← Chapters

အခန်း (၇၇၅-၇၇၆)

Vol. 61 Ch. 775-776

အခန်း (၇၇၅-၇၇၆)

Vol. 61 Ch. 775-776

အခန်း ၇၇၅ - သမန်းဝံပုလွေ၏ စေတနာ၊ ငါးဘီလိယံနှင့် မတတ်နိုင်သောစျေးနှုန်း

ကျန်းယွင်ထျန်း၏ စကားကို ကြားသောအခါ ရှောင်းယီက နှုတ်ခမ်းတွန့်လိုက်မိ၏။

“နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ လူကြီးတွေက ဒေသခံတွေကို အထူးအခွင့်အရေးတွေ ထပ်ပေးနေပြန်ပြီဆိုတာ ငါသိသားပဲ။”

“ဒါကတော့ ရှောင်လွှဲလို့မရဘူးလေ။ သူတို့က စည်းမျဉ်းတွေကို သတ်မှတ်ထားတာကိုး။ ငါတို့က စည်းမျဉ်းကို မချိုးဖောက်နိုင်သရွေ့တော့ လိုက်နာရုံပဲ ရှိတယ်။”

ကျန်းယွင်ထျန်းက ကူကယ်ရာမဲ့သွာ ပြောလိုက်သည်။

“ဟူး... အရင်ဆုံး ချတ်ဂရုထဲက လူတွေကို သတိပေးလိုက်ဦးမယ်။”

ရှောင်းယီက ပြောရင်း သူ၏အိပ်ခန်းဆီသို့ လျှောက်သွားလိုက်၏။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့သို့ ရောက်သောအခါ ရှောင်းယီသည် သူယခုလေးတင် သိရှိခဲ့သော အချက်အလက်များကို ယီထျန်းဂရုသို့ ပို့လိုက်လေသည်။

“မြန်လှချည်လား။ သူတို့မှာ သူဌေးရဲ့ အမြောက်တွေလိုပဲ အကွာအဝေးတူတူ ပစ်နိုင်တဲ့ အဆင့်မြင့်အမြောက်တွေ ရှိနေပြီပေါ့။”

“အဲ့ဒီဒေသခံတွေက တကယ့်ကို ကောင်းကင်ဘုံရဲ့ အချစ်တော်တွေပဲ။ သူတို့ရဲ့ အရေအတွက်က အသက်ရှင်ကျန်ရစ်သူတွေထက် များနေတဲ့အပြင် အခု အမြောက်တွေကပါ ငါတို့နဲ့ အဆင့်တူနေပြီဆိုတော့ ဘယ်လိုသွားတိုက်ရတော့မှာလဲ။”

“အနည်းဆုံးတော့ သူတို့ရဲ့ အမြောက်ကျည်ဆန်တွေက အဆင့်မမြင့်သေးဘူးလေ။ လှုပ်ရှားလို့ရတဲ့ အခွင့်အရေး ရှိပါသေးတယ်။”

“ဟင်း... ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးဖြေသိမ့်နေရတော့မှာပေါ့။”

“ဒီနေ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ လုပ်ဆောင်ချက်အသစ်တွေ ထပ်ပေါ်လာမလားလို့ ငါတွေးနေမိတယ်။”

“ပေါ်လာမှာ မဟုတ်လောက်ဘူး။ စနစ်ရဲ့ အဆင့်မြှင့်တင်မှုတွေက အဲဒီလောက် မမြန်ဘူး။ အဆင့်မြှင့်တင်ရင်တောင် သတိထားရမယ်။ ပြီးခဲ့တဲ့အပတ်က ဂျောက်ထဲပြုတ်ကျခဲ့တာကို အမှတ်ရကြဦး။”

“မှန်တယ်။ ဒီတစ်ခါတော့ ယီရန်ပင်းသူဌေး သေချာလေ့လာပြီးမှပဲ ငါ ဆုံးဖြတ်တော့မယ်။”

“ဒီလို စောင့်နေရတာက အရမ်းပင်ပန်းလွန်းတယ်။ သူဌေးရဲ့ အပန်းဖြေစခန်းကို သွားပြီး ခဏလောက် ပျော်လိုက်တာကမှ ပိုကောင်းဦးမယ်။”

“ဟုတ်တယ်။ ငါတို့ မဟာမိတ်ခေါင်းဆောင်ဆိုရင် အပန်းဖြေစခန်းကို တိုက်ရိုက်သွားလိုက်ပြီ။ မနက်ဖြန်မှ ပြန်လာမယ်တဲ့။ သိရင် ငါလည်း လိုက်သွားပါတယ်။”

“ဟားဟားဟား....ငါတို့ မဟာမိတ်အဖွဲ့ထဲက တစ်ယောက်ဆိုရင် လမ်းကြောင်းအတိုင်း လိုက်သွားရင်းနဲ့ ယီရန်ပင်းသူဌေးရဲ့ ကျွန်းကို တွေ့သွားတယ်တဲ့။”

“မင်းတို့က သူဌေးရဲ့ ကျွန်းနားအထိ ကပ်ရဲတယ်ပေါ့။ အမြောက်နဲ့ အပစ်ခံရမှာ မကြောက်ဘူးလား။”

“မကြောက်ပါဘူး။ သူဌေးက အကြောင်းပြချက်မရှိဘဲ မြင်သမျှသင်္ဘောတွေကို လိုက်ပစ်တတ်တဲ့လူမျိုး မဟုတ်ဘူးလေ။ ငါတို့လူတွေဆိုရင် ကျွန်းပေါ်တက်ပြီး လည်ပတ်ခွင့်တောင် ရခဲ့သေးတယ်။”

“တကယ်လား။ အားကျလိုက်တာ။ ကျုပ်တို့ကျွန်းက သူဌေးတို့နဲ့ အရမ်းဝေးနေတာ နှမြောစရာပဲ။ ရိုးရိုးသင်္ဘောနဲ့ဆိုရင် အနည်းဆုံး လေးရက်လောက် သွားရမှာ။ အဲဒါက အရမ်းကြာလွန်းတယ်။”

“အဲ့ဒါကြောင့် ငါတို့မှာ ပိုမြန်တဲ့ သင်္ဘောတွေ လိုအပ်နေတာပေါ့။”

“ငါ သင်္ဘောထုတ်လုပ်မှုပုံစံတွေ မရတာ ကြာပြီ။ ကမ္ဘာကြီးက ငါတို့ကို ဘာပြောချင်နေတာလဲ မသိဘူး။ ငါတို့ဘာသာ သုတေသနလုပ်ပြီး သင်္ဘောအသစ်တွေ တီထွင်ခိုင်းနေတာလား။”

“မဖြစ်နိုင်ပါဘူး။ အဲဒီလိုသာ လုပ်ခိုင်းရင် ဘယ်သူမှ ဆောက်နိုင်မှာ မဟုတ်ဘူး။”

လူတိုင်း၏ စကားဝိုင်းကို ကြည့်နေစဉ် ရှောင်းယီသည် တိုက်သစ်ကြီး၏ ကမ်းခြေတွင် အခြေစိုက်ထားသော ရှုံးတိထံမှ မက်ဆေ့ခ်ျတစ်ခုကို ရုတ်တရက် သတိပြုမိသွားခဲ့၏။

“ကျွန်းပိုင်ရှင် ကျုပ်တို့ သမန်းဝံပုလွေတစ်ကောင်ကို ဖမ်းမိထားပါတယ်။ သူက ဘာမှ ပြန်မခုခံဘဲနဲ့ ကျုပ်တို့နောက်ကို အသာတကြည် လိုက်လာတယ်ဗျ။”

ရှုံးတိ၏ လေသံမှာ အံ့သြမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ဘာ...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။”

ရှောင်းယီလည်း အလွန်အံ့သြသွားခဲ့သည်။ ရှုံးတိက ခေါင်းခါရင်း ပြန်ပြောလိုက်၏။

“ကျုပ်လည်း မသေချာဘူး။ နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတာ ညွှန်ကြားပေးပါဦး ကျွန်းပိုင်ရှင်။”

ရှောင်းယီသည် အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ခဏစောင့်ဦး။ သူတို့ ဘာတွေ ကြံစည်နေလဲဆိုတာ ငါကိုယ်တိုင် လာကြည့်မယ်။”

“ဟုတ်ကဲ့။”

ရှုံးတိက ပြန်ဖြေပြီး ဖုန်းချသွားခဲ့သည်။

ထို့နောက် ရှောင်းယီသည် အောက်ထပ်သို့ ဆင်းကာ ကျန်းယွင်ထျန်းနှင့် တခြားသူများကို အပြင်ခဏသွားစရာ ရှိကြောင်း ပြောပြီးနောက် မြို့ပြန်ကျောက်ကို အသုံးပြု၍ ထွက်ခွာသွားခဲ့သည်။

“ညကြီးမင်းကြီး အပြင်သွားတယ်ဆိုတော့ တစ်ခုခု ထူးခြားတာ ဖြစ်ပြန်ပြီ ထင်တယ်။”

လူတိုင်းက တွေးမိလိုက်ကြ၏။

ရှောင်းယီသည် တိုက်သစ်ကြီး၏ကမ်းခြေရှိ သင်္ဘောကြီးပေါ်သို့ ရောက်ရှိလာခဲ့သည်။

“ကျွန်းပိုင်ရှင်။”

ရှူံတိသည် ဘေးတွင် စောင့်နေသည်မှာ ကြာပြီဖြစ်သည်။

“အဲဒီ သမန်းဝံပုလွေဆီ ငါ့ကို ခေါ်သွားပေး။”

ရှောင်းယီက အမိန့်ပေးလိုက်၏။

“ကျုပ်နောက် လိုက်ခဲ့ပါ။”

ရှုံးတိသည် ရှောင်းယီအား လှေငယ်တစ်စင်းပေါ်သို့ တင်ဆောင်ကာ ကမ်းခြေသို့ လှော်ခတ်သွားခဲ့သည်။သိပ်မကြာခင်မှာပင် ကမ်းခြေရှိ အခြေစိုက်စခန်းငယ်တစ်ခုသို့ ရောက်ရှိသွားပြီး သူတို့ဖမ်းလာသော သမန်းဝံပုလွေကို မြင်လိုက်ရလေသည်။

ရှောင်းယီသည် ထိုသမန်းဝံပုလွေကို ကြည့်ကာ စူးစမ်းစွာ မေးလိုက်၏။

“မင်းက ချူဖုန်းမြို့ကို တိုက်ခိုက်ခဲ့တဲ့ သမန်းဝံပုလွေတွေထဲက တစ်ကောင် မဟုတ်လား။”

သမန်းဝံပုလွေက ရှောင်းယီကို အံ့သြစွာ ကြည့်လိုက်၏။ ရှောင်းယီ၏ စကားကို သူ နားလည်နိုင်လိမ့်မည်ဟု မထင်ထားသော်လည်း ထိုကိစ္စကို အာရုံမထားဘဲ ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်။ မင်းက ဟိုလူသားတွေ ပြောနေကြတဲ့ အပြင်ပလူပဲ ဖြစ်ရမယ်။”

“မင်းက အပြင်လူတွေအကြောင်းလည်း သိတာပဲလား။”

ရှောင်းယီ ပို၍ စိတ်ဝင်စားသွားခဲ့၏။

“သိတာပေါ့။ ငါတို့နဲ့ အပြင်လူတွေကြားမှာ ရန်သူဖြစ်ရမယ့် ဆက်ဆံရေးမျိုး မရှိဘူးဆိုတာလည်း ငါတို့ သိထားတယ်။”

ထိုသမန်းဝံပုလွေက ပြန်ဖြေလာခဲ့သည်။

“အို...”

ရှောင်းယီ မျက်ခုံးပင့်လိုက်မိသည်။

“မင်း သေချာလို့လား။”

“သေချာတာပေါ့။ ဒီကမ္ဘာက လူတွေကသာ ငါတို့ကို မျိုးနွယ်ကွဲတွေ၊ ထူးဆန်းတဲ့ အကောင်တွေလို သဘောထားပြီး သတ်ဖြတ်ချင်ကြတယ်။ ဒါပေမဲ့ မင်းတို့ အပြင်လူတွေကတော့ ပိုပြီး သဘောထားကြီးကြတယ်လေ။”

“အဲဒါကတော့ အမြဲတမ်း မမှန်နိုင်ဘူးနော်။”

ရှောင်းယီက ပြုံးလျက် ပြန်ပြောလိုက်၏။

“ကဲ ပြောပါဦး မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။”

ထိုသမန်းဝံပုလွေလူသားများသည် သူ့အပေါ် အကြောင်းပြချက်မရှိဘဲ စေတနာပြဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ယခင်က ချးဖုန်းမြို့တွင် ရှောင်းယီသည် သမန်းဝံပုလွေများ၏ တိုက်ခိုက်မှုကို တွန်းလှန်ခဲ့ပြီး သူတို့၏ အပေါင်းအပါများစွာကို သတ်ဖြတ်ခဲ့သည့်အပြင် အချို့ကိုပါ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်စေခဲ့သည်။

သူတို့၏ အဖော်များ အသက်ပေးခဲ့ရခြင်းအပေါ် ဘာမှမခံစားရဘူးဆိုတာကို ရှောင်းယီ မယုံကြည်ပေ။ သူတို့ တစ်ခုခု ကြံစည်ထားတာ သေချာပေသည်။

“ဉာဏ်ကောင်းတဲ့သူနဲ့ စကားပြောရတာ တကယ်အဆင်ပြေတာပဲ။ ရိုးရိုးလေးပါပဲ။ ငါတို့က မင်းတို့ အပြင်လူတွေရဲ့ ကျွန်းပေါ်မှာ နေထိုင်စရာ နေရာလေးတစ်ခု ရှာချင်ရုံပါ။”

ထိုသမန်းဝံပုလွေက သူ၏ ရည်ရွယ်ချက်ကို ထုတ်ပြောလိုက်၏။ ရှောင်းယီက ခေါင်းခါ၍ ငြင်းဆိုလိုက်သည်။

“မရဘူး။ မင်းတို့က အရမ်း အစွမ်းထက်တယ်။ ငါ့နယ်မြေထဲမှာ ငါမထိန်းချုပ်နိုင်တဲ့ အန္တရာယ်မျိုး ရှိနေတာကို ငါ အလိုမရှိဘူး “

“ချက်ချင်း မငြင်းလိုက်ပါနဲ့။ ငါတို့ သမန်းဝံပုလွေမျိုးနွယ်မှာ ရှိသမျှ အုတ်မြစ်ကျောက်တွေ အားလုံးကို မင်းကို ပေးနိုင်ပါတယ်။”

ထိုသမန်းဝံပုလွေက အလောတကြီး ပြောလိုက်သည်။

“အုတ်မြစ်ကျောက်တွေလား။”

ရှောင်းယီက ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်၏။

“မင်းတို့ဆီမှာလည်း အုတ်မြစ်ကျောက်တွေ ရှိတာလား။”

“ရှိတာပေါ့။ အဲ့ဒီဒေသခံတွေက ငါတို့ကို မြင်တာနဲ့ ဝိုင်းသတ်ကြတာဆိုတော့ ငါတို့လည်း အလိုက်တသိ မနေတော့ဘဲ လူသားမြို့တွေကို မကြာခဏ ဝင်တိုက်လေ့ရှိတယ်။ အဲဒီမြို့တွေရဲ့ ဘဏ္ဍာတိုက်ထဲမှာ အုတ်မြစ်ကျောက်တွေကို တွေ့ခဲ့ရတယ်။ သူတို့က အဲဒါတွေကို အသေအချာ သိမ်းဆည်းထားတာကို ကြည့်ရင် အဲ့ဒါတွေက ပစ္စည်းကောင်းတွေ ဖြစ်ရမယ်ဆိုတာ သိသာတယ်လေ။”

ရှောင်းယီ အနည်ငယ် စဉ်းစားပြီးနောက် မေးလိုက်သည်။

“မင်းတို့လက်ထဲမှာ အုတ်မြစ်ကျောက် ဘယ်လောက်ရှိလဲ။”

“ငါးဘီလီယံကျော် ရှိတယ်။”

ထိုသမန်းဝံပုလွေက ပြန်ဖြေလိုက်၏။

“ဘယ်လိုလုပ် အဲဒီလောက် အများကြီး ရှိနေရတာလဲ။”

ရှောင်းယီ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ထိုအခါ သမန်းဝံပုလွေသည် သူ၏ ပါးစပ်ကြီးကို ဖြဲကာ ပြုံးပြလိုက်၏။

“ငါတို့ ဝံပုလွေမျိုးနွယ်စုက နှစ်ပေါင်း ၅၀,၀၀၀ လောက် တည်ရှိခဲ့တာလေ။ တစ်နှစ်ကို အုတ်မြစ်ကျောက် တစ်သိန်းလောက်ပဲ လုယူခဲ့တယ်ဆိုရင်တောင် ဒါက နည်းတယ်လို့ ပြောလို့ရတယ် မဟုတ်ဘူးလား။”

ထိုစကားကို ကြားသောအခါ ရှောင်းယီသည် အမှန်ပင် မများလှကြောင်း ခံစားလိုက်ရသဖြင့် ထပ်မေးလိုက်သည်။

“မင်းတို့အဖွဲ့မှာ လူဦးရေ စုစုပေါင်း ဘယ်လောက်ရှိလဲ။”

ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ထိုသမန်းဝံပုလွေမှာ စိတ်လှုပ်ရှားသွားခဲ့၏။ ရှောင်းယီ စိတ်ဝင်စားနေပြီဖြစ်ကြောင်း သူ သိလိုက်လေသည်။

“ငါးသောင်းကျော် ရှိပါတယ်။”

“မင်းတို့အဖွဲ့က သိပ်မကြီးလှပါလား။”

ရှောင်းယီ အနည်းငယ် အံ့သြသွား၏။

နှစ်ပေါင်း ၅၀,၀၀၀ တည်ရှိခဲ့ပြီးမှ လူဦးရေက ဒီလောက်ပဲ ရှိတာလား။

“အဲဒါက လူသားတွေက ငါတို့ကို အမြဲတမ်း လိုက်သတ်နေလို့ပေါ့။”

သမန်းဝံပုလွေက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ပြကာ နားလည်ကြောင်း ပြလိုက်ပြီး ဆက်မေးလိုက်၏။

“မင်းတို့ရဲ့ လိုအပ်ချက်က ဘာလဲ။”

“ငါတို့ရဲ့ ကိုယ်ပိုင်နယ်မြေအဖြစ် ကျွန်းတစ်ကျွန်း ရချင်ပါတယ်။”

ရှောင်းယီက ပြုံးကာ ခေါင်းခါလိုက်သည်။

“လူပုတွေက ကျွန်းတစ်ကျွန်း ဝယ်ဖို့ အုတ်မြစ်ကျောက် ဘယ်လောက် သုံးခဲ့ရလဲဆိုတာ မင်းသိလား။”

“ဘယ်လောက်လဲ?”

သမန်းဝံပုလွေက စူးစမ်းစွာ မေးလိုက်၏။

“၁၂ ဘီလီယံ ပေးခဲ့ရတယ်။”

ရှောင်းယီက အသာအယာ ပြောလိုက်သည်။

“ဒီကုန်းမြေပေါ်က တခြားမြို့တွေရဲ့ စျေးနှုန်းကလည်း ဘီလီယံ ၂၀ အောက်မှာ မရှိဘူး။ မယုံရင် မင်းတို့ဘာသာ သွားမေးကြည့်လို့ ရတယ်။”

“အဲဒီလောက်တောင် စျေးကြီးတာလား။”

ထိုသမန်းဝံပုလွေခင်ဗျာ ထိတ်လန့်သွားခဲ့၏။

“အုတ်မြစ်ကျောက် ကျွန်းတွေမှာ အားသာချက်တွေ အများကြီးရှိတယ်။ ဥပမာ - ကြီးထွားမှုကို လျင်မြန်စေတာ၊ ပစ္စည်းတွေ အသစ်ပြန်ထွက်လာတာ၊ ကျွန်းဧရိယာကို အကန့်အသတ်မရှိ ချဲ့ထွင်လို့ ရတာ စသဖြင့်ပေါ့။ ဒီအချက်တွေက ဒီကုန်းမြေပေါ်မှာ လုံးဝ မရှိဘူး။”

ရှောင်းယီက ရှင်းပြလိုက်သည်။

“အဲ့ဒါကြောင့် ဒီစျေးနှုန်းက ထိုက်တန်လို့ စျေးကြီးနေတာပဲ။”

အခန်း ၇၇၆- ဝံပုလွေလူသားများ အမှားပြင်ဆင်ရန် အဘယ်ကြောင့် စိတ်အားထက်သန်နေကြသနည်း

“ငါတို့ နေထိုင်ကျက်စားဖို့အတွက် မြေကွက်လပ်တစ်ခုလောက် ချပေးလို့ ရမလား။”

သမန်းဝံပုလွေက နောက်သို့တစ်လှမ်းဆုတ်ကာ မေးလိုက်သည်။

“အဲဒါကိုတော့ စီစဉ်ပေးလို့ရပါတယ်။ ဒါပေမဲ့ ကြိုတင်သတ်မှတ်ထားတဲ့ စည်းကမ်းချက်တစ်ခုတော့ ရှိတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“မင်းတို့တွေ လူသားတွေကို အန္တရာယ်မပြုဘူးလို့ အာမခံနိုင်မလား။”

သမန်းဝံပုလွေက အနည်းငယ် အံ့အားသင့်သွားပြီး ပြန်လည်တုံ့ပြန်လာခဲ့သည်။

“လူသားတွေသာ ငါတို့ကို အန္တရာယ်မပေးရင် ငါတို့က ဘာလို့ သူတို့ကို ရန်ပြုရမှာလဲ။”

ထိုစကားကြောင့် ရှောင်းယီ အနည်းငယ် ဆွံ့အသွားခဲ့၏။

“ဒီတိုက်ကြီးပေါ်က လူတွေက ငါတို့ကို မြင်တာနဲ့ သတ်ပစ်ကြဖို့ အော်ဟစ်နေကြတာသာ မဟုတ်ရင် သူတို့အပေါ် ဒီလောက်အထိ အာဃာတ ထားမှာမဟုတ်ဘူး။”

သမန်းဝံပုလွေက ဆက်လက်ရှင်းပြလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ ငါ့မှာ တခြားမေးစရာမရှိတော့ဘူး။ မင်းတို့ ဝံပုလွေလူသားတွေကို ငါတို့မဟာမိတ်အဖွဲ့ရဲ့ ပုံမှန်နေထိုင်သူအဆင့်အတန်းကိုတောင် ပေးနိုင်တယ်။ ဒါပေမဲ့ ငါ့ရဲ့မဟာမိတ်အဖွဲ့ဝင်တွေကို တစ်ယောက်ယောက်က အန္တရာယ်ပြုတာကို ငါသိလိုက်ရရင် မင်းတို့အားလုံးကို နှင်ထုတ်ပစ်မယ်။ နားလည်လား။”

“ပြဿနာမရှိပါဘူး။ ဘယ်တော့ ကုန်သွယ်ကြမလဲ။ ပင်လယ်ရေမျက်နှာပြင်က တော်တော်မြန်မြန် တက်လာနေတာ မင်းလည်းသိမှာပါ။”

သမန်းဝံပုလွေက စိုးရိမ်တကြီး မေးလိုက်သည်။

“မလောပါနဲ့ဦး။ အရင်ဆုံး မင်းတို့ရဲ့ မျိုးနွယ်စုဝင်တွေကို စုစည်းလိုက်ပါ။ ငါ တစ်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု ဒီကို ပို့ပေးလိုက်မယ်။ အဲဒါကိုသုံးပြီး ငါ့ကျွန်းကို လာခဲ့လို့ရတယ်။”

ရှောင်းယီက ပြန်ပြောလိုက်၏။

“အဲဒီလောက်ထိ ဒုက္ခခံစရာမလိုပါဘူး။ ကျုပ်တို့ မျိုးနွယ်စုထဲမှာ တည်နေရာကူးပြောင်းခြင်းအစီအရင် ရှိပြီးသားပါ။”

သမန်းဝံပုလွေက လက်ကာပြရင်း ပြောလိုက်သည်။ရှောင်းယီက သိချင်စိတ်ဖြင့် မေးလိုက်၏။

“မင်းတို့ မျိုးနွယ်စုထဲမှာ တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ဆောက်တတ်တဲ့သူ ရှိလို့လား။”

သမန်းဝံပုလွေလူသားက ခေါင်းခါပြလာခဲ့သည်။

“မရှိပါဘူး။ ဒါကို လူပုမျိုးနွယ်စုဆီကနေ အဖိုးအခ အများကြီးပေးပြီး ဝယ်ထားရတာပါ။”

“အို... မင်းတို့က လူပုမျိုးနွယ်စုနဲ့ ရင်းနှီးတာလား။”

“အနည်းဆုံးတော့ ရန်သူတွေ မဟုတ်ကြပါဘူး။ သူတို့ဆီက ရခဲ့တဲ့ သတင်းအချက်အလက်တွေကြောင့်ပဲ မင်းကို ရှာတွေ့ခဲ့တာ။”

ရှောင်းယီက အံ့သြစွာဖြင့် ပြောလိုက်မိ၏။

“ငါ့ရဲ့ နာမည်ကောင်းက အပြင်မှာ တော်တော်လေး ပျံ့နေပုံပဲ။”

“ဒါဆို ကုန်သွယ်မှုကို အမြန်ဆုံး လုပ်လို့ရမလား။”

သမန်းဝံပုလွေက ထပ်မံတိုက်တွန်းလိုက်ပြန်သည်။ရှောင်းယီက မျက်မှောင်ကြုတ်ကာ အေးအေးဆေးဆေးပင် ပြောလိုက်၏။

“မင်းတို့က ပူးပေါင်းဆောင်ရွက်ဖို့ ဒါမှမဟုတ် ကုန်သွယ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင် အပြန်အလှန် ယုံကြည်မှုနဲ့ ရိုးသားမှုရှိဖို့ လိုတယ်။ မင်းတို့ ဘာလို့ ဒီလောက် အသည်းအသန် ဖြစ်နေရတာလဲဆိုတာကို အခု ငါ့ကို အမှန်အတိုင်းပြောပြပါ။ ပင်လယ်ရေတက်တာကို ဆင်ခြေအနေနဲ့ မသုံးနဲ့တော့။ တွက်ချက်မှုတွေအရ ပင်လယ်ရေက တိုက်ကြီးပေါ်ကို လွှမ်းဖို့ဆိုတာ တစ်လကျော်လောက် လိုသေးတယ်။”

ထိုအခါ သမန်းဝံပုလွေက သက်ပြင်းရှည်ကြီးချကာ ပြောလိုက်သည်။

“ကျေးဇူးပြုပြီး နားလည်ပေးပါ။ ပင်လယ်ရေတက်တာအပြင် ငါတို့က ရန်သူတွေလက်ကနေ ထွက်ပြေးနေရတာပါ။”

“ရန်သူတွေလား။ ဘယ်လိုရန်သူတွေလဲ။”

ရှောင်းယီက စိတ်ဝင်တစား မေးလိုက်သည်။ သမန်းဝံပုလွေက ရှင်းပြလာခဲ့၏။

“ဗန်ပိုင်းယားတွေပေါ့။ အလင်းရောင်ကို မခံနိုင်တဲ့ မျိုးနွယ်စုလေ။”

“ဗန်ပိုင်းယားတွေက တကယ်ရှိလို့လား။”

ရှောင်းယီက အံ့အားသင့်ကာ အော်ဟစ်လိုက်မိ၏။ သမန်းဝံပုလွေက ခေါင်းညိတ်ပြလိုက်သည်။

“အင်း...။”

“အရင်က သူတို့နဲ့ မတွေ့ခဲ့ဖူးဘူးလား။ အခုမှ ဘာလို့ ဒီလောက် အရေးတကြီး ဖြစ်နေရတာလဲ။”

ရှောင်းယီက ဇဝေဇဝါ ဖြစ်နေဆဲပင်။ သမန်းဝံပုလွေမှာ အသေးစိတ် ထပ်မံရှင်းပြရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။

မူလက သမန်းဝံပုလွေများနှင့် ဗန်ပိုင်းယားများသည် နေထိုင်ရာဒေသမတူညီသောကြောင့် ဆုံခဲလှသော်လည်း ပင်လယ်ရေမြင့်တက်လာမှုကြောင့် တိုက်ကြီးပေါ်ရှိ မျိုးနွယ်စုအားလုံး ကုန်းတွင်းပိုင်းသို့ ပြောင်းရွှေ့လာခဲ့ကြရသည်။ ဤသို့ ပြောင်းရွှေ့လာခြင်းကြောင့် မျိုးနွယ်စုအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်လာခဲ့၏။

မျိုးနွယ်စုနှစ်ခုစလုံးမှာ အမှောင်မျိုးနွယ်စုများ ဖြစ်ကြသော်လည်း ဆက်ဆံရေးမှာ အလွန်ဆိုးရွားလှသည်။ သမန်းဝံပုလွေများသည် ဗန်ပိုင်းယားများကို အလင်းရောင်ရှောင်တတ်၍ အထင်သေးကြပြီး ဗန်ပိုင်းယားများက သမန်းဝံပုလွေများကို ရိုင်းစိုင်းသူများအဖြစ် နှိမ့်ချတတ်ကြ၏။ သူတို့သည် တွေ့လိုက်သည်နှင့် တိုက်ပွဲဖြစ်ပွားရန်မှာ သေချာသလောက်ပင်။

ထို့အပြင် သမန်းဝံပုလွေများ၏ လူဦးရေ နည်းပါးလာရခြင်းမှာလည်း ဗန်ပိုင်းယားများ၏ နှောင့်ယှက်မှုများကြောင့်ဖြစ်ပေသည်။

ဗန်ပိုင်းယားများသည် မိမိတို့ကိုယ်ကို မွန်မြတ်သော မျိုးနွယ်စုဟု ယူဆကြပြီး လူသားများကြားတွင် ပုန်းအောင်းကာ လက်အောက်ငယ်သားများကို စုဆောင်း၍ အင်အားချဲ့ထွင်နိုင်ကြ၏။ ရလဒ်အနေဖြင့် သမန်းဝံပုလွေများ၏ နေထိုင်မှုအခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ယခုအခါ ဗန်ပိုင်းယားများ အင်အားကြီးမားနေသည်ဖြစ်ရာ သမန်းဝံပုလွေများမှာ ပုန်းအောင်းရန်သာ ကြိုးစားနိုင်ကြတော့လေသည်။

သမန်းဝံပုလွေ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရှောင်းယီက ၎င်းမှာ သူ၏ယခင်ကမ္ဘာမှ ဒဏ္ဍာရီများနှင့် ဆင်တူနေသည်ဟု ခံစားလိုက်ရသည်။

“ဒါဆိုရင်တော့ ငါ အစီအစဉ်တချို့ လုပ်ရမယ်။ သမန်းဝံပုလွေတွေ အများကြီး ငါ့ရဲ့မဟာမိတ်အဖွဲ့ထဲကို ဝင်လာမှာဆိုတော့ လုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားရဦးမယ်။”

ရှောင်းယီက ပြောလိုက်၏။

“မနက်ဖြန် မွန်းတည့်အချိန်လောက်မှာ အားလုံးအဆင်သင့်ဖြစ်အောင် ငါပြင်ထားပေးမယ်။ မင်းတို့ဘက်က ပြဿနာရှိလား။”

“မနက်ဖြန် မွန်းတည့်ချိန်လား။”

သမန်းဝံပုလွေသည် မျက်မှောင်ကျုံ့လိုက်ပြီးနောက် အံကြိတ်ကာ ပြောလိုက်၏။

“ကောင်းပြီ၊ ဒါပေမဲ့ တတ်နိုင်ရင် ပိုစောအောင် လုပ်ပေးပါ။ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်စုတွေက ကျုပ်တို့ရဲ့ စခန်းကို သိသွားပြီ။ ဘယ်အချိန်မှာမဆို တိုက်ခိုက်လာနိုင်တယ်။”

“နားလည်ပြီ။ တတ်နိုင်သမျှ စောစောလုပ်ပေးပါ့မယ်။ ဒါနဲ့ မင်းတို့ရဲ့ တည်နေရာကူးပြောင်းခြင်းအစီအရင်ရဲ့ တည်နေရာကို ငါ့ကိုပေးထားပါ။ ငါပြန်ရောက်ရင် နှစ်ဖက်အစီအရင်တွေကို ချိတ်ဆက်ခိုင်းလိုက်မယ်။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်။ ငါတို့ မင်းရဲ့ကျွန်းပေါ်က နေထိုင်ရာဒေသကို ရောက်တာနဲ့ ငါတို့ဆီမှာရှိတဲ့ အုတ်မြစ်ကျောက်တွေတွေအားလုံးကို မင်းဆီ ပေးပါ့မယ်။”

ဘင်နီက လေးလေးနက်နက် ကတိပေးလိုက်၏။

“မဟုတ်ဘူး။”

ရှောင်းယီက လက်ကာပြလိုက်သည်။

“အခုချက်ချင်း ကုန်သွယ်စရာ မလိုသေးဘူး။ ငါ့ရဲ့ အချက်ပြမှုကို စောင့်ပါ။ အရင်ဆုံး ဒီမှာ ခဏ နေထိုင်ကြည့်ဦး။”

သမန်းဝံပုလွေမှာ ကြောင်အသွားခဲ့၏။

“မင်းက ငါတို့ကို နေရာလွတ် အလကား ပေးမလို့လား။”

“ငါလည်း ပြင်ဆင်စရာတွေ ရှိသေးလို့ပါ။ ငါ အချက်ပြတဲ့အခါမှ အုတ်မြစ်ကျောက်တွေကို ငါနဲ့လဲလှယ်ရမယ်။”

ရှောင်းယီက ဆိုသည်။

“ကောင်းပါပြီ။ ငါ အခု ပြန်သွားတော့မယ်။ ဒါနဲ့ ငါ့နာမည်က ဘင်နီပါ။”

သမန်းဝံပုလွေက သူ့ကိုယ်သူ မိတ်ဆက်လိုက်လေသည်။

ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဘင်နီသည် ကင်းစခန်းမှ ထွက်ခွာသွားခဲ့သည်။ ထိုစဉ် ရှုံးတိက ဝင်ပြောလာခဲ့သည်။

“ကျွန်းပိုင်ရှင် သူတို့ကို အလွယ်တကူ မယုံပါနဲ့။”

“အုတ်မြစ်ကျောက် ၅ ဘီလီယံဆိုတာ ငါ့အတွက် ငြင်းစရာမရှိအောင် ဖြစ်စေတယ်။ စိတ်ချပါ။ လုံခြုံရေးကိစ္စတွေကို ငါ သေချာကိုင်တွယ်လိုက်မယ်။”

ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် မတ်တတ်ထရပ်လိုက်သည်။ ရှောင်းယီ ဆုံးဖြတ်ချက်ချပြီးသည်ကို မြင်သောအခါ ရှုံးတိက ဘာမှ ထပ်မပြောတော့ပေ။

ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြု၍ ရှုံးတိထံမှ သူ၏အိပ်ခန်းသို့ ပြန်ရောက်လာခဲ့သည်။

သူသည် အောက်ထပ်ရှိ ဧည့်ခန်းသို့ ဆင်းလာကာ လက်ခုပ်တီး၍ လူတိုင်းကို ခေါ်ယူလိုက်၏။

“အခု ငါတို့ အားလုံးစုပြီး ဆွေးနွေးရမယ့် ကိစ္စတစ်ခု ရှိတယ်။”

ထို့နောက် သူသည် သမန်းဝံပုလွေများနှင့် ဖြစ်ပျက်ခဲ့သည့် အခြေအနေကို လူတိုင်းကို ပြောပြလိုက်လေသည်။ လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။

“အုတ်မြစ်ကျောက် ၅ ဘီလီယံလား... ဒါက တကယ်ကို ငြင်းပယ်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေပဲ “

အန်းယွဲ့ က မျက်မှောင်ကျုံ့ကာ ပြောလိုက်၏။ ထိုစဉ် ကျန်းယွင်ထျန်းက ဖြည်းဖြည်းချင်း ပြောလာခဲ့သည်။

“သူတို့ကို တံတိုင်းတစ်ခုနဲ့ ဝိုင်းထားပြီး အဲဒီထဲမှာပဲ နေခိုင်းရမလား။ ပြီးတော့ တံတိုင်းပေါ်မှာ ကင်းစောင့်တွေ ချထားရမလား။”

“အဲဒါတော့ မဟုတ်သေးဘူးထင်တယ်။ သူတို့က တခြားမျိုးနွယ်စု ဖြစ်နေပေမဲ့ ငါတို့က ကုန်သွယ်နေတာလေ။ အကျဉ်းချထားတာ မဟုတ်ဘူး။”

အန်းရန်က ကြားဖြတ်ပြောလိုက်၏။

“တကယ်လို့ ဒါက တစ်ခုတည်းသော မျိုးနွယ်စုဆိုရင်တော့ ပြဿနာမရှိပေမဲ့ ဒီကမ္ဘာမှာ တခြားမျိုးနွယ်စုတွေ အများကြီး ရှိသေးတယ်။ အခု သူတို့ကို ပိတ်လှောင်ထားလိုက်ရင် နောက်ပိုင်း တခြားမျိုးနွယ်စုတွေ ငါတို့နဲ့ ကုန်သွယ်ချင်မှာ မဟုတ်တော့ဘူး။”

အန်းရန်၏ စကားကို ကြားသောအခါ အားလုံးက ခေါင်းငြိမ့်ကာ ထောက်ခံလိုက်ကြသည်။

လူပုမျိုးနွယ်စုတွင် အုတ်မြစ်ကျောက် ထရီလီယံနှင့်ချီကာ ရှိ၏။ သမန်းဝံပုလွေများတွင် ၅ ဘီလီယံရှိသည်။ အခြားမျိုးနွယ်စုများမှာကော မည်မျှရှိမည်နည်း။

အနာဂတ်တွင် အဆင်ပြေပြေ ကုန်သွယ်နိုင်ရန်အတွက် ဤသမန်းဝံပုလွေများနှင့် ကုန်သွယ်မှုကို ကောင်းမွန်စွာ ကိုင်တွယ်ရမည်ဖြစ်သည်။

ရှောင်းယီက အနည်းငယ်စဉ်းစားပြီး ပြောလိုက်၏။

“ဒါဆိုရင် သူတို့အတွက် မြေကွက်တစ်ခု ချပေးလိုက်မယ်။ အစ်ကိုကျန်း ခင်ဗျား အဲဒါကို ကြီးကြပ်ပေးပါ။၂၄ နာရီ စောင့်ကြည့်ပြီး သူတို့ရဲ့ အပြုအမူတွေကို ခဏလောက် လေ့လာကြည့်မယ်။ ပြီးမှ ကင်းစောင့်တွေကို ဆက်ထား၊မထား ဆုံးဖြတ်တာပေါ့။”

“အင်း”

ကျန်းယွန့်ထျန်းက ပြန်ဖြေလိုက်သည်။

“ဘယ်နေရာမှာ ထားကြမလဲ။”

အန်းယွဲ့က စိုးရိမ်တကြီး မေးလိုက်၏။

“လူသားတွေရဲ့ အခြေစိုက်စခန်းနဲ့ အရမ်းနီးရင် ထိတ်လန့်တုန်လှုပ်မှုတွေ ဖြစ်လာနိုင်တယ်။”

All Chapters