အခန်း (၂၇၅-၂၇၆)
Vol. 28 Ch. 275-276
အခန်း (၂၇၅) - ဝမ်ရှန့်ပြည်နယ်သို့ ပြန်လည်ရောက်ရှိခြင်း
‘ငါလုပ်နိုင်ခဲ့ပြီပဲ’
ချူးဟယ့်၏လက်နှင့် သွေးစွမ်းအင်မြှင့်တင်ရေးဓားကောက်တို့ ပြုတ်ကျသွားသည်ကို မြင်လိုက်ရမှသာ ရွှီနင်တစ်ယောက် သက်ပြင်းချနိုင်တော့သည်။
ချူးဟယ့်ကို တိုက်ခိုက်ရန် ဟင်းလင်းပြင်ကျောက်တုံးကို အသုံးပြုခဲ့စဉ်တစ်လျှောက်လုံး ရွှီနင်မှာ အလွန်တရာ စိုးရိမ်ထိတ်လန့်နေခဲ့ရသည်။
မည်သို့ပင်ဖြစ်ပါစေ ဟင်းလင်းပြင်ကျောက်တုံးမှာ တစ်တုံးတည်းသာရှိပြီး သူ့အတွက်သည်လည်း အခွင့်အရေးမှာ တစ်ကြိမ်တည်းသာ ရှိပေသည်။
အကယ်၍ တိုက်ခိုက်မှုသာ ကျရှုံးသွားပါက ချူးဟယ့်သည် ချက်ချင်းပင် တန်ပြန်တိုက်ခိုက်လာပေလိမ့်မည်။
ထိုသို့ဆိုလျှင် သူသာမက ကျန်လူများအားလုံးပါ အသက်အန္တရာယ်ကြုံတွေ့ရပြီး သေဆုံးသွားနိုင်ချေရှိပေသည်။
“ရွှီနင်”
ရွှီနင် ရုတ်တရက် ပေါ်ထွက်လာပြီး ချူးဟယ့်၏လက်ကို ဖြတ်တောက်လိုက်သည်ကို မြင်လိုက်ရသောအခါ တုန်ကျိနှင့် ရွှယ်ကျင်ဟွားတို့မှာ အချိန်အတန်ကြာသည်အထိ အံ့အားသင့်သွားကာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြလေသည်။
အစောပိုင်း၌ သက်တံ့ရောင်ငှက်ကြီး၏ ကျောပေါ်တွင် ရွှီနင်ကို မတွေ့ရသဖြင့် လိုက်လံတိုက်ခိုက်ခံရစဉ် သေဆုံးသွားပြီဟု ထင်မှတ်ထားခဲ့ကြလေသည်။
သို့သော် ရွှီနင်မှ တိတ်တဆိတ်ဖြင့် အရေးပါသော တိုက်ခိုက်မှုကြီးကို ပြုလုပ်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ကြချေ။
“မြန်မြန်... ဒီကောင်ကို သတ်လိုက်ကြစို့”
တုန်ကျိက ဦးစွာ သတိဝင်လာခဲ့သည်။
ချူးဟယ့်နှင့် တိုက်ခိုက်နေစဉ်အတွင်း တုန်ကျိသည် သွေးစွမ်းအင်မြှင့်တင်ရေးဓားကောက်၏ ထူးခြားမှုကို သတိထားမိခဲ့ပြီးဖြစ်သည်။ ယခင်တိုက်ပွဲများ၌ ချူးဟယ့်၏ အဓိကစွမ်းအားရင်းမြစ်မှာ ထိုသွေးစွမ်းအင်မြှင့်တင်ရေးဓားကောက်ဖြစ်လေသည်။
ယခုအခါ သွေးစွမ်းအင်မြှင့်တင်ရေးဓားကောက်သည် ချူးဟယ့်၏လက်မှ ကင်းကွာသွားပြီဖြစ်ရာ ချူးဟယ့်၏ အရှိန်အဝါများ အားနည်းသွားသည်ကိုလည်း တုန်ကျိ သတိပြုမိလိုက်သည်။
ဤသည်မှာ ပြန်လည်တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ပင် ဖြစ်ပေသည်။
“ကောင်းပြီ”
ရွှယ်ကျင်ဟွားသည်လည်း အခြေအနေကို နားလည်သွားလေသည်။ ယခင်က မျှော်လင့်ချက်မဲ့နေခဲ့သော်လည်း ယခုအခါ သူမ၏ ရင်ထဲ၌ တိုက်ခိုက်လိုစိတ်များ အပြည့်အဝ နိုးကြားလာခဲ့ချေပြီ။
ထိုအချိန်တွင် ချူးဟယ့်ကိုယ်တိုင်မှာမူ အနည်းငယ် တွေဝေသွားခဲ့သည်။
အရာအားလုံးသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု ထင်မှတ်ထားခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အခြေအနေများ ပြောင်းလဲသွားခဲ့လေသည်။
‘ပြီးသွားပြီပဲ’
ချူးဟယ့်၏ စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။
ထို့နောက် မသိစိတ်၏ လှုံ့ဆော်မှုကြောင့် သူ ထွက်ပြေးရန် ကြိုးစားလိုက်မိသည်။
ပြတ်ကျသွားသော သူ၏လက်နှင့် သွေးစွမ်းအင်မြှင့်တင်ရေးဓားကောက်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။
ယခုအချိန်တွင် သူသည် အလွန်အားနည်းနေသည့် အခြေအနေသို့ ရောက်ရှိနေလေပြီ။
တုန်ကျိနှင့် ရွှယ်ကျင်ဟွားတို့တွင် ခွန်အားထက်ဝက်ခန့်သာ ကျန်ရှိတော့သော်လည်း သူ့အား အလွယ်တကူ ကိုင်တွယ်နိုင်ပေသည်။
အသက်ရှူကြိမ် အကြိမ်နှစ်ဆယ်အတွင်းတွင် ချူးဟယ့်သည် တုန်ကျိနှင့် ရွှယ်ကျင်ဟွားတို့၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရလေသည်။
မူလက တုန်ကျိနှင့် ရွှယ်ကျင်ဟွားတို့သည် ချူးဟယ့်အား အရှင်ဖမ်းဆီးလိုခဲ့ကြသည်။
သို့သော် အကယ်၍ သူသာ အဖမ်းခံရပြီး ဝမ်ရှန့်ပြည်နယ်သို့ ခေါ်ဆောင်ခံရပါက သေရသည်ထက်ပင် ပိုမိုဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ရမည်ကို ချူးဟယ့် သဘောပေါက်ထားပုံရပေသည်။
နောက်ဆုံး အရေးကြီးသောအချိန်တွင် ချူးဟယ့်သည် တုန်ကျိ၊ ရွှယ်ကျင်ဟွားနှင့် အခြားသူများ သူ၏ ရတနာများကို မရရှိစေရန် သိုလှောင်ရေးလက်စွပ်ကို ချေမွပစ်လိုက်ရုံသာမက သူ၏ စွမ်းအားများကိုပါ အသေခံလောင်ကျွမ်းပစ်ခဲ့လေသည်။
သေသည့်တိုင်အောင် အရှုံးပေးရန် ရည်ရွယ်ချက် လုံးဝမရှိခဲ့ချေ။
“နောက်ဆုံးတော့ ပြီးသွားခဲ့ပြီပဲ
ချူးဟယ့် သေဆုံးသွားသည်ကို မြင်လိုက်ရပြီးနောက် တုန်ကျိနှင့် ရွှယ်ကျင်ဟွားတို့မှာ မောပန်းသွားသလို စိတ်သက်သာရာ ရသွားတော့သည်။
ထိုတိုက်ပွဲတွင် သူတို့နှစ်ဦးလုံးမှာ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကို ခံစားခဲ့ရလေသည်။
သူတို့တွင် ဒဏ်ရာအနည်းငယ် ရရှိထားပြီးဖြစ်သည့်အပြင် ချည်နှောင်သော့ခလောက်၏ ကန့်သတ်ချက်များအောက်တွင်လည်း ရောက်ရှိနေခဲ့သည်။
အကယ်၍ ရွှီနင်သာ ရုတ်တရက် ပေါ်ထွက်မလာခဲ့ပါက သူတို့ကိုယ်တိုင်ပင် အသတ်ခံလိုက်ရနိုင်ပေသည်။
ထို့နောက် တုန်ကျိသည် ချူးဟယ့်၏ ခန္ဓာကိုယ်ပေါ်မှ လျှို့ဝှက်ရတနာတစ်ခုကို ရှာတွေ့ခဲ့သည်။
ထိုလျှို့ဝှက်ရတနာမှာ လက်စွပ်တစ်ကွင်းဖြစ်ပြီး ၎င်းသည် ချူးဟယ့်၏ အရှိန်အဝါကို ဖုံးကွယ်ရန်နှင့် ကျင့်ကြံရာတွင် အထောက်အကူပြုရန် အသုံးပြုခဲ့သော လက်စွပ်ပင်ဖြစ်သည်။
အလျင်စလိုဖြစ်သွားသောကြောင့် ချူးဟယ့်သည် ထိုလက်စွပ်ကို သိုလှောင်ရေးလက်စွပ်ထဲသို့ ထည့်ကာ ဟင်းလင်းပြင်လှိုင်းဂယက်များကြားတွင် ဖျက်ဆီးပစ်ရန် အချိန်မရလိုက်ခြင်း ဖြစ်ပေသည်။
ထိုအရှိန်အဝါဖုံးကွယ်ခြင်းလက်စွပ်အပြင် တုန်ကျိသည် သွေးအားဖြည့်ဓားကောက်ကိုလည်း သိမ်းဆည်းလိုက်လေသည်။
ချူးဟယ့်ထံမှ အခြားမည်သည့်အရင်းအမြစ်များကိုမျှ မရရှိခဲ့သော်လည်း ဤလျှို့ဝှက်ရတနာနှစ်ခုကို ရရှိလိုက်ခြင်းကပင် ကြီးမားသော အကျိုးအမြတ်တစ်ခု ဖြစ်ပေသည်။
“သခင်လေး... ဘာဖြစ်လို့ ဒီရောက်နေတာလဲ”
တုန်ကျိနှင့် ရွှယ်ကျင်ဟွားတို့သည် သွမ့်ချောင်ဖုန်း၏ သက်တံ့ရောင်ငှက်ကြီးပေါ်သို့ ခုန်တက်လိုက်ကြသည်။
ထို့နောက် သွမ့်ချောင်ဖုန်းက သူတို့ ကြုံတွေ့ခဲ့ရသည်များကို ထိုနှစ်ဦးအား ပြန်လည်ပြောပြလိုက်လေသည်။
ထိုအကြောင်းများကို ကြားသိပြီးနောက် သူတို့၏ မျက်လုံးအကြည့်များ ထပ်မံပြောင်းလဲသွားပြန်သည်။
ရွှီနင်၏ ပါရမီစွမ်းရည်များ စတင်ပေါက်ကွဲထွက်ပေါ်လာပြီဖြစ်ကြောင်း သူတို့ နားလည်လိုက်ကြသည်။
“ရွှီနင်... မင်းက စန့်ယင်ဂိုဏ်းက လူတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သလို နောက်တစ်ယောက်ကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့တယ်ဆိုတော့ ဒါက တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုကြီးပဲ။ ဝမ်ရှန့်ပြည်နယ်ကို ပြန်ရောက်လို့ ဧကရာဇ်နန်းတော်ကို ဒီအကြောင်း သတင်းပို့လိုက်ရင် မင်း သေချာပေါက် ဆုချီးမြှင့်ခံရမှာပဲ”
တုန်ကျိက ပြောလိုက်သည်။
“ဒါက ကျွန်တော်တစ်ယောက်တည်းရဲ့ ကြိုးစားမှု မဟုတ်ပါဘူး။ အစ်ကိုကျန်းကလည်း အများကြီး ကူညီပေးခဲ့တာပါ”
ရွှီနင်က ဤအောင်မြင်မှုကို တစ်ကိုယ်ကောင်းဆန်စွာ မယူခဲ့ပေ။
“ချူးဟယ့်ကို သတ်တဲ့နေရာမှာ မော့လန်ကလည်း ကူညီပေးခဲ့ပါတယ်”
သွမ့်ချောင်ဖုန်းက ဤအချိန်တွင် မော့လန်အတွက် ဝင်ရောက်ပြောဆိုပေးလိုက်လေသည်။
ထိုစကားကို ကြားသောအခါ မော့လန်မှာ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြောလိုက်သည်။
“ရွှီနင်နဲ့ ကျန်းဟယ်တို့သာ မရှိခဲ့ရင် ဟင်းလင်းပြင်ကျောက်တုံးက ကျွန်မလက်ထဲမှာ အသုံးဝင်ခဲ့မှာ မဟုတ်ပါဘူး”
မော့လန်သည် အမှန်တရားကိုသာ ပြောဆိုနေခြင်း ဖြစ်သည်။
ဟင်းလင်းပြင်ကျောက်တုံး၏ အကူအညီဖြင့် သူမ ချက်ချင်း ထွက်ပြေးနိုင်သည် ဆိုသော်လည်း သူမ၏ စွမ်းရည်များဖြင့် အဆုံးမဲ့ပင်လယ်ထဲတွင် အသက်ရှင်သန်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
ရွှီနင်သည် သူမ၏စကားကို ကြားလိုက်ရသောအခါ စိတ်ဝင်စားသွားမိသည်။
သေရေးရှင်ရေးအခြေအနေများကို အတူတကွ ဖြတ်သန်းပြီးနောက်တွင် မော့လန်အပေါ်ထားရှိသော သွမ့်ချောင်ဖုန်း၏ သဘောထားသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်မှာ သိသာထင်ရှားလှပေသည်။
သို့သော် ရွှီနင်ကမူ ဤကိစ္စနှင့် ပတ်သက်၍ မည်သည့်သဘောထားကိုမျှ ထုတ်ဖော်ပြသခြင်း မရှိခဲ့ချေ။
ယန့်လုဂိုဏ်း ပျက်စီးသွားရခြင်းသည် မော့လန်နှင့် သွယ်ဝိုက်သော ဆက်စပ်မှု ရှိနေခဲ့သည်။
ထာဝရရန်သူဆိုသည်မှာ မရှိဘဲ ထာဝရအကျိုးစီးပွားသာ ရှိသည်ဆိုသော်လည်း လက်ရှိရွှီနင်အနေဖြင့် မော့လန်နှင့် ရင်းနှီးစွာ ဆက်ဆံရန် အစပြု၍ မရနိုင်သည်မှာ ထင်ရှားပေသည်။
“စကားပြောတာ တော်ကြရအောင်၊ အပြန်ခရီးကို ဆက်ကြစို့”
ရွှယ်ကျင်ဟွားက နောက်ထပ် ရေကြောင်းသွားတာအိုလက်နက်တစ်ခုကို ထုတ်ယူလိုက်လေသည်။
ဤသင်္ဘောမှာ ယခင်သင်္ဘောထက် များစွာ သေးငယ်သော်လည်း ပိုမိုလှပသေသပ်လှပေသည်။
သူတို့အားလုံး သင်္ဘောပေါ်သို့ တက်လိုက်ကြသည်။
သင်္ဘော စတင်ရွေ့လျားလာပြီး အားလုံး အနားယူရန် ပြင်ဆင်နေကြစဉ် တုန်ကျိက ရုတ်တရက် မေးလိုက်သည်။
“ဒါနဲ့ မင်းတို့ဖမ်းမိလာတဲ့ စန့်ယင်ဂိုဏ်းကလူရော ဘယ်မှာလဲ”
“သခင်လေးက သူ့ကို ဟင်းလင်းပြင်ရတနာတစ်ခုထဲမှာ ထည့်ထားလိုက်ပါပြီ”
ကျန်းဟယ်က ပြန်ဖြေလေသည်။
တုန်ကျိက ခေါင်းညိတ်လိုက်သည်။
“ငါတို့ ပြန်ရောက်ရင် သူ့ကို မြို့တော်ဆီ ပို့ရမယ်။ ဧကရာဇ်နန်းတော်က စန့်ယင်ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ အရမ်းကို စိတ်အားထက်သန်နေတာလေ။ အသက်ရှင်နေတဲ့ အဖွဲ့ဝင်တစ်ယောက်ကို အဲဒီကို ပို့ပေးလိုက်တာက သေချာပေါက် အများကြီး အထောက်အကူဖြစ်စေမှာပဲ”
“အချိန်ကျလာရင် သူ့ကို ကျွန်တော်ကိုယ်တိုင် လိုက်ပို့ပေးပါ့မယ်”
ကျန်းဟယ်က တာဝန်ယူ ပြောဆိုလိုက်လေသည်။
“ပြီးတော့ သခင်လေး...”
တုန်ကျိသည် ချူးဟယ့်၏ ခန္ဓာကိုယ်မှ ရရှိခဲ့သော အရှိန်အဝါဖုံးကွယ်ခြင်းလက်စွပ်နှင့် သွေးစွမ်းအင်မြှင့်တင်ရေးဓားကောက်ကို ထုတ်ယူလိုက်သည်။
“ဒီလျှို့ဝှက်ရတနာနှစ်ခုကို ဘယ်လို စီစဉ်ရမလဲ”
ရွှယ်ကျင်ဟွားနှင့် မော့လန်တို့သည် အချင်းချင်း ကြည့်လိုက်ကြသော်လည်း စကားတစ်ခွန်းမျှ မဟကြပေ။
သေချာပြောရလျှင် စောစောက တုန်ကျိနှင့်အတူ တိုက်ပွဲဝင်ခဲ့သဖြင့် ရွှယ်ကျင်ဟွားသည် ဤရတနာနှစ်ခုအနက်မှ ဝေစုတစ်ခု ရရှိသင့်ပေသည်။
သို့သော် အရေးကြီးသောအခြေအနေကို ပြောင်းလဲပေးခဲ့သူမှာ ရွှီနင်ဖြစ်ပြီး မော့လန်သည်လည်း သွမ့်ချောင်ဖုန်း၏ လူများက ကာကွယ်ပေးခဲ့ခြင်းဖြစ်ရာ လျှို့ဝှက်ရတနာနှစ်ခုအတွက် အငြင်းပွားနေရန် မလိုအပ်တော့ချေ။
“ဒီလက်စွပ်ကို ရွှီနင်ကို ပေးလိုက်ပါ”
သွမ့်ချောင်ဖုန်းသည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
“ကျွန်တော့်အတွက်လား”
ရွှီနင်မှာ ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း ငြင်းဆန်ခြင်း မရှိခဲ့ပေ။
“ကျေးဇူးတင်ပါတယ် သခင်လေး”
တုန်ကျိသည် အရှိန်အဝါဖုံးကွယ်ခြင်းလက်စွပ်ကို ရွှီနင်ထံ ကမ်းပေးလိုက်သည်။
“ဖမ်းမိထားတဲ့လူရဲ့ အဆိုအရ ဒီအရှိန်အဝါဖုံးကွယ်ခြင်းလက်စွပ်ကို ချီဖုံးကွယ်ခြင်းလို့ ခေါ်တယ်။ သူက အရာဝတ္ထုတွေကို ဖုံးကွယ်နိုင်စွမ်းရှိတဲ့ ပုံဆောင်ခဲတစ်မျိုးနဲ့ ဖန်တီးထားတဲ့ လျှို့ဝှက်ရတနာတစ်ခုပဲ။ ဒီရောင်ဝါဖုံးကွယ်ခြင်းလက်စွပ်နဲ့ဆိုရင် မင်းထက် အဆင့်မြင့်တဲ့သူတွေနဲ့ ရင်ဆိုင်ရရင်တောင် ကိုယ့်အရှိန်အဝါကို ကိုယ်တိုင်ထုတ်မပြသရွေ့ ကိုယ့်ကိုယ်ကိုယ် ပြီးပြည့်စုံအောင် ဖုံးကွယ်ထားနိုင်တယ်။ ဒါ့အပြင် ဒီအရှိန်အဝါဖုံးကွယ်ခြင်းလက်စွပ်ကို ကိုယ့်ပတ်ဝန်းကျင်က လူတွေဆီမှာလည်း အသုံးပြုလို့ ရသေးတယ်”
တာအိုနယ်ပယ်သို့ ရောက်ရှိပြီးနောက် အသက်ငွေ့ထိန်းဆေးလုံးများမှာ အခြေခံအားဖြင့် အသုံးမဝင်တော့ပေ။
သူ၏ နယ်ပယ်သည် အလွန်မြင့်မားသွားပြီဖြစ်ရာ သူ၏ ရောင်ဝါကို ဖုံးကွယ်ပေးနိုင်သော အလားတူ ဆေးလုံးမျိုး မရှိတော့ချေ။
ထို့ကြောင့် အရှိန်အဝါဖုံးကွယ်ခြင်းလက်စွပ်၏ အစွမ်းသည် အလွန်တရာ အဖိုးတန်လှပေသည်။
‘ဒါ့အပြင် ဒီရှိန်အဝါဖုံးကွယ်ခြင်းလက်စွပ်က ကျင့်ကြံရာမှာလည်း အကူအညီပေးနိုင်ပုံရတယ်။ နောက်မှ ငါ စမ်းသပ်ကြည့်လို့ ရတာပေါ့လေ...’
ရွှီနင်သည် အရှိန်အဝါဖုံးကွယ်ခြင်းလက်စွပ်ကို လက်ခံလိုက်လေသည်။
“ဒီသွေးစွမ်းအင်မြှင့်တင်ရေးဓားကောက်နဲ့ ပတ်သက်ပြီးတော့...”
သွမ့်ချောင်ဖုန်းသည် ဘာလုပ်ရမှန်း မသိသည့်အလား မျက်မှောင်ကြုတ်လိုက်သည်။
“သခင်လေး... ဒီဓားကောက်က စွမ်းအားကြီးပေမဲ့ သူ့ထဲမှာ အသိစိတ်တစ်ခု ရှိနေတာကို ကျွန်တော် ခံစားမိတယ်...”
တုန်ကျိ၏ မျက်နှာထားမှာ အနည်းငယ် လေးနက်နေသည်။
“ဒီပစ္စည်းကို အသုံးပြုရတာ နည်းနည်း အန္တရာယ်များတယ်...”
“ဒါဆိုရင်လည်း လောလောဆယ် သိမ်းထားလိုက်ကြတာပေါ့။ အိမ်တော်ကို ပြန်ရောက်မှပဲ ဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတာပေါ့...”
သွမ့်ချောင်ဖုန်းက ပြောလိုက်သည်။
ထို့နောက် သူတို့အားလုံးမှာ ကိုယ့်အခန်းကိုယ်ရှာကာ အနားယူရန် ပြန်သွားကြလေသည်။
အထူးသဖြင့် တုန်ကျိနှင့် ရွှယ်ကျင်ဟွားတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ချည်နှောင်သော့ခလောက်သည် ပျောက်ကွယ်သွားခြင်း မရှိသေးပေ။
သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ချည်နှောင်ထားသော စွမ်းအားများကို ဖယ်ရှားရန် အချိန်အတန်ကြာ ယူရဦးမည် ဖြစ်သည်။
သင်္ဘောသည် အဆုံးမဲ့ပင်လယ်ပြင်ထက်၌ ရွက်လွှင့်နေလေသည်။
နှစ်လကြာပြီးနောက်…
ခက်ခဲကြမ်းတမ်းသော ခရီးစဉ်ကို ဖြတ်သန်းပြီးနောက်တွင် သူတို့အဖွဲ့သည် နောက်ဆုံး၌ ဝမ်ရှန့်ပြည်နယ်သို့ ခြေချနိုင်ခဲ့ကြလေပြီ။
‘နောက်ဆုံးတော့ ပြန်ရောက်ခဲ့ပြီပဲ’
ဝမ်ရှန့်ပြည်နယ်၏ ရင်းနှီးကျွမ်းဝင်သော ဝိညာဉ်စွမ်းအင်များကို ခံစားလိုက်ရပြီးနောက် ရွှီနင်တစ်ယောက် သက်သာရာရသွားတော့သည်။
ပင်လယ်ရပ်ခြားသို့ သွားရောက်ခဲ့သော ဤခရီးစဉ်သည် နှစ်ဝက်ကျော်မျှ ကြာမြင့်ခဲ့လေသည်။
ဤခရီးစဉ်၏ အဓိကပန်းတိုင်ဖြစ်သော ညသားရဲကို ဖမ်းဆီးနိုင်ခြင်း မရှိခဲ့သော်လည်း ရွှီနင်ကိုယ်တိုင်မှာမူ ကြီးမားသော အကျိုးအမြတ်များကို ရရှိခဲ့လေသည်။
သူသည် သူ၏နယ်ပယ်ကို အဆင့်မြှင့်တင်နိုင်ခဲ့ရုံသာမက လျှို့ဝှက်ရတနာတစ်ခုကိုလည်း ရရှိခဲ့သည်။
ထို့အပြင် သူ၏လက်ထဲတွင် အရင်းအမြစ်အချို့ ကျန်ရှိနေသေးပြီး ယဲ့ဘုရင်ခံအိမ်တော်၏ မင်းသားလေးနှင့် ဆက်ဆံရေးမှာလည်း ပိုမိုကောင်းမွန်လာခဲ့လေသည်။
ရွှီနင်အတွက် ဤခရီးစဉ်မှ ကြီးမားသော အကျိုးအမြတ်များကို ရရှိခဲ့ခြင်းပင် ဖြစ်ပေသည်။
“သွမ့်ချောင်ဖုန်း...”
လမ်းခွဲကြမည့်အချိန်တွင် မော့လန်က သွမ့်ချောင်ဖုန်းအား ဦးစွာ စကားစလိုက်သည်။
“အဲဒီညသားရဲက အရမ်းကို စွမ်းအားကြီးတယ်။ သူ့ကို နောက်တစ်ကြိမ် ပြန်ဖမ်းဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ဘူး။ ကျွန်မတို့ နှစ်ဖွဲ့ပေါင်းပြီး အဆင့်မြင့် တာအိုနယ်ပယ် သိုင်းပညာရှင်တွေကို များများလွှတ်ပြီး သူ့ကို ဖမ်းကြမလား”
“ပေါင်းပြီး ဖမ်းမယ်ဆိုရင်တော့...”
သွမ့်ချောင်ဖုန်းသည် ခေတ္တမျှ စဉ်းစားလိုက်သည်။
“ကောင်းပြီလေ”
ညသားရဲအား ဖမ်းဆီးရန်အတွက် ယဲ့ဘုရင်ခံအိမ်တော်သည် ကြီးမားသော တန်ဖိုးများကို ပေးဆပ်ခဲ့ရသည်။ သွမ့်ချောင်ဖုန်း ကိုယ်တိုင်ပင် ပင်လယ်ရပ်ခြား၌ အသက်သေလုနီးပါး ဖြစ်ခဲ့ရသဖြင့် သူသည်လည်း အတော်လေး ဒေါသထွက်နေခဲ့သည်။
သို့သော် ပင်လယ်ပြင်သို့ လူများကို ထပ်မံစေလွှတ်မည်ဆိုလျှင်ပင် သွမ့်ချောင်ဖုန်း ကိုယ်တိုင်တော့ သွားရောက်တော့မည် မဟုတ်ချေ။
“ရွှီနင်...”
မော့လန်သည် ရွှီနင်ကို ကြည့်လိုက်သည်။
“ဒီခရီးစဉ်မှာ ရှင်လည်း ကျွန်မရဲ့ လုံခြုံရေးကို ကာကွယ်ပေးခဲ့တာပဲ။ အခွင့်အရေးရခဲ့ရင် လုကျီးပြည်နယ်ကိုလာပြီး ကျွန်မကို လာရှာလို့ရပါတယ်။ ကျွန်မ သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်”
မော့လန်က ရွှီနင်အပေါ် ခင်မင်ရင်းနှီးမှုကို ပြသနေခြင်း ဖြစ်သည်။
“သခင်မလေးက အရမ်းကို သဘောကောင်းလွန်းနေပါပြီ”
ရွှီနင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ထိုအခြေအနေကို မြင်လိုက်ရသဖြင့် မော့လန်မှာ အနည်းငယ် နောင်တရမိသွားသော်လည်း ဘာမှမပြောနိုင်ခဲ့ချေ။
ထို့နောက် သူမနှင့် ရွှယ်ကျင်ဟွားတို့သည် လုကျီးပြည်နယ်သို့ အလျင်အမြန် ပြန်သွားကြလေတော့သည်။
“ပြန်ရောက်လာတာ ကောင်းလိုက်တာကွာ”
မော့လန်နှင့် ရွှယ်ကျင်ဟွားတို့ ထွက်သွားပြီးနောက် သွမ့်ချောင်ဖုန်းက သက်ပြင်းချလိုက်သည်။
“အိမ်တော်ကို ပြန်ကြစို့”
“သခင်လေး...”
ရွှီနင်က ပြောလိုက်သည်။
“ကျွန်တော် ယန့်လုဂိုဏ်းကို အရင်ပြန်ချင်ပါတယ်။ ဂိုဏ်းကနေ ထွက်လာခဲ့တာ နှစ်ဝက်ကျော်နေပြီဆိုတော့ အဲဒီကိုပြန်ပြီး တစ်ချက်လောက် သွားကြည့်ရဦးမယ်”
“ရပါတယ်”
သွမ့်ချောင်ဖုန်းက လွယ်ကူစွာပင် သဘောတူလိုက်သည်။
“ကုချင်းစီရင်စုကို အရင်ပြန်ကြတာပေါ့။ ကုချင်းစီရင်စုကို ရောက်ရင်တော့ ငါတို့ လမ်းခွဲကြတာပေါ့”
ရွှီနင်အပေါ်ထားရှိသော သွမ့်ချောင်ဖုန်း၏ သဘောထားမှာ အလွန်တရာ ဖော်ရွေနေလေသည်။
သူတို့လေးဦးသည် ကုချင်းစီရင်စုသို့ အပြန်ခရီးကို စတင်ထွက်ခွာလာခဲ့ကြလေတော့သည်။
အခန်း (၂၇၆) - ချောက်နက်ကြီးမြောက်ပိုင်းမှ မိတ်ဆွေဟောင်းများ ရောက်ရှိလာခြင်းနှင့် ယန့်လုဂိုဏ်း၏ အပြောင်းအလဲ
ဝမ်ရှန့်ပြည်နယ်၏ ကမ်းရိုးတန်းတစ်ခု၌ ရိုးရှင်းသော တာအိုလက်နက်သင်္ဘောတစ်စင်း ဆိုက်ကပ်လာလေသည်။
တာအိုလက်နက်သင်္ဘောပေါ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဆင်းသက်လာကြသည်။
ဝမ်ရှန့်ပြည်နယ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့နှစ်ဦးလုံး၏ မျက်နှာပေါ်တွင် သက်သာရာရသွားသည့် အမူအရာများ ပေါ်လွင်နေပြီး မျက်ဝန်းများ၌လည်း ပျော်ရွှင်မှုများ ပြည့်နှက်နေပေသည်။
“ဝမ်ရှန့်ပြည်နယ်... နောက်ဆုံးတော့ ငါတို့ ရောက်လာခဲ့ပြီပေါ့”
ထိုလူငယ်လေးသည် ကျောဘက်တွင် မီးတောက်ရောင် ဓားရှည်တစ်လက်ကို လွယ်ထားပြီး ချောမောခန့်ညားသော ရုပ်ရည်ရှိလေသည်။
“သေချာတာပေါ့... ဒီနေရာက ဝိညာဉ်စွမ်းအင် သိပ်သည်းဆက ချောက်နက်ကြီးမြောက်ပိုင်းထက် ဆယ်ဆမက ပိုများတာပဲ”
အခြား လူငယ်အမျိုးသမီးလေးမှာလည်း အတော်လေး စိတ်လှုပ်ရှားနေချေပြီ။
အကယ်၍ ရွှီနင်သာ ဤနေရာ၌ ရှိနေမည်ဆိုပါက ထိုနှစ်ဦးမှာ သူ၏ ဂိုဏ်းတူအစ်ကို ဟယ့်မင်ယဲ့နှင့် သူ၏မိတ်ဆွေ စစ်ယင်တို့ ဖြစ်ကြောင်း ချက်ချင်း မှတ်မိပေလိမ့်မည်။
သူတို့နှစ်ဦးသည် ချောက်နက်ကြီးမြောက်ပိုင်းရှိ မျိုးဆက်တူများထဲတွင် ထိပ်တန်းပါရမီရှင် တပည့်များ ဖြစ်ကြပေသည်။
“ခရီးတစ်လျှောက်လုံး အန္တရာယ်မျိုးစုံနဲ့ ကြုံခဲ့ရလို့ ဝမ်ရှန့်ပြည်နယ်ကို ဘေးကင်းကင်းနဲ့ မရောက်နိုင်တော့ဘူးလို့တောင် ထင်ခဲ့မိတာ”
စစ်ယင်၏ လေသံထဲတွင် မပြေပျောက်သေးသော ကြောက်ရွံ့မှု အရိပ်အယောင်များ စွက်ဖက်နေလေသည်။
အဆုံးမဲ့ပင်လယ်၏ အန္တရာယ်များကို တွေးမိလိုက်တိုင်း သူမ၏ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်နေဆဲပင် ဖြစ်သည်။
“အင်းပါ...”
ဟယ့်မင်ယဲ့သည်လည်း စိတ်မကောင်းစွာဖြင့် သက်ပြင်းချလိုက်လေသည်။
“နောက်တစ်ဆင့်အနေနဲ့ ရွှီနင် ဘယ်မှာရှိနေလဲဆိုတာ စုံစမ်းရမယ်”
ဟယ့်မင်ယဲ့က ပြောလိုက်သည်။
“သူက ငါတို့ထက် နှစ်နှစ်စောပြီး ဝမ်ရှန့်ပြည်နယ်ကို ရောက်နေတာ။ သူ့ပါရမီနဲ့ စွမ်းဆောင်ရည်မျိုးဆိုရင် အခုလောက်ဆို ဒီမှာ အခြေတကျဖြစ်နေလောက်ပြီ...”
“အင်း...”
စစ်ယင်သည် မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူမသည် ရွှီနင်၏ ပါရမီကို လွန်ခဲ့သော အချိန်များစွာကတည်းက မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့ရာ ရွှီနင်တစ်ယောက် ဝမ်ရှန့်ပြည်နယ်သို့ ရောက်ပြီးနောက် မည်မျှအထိ အောင်မြင်နေပြီဆိုသည်ကို သိချင်နေမိသည်။
ဟယ့်မင်ယဲ့နှင့် စစ်ယင်တို့၏ ပါရမီမှာ ချောက်နက်ကြီးမြောက်ပိုင်းတွင် ထိပ်တန်းအဆင့် ဖြစ်သော်လည်း နှစ်နှစ်အတွင်း တာအိုနယ်ပယ်သို့ တက်လှမ်းနိုင်ရန်မှာမူ မဖြစ်နိုင်ပေ။
သို့သော် သူတို့နှစ်ဦးလုံးတွင် ကိုယ်ပိုင် ကံကောင်းမှု အသီးသီး ရှိခဲ့ကြသည်။
စစ်ယင်သည် ချောက်နက်ကြီးမြောက်ပိုင်း၌ လျှို့ဝှက်နယ်မြေတစ်ခုကို ရှာတွေ့ခဲ့သည်။
ထိုလျှို့ဝှက်နယ်မြေမှာ အဆင့်မြင့် တာအိုနယ်ပယ်သိုင်းပညာရှင်တစ်ဦး ခရီးသွားရင်း ချန်ရစ်ထားခဲ့ခြင်းဖြစ်သည်။
စစ်ယင်သည် ကံကောင်းထောက်မစွာဖြင့် ထိုလျှို့ဝှက်နယ်မြေမှ အမွေအနှစ်အချို့ကို ရရှိခဲ့ပြီး အချိန်တိုအတွင်းမှာပင် ဓာတ်စွမ်းအင်မျိုးစေ့ နှစ်ခုကို စုစည်းကာ အဆင့်တက်လှမ်းနိုင်ခဲ့လေသည်။
ဟယ့်မင်ယဲ့အနေဖြင့်မူ ရွှီနင်ကြောင့် ဝမ့်ယယ်၏ ကိုယ်တိုင်လမ်းညွှန်သင်ကြားပေးမှုကို ခံခဲ့ရသည်။
ဝမ့်ယယ်၏ ကျင့်စဉ်အဆင့်မှာ ကျဆင်းသွားခဲ့သော်လည်း သူ၏ ကျင့်ကြံခြင်းဆိုင်ရာ အသိပညာများမှာ ရှိနေဆဲပင်။ ဤသည်က ဟယ့်မင်ယဲ့၏ ကျင့်ကြံခြင်းအရှိန်အဟုန်ကို မြင့်မားသွားစေခဲ့သည်။
သေချာသည်မှာ ဟယ့်မင်ယဲ့တစ်ယောက် ထိုသို့မြန်ဆန်စွာ အဆင့်တက်ရန်မှာ ဤမျှနှင့် မလုံလောက်သေးချေ။
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံ၏ အကူအညီလည်း ပါဝင်ပေသေးသည်။
သူ ဝမ့်ယယ်နှင့်အတူ လိုက်ပါကျင့်ကြံစဉ်တွင် ဝမ့်ယယ်သည် ဟယ့်မင်ယဲ့ကို ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံ၏ ကျွန်းဆီသို့ ခေါ်ဆောင်သွားခဲ့လေသည်။
ရွှေရောင်မျက်လုံး မိစ္ဆာမျောက်ဝံသည် မိစ္ဆာမျောက်ဝံသေရည်အတွက် ကုန်ကြမ်းများကို ရှာဖွေနေစဉ် အဓိကနယ်ပယ်တစ်ခုကို ချိုးဖျက်ရန် လိုအပ်သော ဆေးဖော်စပ်ရာတွင် အသုံးပြုသည့် အဓိကကုန်ကြမ်းတစ်ခုကို ရှာတွေ့ခဲ့လေသည်။
၎င်းကိုမြင်သောအခါ ဝမ့်ယယ်သည် အလဟဿ ဖြုန်းတီးမပစ်ရက်ခဲ့ပေ။
နောက်ဆုံးတွင် သူသည် ဆေးဆရာများစွာနှင့် ပူးပေါင်းကာ အဓိကနယ်ပယ်တစ်ခုကို ချိုးဖျက်နိုင်စွမ်းရှိသော ဆေးလုံးတစ်လုံးကို ဖော်စပ်ခဲ့ပြီးနောက် ဟယ့်မင်ယဲ့အား အဆင့်တက်ရန် အခွင့်အရေး ပေးခဲ့လေသည်။
တာအိုနယ်ပယ်သို့ တက်လှမ်းပြီးနောက် ဟယ့်မင်ယဲ့နှင့် စစ်ယင်တို့သည် ချောက်နက်ကြီးမြောက်ပိုင်း၏ ကျင့်ကြံခြင်း ပတ်ဝန်းကျင်မှာ မည်မျှဆိုးရွားကြောင်းကို ချက်ချင်း အာရုံခံမိသွားကြသည်။
ထို့ကြောင့် သူတို့နှစ်ဦး တိုင်ပင်ကာ အတူတကွ ခရီးဆက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ဝမ့်ယယ် ပေးခဲ့သော တာအိုလက်နက်သင်္ဘော၏ အကူအညီဖြင့် နောက်ဆုံးတွင် သူတို့သည် ဝမ်ရှန့်ပြည်နယ်သို့ ဘေးကင်းစွာ ရောက်ရှိလာခဲ့လေပြီ။
“စီနီယာဝမ့်ယယ်ရဲ့ ပြောပြချက်အရ ချောက်နက်ကြီးမြောက်ပိုင်းမှာတောင် တာအိုနယ်ပယ်သိုင်းပညာရှင်တွေကို ကျွမ်းကျင်သူတွေလို့ သတ်မှတ်ကြတယ်တဲ့”
ဟယ့်မင်ယဲ့က ပြောလိုက်သည်။
“ဝမ်ရှန့်ပြည်နယ်မှာ ငါတို့ရဲ့ အခြေခံရှင်သန်ရပ်တည်မှုအတွက်တော့ သေချာပေါက် အာမခံနိုင်လောက်ပါတယ်”
“ဒါပေမဲ့ နှိုင်းယှဉ်ကြည့်ရင် ရွှီနင်ကို ရှာဖို့ကတော့ သိပ်လွယ်မှာ မဟုတ်ဘူး...”
“အဲဒါတော့ ဟုတ်တယ်၊ ရွှီနင် ဘယ်ရောက်သွားလဲဆိုတာ ငါတို့မှ မသိတာ”
စစ်ယင်က ပြောလေသည်။
“ရွှီနင်ကို ရှာဖို့ ငါတို့မှာ နည်းလမ်းနှစ်ခု ရှိတယ်”
“ရွှီနင်က အဲဒီတုန်းက ယွမ်ရှန်းဂိုဏ်းက စီနီယာတွေနဲ့အတူ ဒီကိုလာခဲ့တာဆိုတော့ ငါတို့ ဝမ်ရှန့်ပြည်နယ်က ယွမ်ရှန်းဂိုဏ်းကိုသွားပြီး ယွမ်ရှန်းဂိုဏ်းက စီနီယာတွေကို သွားမေးလို့ရတယ်။ သူတို့က ရွှီနင် ဘယ်မှာရှိလဲဆိုတာ သိလောက်တယ်”
“ဒါမှမဟုတ် ယန့်လုဂိုဏ်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို စုံစမ်းလို့ရတယ်။ ဘာပဲဖြစ်ဖြစ် ရွှီနင် ဒီကိုလာရတဲ့ အဓိကအကြောင်းအရင်းတစ်ခုက စီနီယာဝမ့်ယယ်ရဲ့ ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်ဖို့ ကူညီပေးဖို့ပဲလေ”
“ပထမနည်းလမ်းက ပိုယုံကြည်ရမယ်လို့ ငါထင်တယ်”
ဟယ့်မင်ယဲ့က သူ၏အမြင်ကို ထုတ်ဖော်လိုက်သည်။
“ရွှီနင်က ပြီးခဲ့တဲ့နှစ်နှစ်အတွင်း သူ့ရဲ့ ပါရမီတချို့ကို ထုတ်ပြပြီး အဆင့်တက်သွားခဲ့တယ်ဆိုရင်တောင် ဝမ်ရှန့်ပြည်နယ်လို နေရာမျိုးမှာ ဒီလောက်အချိန်တိုတိုအတွင်း နာမည်ရလာဖို့ဆိုတာ မလွယ်ဘူး။ ယန့်လုဂိုဏ်းအကြောင်း ရမ်းသန်းစုံစမ်းတာက အချည်းနှီးဖြစ်သွားဖို့ ရာခိုင်နှုန်းပိုများတယ်”
“ဟုတ်သားပဲ...”
စစ်ယင် သဘောတူလိုက်သည်။
“ဒါဆိုရင် ဝမ်ရှန့်ပြည်နယ်က ယွမ်ရှန်းဂိုဏ်းကို အရင်သွားကြတာပေါ့”
ထို့နောက် သူတို့နှစ်ဦးသည် ဝမ့်ယယ် ပေးခဲ့သော မြေပုံအတိုင်း စတင်ခရီးထွက်လာခဲ့ကြလေသည်။
…
တစ်ချိန်တည်းမှာပင်…
ယန့်လုဂိုဏ်း၌…
‘နောက်ဆုံးတော့ ငါ ပြန်ရောက်လာပြီပဲ...’
ရွှီနင်သည် ယန့်လုဂိုဏ်း၏ အပြင်ဘက်တွင် ပေါ်လာခဲ့သည်။
လွန်ခဲ့သော နေ့တစ်ဝက်ခန့်က ကုချင်းစီရင်စုသို့ ပြန်ရောက်ပြီးနောက် ရွှီနင်သည် သွမ့်ချောင်ဖုန်းတို့နှင့် လမ်းခွဲခဲ့လေသည်။
ရွှီနင်က ယန့်လုဂိုဏ်းသို့ ပြန်လာခဲ့ပြီး သွမ့်ချောင်ဖုန်းတို့မှာ ဘုရင်ခံအိမ်တော်သို့ အရင်ပြန်သွားခဲ့ကြသည်။
မထွက်ခွာမီ သွမ့်ချောင်ဖုန်းသည် သုံးလအတွင်း အိမ်တော်သို့ လာရန် ရွှီနင်အား မှာကြားခဲ့ရာ ရွှီနင်ကလည်း သဘောတူခဲ့သည်။
“ခင်ဗျားက ဘယ်သူလဲ။ ဒါက ယန့်လုဂိုဏ်းရဲ့ တံခါးဝပဲ”
ရွှီနင် ယန့်လုဂိုဏ်း၏ ဂိတ်တံခါးမှ ဝင်ရန်ပြင်လိုက်စဉ် ယန့်လုဂိုဏ်း၏ ဝတ်စုံကို ဝတ်ဆင်ထားသော တပည့်တစ်ဦးက သူ့ကို တားဆီးလိုက်သည်။
ယန့်လုဂိုဏ်းမှ တပည့်အချို့မှာ ရွှီနင်အား သတိထားကာ စိုက်ကြည့်နေကြသည်။
အကယ်၍ ရွှီနင်သာ ဂိုဏ်းအတွင်းသို့ အတင်းဝင်ရောက်မည့် အရိပ်အယောင် ပြလိုက်သည်နှင့် တားဆီးရန် အဆင်သင့်ဖြစ်နေပုံရသည်။
သူတို့ ဤမျှ သတိထားနေခြင်းမှာ အပြစ်ဆိုစရာ မရှိပေ။
ယန့်လုဂိုဏ်းသည် လက်ရှိတွင် ချွေယွင်တောင်ပေါ်၌ တည်ရှိပြီး ဤနေရာရှိ ကျင့်ကြံခြင်း အရင်းအမြစ်များမှာ အလွန်ပေါများကြွယ်ဝလေသည်။
ပြင်ပလူများစွာမှာ အရင်းအမြစ်များ ရှာဖွေရန် ဤနေရာသို့ လာတတ်ကြသဖြင့် ထိုပြင်ပလူများကို ကာကွယ်စောင့်ကြည့်နေရခြင်း ဖြစ်သည်။
‘ငါကိုယ်တိုင်တောင် ဂိုဏ်းတံခါးအပြင်မှာ အတားခံလိုက်ရတာပဲ...’
ရွှီနင် ဤကဲ့သို့သော အခြေအနေမျိုး ကြုံရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
အကယ်၍ ဤသို့ဖြစ်မည်မှန်း သိခဲ့လျှင် အဓိကတောင်ထွတ်ဆီသို့ တိုက်ရိုက် ပျံသန်းလာခဲ့မည်သာ။
‘ဒီတပည့်တွေက မြင်ဖူးသလို မရှိပါလား...’
ရွှီနင် မထွက်ခွာမီက ယန့်လုဂိုဏ်းတွင် လူရာဂဏန်းခန့်သာ ရှိခဲ့ရာ လူတိုင်း၏ မျက်နှာကို သူ မှတ်မိနေသည်။
သို့သော် ဤတပည့်အနည်းငယ်ကို ရွှီနင် မြင်ဖူးခြင်းမှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်နေသည်။
‘ကြည့်ရတာ ချန်ကျန်းထောင်းတို့က ပြီးခဲ့တဲ့ခြောက်လအတွင်းမှာ ယန့်လုဂိုဏ်းရဲ့ အရွယ်အစားကို တိုးချဲ့လိုက်ပုံရတယ်’
“ဘာဖြစ်လို့လဲ၊ မင်းတို့အားလုံး ဒီမှာ ဘာလို့ စုနေကြတာလဲ”
ရွှီနင်တစ်ယောက် ဤတပည့်များနှင့် မပတ်သက်တော့ဘဲ ချက်ချင်းထွက်သွားရန် တွေးနေစဉ်မှာပင် ရင်းနှီးနေသော အသံတစ်သံကို ကြားလိုက်ရလေသည်။
“ဂိုဏ်းတူအစ်ကိုချန်”
တံခါးစောင့်နေသော တပည့်များသည် အသံကြားရာသို့ လှည့်ကြည့်လိုက်ကြသည်။
ရောက်လာသူမှာ ဂိုဏ်းချုပ်၏ ကိုယ်ပိုင်တပည့်ဖြစ်သူ ချန်ရှုန်းဖြစ်ကြောင်း မြင်လိုက်ရသောအခါ အမြန်ဦးညွှတ် အရိုအသေပေးလိုက်ကြသည်။
“ဂိုဏ်းတူအစ်ကိုချန်... ဒီလူကလေ...”
တပည့်တစ်ဦးက အကြောင်းရင်းကို ရှင်းပြရန် ပြင်လိုက်သည်။
ထိုအခါ ရုတ်တရက် ချန်ရှုန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်ကို မြင်လိုက်ရသည်။
“ဆရာ...”
ချန်ရှုန်းသည် အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ရွှီနင်ကို မြင်လိုက်ရသောအခါ ဝမ်းသာအားရ ဖြစ်သွားတော့သည်။
“ဆရာ…”
တံခါးစောင့်နေသော တပည့်များသည် ခေတ္တမျှ ဇဝေဇဝါဖြစ်သွားကြပြီးနောက် ရွှီနင်ကို ထိတ်လန့်ကြောက်ရွံ့သော အမူအရာဖြင့် ကြည့်လိုက်ကြသည်။
ဤသူမှာ ယန့်လုဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပေသည်။
ဂိုဏ်းချုပ်တစ်ယောက် ခရီးထွက်သွားကြောင်းအား ကြားထားခဲ့ဖူးလေသည်။ ထို့ကြောင့် သူတို့လို တပည့်သစ်များသည် ဂိုဏ်းချုပ်၏ မျက်နှာအစစ်အမှန်ကို တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။
ယခုမူ ဤကဲ့သို့သော အခြေအနေမျိုးတွင် နောက်ဆုံး၌ မြင်တွေ့လိုက်ရလေပြီ။
‘ငါတို့က ဂိုဏ်းချုပ်ကိုတောင် ပြစ်မှားမိသွားတာပဲ...’
တပည့်များမှာ ကြောက်လန့်တကြား တုန်ရီနေကြတော့သည်။
“ချန်ရှုန်း... မင်း တော်တော်လေး တိုးတက်လာပါလား”
ရွှီနင်သည် တစ်ချက်ကြည့်ရုံဖြင့် ချန်ရှုန်း၏ ကျင့်ကြံခြင်းကို ထိုးထွင်းသိမြင်လိုက်သည်။
သူ မထွက်ခွာမီက ချန်ရှုန်းသည် ဟင်းလင်းပြင်နယ်ပယ်၏ ပထမအဆင့်သို့ မနည်းချိုးဖျက်ဝင်ရောက်နိုင်ရန် ပြင်ပအင်အားများကို အသုံးပြုခဲ့ရသဖြင့် သူ၏ အခြေခံမှာ မခိုင်မာခဲ့ပေ။
သို့သော် ယခုအခါ ချန်ရှုန်းသည် သူ၏နယ်ပယ်ကို ခိုင်မာအောင် လုပ်နိုင်ခဲ့သည်သာမက ဟင်းလင်းပြင်နယ်ပယ် ပထမအဆင့်၏ အလယ်အလတ်အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း ရွှီနင် တွေ့ရှိလိုက်သည်။
ဤအချက်က ရွှီနင်ကို ကျေနပ်သွားစေသည်။ မည်သို့ပင်ဆိုစေကာမူ ချန်ရှုန်း၏ ပါရမီမှာ သာမန်မျှသာ ရှိသည်မဟုတ်ပါလော။
“ဆရာ... နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ”
ချန်ရှုန်းသည် အမြန်ရှေ့တိုးသွားကာ ရွှီနင်အား ရိုသေစွာ ဦးညွှတ်လိုက်သည်။
သူ့နောက်မှ တပည့်များသည်လည်း အလျင်အမြန် လိုက်လံဦးညွှတ်ကြလေသည်။
ချန်ရှုန်း၏ ကျင့်ကြံခြင်းမှာ မကြာသေးမီက တိုးတက်လာခဲ့သဖြင့် ယနေ့တွင် ဂိုဏ်းမှထွက်ကာ ချွေယွင်တောင်ပေါ်ရှိ ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲတစ်ကောင်နှင့် သွားရောက်တိုက်ခိုက်ရန် အစပိုင်းက စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ ထွက်ထွက်ချင်းမှာပင် ရွှီနင်နှင့် လာဆုံနေလေသည်။
“ငါမရှိတဲ့ ရက်တွေအတွင်းမှာ ယန့်လုဂိုဏ်းက ထပ်ပြီး ပြောင်းလဲသွားပုံရတယ်...”
ရွှီနင်သည် တပည့်များကို အပြုံးဖြင့် တစ်ချက်ကြည့်လိုက်သည်။
“ဟုတ်ပါတယ်”
ချန်ရှုန်းက ပြန်ဖြေလိုက်သည်။
“ဒုတိယဂိုဏ်းချုပ်ချန်ရယ်၊ အကြီးအကဲတွေ၊ အရန်အကြီးအကဲတွေနဲ့ ဧည့်အကြီးအကဲတွေက ဆရာပြန်ရောက်လာတဲ့အခါ ယန့်လုဂိုဏ်းရဲ့ အပြောင်းအလဲတွေကို တွေ့ရအောင်လို့ ဂိုဏ်းတည်ဆောက်ရေးအတွက် နေ့ရောညပါ အလုပ်လုပ်ခဲ့ကြတာပါ”
“အားလုံး ပင်ပန်းသွားကြပြီပဲ...”
ရွှီနင် ပြုံးရုံသာ ပြုံးနေလိုက်သည်။
“အခု ဂိုဏ်းထဲမှာ လူဘယ်လောက်ရှိပြီလဲ”
ရွှီနင်က မေးလိုက်သည်။
“အမာခံတပည့်တွေ၊ အတွင်းစည်းတပည့်တွေနဲ့ အပြင်စည်းတပည့်တွေ အားလုံးပေါင်းလိုက်ရင် အဖွဲ့ဝင် နှစ်ထောင့်ငါးရာကျော်လောက် ရှိပါတယ်”
ချန်ရှုန်းက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“လူတွေ တော်တော်များလာတာပဲ...”
ရွှီနင် သက်ပြင်းချလိုက်မိသည်။
လွန်ခဲ့သော နှစ်နှစ်က ဂိုဏ်းကို ပြန်လည်တည်ထောင်စဉ်တွင် ကြုံတွေ့ခဲ့ရသော အခက်အခဲများကို တွေးမိသောအခါ ရွှီနင်တစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။
ယခုအခါ ယန့်လုဂိုဏ်း၏ စုစုပေါင်းအင်အားမှာ ဂိုဏ်းမပြိုကွဲမီ ယခင်အခြေအနေထက်ပင် သာလွန်နေချေပြီ။
အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားအရဆိုလျှင်လည်း ရွှီနင်သည် ယခင်ဂိုဏ်းချုပ် လီရှန့်မောက်ထက် ပိုမိုစွမ်းအားကြီးမားပေသည်။
ထို့အပြင် မီးခိုးရောင်လေး၊ ချင်းယင်၊ ချန်ကျန်းထောင်းနှင့် အခြားသူများမှာလည်း အားနည်းသူများ မဟုတ်ကြပေ။
ပင်လယ်ရပ်ခြားမှ ဖမ်းဆီးရမိလာသော အလယ်အလတ်အဆင့် တာအိုနယ်ပယ် မိစ္ဆာသားရဲများသည် ယန့်လုဂိုဏ်း၏ အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားကို များစွာ အားဖြည့်ပေးလိမ့်မည်ဟုပင် ဆိုနိုင်ပေသည်။
ဂိုဏ်း၏ လူဦးရေအရဆိုလျှင်လည်း ယခင်ကထက် ပိုများပြားလာသည်။
ထို့အပြင် လက်ရှိ ယန့်လုဂိုဏ်းကို ယဲ့ဘုရင်ခံအိမ်တော်က ကျောထောက်နောက်ခံ ပြုထားသဖြင့် သူတို့မှာ ပို၍ ယုံကြည်မှု ရှိနေကြသည်။
ယခင်ကထက် ဆိုးရွားနေသေးသည့် တစ်ခုတည်းသော အရာမှာ တပည့်များ၏ အရည်အသွေးပင် ဖြစ်သည်။
မကြာသေးမီကမှ ပြန်လည်တည်ထောင်ထားခြင်း ဖြစ်သောကြောင့် ယန့်လုဂိုဏ်းမှ တပည့်များ၏ အင်အားမှာ မလုံလောက်သေးသော်လည်း၊ အချိန်ကြာလာသည်နှင့်အမျှ သစ်ပင်ကမ္ဘာငယ်လေးမှ ကျင့်ကြံခြင်း အထောက်အပံ့ဖြင့် အမီလိုက်နိုင်ပေလိမ့်မည်။
“ဆရာ... ဒီတပည့်တွေက လွန်ခဲ့တဲ့လအနည်းငယ်ကမှ လက်ခံထားတဲ့ အပြင်စည်းတပည့်တွေပါ”
ချန်ရှုန်းသည် ဘေးနားရှိ စိုးရိမ်ထိတ်လန့်နေသော တပည့်များကို ကြည့်ကာ ရှင်းပြလိုက်သည်။
“သူတို့က ဆရာ့ကို မမှတ်မိကြလို့ပါ၊ တကယ်လို့ ဆရာ့ကို ပြစ်မှားမိတာရှိရင် ခွင့်လွှတ်ပေးပါ”
ချန်ရှုန်း၏ စကားများကြောင့် တပည့်များမှာ သူ့ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်ကြသည်။
‘သူက လူတွေရဲ့ နှလုံးသားကို သိမ်းပိုက်ဖို့ ကြိုးစားနေတာပဲ...’
ရွှီနင်သည် ချန်ရှုန်း၏ ရည်ရွယ်ချက်ကို ထိုးထွင်းသိမြင်လိုက်သည်။
အကယ်၍ ချန်ရှုန်းသာ ဤသဘောထားကို အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်ပါက၊ တပည့်များ၏ ရင်ထဲတွင် သူ၏အဆင့်အတန်းကို မြှင့်တင်နိုင်ပြီး ဩဇာအာဏာအချို့ကို တည်ဆောက်နိုင်မည်ဖြစ်သည်။
သို့သော် ရွှီနင်သည် သူ၏အကြံကို သိနေသော်လည်း ဂရုမစိုက်ပေ။
သူ့တပည့်များတွင် ဤကဲ့သို့သော စိတ်နေစိတ်ထားမျိုး ရှိနေခြင်းမှာ ဆိုးရွားသော ကိစ္စရပ်တစ်ခုတော့ မဟုတ်ချေ။
“ကြိုးကြိုးစားစား ကျင့်ကြံပြီး ဂိုဏ်းအတွက် အကောင်းဆုံး လုပ်ဆောင်ကြပါ။ မင်းတို့ကို အပြစ်မတင်ပါဘူး...”
ရွှီနင်၏ စကားများကြောင့် တပည့်များမှာ စိတ်သက်သာရာ ရသွားကြတော့သည်။
“ဆရာ... ဂိုဏ်းထဲကို ဝင်ကြပါစို့”
ချန်ရှုန်းက ပြောလိုက်သည်။
ရွှီနင် ခေါင်းညိတ်လိုက်သည်။
ထို့နောက် ရွှီနင် ဂိုဏ်းထဲသို့ ဝင်ရောက်သွားလေသည်။
မကြာမီမှာပင် သူ ယန့်လုဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာသည့် သတင်းသည် ဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
ချန်ကျန်းထောင်း၊ ရှောက်ရွှင်၊ ထုံလီ၊ အိုးဝေ၊ အခြား ဧည့်သည်အကြီးအကဲများ၊ ရှီပေါင်ချင်း၊ ဖန်းယိုလိနှင့် အခြား ထိပ်တန်းတပည့်များ အားလုံးသည် ရွှီနင်ကို ကြိုဆိုရန် အဓိကတောင်ထွတ်ဆီသို့ ရောက်လာကြသည်။
ရွှီနင်သည် အားလုံးနှင့် ခေတ္တမျှ စကားပြောဆိုပြီးနောက် အားလုံးကို ပြန်လွှတ်လိုက်ကာ ချန်ကျန်းထောင်းနှင့် ယန့်လုဂိုဏ်းသို့ မကြာသေးမီကမှ ဝင်ရောက်လာသော ဖန်းယိုလိတို့ကိုသာ ချန်ထားခဲ့သည်။
“ဖန်းယိုလိ... မင်းဆီမှာ တကယ်ကို အရည်အချင်းရှိတာပဲ”
အဓိကတောင်ထွတ်ပေါ်တွင် လူသုံးယောက်သာ ကျန်တော့သည်။
ရွှီနင်က ပြောလိုက်လေသည်။
“ခြောက်လအတွင်းမှာတင် မင်းက နယ်ပယ်သုံးဆင့်ကို ကျော်ဖြတ်ပြီး ဟင်းလင်းပြင်နယ်ပယ် ဆဋ္ဌမအဆင့်ကိုတောင် ရောက်နေပြီပဲ”