← Chapters

ငါက ထျန်းရှဲ့ကျီမဟုတ်ဘူး

Vol. 21 Ch. 292

ငါက ထျန်းရှဲ့ကျီမဟုတ်ဘူး

Vol. 21 Ch. 292

ပထမအသံသည် ဆီးနှင်းလွင်ပြင်အဆုံး သစ်ပင်ကြီးအောက်ရှိ ရေခဲအိမ်နှင့် ကောင်းကင်မှဖြန့်ကျက်လာသော စိတ်တစ္ဆေလက်သည်းကြီးတို့ထံမှ ဖြစ်သည်။

ဒုတိယအသံကတော့... ထျန်းရှဲ့ကျီထံမှ ဖြစ်သည်။

“မင်းမှန်တယ်။ သေစမ်းကွာ မင်းတို့ကလေးဆိုးတွေ အချိန်ဖြုန်းလို့ဝကြပြီလား” ထျန်းရှဲ့ကျီသည် ဝတ်ရုံအဖြူကို ဝတ်ဆင်ထားပြီး ပါးစပ်နှင့်မျက်လုံးများကိုသာချန်၍ သူ့ခေါင်းကိုခေါင်းစွပ်အနက်ဖြင့် ဖုံးအုပ်ထားသောကြောင့် ထျန်းရှဲ့ကျီပုံစံက... အလွန်ထူးဆန်းနေခဲ့သည်။

သူ့စကားသံထွက်ပေါ်လာသောအခါ အစ်ကိုနှစ်ကိုဖမ်းရန် လှုပ်ရှားနေသည့် ကောင်းကင်မှ စိတ်တစ္ဆေလက်သည်းကြီးသည် ရပ်တန့်သွားခြင်းမရှိပဲ ပိုမို၍ပင်မြန်ဆန်လာခဲ့သည်။ ခဏအတွင်းမှာပင် ၎င်းက အစ်ကိုနှစ်အနီးသို့ ရောက်သွားချေပြီ။ သို့သော် ၎င်းနီးကပ်လာသည့်အခိုက်အတန့်တွင် အစ်ကိုနှစ်က မလှုပ်ရှားခဲ့ပေ။ အနက်ရောင်မီးခိုးမြူအစုအဝေးတစ်ခုက အစ်ကိုနှစ်ရှေ့တွင် ရုတ်တရက်ပေါ်လာခဲ့သည်။

ထိုအနက်ရောင်မီးခိုးမြူ၏ အရှိန်အဝါသည် အစ်ကိုနှစ်၏ အရှိန်အဝါနှင့် တူညီပုံရသော်လည်း အမှန်စင်စစ်တွင် လုံးဝကွဲပြားခြားနားနေခဲ့၏။ အနက်ရောင်မီးခိုးမြူများ အတူတကွစုဝေးသွားပြီးသည်နှင့် ထိုအထဲမှ ယောကျ်ားတစ်ဦး လျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။

ထိုလူ့အရပ်က ပေ၂၀ခန့်ရှိပြီး သူ့အရေပြားက လုံးဝနက်မှောင်နေခဲ့သည်။ သူသည် အစ်ကိုနှစ်ရှေ့တွင် လူ့ဘီလူးကြီးတစ်ယောက်ကဲ့သို့ ရပ်နေပြီး ရက်စက်စွာပြုံးလျက် တိုးဝင်လာနေသော လက်သည်းကြီးထံ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

ထိုလူသည် အကြီးဆုံးအစ်ကိုကြီးပိုင်ဆိုင်သော ကျွန်၃၀၀ထဲမှ တစ်ဦးဖြစ်သည်။

သူသည် အမြဲတမ်းလိုလိုသွေးဆာနေတတ်ပြီး သတ်ဖြတ်လိုစိတ်ပြင်းထန်ခဲ့သည်။ သူတိုက်ခိုက်လိုက်သောအခါ လက်သီးသည် စိတ်တစ္ဆေလက်သည်းကြီးနှင့် ချက်ချင်းတိုက်မိသွားခဲ့သည်။ လေထဲတွင် ထိတ်လန့်ဖွယ်မြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး စိတ်တစ္ဆေလက်သည်းကြီးသည် နောက်သို့ပေပေါင်းဒါဇင်များစွာ လွင့်စင်သွားချေသည်။ ထိုလူသည်လည်း တုန်ယင်သွားပြီး သွေးအန်လိုက်ရသည်။

သို့သော် သူသည် သွေးအန်လိုက်ရပြီးသော်လည်း အားနည်းသွားခဲ့ခြင်းမရှိပေ။ ထိုအစား ပိုမို၍ပင် စိတ်လှုပ်ရှားလာခဲ့သေးသည်။ သူက ခေါင်းမော့၍ ဟိန်းဟောက်လိုက်ပြီး စိတ်တစ္ဆေလက်သည်းကြီးထံ တိုးဝင်သွားသည်။ ရှေ့သို့ရွေ့လျားနေရင်း သူ့ညာလက်ကိုမြှောက်၍ ရင်ဘတ်ကိုရိုက်ချပစ်လိုက်သည်။

“နိုင်းလီမျိုးနွယ်စုအမွေအနှစ်၊ တားမြစ်ကျိန်စာ သွေးရေကန်”

ရင်ဘတ်အား လက်ဝါးဖြင့်ရိုက်ချလိုက်သောအခါ သူ့ခန္ဓာကိုယ်သည်... ထူးဆန်းစွာအပိုင်းပိုင်း စုတ်ပြဲသွားသည်။

ရုတ်တရက်ဆိုသလို သူ့လက်များ၊ ခြေထောက်များ၊ ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့သည် တစ်ပိုင်းနှင့်တစ်ပိုင်း ကွဲထွက်သွားပြီး အနက်ရောင်မီးခိုးမြူအစုအဝေးများအဖြစ် ပြောင်းလဲသွားသည်။ ထိုမီးခိုးမြူများသည် ရှေ့သို့တိုးဝင်သွားပြီး တစ်ခုနှင့်တစ်ခုပေါင်းစည်းချိတ်ဆက်သွားကာ အနက်ရောင်လေပွေတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းအတွင်းမှ ခပ်တိုးတိုးဟိန်းဟောက်သံများ ထွက်ပေါ်လာနေသည်ကို ကြားနိုင်၏။

ထိုအသံသည် ငရဲ၏အနက်ပိုင်းများထဲမှ တိုးထွက်လာပုံပေါ်ပြီး သက်ရှိအားလုံးကို သတ်ဖြတ်လိုသည့် စိတ်ဆန္ဒတစ်ခုဖြင့် ပြည့်နေခဲ့သည်။ ၎င်းထံမှ ရူးသွပ်မှုလေထုတစ်ခုကိုလည်း ထုတ်လွှတ်နေခဲ့သည်။ ၎င်းသည် စိတ်တစ္ဆေလက်သည်းကြီးအနီးသို့ ရောက်သွားသောအခါ လေပွေ၏ အနက်ပိုင်းထဲမှ သွေးနီရောင်လက်ကြီးတစ်ဖက်  ဆန့်ထွက်လာခဲ့သည်။ ထိုလက်ကြီးတွင် အရေပြားမရှိပဲ အသားနှင့် အရိုးသာရှိပြီး ၎င်း၏အသားပေါ်တွင် အမှတ်အသားပြုလုပ်ထားသည့် အစီအရင်သင်္ကေတများစွာ ရှိနေသည်။ ထိုလက်ကြီးသ် စိတ်တစ္ဆေလက်ကြီးကိုကုပ်ဆွဲကာ ဆွဲယူလိုက်သည်။

မတူညီသောလက်ကြီးနှစ်ဖက်သည် လေထဲတွင် တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြပြီး နှစ်ဖက်စလုံးက တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်တိုက်ခိုက်နိုင်သည့် အသန်မာဆုံးစွမ်းအားများကို အသုံးပြုထားခဲ့ကြသည်။ ကျယ်လောင်သောပေါက်ကွဲသံကြီးနှင့်အတူ စူးရှစွာအော်ဟစ်သံတစ်ခု လေထဲတွင်ပဲ့တင်ထပ်သွားပြီး စိတ်တစ္ဆေလက်သည်းကြီးက အပိုင်းပိုင်းစုတ်ပြဲသွားခဲ့သည်။ လက်သည်း၏ စုတ်ပြဲသွားသောအပိုင်းသည် လေပွေထဲသို့ ဆွဲသွင်းခံလိုက်ရလေသည်။

တစ်ချိန်တည်းမှာပင် လေပွေကြီးကတုန်ခါသွားပြီး ၎င်းအတွင်းမှ ကိုက်ဝါးနေသည့်အသံများ ထွက်ပေါ်လာခဲ့သည်။ မကြာမီမှာပင် လေပွေကြီးသည် အနက်ရောင်မီးခိုးမြုများအဖြစ် ပြန်လည်ပျော်ကျသွားပြီး ၎င်းတို့အတူတကွ ပေါင်းစည်းသွားသောအခါ လူတစ်ဦးအဖြစ် နောက်တစ်ကြိမ်ပြောင်းလဲသွားချေသည်။

ထိုသူသည် ပါးစပ်အပြည့်သွေးအန်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်မှသွေးများကိုသုတ်ကာ ရင်ဘတ်ပေါ်တွင် ပွတ်သုတ်လိုက်ပြီး ကောင်းကင်သို့မော့၍ ရူးသွပ်စွာရယ်မောလိုက်သည်။

လက်ကိုဆုံးရှုံးသွားသော စိတ်တစ္ဆေလက်မောင်းကြီးသည် မှောင်မည်းနေသောကောင်းကင်တွင် လျင်မြန်စွာပျောက်ကွယ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ဆီးနှင်းလွင်ပြင်အစွန်းရှိ ရေခဲအိမ်ထံမှ စိတ်ဆိုးဒေါသထွက်နေသည့် အသံတစ်သံ ထွက်ပေါ်လာခံသည်။ “ထျန်းရှဲ့ကျီ၊ ဒါဘာသဘောလဲ”

ခေါင်းစွပ်စွပ်ထားသော ထျန်းရှဲ့ကျီသည် စုမင်၏အစ်ကိုနှစ်ကို မော့ကြည့်လိုက်သည်။ “ဒုတိယလေး ဒီကိုဆင်းလာခဲ့”

အစ်ကိုနှစ်သည် တည်ငြိမ်စွာဖြင့် မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်းဆင်းသက်လာပြီး စုမင်ဘေးတွင်ရပ်လိုက်သည်။ ထို့နောက် ထျန်းရှဲ့ကျီအား လေးလေးစားစား ဦးညွတ်လိုက်လေသည်။

“ပြီးတော့ မင်း၊ အကြီးဆုံးက မင်းကိုလာဖို့ပြောခဲ့တာမဟုတ်လား။ ဒီကို ဆင်းခဲ့”

အသားမည်းမည်းနှင့်လူသည် ထျန်းရှဲ့ကျီ၏ စကားများကိုဆန့်ကျင်ရန်ပြင်လိုက်ပြီးမှ တစ်စုံတစ်ရာကို သတိရသွားပုံပေါ်ကာ ထျန်းရှဲ့ကျီကို စိုက်ကြည့်လိုက်သည်။ ပုန်ကန်ထကြွလိုမှုသည် နာခံမှုအဖြစ် ပြောင်းလဲသွားပြီး ထျန်းရှဲ့ကျီ၏ဘေးတွင် လာရပ်လိုက်လေသည်။

စုမင် ခဏတာတွန့်ဆုတ်နေပြီးနောက် ညင်သာစွာပြောသည်။ “ဆရာ...”

“ပါးစပ်ပိတ်” ထျန်းရှဲ့ကျီသည် စုမင်ကို စိုက်ကြည့်လိုက်ပြီး စုမင်၊ အစ်ကိုနှစ်နှင့် အသားမည်းမည်းလူတို့အား လက်ညှိုးဖြင့်ထိုးညွှန်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ပေါ်လာပြီး ထိုအရာက အတုအယောင်ဟုတ်ပုံမရပေ။ ထျန်းရှဲ့ကျီသည် အမှန်တစ်ကယ်ပင် လုံးဝဒေါသထွက်နေခဲ့ခြင်း ဖြစ်သည်။

“မင်းတို့လုပ်ခဲ့တာကို ကြည့်စမ်း။ မင်းတို့ သတ္တိမရှိဘူးလား၊ ဟမ်။ မင်းတို့ အချိန်ဖြုန်းလို့ဝပြီလား”

ထျန်းရှဲ့ကျီ သူ့တပည့်များအား ဆူပူနေချိန်တွင် အိုမင်းနေသောအသံသည် ဆီးနှင်းလွင်ပြင်အစွန်းရှိအိမ်မှ နောက်တစ်ကြိမ်ထပ်မံထွက်ပေါ်လာခဲ့သည်။

“ထျန်းရှဲ့ကျီ၊ ဒီတစ်ကြိမ် စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုမှာ ဖြစ်ပျက်ခဲ့တာတွေအတွက် မင်းတာဝန်ယူရလိမ့်မယ်”

ထျန်းရှဲ့ကျီသည် ထိုအသံအား အသိအမှတ်ပြုသည့်သဘောဖြင့်ပင် လှည့်မကြည့်ခဲ့ပေ။ စုမင်နှင့် ကျန်သူများကိုသာ ဆက်၍စိုက်ကြည့်နေခဲ့သည်။ သူ၏ ထိုဒေါသထွက်နေသော အမူအယာကြောင့် စုမင်သူ့ဘေးမှအစ်ကိုနှစ်ထံ အလိုလိုလှမ်းကြည့်လိုက်မိ၏။

အစ်ကိုနှစ်သည် ခေါင်းငုံ့ထားပြီး မည်သည့်စကားမှမပြောခဲ့ပေ။

“မင်းတို့ ဘာလုပ်ကြတာလဲ။ ငါ့ကိုပြောစမ်းပါ၊ မင်းတို့တစ်ကယ်ပဲ ဘာလုပ်ကြတာလဲ။ မင်းတို့ တစ်ခြားလူတွေရဲ့မျိုးနွယ်စုဆီပြေးသွားပြီး စတိုက်ခိုက်ကြတယ်။ ပြီးတော့ သူတို့ကိုသတ်တယ်။ အဲဒါပျော်ဖို့ကောင်းရဲ့လား။ လာစမ်း၊ ပြောပြကြစမ်းပါ။ မင်းတို့အချိန်ဖြုန်းလို့ ပြီးပြီလား”

“ဘယ်လိုငရဲလဲ။ ငါမင်းတို့ကောင်စုတ်လေးတွေ နောက်ကနေ တစ်လမ်းလုံးလိုက်လာခဲ့တာ။ ငါဒါကိုဆက်မကြည့်နိုင်တော့ဘူးကွ” ထျန်းရှဲ့ကျီ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“မင်းတို့တွေ ပြဿနာမရှာတတ်ဘူးလား။ မင်းတို့သတ်တောင် သတ်ရဲ့လား။ ဒါကို တစ်ယောက်ယောက်ရဲ့ မျိုးနွယ်စုထဲ ကျူးကျော်ဝင်ရောက်တယ်လို့ ခေါ်တာလား။ လူတွေက တစ်ခြားမျိုးနွယ်စုတွေထဲကို ဒီလိုတောင်ကျူးကျော်ဝင်ရောက်နိုင်နေပြီပေါ့။ မင်းတို့လုပ်ခဲ့တာထဲမှာ ကြီးကျယ်ခမ်းနားမှု တစ်အောင်စလေးတောင်မပါဘူး။ မင်းတို့က ငါ့ကိုစိတ်ကုန်အောင်လုပ်လိုက်တာပဲ။ စောင့်ကြည့်နေ၊ မျိုးနွယ်စုတစ်စုထဲ ကျူးကျော်တယ်ဆိုတာ၊ အထက်စီးဆန်တယ်ဆိုတာ အတိအကျဘာကိုဆိုလိုလဲဆိုတာ ငါမင်းတို့ကိုအခုသင်ပေးမယ်”

ထျန်းရှဲ့ကျီ၏ဒေါသသည် အားပျော့မသွားပဲ ထိုအစား စကားပြောနေရင်း သူ့အသံက ပိုမိုကျယ်လောင်လာခဲ့သည်။ ထျန်းရှဲ့ကျီပုံစံက သူတို့သည် သူ၏မျှော်လင့်ချက်များနှင့် မကိုက်ညီသဖြင့် လုံးဝစိတ်ပျက်နေသကဲ့သို့ပင်။ လိုအပ်နေသည့် တစ်ခုတည်းသောအရာမှာ ဒေါသတကြီး ရင်ဘတ်ကိုပုတ်နေသည့်အရာလေးပင် ဖြစ်သည်။

ထျန်းရှဲ့ကျီ၏ ဒေါသနှင့် အတူတူလောက်ရှိသည့် ဒေါသတကြီးအသံသည် ဆီးနှင်းပြင်အဆုံး ရေခဲအိမ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ “ထျန်းရှဲ့ကျီ”

“ဘယ်သူ။ မင်းငါ့ကို အခု ဘယ်သူလို့ခေါ်လိုက်တာလဲ။ ငါက အဲဒီ ဉာဏ်ကောင်း၊ ရုပ်ချော၊ ထူးခြား၊ အစွမ်းထက်၊ သန်မာတဲ့၊ ပြီးတော့ ဘာကျန်သေးလဲ... သြော် အမြော်အမြင်ရှိ၊ ရဲစွမ်းသတ္တိရှိပြီးတော့ တစ်ခြားမင်းစဉ်းစားနိုင်တဲ့ အရာတွေနဲ့ ထျန်းရှဲ့ကျီမဟုတ်ဘူး” ထျန်းရှဲ့ကျီသည် အဝေးရှိရေခဲအိမ်ကို ချက်ချင်းလှည့်ကြည့်လိုက်ပြီး ဂုဏ်ယူနေသောအမူအယာဖြင့် ရင်ဘတ်ကိုပုတ်လိုက်သည်။

“ကမ္ဘာပေါ်မှာ ငါ့ကိုဘယ်လိုများ ထျန်းရှဲ့ကျီနဲ့ မှားရတာလဲ။ စိတ်မကောင်းစရာပဲ၊ ဒါပေမယ့် ငါကသူမဟုတ်ဘူး” ထျန်းရှဲ့ကျီသည် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး လျင်မြန်စွာပြန်ပြောလိုက်သည်။

“ထျန်းရှဲ့ကျီ၊ တော်လောက်ပြီ။ မင်းနဲ့ မင်းတပည့်တွေ ငါ့မျိုးနွယ်စုထဲ ကျူးကျော်...”

ထိုအိုမင်းသောအသံ စကားပြောမပြီးသေးခင်မှာပင် ထျန်းရှဲ့ကျီပါးစပ်မှ ပိုမိုကျယ်လောင်သော စူးရှစွာအော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ငါက ထျန်းရှဲ့ကျီမဟုတ်ဘူး။ ငါတစ်ကယ် ထျန်းရှဲ့ကျီမဟုတ်ဘူးလို့” ထျန်းရှဲ့ကျီသည် အော်ဟစ်လိုက်ပြီး ရှေ့တစ်လှမ်းတိုးလိုက်ကာ ရေခဲအိမ်ရှိရာဘက်သို့ ဒူးထောက်နေသည့် စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုဝင်များထဲမှ တစ်ဦးကို ဆတ်ခနဲလှမ်းဆွဲလိုက်သည်။ သေးငယ်သည့်သတ္တဝါတစ်ကောင်ကို ချီမြှောက်လိုက်သကဲ့သို့ ထိုသု့အားဆွဲမြှောက်လိုက်ပြီး အံ့အားသင့်မင်သက်နေသူကို သွေးနီရောင်မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

“ငါ့ကို ပြောစမ်း၊ ငါက ထျန်းရှဲ့ကျီလား”

ထိုစိတ်တစ္ဆေကပ်ဆိုး မျိုးနွယ်စုဝင်သည် အလျင်အမြန်ခေါင်းခါယမ်းပြလိုက်ပြီး သူ့ခန္ဓာကိုယ်က တုန်ယင်နေခဲ့သည်။

ထျန်းရှဲ့ကျီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုဝင်လူကို ဘေးသို့ကန်ထုတ်လိုက်သည်။

“ထျန်းရှဲ့ကျီ၊ မင်းလွန်လွန်းသွားပြီ”

ရေခဲအိမ်အတွင်းမှ ဒေါသတကြီးဟိန်းဟောက်သံ ထွက်ပေါ်လာပြီး အိပ်ဘေးမှသစ်ပင်ကြီးသည် ရုတ်တရက်စတင်တွန့်လိမ်ပုံပျက်လာပြီး ထူးဆန်းစွာလှုပ်ရှားလာခဲ့သည်။ အကိုင်းအခက်များမှ အနက်ရောင်သစ်ရွက်များအားလုံး ကြွေကျသွားပြီး လူငယ်လေးများပုံစံရှိသော စိတ်တစ္ဆေအရိပ်၁၈ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့သည် ပါးစပ်များကိုကျယ်ပြန့်စွာ ဟလိုက်ပြီး အနက်ရောင်မီးခိုးငွေ့များအဖြစ်ပြောင်း၍ ထျန်းရှဲ့ကျီထံ တိုးဝင်လာကြသည်။

“ငါက ထျန်းရှဲ့ကျီမဟုတ်ဘူးလို့။ သေစမ်း ငါကထျန်းရှဲ့ကျီ မဟုတ်ပါဘူးဆို”

ထိုသို့ပြောပြီးသည်နှင့် ထျန်းရှဲ့ကျီသည် ရှေ့သို့တစ်လှမ်းတက်လိုက်ပြီး စိတ်တစ္ဆေ၁၈ကောင်ထံ ပြေးသွားရန်ပြင်လိုက်ပြီးမှ ရုတ်တရက်ရပ်တန့်သွားပြီး စုမင်နှင့်ကျန်သူများကို လှည့်ကြည့်လာခဲ့သည်။

“မင်းတို့ ဘာလုပ်နေကြတာလဲ။ အတူတူသွားကြမှာ မဟုတ်ဘူးလား။ မင်းတို့က ငါ့ကိုတစ်ယောက်တည်းတိုက်ခိုင်းဖို့ တွေးနေကြတာလား”

အစ်ကိုနှစ်၏ မျက်လုံးများက တောက်ပသွားပြီး ရှေ့သို့ပထမဆုံးပြေးထွက်သွားခဲ့သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ထျန်းရှဲ့ကျီကိုဖြတ်ကျော်သွားပြီး သူ့နှုတ်ခမ်းများထက်တွင် ရူးမိုက်သောအပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဒုတိယပြေးထွက်သွားသူက အသားမည်းမည်းနှင့်လူ ဖြစ်သည်။ သွေးဆာရက်စက်သော အမူအယာနှင့်ထိုလူသည် ထူးဆန်းစွာအော်ဟစ်လိုက်ပြီး အနက်ရောင်လေပြင်းတစ်ခုသဖွယ် တိုးဝင်သွားခဲ့သည်။

စုမင်သည် နောက်ဆုံးမှလှုပ်ရှားလိုက်သော်လည်း သူ့အမြန်နှုန်းကြောင့် ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် အခြားသူများ၏အရှေ့ဆုံးသို့ ရောက်ရှိသွားခဲ့သည်။

ခန္ဓာကိုယ်အား ဖုံးအုပ်ထားသော စစ်နတ်ဘုရားချပ်ဝတ်၊ ဟန်တောင်တန်းခေါင်းလောင်းသံများ၊ သူ၏မူလလျှပ်စီးတို့ကြောင့် မှောင်မည်းနေသောကောင်းကင်မှာပင် မိုးခြိမ်းသံများ စတင်မြည်ဟည်းသွားခဲ့သည်။

အတိတ်တွင် လျှပ်စီးများကိုသန့်စင်ခဲ့ပြီးနောက် သူ့ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်လာခဲ့သည့် ထူးဆန်းသောအပိုင်းအစ၊ သူ၏ မူလမာန်အကြောမျှင်က မည်သူမျှမမြင်နိုင်သည့် လျှပ်စီးအလင်းစက်များကို ထုတ်လွှတ်လိုက်သည်။ ၎င်းတို့သည် စုမင်ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး အရပ်မျက်နှာအနှံ့သို့တိုးထွက်သွားကြသည်။

ထျန်းရှဲ့ကျီသည် ရူးသွပ်စွာရယ်မောလိုက်ပြီး ညာလက်ကိုမြှောက်၍ အရှေ့သို့ဝှေ့ယမ်းလိုက်သည်။ သူ့ရှေ့တွင် မြူခိုးလွှာတစ်ခုဖြစ်ပေါ်လာပြီး ထိုမြူများသည် ဧရာမလှ်ုင်းလုံးကြီးသဖွယ် အရှေ့သို့တိုးဝင်သွားခဲ့သည်။ ၎င်း၏လမ်းကြောင်းရှိ အိမ်များအားလုံးပေါက်ကွဲသွားပြီး မရှောင်တိမ်းနိုင်ခဲ့သူများသည် အဖြူရောင်မြူများအတွင်း ပါသွားကြပြီး ထိတ်လန့်တကြားအော်ဟစ်လိုက်ကြရသည်။ အရှေ့သို့ရွေ့လျားလာရင်းဖြင့် အဖြူရောင်မြူများသည် ပေရာပေါင်းများစွာအရွယ်အစားရှိသည့် အလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

၎င်းသည် ဆီးနှင်းပြင်အစွန်းရှိ အိမ်ထံသို့ ကျယ်လောင်သောပေါက်ကွဲသံများနှင့်အတူ တိုးဝင်သွားခဲ့သည်။

အိမ်အနီးသို့ ဧရာမမြူခိုးလုံးကြီးရောက်လာသည့် အခိုက်အတန့်မှာပင်၊ အိမ်အတွင်းမှ အဖြူရောင်ဆံပင်ရှည်နှင့် အဘိုးအိုတစ်ဦး လျှောက်လှမ်းထွက်လာပြီး မြူခိုးလုံးကြီးကို လက်ဖြင့်ဖိနှိပ်တားဆီးလိုက်သည်။ ထိုအချိန်တွင် ထျန်းရှဲ့ကျီခန္ဓာကိုယ်က ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။ မြူအတွင်းတွင် ပြန်ပေါ်လာခဲ့ပြီး အဘိုးအိုထံသို့ လက်သီးတစ်ချက်ထိုးသွင်းလိုက်ချေသည်။

“ငါက ထျန်းရှဲ့ကျီ မဟုတ်ဘူး” လက်သီးတစ်ချက်။

“ငါက တစ်ကယ်ထျန်းရှဲ့ကျီ မဟုတ်ဘူး” အခြားလက်သီးတစ်ချက်။

“သေစမ်း။ အကယ်၍ ငါသေသွားရင်တောင် အဲလိုခေါ်တာကိုတော့ ခွင့်ပြုမပေးနိုင်ဘူး” ပြီးတော့ နောက်ထပ်တစ်ချက်။

လေထဲတွင် တဝုန်းဝုန်းအသံများ ပဲ့တင်ထပ်လို့နေ၏။ အဖြူရောင်ဆံပင်ရှည်နှင့် အဘိုးအိုသည် ထိုးနှက်ချက်များကို ဒေါသတကြီးခုခံနေသော်လည်း နောက်သို့ ထပ်ခါထပ်ခါဆုတ်နေရပြီး အဆုံးတွင်တော့ ထျန်းရှဲ့ကျီထိုးလိုက်သော လက်သီးချက်က ရေခဲအိမ်ကို အပိုင်းအစစပျက်ဆီးသွားစေလေသည်။

ထျန်းရှဲ့ကျီ၏ အဆက်မပြတ်လက်သီးချက်များအောက်တွင် အဖြူရောင်ဆံပင်ရှည်နှင့်အဘိုးအိုသည် ချောက်ကမ်းပါးစွန်းသို့ တွန်းပို့ခံလိုက်ရသည်။ ထို့နောက် ခပ်တိုးတိုးဟိန်းဟောက်သံတစ်သံ၊ လက်သီးတစ်ချက်နှင့်အတူ ဆီးနှင်းပြင်ပေါ်မှ ဝဲပျံသွားတော့သည်။

“ဒုတိယလေး၊ စတုတ္ထလေး မင်းတို့အခုမြင်ပြီလား။ မင်းတို့ တစ်ယောက်ယောက်ကိုပဲ သတ်ပြီး သူတို့အိမ်တွေကို မဖျက်ဆီးဘူးဆိုရင်၊ အဲဒါကို မျိုးနွယ်စုထဲ ကျူးကျော်တာလို့ ခေါ်လို့ရနိုင်သေးလား။ မင်းတို့လုပ်နေခဲ့တာက အချိန်ဖြုန်းတာပဲ။ ဒါကမှ တစ်ကယ့်ဖြေရှင်းနည်းကွ”

ထျန်းရှဲ့ကျီ၏မျက်နှာပေါ်တွင် ဂုဏ်ယူသောအမူအယာတစ်ခု ပေါ်လာပြီး စိတ်တစ္ဆေ၁၈ကောင်နှင့် တိုက်နေသည့် စုမင်နှင့်ကျန်သူများထံ လှမ်းကြည့်လိုက်သည်။

“ထျန်းရှဲ့ကျီ၊ မင်း အရူးကောင်”

ဆံပင်ဖြူနှင့် အဘိုးအိုသည် သနားဖွယ်ရာ အခြေအနေဖြင့် ဆီးနှင်းပြင်များ အလွန် လေထဲတွင် ပျံသန်းလွင့်မျောနေသည်။ သူ့အဝတ်အစားများက စုတ်ပြဲနေပြီး ဆံပင်များက ရှုပ်ပွနေကာ ပါးစပ်မှ သွေးများစီးကျနေခဲ့သည်။

သူ့မျက်နှာပေါ်တွင်လည်း ကြောက်မက်ဖွယ်အမူအယာတစ်ခု ရှိနေ၏။

ထျန်းရှဲ့ကျီသည် အဘိုးအို၏စကားများကိုကြားသောအခါ ခဏတာအံ့အားသင့်သွားပြီး သူ့အမူအယာက စိုးရိမ်ပူပန်နေသူတစ်ဦးကဲ့သို့ ပြောင်းလဲသွားသည်။ သူ့မျက်လုံးများသည်ပင် သွေးနီရောင်ရဲလာခဲ့သည်။

“အရူးလား။ ငါက အရူးမဟုတ်ဘူး။ ငါမရူးဘူး”

ထျန်းရှဲ့ကျီသည် ရှေ့သို့ခြေတစ်လှမ်းတက်လိုက်ပြီး အဘိုးအိုကို စတင်အော်ဟစ်လိုက်သည်။ “ငါက တစ်ကယ်အရူးမဟုတ်ဘူး။ ငါမရူးဘူး... ငါတစ်ကယ်မရူးဘူးကွ”

တစ်စုံတစ်ယောက်က သူ့လျှို့ဝှက်ချက်အား ရှာတွေ့သွားသကဲ့သို့ ထျန်းရှဲ့ကျီမျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုများပါဝင်နေသည့် စိတ်ထိခိုက်သောအမူအယာတစ်ခု ရှိနေခဲ့သည်။

“ငါက တစ်ကယ် အရူးမဟုတ်ဘူး။ ငါ ကုသမှုခံပြီးပြီကွ။ ငါ မရူးတော့ဘူး”

ထျန်းရှဲ့ကျီသည် စိတ်ခြောက်ခြားမှုအတွင်း နစ်မြုပ်သွားသကဲ့သို့ပင် ခြေတစ်လှမ်းတည်းဖြင့် အဘိုးအိုထံပြေးဝင်သွားခဲ့သည်။ ပုံသဏ္ဍာန်အရ သူသည်အဘိုးအိုအားဖမ်း၍ တစ်ခုခုအား သက်သေပြချင်နေသည့်ပုံပင် ဖြစ်သည်။

အဘိုးအို၏ မျက်လုံးများက ပြူးကျယ်သွားပြီး ၎င်းတို့အထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာခဲ့သည်။

အဝေးတွင်ရပ်နေသော စုမင်သည် သဘောကျနှစ်ခြိုက်စွာ ရယ်မောနေခဲ့ပြီး၊ ဆက်လက်၍ သဘောကျစွာ ရယ်မောနေရုံသာ တတ်နိုင်ခဲ့သည်...

Note:

နိုင်းလီမျိုးနွယ်စုဆိုတာ မြောင်မျိုးနွယ်စုတွေရဲ့ ဘိုးဘေး၊ ရှေးဟောင်း တရုတ်ဒဏ္ဍာရီလာ မျိုးနွယ်စုတစ်ခုပါ။ နိုင်းလီမျိုးနွယ်စုကို တိုက်ခိုက်ခြင်း၊ လက်နက်ပြုလုပ်ခြင်းတွေမှာ ရူးလောက်အောင်တော်တဲ့ ချီယို့က ဦးဆောင်ခဲ့ပြီး အဆုံးမှာတော့ ရှုံးနိမ့်ခဲ့ကြတယ်။ သူတို့အကြောင်း ဇာတ်လမ်းအများစုကို ကျိုးလုတိုက်ပွဲမှာ တွေ့နိုင်တယ်။ နိုင်းလီဆိုတာ အမှန်တစ်ကယ်တော့ မျိုးနွယ်စုကိုးခု ပေါင်းစည်းထားတာဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင်တွေရဲ့ မိသားစုနာမည်က လီ ပါ။

***

All Chapters