခြင်းအဆင့်သို့ ရောက်ကတည်းက ကြုံတွေ့ခဲ့ရသော တိုက်ပွဲများ၊ ရရှိခဲ့သော အသိအမြင်များနှင့် ဤကမ္ဘာငယ်လေးထဲမှ ပြင်းထန်သော ကျင့်ကြံမှုများကြောင့် ယီယွင်၏ အခြေခံမှာ အလွန် ခိုင်မာနေပြီဖြစ်သည်။
သူ၏ ကျင့်စဉ်အဆင့်ကို များစွာ တိုးတက်အောင် လုပ်ဆောင်နိုင်ပြီဖြစ်သည်။
ဟင်းလင်းပြင် အတားအဆီးကိုသာ ချိုးဖျက်နိုင်ပါက သူသည် ကောင်းကင်မြေကြီး၏ ယွမ်ချီများကို စုပ်ယူပြီး ချက်ချင်းပင် အဆင့်တက်နိုင်မည်ဖြစ်သည်။
သို့သော် ယခုမူ ဟင်းလင်းပြင် အတားအဆီးမှာ ဆုတ်ဖြဲခြင်း မခံရသေးပေ။
ယီယွင်သည် အလောမကြီးပေ။ သူသည် အတားအဆီးရှေ့တွင် ငြိမ်သက်စွာ တရားမှတ်လိုက်ပြီး ဥပဒေသသစ်ရွက် မှာ သူ၏ ရှေ့တွင် ဝဲပျံနေသည်။ သစ်ရွက်ကြောများမှ ရွှေရောင် အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ထွက်ပေါ်နေသည်။
"ဖွင့်စမ်း"
ယီယွင် ဟိန်းဟောက်ကာ သန့်စင် ယန်ဓားကျိုးဖြင့် ပိုင်းဖြတ်လိုက်သည်။
"ချွမ်........ရွှီး......."
ဟင်းလင်းပြင်စွမ်းအားများကို ဓားကျိုးဖြင့် ဖြတ်တောက်ပစ်လိုက်ရာ ပေ ၁၀၀ ခန့် ရှည်သော ဟင်းလင်းပြင် အက်ကြောင်းကြီးတစ်ခု ယီယွင်၏ ရှေ့တွင် ပေါ်လာသည်။
"ပွင့်တော့မယ်"
လင်ရှင်းထုံ၏ မျက်လုံးများ တောက်ပသွားသည်။ ဤကဲ့သို့သော အက်ကြောင်းအချို့ ထပ်မံ ဖန်တီးလိုက်ရုံဖြင့် အတားအဆီးမှာ ပြိုကွဲသွားပေလိမ့်မည်။ သို့သော် ထိုအချိန်တွင်...
သေးငယ်သော်လည်း ကြားနိုင်ရုံမျှရှိသော အက်ကွဲသံတစ်ခုနှင့်အတူ မသိသာသော အနက်ရောင် အဆောင်တံဆိပ်တစ်ခုမှာ အက်ကြောင်းနှင့်အတူ ကွဲကြေသွားပြီး အနက်ရောင် အငွေ့များအဖြစ် ပြောင်းလဲသွားသည်။
ဤအနက်ရောင် အဆောင်တံဆိပ်သည် ရှုပ်ထွေးသော ဟင်းလင်းပြင်စွမ်းအားများထဲတွင် မြှုပ်နှံထားခြင်းဖြစ်ရာ ရှာဖွေတွေ့ရှိရန် ခက်ခဲသည်။ ယီယွင်သည် ဟင်းလင်းပြင်ဥပဒေသများကို သိထားသော်လည်း ဤအဆောင်တံဆိပ်မှာ တစ်ခုခု မှားယွင်းနေကြောင်း သူ ပြောနိုင်သည်။
ယီယွင် ခေတ္တမျှ တုန်လှုပ်သွားပြီး သူ၏ ဓားကျိုးကို ဖြည်းညှင်းစွာ နှိမ့်လိုက်သည်။
"ဘာဖြစ်လို့လဲ"
လင်ရှင်းထုံက မေးသည်။
"ငါ... မိစ္ဆာနတ်ဘုရားရဲ့ ထောင်ချောက်ကို ထိမိသွားပုံရတယ်၊ ဒါမှမဟုတ် အချက်ပေးစနစ် တစ်ခုခုလည်း ဖြစ်နိုင်တယ်"
"အို"
လင်ရှင်းထုံ အံ့သြသွားသည်။
"မိစ္ဆာနတ်ဘုရားက အိပ်ပျော်နေတာ မဟုတ်လား။ အချက်ပေးစနစ်နဲ့ သူ နိုးလာနိုင်သေးလို့လား"
ယီယွင် ခေါင်းခါလိုက်သည်။ "သူ အလိုရှိတိုင်း နိုးလာဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီလိုဆိုရင် မိစ္ဆာနတ်ဘုရားရဲ့ အိပ်စက်ခြင်းက ကလေးကစားစရာလို ဖြစ်နေမှာပေါ့။ သူ အိပ်မောကျနေချိန်မှာ အလွယ်တကူ နိုးလာဖို့ မဖြစ်နိုင်တာ သေချာတယ်။ အဲဒီလို ဖြစ်ခဲ့ရင် သူ့ရဲ့ ဝိညာဉ်ပင်လယ်က ချက်ချင်း ပြိုကွဲသွားလိမ့်မယ်။ နောက်ပြီး သူ့ရဲ့ ဝိညာဉ်ပင်လယ်ထဲမှာ ငါ ချန်ထားခဲ့တဲ့ မကောင်းဆိုးဝါးစွမ်းအင်တွေ ရှိနေသေးတယ်"
ယီယွင်၏ အကြည့်များမှာ အေးစက်နေပြီး သူ၏ ယွမ်ချီအားလုံးကို အတင်းအကျပ် စုစည်းကာ ဓားကျိုးဖြင့် ထပ်မံ ပိုင်းဖြတ်လိုက်သည်။
ဤကမ္ဘာငယ်လေးထဲတွင် ကောင်းကင်မြေကြီး၏ ယွမ်ချီကို ဖြတ်တောက်ထားသောကြောင့် ယီယွင်၏ အားအင်များမှာ လျင်မြန်စွာ ကုန်ခမ်းနေသည်။ ဟင်းလင်းပြင်ကို ဆုတ်ဖြဲရန် လိုအပ်သော ယွမ်ချီ သူ၏ ထံတွင် မရှိတော့ပေ။
"ငါ ကူညီမယ်"
လင်ရှင်းထုံသည် ယီယွင်၏ လက်ကို ဆုပ်ကိုင်လိုက်ရာ သန့်စင် ယင်ယွမ်ချီ များသည် ယီယွင်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်။
သူတို့နှစ်ဦးသည် မဟာဧကရီနှလုံးသားကျမ်း ကို အတူတူ လေ့ကျင့်ထားသူများဖြစ်သည်။ ယွမ်ချီအနည်းငယ်သာ ကျန်တော့သော်လည်း ပျက်စီးခြင်းသားရဲအရိုးဆေးမှရသော မစင်ကြယ်သည့် ယွမ်ချီများအပြင် သူတို့၏ မူလအနှစ်သာရဖြစ်သော ကျောက်စိမ်းခြင်ဆီ ဝိညာဉ်စွမ်းအင် နှင့် ယန်ကိုးပါးဝိဥာဉ်စွမ်းအင် များမှာ ပျက်စီးခြင်း မရှိပေ။ ၎င်းမှာ မဟာဧကရီနှလုံးသားကျမ်း ၏ အခြေခံအုတ်မြစ် ဖြစ်သည်။
လင်ရှင်းထုံနှင့် ယီယွင်တို့ လက်ချင်းချိတ်လိုက်သောအခါ ယွမ်ချီနှစ်ခုမှာ ဖြည်းဖြည်းချင်း ပေါင်းစပ်သွားသည်။ ယီယွင်သည် ခြောက်သွေ့နေသော သူ၏ သွေးကြောများအတွင်းသို့ လန်းဆန်းသော ယွမ်ချီများ စီးဝင်လာပြီး အသက်ပြန်ဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။
နောက်ထပ် ဓားတစ်ချက်.......
ယီယွင် ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ ယွမ်ချီအားလုံးကို အကုန်အစင် ထုတ်သုံးလိုက်သည်။
ရွှမ်း...........
ဝုန်း........
ထူထဲသော ဟင်းလင်းပြင် အတားအဆီးမှာ ယီယွင်၏ ဓားချက်အောက်တွင် နှစ်ခြမ်းကွဲသွားတော့သည်။ ထို့နောက် အတားအဆီးအတွင်း ပိတ်မိနေသော ဟင်းလင်းပြင် စွမ်းအားများမှာ မုန်တိုင်းတစ်ခုကဲ့သို့ တိုးထွက်လာသည်။ မိစ္ဆာနတ်ဘုရား ထားခဲ့သော ဟင်းလင်းပြင် ဝင်္ကပါနှင့် အစီအရင်များပင်လျှင် လုံးဝ ပျက်စီးသွားခဲ့သည်။
ယီယွင်၏ ကြွက်သားများမှာလည်း ထိုဓားချက်၏ ဒဏ်ကို မခံနိုင်ဘဲ စုတ်ပြဲသွားခဲ့ရသည်။
ပွင့်သွားပြီ.........
ယီယွင်နှင့် လင်ရှင်းထုံတို့ ဝမ်းသာသွားကြသည်။ ယီယွင်၏ ဓားချက်က ဟင်းလင်းပြင် လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိုက်ခြင်း ဖြစ်ပြီး ဟင်းလင်းပြင် မုန်တိုင်းများ ငြိမ်သက်သွားပြီးနောက် သူတို့ကို ကြိုဆိုနေသည်မှာ သီးခြားဟင်းလင်းပြင် တစ်ခုပင် ဖြစ်သည်။
ဤဟင်းလင်းပြင်မှာ ပြင်းထန်သော မကောင်းဆိုးဝါး အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ ၎င်းမှာ မိစ္ဆာနတ်ဘုရား၏ နေရာပင် ဖြစ်သည်။
ယီယွင် စူးစိုက်ကြည့်လိုက်သောအခါ စုတ်ပြဲနေသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် လူသန်ကြီးတစ်ဦးမှာ ဟင်းလင်းပြင်ထဲတွင် ဝဲပျံနေသည်ကို တွေ့လိုက်ရသည်။ သူ၏ လက်များကို ရင်ဘတ်ပေါ်တွင် ပိုက်ထားပြီး မျက်လုံးများကို ပိတ်ကာ အိပ်မောကျနေသည်။
၎င်းမှာ ချပ်ဝတ်နက်မိစ္ဆာနတ်ဘုရားပင် ဖြစ်သည်။
"သူပဲ မိစ္ဆာနတ်ဘုရား"
လင်ရှင်းထုံ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး သူမ၏ ဓားထဲမှ နှင်းခဲယွမ်ချီများ ထွက်ပေါ်လာသည်။ မိစ္ဆာနတ်ဘုရားမှာ တကယ်ပင် အိပ်မောကျနေပြီး သူတို့ ဟင်းလင်းပြင် အတားအဆီးကို ဆုတ်ဖြဲလိုက်သော်လည်း သူမှာ နိုးမလာသေးပေ။
သူ အခက်တွေ့နေချိန်မှာ အခွင့်ကောင်းယူရမည်။
ယီယွင်သည် မိစ္ဆာနတ်ဘုရားထံသို့ ပြေးဝင်သွားပြီး တစ်ချိန်တည်းမှာပင် သူ၏ နတ်အမြုတေအတွင်းမှ နဂါးသွေးရွှေစင်ကိုယ်ပွား ထွက်ပေါ်လာသည်။ ၎င်းသည် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပျံလွှားဓား ၉၉၉ စင်းက ဝန်းရံထားသည်။
နှင်းတစ်ထောင်နယ်မြေ ..........
ယီယွင်သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ သေမင်းဝိဉာဉ်သစ်သားမှာ သူ၏ ရှေ့တွင် စတင် လည်ပတ်လာသည်။ ညှိုးနွမ်းခြင်း နယ်ပယ် ကြောင့် ဤဟင်းလင်းပြင်အတွင်းရှိ သတ်ဖြတ်လိုသော အငွေ့အသက်များမှာ ချက်ချင်းပင် ညှိုးနွမ်း ပျောက်ကွယ်သွားရသည်။
"သေစမ်း"
ယီယွင် အော်ဟစ်လိုက်သည်။ ယီယွင်သည် အိပ်ပျော်နေသော မိစ္ဆာနတ်ဘုရားကို သတ်တော့မည်ဟု လင်ရှင်းထုံ ထင်မှတ်နေစဉ်မှာပင် ယီယွင်နှင့် နဂါးသွေးရွှေစင်ကိုယ်ပွားမှာ မိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်ကို ကျော်ဖြတ်ကာ ပျံသန်းသွားသည်။
"အို....."
လင်ရှင်းထုံ အံ့သြသွားသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ယီယွင်နှင့် ရွှေင်စင်ကိုယ်ပွားမှာ မိစ္ဆာနတ်ဘုရားနှင့် ပေတစ်ထောင်ခန့် ဝေးသော နေရာသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် နှင်းတစ်ထောင်နယ်မြေမှ ပျံလွှားဓား ၉၉၉ စင်းမှာ တစ်စင်းတည်းအဖြစ် ပေါင်းစည်းသွားပြီး ဟင်းလင်းပြင်၏ လွတ်လပ်နေသော နေရာတစ်ခုကို ညှိုးနွမ်းခြင်း ဓားဆန္ဒဖြင့် ပိုင်းဖြတ်လိုက်တော့သည်။
အခန်း ၇၅၆ - မိစ္ဆာနတ်ဘုရားကို သတ်ဖြတ်ခြင်း
"ဘုန်း"
ယီယွင်သည် ဟင်းလင်းပြင်ဥပဒေသများကို အသုံးပြုကာ ဖျက်အားပြင်းသော ယွမ်ချီများကို ဟင်းလင်းပြင် အက်ကြောင်းတစ်ခုအတွင်းသို့ လွှဲပြောင်းပေးလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားပြီး ဟင်းလင်းပြင်ကြီး တစ်ခုလုံး ဆုတ်ပြဲသွားခဲ့သည်။
"ဝုန်း"
ဟင်းလင်းပြင် အက်ကြောင်းထဲမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီးကြောင့် ကမ္ဘာငယ်လေးတစ်ခုလုံး တုန်ခါသွားရသည်။
ဟင်းလင်းပြင်ထဲတွင် အိပ်မောကျနေသော အနက်ရောင်ဝတ်စုံဝတ် မိစ္ဆာနတ်ဘုရား ၏ ပုံရိပ်မှာ ရေပြင်ပေါ်မှ အရိပ်တစ်ခုကဲ့သို့ ရုတ်တရက် တုန်ခါသွားပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
"ဒါက ပုံရိပ်ယောင်လား"
လင်ရှင်းထုံ အံ့သြသွားသော်လည်း သူမ ပထမဆုံးမြင်လိုက်ရသော အိပ်ပျော်နေသည့် မိစ္ဆာနတ်ဘုရားမှာ တိုက်ခိုက်မှုများကို ဆွဲဆောင်ရန် အသုံးပြုသည့် အတုအယောင် သို့မဟုတ် ထောင်ချောက်တစ်ခုသာ ဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။
အကယ်၍ ထိုပုံရိပ်ယောင်ကိုသာ တိုက်ခိုက်မိပါက အစီအရင် အတားအဆီးများကို ထိမိသွားနိုင်သော်လည်း ယီယွင်သည် ၎င်းကို ချက်ချင်းပင် ထိုးဖောက်မြင်ခဲ့သည်။
မိစ္ဆာနတ်ဘုရား ပုန်းအောင်းနေသည့် နေရာအစစ်အမှန်ကိုပင် သူ ရှာဖွေတွေ့ရှိသွားခဲ့သည်။ ၎င်းမှာ ယီယွင်နှင့် နဂါးသွေးရွှေစင်ကိုယ်ပွားတို့ တိုက်ခိုက်လိုက်သည့် နေရာပင် ဖြစ်သည်။
အိပ်မောကျနေစဉ်အတွင်း ဟင်းလင်းပြင်ဥပဒေသ တစ်ခုမှမသိသော ယီယွင်က ဟင်းလင်းပြင် အတားအဆီးကို ဆုတ်ဖြဲနိုင်ရုံသာမက သူ ပုန်းအောင်းနေသည့် နေရာအစစ်အမှန်ကိုပါ တိတိကျကျ ရှာတွေ့သွားလိမ့်မည်ဟု မိစ္ဆာနတ်ဘုရား လုံးဝ ထင်မှတ်မထားခဲ့ပေ။
ယီယွင် ဤသို့ လုပ်ဆောင်နိုင်ခြင်းမှာ ပထမဦးစွာ ခရမ်းရောင်သလင်းကျောက် ၏ စွမ်းအင်မြင်ကွင်းကြောင့်ဖြစ်ပြီး၊ ဒုတိယအနေဖြင့် မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်ပင်လယ်အတွင်း ချိတ်ပိတ်ထားသော မကောင်းဆိုးဝါးစွမ်းအင် နှင့် သူ၏ ဆက်သွယ်မှုကြောင့် ဖြစ်သည်။
ထို့ကြောင့် မိစ္ဆာနတ်ဘုရား၏ တည်နေရာကို ယီယွင် အလွန်ရှင်းလင်းစွာ သိနေခြင်းဖြစ်သည်။
ထို့ကြောင့် မိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်အစစ်အမှန်မှာ ဟင်းလင်းပြင် အက်ကြောင်းတစ်ခုအတွင်း ပုန်းအောင်းနေသော်လည်း ယီယွင်၏ သေစေနိုင်သော ထိုးနှက်ချက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။
"အား... အား... အား"
ဟင်းလင်းပြင် အက်ကြောင်းအတွင်းရှိ မိစ္ဆာနတ်ဘုရားမှာ ရူးသွပ်စွာ အော်ဟစ်နေတော့သည်။ သူ၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး မျက်လုံးများမှာ သွေးကဲ့သို့ နီရဲနေသည်။
ယီယွင်၏ သန့်စင် ယန်ဓားကျိုးမှာ မိစ္ဆာနတ်ဘုရား၏ ရင်ဘတ်ကို ထိုးဖောက်သွားခဲ့ပြီ ဖြစ်သည်။ ညှိုးနွမ်းခြင်း အသိတရားများ ကို ထည့်သွင်းလိုက်သဖြင့် မိစ္ဆာနတ်ဘုရား၏ ကိုယ်တွင်းအင်္ဂါများမှာ အသက်စွမ်းအားများ စတင် ဆုံးရှုံးလာခဲ့သည်။
မိစ္ဆာနတ်ဘုရား အိပ်မောကျနေချိန်မှာ သူ၏ ခန္ဓာကိုယ် ခုခံကာကွယ်မှု အားအနည်းဆုံး အချိန်ဖြစ်သည်။
"မင်း မင်း"
မိစ္ဆာနတ်ဘုရားသည် အနက်ရောင် သွေးများကို အန်ထုတ်ရင်း ယီယွင်၏ ဓားကျိုးကို လှမ်းကိုင်လိုက်သည်။
"အောက်တန်းစား သက်ရှိ... မင်း ငါ့ကို သတ်ချင်တာလား။ ငါ မင်းကို သတ်ပစ်မယ်"
မိစ္ဆာနတ်ဘုရားမှာ သူ၏ အိပ်စက်ခြင်းမှ အတင်းအကျပ် နိုးထလာခဲ့ရသည်။ သူ၏ ပျက်စီးနေသော ဝိညာဉ်မှာ ထပ်မံ၍ ပြင်းထန်သော ထိုးနှက်ချက်ကို ခံလိုက်ရပြီး သူ၏ အသက်မှာ ပြိုလဲလုနီးပါး ဖြစ်သွားခဲ့သည်။
မိစ္ဆာနတ်ဘုရားတွင် အလွန်ကြီးမားသော အသက်စွမ်းအား ရှိသည်။ သူသည် နီလာယန်သခင် ၏ ချိတ်ပိတ်ခြင်းကို နှစ်ပေါင်း သန်းနှင့်ချီ၍ ခံခဲ့ရသဖြင့် အားနည်းနေသလို၊ ယီယွင်၏ အကြိမ်ကြိမ် တိုက်ခိုက်မှုများကိုလည်း ခံထားရသည်။
သို့သော် သူ၏ အသက်စွမ်းအား မည်မျှပင် ကြီးမားပါစေ၊ ယခုအခါတွင်မူ အဆိုးဝါးဆုံး အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူသည် သေခြင်းတရား၏ နယ်နိမိတ်ပေါ်သို့ လုံးဝ ရောက်ရှိနေပြီ ဖြစ်သည်။
"ရှူး"
လင်ရှင်းထုံသည် နှင်းခဲလေပြည်များကို စီးနင်းလျက် ဟင်းလင်းပြင်အတွင်း ပေါ်လာပြီး သူမ၏ လက်ထဲမှ ဓားဖြင့် မိစ္ဆာနတ်ဘုရား၏ လည်ပင်းကို တစ္ဆေတစ်ကောင်ကဲ့သို့ ထိုးစိုက်လိုက်သည်။
ဤဓားချက်က မိစ္ဆာနတ်ဘုရား၏ အသက်စွမ်းအားကို လုံးဝ ပြိုကွဲသွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ယီယွင်သည် မိစ္ဆာနတ်ဘုရား ဖိနှိပ်ထားသော မကောင်းဆိုးဝါးစွမ်းအင်ကို လှုံ့ဆော်လိုက်သည်။ ၎င်းသည် မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်ကို စိတ်ကြိုက် ဝါးမြိုပါတော့သည်။
"အား... အား... အား"
မိစ္ဆာနတ်ဘုရားသည် ပြင်းထန်သော ဝေဒနာကြောင့် အော်ဟစ်ရုန်းကန်ရင်း ယီယွင်၏ နှလုံးသားကို လက်သီးဖြင့် ထိုးလိုက်သည်။ အကယ်၍ ထိမှန်သွားပါက ယီယွင်၏ ရင်ဘတ်မှာ ဧကန်မုချ ပွင့်ထွက်သွားပေလိမ့်မည်။
ယီယွင်သည် နောက်သို့ ဆုတ်ခွာရင်း သူ၏ လက်ထဲမှ သေမင်းဝိဉာဉ်သစ်သား ကို ပစ်လွှတ်လိုက်သည်။
"ရှူး"
သေမင်းဝိဉာဉ်သစ်သားသည် လှံတစ်စင်းကဲ့သို့ မိစ္ဆာနတ်ဘုရား၏ ရင်ဘတ်အတွင်းသို့ တိုးဝင်သွားပြီး ဓားကျိုးကြောင့် ဖြစ်ပေါ်နေသော အပေါက်အတွင်း၌ စွဲမြဲသွားသည်။
ဗွက်.......
သွေးများက သေမင်းဝိဉာဉ်သစ်သားကို စိုရွှဲသွားစေသော်လည်း ထိုသစ်သားက လျင်မြန်စွာ စုပ်ယူလိုက်သည်။ ဤမြင့်မြတ်သော သစ်သားတုံးမှာ ယခင်က မိစ္ဆာနတ်ဘုရား တစ်ပါး၏ သွေးများဖြင့် စိုရွှဲခဲ့ဖူးပြီး ၎င်းကို စုပ်ယူပြီးနောက် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
၎င်းသည် ဆုတ်ယုတ်ခြင်းနှင့် ညှိုးနွမ်းခြင်း၏ အထိမ်းအမှတ် ဖြစ်သည်။ ထိုစဉ်က သေမင်းဝိဉာဉ်သစ်သားပေါ်တွင် သေဆုံးခဲ့သော ရှေးဟောင်း မိစ္ဆာနတ်ဘုရားမှာ ယခု အနက်ရောင်ဝတ်စုံဝတ် မိစ္ဆာနတ်ဘုရားထက် များစွာ ပိုမို အစွမ်းထက်ခဲ့သည်။
သေမင်းဝိဉာဉ်သစ်သားမှာ မိစ္ဆာနတ်ဘုရား၏ ရင်ဘတ်တွင် သံမှိုတစ်ချောင်းကဲ့သို့ စွဲမြဲနေပြီး မိစ္ဆာနတ်ဘုရား၏ အသက်စွမ်းအားများမှာ လျင်မြန်စွာ ကုန်ခမ်းလာတော့သည်။
သူ၏ ချပ်ဝတ်တန်ဆာများ ကွဲအက်လာပြီး ခန္ဓာကိုယ်မှာလည်း စုတ်ပြဲလာသည်။ သွေးများမှာ တရစပ် စီးကျနေသည်။
"မင်း... "
ပါးစပ်ကို ဟလိုက်ရုံဖြင့် အနက်ရောင် သွေးများ ပန်းထွက်လာသည်။ မိစ္ဆာနတ်ဘုရားသည် ယီယွင်ကို စူးစိုက်ကြည့်နေသည့် အကြည့်မှာ ယီယွင်ကို အပေါက်ဖောက်လိုက်ချင်သည့်အလားပင်။
"မင်း ငါ့ကို သေစေချင်တယ်ပေါ့၊ ငါနဲ့အတူ မင်းပါ လိုက်ခဲ့ရမယ်"
မိစ္ဆာနတ်ဘုရားက သွေးများ ပေကျံနေသော သွားများကြားမှ စကားတစ်လုံးချင်းစီကို အံကြိတ်ပြောလိုက်သည်။ ဤအချိန်တွင် မိစ္ဆာနတ်ဘုရားမှာ ငရဲမှ တက်လာသော မိစ္ဆာတစ်ကောင်နှင့် တူနေသည်။
"အား... အား... အား"
မိစ္ဆာနတ်ဘုရား ဟိန်းဟောက်လိုက်ရာ သူ၏ ကြွက်သားလက်မတိုင်းမှာ စုတ်ပြဲသွားပြီး ပရမ်းပတာ ယွမ်ချီများ သူ၏ ခန္ဓာကိုယ်ထဲမှ ပန်းထွက်လာသည်။ ထိုယွမ်ချီများသည် ကမ္ဘာငယ်လေးအတွင်း ပြည့်နှက်သွားပြီး ဟင်းလင်းပြင် စွမ်းအားများကို ရုတ်ရုတ်သည်းသည်း ဖြစ်သွားစေသည်။
"ဂျောက် ဂျောက် ဂျောက်"
ဟင်းလင်းပြင်တွင် မြင်သာသော အက်ကြောင်းတစ်ခု ပေါ်လာပြီး လျင်မြန်စွာ ကျယ်ပြန့်လာသည်။
ယီယွင်၏ မျက်နှာရိပ် ပြောင်းလဲသွားသည်။ ဤသည်မှာ...
"ပြိုကွဲစမ်း"
မိစ္ဆာနတ်ဘုရား ဟိန်းဟောက်လိုက်ရာ ဟင်းလင်းပြင် နယ်နိမိတ်များမှာ စတင် ပေါက်ကွဲ ပျက်စီးသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင် မုန်တိုင်းများ ပတ်ဝန်းကျင်၌ ဝဲလှည့်လာတော့သည်။
"ဒီကမ္ဘာငယ်လေးကို ငါ လုံးဝ ပေါက်ကွဲပစ်မယ်။ ငါတို့အားလုံး ဒီမဟာကမ္ဘာကြီးရဲ့ အစွန်အဖျားက ဟင်းလင်းပြင် မငြိမ်မသက်မှုတွေကြားထဲမှာ ထာဝရ သေခြင်းတရားကို မြည်းစမ်းကြစို့"
မိစ္ဆာနတ်ဘုရားမှာ လုံးဝ ရူးသွပ်သွားခဲ့ပြီဖြစ်သည်။ သူ၏ ယွမ်ချီများကို အကုန်အစင် ထုတ်လွှတ်ရင်း သူသည် ရက်စက်ကြမ်းကြုတ်သော ရယ်မောသံကို လွှတ်လိုက်သည်။
သူ၏ နောက်ဆုံး ရယ်မောသံနှင့်အတူ မိစ္ဆာနတ်ဘုရား၏ အသက်မှာ လုံးဝ ငြိမ်းသတ်သွားတော့သည်။
ဘုန်း.........
ပေါက်ကွဲသံနှင့်အတူ မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်ပင်လယ်မှာ နောက်ဆုံးတွင် ပြိုကွဲသွားသည်။ ပြိုကွဲသွားသော မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်ကို မကောင်းဆိုးဝါးစွမ်းအင်က စိတ်ကြိုက် ဝါးမြိုလိုက်သည်။ မိစ္ဆာနတ်ဘုရား၏ မျက်လုံးများ မှေးမှိန်သွားပြီး သူ၏ ခန္ဓာကိုယ်မှာလည်း အသက်စွမ်းအားများ လျင်မြန်စွာ ဆုံးရှုံးသွားတော့သည်။
အလွန်ရှည်လျားသော အချိန်ကာလတစ်လျှောက် တည်ရှိခဲ့သော ဤရှေးဟောင်း မိစ္ဆာနတ်ဘုရားမှာ နောက်ဆုံးတွင် ယီယွင်၏ လက်ချက်ဖြင့် လုံးဝ ဇာတ်သိမ်းသွားခဲ့ပြီ ဖြစ်သည်။
သို့သော် ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင် မုန်တိုင်းမှာ ယီယွင်နှင့် လင်ရှင်းထုံတို့ထံသို့ တိုက်ခတ်လာသည်။
"သတိထား"
ယီယွင်၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး လင်ရှင်းထုံ၏ လက်ကို ဆွဲကာ သူမ၏ ခါးကို ဖက်ထားလိုက်သည်။ ယခုအချိန်တွင် ယီယွင်မှာ အဆိုးဝါးဆုံး အခြေအနေသို့ ရောက်နေသည်။
သူသည် သူ၏ ခန္ဓာကိုယ်အတွင်း ကျန်ရှိသမျှ အနည်းငယ်သော ယွမ်ချီများကို ဥပဒေသသစ်ရွက်အတွင်းသို့ ထည့်သွင်းလိုက်ရာ ဥပဒေသသစ်ရွက်မှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။ ဖောက်ထွင်းမြင်ရသော အလင်းအကာအကွယ်တစ်ခုက သူနှင့် လင်ရှင်းထုံကို လွှမ်းခြုံလိုက်သည်။
ဟင်းလင်းပြင် မုန်တိုင်း တိုက်ခတ်လာသောအခါ ထိုအလင်းအကာအကွယ်မှာ မုန်တိုင်းထဲမှ ပူဖောင်းလေးတစ်ခုကဲ့သို့ ဖြစ်နေသည်။ ၎င်းမှာ အချိန်မရွေး ပေါက်ထွက်သွားနိုင်ပုံရသည်။
ယီယွင်သည် တောင့်ခံရန် ကြိုးစားသော်လည်း သူ၏ ယွမ်ချီများမှာ များစွာ ကုန်ခမ်းနေပြီဖြစ်သည်။ ဤဟင်းလင်းပြင် မုန်တိုင်းအတွင်း မည်သည့်နေရာသို့ သွားရမည်ကို သူ မထိန်းချုပ်နိုင်တော့ပေ။
သူတို့၏ ယွမ်ချီပူဖောင်းလေးမှာ ဟင်းလင်းပြင် မုန်တိုင်း၏ တိုက်ခတ်မှုကြောင့် ပရမ်းပတာ မျောပါသွားကာ ဟင်းလင်းပြင် မငြိမ်မသက်မှုများ၏ အနက်ရှိုင်းဆုံးနေရာသို့ စတင် ဝင်ရောက်သွားသည်ကို သူ အားကိုးရာမဲ့စွာ ကြည့်နေရတော့သည်။
ပို၍ နက်ရှိုင်းစွာ ရောက်ရှိလေလေ၊ ထျန်းယွမ်လောကနှင့် တောရိုင်းနယ်မြေ ရှိရာ ကမ္ဘာသို့ ပြန်ရန် ပို၍ ခက်ခဲလေလေ ဖြစ်သည်။
ယီယွင်မှာ အလွန် ထိတ်လန့်သွားသည်။ သူ၏ ဟင်းလင်းပြင်ဥပဒေသဆိုင်ရာ အသိအမြင်မှာ အစပျိုး အဆင့်သာ ရှိသေးသည်။ သူသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်သော်လည်း ထျန်းယွမ်လောကသို့ ပြန်ရန်မှာမူ ပိုမို လေ့လာရန် လိုအပ်နေသေးသည်။
သို့သော် ယခုမူ သူနှင့် လင်ရှင်းထုံတို့သည် ဟင်းလင်းပြင် မငြိမ်မသက်မှုများအတွင်းသို့ ပစ်ချခြင်း ခံလိုက်ရပြီဖြစ်ကာ ပို၍ နက်ရှိုင်းသွားလေလေ ပြန်လမ်းရှာရန် ပို၍ ခက်ခဲလေလေ ဖြစ်သည်။
မိစ္ဆာနတ်ဘုရား ပြောခဲ့သည့်အတိုင်းပင် အချိန်ကြာလာသည်နှင့်အမျှ သူတို့သည် ဟင်းလင်းပြင်အတွင်း လမ်းပျောက်ကာ သေဆုံးသည်အထိ ထာဝရ မျောပါနေရတော့မည် ဖြစ်သည်။
သူတို့ ပိုမို ဝေးကွာစွာ မျောပါသွားသည်ကို မြင်လိုက်ရသောအခါ ယီယွင်၏ နှလုံးသားမှာ အေးစက်သွားသည်။ သူသည် အလင်းအကာအကွယ်ကို ထိန်းထားရန်ပင် အလွန် ခက်ခဲနေရရာ ဟင်းလင်းပြင် မုန်တိုင်းကို ဆန့်ကျင်၍ ပျံသန်းရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
ကောင်းကင်ဘုံက ငါ့ကို သေစေချင်တာလား။
ယီယွင် အံကြိတ်လိုက်သည်။ သူ၏ ဘဝမှာ စတင်ရုံသာ ရှိသေးရာ ဤနေရာတွင် မည်သို့မျှ အသေမခံနိုင်ပေ။
အခန်း ၇၅၇ - ရူးသွပ်သော စိတ်ကူး
မုန်တိုင်းက ပြင်းထန်စွာ တိုက်ခတ်နေဆဲဖြစ်ပြီး ယီယွင်နှင့် လင်ရှင်းထုံတို့သည် မုန်တိုင်း၏ အလယ်ဗဟိုသို့ တဖြည်းဖြည်း ပိုမိုနက်ရှိုင်းစွာ မျောပါသွားကြသည်။ ဥပဒေသသစ်ရွက်မှ ဖန်တီးထားသော အလင်းအကာအကွယ်မှာ ပြင်းထန်စွာ တုန်ခါနေပြီး သူတို့သည် ဟင်းလင်းပြင်အတွင်း ထာဝရ လမ်းပျောက်တော့မည့်အလား ဖြစ်နေသည်။
ယီယွင်နှင့် လင်ရှင်းထုံတို့သည် လက်ချင်းချိတ်ထားကြပြီး သူတို့၏ ယင်နှင့်ယန် ယွမ်ချီများကို အသုံးပြုကာ အလင်းအကာအကွယ် မပေါက်ထွက်သွားစေရန် ထိန်းသိမ်းထားကြသည်။ သို့သော် ဤအတိုင်းသာ ဆက်သွားနေပါက သူတို့မှာ ဘာမှမလုပ်နိုင်ဘဲ ထိုင်စောင့်နေရသကဲ့သို့ ဖြစ်နေမည်ဖြစ်သည်။
ယီယွင် စိုးရိမ်ပူပန်နေသည်။ သေဘေးနှင့် ရင်ဆိုင်နေရသော ဤအခြေအနေတွင် သူသည် မည်သည့်ထွက်ပေါက်ကိုမျှ စဉ်းစား၍မရပေ။
သူ ဘာလုပ်နိုင်မလဲ။ ဘာလုပ်ရမလဲ။
ယီယွင်၏ စိတ်ထဲတွင် အတွေးများစွာ လည်ပတ်နေစဉ်မှာပင်၊ ရုတ်တရက် ပရမ်းပတာဖြစ်နေသော ဟင်းလင်းပြင် မုန်တိုင်းအတွင်း၌ အရိပ်တစ်ခု ဖြတ်ခနဲ ပေါ်လာသည်ကို သူ မြင်လိုက်ရသည်။
အို အဲဒါက...
ယီယွင်၏ မျက်လုံးများ တောက်ပသွားပြီး ဟင်းလင်းပြင် မုန်တိုင်းထဲမှ ထိုအရိပ်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ၎င်းမှာ အမှန်စင်စစ် မျောပါနေသော အလောင်းတစ်ခု... သေဆုံးသွားသော မိစ္ဆာနတ်ဘုရား၏ အလောင်းပင် ဖြစ်သည်။
မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်ပင်လယ်မှာ ပြိုကွဲသွားပြီး သူ၏ အသက်မှာ လုံးဝ ငြိမ်းသတ်သွားခဲ့ပြီ ဖြစ်သော်လည်း သူ၏ အစွမ်းထက်သော ခန္ဓာကိုယ်မှာမူ ဟင်းလင်းပြင် မုန်တိုင်းအတွင်း၌ ပျက်စီးခြင်းမရှိဘဲ ကျန်ရှိနေခဲ့သည်။
အလောင်း... မိစ္ဆာနတ်ဘုရားရဲ့ အလောင်း...
ယီယွင်၏ စိတ်ထဲတွင် ထိုးထွင်းသိမြင်မှုတစ်ခု ဖြတ်ခနဲ ပေါ်လာသည်။ ဟုတ်ပြီ၊ မိစ္ဆာနတ်ဘုရားရဲ့ အလောင်း မကောင်းဆိုးဝါးစွမ်းအင်။
မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်ပင်လယ်ထဲတွင် မကောင်းဆိုးဝါးစွမ်းအင် ရှိနေဆဲဖြစ်ပြီး ၎င်းသည် ပြိုကွဲသွားသော ဝိညာဉ်ပင်လယ်ကို အခွင့်ကောင်းယူကာ ဝိညာဉ်ယွမ်ချီများကို စိတ်ကြိုက် ဝါးမြိုနေသည်။
မကောင်းဆိုးဝါးစွမ်းအင်တွင် ထူးဆန်းသော ကြီးထွားနိုင်စွမ်း ရှိသည်။ ယခင်က ၎င်းသည် မျက်နှာဖုံးစွပ်လူသား၏ ဝိညာဉ်နှင့် ဝိညာဉ်ဂူသင်္ချိုင်း အတွင်းရှိ ယင်တစ္ဆေ အများအပြားကို ဝါးမြိုခဲ့ဖူးသည်။ ၎င်းသည် ကြီးထွားလာရန်အတွက် ထိုဝိညာဉ်ယွမ်ချီအားလုံးကို စုပ်ယူခဲ့ခြင်း ဖြစ်သည်။
မကောင်းဆိုးဝါး စွမ်းအင်သည် ဝိညာဉ်ယွမ်ချီများကို ဝါးမြိုရုံသာမက ဝိညာဉ်တစ်ခုကို မသိမသာ ထိန်းချုပ်နိုင်စွမ်းလည်း ရှိသည်။ ထိုစဉ်က သွေးလမင်း မှ မျက်နှာဖုံးစွပ်လူသားသည် မကောင်းဆိုးဝါး စွမ်းအင်၏ ထိန်းချုပ်မှုကို ခံခဲ့ရပြီး နောက်ဆုံးတွင် ယီယွင်က သူ့ကို ရုပ်သေးရုပ်တစ်ခုအဖြစ် ဖန်တီးခဲ့သည်။
မျက်နှာဖုံးစွပ်လူသားကို ရုပ်သေးအဖြစ် အသုံးပြုခြင်းဖြင့် ယီယွင်သည် သူ၏ မှတ်ဉာဏ်အချို့ကိုပင် ဖတ်ရှုနိုင်ခဲ့သည်။ ၎င်းက ဝိညာဉ်ဂူသင်္ချိုင်း တိုက်ပွဲအတွင်း ယီယွင်အား ချောမွေ့စွာ လုပ်ဆောင်နိုင်စေခဲ့ပြီး သွေးလမင်း၏ အစီအစဉ်ကို အောင်မြင်စွာ ခြေမှုန်းနိုင်စေခဲ့သည်။
ရုပ်သေးများကို ထိန်းချုပ်ခြင်း မှတ်ဉာဏ်များကို ဖတ်ရှုခြင်း။
ယီယွင်၏ စိတ်ထဲတွင် ရူးသွပ်သော စိတ်ကူးတစ်ခု ရုတ်တရက် ပေါ်လာသည်။ ယခင်က မျက်နှာဖုံးစွပ်လူသားကို ရုပ်သေးလုပ်ရန် မကောင်းဆိုးဝါး စွမ်းအင်ကို အသုံးပြုနိုင်ခဲ့လျှင် ယခုလည်း ထိုနည်းအတိုင်း ဘာကြောင့် မလုပ်နိုင်ရမည်နည်း။ သူသည် မိစ္ဆာနတ်ဘုရားကို သူ၏ ကိုယ်ပိုင် ရုပ်သေးရုပ်အဖြစ် ဖန်တီးနိုင်သည် မဟုတ်ပါလား။
ဤစိတ်ကူး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ယီယွင်၏ စိတ်ထဲတွင် စွဲမြဲသွားပြီး ထိုအတွေးကိုပင် စွဲလမ်းသွားတော့သည်။
ရုပ်သေး ဒါက မိစ္ဆာနတ်ဘုရား ရုပ်သေးပဲ။
မိစ္ဆာနတ်ဘုရားသည် အမှန်တကယ်ပင် အစွမ်းထက်သော်လည်း မည်မျှပင် အစွမ်းထက်ပါစေ သူက သေသွားပြီဖြစ်သည်။
သူ၏ ဝိညာဉ်ပင်လယ် ပြိုကွဲသွားပြီးနောက် သူ၏ အစွမ်းထက်သော ဝိညာဉ်ကို မကောင်းဆိုးဝါးစွမ်းအင်အတွက် အာဟာရအဖြစ်သာ အသုံးပြုနိုင်သည်။
မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်ကို ဝါးမြိုခြင်းဖြင့် မကောင်းဆိုးဝါးစွမ်းအင်သည် လျင်မြန်စွာ ကြီးထွားလာနိုင်ပြီး မိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သည့် အဆင့်အထိပင် ရောက်ရှိလာနိုင်သည်။
မိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်မှာမူ ကောင်းစွာ သွေးသောက်ထားပြီးဖြစ်ရာ ၎င်းကို တုနှိုင်းမရသော မှော်ပစ္စည်းတစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
သို့သော် ထောက်ပံ့ပေးမည့် ဝိညာဉ်မရှိပါက ၎င်းသည် သေနေသော ပစ္စည်းတစ်ခုသာ ဖြစ်ပြီး ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။
အကယ်၍ သူသည် ထိုကဲ့သို့သော မိစ္ဆာနတ်ဘုရား ရုပ်သေးကို ပိုင်ဆိုင်ရပါက နောင်တွင် ယီယွင်၏ ခွန်အား သို့မဟုတ် ဥပဒေသဆိုင်ရာ အသိအမြင်များမှာ ကြီးမားသော ခြေလှမ်းတစ်လှမ်း တိုးတက်လာပေလိမ့်မည်။
နဂါးသွေးရွှေစင်ကိုယ်ပွား အပြင် သူသည် ရုပ်သေးတစ်ခုနှင့် ရွှေစင်ကိုယ်ပွားတစ်ခုကို ပိုင်ဆိုင်လာမည် ဖြစ်သည်။ သူကိုယ်တိုင်နှင့် ပေါင်းစပ်လိုက်ပါက သူတို့သည် တကယ်ပင် အနိုင်မတိုက်နိုင်သော အဖွဲ့အစည်း ဖြစ်လာပေလိမ့်မည်။
ထို့အပြင် မကောင်းဆိုးဝါးစွမ်းအင်သည် ဝါးမြိုခြင်းမှတစ်ဆင့် မူလဝိညာဉ်၏ မှတ်ဉာဏ်အချို့ကို ရရှိနိုင်သည်။ မိစ္ဆာနတ်ဘုရားတွင် ဟင်းလင်းပြင်ဥပဒေသများနှင့် ပတ်သက်၍ နက်ရှိုင်းသော အသိပညာများ ရှိသည်။
အမှန်စင်စစ် ထိုဥပဒေသဆိုင်ရာ အသိအမြင်များကို ယီယွင်၏ ဦးနှောက်အတွင်းသို့ မကောင်းဆိုးဝါးစွမ်းအင်မှတစ်ဆင့် အတိအကျ ကူးယူ၍ မရနိုင်ပေ။ အကြောင်းမှာ မကောင်းဆိုးဝါးစွမ်းအင်မှ ရရှိသော မှတ်ဉာဏ်များသည် ယေဘုယျအားဖြင့် အလွန် ဝေဝါးသောကြောင့် ဖြစ်သည်။
သို့သော် ထိုသို့ဖြစ်လင့်ကစား ၎င်းတို့သည် ယီယွင်အတွက် ကြီးမားသော စိတ်ကူးစိတ်သန်းနှင့် လမ်းညွှန်မှုများကို ပေးနိုင်မည်ဖြစ်သည်။
ယခုအချိန်တွင် ယီယွင် နားလည်ထားသော ဟင်းလင်းပြင်ဥပဒေသများသည် လက်တွေ့ စမ်းသပ်မှုများမှတစ်ဆင့် ရရှိထားခြင်း ဖြစ်သည်။ သူ၏ နောက်ခံ အမွေအနှစ်မှာ အားနည်းသော်လည်း မိစ္ဆာနတ်ဘုရား၏ မှတ်ဉာဏ်များ ရှိလာပါက ဆရာတစ်ယောက် ရှိလာသကဲ့သို့ပင် ဖြစ်သည်။
မိစ္ဆာနတ်ဘုရား၏ ခွန်အားဖြင့် ဤဟင်းလင်းပြင်လွတ်လပ်နယ်မြေမှ ထွက်ခွာရန်မှာ ပြဿနာရှိမည် မဟုတ်ပေ။
အမှန်စင်စစ် ဤဟင်းလင်းပြင်ကို မိစ္ဆာနတ်ဘုရား ကိုယ်တိုင်က စတင်ဖွင့်လှစ်ခဲ့ခြင်း မဟုတ်ပါလား။
အကယ်၍ ယီယွင်က မိစ္ဆာနတ်ဘုရားကို ထိန်းချုပ်နိုင်ပါက ၎င်းသည် ဤနေရာကို ဖွင့်ရန် သော့ကို ကိုင်ထားခြင်းနှင့် အတူတူပင် ဖြစ်သည်။
"ငါတို့ ထွက်သွားလို့ရပြီ"
မုန်တိုင်းအတွင်း၌ ယီယွင်သည် စိတ်လှုပ်ရှားမှုများဖြင့် မျက်လုံးများ တောက်ပနေပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
"အို" လင်ရှင်းထုံ အံ့သြသွားသည်။
ထိုအချိန်တွင် ယီယွင်သည် သူ၏ ဝိညာဉ်စွမ်းအင်ကို ခရမ်းရောင်သလင်းကျောက် နှင့် ချိတ်ဆက်လိုက်ပြီဖြစ်သည်။ သူ၏ အာရုံခံစားမှုများ ထွက်ပေါ်လာပြီး မိစ္ဆာနတ်ဘုရား၏ အလောင်းပေါ်သို့ လွှမ်းခြုံလိုက်သည်။
ခရမ်းရောင်သလင်းကျောက်မှ ပေးသော ဖိနှိပ်မှုသည် မကောင်းဆိုးဝါး စွမ်းအင်အပေါ် နက်ရှိုင်းသော အထင်အမြင်ကို ချန်ထားခဲ့ပြီးဖြစ်သည်။ မကောင်းဆိုးဝါး စွမ်းအင်မှာ မည်မျှပင် ကြီးထွားလာပါစေ ခရမ်းရောင်သလင်းကျောက်၏ အလိုဆန္ဒကို ဆန့်ကျင်နိုင်မည် မဟုတ်ပေ။
၎င်းသည် ဥပဒေသများ၏ မူလအစ မှ ဆင်းသက်လာသော ဖိနှိပ်မှုတစ်ခု ဖြစ်သည်။
"ဒီကိုလာစမ်း"
ယီယွင်က လက်ကို ဝှေ့ယမ်းလိုက်ရာ မိစ္ဆာနတ်ဘုရား၏ အလောင်းမှာ ဟင်းလင်းပြင် မုန်တိုင်းအတွင်းမှ သူတို့ထံသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။ နောက်ဆုံးတွင် အလောင်းမှာ အလင်းအကာအကွယ် အတွင်းသို့ ရောက်ရှိလာပြီး ယီယွင်က အောင်မြင်စွာ ပြန်လည် ရယူနိုင်ခဲ့သည်။
ဝါးမြိုစမ်း မိစ္ဆာနတ်ဘုရားရဲ့ ဝိညာဉ်ကို ဝါးမြိုစမ်း ဒီခန္ဓာကိုယ်ကို လုံးဝ ထိန်းချုပ်စမ်း။
ယီယွင်သည် ခရမ်းရောင်သလင်းကျောက်မှတစ်ဆင့် မကောင်းဆိုးဝါးစွမ်းအင်အား အမိန့်ပေးလိုက်သည်။ သူ၏ အသက်နှင့် သူ တန်ဖိုးထားသမျှ အရာအားလုံးသည် ယခုအခါ မကောင်းဆိုးဝါးစွမ်းအင်အပေါ်တွင် မူတည်နေသည်။ မိစ္ဆာနတ်ဘုရား ရုပ်သေးဖြင့် ယီယွင်သည် ဟင်းလင်းပြင်ကိုပင် အတင်းအကျပ် ချိုးဖျက်နိုင်ပေလိမ့်မည်။
ယခုအချိန်အထိ ယီယွင်သည် မကောင်းဆိုးဝါး စွမ်းအင် အသုံးပြု၍ အရာများစွာ လုပ်ဆောင်ခဲ့သည်။ သို့သော် ထိုနည်းတူစွာပင် မကောင်းဆိုးဝါးစွမ်းအင်သည်လည်း ယီယွင်ကို များစွာ အားကိုးရသည်။
ယီယွင်နောက်သို့ လိုက်ပါခြင်းဖြင့် ၎င်းသည် ဝိညာဉ်ဂူသင်္ချိုင်းရှိ ယင်တစ္ဆေအားလုံးကို ဝါးမြိုခဲ့ပြီး ယခုအခါ မိစ္ဆာနတ်ဘုရား၏ ဝိညာဉ်ကို ဝါးမြိုနိုင်ပြီဖြစ်ရာ ၎င်းအား လျင်မြန်စွာ ကြီးထွားလာစေမည်ဖြစ်သည်။
မကောင်းဆိုးဝါးစွမ်းအင်အနေဖြင့် မိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် အချိန်ယူရမည်ဖြစ်သည်။ ယခုအခါတွင်မူ ဟင်းလင်းပြင် မုန်တိုင်းမှာ တဖြည်းဖြည်း အားနည်းလာနေပြီး ယီယွင်နှင့် လင်ရှင်းထုံတို့သည် ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာသို့ မျောပါသွားခဲ့ပြီ ဖြစ်သည်။
လင်ရှင်းထုံ၏ ကျောက်စိမ်းခြင်ဆီ ဝိညာဉ်စွမ်းအင်ဖြင့် သူမသည် ယန်ကို ယင်ဖြင့် အားဖြည့်ပေးကာ ယီယွင်အား ဥပဒေသသစ်ရွက်မှတစ်ဆင့် အလင်းအကာအကွယ်ကို အဆက်မပြတ် ထိန်းသိမ်းထားနိုင်စေသည်။
အစွမ်းအလင်း အကာအကွယ်မှာ ဟင်းလင်းပြင်အတွင်းရှိ ကြီးမားပြီး ဖောက်ထွင်းမြင်ရသော ဥခွံကြီးတစ်ခုနှင့် တူနေပြီး ယီယွင်နှင့် လင်ရှင်းထုံတို့ကို အလွှာလိုက် ဝန်းရံထားသည်။
ထိုဥခွံကြီးအတွင်း၌ မိစ္ဆာနတ်ဘုရား ရုပ်သေးမှာ သန္ဓေသားလောင်းကဲ့သို့ ဖွံ့ဖြိုးလာနေသည်။
ယီယွင်သည် အများဆုံး လအနည်းငယ်အတွင်း မိစ္ဆာနတ်ဘုရား ရုပ်သေးကို အပြည့်အဝ ထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း လအချို့ ကုန်လွန်သွားခဲ့သည်။ ယီယွင်နှင့် လင်ရှင်းထုံတို့သည် မိစ္ဆာနတ်ဘုရား ရုပ်သေးကို သန့်စင်နေစဉ်တွင် ထျန်းယွမ်လောကကြီးအတွင်း၌ ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေခဲ့သည်။
မိစ္ဆာနတ်ဘုရားသည် အိပ်မောမကျမီက သူသည် အနှစ်နှစ်ဆယ်အတွင်း ပြန်လာမည်ဖြစ်ပြီး သူ၏ အမြင့်ဆုံးအဆင့်ဖြင့် ထျန်းယွမ်လောကသို့ ပြန်လာကာ ကောင်းကင်အောက်ရှိ သက်ရှိအားလုံးကို သတ်ဖြတ်မည်ဟု ကြေညာခဲ့သည်။
လူသားပညာရှင်ကြီးများက တည်ငြိမ်မှု ရှိစေရန် ဤကိစ္စကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့သော်လည်း ဤအကြောင်းကို သိသူ အလွန်များပြားလှသည်။ ဤသတင်းမှာ ထျန်းယွမ်လောကအတွင်း ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။
ချက်ချင်းပင် ထျန်းယွမ်လောက တစ်ခုလုံးတွင် အားကိုးရာမဲ့သော ခံစားချက်များ လွှမ်းမိုးသွားတော့သည်။
မိစ္ဆာနတ်ဘုရား၏ ပေါ်ထွက်လာမှုသည် ထျန်းယွမ်လောကကို အနိုင်မတိုက်နိုင်သော ပုံစံဖြင့် လွှမ်းမိုးသွားခဲ့သည်။ အနှစ်နှစ်ဆယ်အတွင်း သူသည် အမြင့်ဆုံးအဆင့်ဖြင့် ပြန်လာမည်ဟု ခြိမ်းခြောက်ထားသည်။ ထိုသို့ဖြစ်လာလျှင် သူ့ကို မည်သူ တားဆီးနိုင်မည်နည်း။
၎င်းမှာ လူတိုင်းတွင် အသက်ရှင်ရန် အနှစ်နှစ်ဆယ်သာ ကျန်တော့သည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
သန့်စင်ရာကျွန်း အရှင်ဇနီးမောင်နှံနှင့် အချို့သော လူသားပညာရှင်ကြီးများက ယီယွင်နှင့် လင်ရှင်းထုံတို့မှာ ဟင်းလင်းပြင်အတွင်းသို့သာ စုပ်ယူခံလိုက်ရခြင်းဖြစ်ပြီး သေဆုံးသွားခြင်း မဟုတ်ကြောင်း၊ သူတို့သည် အနှစ်နှစ်ဆယ်အတွင်း ပြန်လာကာ မိစ္ဆာနတ်ဘုရားကို တိုက်ခိုက်နိုင်သေးကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
သို့သော် သူတို့၏ စကားကို ယုံကြည်သူ အလွန်နည်းပါးလှသည်။
ယီယွင်နှင့် လင်ရှင်းထုံတို့မှာ အစွမ်းထက်သော်လည်း မိစ္ဆာနတ်ဘုရားနှင့် ယှဉ်လျှင် များစွာ အားနည်းနေသေးသည်။ မိစ္ဆာနတ်ဘုရားနှင့်အတူ ဟင်းလင်းပြင်အတွင်း ပိတ်မိသွားခြင်းမှာ သာမန်လူတစ်ယောက် ကျားတစ်ကောင်နှင့်အတူ လှောင်အိမ်ထဲတွင် ပိတ်မိသွားခြင်းနှင့် ဘာကွာပါမည်နည်း။
သူတို့ အသက်ရှင်နိုင်ရန် ဖြစ်နိုင်ပါမည်လား။ ယီယွင်နှင့် လင်ရှင်းထုံ မရှိဘဲ မိစ္ဆာနတ်ဘုရားကို တားဆီးနိုင်မည့်သူ မရှိတော့ပေ။
လူများမှာ အားကိုးရာမဲ့နေကြစဉ်တွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ နေဝင်ချိန် အရှင်သခင် ပေါ်လာပြီး သူသည် ထျန်းယွမ်လောကရှိ စစ်သည်တော်အားလုံးအတွက် ထွက်ပေါက်တစ်ခု ရှာတွေ့ထားကြောင်း ကြေညာလိုက်လေသည်။