← Chapters

အခန်း (၂၇၉-၂၈၀)

Vol. 28 Ch. 279-280

အခန်း (၂၇၉-၂၈၀)

Vol. 28 Ch. 279-280

အခန်း (၂၇၉) - ယွမ်ရှန်းဂိုဏ်း၏ အကျပ်အတည်း

တစ်လကြာပြီးနောက်…

ဖုန်းလင်ပြည်နယ်…

ဆင်ခြေဖုံးရပ်ကွက်ရှိ ဂိုဏ်းတစ်ခုအတွင်း၌…

မှောင်မိုက်နေသော အခန်းတစ်ခုထဲတွင် ဖယောင်းတိုင်မီးရောင်များသာ တဖျပ်ဖျပ် လင်းလက်နေလေသည်။

အခန်းထဲတွင် အမျိုးသားနှစ်ဦး ရှိနေပြီး နှစ်ဦးလုံး၏ မျက်နှာပေါ်တွင် လေးနက်တည်ကြည်သော အမူအရာများ ရှိနေကြသည်။

“ဂိုဏ်းချုပ်... ကျွန်တော်တို့ မြို့နယ်ဂိုဏ်းပေါင်းစုံညီလာခံကို တကယ်သွားကြမှာလား”

အမျိုးသားတစ်ဦးက စတင်မေးမြန်းလိုက်သည်။

အကယ်၍ ရွှီနင်သာ ဤနေရာ၌ ရှိနေပါက ထိုအမျိုးသားမှာ ဝမ်ရှန့်ပြည်နယ် ယွမ်ရှန်းဂိုဏ်းမှ ထန်ယွင်ခုံးဖြစ်ကြောင်း မှတ်မိနေမည် ဖြစ်သည်။

ရွှီနင်၊ ထန်ယွင်ခုံးနှင့် ကူမန့်တို့သည် တစ်ချိန်က အဆုံးမဲ့ပင်လယ်ပြင်တွင် အတူတကွ ခရီးသွားခဲ့ဖူးကြလေသည်။

“အင်း”

ထန်ယွင်ခုန်းက ဂိုဏ်းချုပ်ဟု ခေါ်ဝေါ်သော အမျိုးသားသည် စကားတစ်ခွန်းကို ခက်ခဲစွာ ပြောလိုက်သည်။

ထိုအမျိုးသား၏ ဆံပင်များမှာ အဖြူအမည်း ရောယှက်နေပြီး သူ၏ မျက်လုံးများထဲတွင် လောကဓံ၏ အနိမ့်အမြင့် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေလေသည်။

သူသည် ဝမ်ရှန့်ပြည်နယ် ယွမ်ရှန်းဂိုဏ်း၏ ဂိုဏ်းချုပ် ရှင်းအန်းတောက်ဖြစ်ပြီး တာအိုနယ်ပယ် ဒုတိယအဆင့် ကြယ်တာရာချီနယ်ပယ်မှ သိုင်းပညာရှင်တစ်ဦး ဖြစ်ပေသည်။

“ဒါပေမဲ့ ဒီတစ်ကြိမ် မြို့နယ်ဂိုဏ်းပေါင်းစုံညီလာခံက ကျွန်တော်တို့အတွက် အရမ်းကို အခြေအနေဆိုးလိမ့်မယ်လို့ ခံစားရတယ်”

ထန်ယွင်ခုန်း၏ မျက်နှာမှာ အခက်တွေ့နေပုံရလေသည်။

“အမှန်ပဲ”

ရှင်းအန်းတောက်က ပြောလိုက်သည်။

“ဒါပေမဲ့ ငါတို့မှာ ရွေးချယ်စရာမှ မရှိတာ။ ဒီတစ်ခေါက်သာ မသွားရင် တခြားသူတွေက ငါတို့က မြို့နယ်ထဲက ဂိုဏ်းတွေနဲ့ သဟဇာတမဖြစ်ဘူးလို့ သေချာပေါက် အတင်းအဖျင်း ပြောကြလိမ့်မယ်။ ဒီသတင်းသာ ပျံ့သွားရင် သူတို့က ဒါကို အကြောင်းပြချက်လုပ်ပြီး ငါတို့ကို ပစ်မှတ်ထားလာကြမှာ အသေအချာပဲ။ ပြီးတော့ ငါတို့ယွမ်ရှန်းဂိုဏ်းက တရားဝင်ဂိုဏ်းတစ်ခုမှ မဟုတ်တာ။ တကယ်လို့များ အုပ်စုလိုက် တိုက်ခိုက်ခံရရင် ငါတို့ဂိုဏ်း ပျက်သုဉ်းသွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်”

“ပျက်သုဉ်းသွားမယ့် အန္တရာယ်...”

ထိုစကားကို ကြားပြီးနောက် ထန်ယွင်ခုံး၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားလေသည်။

“ဒီလူတွေက လောဘကြီးလွန်းတယ်”

ထန်ယွင်ခုန်းက ရုတ်တရက် ဒေါသတကြီး ပြောလိုက်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ယွမ်ရှန်းဂိုဏ်းမှ တပည့်များသည် ဂိုဏ်းအနီးရှိ သတ္တုတွင်းတစ်ခုကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ကြသည်။

ထိုသတ္တုတွင်းအောက်တွင် ချင်းဝမ်ဟန်သံသတ္တုရိုင်းများဖြင့် ပြည့်နှက်နေလေသည်။

ချင်းဝမ်ဟန်သံသည် တာအိုလက်နက်များကို သွန်းလုပ်ရာတွင် အသုံးပြုနိုင်သည့် အလွန်တန်ဖိုးကြီးမားသော ပစ္စည်းတစ်ခု ဖြစ်ပေသည်။

သိုင်းလောက၏ ဈေးကွက်ထဲတွင် ချင်းဝမ်ဟန်သံများအပေါ် လိုအပ်ချက်မှာ အတော်လေး မြင့်မားလှသည်။

ချင်းဝမ်ဟန်သံသတ္တုတွင်းကို ရှာဖွေတွေ့ရှိပြီးနောက် ယွမ်ရှန်းဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများမှာ အတိုင်းမသိ ဝမ်းသာပျော်ရွှင်ခဲ့ကြသည်။

သူတို့ကဲ့သို့ အခြေခံအုတ်မြစ် မရှိသော ဂိုဏ်းတစ်ခုအနေဖြင့် လျင်မြန်စွာ ကြီးထွားလာလိုပါက ကျောထောက်နောက်ခံတစ်ခု ရှိရမည် သို့မဟုတ် ဂိုဏ်းထဲတွင် ထိပ်တန်းပါရမီရှင်တစ်ဦး ရှိနေရမည် သို့မဟုတ် တန်ဖိုးကြီးမားသော အရင်းအမြစ်အချို့ကို ဆုပ်ကိုင်ထားနိုင်ရပေမည်။

ယခုမူ ထိုအခွင့်အရေးက သူတို့ရှေ့မှောက်သို့ တည့်တည့်မတ်မတ် ရောက်ရှိလာခဲ့လေပြီ။

သို့သော် ဝမ်းသာပျော်ရွှင်မှုများ အရှိန်လျော့သွားပြီးနောက် ယွမ်ရှန်းဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများသည် ကြီးမားသော ပြဿနာတစ်ခုကို သတိပြုမိသွားကြလေသည်။

သူတို့သည် ဂိုဏ်းအနီးရှိ ချင်းဝမ်ဟန်သံသတ္တုတွင်းကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ဤသတင်းသာ ပျံ့နှံ့သွားပါက အနီးအနားရှိ အခြားဂိုဏ်းများမှာ သူတို့အား သေချာပေါက် ပစ်မှတ်ထားလာကြမည် ဖြစ်သည်။

ယွမ်ရှန်းဂိုဏ်းသည် ဂိုဏ်းတံဆိပ်ပြားရှိသော တရားဝင်ဂိုဏ်းတစ်ခု မဟုတ်ပေ။

အကယ်၍ အခြားဂိုဏ်းများကသာ သူတို့အား လုယက်လိုပါက ခက်ခဲမည်မဟုတ်ချေ။

ထို့ကြောင့် ယွမ်ရှန်းဂိုဏ်းသည် ချင်းဝမ်ဟန်သံသတ္တုရိုင်းများကို တူးဖော်ရာတွင် အထူးသတိထားကာ လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့ကြသည်။

ထိုသို့ဆိုလျှင်ပင် ချင်းဝမ်ဟန်သံသတ္တုတွင်း၏ လျှို့ဝှက်ချက်သည် သုံးလပင် မပြည့်မီ ပေါက်ကြားသွားခဲ့လေသည်။

ချက်ချင်းဆိုသလိုပင် ယွမ်ရှန်းဂိုဏ်းသည် အဆီရွှဲနေသော အသားတုံးကြီးတစ်ခု ဖြစ်လာခဲ့သည်။

မြို့နယ်အတွင်းရှိ ဂိုဏ်းအများအပြားသည် ဂိုဏ်းတံဆိပ်ပြားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လောဘတကြီးဖြင့် စောင့်ကြည့်နေခဲ့ကြတော့သည်။

ဤအရေးကြီးသော ကာလအတွင်း ရှင်းအန်းတောက်သည် အကျပ်အတည်းမှ လွတ်မြောက်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့လေသည်။

ရှင်းအန်းတောက်သည် ဝမ်ရှန့်ပြည်နယ်သို့ ပထမဆုံး ရောက်ရှိလာစဉ် တရားဝင်ဂိုဏ်းတစ်ခုမှ တပည့်တစ်ဦးနှင့် ခင်မင်ရင်းနှီးခဲ့ဖူးသည်။

ထို့နောက် ထိုတပည့်သည် ဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်လာခဲ့သည်။

ရှင်းအန်းတောက်က ထိုသူ၏ အကူအညီကို ရယူခဲ့ပြီး ချင်းဝမ်ဟန်သံသတ္တုတွင်း၏ တူးဖော်ခွင့်အချို့ကို ပေးအပ်ခဲ့ပြီးနောက် ယွမ်ရှန်းဂိုဏ်း၏ လုံခြုံရေးကို ယာယီ ကာကွယ်နိုင်ခဲ့လေသည်။

သို့သော်လည်း ယွမ်ရှန်းဂိုဏ်းသည် ဘက်ပေါင်းစုံမှ ဖိအားများကို ခံစားနေရဆဲပင်။

မည်သို့ပင်ဆိုစေကာမူ ဂိုဏ်း၏ ယခင်အခြေအနေဆိုးများနှင့် နှိုင်းယှဉ်ပါက ဤရလဒ်သည် အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။

ရှင်းအန်းတောက်သည် အစီအစဉ်များအားလုံး ချမှတ်ပြီးနောက် ချင်းဝမ်ဟန်သံသတ္တုရိုင်းများကို ဆက်လက်တူးဖော်နိုင်မည်ဟု ထင်မှတ်ခဲ့သည်။

သို့သော် လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ရှင်းအန်းတောက် အကူအညီရယူခဲ့သော တရားဝင်ဂိုဏ်းမှ အကြီးအကဲသည် မတော်တဆမှုတစ်ခုဖြင့် ကွယ်လွန်သွားခဲ့ရာ ယွမ်ရှန်းဂိုဏ်းမှာ အကာအကွယ်မဲ့သွားပြန်လေသည်။

လောဘစိတ်များကို ထိန်းချုပ်ထားခဲ့ကြသော ခရိုင်အတွင်းရှိ ဂိုဏ်းအသီးသီးသည် ယွမ်ရှန်းဂိုဏ်းအပေါ် ယုတ်မာသော ရည်ရွယ်ချက်များကို ရုတ်တရက် ထုတ်ဖော်လာကြတော့သည်။

အထူးသဖြင့် မကြာသေးမီက မြို့နယ်အတွင်းရှိ အဓိကဂိုဏ်းကြီးများသည် တိတ်တဆိတ် ပူးပေါင်းကာ ယွမ်ရှန်းဂိုဏ်းအား တိုက်ခိုက်ပြီး ချင်းဝမ်ဟန်သံသတ္တုတွင်းကို လုယက်ခွဲဝေယူရန် စီစဉ်နေကြကြောင်း ရှင်းအန်းတောက် သတိပြုမိခဲ့လေသည်။

လာမည့် မြို့နယ်ဂိုဏ်းပေါင်းစုံညီလာခံတွင်လည်း ဤအခွင့်အရေးကို အသုံးချကာ ယွမ်ရှန်းဂိုဏ်းကို ဖိအားပေးရန် စီစဉ်နေသော ဂိုဏ်းများ ရှိနေကြသည်။

ထို့ကြောင့် ရှင်းအန်းတောက်နှင့် ထန်ယွင်ခုံးတို့ ဆွေးနွေးကြသောအခါ နှစ်ဦးလုံးမှာ ကြီးမားသော ဖိအားများကို ခံစားနေရခြင်း ဖြစ်ပေသည်။

“ဂိုဏ်းချုပ်... တကယ်လို့ သူတို့က ဂိုဏ်းပေါင်းစုံညီလာခံမှာ ကျွန်တော်တို့ကို တကယ်ပဲ ဖိအားပေးလာရင် ဘယ်လိုလုပ်ကြမလဲ”

ထန်ယွင်ခုန်းမှာ စိုးရိမ်ပူပန်နေမိသည်။

“တကယ်လို့ အဲဒီလိုဖြစ်လာခဲ့ရင်တော့...”

ရှင်းအန်းတောက် ခေတ္တမျှ ရပ်တန့်သွားသည်။

“ဒါဆိုရင်တော့ ငါတို့ အသက်ရှင်ဖို့အတွက် ကိုယ့်လက်မောင်းကို ပြန်ဖြတ်ရုံပဲ ရှိတော့တယ်”

“ချင်းဝမ်ဟန်သံသတ္တုတွင်းကို စွန့်လွှတ်လိုက်ရမယ်ပေါ့”

ထန်ယွင်ခုံး၏ မျက်နှာအမူအရာမှာ နာကျင်နေလေသည်။

ဤအရာက ယွမ်ရှန်းဂိုဏ်း ပြန်လည်နိုးထလာရန်အတွက် တစ်ခုတည်းသော အခွင့်အရေးဖြစ်ပေသည်။

အကယ်၍ သူတို့သာ ဤချင်းဝမ်ဟန်သံသတ္တုတွင်းကို ဆယ်စုနှစ်အနည်းငယ်မျှ တူးဖော်နိုင်ခဲ့ပါက တစ်ဂိုဏ်းလုံး၏ အရည်အသွေးအား မြှင့်တင်နိုင်မည့် အခွင့်အလမ်း ရရှိပေလိမ့်မည်။

သို့သော် ဤချင်းဝမ်ဟန်သံသတ္တုတွင်းကို စွန့်လွှတ်လိုက်ရပါက ဂိုဏ်းကြီးထွားလာရန် နောက်ထပ်အခွင့်အရေးတစ်ခု မည်သည့်အချိန်မှ ရလာမည်ဆိုသည်ကို မသေချာနိုင်တော့သလို ဤကဲ့သို့ အခွင့်အရေးမျိုး နောက်တစ်ကြိမ် ထပ်ပေါ်လာနိုင်ပါဦးမည်လား ဆိုသည်မှာလည်း မသေချာတော့ချေ။

“ဒီထက်ကောင်းတဲ့ နည်းလမ်းမရှိတော့ဘူး...”

ရှင်းအန်းတောက် အနည်းငယ် ကူကယ်ရာမဲ့နေမိသည်။

“ပြန်တော့လေ”

ရှင်းအန်းတောက်က ဆက်ပြောသည်။

“ဂိုဏ်းပေါင်းစုံညီလာခံကို တက်ရောက်မယ့် တပည့်တွေကို စုစည်းလိုက်ပါ။ ဒီညီလာခံအတွက် ငါတို့ ပုံမှန်အတိုင်းပဲ ပြင်ဆင်သွားကြမယ်”

“နားလည်ပါပြီ”

ထန်ယွင်ခုံးသည် အနည်းငယ် စိတ်ဓာတ်ကျနေပုံဖြင့် အခန်းထဲမှ ထွက်သွားလေသည်။

“ယွမ်ရှန်းဂိုဏ်း...”

ရှင်းအန်းတောက်မှာ ပင်ပန်းနွမ်းနယ်နေချေပြီ။

…

ရက်အနည်းငယ် ကုန်လွန်သွားပြီးနောက်…

ဖုန်းလင်ပြည်နယ်၊ ဇွေ့ယွဲ့မြို့နယ်၊ ယွီရှန်းခရိုင်…

ဤနေရာသည် ဇွေ့ယွဲ့မြို့နယ်၏ ဗဟိုချက်ပင် ဖြစ်သည်။

“ဝမ်ရှန့်ပြည်နယ်ကတော့ ဝမ်ရှန့်ပြည်နယ်ပါပဲ။ လမ်းပေါ်မှာတောင် ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တွေ နေရာတိုင်းမှာ ရှိနေပြီး တာအိုနယ်ပယ် သိုင်းပညာရှင်တွေကိုတောင် ရံဖန်ရံခါ တွေ့နေရသေးတယ်”

ဟယ့်မင်ယဲ့က ပြောလိုက်သည်။

ဤအချိန်တွင် ရွှီနင်၊ ဟယ့်မင်ယဲ့နှင့် စစ်ယင်တို့သည် ယွမ်ရှန်းဂိုဏ်းသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

သူတို့သည် ယွီရှန်းခရိုင်ကို ဖြတ်သန်းကာ ယွမ်ရှန်းဂိုဏ်း အခြေစိုက်ရာ မြို့ပြင်သို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။

“ဟုတ်တယ်...”

စစ်ယင်သည်လည်း ဝမ်ရှန့်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

“ပိုပြီးအံ့ဩစရာကောင်းတာက သိုင်းပညာရှင်တွေနဲ့ သာမန်လူတွေ အတူတကွ နေထိုင်နိုင်ကြတာပဲ။ မြို့ထဲမှာ တော်ဝင်နန်းတော်ရဲ့ ဥပဒေတွေရှိနေလို့ လူတိုင်းရဲ့ အဆင့်အတန်းက တန်းတူပဲ။ သိုင်းပညာစွမ်းအား ကွာခြားမှုကြောင့် ခြိမ်းခြောက်ခံရမှာကိုလည်း မကြောက်ကြဘူး”

ရွှီနင်သည် စကားမဖြတ်ဘဲ သူတို့နှစ်ဦးကြားတွင် လမ်းလျှောက်နေလေသည်။

ရွှီနင် ဝမ်ရှန့်ပြည်နယ်သို့ ပထမဆုံး ရောက်ရှိလာစဉ်ကလည်း သူတို့နှစ်ဦးကဲ့သို့ပင် ပြုမူခဲ့ဖူးသည်။

“ဟင်”

လမ်းမပေါ် လမ်းလျှောက်နေစဉ် ယွီရှန်းခရိုင် အရှေ့ဘက်သို့ အပြေးအလွှား သွားနေကြသော ဝတ်စုံတူ သိုင်းပညာရှင်များကို ရွှီနင် သတိပြုမိလိုက်သည်။

ထိုသူများမှာ ဂိုဏ်းတစ်ခုမှဖြစ်ကြောင်း သိသာလှသည်။ အဖွဲ့တစ်ဖွဲ့မက အရှေ့ဘက်သို့ အပြေးအလွှား သွားနေကြသည်ကို ရွှီနင် တွေ့လိုက်ရသည်။

“ယွီရှန်းခရိုင်မှာ ဂိုဏ်းပေါင်းစုံညီလာခံ ကျင်းပနေပုံရတယ်”

ရွှီနင်က ပြောလိုက်သည်။

“ဂိုဏ်းပေါင်းစုံညီလာခံ ဟုတ်လား”

ရွှီနင် စကားပြောပြီးသည်နှင့် ဟယ့်မင်ယဲ့နှင့် စစ်ယင်တို့၏ မျက်လုံးများ အရောင်လင်းလက်သွားကြသည်။

“ကျွန်တော်တို့ သွားကြည့်လို့ရမလား မသိဘူးနော်”

ဟယ့်မင်ယဲ့နှင့် စစ်ယင်တို့သည် ဝမ်ရှန့်ပြည်နယ်သို့ ယခုမှ ရောက်ရှိလာခြင်းဖြစ်ရာ ဝမ်ရှန့်ပြည်နယ်ရှိ ဂိုဏ်းများနှင့်ပတ်သက်၍ အလွန် သိချင်စိတ်ပြင်းပြနေကြသည်။

လောလောဆယ်တွင် ရွှီနင်၏ နောက်ကွယ်ရှိ ယန့်လုဂိုဏ်းမှလွဲ၍ အခြားမည်သည့်ဂိုဏ်းကိုမျှ သူတို့ မမြင်ဖူးခဲ့ချေ။

“နားဖို့နေရာ အရင်ရှာကြတာပေါ့”

ရွှီနင်က ပြောလိုက်သည်။

“ပြီးမှ ဘယ်လိုဂိုဏ်းလှုပ်ရှားမှုမျိုးလဲဆိုတာ တစ်ယောက်ယောက်ကို မေးကြည့်ကြတာပေါ့”

“ကောင်းပါပြီ”

ဟယ့်မင်ယဲ့နှင့် စစ်ယင်တို့က ချက်ချင်း သဘောတူလိုက်ကြသည်။

သူတို့အားလုံး ဤအခွင့်အရေးကို အသုံးချကာ ဝမ်ရှန့်ပြည်နယ်၏ ဒေသယဉ်ကျေးမှုကို လေ့လာခံစားလိုကြသည်။

ရွှီနင်သည် သူတို့နှစ်ဦးကို ခမ်းနားသော စားသောက်ဆိုင်တစ်ဆိုင်သို့ ခေါ်ဆောင်သွားလေသည်။

သူတို့သည် တန်ဖိုးကြီးပါဝင်ပစ္စည်းများဖြင့် ချက်ပြုတ်ထားသော ဟင်းပွဲများကို မှာယူလိုက်ကြသည်။

ဟယ့်မင်ယဲ့နှင့် စစ်ယင်တို့၏ လက်ရှိကျင့်ကြံမှုဖြင့် ထိုဟင်းများကို စားသောက်ပြီးနောက် သူတို့၏ အခြေခံကို ပိုမိုခိုင်မာလာစေနိုင်ပေသည်။

ဟင်းပွဲများ လာချပေးပြီးနောက် ရွှီနင်က စားပွဲထိုးကို တားလိုက်သည်။

သူက စားပွဲထိုးထံ ရင်းမြစ်သန့်စင်ဆေးပြား နှစ်ပြား ပစ်ပေးလိုက်ရာ စားပွဲထိုး၏ မျက်လုံးများ အရောင်လက်သွားလေသည်။

“ယွီရှန်းခရိုင်မှာ ဂိုဏ်းပေါင်းစုံညီလာခံ ရှိနေတာလား”

ရွှီနင်က တိုက်ရိုက်ပင် မေးလိုက်သည်။

စားပွဲထိုးမှာ အလွန်တက်ကြွသွားသည်။

“ဟုတ်ပါတယ် ဧည့်သည်တော်။ ဒီနေ့ ယွီရှန်းခရိုင်မှာ ဇွေ့ယွဲ့မြို့နယ်ထဲက ဂိုဏ်းအားလုံးအတွက် ဂိုဏ်းပေါင်းစုံညီလာခံ ရှိပါတယ်။ ကြီးငယ်မရွေး ဂိုဏ်းအများစု တက်ရောက်ကြမှာပါ”

“ဒါဆို ပြင်ပလူတွေကိုရော ဝင်ခွင့်ပေးလား”

ရွှီနင်က ထပ်မေးလိုက်သည်။

“ရပါတယ်...”

စားပွဲထိုးက ပြောလေသည်။

“ဒါပေမဲ့ ပြင်ပလူတွေ ဝင်ကြည့်ချင်ရင်တော့ တစ်ယောက်ကို ရင်းမြစ်သန့်စင်ဆေးပြား တစ်ရာ ပေးရပါတယ်”

“ရင်းမြစ်သန့်စင်ဆေးပြား တစ်ရာ...”

ရွှီနင် ခေါင်းညိတ်လိုက်သည်။

ရင်းမြစ်သန့်စင်ဆေးပြား တစ်ရာဆိုသည်မှာ သိပ်မများလှပေ။ ဟယ့်မင်ယဲ့နှင့် စစ်ယင်တို့ပင် အလွယ်တကူ ထုတ်ပေးနိုင်လေသည်။

“ယွီရှန်းခရိုင်နားမှာ ယွမ်ရှန်းဂိုဏ်းဆိုတာရှိတယ်။ ယွမ်ရှန်းဂိုဏ်းကရော ဒီဂိုဏ်းများညီလာခံကို တက်ရမှာမလား”

ဟယ့်မင်ယဲ့က စားပွဲထိုးကို မေးလိုက်သည်။

“သေချာပေါက်ပေါ့”

စားပွဲထိုးက ပြန်ဖြေသည်။

ထို့နောက် သူက အသံကို နှိမ့်လိုက်သည်။

“ဒီညီလာခံလုပ်ရတဲ့ အကြောင်းရင်းတစ်စိတ်တစ်ပိုင်းက ယွမ်ရှန်းဂိုဏ်းကို ဖိအားပေးဖို့လို့ ကြားတယ်”

“အို”

စားပွဲထိုး ပြောပြီးသွားသောအခါ ရွှီနင်နှင့် အခြားနှစ်ဦးတို့ မျက်မှောင်ကြုံ့သွားကြသည်။

စားပွဲထိုးစကား၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှသည် — ယွမ်ရှန်းဂိုဏ်းသည် အခက်အခဲနှင့် ရင်ဆိုင်နေရခြင်းပင်။

“ဘာလို့ သူတို့ကို ဖိအားပေးရတာလဲ”

စစ်ယင်က မေးလိုက်သည်။

“အရင်းအမြစ်တွေအတွက်ပေါ့...”

နေ့စဉ်နှင့်အမျှ သတင်းများစွာ ကြားသိနေရ၍ ဖြစ်ကောင်းဖြစ်မည်၊ စားပွဲထိုးသည် ယွမ်ရှန်းဂိုဏ်းအကြောင်း အတော်များများ သိထားလေသည်။

ထို့နောက် သူက ယွမ်ရှန်းဂိုဏ်း၏ အခြေအနေကို သူတို့သုံးဦးအား ရှင်းပြလိုက်သည်။

“ဪ... ဒီလိုကိုး”

စားပွဲထိုး ရှင်းပြပြီးနောက် သူတို့သုံးဦးမှာ ရုတ်တရက် သဘောပေါက်သွားကြသည်။

“မင်း သွားလို့ရပြီ”

ရွှီနင်က စားပွဲထိုးကို နောက်ထပ် ရင်းမြစ်သန့်စင်ဆေးပြား နှစ်ပြား ထပ်မံဆုချလိုက်သည်။

စားပွဲထိုးမှာ မပြုံးဘဲ မနေနိုင်တော့ချေ။

ရင်းမြစ်သန့်စင်ဆေးပြား လေးပြားဆိုသည်မှာ သူ၏ ခြောက်လစာ ဝင်ငွေပင် ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်ဗျာ... ကျေးဇူးတင်ပါတယ်”

စားပွဲထိုးသည် ဝမ်းသာအားရဖြင့် ထွက်သွားလေသည်။

“ဂိုဏ်းချုပ် ဖုန်းရှိုးပြောတာ မှန်ပုံရတယ်”

ဟယ့်မင်ယဲ့က ပြောလိုက်သည်။

“ဝမ်ရှန့်ပြည်နယ်က ယွမ်ရှန်းဂိုဏ်းက တကယ်ပဲ ဒုက္ခရောက်နေတာကိုး”

“ဂျူနီယာညီလေးရွှီ... ကျွန်မတို့ သူတို့ကို ကူညီပေးလို့ရမလား”

စစ်ယင်က ရွှီနင်ကို ကြည့်လိုက်သည်။

သူတို့သည် ယန့်လုဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး ရွှီနင်၏ လက်အောက်တွင် ရှိနေသော်လည်း ယခင်ကဲ့သို့ပင် ရင်းနှီးစွာ ခေါ်ဝေါ်ကြဆဲ ဖြစ်သည်။

“စောင့်ကြည့်ကြတာပေါ့”

ရွှီနင် ချက်ချင်း အတည်ပြုချက် မပေးခဲ့ပေ။

သို့သော် ရွှီနင်ကမူ သူ၏စွမ်းအားဖြင့် ဤကိစ္စကို ဖြေရှင်းနိုင်မည်ဟု ခံစားနေရသည်။

ဇွေ့ယွဲ့မြို့နယ်သည် အင်အားကြီးမားသော မြို့နယ်တစ်ခု မဟုတ်ချေ။

မြို့နယ်အတွင်းရှိ ထိပ်တန်းသိုင်းပညာရှင်များမှာ တာအိုနယ်ပယ် ပဉ္စမအဆင့်ခန့်သာ ရှိမည်ဖြစ်သည်။ တာအိုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်နှင့် ယှဉ်နိုင်သော သူ၏ တိုက်ခိုက်နိုင်စွမ်းဖြင့်ဆိုလျှင် မည်သူမျှ သူ၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပေ။

ယုတ္တိတန်တန် စဉ်းစားရလျှင် ရွှီနင်သည် ယွမ်ရှန်းဂိုဏ်းကို မဖြစ်မနေ ကူညီရမည် ဖြစ်သည်။

သို့သော် ယခု သူတို့သည် ဖုန်းလင်ပြည်နယ်သို့ ရောက်ရှိနေပြီဖြစ်ရာ မှီခိုအားထားစရာ အင်အားဟူ၍ မရှိတော့ချေ။

ယွမ်ရှန်းဂိုဏ်းအား ကူညီချင်လျှင်ပင် ရွှီနင်သည် မိမိကိုယ်ပိုင်အင်အားကိုသာ အားထားရမည် ဖြစ်သည်။

“အရင် စားကြရအောင်”

ရွှီနင်က ပြောလိုက်သည်။

“ညစာစားပြီးရင် ဂိုဏ်းပေါင်းစုံညီလာခံ လုပ်မယ့်နေရာကို သွားကြတာပေါ့”

“ကောင်းပါပြီ”

ဟယ့်မင်ယဲ့နှင့် စစ်ယင်တို့ ခေါင်းညိတ်လိုက်ကြသည်။

အစားအသောက်များကို မြိန်ယှက်စွာ စားသောက်ပြီးနောက် သူတို့သုံးဦးသည် စားသောက်ဆိုင်မှထွက်ခွာကာ ယွီရှန်းခရိုင် အရှေ့ဘက်သို့ အပြေးအလွှား သွားကြလေတော့သည်။

အခန်း (၂၈၀) - လွန်လွန်းလှသည်

“ဂိုဏ်းပေါင်းစုံညီလာခံ ကျင်းပတဲ့နေရာက တကယ့်ကို နေရာကောင်းလေးပဲ...”

ရွှီနင်၊ ဟယ့်မင်ယဲ့နှင့် စစ်ယင်တို့သည် ဇွေ့ယွဲ့မြို့နယ်ရှိ ဂိုဏ်းပေါင်းစုံညီလာခံ ကျင်းပရာနေရာကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ညီလာခံကို ပန်းဥယျာဉ်တစ်ခုအတွင်း၌ ကျင်းပနေခြင်း ဖြစ်သည်။

ဥယျာဉ်အတွင်းရှိ နွေဦးပန်းများနှင့် စိမ်းလန်းစိုပြည်သော သစ်ရွက်များမှာ တက်ကြွလန်းဆန်းသော အသွင်ကို ဆောင်နေလေသည်။

ဂိုဏ်းတပည့်များမှာ အဆက်မပြတ် ဝင်ရောက်လာနေကြသည်။

တစ်ချိန်တည်းမှာပင် ဂိုဏ်းဝင်မဟုတ်သူများမှာလည်း ရင်းမြစ်သန့်စင်ဆေးပြားများ ပေးဆောင်ကာ ဝင်ရောက်လာကြလေသည်။

ရွှီနင်နှင့် အခြားနှစ်ဦးမှာလည်း ပန်းဥယျာဉ်ဝင်ပေါက်သို့ ရောက်ရှိလာပြီး ရင်းမြစ်သန့်စင်ဆေးပြား ၃၀၀ ပေးဆောင်ကာ အတွင်းသို့ ဝင်ခဲ့ကြသည်။

ထို့နောက် သူတို့သည် ဥယျာဉ်အတွင်းသို့ လှမ်းဝင်ခဲ့ကြသည်။

ရွှီနင်တို့အဖွဲ့အား ဝန်ထမ်းတစ်ဦးမှ ပရိသတ်ကြည့်စင်တစ်ခုဆီသို့ လမ်းပြပို့ဆောင်ပေးခဲ့သည်။

အောက်ဘက်ရှိ ကွင်းပြင်မှာ ဂိုဏ်းအသီးသီးမှ တပည့်များ လက်ရည်စမ်းကြမည့်နေရာပင် ဖြစ်သည်။

ပွဲကြည့်စင်မှာ တစ်ဝက်ကျော်ခန့် ပြည့်နေပြီဖြစ်ပြီး ဂိုဏ်းအသီးသီးမှ တပည့်များမှာလည်း အထူးနိုးနိုးကြားကြား ရှိနေကြသည်။

အထူးသဖြင့် ဂိုဏ်းအသီးသီးမှ လူငယ်တပည့်များ၏ မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည်။

သူတို့အားလုံးသည် ဤညီလာခံတွင် ထင်ပေါ်ကျော်ကြားလာပြီး ဂိုဏ်းရှိ အဆင့်မြင့်ပုဂ္ဂိုလ်များ၏ သဘောကျမှုကို ရယူကာ အရင်းအမြစ်များ ပိုမိုရရှိရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။

‘ယွမ်ရှန်းဂိုဏ်းက လူတွေ မရောက်သေးဘူးပဲ...’

ရွှီနင်သည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ထန်ယွင်ခုံးနှင့် ကူမန့်တို့၏ အရိပ်အယောင်ကို မတွေ့ရပေ။

‘လက်ရှိ ကွင်းထဲမှာ အသန်မာဆုံးလူက တာအိုနယ်ပယ် စတုတ္ထအဆင့်မှာပဲ ရှိသေးတာပဲ...’

ရွှီနင်က ထိုအရာကို အာရုံခံမိလိုက်သည်။

ရွှီနင် ယခင်က တွေးဆထားခဲ့သည့်အတိုင်းပင် ဇွေ့ယွဲ့မြို့နယ်သည် သန်မာသော မြို့နယ်တစ်ခုမဟုတ်သဖြင့် ဤနေရာ၌ ပညာရှင် အများအပြား မရှိချေ။

“ဒီလို မြင်ကွင်းမျိုးကို မြင်ရတိုင်း လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ယွဲ့လန်ဂိုဏ်းမှာ ကျင်းပခဲ့တဲ့ မိစ္ဆာနှိမ်နင်းရေး ညီလာခံကို သတိရမိတယ်”

ဟယ့်မင်ယဲ့က ရှေ့ကမြင်ကွင်းကို ကြည့်ရင်း ပြုံးလျက် ပြောလိုက်သည်။

“ညီလေး... မင်းက ဂိုဏ်းရဲ့ မိစ္ဆာနှိမ်နင်းရေး ညီလာခံမှာ မင်းရဲ့အရည်အချင်းတွေကို ထုတ်ပြခဲ့ပြီး ဆရာ့ရဲ့ တပည့်အဖြစ် ရွေးချယ်ခံခဲ့ရတာလေ”

“အဲဒီအချိန်ကစပြီး မင်းရဲ့ သိုင်းပညာခရီးလမ်းက တားဆီးလို့မရအောင် တိုးတက်လာခဲ့တာ... လူတိုင်းကို အမြန်ကျော်ဖြတ်ပြီး နောက်ဆုံးမှာ တာအိုနယ်ပယ်ကိုတောင် ရောက်သွားခဲ့ပြီ”

ရွှီနင်က နားထောင်ရင်း ပြုံးလိုက်မိသည်။

သူ ထိုအကြောင်းအရာကို ရှင်းလင်းစွာ မှတ်မိနေပါသေးသည်။

“ကြည့်လိုက်ဦး... ဟိုမှာ ယွမ်ရှန်းဂိုဏ်းက လူတွေ မဟုတ်လား”

စစ်ယင်က အခြားတစ်ဖက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။

ရွှီနင်နှင့် ဟယ့်မင်ယဲ့တို့ လှမ်းကြည့်လိုက်ကြသည်။

“ဟုတ်လောက်တယ်... သူတို့ဝတ်ထားတဲ့ ဝတ်စုံတွေက ချောက်နက်ကြီးမြောက်ပိုင်းမှာတွေ့ခဲ့တဲ့ ယွမ်ရှန်းဂိုဏ်းက တပည့်တွေနဲ့ အတူတူပဲ”

ဟယ့်မင်ယဲ့က အခိုင်အမာ ပြောလိုက်သည်။

“ဟုတ်တယ်... သူတို့ပဲ”

ရွှီနင်သည်လည်း ထိုအဖွဲ့ထဲတွင် ထန်ယွင်ခုံးနှင့် ကူမန့်တို့ကို တွေ့ရှိသွားခဲ့သည်။

“ယွမ်ရှန်းဂိုဏ်းက တာအိုနယ်ပယ် ပညာရှင် ငါးယောက် ပါလာတာပဲ... တစ်ယောက်က တာအိုနယ်ပယ် ဒုတိယအဆင့်ဖြစ်ပြီး ကျန်တဲ့လေးယောက်ကတော့ ပထမအဆင့် ခန္ဓာကိုယ်ပေါင်းစပ်ခြင်းနယ်ပယ်မှာပဲ ရှိသေးတယ်...”

ရွှီနင်သည် ယွမ်ရှန်းဂိုဏ်း၏ ခေါင်းဆောင်ကို အချိန်အတော်ကြာ စိုက်ကြည့်နေမိသည်။

ဤကြယ်တာရာချီနယ်ပယ် ပညာရှင်မှာ ယွမ်ရှန်းဂိုဏ်း၏ ဂိုဏ်းချုပ် ရှင်းအန်းတောက် ဖြစ်ရမည်ဟု ရွှီနင် သိလိုက်သည်။

“ဂိုဏ်းချုပ်... ဒီလူတွေက စိတ်ရင်းကောင်းနဲ့ ကြိုဆိုနေကြတာ မဟုတ်ဘူးနော်...”

သူတို့ ကွင်းထဲသို့ ဝင်လာစဉ် ထန်ယွင်ခုံးမှာ ရှင်းအန်းတောက်၏ နောက်မှ ကပ်ပါလာလေသည်။

သူသည် အခြားဂိုဏ်းတပည့်များကို ကြည့်လိုက်ရာ လူတိုင်းမှ သူတို့အား ခနဲ့တဲ့တဲ့ အကြည့်များဖြင့် ကြည့်နေကြသည်ကို သတိထားမိလိုက်သည်။

ရှင်းအန်းတောက်မှ ဘာမှပြန်မပြောသော်လည်း သူ၏ မျက်လုံးထဲတွင်မူ သတိရှိမှုနှင့် အေးစက်မှုတို့ ယှက်သန်းနေသည်။

ယွမ်ရှန်းဂိုဏ်းသားများသည် မိမိတို့နေရာတွင် ဝင်ထိုင်လိုက်ကြသည်။ အဖွဲ့တစ်ခုလုံး၏ အခြေအနေမှာ အနည်းငယ် စိတ်ပျက်အားလျော့စရာ ကောင်းနေပြီး မည်သူမျှ စကားမပြောကြပေ။

အကြီးအကဲများနှင့် တပည့်များ၏ မျက်နှာတွင် လေးနက်သော အမူအရာများ ရှိနေကြသည်။

၎င်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်မှာ အခြားဂိုဏ်းများ ဝင်ရောက်လာချိန်တွင်မူ ထိုဂိုဏ်းများမှ အဆင့်မြင့်အရာရှိကြီးများမှာ တက်ကြွစွာ စကားပြောဆိုနေကြခြင်းပင်။

‘စားပွဲထိုးပြောသလိုပဲ ယွမ်ရှန်းဂိုဏ်းရဲ့ အခြေအနေက တကယ်ကို မကောင်းဘူးပဲ’

ရွှီနင်က ယွမ်ရှန်းဂိုဏ်းရှိရာဘက်သို့ ဆက်တိုက်ကြည့်နေခဲ့ရာ သူတို့မှာ သိသိသာသာ အပယ်ခံထားရကြောင်း တွေ့ရှိလိုက်ရသည်။

“ငါတို့ သူတို့ဆီသွားပြီး နှုတ်ဆက်လိုက်ကြမလား”

စစ်ယင်က ရွှီနင်ကို မေးလိုက်သည်။

“မလောပါနဲ့ဦး”

ရွှီနင်က ပြောလိုက်သည်။

“ဘာတွေဆက်ဖြစ်မလဲဆိုတာ အရင်ကြည့်ရအောင်”

ကွင်းအတွင်း၌ လူများ ပိုမိုများပြားလာခဲ့သည်။

ပန်းဥယျာဉ်အတွင်းရှိ ပွဲကြည့်စင်များမှာ လူများဖြင့် ပြည့်နှက်နေပြီး ကွင်းလယ်ရှိ စင်မြင့်သာလျှင် လွတ်နေတော့သည်။

မကြာမီမှာပင် တစ်စုံတစ်ယောက်၏ အော်ဟစ်လိုက်သံ ထွက်ပေါ်လာသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးကျိ ကြွလာပါပြီ”

ချက်ချင်းဆိုသလိုပင် ဂိုဏ်းအသီးသီးမှ အကြီးအကဲများနှင့် တပည့်များအားလုံး မတ်တတ်ရပ်ကာ မြို့နယ်အုပ်ချုပ်ရေးမှူး လာရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

ဇွေ့ယွဲ့မြို့နယ်၏ မြို့နယ်အုပ်ချုပ်ရေးမှူးမှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ သူ၏ အရှိန်အဝါမှာ ကွမ်ဟယ်မြို့နယ်မှ ဝေရှုန်ကျန့်နှင့် အလွန်ဆင်တူလေသည်။

‘တာအိုနယ်ပယ် ပဉ္စမအဆင့်ပဲ...’

မြို့နယ်အုပ်ချုပ်ရေးမှူးကျိ၏ နယ်ပယ်မှာ သူနှင့် အတူတူပင်ဖြစ်ကြောင်း ရွှီနင် သတိပြုမိလိုက်သည်။

သို့သော် ရွှီနင်က သူ၏ အင်အားကို အလွယ်တကူ အာရုံခံနိုင်သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးကျိကမူ ရွှီနင်၏ တည်ရှိမှုကိုပင် သတိထားမိခြင်း မရှိပေ။

၎င်းမှာ ရွှီနင်က အရှိန်အဝါဖုံးကွယ်ခြင်းလက်စွပ်ကို အသုံးပြု၍ ဖုံးကွယ်ထားသောကြောင့် မဟုတ်ဘဲ သူ၏ အင်အားက ပိုမိုသာလွန်နေသဖြင့် အရှိန်အဝါကို လုံးဝဖုံးကွယ်ထားနိုင်ခြင်းကြောင့် ဖြစ်သည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးကျိ”

ချက်ချင်းပင် ဂိုဏ်းကြီးအသီးသီးမှ အဆင့်မြင့်ပုဂ္ဂိုလ်များက မြို့နယ်အုပ်ချုပ်ရေးမှူးကျိအား နှုတ်ဆက်လိုက်ကြသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးကျိမှာ ရာထူးကြီးမြင့်ရုံသာမက ဤနေရာ၌ အသန်မာဆုံးလူလည်း ဖြစ်သဖြင့် ကြီးမားသော ဂုဏ်သရေကို ခံစားနေရခြင်း ဖြစ်သည်။

“အားလုံးပဲ ထိုင်ကြပါ”

မြို့နယ်အုပ်ချုပ်ရေးမှူးကျိက လက်ကာပြလိုက်သည်။

“ကျွန်တော်က ဂိုဏ်းအသီးသီးရဲ့ ဂုဏ်ကျက်သရေကို လာကြည့်တာပါ... ကျွန်တော်က ပွဲကြည့်ပရိသတ်တစ်ယောက်ပါပဲ... ကျွန်တော့်ကို သိပ်အာရုံမစိုက်ကြပါနဲ့”

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ကျိသည် စင်မြင့်ဘေးရှိ အားလပ်နေသော ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်သည်။

သူ၏ ဘေးတွင် ဂိုဏ်းနှစ်ခုမှ ဂိုဏ်းချုပ်များ ရှိနေကြသည်။ ထိုဂိုဏ်းချုပ်နှစ်ဦးလုံးမှာ တာအိုနယ်ပယ် စတုတ္ထအဆင့် ပညာရှင်များ ဖြစ်ကြသည်။

ထိုသူနှစ်ဦးမှာ မြို့နယ်အုပ်ချုပ်ရေးမှူးကျိနှင့် ရယ်မောကာ စကားပြောနေရင်း ယွမ်ရှန်းဂိုဏ်းရှိရာဘက်သို့ ခဏခဏ လှမ်းကြည့်နေကြသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးကျိ ရောက်လာပြီး မကြာမီမှာပင် နေမင်းသည် ကောင်းကင်အလယ်တည့်တည့်သို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က စင်မြင့်ပေါ်သို့ တက်လာပြီး ဂိုဏ်းပေါင်းစုံညီလာခံကို စတင်ကျင်းပလေတော့သည်။

အခမ်းအနားမှူးက လုပ်ရိုးလုပ်စဉ်အတိုင်း စကားအချို့ကို ပြောကြားပြီးနောက် ဤညီလာခံ၏ လုပ်ငန်းစဉ်များကို ရှင်းပြလိုက်သည်။

ပထမဦးစွာ ဂိုဏ်းအသီးသီးမှ တပည့်များက မဲနှိုက်၍ လက်ရည်စမ်းကြမည် ဖြစ်သည်။ ထို့နောက်မှ အကြီးအကဲများနှင့် ဂိုဏ်းချုပ်များ အလှည့်ကျ စိန်ခေါ်ကြမည်ဖြစ်သည်။

၎င်းက ရင်းမြစ်သန့်စင်ဆေးပြား ၁၀၀ ပေးဆောင်၍ ဝင်လာကြသော အပြင်လူများကို ကျေနပ်သွားစေသည်။

ဂိုဏ်းတပည့်များ၏ တိုက်ခိုက်မှုများကို မြင်တွေ့ရရုံသာမက အဆင့်မြင့်အရာရှိကြီးများနှင့် တာအိုနယ်ပယ် ပညာရှင်များ၏ ယှဉ်ပြိုင်မှုကိုပါ မြင်တွေ့ရမည်ဖြစ်ရာ ဤသည်မှာ အလွန်ရှားပါးသော အခွင့်အရေးပင်။

ထို့နောက်တွင် ဂိုဏ်းအသီးသီးမှ တပည့်များ စတင်တိုက်ခိုက်ကြတော့သည်။

“ဝမ်ရှန့်ပြည်နယ်ရဲ့ တပည့်တွေက နယ်ပယ်မြင့်ရုံတင်မကဘူး... သိုင်းပညာအပေါ် နားလည်မှုကလည်း တကယ်ကို နက်ရှိုင်းတာပဲ”

ပွဲကြည့်စင်တွင် ထိုင်နေသော ဟယ့်မင်ယဲ့က ဟင်းလင်းပြင်နယ်ပယ် တပည့်များ၏ လက်ရည်စမ်းမှုကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

“ဟုတ်တယ်... ချောက်နက်ကြီးမြောက်ပိုင်းက ထူးချွန်တဲ့ တပည့်တွေတောင် သူတို့ကို ယှဉ်ဖို့ ခက်လိမ့်မယ်”

စစ်ယင်က ပြောလိုက်သည်။

“ဝမ်ရှန့်ပြည်နယ်ရဲ့ သိုင်းပညာအခြေခံက တကယ့်ကို ကြောက်စရာကောင်းတာပဲ”

ရွှီနင်သည် ဝမ်ရှန့်ပြည်နယ်မှ တပည့်များ၏ ပြိုင်ပွဲကို ပထမဆုံးအကြိမ် လေ့လာနေခြင်း ဖြစ်သည်။

သူကိုယ်တိုင်လည်း ဤလူများနှင့် ယှဉ်လျှင် သူ၏ ယန့်လုဂိုဏ်းမှ တပည့်များနှင့် ကွာခြားချက်မှာ သိသိသာသာ ကွာဟနေကြောင်း သတိပြုမိလိုက်သည်။

“ယွမ်ရှန်းဂိုဏ်းက တပည့်တွေ စင်ပေါ်တက်ရမယ့် အချိန်ရောက်ပြီ”

ရွှီနင်တို့ သုံးဦးလုံး သေချာစွာ ကြည့်လိုက်ကြသည်။

စင်မြင့်ပေါ်တွင် ယွမ်ရှန်းဂိုဏ်းမှ တပည့်တစ်ဦးနှင့် အခြားဂိုဏ်းမှ တပည့်တစ်ဦးတို့သည် ဟင်းလင်းပြင်နယ်ပယ် အဆင့်ကိုးတွင် ရှိနေကြသည်။

နှစ်ဖက်လုံးမှာ စင်ပေါ်ရောက်သည်နှင့် အားနာခြင်းမရှိဘဲ ချက်ချင်းပင် သူတို့၏ ပိုင်နက်များကို ဖွင့်ထုတ်ကာ ပြင်းထန်စွာ တိုက်ခိုက်ကြလေတော့သည်။

“တော်တော် ပြင်းထန်တာပဲ”

ဟယ့်မင်ယဲ့ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“နှစ်ဖက်လုံးက တိုက်ခိုက်တဲ့အခါမှာ တကယ့်ကို ရက်ရက်စက်စက် တိုက်ခိုက်နေကြတာပဲ... ဒါက လက်ရည်စမ်းရုံတင် မဟုတ်တော့ဘူး...”

ရွှီနင် မျက်မှောင်ကြုံ့လိုက်သည်။

ယွမ်ရှန်းဂိုဏ်းမှတပည့်များ၏ တိုက်ခိုက်မှုများမှာ ယခင်ကပွဲများထက် ပိုမိုပြင်းထန်နေကြောင်း သူ တွေ့ရှိလိုက်ရသည်။

အရင်ပွဲများတွင် သူတို့သည် အပြန်အလှန် ထိန်းသိမ်းတိုက်ခိုက်ကြသော်လည်း ယခုမူ တိုက်ပွဲမှာ အလွန်ပြင်းထန်နေလေသည်။

သို့သော် စင်ပေါ်ရှိ လူနှစ်ဦးမှာ သိသိသာသာ ရက်စက်နေကြသည်။ အကယ်၍သာ ပေါ့ဆလိုက်ပါက ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်ပေသည်။

ဘုန်း…

ရုတ်တရက် ပြိုင်ဘက်တပည့်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ယွမ်ရှန်းဂိုဏ်းတပည့်၏ ရင်ဘတ်ကို ရိုက်နှက်လိုက်သည်။

ယွမ်ရှန်းဂိုဏ်းတပည့်၏ ရင်ဘတ်မှာ ချက်ချင်းပင် ချိုင့်ဝင်သွားပြီး သွေးတစ်လုတ် ထွေးထုတ်ကာ လေပေါ်၌ပင် သတိလစ်သွားတော့သည်။

သို့သော်လည်း ပြိုင်ဘက်တပည့်မှာ ထိုသူအား လွှတ်မပေးဘဲ လေပေါ်တွင် ဆက်တိုက် တိုက်ခိုက်ခဲ့သဖြင့် ယွမ်ရှန်းဂိုဏ်းတပည့်မှာ ပိုမိုပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

သူ မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် အဝတ်အစားများမှာ သွေးများဖြင့် လုံးဝရွှဲနစ်နေချေပြီ။

“သူတို့တွေ လွန်လွန်းတယ်”

စင်အောက်တွင် ထန်ယွင်ခုံးမှာ ဒေါသထွက်နေသည်။

သူ့အောက်ရှိ ထိုင်ခုံလက်တန်းမှာလည်း ကြေမွသွားခဲ့ပြီ ဖြစ်သည်။

ထန်ယွင်ခုံးတစ်ယောက် စင်ပေါ်သို့ ပြေးတက်ရန် ပြင်လိုက်သော်လည်း ရှင်းအန်းတောက်က တားဆီးလိုက်သည်။

“ထန်ယွင်ခုံး... စိတ်အေးအေးထားစမ်း”

ရှင်းအန်းတောက်၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း သူ၏ ဆင်ခြင်တုံတရားကို ထိန်းသိမ်းထားကာ ဒေါသကို ချုပ်တည်းထားဆဲ ဖြစ်သည်။

“ဂိုဏ်းချုပ်”

ထန်ယွင်ခုံးသည် အံကြိတ်ကာ ပြန်ထိုင်လိုက်ရသည်။

“အဲဒီလူတွေက မင်းကို ဒေါသထွက်ပြီး စင်ပေါ်တက်လာအောင် လုပ်နေကြတာ... မင်း စိတ်မထိန်းနိုင်ဖြစ်လာတဲ့အခါ မင်းကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင်လုပ်ဖို့ ဒါမှမဟုတ် သတ်ပစ်ဖို့ အကြောင်းပြချက် ရှာနေကြတာ”

ဘေးနားရှိ ကူမန့်ကလည်း ထန်ယွင်ခုံး၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။

“မင်း တကယ်ပဲ ဒေါသဖြေချင်ရင် တခြားသူတွေကိုသာ သွားပြီး စိန်ခေါ်လိုက်ပါ”

ထန်ယွင်ခုံးသည် ခက်ခဲစွာ စိတ်ကို လျှော့ချလိုက်သည်။

ပွဲကြည့်စင်ပေါ်တွင် ရွှီနင်တို့ သုံးဦးလုံး၏ မျက်နှာမှာ မသာမယာ ဖြစ်နေကြသည်။

သူတို့သည် ယွမ်ရှန်းဂိုဏ်းဝင်များ မဟုတ်ကြသော်လည်း ယွမ်ရှန်းဂိုဏ်းသည် ချောက်နက်ကြီးမြောက်ပိုင်းမှ ဖြစ်သကဲ့သို့ သူတို့သည်လည်း ထိုနေရာမှ လာခဲ့ကြခြင်း ဖြစ်သည်။

ဤမြင်ကွင်းမှာ မိမိတို့ အမျိုးသားများဖြစ်သူ အဝေးတစ်နေရာတွင် နှိပ်စက်ခံနေရသည်ကို ကြည့်နေရသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။

“လက်ရည်စမ်းပွဲလို့သာ ပြောတာ... ဒီလောက်အထိ ပြင်းပြင်းထန်ထန် လုပ်စရာ မလိုပါဘူး”

ဟယ့်မင်ယဲ့ ဒေါသထွက်နေသည်။

စစ်ယင်သည်လည်း အလွန်မကျေမနပ် ဖြစ်နေသည်။

“သူတို့က သိသိသာသာကို လူသတ်ဖို့ ရည်ရွယ်နေတာပဲ”

ရွှီနင်ကတော့ ဘာမှမပြောပေ။

သို့သော် နောက်ပိုင်း လက်ရည်စမ်းပွဲများတွင် ယွမ်ရှန်းဂိုဏ်းမှာ ပိုမိုအန္တရာယ်ရှိလာနိုင်ကြောင်း သူ သိလိုက်သည်။

ထင်သည့်အတိုင်းပင် အရာအားလုံးမှာ ရွှီနင် မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။

ယွမ်ရှန်းဂိုဏ်းတပည့်များ စင်ပေါ်တက်သည့်အခါတိုင်းတွင် တစ်ဖက်မှ အင်အားကြီးမားသော ပညာရှင်များကို စေလွှတ်လေ့ရှိသည်။

သူတို့မှာ သန်မာရုံသာမက ရက်စက်ကြမ်းကြုတ်လှသည်။ အားလုံးမှာ လက်တွေ့တိုက်ပွဲ အတွေ့အကြုံရှိသော တပည့်များ ဖြစ်ကြသည်။

ယွမ်ရှန်းဂိုဏ်းမှာ တစ်ပွဲပြီးတစ်ပွဲ ရှုံးနိမ့်ခဲ့ပြီး လူအများအပြား ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သဖြင့် ယွမ်ရှန်းဂိုဏ်း၏ စိတ်ဓာတ်မှာ ပို၍ပင် ကျဆင်းလာတော့သည်။

ရှင်းအန်းတောက်၊ ထန်ယွင်ခုံး၊ ကူမန့်နှင့် အခြားသူများမှာ ဒေါသထွက်နေကြသော်လည်း အကူအညီမဲ့နေကြသည်။

ထိုစဉ်မှာပင် ဂိုဏ်းချုပ်နှစ်ဦးမှာ အသံတိုးတိုးဖြင့် စကားပြောနေကြသည်။

“ယွမ်ရှန်းဂိုဏ်းက အဲဒီလူတွေကို ကြည့်လိုက်ဦး...”

စကားပြောသူမှာ မုတ်ဆိတ်မွေး ထူထူနှင့် လူဝကြီးတစ်ဦး ဖြစ်သည်။ သူ၏ လေသံထဲတွင် လှောင်ပြောင်မှုများ ပါဝင်နေလေသည်။

“သူတို့က အင်အားလည်းမရှိဘဲနဲ့ အဲဒီလောက်များတဲ့ ချင်းဝမ်ဟန်သတ္တုရိုင်းတွင်းကို ပိုင်ဆိုင်ချင်နေတာပဲ... တကယ်ကို ကိုယ့်နေရာကိုယ် မသိတဲ့လူတွေပဲ”

အခြားတစ်ဦးမှာ ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး မျက်လုံးများမှာ ကျဉ်းမြောင်းနေသဖြင့် ကြည့်ရသည်မှာ ရက်စက်မည့်ပုံ ပေါက်နေသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ မျက်နှာကိုသာ ထောက်မနေရင် ငါ တခြားဂိုဏ်းတွေနဲ့ ပေါင်းပြီး ယွမ်ရှန်းဂိုဏ်းကို မြေလှန်ပစ်လိုက်တာ ကြာလှပြီ”

မုတ်ဆိတ်မွေးနှင့်လူက နှာခေါင်းရှုံ့လိုက်သည်။

“အပြင်လူတစ်ယောက် တည်ထောင်ထားတဲ့ ဂိုဏ်းလေးက ဒီလောက်များပြားတဲ့ အရင်းအမြစ်တွေကို ဝါးမြိုချင်နေတာ... တကယ်ကို မောက်မာလွန်းတယ်”

“ဒါပေမဲ့ အခုတော့ ယွမ်ရှန်းဂိုဏ်းကတပည့်တွေ တစ်ယောက်ပြီးတစ်ယောက် လဲကျနေတာကို မြင်ရတော့ ငါ တကယ်ကို စိတ်ချမ်းသာမိတယ်”

ရက်စက်မည့်ပုံပေါက်သော လူက တဟားဟား ရယ်မောလိုက်သည်။

“သူတို့တပည့်တွေတင် မဟုတ်ဘူး... ခဏနေရင် သူတို့ဂိုဏ်းချုပ်ကိုပါ လဲကျအောင် လုပ်ရမယ်”

မုတ်ဆိတ်မွေးနှင့်လူက ရှင်းအန်းတောက်ကို အဝေးမှ လှမ်းကြည့်လိုက်သည်။

“အော်... ဘာလဲ... မင်းက သူ့ကို ကိုယ်တိုင် သွားတိုက်မလို့လား”

မုတ်ဆိတ်မွေးနှင့်လူ၏ စကားထဲက အဓိပ္ပာယ်ကို ရက်စက်သောလူက ရိပ်မိလိုက်သည်။

“စင်အောက်မှာ သူတို့ကို တိုက်ခိုက်ဖို့က မကောင်းဘူး... ဒါပေမဲ့ စင်ပေါ်မှာ သူ့ကို အနိုင်ယူလိုက်ရင်တော့ အဆင်ပြေတာပေါ့”

မုတ်ဆိတ်မွေးနှင့်လူက ပြောလိုက်သည်။

“တကယ်လို့သာ စင်ပေါ်မှာ သူ့ကို ‘မတော်တဆ’ သတ်ပစ်နိုင်ခဲ့ရင် နောက်ပိုင်းမှာ ချင်းဝမ်ဟန်သံသတ္တုရိုင်းတွင်းကို ခွဲဝေတဲ့အခါ ပိုပြီး အဆင်ပြေသွားတာပေါ့”

All Chapters