အစ်ကိုနှစ်၏ လျှို့ဝှက်ချက်
Vol. 21 Ch. 291
“အခု မှောင်နေပြီ”
အစ်ကိုနှစ်၏ပါးစပ်မှ ထိုစကားလုံးများ ထွက်လာပြီးသည်နှင့် အစ်ကိုနှစ်၏ခန္ဓာကိုယ်အတွင်းမှလည်း အေးစက်စက်အရှိန်အဝါတစ်ခု ပျံ့နှံ့လာသည်။ ထိုအေးစက်စက်အရှိန်အဝါသည် ကောင်းကင်မှ အမှောင်ထုလို၊ အေးစက်၍ ရက်စက်သောညအချိန်လိုပင် ဖြစ်သည်။ ထိုအချိန်တွင် အစ်ကိုနှစ်သည် လုံးဝကွဲပြားခြားနားသော လူတစ်ဦးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်ဖြစ်သည်။
သူသည် စုမင်ဘေးတွင်သာ ရပ်နေခဲ့သော်လည်း သူ့အစ်ကိုနှစ်က ကွဲပြားခြားနားသွားကြောင်း စုမင်ရှင်းရှင်းလင်းလင်း ခံစားလိုက်မိသည်။ သို့သော်လည်း ယခင်ကတွေ့ခဲ့ဖူးသဖြင့် ဤအစ်ကိုနှစ်နှင့်လည်း မရင်းနှီးသည်တော့ မဟုတ်ပေ။
အစ်ကိုနှစ်၏ခြေထောက်များသည် လေထဲသို့ တစ်ဖြည်းဖြည်းမြင့်တက်လာပြီး မြေပြင်အထက် လက်မပေါင်းများစွာအကွာတွင် လွင့်မျောနေချေသည်။ သူ့ဆံပင်ရှည်များက လေထဲတွင် တဖျတ်ဖျတ်လူးလွန့်နေပြီး မျက်နှာပေါ်ရှိ အေးစက်စက်သီးသန့်ဆန်ဟန် အမူအယာကြောင့် သူ့ပုံစံက မယုံနိုင်လောက်အောင်ပင် ခက်ထန်နေခဲ့သည်။
ကောင်းကင်က မှောင်မည်းသွားပြီး ညအချိန်ရောက်လာသည်နှင့် အစ်ကိုနှစ်သည် သူ၏နေ့ဘက်ပင်ကိုယ်စရိုက်မှ ရှာဖွေနေသည့် ညအချိန်တွင်သာ ဖြစ်ပေါ်လာသည့် အမှောင်ထုအဖြစ် ပြောင်းလဲသွားခဲ့ချေသည်။
စုမင်၏မျက်လုံးထဲသို့ ဝင်လာသမျှအရာအားလုံးသည် တစ္ဆေတစ်ကောင်သဖွယ်လွင့်မျောနေသည့် အစ်ကိုနှစ်၏ အောက်ရှိမြေပြင်တွင် အမှောင်ထုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုအမှောင်ထုသည် နှင်းများမှဖြစ်ပေါ်လာခြင်းမဟုတ်ပဲ နှင်းများပေါ်တွင် ပေါက်ရောက်ကြီးထွားနေသည့် အနက်ရောင်မြက်ပင်များထံမှ ဖြစ်သည်။
“ညပိုင်းအချိန် မြက်တွေက အနက်ရောင်ပဲ... အဲဒါကို မင်းသိလား...”
လေထဲတွင် အစ်ကိုနှစ်အသံက ပဲ့တင်ထပ်လာသည်။ သူ့အသံဖြတ်သန်းသွားသည်နှင့် သူ့အနောက်ရှိ မြက်များထံမှ တရှဲရှဲအသံများထွက်ပေါ်လာသည်။ တိတ်ဆိတ်သောညအချိန်တွင် ထိုတရှဲရှဲမြည်သံများသည် လူတို့အားတစ်စုံတစ်ရာအကြောင်း တီးတိုးပြောပြနေသကဲ့သို့ပင်။
အနီးဆုံးရေခဲအိမ်ထံသို့ အစ်ကိုနှစ်ချဉ်းကပ်သွားသည့် အခိုက်အတန့်မှာပင် စူးရှသောလေတိုးသံတစ်သံနှင့်အတူ အနက်ရောင်မြားတစ်ချောင်း ထွက်ပေါ်လာခဲ့သည်။ ထိုမြားသည် ရေခဲအိမ်အတွင်းမှထွက်ပေါ်လာပြီး အစ်ကိုနှစ်ထံတိုးဝင်လာခဲ့သည်။
မြားပေါ်တွင် ရက်စက်ကြမ်းကြုတ်သော စိတ်တစ္ဆေအရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် အစ်ကိုနှစ်အား အရှင်လတ်လတ်ဆုတ်ဖြဲ၍ အငမ်းမရဝါးမြိုစားသောက်ချင်ဟန်ဖြင့် ဟိန်းဟောက်လိုက်သည်။
“ညအချိန်မှာ ငါအမှောင်ထုကို ရှာမတွေ့ဘူး... ငါကသာ... ညပဲ”
အစ်ကိုနှစ်၏အသံက အေးစက်နေသည်။ စကားပြောပြီးသည်နှင့် မြားလာရာဘက်သို့လှည့်လိုက်ပြီး ထိုအရာကို ရှောင်ရှားခြင်းပင် မပြုခဲ့ပေ။ မြားအား သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်သွားစေခွင့်ပြုထားခဲ့သော်လည်း သူ့ခန္ဓာကိုယ်က ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ထိုမြားက သူ့အားဖြတ်ကျော်သွားပြီး မြေပြင်ပေါ်ရှိ အနက်ရောင်မြက်များပေါ်သို့ ထိုးစိုက်ပြုတ်ကျသွားသည်။
အစ်ကိုနှစ်၏ခြေလှမ်းများက ရပ်တန့်မည့်အရိပ်အယောင် မပေါ်ပေ။ သူသည် ရှေ့သို့သာဆက်တိုးဝင်သွားပြီး ဖြစ်ပျက်သွားသောအရာကြောင့် စုမင်မျက်လုံးများ ကျဉ်းမြောင်းသွားရသည်။ မြားပေါ်ရှိ အနက်ရောင်အရှိန်အဝါမှ ဖြစ်ပေါ်ခဲ့သည့် စိတ်တစ္ဆေအရိပ်သည် အစ်ကိုနှစ်ထံ ပေါင်းစည်းသွားသကဲ့သို့ အစ်ကိုနှစ်၏ခန္ဓာကိုယ်ပတ်လည်တွင် ပေါ်လာသည်ကို စုမင်တွေ့လိုက်ရပြီး ထိုအရာက စူးရှစွာအော်မြည်သံများ ပြုလုပ်နေခဲ့သည်။
စိတ်တစ္ဆေအရိပ်သည် သည်းမခံနိုင်လောက်သည့် နာကျင်မှုအား ခံစားနေရဟန်ဖြင့် ၎င်း၏အော်မြည်သံက ကောင်းကင်ကိုပင် တုန်ခါသွားစေခဲ့သည်။ သို့သော် စုမင်အမြင်တွင်တော့ စိတ်တစ္ဆေအရိပ်သည် အစ်ကိုနှစ်၏ပတ်လည်တွင် လှည့်ပတ်နေပြီး တစ်ဖြည်းဖြည်းသေးငယ်လာသည်မှာ အချိန်မရွေး ပျောက်ကွယ်သွားတော့မည်ကဲ့သို့ပင် ဖြစ်သည်။
“မဟာ စိတ်တစ္ဆေတိုက်စားမှုပညာရပ်။ မင်းက ဘာကြောင့် စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုရဲ့ လျှို့ဝှက်ပညာရပ်ကို သိနေတာလဲ” မြားထွက်ပေါ်လာခဲ့ရာ ရေခဲအိမ်အတွင်းမှ အသံတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် ရေခဲအိမ်ထဲမှ လူတစ်ဦးလျှောက်ထွက်လာခဲ့သည်။
အဖြူရောင်ဝတ်ရုံရှည်နှင့်ထိုအမျိုးသား၏ မျက်လုံးများက စူးရှတောက်ပနေသာ်လည်း ယခုအချိန်တွင်တော့ ၎င်းတို့သည် အံ့အားသင့်၊ထိတ်လန့်မှုများကြောင့် တောက်ပနေခဲ့ခြင်း ဖြစ်သည်။
ထိုလူ လျှောက်လှမ်းထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် စူးရှသောလေတိုးသံမျသည် လေထုကိုဖြတ်သန်းထွက်ပေါ်လာပြီး မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု အနောက်ပိုင်းရှိ ရေခဲအိမ်များထဲမှ တစ်ဒါဇင်မကသော မြားများပျံသန်းထွက်ပေါ်လာခဲ့သည်။
ထိုမြားအများစုသည် အပြာရောင်ဖြစ်သော်လည်း အချို့က အနက်ရောင်များဖြစ်သည်။ ၎င်းတို့အထဲမှ တစ်ခု၏အနက်ရောင်အရှိန်အဝါသည် အလွန်သိပ်သည်းနေပြီး မြားပေါ်တွင် ဖြစ်ပေါ်နေသည့် စိတ်တစ္ဆေအရိပ်ကြီးသည်လည်း ပေ၁၀၀၀ခန့် မြင့်မားနေသည်။
ထိုမြင်ကွင်းသည် အစ်ကိုနှစ်ထံသို့ စိတ်တစ္ဆေများအတူတကွ ဟိန်းဟောက်လျက် ပြေးဝင်လာခဲ့ခြင်းနှင့်ပင် တူ၏။
စုမင်အမူအယာက ပြောင်းလဲသွားပြီး တွန့်ဆုတ်ခြင်းအလျင်းမရှိပဲ ရှေ့သို့တစ်လှမ်းတက်လိုက်သည်။ သူ့ဘေးတွင် အစိမ်းရောင်အလင်းတောက်ပသွားပြီး သေးငယ်သော ကျောက်စိမ်းဓားရှည်က လေထုကိုထိုးခွင်းလျက် ကောင်းကင်သို့တိုးဝင်သွားသည်။ သို့သော် ထိုအခိုက်အတန့်တွင် အစ်ကိုနှစ်သည် ရှေ့တိုးနေခြင်းကိုရပ်တန့်လိုက်ပြီး လက်များကိုဖြန့်ကားလိုက်သည်။ ထို့နောက် ညာလက်ကိုမြှောက်၍ ကောင်းကင်သို့ဦးတည်ကာ ကုပ်ဆွဲဟန်ပြုလိုက်သည်။
ထိုလှုပ်ရှားမှုက စုမင်အားမယုံကြည်နိုင်ဖြစ်သွားစေသည်။ သူ၏အစ်ကိုနှစ်လက်ထဲ၌ ကြီးမားသောလေးကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ထိုလေးကြီးက လုံးဝပကတိနက်မှောင်နေသည်။ လေး၏ကိုယ်ထည်ကို အနက်ရောင်သစ်သားဖြင့် ပြုလုပ်ထားပြီး လေကြိုးကိုတော့ အနက်ရောင်မြက်ဖြင့် ပြုလုပ်ထားသည်။ အစ်ကိုနှစ်သည် ထိုအရာကိုလက်ထဲတွင် ဆုပ်ကိုင်လိုက်ပြီး လေးကိုဆွဲလိုက်သည်။
“မဟာ စိတ်တစ္ဆေတိုက်စားမှုပညာရပ်တစ်ခုတည်းကိုပဲ ငါသိတာမဟုတ်ဘူး။ မင်းတို့ရဲ့ စိတ်တစ္ဆေလေးပစ်ခြင်း ပညာရပ်ကိုလည်းသိတယ်”
အစ်ကိုနှစ်၏အေးစက်စက်အသံသည် လေထဲသို့ပဲ့တင်ထပ်သွားပြီးသည်နှင့် သူသည် လေးကြိုးကိုအပြည့်အဝဆွဲလိုက်သည်။ သူ့လက်ထဲတွင် မြားတစ်ချောင်းမှမရှိသော်လည်း သူလေးကြိုးကိုလွှတ်လိုက်သည်နှင့် စုမင်အသက်ပင်ပြင်းပြင်း ရှူရှိုက်မိသွားခဲ့သည်။ လေးကြိုးကိုလွှတ်လိုက်သည့် အခိုက်အတန့်တွင် အစ်ကိုနှစ်၏ခန္ဓာကိုယ်က အနက်ရောင်အရှိန်အဝါအစုအဝေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို စုမင်မျက်လုံးများဖြင့် တပ်အပ်မြင်လိုက်ရချေသည်။ လေးညှို့မှလွှတ်လိုက်သော မြားတစ်ချောင်းသဖွယ် ထိုအရာသည် ကောင်းကင်မှ မိုးရွာသကဲ့သို့ကျဆင်းလာနေသည့် မြားများထံ တိုးဝင်သွားသည်။
ဤမြင်ကွင်းအား ဖော်ပြရန်ပင်ခက်ခဲပေသည်။ စုမင်အမြင်တွင်တော့ သူ၏အစ်ကိုနှစ်သည် ရုပ်ခန္ဓာကိုယ်ပျောက်ဆုံးသွားပြီး မြားတစ်ချောင်းအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင် ဖြစ်သည်။
သူလေးကြိုးကိုလွှတ်လိုက်ချိန်တွင် ထိုမြားကပစ်လွှတ်ခံလိုက်ရလေသည်။ ဤအရာများအားလုံးသည် တစ်ခဏတာအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ သူ့အစ်ကိုနှစ်သည် အနက်ရောင်မြားတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်ကို စုမင်တွေ့လိုက်ရပြီး မြား၏အနက်ရောင်အလင်းထဲတွင် ဆံပင်များကိုပင် စုမင်မြင်တွေ့ခဲ့ရသည်။
ထိုအခိုက်အတန့်တွင် အစ်ကိုနှစ်၏ဖန်တီးမှုနှင့်ပက်သက်ပြီး စုမင်လေးလေးနက်နက် နားလည်သဘောပေါက်သွားခဲ့၏။
နေ့သည် ညအချိန်၏အမှောင်ထုအား ရှာဖွေနေသကဲ့သို့ သူသည် သေခြင်းနှင့်ရှင်ခြင်းအကြား လှည့်လည်သွားလာနေသော်လည်း သူသည် နေ့အချိန်တွင်သာ အမှောင်ထုကို ရှာဖွေနေခဲ့ခြင်းမဟုတ်ပေ။
ဤလူက ညအချိန်တွင်အမှောင်ထုအား ရှာဖွေနေသည့် အစ်ကိုနှစ်ပင်ဖြစ်သည်။
သူသည် ညအတွင်း တည်ရှိနေခဲ့ခြင်းဖြစ်၍ ထိုအရာကိုရှာတွေ့ခဲ့လျှင်တောင် ထာဝရမြင်နိုင်လိမ့်မည် မဟုတ်ပေ... သူ၏အစ်ကိုနှစ်ပင်ဖြစ်သော မြားကို စုမင်လှမ်းကြည့်လိုက်သည်။ မြားပေါ်ရှိအနက်ရောင်အရှိန်အဝါက အလွန်သိပ်သည်းထူထပ်နေပြီး ၎င်းအပေါ်တွင် စုဝေးနေသည့် ဝေဝါးဝါးစိတ်တစ္ဆေအရိပ်ကိုတောင် သူမြင်နေရသည်။
ထို့ပြင်... ၎င်းစိတ်တစ္ဆေအရိပ်၏ ပုံပန်းသွင်ပြင်သည် အစ်ကိုနှစ်၏မျက်နှာအတိုင်း အတိအကျပင်ဖြစ်သည်။ စုမင်နှလုံးသားက တုန်ယင်သွားသည်။ သူယခုနားလည်သွားချေပြီ။
သူ့အစ်ကိုနှစ်၏ ဖန်တီးမှုသည် အဘယ်ကြောင့် သေခြင်းနှင့် ရှင်ခြင်းဖြစ်နေရခြင်း၊ အဘယ်ကြောင့် အစ်ကိုနှစ်က ပန်းများကိုကြိုက်နှစ်သက်ရခြင်းနှင့် အဘယ်ကြောင့် အစ်ကိုနှစ်သည် သူ့မျက်နှာဘေးဘက်ခြမ်းသို့ နေရောင်ဖြာကျနေသည်အား ကြိုက်နှစ်သက်ရခြင်းတို့ကို စုမင်နားလည်သွားချေပြီ...
...ထို့ပြင် အဘယ်ကြောင့် အစ်ကိုနှစ်သည် အမြဲတစေ ညအချိန်တွင် လှည့်လည်ရှာဖွေနေရခြင်းကိုလည်း စုမင် နားလည်သွားခဲ့သည်...
“စိတ်တစ္ဆေအရိပ်လား”
“သူက တစ်ကယ်ကြီး စိတ်တစ္ဆေအရိပ်အဖြစ် ပြောင်းသွားတာလား။ အဲလူကဘယ်သူလဲ။ ဒါက မဖြစ်နိုင်ဘူးလေ”
“အဲဒါမှာ ပိုင်ရှင်လက်ခံကောင်မရှိဘူး။ စိတ်တစ္ဆေအရိပ်ပဲ ရှိတာ။ ဒါ... ဒါက... ပိုင်ရှင်လက်ခံကောင်က အဲလူများဖြစ်နေမလား” စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုဝင်တို့၏ မျက်နှာများတွင် မယုံကြည်နိုင်မှုများ ပြည့်နေခဲ့သည်။ သူတို့အထဲမှ အချို့ဆိုလျှင် စုမင်ကိုပင် လှမ်းကြည့်လာခဲ့၏။
ထိုအချိန်မှာပင် ကောင်းကင်ထက်ရှိ အစ်ကိုနှစ်မှ ပြောင်းလဲဖြစ်ပေါ်လာသောမြားနှင့် သူ၏စိတ်တစ္ဆေအရိပ်တို့သည် စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုမှ ပစ်လွှတ်လိုက်သည့် ဒါဇင်ခန့်မြားများနှင့် တိုက်မိသွားချေပြီ။
ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်ခါသွားစေသည့် ပေါက်ကွဲမြည်ဟည်းသံများ ပဲ့တင်ထပ်သွားသည်။ ထိုအသံများသည် ရူးသွပ်ဖွယ်အရှိန်အဟုန်နှင့် ပျံ့နှံ့သွားပြီး အစ်ကိုနှစ်ထံပျံသန်းလာသည့် မြားများအားလုံး ကျိုးပဲ့ပျက်စီးသွားကာ သန်းပေါင်းများစွာသော အပိုင်းအစများအဖြစ် ပြောင်း၍ အနောက်သို့ပြန်လည်လွင့်စင်သွားကြသည်။
အနက်ရောင်အရှိန်အဝါများ ဝန်းရံနေသည့် ပေ၁၀၀၀ခန့်မြင့်သော စိတ်တစ္ဆေအရိပ်ကြီးနှင့် များစွာသော ရက်စက်ကြမ်းကြုတ်သည့် စိတ်တစ္ဆေများထံမှ စူးရှကျယ်လောင်သော ကြောက်ရွံ့စွာအော်မြည်သံများ ထွက်ပေါ်လာခဲ့သည်။
အစ်ကိုနှစ်၏ခန္ဓာကိုယ်က အရာအားလုံးကို စုပ်ယူနိုင်သည့် လေဟာနယ်တစ်ခုလိုပင်။ ရက်စက်ကြမ်းကြုတ်သော စိတ်တစ္ဆေများအားလုံးသည် သူ့ထံသို့ ဆွဲယူခံလိုက်ရပြီး သူ့ပတ်လည်တွင်လှည့်ပတ်နေကြချေသည်။ သူ့အောက်ရှိမြေပြင်သို့ အေးစက်စွာစိုက်ကြည့်နေသည့် အစ်ကိုနှစ်၏ပုံစံကိုပင် ဝေဝါးသွားစေသည်။
အစ်ကိုနှစ်၏ခေါင်းပေါ်တွင် ဦးချိုတစ်ချောင်း၏ ဝေဝါးဝါးပုံစံအား တွေ့မြင်နိုင်၏။ ထိုဦးချို၏ အရောင်အဆင်းက နက်မှောင်နေသော်ငြား အစိမ်းရောင်အရိပ်အယောင်တစ်ခုလည်း ရှိနေခဲ့သည်။ သူ့ကိုယ်ပေါ်မှ စိတ်တစ္ဆေများသည် အော်ဟစ်နေရင်း အလျင်အမြန်ကျူံ့လာကြသည်။ ညအချိန်တွင်သာ ပေါ်လာသည့် ဤအစ်ကိုနှစ်က ၎င်းတို့အားလုံးကို ဝါးမြိုနေသကဲ့သို့ပင် ဖြစ်သည်။
“စိတ်တစ္ဆေဘုရင်။ သူက စိတ်တစ္ဆေဘုရင်ပဲ”
“မဖြစ်နိုင်ဘူး။ အဲဒါမဖြစ်နိုင်ဘူး”
“သူ့မှာ ပိုင်ရှင်လက်ခံကောင် မရှိဘူး။ ဘယ်လို... ဘယ်လိုလုပ်ပြီး သူအခုထိ အသက်ရှင်နေသေးတာလဲ”
ပတ်တဝန်းကျင်မှ ဆူညံသံများထွက်ပေါ်လာပြီး စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုဝင်များသည် အလိုလိုနောက်ဆုတ်သွားကြသည်။ ကောင်းကင်ပေါ်ရှိ အစ်ကိုနှစ်အား လှမ်းကြည့်လိုက်မိသောအချိန်တွင် သူတို့အကြည့်များထဲ၌ ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်သွားခဲ့သည်။
သူတို့အနောက်တွင် သူတို့၏စိတ်ဆန္ဒအားဆန့်ကျင်၍ ပုံရိပ်ယောင်အရိပ်ကြီးများ ဖြစ်ပေါ်လာခဲ့သည်။ ထိုပုံရိပ်ယောင်အရိပ်များက သူတို့၏စိတ်တစ္ဆေများဖြစ်သည်။ ထိုစိတ်တစ္ဆေများပေါ်လာသောအခါ ၎င်းတို့သည်ကောင်းကင်ရှိ အစ်ကိုနှစ်ထံသို့ လှမ်းကြည့်လိုက်ပြီး သူတို့မျက်နှာများတွင် အလားတူထိတ်လန့်အံ့အားသင့်မှုများဖြင့် ပြည့်သွားသော်လည်း ကွာခြားမှုတစ်ခုတော့ရှိနေခဲ့သည်။ ထိုထိတ်လန့်အံ့အသင့်မှုထဲတွင် စိတ်အားထက်သန်သော လေးစားမှုအရိပ်အယောင်တစ်ခု ပါဝင်နေချေသည်။
စုမင် အစ်ကိုနှစ်၏နောက်ကျောကို လှမ်းကြည့်လိုက်ပြီး သူ့မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသောအမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အဘယ်ကြောင့် ဟူကျီသည် ဤနေရာတွင် သူ့အိပ်မက်ထဲသို့ဝင်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့ကြောင်း စုမင်နားလည်သွားရသည်။ ဤအရာက ရှားပါးသောအခွင့်အရေးတစ်ခု ဖြစ်နေသောကြောင့်ပင်။ သူတို့အား အမှောင်ထဲမှကာကွယ်ပေးနေသော သူတို့ဆရာရှိပြီး ထို့ကြောင့်ပင် ဟူကျီသည် အိပ်မက်ထဲသို့ စိုးရိမ်ပူပန်မှုမရှိ ဝင်ရောက်နိုင်ခြင်းဖြစ်သည်။
သူစုမင်ဘေးတွင်ရှိနေချိန်က သူ့အိပ်မက်ထဲသို့ဝင်ခဲ့သော ပထမဆုံးအကြိမ်ကဲ့သို့ပင် ဖြစ်သည်။ သူ့ဘေးတွင် စုမင်ရှိနေမှန်း သူသိခဲ့သောကြောင့်ပင်။ စုမင်သည် နဝမတောင်ထွတ်သို့ ဝင်ရောက်ခါစဖြစ်သည်ဆိုလျှင်တောင် ဟူကျီသည် စုမင်အား သူ၏ဂျူနီယာညီလေးအဖြစ် အမှန်တစ်ကယ်မှတ်ယူထားကြောင်း စုမင်သေချာပြောနိုင်ပေသည်။
ကာကွယ်မှုပေးနိုင်ပြီး တစ်ချိန်တည်းမှာပင် ကိုယ့်ကိုလည်း ပြန်လည်ကာကွယ်ပေးနိုင်မည့် ညီလေးတစ်ယောက်...
အစ်ကိုနှစ် ယခုပြုလုပ်သော အရာကဲ့သို့ပင်။ ဤသည်မှာ အစ်ကိုနှစ်၏ လျှို့ဝှက်ချက်ဖြစ်ကြောင်း သိသာနေသော်လည်း သူသည် စုမင်ရှေ့တွင် မည်သည့်အရာကိုမှ ဖုံးကွယ်မထားရန် ရွေးချယ်ခဲ့သည်။ ထိုနေရာတွင် အေးအေးဆေးဆေးသာရပ်လျက် သူ၏အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် အစ်ကိုနှစ်သည် သူ့ဆရာနှင့် သူ့ဂျူနီယာညီလေးတို့ ထိုနေရာတွင်ရှိကြောင်း သူသိနေခဲ့သည်။ သူထိုအရာများအားလုံးကို ထုတ်ဖော်လိုက်ပြီး တစ်ခုခုဖြစ်ခဲ့မည်ဆိုလျှင်တောင် သူလုံခြုံနေလိမ့်ဦးမည်ဖြစ်ကြောင်း သိနေခဲ့၏။ ဤနေရာတွင် သူ့အားကာကွယ်ပေးမည့်လူများ ရှိနေပြီး နောက်နှစ်ပေါင်းများစွာကြာသောအခါ သူ့ဘဝနှင့်ရင်း၍ ကာကွယ်ပေးချင်သည့် အခြားလူတစ်ဦး ထပ်မံပေါက်လာခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
“နဝမတောင်ထွတ်ရဲ့ စည်းမျဉ်းတွေက... သတ်ဖြတ်ဖို့မဟုတ်ပဲ... အချင်းချင်းကာကွယ်ဖို့ ချမှတ်ထားတာပဲ...” စုမင် တီးတိုးရေရွတ်လိုက်သည်။ သုနားလည်သွားချေပြီ။
အစ်ကိုနှစ်၏နောက်ကျောကိုလှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများ အတွင်းရှိ စိတ်ရှုပ်ထွေးနေသောအမူအယာက ပျောက်ကွယ်သွားပြီး ဆုံးဖြတ်ချက်ခိုင်မာမှုများ ဖြင့် အစားထိုးသွားခဲ့သည်။ စုမင်၏မျက်လုံးများထဲတွင် ယခုလိုစိတ်ပိုင်းဖြတ်ဟန်အကြည့်မျိုး ပထမဆုံးအကြိမ်ဖြစ်ပေါ်လာခြင်းမဟုတ်ပဲ ဤအကြည့်သည်လည်း ယခင်က နဝမတောင်ထွတ်နှင့် ပက်သက်၍ သူ့စိတ်ခံစားချက်များ လှုပ်ရှားသွားခဲ့ရခြင်းကြောင့်သာ ဖြစ်ပေါ်လာခဲ့ခြင်းလည်း မဟုတ်ပေ။ ဤတစ်ကြိမ် သူ့မျက်လုံးများအတွင်းပေါ်လာသော ဆုံးဖြတ်ချက်ခိုင်မာမှုများသည် သူ့အိမ်နှင့် သူ့မိသားစုကို ကာကွယ်လိုသော စိတ်ဆန္ဒဖြင့် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။
ဤကာကွယ်လိုသော စိတ်ဆန္ဒသည် စုမင်အား နက်မှောင်တောင်ကိုပင် သတိရသွားစေသည်။
နက်မှောင်တောင်သည် သူကာကွယ်ချင်ခဲ့သောအရာဖြစ်သော်လည်း၊ အဆုံးတွင် သူမအောင်မြင်ခဲ့ပေ... ယခု နဝမတောင်ထွတ်က သူ့အား တစ်စုံတစ်ရာကို ကာကွယ်ချင်သောဆန္ဒကို နောက်တစ်ကြိမ်ပေးအပ်ခဲ့ချေပြီ။ သူ အောင်မြင်ပါ့မလားဆိုသည်ကို မသိသော်လည်း ဤအရာသည် သူ့အိမ်ဖြစ်နေပြီး ဤနေရာတွင် သူ့မိသားစုရှိသည်ကိုတော့ စုမင်သိနေခဲ့သည်။
ဤအိမ်အတွင်းရှိ မိသားစုဝင်များသည် အခြားလူများနှင့် ကွဲပြားနေခဲ့လျှင်တောင်... အကယ်၍ မိသားစုဝင်တစ်ဦးဖြစ်သော သူ့အစ်ကိုနှစ်သည်... လူမဟုတ်ခဲ့လျှင်တောင်။
သူသည် ကံကြမ္မာထံမှ တစ်နည်းတစ်ဖုံ လွတ်မြောက်လာခဲ့သည့် စိတ်တစ္ဆေတစ်ကောင်ဖြစ်ခဲ့သည်။ သူသည် အမှောင်ထုဖြစ်သော်လည်း အလင်းကိုတောင့်တသော စိတ်တစ္ဆေတစ်ကောင် ဖြစ်ခဲ့သည်။ ပန်းများအတွင်းရှိ အသက်ဓာတ်သည် သူနှင့်တူညီသောကြောင့် သူသစ်ပင်များကို သဘောကျခဲ့သည်...
သူသည် ရှင်သန်နေရာမှ မသေဆုံးချင်ခဲ့ပဲ သေဆုံးနေရာမှသာ ရှင်သန်ချင်ခဲ့သဖြင့် သူ့ဖန်တီးမှုက ထိုသေခြင်းနှင့်ရှင်ခြင်း ဖြစ်ခဲ့သည်။
စုမင် ယခုတော့ နားလည်သဘောပေါက်သွားခဲ့ချေပြီ။
စုမင်ဉာဏ်အလင်းပွင့်သွားသည့် အချိန်အခိုက်အတန့်မှာပင် ဆီးနှင်းလွင်ပြင်အစွန်း သစ်ပင်ကြီးအောက်ရှိ ရေခဲအိမ်ထံမှ အေးစက်စက်လှောင်ပြောင်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုအသံထွက်ပေါ်လာသောအခါ စုမင်ခန္ဓာကိုယ်က တုန်ယင်သွားပြီး ဟန်တောင်တန်းခေါင်းလောင်းသံက ထိုအရာကိုခုခံပေးလိုက်သလို သူ့ကိုယ်ပေါ်တွင်လည်း စစ်နတ်ဘုရားချပ်ဝတ်ပေါ်လာခဲ့သည်။ သို့သော် မည်သို့ပင်ဖြစ်စေ စုမင်၏ပါးစပ်မှ သွေးများစီးကျလာဆဲပင် ဖြစ်သည်။
ထိုအသံအတွင်းမှ အေးစက်မှုတစ်ခု စိမ့်ထွက်နေသည်။ အသံထွက်ပေါ်လာသည်နှင့် စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုဝင်များအားလုံး တုန်ရီသွားကြပြီး အိမ်ရှိရာဘက်ဆီသို့ ဒူးထောက်လိုက်ကြချေသည်။
အေးစက်စက်အသံထွက်ပေါ်လာသောအခါ လေထဲရှိအစ်ကိုနှစ်၏ခန္ဓာကိုယ်က တုန်ယင်သွားခဲ့သည်။ မြည်ဟည်းသံများ ထွက်ပေါ်လာပြီး အစ်ကိုနှစ်ရှေ့ရှိ မှောင်မည်းနေသောကောင်းကင်မှ ဧရာမစိတ်တစ္ဆေလက်သည်းကြီးတစ်ခု ထွက်ပေါ်လာပြီး အစ်ကိုနှစ်ကို ဖမ်းဆီးရန်လှုပ်ရှားသွားခဲ့သည်။
ဧရာမစိတ်တစ္ဆေလက်သည်းကြီး ပေါ်လာပြီးချိန်တွင် အေးစက်စက်အိုမင်းသောအသံတစ်သံလည်း လိုက်ပါလာခဲ့သည်။ “မင်းတို့ အချိန်ဖြုန်းလို့ပြီးပြီလား”
ထိုအသံထွက်ပေါ်လာပြီးသည်နှင့် ရုတ်တရက်ဆိုသလိုပင်... အခြားအသံတစ်သံသည်လည်း တစ်ထပ်တည်းတူညီသည့် စကားလုံးများဖြင့် နောက်မှပြန်ဖြေလာခဲ့သည်။ “မင်းတို့ အချိန်ဖြုန်းလို့ ပြီးပြီလား” သို့သော် ထိုအသံက အေးစက်မနေခဲ့ပေ။ ထိုအစား အသံထဲတွင် ကျီစားလိုမှုအရိပ်အမြွက်ပင် ပါဝင်နေခဲ့လေသည်။
***