အခန်း (၇၇၁-၇၇၂)
Vol. 61 Ch. 771-772
အခန်း ၇၇၁ - အသုံးမဝင်ခြင်း၊ အကြွင်းမဲ့ယုံကြည်သွားခြင်း၊ ပူးပေါင်းသုတေသနပြုခြင်းနှင့် ကျူးကျော်ဝင်ရောက်လာသူ
“ထုတ်လို့ မရတာ မဟုတ်ပါဘူး။ ဒီအရာက ထုတ်ပြီးသွားရင်တောင် သိပ်ပြီး အသုံးဝင်မှာ မဟုတ်ဘူး။”
“အသုံးမဝင်ဘူး ဟုတ်လား။”
ကေဒါ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။ အကယ်၍ ရှောင်းယီသာ သူ၏ဘေးတွင် ရှိမနေပါက သူသည် ဒေါသတကြီး ဆဲဆိုမိတော့မည်ဖြစ်သည်။
ထိုအရာသည် သူကိုယ်တိုင် အချိန်အတော်ကြာ စဉ်းစားပြီးမှ ထွက်ပေါ်လာသည့် ကောင်းမွန်သော စိတ်ကူးတစ်ခု ဖြစ်သော်လည်း ဤအပြင်လူက အသုံးမဝင်ဟု ပွင့်လင်းစွာ ပြောလိုက်ခြင်းကြောင့်ပင်။
၎င်းစိတ်ကူးမှာ အမှန်တကယ် အောင်မြင်မည်လားဆိုသည်ကို သူကိုယ်တိုင် မသေချာသော်လည်း သူတစ်ပါးက ဤမျှ ဗူးပေါ်သလို ပွင့်လင်းစွာ ပြောဆိုလိုက်ခြင်းမှာ စိတ်နာကျင်စရာ ကောင်းလှပေသည်။
ကေဒါ၏ မျက်နှာပေါ်ရှိ မကျေနပ်မှုများကို ရှောင်းယီက အတိုင်းသား မြင်လိုက်ရရာင့် ချက်ချင်းပင် ပြောလိုက်၏။
“အလုပ်သမား ဝမ် ဒီအစိတ်အပိုင်းရဲ့ အခြေအနေကို အသေးစိတ် ရှင်းပြပေးပါဦး။”
ကေဒါသည် ဝမ်ရှင်းဖုန်းအား ရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်၏။ ဤလူသည် အမှန်တကယ် ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်မလားဆိုသည်ကို သူ စောင့်ကြည့်ချင်နေမိသည်။
ဝမ်ရှင်းဖုန်းသည် ခေါင်းငြိမ့်ပြကာ ပုံကြမ်းစာရွက်ကို ထောက်ပြပြီး စတင်ရှင်းပြတော့လေသည်။
“ဒီအစိတ်အပိုင်းက စက်တစ်ခုခုရဲ့ စွမ်းအင်ကူးပြောင်းမှုကို မြှင့်တင်ဖို့ ဖြစ်သင့်တယ်။ ဒါပေမဲ့ ဒီအစိတ်အပိုင်းကတော့ စိတ်ကူးယဉ်ဆန်လွန်းနေတယ်။ ဒီမှာ ကြည့်ပါ...”
ဝမ်ရှင်းဖုန်းက ကျွမ်းကျင်ပိုင်နိုင်စွာ ရှင်းပြနေ၏။ အစပိုင်းတွင် ကေဒါသည် အထင်မကြီးသလို ကြည့်နေခဲ့သော်လည်း တဖြည်းဖြည်းနှင့် သူ၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်လာခဲ့သည်။
ဝမ်ရှင်းဖုန်း၏ ရှင်းပြမှုများ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ကေဒါသည် မူလတန်းကျောင်းသားတစ်ယောက်ကဲ့သို့ ဖြစ်သွားပြီး သူနားမလည်သည်များကို မပြတ်မေးမြန်းတော့လေသည်။ ရှောင်းယီ၏ ညွှန်ကြားချက်အရ ဝမ်ရှင်းဖုန်းသည်လည်း သူသိသမျှကို အကုန်ဖြေကြားပေးခဲ့သည်။
“နားလည်ပြီ။ ဒါကြောင့်ကိုး...။”
ကေဒါ၏ မျက်လုံးများ တောက်ပလာ၏။
“ငါတို့စက်တွေ ဘာလို့ နှေးနေရလဲဆိုတာ မဆန်းတော့ဘူး။”
ထိုသို့ ရေရွတ်ပြီးနောက် ကေဒါသည် ဝမ်ရှင်းဖုန်းကို လက်အုပ်ချီ၍ အရိုအသေပေးကာ ပြောလိုက်လေသည်။
“ဝမ်ရှင်းဖုန်း ကျုပ် ခင်ဗျားကို ဆရာတင်ချင်ပါတယ်။ ကျေးဇူးပြုပြီး ကျုပ်ကို တပည့်အဖြစ် လက်ခံပေးပါ။”
ကေဒါ၏ တုံ့ပြန်မှုကို မြင်သောအခါ ဝမ်ရှင်းဖုန်းမှာ မှင်တက်သွားပြီး အလျင်အမြန်ပြောလိုက်၏။
“ဆရာတင်စရာ မလိုပါဘူး။ ကျုပ်တို့ စက်မှုပညာရပ်ဆိုင်ရာ ကိစ္စတွေကို အတူတူ ဆွေးနွေးလို့ ရပါတယ်။”
ကေဒါက ခေါင်းခါလိုက်သည်။
“ခင်ဗျားရှေ့မှာတော့ ကျုပ်က နားထောင်ပြီး မေးခွန်းမေးဖို့ပဲ တတ်နိုင်တာပါ။ ဆွေးနွေးဖို့အထိတော့ ကျုပ်မှာ အရည်အချင်း မရှိသေးပါဘူး။”
ထိုစဉ် ရှောင်းယီက ရယ်မောကာ ပြောလိုက်၏။
“ဆရာတင်တယ်ဆိုတာက အလေးအနက်ကြီး ဖြစ်လွန်းနေပါပြီ။ နောက်ပိုင်းမှာ ကေဒါက စက်မှုပြဿနာတွေကို အလုပ်သမား ဝမ်ဆီမှာ မကြာခဏ လာရောက် တိုင်ပင်လို့ ရတာပဲလေ။ မဟုတ်ဘူးလား။”
ကေဒါသည် အနည်းငယ် မျက်မှောင်ကျုံ့ကာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
“ဒါလည်း ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ ကျုပ် မေးချင်တာက စွမ်းအင်ကူးပြောင်းမှု ပိုကောင်းအောင် ဒီအစိတ်အပိုင်းကို ဘယ်လို ပြင်ဆင်ရမလဲ ဆိုတာပဲ။”
ဝမ်ရှင်းဖုန်းသည် ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
“တကယ့် စက်ပစ္စည်းကို မမြင်ရဘဲနဲ့တော့ စိတ်ကူးထဲမှာတင် ပုံဖော်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘယ်အစိတ်အပိုင်းကိုမဆို စက်တစ်ခုလုံးနဲ့ ကိုက်ညီဖို့ လိုပါတယ်။ စွမ်းအင်ကူးပြောင်းမှု အရမ်းကောင်းတဲ့ အစိတ်အပိုင်းတစ်ခုကို ဒီဇိုင်းဆွဲနိုင်ခဲ့ရင်တောင် စက်တစ်ခုလုံးနဲ့ မကိုက်ညီရင် အသုံးမဝင်ပါဘူး။”
“မှန်လိုက်လေ။ ကျွန်းပိုင်ရှင်ရှောင်း ကျေးဇူးပြုပြီး ကျုပ်တို့အတွက် သတ္တုတွင်းတူးဖော်စက်တစ်လုံးလောက် ရွှေ့ပေးပါဦး။”
ကေဒါသည် သူ၏ဘေးရှိ ရှောင်းယီကို အလောတကြီး ပြောလိုက်၏။
“ကောင်းပါပြီ။ ကျုပ်ကတော့ တောက်တိုမယ်ရဖြစ်သွားပြီပဲ။ ခဏစောင့်ပါဦး။”
ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်ပြီးနောက် အနီးဆုံး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ သွားကာ သတ္တုတွင်းတူးဖော်စက်တစ်လုံးကို လဲလှယ်ရယူလိုက်သည်။ ထို့နောက် လူလွှတ်၍ ဝမ်ရှင်းဖုန်း၏ ဘေးသို့ တွန်းပို့ခိုင်းလိုက်လေသည်။
“အလုပ်သမား ဝမ်။ ကြည့်ပါ၊ ဒီလိုမျိုးစက်ပဲ။ ကျုပ်က ဒီအစိတ်အပိုင်းကို မြှင့်တင်ချင်တာ...”
ကေဒါသည် ဝမ်ရှင်းဖုန်းကို စက်အနီးသို့ ဆွဲခေါ်သွားပြီး အစိတ်အပိုင်းတစ်ခုကို ထောက်ပြကာ စတင်ပြောဆိုတော့၏။
ရှောင်းယီသည် သူတို့ သတ္တုတွင်းတူးဖော်စက်ကို အလေးအနက် လေ့လာနေသည်ကို ကြည့်နေခဲ့သည်။ ထို့နောက် ထိုနေရာတွင် သူ့အတွက် လုပ်စရာ မရှိတော့သဖြင့် တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။
စက်မှုကုန်ထုတ်စက်ရုံမှ ထွက်လာစဉ် အဝေးမှ ဆူညံသံများကို ကြားလိုက်ရသဖြင့် ရှောင်းယီသည် ထိုအသံနောက်သို့ လိုက်သွားခဲ့လိုက်သည်။
“ဘာလို့ ငါ့ကို ဖမ်းတာလဲ။ ပင်လယ်လမ်းကြောင်းပေါ်မှာ ခရီးသွားခွင့် မရှိဘူးလား။”
အသက် ၂၀ ကျော် လူငယ်တစ်ဦးသည် ၎င်း၏လည်ပင်းကို မတ်ထားပြီး ပြောနေ၏။
သူ့ဘေးရှိ ယီရန်ပင်းစစ်သားက တင်းမာစွာဖြင့် ပြောလိုက်သည်။
“ခရီးသွားလို့ ရပါတယ်။ ဒါပေမဲ့ ကျုပ်တို့ရဲ့ နယ်နိမိတ်အတွင်းကို ဝင်လာပြီဆိုရင်တော့ စစ်ဆေးတာကို လက်ခံရမယ်။ ကျေးဇူးပြုပြီး ပူးပေါင်းဆောင်ရွက်ပေးပါ။”
“နယ်နိမိတ်လား။ ဒီပင်လယ်က အများပိုင်ပဲလေ။ ဘယ်ဥပဒေက ဒါ ခင်ဗျားတို့ရဲ့ နယ်နိမိတ်လို့ ပြောထားလို့လဲ။”
ထိုလူငယ်က ပြန်၍ ရန်တွေ့လေသည်။
စစ်သားက မျက်မှောင်ကျုံ့သွား၏။ ထိုစဉ် ရှောင်းယီ လှမ်းလာပြီး စစ်သား၏ ပုခုံးကို ပုတ်လိုက်သည်။ စစ်သားက လှည့်ကြည့်လိုက်သောအခါ ရှောင်းယီ ဖြစ်နေသည်ကို မြင်သဖြင့် ချက်ချင်းပင် “ကျွန်းပိုင်ရှင်” ဟု ရိုသေသေဖြင့် ပြောလိုက်၏။
“မင်းက ဒီကျွန်းရဲ့ အကြီးအကဲလား။”
လူငယ်က ရှောင်းယီကို စူးစမ်းစွာ ကြည့်လိုက်သည်။ရှောင်းယီက ခေါင်းညိတ်ပြကာ ပြောလိုက်၏။
“မင်းက ကိုဩဒိနိတ်တွေအရ လာတာလား။ ဒါမှမဟုတ် ဒီအတိုင်း ဖြတ်သွားတာလား။”
“ဖြတ်သွားတာပေါ့။ ငါက ပင်လယ်လမ်းကြောင်းအတိုင်း ခရီးသွားနေတာ။ မင်းတို့ကျွန်းက ဒီလမ်းကြောင်းပေါ်မှာ ရှိနေလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ။”
ထိုလူငယ်က ပြောလိုက်သည်။
“ဒါဆိုရင်လည်း ထွက်သွားပေးပါ။ ငါတို့ စစ်သားတွေ အထင်လွဲစေမယ့် အပြုအမူမျိုး မလုပ်ပါနဲ့။ မဟုတ်ရင် သူတို့ မင်းကို ဒဏ်ရာရအောင် လုပ်မိရင် မင်းပဲ နာမှာ။”
ရှောင်းယီက လက်ယမ်းပြကာ ထိုသူကို လွှတ်ပေးရန် အချက်ပြလိုက်သည်။
သို့သော် ထိုလူငယ်က လက်မခံဘဲ ပြန်ပြောလာ၏။
“ငါ ဒီကို ရောက်နေမှတော့ တစ်ပတ်လောက်တော့ လည်ပတ်ကြည့်ရမှာပေါ့။”
“မင်း တစ်ယောက်တည်းလား။”
ရှောင်းယီက စပ်စုသည့်သဘောဖြင့် မေးလိုက်သည်။
“ဒါပေါ့၊ ဒါပေမဲ့ ငါ သင်္ဘောသားတွေ စုဆောင်းနေတယ်။ မင်း ငါ့ဆီ ဝင်မလား။ ငါက ပင်လယ်ဓားပြဘုရင် ဖြစ်လာမယ့်လူပဲ။”
ထိုလူငယ်က စိတ်လှုပ်ရှားစွာ ပြောလာခဲ့သည်။
“ကောင်းပါပြီ။ မင်းအတွက် ကံကောင်းပါစေ။ ငါကတော့ ယောက်ျားတစ်ယောက်ရဲ့ လက်အောက်ခံ ဖြစ်ဖို့ စိတ်မဝင်စားဘူး။”
ရှောင်းယီက မတတ်သာသည့်လေသံဖြင့် ပြောလိုက်သည်။
“မှတ်ထားပါ၊ ကျွန်းပေါ်မှာရှိတဲ့ အပန်းဖြေစခန်းကိုပဲ သွားလို့ရမယ်။ တခြားနေရာတွေကိုတော့ သွားခွင့်မပြုဘူး။”
ထိုသို့ပြောပြီးနောက် ရှောင်းယီ လှည့်ထွက်လာခဲ့သည်။
ထိုလူငယ်မှာ ရှောင်းယီ၏ စကားကို ကြားသောအခါ မှင်တက်သွားပြီးမှ သတိဝင်လာကာ ပြောလိုက်၏။
“ငါပြောတာက ပင်လယ်ဓားပြဘုရင်လို လူစားမျိုး ဖြစ်မှာလို့ ပြောတာလေ။ မင်းက ဘယ်လိုတွေ နားလည်သွားတာလဲ။ မင်းက ကျွန်းပိုင်ရှင် ဖြစ်ပြီးတော့ကွာ...။”
ထိုစဉ် ဘေးမှ စစ်သားက ပြောလိုက်သည်။
“သွားရအောင်။ ငါ မင်းကို အပြင်အထိ လိုက်ပို့ပေးမယ်။”
လူငယ်သည် ပွစိပွစိ ရေရွတ်ရင်း ထွက်သွားတော့လေသည်။
ကေဒါနှင့် ဝမ်ရှင်းဖုန်းတို့ အဖွဲ့သည် သတ္တုတွင်းတူးဖော်စက်ကို တစ်မနက်လုံး ဝိုင်းဝန်းလေ့လာခဲ့ကြသည်။ အားလုံး၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် သူတို့သည် စက်တစ်ခုလုံးကို အသစ်ပြန်လည်ပုံစံထုတ်နိုင်ခဲ့ကြ၏။
ထိုအချိန်အတွင်း ကေဒါသည် ဝမ်ရှင်းဖုန်းနှင့် တခြားသူများကို အကြွင်းမဲ့ ယုံကြည်လေးစားသွားခဲ့သည်။ ဝမ်ရှင်းဖုန်း တစ်ဦးတည်းသာမကဘဲ ဤနေရာရှိ အခြားအပြင်လူများမှာလည်း စက်မှုပညာရပ်ဆိုင်ရာ သီအိုရီပိုင်းတွင် သူ့ထက် များစွာ သာလွန်နေကြလေသည်။
အမှန်တကယ် လက်တွေ့ လုပ်ဆောင်မှုပိုင်းတွင်မူ ဝမ်ရှင်းဖုန်းတို့မှာ ကေဒါကို မမီကြသေးပေ။
“အကယ်၍ ဒီဒီဇိုင်းအတိုင်းသာ ထုတ်လုပ်နိုင်ရင် ဒီသတ္တုတွင်းတူးဖော်စက်က ဒီကမ္ဘာပေါ်မှာ ရှိသမျှ သတ္တုတွင်းတူးဖော်စက်တွေအားလုံးကို သာလွန်သွားမှာ အသေအချာပဲ။”
ကေဒါသည် သူတို့ဆွေးနွေးထားသည့် ဒီဇိုင်းပုံစံများကို ကြည့်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ ဝမ်ရှင်းဖုန်းက ခေါင်းခါလိုက်သည်။
“အဲဒီလိုတော့ ပြောလို့မရသေးပါဘူး။ အနည်းဆုံးတော့ ဒီထက် အဆပေါင်းများစွာ သာလွန်တဲ့ သတ္တုတွင်းတူးဖော်စက်တစ်ခုအကြောင်းကို ကျုပ်သိထားတယ်။”
ကေဒါမှာ မှင်တက်သွားခဲ့သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
“ကျွန်းပိုင်ရှင်ဆီမှာ အခု ကျုပ်တို့ရဲ့ အခြေအနေနဲ့ မထုတ်လုပ်နိုင်သေးတဲ့ သတ္တုတွင်းတူးဖော်စက်တစ်လုံး ရှိတယ်။ အဲဒီစက်ရဲ့ လုပ်ဆောင်နိုင်စွမ်းက အခု ကျုပ်တို့ သုတေသနလုပ်ထားတဲ့ စက်ထက် အဆတစ်ရာမက သာလိမ့်မယ်။”
ဝမ်ရှင်းဖုန်းက ဖြေကြားလိုက်သည်။
“အဆတစ်ရာ ဟုတ်လား။”
ကေဒါ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။”
“ကျုပ်လည်း မယုံနိုင်စရာလို့ ထင်ခဲ့ပေမဲ့ ဒါက အမှန်တရားပဲ။ ကျုပ်တို့အရင်ကမ္ဘာမှာလည်း အလိုအလျောက် သတ္တုတွင်းတူးဖော်စက်တွေ ရှိခဲ့ဖူးပေမဲ့ ကျွန်းပိုင်ရှင် ထုတ်ပြထားတဲ့ စက်လောက် အဆင့်မမြင့်ကြဘူး။”
ဝမ်ရှင်းဖုန်းက ခေါင်းခါရင်း ပြောလိုက်သည်။ အံ့သြမှုများအပြီးတွင် ကေဒါ၏ မျက်နှာတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်သွားခဲ့၏။
“အခွင့်အရေးရရင် မင်းပြောတဲ့ အဲဒီသတ္တုတွင်းတူးစက်ကို ငါ အသေအချာ ကြည့်ချင်သေးတယ်။”
“စိတ်မပူပါနဲ့။ အခွင့်အရေး ရလာမှာပါ။”
ဝမ်ရှင်းဖုန်းက ပြုံးကာ ပြောလိုက်သည်။ ကေဒါက ခေါင်းညိတ်လိုက်၏။
“ဒီဒီဇိုင်းပုံစံတစ်စုံကို ငါ အရင်ယူသွားလို့ ရမလား။”
ဤဒီဇိုင်းအတွက် ဝမ်ရှင်းဖုန်းနှင့် အခြားသူများက ၉၀ ရာခိုင်နှုန်းကျော် ပါဝင်ကူညီခဲ့ခြင်းဖြစ်၏။ ကေဒါသည်မူ သူတို့လေ့လာရန်အတွက် အခြေခံစက်တစ်လုံးကိုသာ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
အခန်း ၇၇၂ - လူပုဘုရင် တစ်ကျော့ပြန် အံ့အားသင့်ခြင်းနှင့် စားနပ်ရိက္ခာ ဝယ်ယူရန် ကြိုးပမ်းခြင်း
“ဒါပေါ့။ ရပါတယ်။ ခင်ဗျားရဲ့ အခြေခံစက်သာ မရှိခဲ့ရင် ကျုပ်တို့လည်း ဒီလိုမျိုး သတ္တုတွင်းတူးဖော်စက်ကို စိတ်ကူးထဲကနေ အလိုလို ထုတ်လုပ်နိုင်မှာ မဟုတ်ဘူး။”
ဝမ်ရှင်းဖုန်းက ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။
စက်တစ်လုံးလုံးကို အစကနေ အဆုံးထိ ဒီဇိုင်းဆွဲရန်မှာ အချိန်နှင့် လုပ်အား အလွန်အမင်း ပေးဆပ်ရသည့် အလုပ်တစ်ခု ဖြစ်သည်။
ဒီဇိုင်း ပြီးသွားလျှင်တောင် လက်တွေ့တွင် အမှန်တကယ် အသုံးပြုနိုင်ခြင်း ရှိ၊ မရှိကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ပြီး ဖြစ်နိုင်ခြေရှိပါက စမ်းသပ်ထုတ်လုပ်ခြင်းနှင့် ကိရိယာများကို ညှိနှိုင်းပြင်ဆင်ခြင်းများအတွက် အချိန်အများကြီး ထပ်ပေးရဦးမည် ဖြစ်သည်။
သို့သော် ရှိပြီးသားစက်ကိုသာ အဆင့်မြှင့်တင်ခြင်းသည်မူ အလုပ်၏ဝန်ထုတ်ဝန်ပိုးကို သိသိသာသာ လျှော့ချပေးနိုင်သည့်အပြင် အကြမ်းထည်စက်ပစ္စည်းနှင့် အစိတ်အပိုင်း ထုတ်လုပ်ရေးစက်များ၏ အကူအညီကြောင့် အလုံးစုံ တိုးတက်မှုမှာ ပို၍မြန်ဆန်လှပေသည်။
“ကျေးဇူးတင်ပါတယ်။ ဒီသတင်းကောင်းကို အရှင်မင်းကြီးဆီ အမြန်ဆုံး သွားသတင်းပို့လိုက်ဦးမယ်။”
ကေဒါက ဝမ်းသာအားရ ပြောလိုက်သည်။ ထို့နောက် ကေဒါသည် အသစ်စက်စက် ဒီဇိုင်းပုံစံကို ယူဆောင်ပြီး လူပုဘုရင်ထံသို့ အပြေးအလွှား သွားရောက်ခဲ့လေသည်။
“အရှင်မင်းကြီး။ အဲ့ဒီအပြင်လူတွေရဲ့ စက်မှု အသိပညာက ဘယ်လောက်တောင် ကျယ်ပြန့်လဲဆိုတာ အရှင် ယုံမှာတောင် မဟုတ်ဘူး။”
ကေဒါက ဝင်လာချင်းမှာပင် အံ့သြတကြီး အော်ပြောလိုက်၏။ လူပုဘုရင်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ။ မင်း ခုနကပဲ အစိတ်အပိုင်းတစ်ခု ထုတ်ခိုင်းဖို့ သွားတာ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်တောင် ဖြစ်ပျက်နေရတာလဲ။”
“ကျွန်တော်မျိုး အရင်က လိုချင်ခဲ့တဲ့ အစိတ်အပိုင်းက အခု အသုံးမဝင်တော့ဘူး။”
ကေဒါက ပြန်ဖြေကာ အခြေအနေအားလုံးကို အသေးစိတ် ရှင်းပြပြီး အသစ်ဒီဇိုင်းဆွဲထားသည့် သတ္တုတွင်းတူးဖော်စက် ပုံစံကို တင်ပြလိုက်လေသည်။
ကေဒါ၏ ရှင်းပြချက်ကို ကြားပြီးနောက် လူပုဘုရင်၏ မျက်လုံးများ ပြူးသွားခဲ့သည်။
“မင်းပြောတာက ဒီသတ္တုတွင်းတူးဖော်စက်အသစ်ရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ အရင်စက်ထက် ၈ ဆကျော် ပိုမြန်တယ်ဆိုတာ ဟုတ်သလား။”
ကေဒါသည် အလွန်တည်ကြည်လေးနက်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
“ဒါကတောင် အနည်းဆုံး ခန့်မှန်းချက်ပဲရှိပါသေးတယ်။ အဲဒီထက်တောင် ပိုကောင်းနိုင်သေးတယ်။”
“ဒါ အတော်လေး ကောင်းတာပဲ။ ဒါဆိုရင် ပင်လယ်ရေက ကုန်းမြေကို ဝါးမျိုမသွားခင်မှာ ငါတို့ သတ္တုရိုင်းတွေကို အရင်ကထက် အများကြီး ပိုတူးနိုင်တော့မယ်။”
လူပုဘုရင်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ ဘုရင်ကြီးသည် ကေဒါအား မူလစက်ကို အဆင့်မြှင့်တင်ရန် ခိုင်းစေခဲ့ခြင်းမှာ လက်ရှိတူးဖော်နိုင်စွမ်းနှင့်ဆိုလျှင် ကုန်းမြေနစ်မြုပ်မည့်အချိန်၌ သတ္တုတွင်းများစွာမှာ တူးဖော်ပြီးစီးခြင်းမရှိဘဲ ကျန်ရစ်နေခဲ့မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
တူးဖော်မှုနှုန်းကို မြှင့်တင်နိုင်မည်ဆိုပါက သတ္တုရိုင်း ပိုမိုရရှိမည်ဖြစ်ပြီး ကုန်ကြမ်းစုဆောင်းမှုသည်လည်း ပိုမိုများပြားလာမည်ဖြစ်သည်။ ဤနည်းဖြင့် အုတ်မြစ်ကျောက်ကျွန်းဆီသို့ ရွှေ့ပြောင်းပြီးပါကလည်း လူပုမျိုးနွယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ကုန်ကြမ်းပြတ်လပ်မှုကြောင့် အဟန့်အတား ဖြစ်မည်မဟုတ်တော့ပေ။
“ဒါပေမဲ့ အခု ပြဿနာတစ်ခုရှိတာက ဒါကို ရှောင်းယီတို့ဘက်က တီထွင်ဒီဇိုင်းဆွဲထားတာဆိုတော့...”
ကေဒါက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
“ဝယ်လိုက်။ သူတို့ရဲ့ မူပိုင်ခွင့်ကို အပြတ်ဝယ်လိုက်။”
ချမ်းသာကြွယ်ဝလှသော လူပုဘုရင်သည် လက်ကိုဝှေ့ယမ်းကာ ပြတ်ပြတ်သားသား အမိန့်ပေးလိုက်၏။ ကေဒါက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျွန်တော်မျိုး ရှောင်းယီနဲ့ ဒီကိစ္စကို ဆွေးနွေးလိုက်ပါ့မယ်။”
ဘုရင်ကြီး စိတ်အေးသွားပြီးနောက် ရုတ်တရက် မေးလိုက်ပြန်သည်။
“ရှောင်းယီနဲ့ အဲ့ဒီအပြင်လူတွေက တကယ်ပဲ စက်မှုပညာမှာ အရမ်းကျွမ်းကျင်ကြတာလား။”
ကေဒါက ခေတ္တစဉ်းစားပြီး သတိထား၍ ဖြေကြားလိုက်သည်။
“တခြားသူတွေကိုတော့ ကျွန်တော်မျိုး မသိပါဘူး။ ဒါပေမဲ့ ဝမ်ရှင်းဖုန်းကတော့ စက်မှုပိုင်းမှာ အရမ်းတော်တယ်။ သူ့လက်အောက်က လူတွေလည်း တော်တော်လေး အရည်အချင်းရှိကြတယ်။”
ဘုရင်ကြီးက ခေါင်းညိတ်ကာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်၏။
“ငါတို့ သူတို့နဲ့ အလုံးစုံ ပူးပေါင်းလဲလှယ်မှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ မင်း ထင်သလား။”
“လိုအပ်ပါတယ်။”
ကေဒါက ပြတ်သားစွာ ပြောလိုက်သည်။
“အဲ့ဒီအပြင်လူတွေဆီမှာ သင်ယူစရာတွေ အများကြီး ရှိတယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။ ဥပမာ သူတို့ရဲ့ နေ့စဉ်သုံး ပစ္စည်းတွေဆိုရင် အစုံအလင်ရှိပြီး အရမ်းကို အဆင်ပြေလွန်းပါတယ်။”
လူပုဘုရင်က ခေါင်းညိတ်ကာ ဘာမှမပြောဘဲ အတွေးနက်သွားဟန် ရှိ၏။ ကေဒါသည်လည်း ဘုရင်ကြီး ဘာမှမပြောတော့သဖြင့် ပြန်ထွက်ခွာလာခဲ့ပြီး လူပုနိုင်ငံ၏ စက်မှုလက်မှု စက်ရုံများကို အသုံးပြု၍ ထိုသတ္တုတွင်းတူးဖော်စက်ကို စမ်းသပ်ထုတ်လုပ်ရန် ပြင်ဆင်တော့လေသည်။
ကေဒါ ထွက်သွားပြီးနောက် ဝမ်ရှင်းဖုန်းသည် ရှောင်းယီထံသို့ ရောက်လာခဲ့၏။
“ကျွန်းပိုင်ရှင် ကေဒါတို့ရဲ့ သတ္တုတူးဖော်ရေး စက်ပစ္စည်းကို အခြေခံပြီး ကျုပ်တို့ အဆင့်မြှင့်တင်လိုက်တဲ့အတွက် အခု သတ္တုတူးဖော်စက်အသစ်ကို ဒီဇိုင်းဆွဲပြီးပါပြီ။ ခန့်မှန်းခြေအရ လက်ရှိစက်တွေထက် ၇ ဆလောက် ပိုမြန်ပါလိမ့်မယ်။”
ဝမ်ရှင်းဖုန်းက သတင်းပို့လိုက်သည်။
ဒါက အရမ်းမြန်လွန်းမနေဘူးလား။”
ရှောင်းယီ အနည်းငယ် အံ့သြသွား၏။
“ဒီဇိုင်းပုံစံ ရှိလား။”
“ရှိပါတယ်။”
ထို့နောက် ဝမ်ရှင်းဖုန်းသည် ပုံစံစာရွက်ကို ထုတ်ပြသည်။
“အင်း မင်းတို့ ဒီပရောဂျက်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ဒါကို အပြင်ကို ရောင်းချတဲ့အခါ ရလာတဲ့ အမြတ်ငွေရဲ့ ၅ ရာခိုင်နှုန်းကို မင်းတို့အတွက် ဆုကြေးအဖြစ် ငါ သတ်မှတ်ပေးမယ်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်၏။
“ကျွန်းပိုင်ရှင် ဒါက ကျုပ်တို့ လုပ်သင့်လုပ်ထိုက်တာပါ။ ဆုကြေးတွေ ဒီလောက်အများကြီး မယူခံဝံ့ပါဘူး။”
ဝမ်ရှင်းဖုန်းက အလျင်အမြန်ငြင်းဆန်လိုက်သည်။
“ပြီးတော့ ဒါက ကျုပ်တို့ သီးသန့်တီထွင်တာ မဟုတ်ဘဲ ရှိပြီးသားကို အဆင့်မြှင့်တင်လိုက်ရုံပါပဲ။”
“အဆင့်မြှင့်တင်တာကလည်း မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုပဲလေ။ အလုပ်လုပ်ရင် ထိုက်တန်တဲ့ အကျိုးခံစားခွင့် ရှိရမယ်။ ဒါက မင်းတို့ ရသင့်ရထိုက်တာပဲ။”
ရှောင်းယီက ပြုံးကာ ဆို၏။
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
ဝမ်ရှင်းဖုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ရှောင်းယီသည် ပစ္စည်းတစ်ခုကို အပြင်သို့ မည်မျှအထိ ရောင်းချနိုင်သည်ကို သူ အတိအကျ မသိသော်လည်း တခြားသူများ ပြောဆိုနေကြသည့်စကားများအရ အရေအတွက်မှာ နည်းမည်မဟုတ်ကြောင်း သူ သိနေ၏။ အရောင်းအဝယ်တစ်ခုလျှင် အနည်းဆုံး သိန်းချီ၊ သန်းချီ၍ ရှိနေတတ်ပြီး ဘီလီယံချီသော အရောင်းအဝယ်များပင် ရှိသည်ဟု သူကြားခဲ့ဖူးသည်။ ထို့ပြင် ၎င်းတို့မှာ အုတ်မြစ်ကျောက် အရေအတွက်များ ဖြစ်ပြီး ငွေကြေးအဖြစ် ပြောင်းလဲပါက အဆတစ်ရာပိုများသွားမည်ဖြစ်၏။
အနည်းငယ်မျှ တွေးကြည့်ရုံဖြင့် သူတို့ စက်မှုထုတ်လုပ်ရေးဌာနမှ ရရှိမည့် ဆုကြေးငွေမှာ နည်းနည်းလေးမဟုတ်ကြောင်း ဝမ်ရှင်းဖုန်း သိလိုက်သည်။
“ဆက်ပြီး ကြိုးစားကြပါ။ အခြေအနေတွေက ပိုကောင်းလာဦးမှာပါ။”
ရှောင်းယီက အားပေးလိုက်၏။
“ဟုတ်ကဲ့ပါ။”
ဝမ်ရှင်းဖုန်းက ပြန်ဖြေကာ ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။
ရှောင်းယီသည် ထုတ်လုပ်မှုပုံစံကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင် အနားတွင် ထားလိုက်သော်လည်း ကျောက်တိုင်မှ ပစ္စည်းထုတ်လုပ်မှုပုံစံကွက် ရရှိကြောင်း အသိပေးချက် တက်မလာခဲ့ပေ။
“ဘာဖြစ်တာလဲ။ အရင် ရေနွေးငွေ့အင်ဂျင် ပုံစံကွက်တုန်းက ပစ္စည်းပုံစံအဖြစ် သုံးလို့ ရခဲ့တာပဲကို။”
ရှောင်းယီက ဇဝေဇဝါဖြင့် ရေရွတ်လိုက်သည်။
“ဒါကို ဓာတ်ခွဲခန်းထဲမှာ သုတေသန အရင်လုပ်ဖို့ လိုအပ်ပါတယ်။ ဓာတ်ခွဲခန်းကနေ ထွက်လာတဲ့ ပုံစံကွက်တွေပဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ ချိတ်ဆက်လို့ ရမှာပါ။ တခြားစက်တွေ ဒါမှမဟုတ် လူတွေ ဆွဲထားတဲ့ ပုံစံတွေကို ကျောက်တိုင်က အလိုအလျောက် အသိအမှတ် မပြုပါဘူး။”
စနစ်ဆီမှ အသံထွက်ပေါ်လာခဲ့သည်။
“ဓာတ်ခွဲခန်းမှာ ဒီလိုလုပ်ဆောင်ချက်လည်း ရှိတာလား။”
ရှောင်းယီ အံ့သြသွားကာ ဓာတ်ခွဲခန်းဆီသို့ ချက်ချင်း သွားလိုက်၏။
ပုံစံကွက်ကို ဓာတ်ခွဲခန်းသို့ လွှဲပြောင်းပေးခဲ့ပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လာခဲ့သည်။
“သေစမ်း ငါတို့ မဟာမိတ်အဖွဲ့ရဲ့ ရိက္ခာသုံးစွဲမှုက ပိုပိုပြီး မြန်လာနေပြီ။”
“မင်းက ငတုံးလား။ ရိက္ခာကို ကန့်သတ်လိုက်လေ။ ဒါမှ ပိုပြီး အချိန်ဆွဲထားနိုင်မှာပေါ့။”
“ရိက္ခာကို ကန့်သတ်လိုက်ရင် ဒေသခံတွေ အငတ်ဘေး ဆိုက်ကုန်မှာ မဟုတ်ဘူးလား။”
“ကိုယ့်ဗိုက်ကိုယ်တောင် ကိုယ်မဖြည့်နိုင်တဲ့အချိန်မှာ သူတို့ကို ဘယ်သူက ဂရုစိုက်နိုင်မှာလဲ။”
“ဒါလည်း ဟုတ်တာပဲ။ အခုက သနားကြင်နာနေရမယ့် အချိန်မဟုတ်ဘူး။ အရင်ဆုံး အသက်ရှင်အောင် လုပ်ဖို့ပဲ လိုတယ်။”
“သူဌေး အပိုရိက္ခာတွေ ရှိသေးလား။ အရေးပေါ်အတွက် နည်းနည်းလောက် ဝယ်ထားချင်လို့ပါ။”
“ဟုတ်တယ်။ ဗိုက်ဆာတဲ့ ဒဏ်က တကယ်ကို ကြောက်စရာကောင်းတယ်။”
“အဲဒါကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်ထားတာ ပိုကောင်းတယ်လို့ပြောတာပေါ့။ သူဌေး ဘယ်လိုလဲ။ အရေးပေါ်ရိက္ခာ နည်းနည်းလောက် ထုတ်ရောင်းပေးနိုင်မလား။”
“အရာရာတိုင်းကို သူဌေးဆီမှာပဲ မတောင်းကြနဲ့။ သူဌေးဆီမှာက ငါတို့ထက် ဒေသခံတွေ အများကြီး ပိုရှိနေမှာဆိုတော့ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ ရိက္ခာသုံးစွဲမှုကလည်း နက္ခတ္တဗေဒ ကိန်းဂဏန်းလောက်ကို ရှိနေမှာပဲ။”
“နက္ခတ္တဗေဒ ကိန်းဂဏန်း ဖြစ်နေရင်ရော ဘာဖြစ်လဲ။ သူဌေး အပြင်ကို ထုတ်ရောင်းနေတဲ့ ရိက္ခာတွေကလည်း နက္ခတ္တဗေဒ ကိန်းဂဏန်းလောက် ရှိတာပဲလေ။ ဒါက သူဌေးရဲ့ ထုတ်လုပ်မှုက အရမ်းများတယ်ဆိုတာ သက်သေပြနေတာပဲ။”
ဂရုထဲရှိ ပြောဆိုမှုများကို မြင်သောအခါ ရှောင်းယီက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
“ကျုပ်တို့ကျွန်းပေါ်က ရိက္ခာတွေကလည်း အကန့်အသတ်ရှိပါတယ်။ ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ စာရင်းတွေကို အရင်စစ်ဆေးပြီးလို့ အပိုရှိမယ်ဆိုရင်တော့ အပြင်ကို ရောင်းချပေးဖို့ စဉ်းစားပေးပါ့မယ်။”