အခန်း (၇၇၇-၇၇၈)
Vol. 61 Ch. 777-778
အခန်း ၇၇၇- အထပ်မြင့်လူနေအဆောက်အဦးအား အဆင့်မြှင့်တင်ခြင်းနှင့် သမန်းဝံပုလွေများ အခြေချခြင်း
ရှောင်းယီသည် အနည်းငယ် သေချာစဉ်းစားပြီးနောက် ပြောလိုက်၏။
“သူတို့ကို ပင်မကျွန်းကြီးရဲ့ အနောက်မြောက်ဘက် ပင်လယ်နားမှာ နေရာချပေးလိုက်ပါ။ ဒေသခံမြို့တွေနဲ့ အရမ်းကပ်မနေအောင်လည်း ဂရုစိုက်ရမယ်။”
“သူတို့ကို ပင်မကျွန်းပေါ်မှာ ထားမှာ တကယ်သေချာလား။”
ကျန်းယွင်ထျန်းက စိုးရိမ်နေဆဲပင်။
“အဲဒီ သမန်းဝံပုလွေတွေက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲနိုင်ကြတယ်။ အဲဒီအရှိန်အဝါကလည်း သေးသေးမွှားမွှားမဟုတ်ဘူး။”
ပြီးခဲ့သည့်အကြိမ် ချူဖုန်းမြို့တွင် သမန်းဝံပုလွေများနှင့် တိုက်ခိုက်စဉ်က ၎င်းတို့၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုစွမ်းအားကို ကျန်းယွင်ထျန်း အလွန်အမင်း အမှတ်ရနေဆဲဖြစ်သည်။
ထိုစဉ်က B အဆင့်ရှိသော သမန်းဝံပုလွေတစ်ဦး၏ ဖောက်ခွဲမှုသည်ပင် S အဆင့်ရှိသော ရှောင်းယီကို တားဆီးနိုင်ခဲ့သည်မဟုတ်ပါလော။
ထိုအခါ ရှောင်းယီက ရှင်းပြလိုက်သည်။
“သူတို့ကို ပင်လယ်နားမှာ ထားတာက ရွှမ်းဝူရဲ့ စွမ်းအားကို သုံးပြီး သူတို့ကို ထိန်းချုပ်ထားလို့ ရအောင်လို့ပါ။ တစ်ချိန်တည်းမှာပဲ ငါတို့ဘက်က ကာကွယ်ရေးလုပ်ရတာလည်း ပိုလွယ်ကူသွားတာပေါ့။”
သမန်းဝံပုလွေများသည် ရေကူးတတ်သော်လည်း ရေထဲတွင်မူ ကုန်းပေါ်မှာကဲ့သို့ လျင်မြန်ဖြတ်လတ်နိုင်မည် မဟုတ်ပေ။
ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်၏။
“ဒါဆိုရင် ကာကွယ်ရေးစည်း တည်ဆောက်ဖို့ အဖွဲ့တစ်ဖွဲ့ကို ငါသွားပြီး စီစဉ်လိုက်မယ်။”
“ဒါဆို အဲဒီနေရာက သစ်ပင်တွေကို ရှင်းထုတ်ဖို့ လိုမလား။”
အန်းယွဲ့က မေးလိုက်သည်။ ရှောင်းယီက လက်ကာပြလိုက်သည်။
“မလိုပါဘူး။ ကျုပ် မြေကွက်လပ် အနည်းငယ်ကို တိုက်ရိုက်ထပ်ချဲ့လိုက်မယ်။ ပြီးတော့ နောက်ထပ် ကျုပ်တို့ အင်တိုက်အားတိုက် လုပ်ရမယ့် အရေးကြီးတဲ့ ကိစ္စတစ်ခုလည်း ရှိသေးတယ်။”
အန်းယွဲ့နှင့် အခြားသူများက စိတ်ဝင်တစား နားထောင်လိုက်ကြသည်။
“အဲဒါက မဟာမိတ်အဖွဲ့ထဲက လူနေအိမ်ခြေအားလုံးကို အထပ်မြင့် လူနေအဆောက်အဦးတွေနဲ့ အစားထိုးဖို့ ပြင်ဆင်တာပဲ။”
ရှောင်းယီက ဆက်ပြောလိုက်၏။
ပြီးခဲ့သည့် နှစ်ရက်အတွင်း စုဆောင်းထားသော ဘိလပ်မြေ၊ သံမဏိနှင့် အခြားကုန်ကြမ်းများမှာ အလွန်လုံလောက်နေပြီဖြစ်ရာ လူတိုင်းနေထိုင်သည့် အိမ်များကို အထပ်မြင့်များအဖြစ် ပြောင်းလဲရန် လုံလောက်နေပြီဖြစ်သည်။
ဤသို့ဖြင့် မြေနေရာအများအပြားကို သက်သာစေမည်ဖြစ်ပြီး ကျွန်းကို ဆက်လက်တိုးတက်စေရန် အထောက်အကူပြုမည်ဖြစ်သည်။
လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ခေါင်းငြိမ့်လိုက်ကြ၏။ အန်းယွဲ့က ပြောလိုက်ည်။
“ငါ့ဘက်ကနေ မျိုးနွယ်စုတစ်ခုချင်းစီနဲ့ မြို့တစ်ခုချင်းစီရဲ့ လူဦးရေနဲ့ အိမ်ထောင်စုစာရင်းတွေကို ပြုစုလိုက်မယ်။”
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“အင်း သွမ့်ပေယန်နဲ့လည်း သေချာတိုင်ပင်လိုက်ပါ။ သူဆွဲမယ့် ဒီဇိုင်းတွေက လူဦးရေနဲ့ ကိုက်ညီမှုရှိရမယ်။ ဒါ့အပြင် လူနေထူထပ်တဲ့နေရာတိုင်းမှာ အထပ်မြင့်တွေချည်းပဲ မဆောက်နဲ့။ အလတ်စား အဆောက်အဦးတွေနဲ့ တန်းလျားအိမ်တွေပါ ထည့်သွင်းစဉ်းစားရမယ်။ ဦးလေးအန်းတို့လို စီမံခန့်ခွဲသူတွေ ရုံးထိုင်ဖို့အတွက် အများပြည်သူဝန်ဆောင်မှု ခန်းမတွေကိုလည်း သေချာထည့်သွင်းစီစဉ်လိုက်ပါ။”
“ဟုတ်ကဲ့ မှတ်သားထားလိုက်ပါမယ်။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
ထို့နောက် ရှောင်းယီသည် ကျွန်းကို ထပ်မံချဲ့ထွင်ရန် အပေါ်ထပ်သို့ တက်သွားလိုက်၏။ ပြီးခဲ့သည့် ကုန်သွယ်မှုမှ ကျန်ရှိသော အုတ်မြစ်ကျောက်များအပြင် နေ့စဉ်စုဆောင်းမိသော အုတ်မြစ်ကျောက်များမှာ သမန်းဝံပုလွေများအတွက် အခြေချစခန်းတစ်ခု ချဲ့ထွင်ပေးရန် လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။
လှေကားပေါ်သို့ ခြေလှမ်းအနည်းငယ် တက်သွားပြီးနောက် ရှောင်းယီက နောက်ပြန်လှည့်ကြည့်ကာ ပြောလိုက်၏။
“ဦးလေးအန်း ဒီကိစ္စကို မနက်ဖြန်မှ လုပ်ပါ။ အဒေါ်လီ သူ့ကို သေချာစောင့်ကြည့်ထားပေးပါ။ ဒီည လုပ်လက်စအလုပ်တွေလုပ်တာကို လုံးဝခွင့်မပြုဘူး။”
လီယန်က ပြုံးလိုက်ပြီး “ကောင်းပါပြီ” ဟု ပြန်ဖြေကာ အန်းယွဲ့၏လက်ထဲမှ လက်ကိုင်ဖုန်းကို တိုက်ရိုက်လုယူလိုက်သည်။
အန်းယွဲ့သည် အကူအညီမဲ့သော အကြည့်ဖြင့် ပြောလိုက်၏။
“ငါက တာဝန်ခံတွေကို ကြိုသိအောင် မက်ဆေ့ခ်ျ ပို့ထားမလို့ပါ။ အခုချက်ချင်း အလုပ်စလုပ်မှာ မဟုတ်ပါဘူး။”
“ဒါလည်း မရဘူး။ ဒါက ကျွန်းပိုင်ရှင်ရဲ့ အမိန့်ပဲ။”
လီယန်က ဖုန်းကို ပြန်မပေးဘဲ အတင်းငြင်းဆိုလိုက်သည်။ အန်းယွဲ့မှာ ခေါင်းခါရင်း အနီးနားတွင် ထိုင်နေသော ယွမ်နွန်နှင့်သာ စိတ်ပျက်လက်ပျက် စကားပြောနေရတော့သည်။
ရှောင်းယီ ပြုံးကာ အပေါ်ထပ်သို့ တက်လာခဲ့၏။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် အုတ်မြစ်ကျောက်တစ်သန်းကို အသုံးပြု၍ ကျွန်း၏ အနောက်မြောက်ဘက်တွင် စတုရန်းမီတာ တစ်သန်းအကျယ်ရှိသော မြေနေရာကို သမန်းဝံပုလွေများအတွက် အခြေချစခန်းအဖြစ် ချဲ့ထွင်လိုက်သည်။ထို့နောက် ရှောင်းယီသည် ဖုန်းကိုကောက်ကိုင်ကာ ဒူခန်းထံသို့ ဖုန်းခေါ်လိုက်လေသည်။
“ဟယ်လို ကျွန်းပိုင်ရှင် ဒီအချိန်ကြီး ဘာလို့ ဖုန်းခေါ်တာလဲ။”
ဒူခန်းက အံ့အားသင့်စွာ မေးလိုက်၏။
“ကိစ္စလေးတစ်ခု ရှိလို့ပါ။ ရှီခုန်းကို ရှာပေးစမ်းပါ။ သူ မင်းဆီမှာ ရှိနေရမယ်။”
ရှောင်းယိက ပြန်ပြောလိုက်သည်။
ကျွန်းပေါ်တွင် လက်ကိုင်ဖုန်း အလုံး ၃၀ သာရှိပြီး ၎င်းတို့ကို ခွဲဝေပေးထားပြီးဖြစ်သည်။ ထို့ကြောင့် ရှောင်းယီမှာ ရှီခုန်းကို ဒူခန်းမှတစ်ဆင့်သာ ရှာဖွေရခြင်းဖြစ်သည်။
“ရပါတယ် ကျွန်းပိုင်ရှင်။ ခဏစောင့်ပေးပါ။”
ဒူခန်းက ပြန်ဖြေလိုက်သည်။
စောင့်ဆိုင်းနေစဉ်အတွင်း ရှောင်းယီသည် လက်ကိုင်ဖုန်းကို ကြည့်ကာ စိတ်ထဲမှ တွေးလိုက်မိ၏။
‘တစ်ချိန်ချိန်မှာ ဖုန်းထုတ်လုပ်မှုပုံစံကွက်ကိုသာ ရလာရင် ကောင်းမယ်။ အဲဒီအခါကျရင် လူတိုင်း တစ်လုံးစီ ကိုင်ထားနိုင်ပြီး လူရှာရတာလည်း ပိုလွယ်သွားလိမ့်မယ်။’
ဒူခန်းသည် ဘား၏ တတိယထပ် ပြတင်းပေါက်နားတွင် ရှီခုန်းကို လျင်မြန်စွာ တွေ့ရှိသွားခဲ့သည်။ အရက်ကို အသက်ထက် ချစ်မြတ်နိုးသော အရက်သမားပီပီ ရှီခုန်းသည် အားလပ်ချိန်တိုင်းတွင် ဘား၌သာ အချိန်ကုန်လေ့ရှိ၏။
“ရှီခုန်း ကျွန်းပိုင်ရှင်က ခင်ဗျားကို ခိုင်းစရာရှိလို့တဲ့။”
ဒူခန်းက ဖုန်းကို ကမ်းပေးလိုက်သည်။
မူလက မူးဝေနေသော ရှီခုန်း၏ မျက်လုံးများသည် ချက်ချင်းပင် ကြည်လင်သွားခဲ့၏။ သူသည် ဖုန်းကို လှမ်းယူကာ ရိုရိုသေသေဖြင့် မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ဘာကိစ္စရှိလို့လဲခင်ဗျ...။”
“ရှီခုန်း ခင်ဗျား အခုချက်ချင်း ကိုင်တွယ်ပေးရမယ့် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိတယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“အသေးစား တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခုကို ကျွန်းရဲ့ အနောက်မြောက်ဘက်ကို အမြန်ဆုံး ရွှေ့ပေးစေချင်တယ်။ တိကျတဲ့ တည်နေရာကိုတော့ အစ်ကိုကျန်းနဲ့ အတည်ပြုလိုက်ပါ။”
“ဟုတ်ကဲ့ ကျုပ်ကို သုံးနာရီ အချိန်ပေးပါ။”
ရှီခုန်းက ချက်ချင်း တုံ့ပြန်လိုက်သည်။ ဖုန်းချလိုက်ပြီးနောက် သူသည် မတ်တတ်ထရပ်ကာ ဒူခန်းကို ပြောလိုက်သည်။
“ငါ့အရက်တွေကို သိမ်းထားပေးဦး။ နောက်တစ်ခေါက် လာမှ ဆက်သောက်မယ်။”
“စိတ်မပူပါနဲ့။”
ဒူခန်းက OK ဟု အချက်ပြလိုက်သည်။
ထို့နောက် ရှီခုန်းသည် အနောက်မြောက်ဘက်တွင် ကာကွယ်ရေးစည်း တည်ဆောက်နေသော ကျန်းယွင်ထျန်းကို အမြန်သွားရှာလိုက်၏။ ကျန်းယွင်ထျန်းက ရှောင်းယီ အသစ်တိုးချဲ့လိုက်သော မြေကွက်လပ်ကို ညွှန်ပြကာ ပြောလိုက်သည်။
“ဟို မြေကွက်လပ်ရဲ့ အလယ်ဗဟိုမှာပဲ။”
ရှီခုန်းက ခေါင်းညိတ်လိုက်ပြီး သူ၏ တပည့်များနှင့်အတူ တည်နေရာကူးပြောင်းခြင်းအစီအရင်ကို စတင်ရွှေ့ပြောင်းတော့လေသည်။
ထိုအချိန်တွင် တိုက်သစ်ကြီး၏ လျှို့ဝှက်သော ချိုင့်ဝှမ်းတစ်ခု အပြင်ဘက်တွင် အနက်ရောင် ဝတ်ရုံခြုံထားသော လူတစ်ဦးသည် သစ်ပင်ရိပ်အောက်၌ ရပ်ကာ အဝေးရှိ ချိုင့်ဝှမ်းကို လှမ်းကြည့်နေ၏။
“မြို့စားကြီးချာလီ ဒါက သမန်းဝံပုလွေမျိုးနွယ်စုရဲ့ အခြေချစခန်းပါပဲ။”
အနီးနားရှိ ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားသော စစ်သားတစ်ဦးက ရိုရိုသေသေ ပြောလိုက်သည်။
ချာလီက အေးစက်စက် ရယ်မောလိုက်၏။
“ငါ့အနေနဲ့ အပိုဆောင်း အမြတ်ရမယ်လို့ မထင်ထားမိဘူး။ သမန်းဝံပုလွေတွေက လူသားမြို့တော်တွေ အများကြီးကို လုယက်ခဲ့တာဆိုတော့ သူတို့ဆီမှာ အုတ်မြစ်ကျောက်တွေ အများကြီး ရှိနေမှာ သေချာတယ်။ ငါတို့ သိမ်းပိုက်ထားတဲ့ အသက်ရှင်ကျန်ရစ်သူရဲ့ ကျွန်းက အရမ်းသေးလွန်းနေသေးတယ်။ စစ်တပ်ကို စေလွှတ်ပြီး အဲဒီ ရိုင်းစိုင်းတဲ့ သမန်းဝံပုလွေတွေကို အပြတ်ရှင်းပစ်လိုက်။”
“ဟုတ်ကဲ့”
ထိုစစ်သားက တုံ့ပြန်ပြီးနောက် စစ်သည်ငါးသောင်းကို ဦးဆောင်ကာ ချိုင့်ဝှမ်းဆီသို့ ချီတက်သွားတော့လေသည်။
“မျိုးနွယ်စုခေါင်းဆောင် ရန်သူဘက်က စပြီး တိုက်ခိုက်နေပြီ။”
သမန့်ဝံပုလွေတစ်ဦးက ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်၏။
အရပ်နှစ်မီတာခန့် မြင့်မားသော သန်မာထွားကြိုင်းသည့် သမန်းဝံပုလွေမျိုးနွယ်စုခေါင်းဆောင်က အေးစက်စွာ ဟောက်လိုက်သည်။
“ဘာလို့ ထိတ်လန့်နေတာလဲ။ ငါတို့ သမန်းဝံပုလွေတွေက ဘယ်တိုက်ပွဲကိုမှ မကြောက်ဘူးကွ။”
“ဟုတ်ကဲ့”
ထိတ်လန့်နေသော သမန်းဝံပုလွေမှာ ချက်ချင်းပင် ငြိမ်ကျသွား၏။
“ဘင်နီ ပြန်မရောက်သေးဘူးလား။”
သမန်းဝံပုလွေ မျိုးနွယ်စုခေါင်းဆောင်က မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“မရောက်သေးပါဘူး ခေါင်းဆောင်။”
ဘေးနားရှိ သမန်းဝံပုလွေက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်၏။
“အဲဒီ အပြင်လူတွေနဲ့ ဆက်သွယ်ရတာ အဆင်မပြေပုံပဲ။”
သမန်းဝံပုလွေ မျိုးနွယ်စုခေါင်းဆောင်က သက်ပြင်းချလိုက်သည်။
“ငါ့မျိုးနွယ်စုက တခြားသူတွေ နှိမ့်ချတာကို ဒီအတိုင်းပဲ ခံနေရတော့မှာလား။”
ဘေးပတ်ပတ်လည်ရှိ သမန့်ဝံပုလွေများ အားလုံး တိတ်ဆိတ်သွားခဲ့ကြ၏။
“ဘင်နီ ပြန်လာပြီ၊ ဘင်နီ ပြန်လာပြီ...။”
တည်နေရာကူးပြောင်းခြင်းအစီအရင်ရှိရာဘက်မှ အံ့သြဝမ်းသာ အော်ဟစ်သံများ ထွက်ပေါ်လာရာ သမန်းဝံပုလွေ မျိုးနွယ်စုခေါင်းဆောင်၏ မျက်လုံးများ အနည်းငယ် တောက်ပသွားခဲ့သည်။
ထိုစဥ် ဘင်နီသည် တည်နေရာကူးပြောင်းခြင်းအစီအရင်မှ လျင်မြန်စွာ ပြေးလာပြီး ပြောလိုက်၏။
“မျိုးနွယ်စုခေါင်းဆောင် ကိစ္စပြတ်သွားပြီ။ အပြင်လူတွေက ကျုပ်တို့ကို လက်ခံဖို့ သဘောတူလိုက်တယ်။ ဒါပေမဲ့ သူတို့ မဟာမိတ်အဖွဲ့ထဲက လူသားတွေကို အန္တရာယ်မပြုဖို့တော့လိုတယ်။”
“ဒါ... အရမ်းကောင်းတယ်။ ဒါက ငါတို့အတွက် တောင်းဆိုချက်တစ်ခုတောင် မဟုတ်ဘူး။ သူတို့က ငါတို့ကို အန္တရာယ်မပြုသရွေ့ ငါတို့ကလည်း သူတို့ကို အန္တရာယ်မပြုဘူး။”
“ဟုတ်တယ် ငါတို့ လွတ်မြောက်ပြီ။ အဲဒီ အပြင်လူတွေက ဒီဒေသခံလူသားတွေထက် အများကြီး ပိုပြီး စိတ်သဘောထား ကြီးပုံပဲ။”
“ဘင်နီက တကယ်ကို အလုပ်ကြိုးစားခဲ့တာပဲ။”
သမန်းဝံပုလွေများက ပျော်ရွှင်စွာ ပြောဆိုနေကြသည်။
ထိုစဉ် သမန်းဝံပုလွေ မျိုးနွယ်စုခေါင်းဆောင်က မျက်မှောင်ကျုံ့ကာ မေးလိုက်၏။
“ဒါဆို ဘယ်တော့ သွားလို့ရမလဲလို့ သူတို့ ပြောလိုက်သေးလား။”
“မနက်ဖြန် မွန်းတည့်ချိန်မတိုင်ခင်ပါ။”
ဘင်နီက ပြန်ဖြေလိုက်သည်။
“ဘာ... မနက်ဖြန် မွန်းတည့်ချိန်ဟုတ်လား။ အဲဒါက အရမ်းနောက်ကျလွန်းတယ်။”
အနီးရှိ သမန်းဝံပုလွေတစ်ဦးက မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
“ဗန်ပိုင်းယားတွေရဲ့ လက်ပါးစေတွေက စပြီး လှုပ်ရှားနေပြီ။ သူတို့က အရမ်းများတယ်။ ငါတို့ မနက်ဖြန်အထိ တောင့်ခံနိုင်ဖို့ ခက်လိမ့်မယ်။”
အခန်း ၇၇၈ - သမန်းဝံပုလွေမျိုးနွယ်စုများ ထပ်မံမတောင့်ခံနိုင်တော့ခြင်း
စိတ်လှုပ်ရှားနေကြသော သမန်းဝံပုလွေများသည် ရေအေးတစ်ပုံးဖြင့် အလောင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ခေါင်းထိပ်မှ ခြေဖျားအထိ အေးစိမ့်သွားခဲ့ကြသည်။
ထိုပြင်ပကမ္ဘာမှလူများသည် သူတို့ကို လက်ခံရန် ဆန္ဒရှိသော်လည်း မနက်ဖြန် မွန်းတည့်ချိန်မှသာ ဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ အနည်းဆုံး ၁၄ နာရီ သို့မဟုတ် ၁၅ နာရီခန့် စောင့်ရဦးမည်ဖြစ်သည်။
သမန်းဝံပုလွေမျိုးနွယ်စုတစ်ခုလုံးတွင် လူကြီး၊ လူမမာ၊ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လူဦးရေ ၅၀,၀၀၀ ကျော်သာ ရှိသော်လည်း ဆန့်ကျင်ဘက် အင်အားစုမှာမူ အထူးလေ့ကျင့်ထားသော စစ်သည်တော် ၅၀,၀၀၀ ဖြစ်၏။
အကယ်၍ ထိုလူသားများသာ လက်ဗလာနှင့်လာသည်ဆိုပါက သမန်းဝံပုလွေစစ်သည် ၅၀,၀၀၀ အတွက် စိုးရိမ်စရာမရှိသော်လည်း ရန်သူ့လက်ထဲတွင် လက်နက်မျိုးစုံနှင့် သေနတ်များပင် ရှိနေခဲ့ကြသည်။ ထို့အပြင် သူတို့၏နောက်ကွယ်တွင်လည်း သွေးစုပ်ဖုတ်ကောင်များက လောဘတကြီး စောင့်ကြည့်နေကြသေး၏။
သမန်းဝံပုလွေများ မည်မျှပင် ရဲရင့်ပြီး တိုက်ပွဲ၌ ကျွမ်းကျင်ပါစေ ထိုမျှအကြာကြီး တောင့်ခံနိုင်ရန် မဖြစ်နိုင်ပေ။
ဘာလုပ်ကြမလဲ။
ထိုစဥ် သမန်းဝံပုလွေမျိုးနွယ်စုခေါင်းဆောင်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“သမန်းဝံပုလွေစစ်သည်တော်အားလုံး ငါ့နောက်ကိုလိုက်ခဲ့။ ငါတို့ အသက်တွေကို စတေးရမယ်ဆိုတောင် မနက်ဖြန်မွန်းတည့်ချိန်အထိ အချိန်ဆွဲထားရမယ်။”
“ဟုတ်ကဲ့။”
ကျန်ရှိသော သမန်းဝံပုလွေများသည် တညီတညွတ်တည်း တုံ့ပြန်လိုက်ကြပြီး ချိုင့်ဝှမ်းအဝဆီသို့ မဆိုင်းမတွ တူညီစွာ ပြေးထွက်သွားကြ၏။
ရှောင်းယီနှင့် ဆက်သွယ်ခဲ့သော ဘင်နီအဖို့မူ ရှောင်းယီဆီမှ သတင်းစကားကို စောင့်ဆိုင်းရန် တည်နေရာကူးပြောင်းခြင်းအစီအရင်ရှေ့တွင် စောင့်နေခဲ့ရသည်။
“ကျွန်းပိုင်ရှင်ရှောင်း... ကျေးဇူးပြုပြီး မြန်မြန်လုပ်ပေးပါ။ ကျုပ်တို့မျိုးနွယ်စု တကယ် မတောင့်ခံနိုင်တော့ဘူး။”
ဘင်နီ စိတ်ထဲမှ ဆုတောင်းနေမိ၏။ သို့သော် တည်နေရာကူးပြောင်းခြင်းအစီအရင်က မည်သည့်တုံ့ပြန်မှုမျှ မရှိသေးပေ။
ဒိုင်း ဒိုင်း ဒိုင်း
အပြင်ဘက်တွင် သေနတ်သံများ စတင်ကြားနေရပြီဖြစ်ပြီး ပစ်ခတ်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
လူသားများသည် အဖွဲ့အမျိုးမျိုး ခွဲထားကြ၏။ အဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ပြီးလျှင် ယမ်းနှင့် ကျည်ဆန်များ ပြန်ဖြည့်ရန်အတွက် နောက်ဆုတ်သွားပြီး နောက်ထပ်အဖွဲ့တစ်ဖွဲ့က ဆက်တိုက်တိုက်ခိုက်ကြသည်။ ဤသို့ အလှည့်ကျစနစ်ဖြင့် တိုက်ခိုက်ခြင်းမှာ တိုက်စစ်ကို မပြတ်တောက်စေရန်ဖြစ်၏။
မိမိတို့နောက်ကွယ်ရှိ မိသားစုများကို ကာကွယ်ရန်အတွက် သမန်းဝံပုလွေများသည် နောက်မဆုတ်နိုင်ဘဲ ရန်သူ့ကျည်ဆန်များကို ကာကွယ်ရန် သစ်သားဒိုင်းများကိုသာ အားကိုးနေခဲ့ရသည်။
သို့သော် အကောင်းဆုံးသော သစ်သားဒိုင်းများသည်ပင်လျှင် များပြားလှသော ကျည်ဆန်များ၏ဒဏ်ကို မခံနိုင်ဘဲ လျင်မြန်စွာ ပျက်စီးကုန်ကြသည်။
“ဖယ်ကြစမ်း။”
သမန်းဝံပုလွေမျိုးနွယ်စုခေါင်းဆောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ရှေ့မှ သမန်းပိတ်ဆို့ထားသော ဝံပုလွေများသည် လမ်းဖယ်ပေးလိုက်ကြပြီး ခေါင်းဆောင်နှင့် သန်မာသော ဝံပုလွေအချို့က ကြီးမားသော ကျောက်တုံးကြီးတစ်တုံးကို တွန်းထုတ်လာကာ လမ်းပိတ်လိုက်ကြသည်။
ဘင်နီက ညှိနှိုင်းမှုအောင်မြင်ပြီဟု အသေအချာမပြောခဲ့ပါက သူတို့သည် ချိုင့်ဝှမ်းအဝကို ကျောက်တုံးကြီးနှင့် ပိတ်ဆို့ရန် ဝံ့ရဲမည်မဟုတ်ပေ။
ဝံပုလွေခေါင်းဆောင်၏ လုပ်ရပ်ကိုကြည့်ပြီး နောက်ကွယ်မှ စောင့်ကြည့်နေသော ချာလီက လှောင်ပြုံးပြုံးကာ အမိန့်ပေးလိုက်၏။
“သူတို့က ခုခံဖို့ ပြင်နေကြတာပဲ။ ကောင်းပြီလေ... ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့။ ဟေ့လူသားတွေ... ဖောက်ခွဲရေးပစ္စည်းတွေကို သုံးလိုက်စမ်း။”
“ဟုတ်ကဲ့”
လူသားစစ်သည်က အမိန့်ကို ချက်ချင်း လက်ဆင့်ကမ်းလိုက်၏။
ချာလီပြောသော ဖောက်ခွဲရေးပစ္စည်းဆိုသည်မှာ ဝါးကျည်တောက်ထဲတွင် ယမ်းမှုန့်များကို သိပ်သည်းစွာ ထည့်ထားခြင်းဖြစ်သည်။ ၎င်းကို ဖောက်ခွဲလိုက်ပါက တောင်များကိုပင် ဖြိုချနိုင်ပေသည်။
သေနတ်များက တရစပ်ပစ်ခတ်နေသဖြင့် ချိုင့်ဝှမ်းထဲရှိ ဝံပုလွေများ ခေါင်းပင်မပြူရဲကြပေ။ ထို့ကြောင့် လူသားများသည် ချိုင့်ဝှမ်းဝသို့ လွယ်လင့်တကူရောက်ရှိသွားကြပြီး လမ်းပိတ်ထားသော ကျောက်တုံးကြီးတွင် ဖောက်ခွဲရေးပစ္စည်းများစွာကို တပ်ဆင်လိုက်ကြသည်။
ထို့နောက် ဖျူးစ် (Fuses) များကို တစ်ခုတည်းဖြစ်အောင် လိမ်ကျစ်လိုက်ပြီး အဝေးတစ်နေရာမှ ဆွဲလိုက်ကြလေသည်။ ချိုင့်ဝှမ်းထဲရှိ ဝံပုလွေများမှာမူ ထိုအကြောင်းကို ဘာမျှမသိကြပေ။
သန်းခေါင်ယံအချိန် ရောက်လုနီးပြီဖြစ်သော်လည်း အပြင်ဘက်တွင် သေနတ်သံများ ဆက်လက်ထွက်ပေါ်နေဆဲပင်။ သူတို့ ခေါင်းထွက်မကြည့်ရဲကြသလို သေနတ်ပစ်ခတ်မှုများကြောင့် ထွက်လာသော မီးခိုးများကလည်း ချိုင့်ဝှမ်းအဝတစ်ခုလုံးကို ဖုံးလွှမ်းနေသဖြင့် ဘာမျှမမြင်ရပေ။
“မြို့စားကြီး... ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ပြီးပါပြီ။ ဖောက်ခွဲလိုက်ရတော့မလား။”
စစ်သည်တစ်ဦးက အလေးပြုကာ မေးလိုက်၏။
“ဖောက်ခွဲလိုက်။”
ချာလီက ရက်စက်သော အပြုံးဖြင့် ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့”
ချာလီ၏ အမိန့်အရ စစ်သည်တစ်ဦးသည် ဖျူးစ်ကို မီးရှို့လိုက်၏။
“သေနတ်တွေကို ဆက်ပစ်ထား မရပ်နဲ့။”
ချာလီက ဆိုသည်။
“ဟုတ်ကဲ့”
ရုတ်တရက် သေနတ်သံများက ပိုမိုမြန်ဆန်လာခဲ့သည်။
“ဟမ့်... သူတို့ ယမ်းမှုန့်တွေက အကန့်အသတ်မဘူးလို့ ငါမယုံဘူး။ ဘယ်လောက်ကြာကြာ ပစ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။”
“ဟုတ်တယ် ဒီလောက်ကြီးတဲ့ ကျောက်တုံးကြီးနဲ့ ပိတ်ထားတာ သူတို့ ဘယ်လိုမှ မဖောက်နိုင်ပါဘူးကွာ...။”
“ဒါဟာ ယမ်းမှုန့်တွေကို ဖြုန်းရုံသက်သက်ပဲ။”
ချိုင့်ဝှမ်းထဲရှိ သမန်းဝံပုလွေများက အချင်းချင်း ပြောဆိုနေကြသည်။
သို့သော် ဝံပုလွေခေါင်းဆောင်သည်မူ တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရ၏။ သူသည် အပြင်ဘက်က အသံများကို သေချာနားစွင့်ကြည့်ရာ တဒိုင်းဒိုင်းအသံများအပြင် တရှူးရှူးမြည်နေသော အသံများကိုပါ ကြားလိုက်ရလေသည်။
“ဒါက... မဟုတ်ဘူး၊ ဒါ ယမ်းသံပဲ။ အားလုံး နောက်ဆုတ်ကြ။ သူတို့ ဒီကျောက်တုံးကြီးကို ဖောက်ခွဲတော့မယ်။”
သမန်းဝံပုလွေခေါင်းဆောင် ဒန်နီက ဟိန်းဟောက်လိုက်၏။
“ဝုန်း”
ထိုစဉ် ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ ချိုင့်ဝှမ်းအဝကို ပိတ်ထားသော ကျောက်တုံးကြီးမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့သည်။ ကျောက်စကျောက်နများသည် ကျည်ဆန်များကဲ့သို့ အရပ်ရပ်သို့ လွင့်စင်သွားကြ၏။
အူးးးး
သမန်းဝံပုလွေများမှာ ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ ကျောက်စကျောက်နများဖြင့် ထိမှန်ကာ နာကျင်စွာ အော်ဟစ်လိုက်ရကြလေသည်။
သမန်းဝံပုလွေခေါင်းဆောင်သည်လည်း သူ၏ ဘယ်ဘက်ခြေထောက်နှင့် ညာဘက်လက်မောင်းတွင် ကျောက်ခဲစ သုံးခုထိမှန်သွားခဲ့ပြီး သွေးများ တရဟော ထွက်လာခဲ့သည်။
သူသည် ဒဏ်ရာကိုပင် ကြည့်ရန် အချိန်မရဘဲ အော်ဟစ်လိုက်၏။
“ဒဏ်ရာရတဲ့သူတွေ နောက်ဆုတ်။ ကျန်တဲ့သူတွေ ငါ့နောက်လိုက်ပြီး ချိုင့်ဝှမ်းဝကို စောင့်ကြပ်ကြ။”
“ဟုတ်ကဲ့”
ဒဏ်ရာမရခဲ့သော သမန်းဝံပုလွေများသည် ချက်ချင်းပင် ရှေ့ထွက်လာခဲ့ကြ၏။ ဒဏ်ရာရသူများကိုမူ ချိုင့်ဝှမ်းအတွင်းထဲသို့ ကူညီခေါ်ဆောင်သွားခဲ့ကြသည်။
စောစောက ပေါက်ကွဲသံကြီးကြောင့် ချိုင့်ဝှမ်းထဲရှိ သမန်းဝံပုလွေများသည် ချိုင့်ဝှမ်းတစ်ခုလုံး တုန်ခါသွားသလို ခံစားလိုက်ကြရလေသည်။
ဒဏ်ရာရသူများစွာ ပြန်လာသည်ကို မြင်လိုက်ရသောအခါ သမန်းဝံပုလွေမျိုးနွယ်စုအတွင်း၌ ထိတ်လန့်မှုများ ပျံ့နှံ့သွားတော့သည်။
“မေမေ... သားတို့ သေတော့မှာလား။”
“မဟုတ်ပါဘူး။ မျိုးနွယ်စုခေါင်းဆောင်က အမေတို့ကို ကာကွယ်ပေးလိမ့်မယ်လို့ ယုံကြည်ထားရမယ်။”
ထိုသို့ပြောနေသော်လည်း သမန်းဝံပုလွေမိခင်၏ မျက်ဝန်းများတွင် စိုးရိမ်ရိပ်များ ပြည့်နှက်နေ၏။
အပြင်ဘက်ရှိ လူသားစစ်တပ်သည် ကျောက်တုံးကြီး ပျက်စီးသွားသည်ကို မြင်သောအခါ ချိုင့်ဝှမ်းထဲသို့ ဖြည်းဖြည်းချင်း စတင်ဝင်ရောက်လာခဲ့ကြသည်။
သမန်းဝံပုလွေခေါင်းဆောင် ဒန်နီသည် အပြင်ဘက်မှ သေနတ်သံများ ရပ်သွားသည်ကို သတိပြုမိလိုက်ရာ ဟိန်းဟောက်ကာ အပြင်သို့ ခုန်ထွက်လိုက်ပြီး ချက်ချင်းပင် အသွင်ပြောင်းလိုက်၏။
လူတစ်ရပ်ခန့် မြင့်သော ဧရာမသမန်းဝံပုလွေကြီးတစ်ကောင် လူသားများရှေ့တွင် ထွက်ပေါ်လာခဲ့သည်။ လူသားစစ်သည်များက ထိုဝံပုလွေကြီးကို ချက်ချင်း ဝိုင်းပစ်ကြတော့လေသည်။
သို့သော် သမန်းဝံပုလွေကြီးမှာ အလွန်လျင်မြန်လှပြီး လူသားစစ်သည်များ၏ ရှေ့တန်းသို့ တိုးဝင်သွားကာ လက်သည်းတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း လူတစ်ယောက်စီ၏ အသက်ကို နှုတ်ယူသွားခဲ့သည်။
သူသည် လူပေါင်းများစွာကို သတ်ဖြတ်နေစဉ်မှာပင် လူရိပ်မည်းတစ်ခုက သူ၏လမ်းကို ပိတ်ရပ်လိုက်လေသည်။
“ချာလီ... တကယ်ပဲ မင်းဖြစ်နေတာကိုး။”
ဧရာမသမန်းဝံပုလွေကြီးသည် သူ၏ရှေ့မှ ဝတ်ရုံနက်ဝတ်ဆင်ထားသူကို သွေးဆာနေသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ပြောလိုက်၏။
“မျိုးနွယ်စုခေါင်းဆောင် ဒန်နီ...ခင်ဗျား ကျန်းမာနေသေးတာပဲ။”
ချာလီက အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။ ဒန်နီသည် ချာလီကို သတိဖြင့်ကြည့်ကာ မေးလိုက်၏။
“မင်း တကယ်ပဲ ဘာလိုချင်နေတာလဲ။”
“ခင်ဗျားတို့ဆီမှာရှိတဲ့ အုတ်မြစ်ကျောက်တွေအားလုံးကိုသာ ပေးမယ်ဆိုရင် ခင်ဗျားတို့မျိုးနွယ်စုရဲ့ မျိုးဆက်အချို့ကို ချန်ထားပေးဖို့ ကျုပ်စဉ်းစားပေးမယ်လေ။ ဘယ်လိုလဲ။”
ချာလီ၏ ဖြူဖျော့နေသောမျက်နှာ၌ အပြုံးများဖြင့် ပြည့်နေခဲ့သည်။ ဒန်နီက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
“မင်းရဲ့စကားက ဘာမှ ယုံကြည်ချင်စရာမရှိဘူး။ အုတ်မြစ်ကျောက်တွေကို လိုချင်ရင်တော့ ကိုယ့်ဘာသာကိုယ် လာယူလိုက်။”
“ဒါဆိုရင်လည်း ကျုပ်တို့ အားမနာတော့ဘူးနော်။”
စကားမဆုံးခင်မှာပင် ချာလီသည် နေရာမှ ပျောက်ကွယ်သွား၏။
ဒန်နီသည် ချက်ချင်းပင် ဘယ်ဘက်သို့ ရှောင်တိမ်းလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် ညာဘက်သို့ လက်သည်းဖြင့် ကုတ်ဆွဲလိုက်သည်။
ဘုန်း
ဒန်နီသည် ချာလီ၏ ကန်ချက်ကြောင့် လွင့်ထွက်သွားခဲ့သည်။
“နည်းနည်းလေး လိုသွားတယ်။”
ဒန်နီက ညည်းတွားလိုက်၏။ အကယ်၍ စောစောက ပေါက်ကွဲမှုကြောင့် သူ၏ခြေထောက်တွင် ဒဏ်ရာမရခဲ့ပါက ဤတိုက်ကွက်ကို သူ ထိအောင် တိုက်နိုင်မည် ဖြစ်သည်။
“ကျစ်... ကျစ်... ဒန်နီ ခင်ဗျားရဲ့ခွန်အားက ဘာမှ တိုးတက်မလာဘူးပဲ။”
ချာလီက ဆက်လက်လှောင်ပြောင်နေသော်လည်း သူ၏တိုက်စစ်သည်မူ ရပ်တန့်မသွားဘဲ ဒန်နီကို ဆက်တိုက် တိုက်ခိုက်နေခဲ့သည်။
ဘုန်း ဘုန်း ဘုန်း
ဒန်နီမှာ ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ အရိုက်ခံနေရ၏။ မူလက သူတို့နှစ်ဦးမှာ အင်အားချင်း တူညီကြသော်လည်း ဒန်နီမှာ ကျောက်တုံးရွှေ့ရာတွင် အားအင်ကုန်ခမ်းထားပြီး ခြေထောက်မှဒဏ်ရာကြောင့် တိုက်ခိုက်ရေးစွမ်းရည် ကျဆင်းနေခဲ့သည်။ ချာလီကမူ အနားယူထားသဖြင့် အားအင်အပြည့် ဖြစ်နေလေသည်။
တစ်ဖက်က အားနည်းနေပြီး တစ်ဖက်က အားအကောင်းဆုံးအခြေအနေတွင် ရှိနေသဖြင့် ဒန်နီ ရှုံးနိမ့်တော့မည်မှာ သေချာသလောက် ရှိနေလေပြီ။