အခန်း (၇၇၃-၇၇၄)
Vol. 61 Ch. 773-774
အခန်း ၇၇၃ - အဆင့်မြင့် သတ္တုတွင်းတူးဖော်စက်များ အလုံးရေ တစ်သောင်း ဝယ်ယူခြင်း
“ကောင်းလိုက်တာ...။ သူဌေးဆီက သတင်းကောင်းကို စောင့်နေပါ့မယ်။”
“သူဌေးဆိုတာ ဘာလဲ။ သူဌေးဆိုတာ ကိုယ့်ဗိုက်ကိုယ် ဖြည့်ရုံတင်မကဘဲ တခြားလူတွေကိုပါ ထမင်းဝိုင်းထဲ ခေါ်လာနိုင်တဲ့သူပဲ။”
“သူဌေးကတော့ တကယ်ကို အံ့မခန်းပဲ။ ဒေသခွ သုံ့ပန်းတွေ ဒီလောက်အများကြီး ရှိတာတောင် အပြင်ကို ထုတ်ရောင်းဖို့ ရိက္ခာအပို ရှိနေသေးတယ်။ လုံးဝကို အမိုက်စားပဲ။”
“ဟုတ်တယ်။ သူ့ကျွန်းပေါ်မှာ လယ်ယာစိုက်ပျိုးရေး ပညာရှင် အကြီးအကဲနွန်လို လူမျိုးတွေ ရှိနေပေမဲ့လည်း အစားအစာဆိုတာ အကန့်အသတ်မရှိ ထုတ်လုပ်လို့ရတာမှ မဟုတ်တာ။”
“လူတိုင်းရဲ့ စိုက်ကွင်းတွေက အကန့်အသတ်ရှိတယ်။ နောက်ပြီး အခု အပူချိန်ကလည်း စိုက်ပျိုးဖို့ သိပ်အဆင်မပြေဘူး။ အဲ့တော့ ငါ သိချင်နေတာက သူဌေးက ရိက္ခာတွေ ဒီလောက်အများကြီးကို ဘယ်လို စိုက်ပျိုးလဲ ဆိုတာပဲ။”
“နည်းလမ်းတွေ ရှိတာပဲ။ တောမီးရှို့ စိုက်ပျိုးတာ ရှိမယ်။ ဒါမှမဟုတ် ဖန်လုံအိမ် စိုက်ပျိုးရေးလည်း ရှိမယ်လေ။”
“တောမီးရှို့စိုက်တာက ရတာထက် ကုန်တာက ပိုများတယ်။ ဖန်လုံအိမ်ကတော့ ဖြစ်နိုင်ပေမဲ့ ငါ သံသယရှိနေတုန်းပဲ။ နေသာနေရင်တောင် နှင်းတွေက ကျနေတာလေ။ ဖန်လုံအိမ်ထဲမှာ တကယ်ကော သီးနှံတွေ ကြီးထွားနိုင်လို့လား။”
“ရိုးရိုးဖန်လုံအိမ်ဆိုရင်တော့ အဆင်မပြေလောက်ဘူး။ ဒါပေမဲ့ ရာသီဥတုကို အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ ဖန်လုံအိမ်ဆိုရင်တော့ ရနိုင်တယ်။ မေးခွန်းက ဘယ်သူက အဲဒါကို တည်ဆောက်နိုင်လို့လဲ။”
“ကျုပ်တော့ မဆောက်နိုင်ဘူး။ ဒါပေမဲ့ ကျုပ်မှာ အဲဒီလိုဟာတစ်ခုတော့ ရှိတယ်။ ကျုပ် ဖန်လုံအိမ် ထုတ်လုပ်မှုပုံစံတစ်ခု ကံကောင်းပြီး ရထားလို့ အခု ဆောင်းတွင်းမှာတောင် စိုက်ပျိုးနေနိုင်တာ။”
“ဟော... ဟိုအပေါ်မှာ လူကြွားကြီး တစ်ယောက်တော့ တွေ့ပြီ။”
“သူ့ကို တုတ်နဲ့ရိုက်ပြီး အပြင်ကို ကန်ထုတ်လိုက်ကြစမ်း။”
“စပ်စုတာပါ။ ခင်ဗျားရဲ့ ဖန်လုံအိမ်က လျှပ်စစ်နဲ့ လည်ပတ်တာလား။ ဒါမှမဟုတ် တခြား အပူပေးစနစ် တစ်ခုခုလား။”
“လျှပ်စစ်ပေါ့။ အရင်က သူဌေး ယီရန်ပင်း ရောင်းထားတဲ့ လေအားလျှပ်စစ်စက်ရုံ ရှိနေလို့ တော်သေးတာ။ မဟုတ်ရင် လည်ပတ်နိုင်မှာ မဟုတ်ဘူး။ ကျေးဇူးပါပဲ သူဌေး။”
သိပ်မကြာခင်မှာပင် ဝမ်ရှင်းဖုန်းတို့အဖွဲ့ အဆင့်မြှင့်တင်ထားသည့် သတ္တုတွင်းတူးဖော်စက်ကို ဓာတ်ခွဲခန်းမှတစ်ဆင့် ပုံစံကွက်အဖြစ် ပြောင်းလဲနိုင်ခဲ့၏။ ယခုတစ်ကြိမ်တွင် စက်ရုပ်များသည် သုတေသနများ အများကြီး လုပ်စရာမလိုအပ်ဘဲ ရှိပြီးသား ထုတ်လုပ်မှုပုံစံကို ဒစ်ဂျစ်တယ်အသွင် ပြောင်းလဲရုံသာဖြစ်သည်။
စက်ရုပ်တစ်ရုပ်သည် ပြီးစီးသွားသော ပုံစံကွက်ကို ရှောင်းယီထံ အပြေးအလွှား လာပေးခဲ့၏။
“အဆင့်မြင့် သတ္တုတွင်းတူးဖော်စက် ပုံစံကွက် (A အဆင့်): ကျွန်းအထိမ်းအမှတ်တိုင်တွင် အသုံးပြုရ...”
“A အဆင့် အထိတောင် ခုန်တက်သွားတာလား။ မူလက လူပုမျိုးနွယ်တွေရဲ့ ကိရိယာက C အဆင့်ပဲ ရှိတာပါ။ အဲ့ဒါက ရိုးရိုးပစ္စည်းတွေထက် နည်းနည်းပဲ သာတာလေ။”
ရှောင်းယီ အံ့သြသွားခဲ့သည်။ ထို့နောက် သူသည် တွန့်ဆုတ်မနေဘဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ချက်ချင်း အသက်သွင်းလိုက်တော့လေသည်။
“အသုံးပြုမှု အောင်မြင်ပါသည်။ 【အဆင့်မြင့် သတ္တုတွင်းတူးဖော်စက်】 (A အဆင့်) ထုတ်လုပ်မှု ပုံစံကွက် ရရှိပါသည်။”
အခြေခံ ကုန်ကြမ်းများအတွက်မူ ပြဿနာမရှိပေ။ သူသည် သတ္တုကြောပေါင်းများစွာကို တူးဖော်ထားပြီးဖြစ်၍ အရင်းအမြစ်များမှာ အကန့်အသတ်မရှိသလောက်ပင်။
ဤမျှ ကောင်းမွန်သော စက်ကို အလကားမထားနိုင်သဖြင့် သူသည် တစ်ခါတည်း အလုံးရေ ငါးထောင်ကို တန်းစီထုတ်လုပ်လိုက်ပြီး လက်ရှိ လူပုမျိုးနွယ်သုံး စက်များအားလုံးကို အစားထိုးရန် ပြင်ဆင်လိုက်၏။
ဤစက်သစ်များဖြင့် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ သတ္တုတူးဖော်ရေး စွမ်းဆောင်ရည်မှာ နောက်တစ်ဆင့်သို့ ခုန်တက်သွားပေတော့မည်။
ဖယ်ထုတ်လိုက်သည့် C အဆင့်စက်များအတွက်မူ ရှောင်းယီသည် အန်ယွဲ့ကို ခေါ်၍ ၎င်းတို့ကို သိမ်းဆည်းရန် မြေကွက်အကျယ်ကြီးတစ်ခု ဖော်ခိုင်းလိုက်၏။ ထိုစက်များသည် သူ့အတွက် ခေတ်နောက်ကျနေပြီ ဖြစ်သော်လည်း အခြားသော အသက်ရှင်ကျန်ရစ်သူများ သုံးနေသည့် ပေါက်ပြား၊ ဂေါ်ပြားများထက်စာလျှင် အဆပေါင်းများစွာ သာလွန်နေဆဲဖြစ်၍ ရောင်းကုန်မည်မှာ သေချာပေသည်။
သို့သော်လည်း ရှောင်းယီသည် ပစ္စည်းထွက်နှုန်း နှစ်ဆရမည့် အခွင့်အရေးကို စောင့်ဆိုင်းပြီးမှသာ ၎င်းတို့ကို ရောင်းချရန် ဆုံးဖြတ်ထား၏။
သိပ်မကြာခင်မှာပင် လူပုမျိုးနွယ်မှ ကေဒါ ပြန်ရောက်လာခဲ့သည်။ သူတို့၏ လက်ရှိစက်မှုအခြေအနေမှာ အဆင့်မြှင့်တင်ထားသည့်စက်ကို စံချိန်စံညွှန်းအတိုင်း ထုတ်လုပ်ရန် မဖြစ်နိုင်ကြောင်း သူ သိသွားခဲ့သည်။ သူသည် ၎င်းကို ကူးယူဆောက်လုပ်နိုင်သော်လည်း အရည်အသွေးမှာ များစွာ နိမ့်ကျနေပေလိမ့်မည်။ ရှောင်းယီ၏ တိကျလှသော စက်ပစ္စည်းအစိတ်အပိုင်းများကို မြင်ခဲ့ရပြီးနောက် ကေဒါသည် သူတို့မျိုးနွယ်၏ ထုတ်လုပ်မှုမှာ အတော်လေး အကြမ်းထည်ဆန်နေသေးကြောင်း လက်ခံလိုက်ရသည်။
“ကေဒါ ပြန်လာတာ မြန်လှချည်လား။”
ရှောင်းယီက ပြုံးကာ မေးလိုက်၏။ ကေဒါသည် စိတ်ပျက်လက်ပျက်ဖြင့် ပုခုံးတွန့်ပြကာ ပြောလိုက်သည်။
“အလျင်မလိုချင်ပေမဲ့ ငါတို့က ဒီစက်အသစ်ကို တကယ် မဆောက်လုပ်နိုင်ဘူး။ မင်းကိုပဲ ထုတ်ခိုင်းချင်တယ်။ ငါတို့ ဝယ်ပါ့မယ်။”
ထိုစကားကို ကြားသောအခါ ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ရောင်းပေးဖို့က ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ငါ့မှာ အခြေအနေ နည်းနည်းတော့ ရှိတယ်။”
“ပြောပါ”
ကေဒါက ဆိုသည်။က ဆိုသည်။
“မင်းတို့ အစားထိုးပြီး ဖယ်ထုတ်လိုက်မယ့် စက်အဟောင်းတွေကို ငါ့ကို ပြန်ရောင်းပေးလို့ရမလား။”
ရှောင်းယီက အရင်ဆုံး မေးလိုက်သည်။ ကေဒါ မျက်တောင်ခတ်သွားမိ၏။
“မင်းမှာ ဒီလောက်ကောင်းတဲ့ စက်အသစ်တွေ ရှိနေတာပဲကို ဘာလို့ အဟောင်းတွေကို လိုချင်ရတာလဲ။”
“အလဟဿ မဖြစ်စေချင်လို့ပါ။ ငါတို့က အဆင့်မြင့်စက်တွေကို သုံးပြီး ကျန်တဲ့အဟောင်းတွေကို တခြားလူတွေကို ပြန်ရောင်းမယ်လေ။”
ရှောင်းယီက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ ကေဒါသည် အနည်းငယ်ကြောင်အသွားပြီးနောက် ခေါင်းကငြိမ့်ကာ သဘောတူလိုက်၏။
“ဒါကတော့ အဆင်ပြေပါတယ်။”
“မင်းတို့ဆီမှာ အဟောင်း ဘယ်နှစ်လုံးရှိလဲ။”
“အနည်းဆုံးတော့ တစ်သောင်းပေါ့။ တစ်သောင်းလို့ပဲ မှတ်ထားလိုက်ပါ။”
ကေဒါက စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“သဘောတူတယ်။ စက်တစ်လုံးကို အုတ်မြစ်ကျောက် ၃၀၀ စီ ထပ်ပေါင်းပေးရင် ငါ မင်းတို့ကို A အဆင့် စက် အလုံးရေ တစ်သောင်း ပေးပို့မယ်။ ဘယ်လိုလဲ။”
ရှောင်းယီက အလျင်အမြန်တွက်ချက်ပြီး မေးလိုက်၏။
“သဘောတူတယ်။”
ကေဒါက ချက်ချင်း ပြန်ဖြေလိုက်သည်။ အုတ်မြစ်ကျောက် သုံးသန်းဆိုသည်မှာ သူ ဆုံးဖြတ်နိုင်သည့် အတိုင်းအတာအတွင်း ရှိနေသည်။
“နေဦး။ တခြား အချက်တွေ ကျန်သေးတယ်။”
ရှောင်းယီက ဆက်ပြောလိုက်၏။
“အဲဒီ အုတ်မြစ်ကျောက်တွေကို ငါတောင်းတဲ့ အချိန်ကျမှ ပေးရမယ်။ ပုံစံကွက်အတွက် အခကြေးငွေကိုလည်း အဲဒီလိုပဲ လုပ်မယ်။”
ကေဒါ ကြောင်အသွားလဲ့သည်။ လူအများစုမှာ ငွေကို ချက်ချင်း လိုချင်ကြသည် မဟုတ်ပါလော။
သူက ဘာလို့ အချိန်ဆွဲနေရတာလဲ။
ယခုနှစ်မှာတော့ ထူးဆန်းသည့် ကိစ္စများမှာ မကုန်နိုင်မခမ်းနိုင်အောင်ပင်။
“မင်းတို့ အပြင်လူတွေက တကယ် ထူးဆန်းတာပဲ။ ကောင်းပြီလေ။ အဲဒီလိုပဲ လုပ်ကြတာပေါ့။”
“ဒါက ငါ့အတွက် အများကြီး အရေးကြီးလို့ပါ။”
ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်၏။
“ငါတို့ ငွေမပေးဘဲ နေမှာကို မကြောက်ဘူးလား။”
ကေဒါက ရုတ်တရက် မေးလိုက်သည်။
“မဖြစ်နိုင်ပါဘူး။ ငါ မင်းကို ယုံသလိုပဲ လူပုမျိုးနွယ်တွေရဲ့ ဂုဏ်သိက္ခာကိုလည်း ငါ ယုံကြည်တယ်။”
ရှောင်းယီက ယုံကြည်မှုအပြည့်ဖြင့် ဆိုသည်။ ကေဒါက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
“စိတ်ချပါ။ ငါ ဒီမှာ ရှိနေသရွေ့ အုတ်မြစ်ကျောက် တစ်ခုတောင် မလိုစေရဘူး။”
“ဒါပေါ့ယ ငါတို့က သူငယ်ချင်းတွေပဲလေ။”
ရှောင်းယီ ရယ်မောလိုက်၏။
“ဒီညတော့ အပန်းဖြေစခန်းးမှာပဲ အိပ်သွားလိုက်ပါ။ စနေ၊ တနင်္ဂနွေဆိုရင် ငါတို့ အသက်ရှင်ကျန်ရစ်သူတွေက ညဘက်အထိ စကားပြောနေတတ်ကြလို့ အတော်လေး စည်ကားလိမ့်မယ်။”
ကေဒါသည် ခေါင်းငြိမ့်လိုက်သော်လည်း ဤသို့မေးလိုက်မိ၏။
“ဒါနဲ့ သူတို့က ဘာလို့ ညဘက်အထိ စကားပြောနေကြတာလဲ။”
“ငါတို့ ဒီကို ရောက်ခါစ ပထမပတ်တွေတုန်းက စနေ၊ တနင်္ဂနွေ ညသန်းခေါင်ကျော်တာနဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေ နောက်အပတ်အတွက် အရိပ်အမြွက်တွေ ပေးတတ်တယ်လေ။ အခုတော့ အရိပ်အမြွက်တွေ မရှိတော့ပေမဲ့ အဲဒီအကျင့်က စွဲကျန်နေတာပေါ့။”
ရှောင်းယီက ရှင်းပြလိုက်သည်။ ထိုအခါ ကေဒါက မျက်မှောင်ကျုံ့ကာ တိုးတိုးလေး ရေရွတ်လိုက်၏။
“ဒါဆို... တကယ်ပဲ နတ်ဘုရားဆိုတဲ့ဟာတွေ ရှိတာလား။”
“လူပုတွေက နတ်ဘုရားတွေကို မယုံကြည်ဘူးလို့ ငါ ထင်ထားတာ ဟုတ်လား။”
ရှောင်းယီက ပြုံးလျက် ပြန်မေးလိုက်သည်။ ကေဒါ ခေါင်းခါပြလိုက်ပြီး ပြန်ဖြေလာခဲ့သည်။
“ငါ မယုံခဲ့ဘူး။ မင်းရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ ဒီအဆင့်မြင့်စက်တွေကို မတွေ့ခင်အထိပေါ့း။”
“ငါသိသလောက်တော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ရှင်းပြလို့မရတဲ့ အရာဖြစ်ပေမဲ့ ဒီစက်တွေကတော့ အဆင့်မြင့်စက်မှုလုပ်ငန်းရဲ့ ထွက်ကုန်တွေပဲ။ အဲဒါကို နတ်ဘုရားအဖြစ် ကိုးကွယ်စရာ မလိုပါဘူး။”
ရှောင်းယီက ပြန်ပြောလိုက်၏။
“ငါ့ရဲ့ အရင်ကမ္ဘာက ရုပ်ရှင်စကားတစ်ခွန်း ရှိတယ်...”
သူက ခေတ္တရပ်ပြီးမှ ဆက်ပြောလိုက်သည်။
“တကယ်တော့ နတ်ဘုရားတွေဆိုတာ တခြားလူတွေ မလုပ်နိုင်တဲ့အရာကို လုပ်ပြနိုင်တဲ့ လူသားတွေပဲ။ အဲ့ဒါကြောင့် သူတို့က နတ်ဘုရားတွေ ဖြစ်လာကြတာ။”
အခန်း ၇၇၄ - လူအများအပြား ရောက်ရှိလာခြင်းနှင့် စည်းမျဉ်းများ၏ တိုက်စားမှု
ရှောင်းယီ၏ စကားကို ကြားသောအခါ ကေဒါသည် ခဏမျှ မှင်တက်သွားပြီးနောက် ကျယ်လောင်စွာ ရယ်မောတော့လေသည်။
“ကောင်းတယ်။ ဘုရားသခင်ဆိုတာလည်း လူသားတစ်ယောက်ပါပဲ။ မင်းတို့ အပြင်လူတွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်လို့ ငါ ပိုပိုပြီး ခံစားလာရပြီ။”
ရှောင်းယီက ခေါင်းခါကာ ပြုံးလိုက်ပြီး ဝိုင်ခွက်ကို မြှောက်ကာ တစ်ငုံသောက်လိုက်၏။
“မင်းတို့ရဲ့ ကမ္ဘာက ဘယ်လိုမျိုးလဲဆိုတာ ပြောပြနိုင်မလား။”
ကေဒါကလည်း ဝိုင်ကို တစ်ကျိုက်သောက်ရင်း မေးလိုက်သည်။ကလည်း ဝိုင်ကို တစ်ကျိုက်သောက်ရင်း မေးလိုက်သည်။
“ငါတို့ကမ္ဘာလား။”
ရှောင်းယီ အနည်းငယ် ကြောင်အသွားခဲ့သည်။
ဤကမ္ဘာသို့ ရောက်ရှိလာသည်မှာ နှစ်လကျော်သာ ရှိသေးသော်လည်း ရှောင်းယီအဖို့မှာမူ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသကဲ့သို့ ခံစားနေခဲ့ရ၏။
“အဲဒါက အရမ်းကို အံ့သြဖို့ကောင်းတဲ့ ကမ္ဘာတစ်ခုပဲ။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“သမိုင်းကြောင်းအရ နှစ်ပေါင်းငါးထောင်လောက်ပဲ ရှိသေးပေမဲ့ပေါ့။”
“နှစ်ပေါင်းငါးထောင်လား။”
ကေဒါ လန့်သွား၏။
“မင်းတို့ရဲ့ စက်မှုအဆင့်အတန်းက ဒီလောက်အထိ တိုးတက်ဖို့ ငါးထောင်ပဲ ကြာခဲ့တယ် ဟုတ်လား။”
ကေဒါအတွက်မူ ဤသည်မှာ စိတ်ကူးယဉ်အိမ်မက်တစ်ခုသာ ဖြစ်သည်။ တိုက်သစ်ကြီးပေါ်ရှိ လူပုမျိုးနွယ်များမှာ နှစ်ပေါင်း ၆၀,၀၀၀ ကျော် သမိုင်းကြောင်း ရှိသော်လည်း သူတို့၏ စက်မှုအဆင့်အတန်းမှာ ရှောင်းယီတို့ ကမ္ဘာ၏ ပထမအကြိမ် စက်မှုတော်လှန်ရေး အဆင့်တွင်သာ သောင်တင်နေသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်
“တကယ်ကို နှစ်ပေါင်းငါးထောင်ပါပဲ။ အချိန်အတိုင်းအတာ တစ်ခုတိုင်းမှာ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တွေ ပေါ်လာပြီး ငါတို့ကမ္ဘာရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အရှေ့ရောက်အောင် တွန်းပို့ပေးခဲ့ကြတယ်လေ။”
“မင်းတို့က တကယ်ပဲ ဘုရားသခင်ရဲ့ မျက်နှာသာပေးမှုကို ခံရတဲ့ အချစ်တော်တွေပဲ။”
ကေဒါက ခေါင်းခါရင်း ဆိုလိုက်သည်။
“ဟုတ်လို့လား။ ငါကတော့ သူ့ရဲ့ မျက်နှာသာပေးမှုကို ဒီလောက်အများကြီး မလိုချင်ပါဘူး။”
ရှောင်းယီက ပြန်ပြောကာ မတ်တတ်ရပ်လိုက်၏။
“ရှေ့လျှောက် အချိန်တွေ အများကြီး ရှိပါသေးတယ်။ ငါတို့ကမ္ဘာအကြောင်း မင်းကို ဖြည်းဖြည်းချင်း ပြောပြဖို့ လူတစ်ယောက် စီစဉ်ပေးပါ့မယ်။ အခုတော့ သူတို့ဆီ သွားပူးပေါင်းကြရအောင်။”
ထိုအချိန်တွင် ကမ်းခြေ၌ မီးပုံကြီးတစ်ပုံကို ထွန်းညှိထားပြီး ဖြစ်ကာ ကျဆင်းနေသော နှင်းစက်များကြားတွင် လူအုပ်ကြီးမှာ ပျော်ရွှင်စွာ ရယ်မောနေကြလေသည်။
“ကောင်းပြီလေ။”
ကေဒါလည်း မတ်တတ်ထရပ်ကာ ရှောင်းယီနောက်သို့ လိုက်ပါလာခဲ့၏။
ကမ်းခြေတွင် လူများမှာ တစ်ဦးနှင့်တစ်ဦး မသိကြသော်လည်း ရင်းရင်းနှီးနှီး စကားပြောနေခဲ့ကြသည်။
“ဒီနေ့ လူတွေ တော်တော်များပုံပဲ။”
“မင်းပြောပုံအရဆိုရင် မင်း ဒီကို ခဏခဏ လာလည်နေကျပေါ့။”
“အမြဲတမ်းတော့ မဟုတ်ပါဘူး။ နှစ်ခါ၊ သုံးခါလောက်ပါပဲ။ ဒီလောက် လူအများကြီး ပျော်နေကြတာမျိုး တစ်ခါမှ မမြင်ဖူးဘူး။”
“နှစ်ခါ၊ သုံးခါဆိုတာလည်း အများကြီးပါပဲ။ ဒီရောက်နေမှတော့ ကြွားလုံးထုတ်မနေစမ်းပါနဲ့။”
“ဟုတ်တယ်။ မင်းကို လေးစားတယ်ကွာ။ အရင်က အုတ်မြစ်ကျောက် နည်းတုန်းကတော့ ဒီလိုမျိုး မဖြုန်းတီးရဲခဲ့ဘူး။ အခုတော့ လူတိုင်းမှာ အုတ်မြစ်ကျောက် နည်းနည်းစီ ရှိလာကြပြီဆိုတော့ လူများလာတာ မဆန်းပါဘူး။”
“ကျုပ်ထင်တာကတော့ တခြားအကြောင်းပြချက်တစ်ခုလည်း ရှိသေးတယ်။ အရင်ကဆိုရင် စနေ၊ တနင်္ဂနွေ ညတွေမှာ လူတိုင်းက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှာထိုင်ပြီး အရိပ်အမြွက်တွေကို စောင့်နေခဲ့ကြရတာ။ ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်က ကျွန်းအထိမ်းအမှတ်ကျောက်စာတိုင်ရဲ့ အရိပ်အမြွက်က လူတိုင်းကို ဂျောက်ထဲတွန်းလိုက်သလို ဖြစ်သွားတော့ အခုအပတ်မှာ ဘယ်သူမှ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို မယုံကြတော့ဘဲ အကြီးအကဲ ယီရန်ပင်းရဲ့ အရိပ်အမြွက်ကိုပဲ စောင့်နေကြတော့တာလေ။”
“အဲဒါတော့ အမှန်ပဲ။ ပြီးခဲ့တဲ့အပတ်က ဂျောက်ထဲကျတဲ့လူထဲမှာ ကျုပ်လည်းပါတယ်။ ကျုပ်က လက်သွက်သွားတယ်လေ။ ကျွန်းတွေကို ပေါင်းလို့ရတယ်ဆိုတာ မြင်တာနဲ့ ကျုပ်ရဲ့မဟာမိတ်အဖွဲ့က ကျွန်းတွေအားလုံးကို ကျုပ်ရဲ့ကျွန်းနဲ့ လာကပ်ပစ်လိုက်တာ။ အကျိုးဆက်ကတော့ ကျုပ်ကျွန်းမှာ ကမ်းခြေဆိုတာ လုံးဝကို မကျန်ခဲ့တော့ဘူး။”
“လက်မြန်လွန်းတာကလည်း မကောင်းဘူးပဲ။”
“ဒါနဲ့ အသက်ရှင်ကျန်ရစ်သူ အားလုံးကို ကမ်းခြေရှိတဲ့ ကျွန်းတွေမှာပဲ နေခိုင်းဖို့ မကြိုးစားကြည့်ဘူးလား။”
“ကြိုးစားတာပေါ့။ အခု ကျုပ်တို့ အဲဒီလိုပဲ လုပ်နေရတာလေ။ ကျုပ်ဆို ကိုယ့်ကျွန်းပေါ်မှာတောင် အိပ်တာ မဟုတ်တော့ဘူး။”
“ဆိုလိုတာက ကမ်းခြေမရှိရင်တောင် ပစ္စသည်းသေတ္တာတွေ ထွက်လာအောင် တခြားနည်းလမ်းတွေ ရှိနေသေးတယ်ပေါ့။”
“ဟုတ်တယ်။ ဒါပေမဲ့ နောက်ဆုံးတော့လည်း မကောင်းပါဘူး။ သူများနယ်မြေထဲမှာ သွားနေရတာဆိုတော့ အရာရာတိုင်းက ရှင်းရှင်းလင်းလင်း မရှိဘူးလေ။”
“မှန်တယ်။ ထွက်လာတဲ့ ပစ္စည်းသေတ္တာတွေက ဘယ်သူ့ကြောင့် ထွက်လာလဲဆိုတာ ခွဲခြားလို့ မရဘူး။ အထဲကနေ ပစ္စည်းကောင်း ထွက်လာရင် အဲ့ဒါကို ဘယ်သူပိုင်ရမှာလဲ။”
“မင်းတို့က ကျွန်းတွေတောင် ပေါင်းထားကြတာပဲကို။ ဒါကို ခွဲခြားနေတုန်းလား။”
“ခွဲခြားရမှာပေါ့။ ပေါင်းလိုက်တယ်ဆိုတာက နွေးနွေးထွေးထွေး ရှိဖို့နဲ့ အပြန်အလှန် ကူညီရလွယ်အောင်လို့ပဲလေ။ သူတို့က သူတို့နယ်မြေတွေကို ပေးလိုက်ချင်တာမှ မဟုတ်တာ။”
“ဒါက ပဋိပက္ခ ဖြစ်ဖို့ တော်တော်လွယ်တာပဲ။ ပြီးတော့ ကျွန်းချင်း ပေါင်းလိုက်ရင်လည်း တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်လို့ မရဘူးလို့ တားမြစ်ထားတာမှ မဟုတ်တာ။ တကယ့်ကို ဒုက္ခပဲ။”
“တော်ပြီ မပြောကြနဲ့တော့။ ငါတို့က အပန်းဖြေဖို့ လာတာလေ။ ဒါတွေကို ဘာလို့ စဉ်းစားနေမှာလဲ။ လာ... အကင်သွားစားကြမယ်။”
လူတစ်စုသည် အနီးရှိ အကင်ဆိုင်သို့ သွားကာ မှာယူပြီးနောက် ဘေးရှိ အခန်းတစ်ခုထဲသို့ ဝင်သွားခဲ့ကြသည်။ ထိုအခန်းများကို အန်ယွဲ့က ဆိုင်ရှင်များ အဆင်ပြေစေရန် အထူးဆောက်လုပ်ပေးထားခြင်း ဖြစ်သည်။ ထိုအခန်းများမှာ အိမ်ပုံစံကွက်ဖြင့် ဆောက်ထားခြင်းဖြစ်၍ အတွင်း၌ အဲယားကွန်းများ ပါရှိသည်။ ထို့ကြောင့် စားသုံးသူများမှာ ချမ်းအေးလှသော ဆောင်းရာသီတွင် အပြင်၌ ထိုင်စားနေရန် မလိုတော့ပေ။
ရှောင်းယီနှင့် ကေဒါတို့ ကမ်းခြေသို့ လမ်းလျှောက်လာစဉ် အန်ယွဲ့က အပြေးအလွှား ရောက်ရှိလာခဲ့သည်။
“ကျွန်းပိုင်ရှင် ကျုပ်တို့ အခုလေးတင် ထူးဆန်းတဲ့ သင်္ဘောအချို့ကို တွေ့ထားပါတယ်။ သူတို့က အသက်ရှင်ကျန်ရစ်သူတွေပါ။ ဘာတွေဖြစ်နေလဲဆိုတာ လာကြည့်တာလို့ ပြောကြတယ်။ သူတို့ကို ဘယ်လို ကိုင်တွယ်လိုက်ရမလဲ။”
အစောပိုင်းက ပင်လယ်ဓားပြဘုရင် ဖြစ်ချင်သည့် လူငယ်တစ်ယောက် ရောက်လာပြီးပြီ ဖြစ်သလို ယခုလည်း သင်္ဘောအချို့ ထပ်မံရောက်ရှိလာခဲ့၏။ ရှောင်းယီ၏ ကျွန်းတည်နေရာ ပေါက်ကြားသွားပြီးနောက် လူအများမှာ စူးစမ်းလိုစိတ်ဖြင့် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ အခြေအနေကို လာရောက်ကြည့်ရှုချင်နေကြခြင်းပင်။
“စီးပွားရေးလုပ်ဖို့ တံခါးဖွင့်ထားပေးလိုက်ပါ။ ဒါပေမဲ့ သူတို့ကို လက်နက်ကိုင်ပြီး ကျွန်းပေါ်တက်တာကိုတော့ တားမြစ်လိုက်။”
ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့။”
အန်ယွဲ့က တုံ့ပြန်လိုက်သည်။
ထို့နောက် ယီရန်ပင်းမဟာမိတ်စစ်သားများသည် ဖမ်းဆီးထားသော သင်္ဘောများကို ချက်ချင်း ပြန်လွှတ်ပေးလိုက်၏။ ကျွန်းပေါ်သို့ လက်နက်များ ယူဆောင်မလာရန် သတိပေးပြီးနောက် ထိုလူများမှာ စိတ်လှုပ်ရှားသွားခဲ့ကြသည်။
“မိုက်တယ်ဟ။ ငါတို့ တကယ်ပဲ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ ကျွန်းကို လည်ပတ်ခွင့်ရသွားပြီ။ ဒါက အုတ်မြစ်ကျောက်တွေ အများကြီး သက်သာသွားတာပဲ။”
“ဟုတ်တယ် ယီရန်ပင်းသူဌေးရဲ့ ကျွန်းက တကယ်ကို အကြီးကြီးပဲ။”
“ကြီးရုံတင်မကဘူး။ ငါ့စိတ်ထဲမှာတော့ ဒါကို ကျွန်းလို့ ခေါ်လို့တောင် မရတော့ဘူး။ ဒါက တကယ့် ကုန်းမြေတိုက်ကြီးတစ်ခုပဲ။”
“စကားများမနေနဲ့တော့။ အပန်းဖြေစခန်းကို အရင်သွားရအောင်။ ငါ တစ်ခါမှ မရောက်ဖူးသေးဘူး။”
ယခုအခါ ခရီးသွားအုပ်စုသစ်များမှာ အပန်းဖြေစခန်းထဲသို့ တိုးဝင်လာပြန်ရာ ပို၍ပင် စည်ကားသွားလေတော့သည်။
ရှောင်းယီသည် ကေဒါနှင့် ခေတ္တအတူရှိနေပြီးနောက် ပြောလိုက်၏။
“မင်းအတွက် အခန်းကြိုမှာထားပေးတယ်။ မင်းရဲ့ အိုင်ဒီကတ်နဲ့ တိုက်ရိုက်ဝင်သွားလို့ရတယ်။ ငါ ဒီမှာ လုပ်စရာလေးတွေ ရှိသေးလို့ အရင်သွားလိုက်ဦးမယ်။”
“ကောင်းပြီ မင်း လုပ်စရာရှိတာ သွားလုပ်ပါ။”
ကေဒါက ပြန်ဖြေလိုက်သည်။
“ဒီနေ့ ကမ်းခြေနားကို အရမ်းမကပ်နဲ့ဦးနော်။”
ရှောင်းယီက သတိပေးလိုက်၏။ ကေဒါသည် ကြောင်အသွားပြီး မေးလိုက်သည်။
“ဘာလို့လဲ။”
“ဘာလို့လဲဆိုတော့ ဒီနေ့ ငါတို့ကျွန်းရဲ့ အုတ်မြစ်ကျောက်အချို့ကို ပင်လယ်ရေက တိုက်စားမှာမို့လို့ပဲ။ အရေအတွက်ကတော့ ငါတို့ကျွန်းပေါ်မှာရှိတဲ့ အသက်ရှင်ကျန်ရစ်သူ အရေအတွက်နဲ့ အတူတူပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ထိုအခါမှသာ ဤကိစ္စကို လူပုဘုရင်အား ရှင်းပြရန် မေ့နေခဲ့သည်ကို သူ သတိရသွားခဲ့လေသည်။
ယခင်က သူသည် အုတ်မြစ်ကျောက်၏ အခန်းကဏ္ဍကိုသာ ရှင်းပြခဲ့ပြီး အပတ်တိုင်း ပင်လယ်ရေ တိုက်စားသည့်အကြောင်းကို ပြောရန် မေ့နေခဲ့ခြင်းဖြစ်သည်။
“ဒါဆိုရင် မင်း ငါတို့ကို ရောင်းထားတဲ့ ကျွန်းလည်း တိုက်စားခံရမှာလား။”
ကေဒါက စပ်စုလိုက်၏။
“ဒါကိုတော့ ငါ တကယ် မသိသေးဘူး။ မနက်ဖြန်ကျမှ သွားကြည့်ရမယ်။”
ရှောင်းယီက မျက်မှောင်ကျုံ့ကာ ပြန်ဖြေလိုက်သည်။
ယခုအခါ သူ၏စိတ်ထဲတွင်လည်း ထိုမေးခွန်းရှိနေ၏။ တစ်ချိန်တည်းမှာပင် ဒေသခံများ ကျွန်းကို သိမ်းပိုက်ထားလျှင် အုတ်မြစ်ကျောက် တိုက်စားမှု စည်းမျဉ်းများကို မည်သို့ တွက်ချက်မည်နည်းဆိုသည်ကိုလည်း သူ သိချင်နေခဲ့သည်။ မနက်ဖြန် လက်တွေ့အခြေအနေကို ကြည့်မှသာ သူ သိနိုင်မည်ဖြစ်သည်။
ကေဒါက ခေါင်းငြိမ့်ပြကာ ထိုကိစ္စကို ထပ်မမေးတော့ပေ။
ရှောင်းယီ ဗီလာသို့ ပြန်ရောက်သောအခါ ကျန်းယွင်ထျန်းနှင့် တခြားသူများမှာ ဧည့်ခန်းထဲတွင် တီဗွီကြည့်နေကြ၏။ သူတို့သည် အပတ်တိုင်း စနေ၊ တနင်္ဂနွေများတွင် စုပေါင်း၍ တီဗွီကြည့်ရင်း စကားပြောလေ့ရှိကြသည်။
ရှောင်းယီ ပြန်လာသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းက ထလာပြီး ပြောလိုက်၏။
“ဒီနေ့မနက် ငါတို့ သိမ်းပိုက်ထားတဲ့ ချင်းကျူအင်ပါယာရဲ့ အမြောက်တွေက ငါတို့အမြောက်တွေနဲ့ တိုက်ခိုက်နိုင်တဲ့ အကွာအဝေး တူတူပဲ။ ဒါပေမဲ့ သူတို့ရဲ့ ကျည်ဆန်တွေကတော့ အဆင့်နိမ့်တယ်။ B အဆင့်ပဲ ရှိတယ်။”