အခန်း (၇၈၁-၇၈၂)
Vol. 62 Ch. 781-782
အခန်း (၇၈၁) သံကူကွန်ကရစ်တံတိုင်းနှင့် ချက်ချင်းဆိုသလိုဆက်သွယ်ရေး
“အခု ခင်ဗျားတို့ အခန်းတွေကို စပြီး ခွဲဝေနိုင်ပါပြီ။”
ဒန်နီက ခေါင်းငြိမ့်လိုက်ပြီး သမန်းဝံပုလွေခေါင်းဆောင်များကို အခန်းများ စတင်ခွဲဝေပေးရန် ညွှန်ကြားလိုက်၏။
ရှောင်းယီနှင့် ဒန်နီတို့သည်မူ အစည်းအဝေးခန်းသို့ ပြန်လာခဲ့ကြသည်။
“အခန်းထဲရောက်ရင် တီဗီဖွင့်လိုက်ပါ။”
ရှောင်းယီက အစည်းအဝေးခန်း တီဗီဘေးရှိ ရီမုကို ကောက်ကိုင်ကာ အနီရောင်ခလုတ်လေးကို ညွှန်ပြပြီး ပြောလိုက်သည်။
“ဒီခလုတ်ကိုနှိပ်ရင် ပွင့်သွားလိမ့်မယ်။ ပွင့်လာရင် အခြေခံလူနေမှု အဆောက်အဦးတွေ အသုံးပြုပုံ ဗီဒီယိုတွေကို ကြည့်ပါ။ သေချာကြည့်ပြီးတော့ ဘေးကင်းလုံခြုံရေးကိုလည်း ဂရုစိုက်ပါ။”
ဤအသုံးအဆောင်ပစ္စည်းများ အသုံးပြုပုံ ဗီဒီယိုများကို အန်ယွဲ့က သူ၏ဖုန်းဖြင့် ရိုက်ကူးထားခြင်းဖြစ်ပြီး တီဗီသို့ ကူးပေးပို့ထားခြင်းဖြစ်သည်။
အန်းယွဲ့သည် အနာဂတ်တွင် ဤကျွန်းပေါ်၌ ဒေသခံနေထိုင်သူများ ပိုမိုများပြားလာနိုင်သည်ကို သိထားသည်ဖြစ်ရာ ဤကဲ့သို့ သင်ကြားပြသခြင်းက ပို၍အဆင်ပြေမြန်ဆန်ပေ၏။ နားမလည်ပါကလည်း ထပ်ခါတလဲလဲ ပြန်ကြည့်၍လည်းရပေသည်။
ဒန်နီက ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ ကျုပ် သူတို့ကို သတိပေးလိုက်ပါ့မယ်။”
“သိပ်မကြာခင် ကျုပ်တို့ကျွန်းရဲ့ စစ်သည်တွေ ခင်ဗျားတို့ရဲ့ ဧရိယာပတ်ပတ်လည်မှာ ကာကွယ်ရေးစည်းတစ်ခု တည်ဆောက်ပါလိမ့်မယ်။ အားလုံး နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်အနေနဲ့ ကျွန်းပေါ်မှာရှိတဲ့ နေထိုင်သူအားလုံးရဲ့ ဘေးကင်းရေးအတွက် တာဝန်ယူရမှာမို့လို့ပါ။”
ရှောင်းယီက ခုံတွင်ဝင်ထိုင်ပြီးနောက် ပြောလိုက်သည်။
ယခုအခါ သူသည် ဝံပုလွေလူသားမျိုးနွယ်စုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိနေပြီဟု ဆိုနိုင်၏။ အနည်းဆုံးတော့ သမန်းဝံပုလွေများက သူ့ကို စိတ်အနှောင့်အယှက်မပေးကြချေ။ ထို့ကြောင့် ဤကိစ္စကြောင့် ဆက်ဆံရေး မပျက်စီးစေလိုပေ။
ထိုအခါ ဒန်နီက ချက်ချင်းပင် တောင်းဆိုလိုက်၏။
“နားလည်ပါတယ်။ ဖြစ်နိုင်ရင်တော့ မသိလိုက်ဘဲနဲ့ ကျုပ်တို့နယ်မြေထဲကို မှားယွင်းဝင်ရောက်လာသူတွေ မရှိအောင် ကျုပ်တို့ ဧရိယာပတ်ပတ်လည်မှာ တံတိုင်းတစ်ခု တည်ဆောက်စေချင်ပါတယ်။”
သမန်းဝံပုလွေမျိုးနွယ်စုက သူတို့ဘာသာ သီးခြားခွဲထုတ်ရန် တံတိုင်းကို တောင်းဆိုလာလိမ့်မည်ဟု ရှောင်းယီ မမျှော်လင့်ထားခဲ့ပေ။
သို့သော် ၎င်းတို့ကိုယ်တိုင် တောင်းဆိုလာသဖြင့် ရှောင်းယီကလည်း သဘောတူလိုက်၏။
“ကောင်းပါပြီ။ ဒါပေမဲ့ ကြိုပြောထားရမှာက တံတိုင်းဆောက်ပြီးရင် အစပိုင်းမှာ ကျုပ်တို့ စစ်သည်တွေကပဲ စောင့်ကြပ်ပါလိမ့်မယ်။ အချိန်အတိုင်းအတာတစ်ခု ကြာပြီးရင်တော့ ခင်ဗျားတို့ဆီကို လွှဲပေးမှာပါ။ နားလည်တယ်မလား။”
“ပြဿနာမရှိပါဘူး။”
ဒန်နီက မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ဒီကိစ္စကို ခင်ဗျားရဲ့ လူတွေကို သေချာရှင်းပြပေးပါ။ နားလည်မှုလွဲတာမျိုး မဖြစ်တာ အကောင်းဆုံးပဲ။”
ထို့နောက် ရှောင်းယီက မတ်တပ်ထရပ်လိုက်သည်။
“ကျုပ် ခင်ဗျားတို့အတွက် တံတိုင်းသွားဆောက်ပေးလိုက်ဦးမယ်။”
ထိုသို့ပြောကာ သူ ထွက်လာခဲ့သည်။
ရှောင်းယီ၏ ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်တွင် ကျောက်တံတိုင်း ပုံစံခွက်တစ်ခု ရှိနေပြီဖြစ်သည်။ ၎င်းသည် အလွန်အဆင့်မြင့်သည်ဟု မဆိုနိုင်သော်လည်း လက်ရှိအချိန်အတွက်မူ လုံလောက်ပါသည်။
ကျောက်တုံးအရင်းအမြစ်များမှာလည်း ကြွယ်ဝနေပြီဖြစ်ရာ ကုန်ကြမ်းရှားပါးမည်ကို စိုးရိမ်ရန် မလိုပေ။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် လုပ်ဆောင်ပြီးနောက် သမန်းဝံပုလွေများ၏ နေထိုင်ရာပတ်ပတ်လည်တွင် ကျောက်တံတိုင်းဝိုင်းကြီးတစ်ခု ချက်ချင်းထွက်ပေါ်လာခဲ့သည်။ ကမ်းခြေဘက်ခြမ်းကိုမူ တံတိုင်းဖြင့် ကာရံမထားခဲ့ပေ။
ဒန်နီသည် သူ့ပတ်ပတ်လည်တွင် ရုတ်တရက် ပေါ်လာသော မြင့်မားသည့် တံတိုင်းကြီးများကို ကြည့်ကာ အလွန်အမင်း အံ့အားသင့်သွား၏။ တစ်ချိန်တည်းမှာပင် ဘင်နီကို ရှောင်းယီနှင့် ဆက်သွယ်ခိုင်းခဲ့သည့်အတွက် အလွန်ကျေးဇူးတင်နေမိသည်။
အကယ်၍ သူသာ ရှောင်းယီကို မဆက်သွယ်ခဲ့လျှင် သို့မဟုတ် ဘင်နီသာ ရှောင်းယီနှင့် မတွေ့ခဲ့လျှင် ယနေ့ညသည် သမန်းဝံပုလွေမျိုးနွယ်စု မျိုးတုံးမည့်ည ဖြစ်ပေလိမ့်မည်။
ထိုစဉ် ရှောင်းယီသည် သူ့ဆီသို့ လျှောက်လာကာ ပြောလိုက်သည်။
“တခြားကိစ္စတွေကိုတော့ မနက်ဖြန်ကျမှပဲ အေးအေးဆေးဆေး ဖြေရှင်းကြတာပေါ့။ အခုတော့ အနားယူဖို့ အခန်းတစ်ခုသွားရှာလိုက်ပါ။ ကျန်တာတွေကိုတော့ သူတို့ဘာသာ စီစဉ်ခိုင်းလိုက်ပါတော့။”
ဒန်နီက ခေါင်းငြိမ့်ကာ ကျေးဇူးတင်စကားကို အလေးအနက် ထပ်မံပြောဆိုလိုက်ပြန်၏။ ရှောင်းယီက လက်ခါပြကာ ထွက်ခွာသွားခဲ့သည်။
ဘင်နီသည် ဒန်နီကို တွဲကူပေးလိုက်ရင်း ပြောလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင် အရင်သွားနားလိုက်ပါ။ ဒီမှာ ကျုပ် စောင့်ပေးလိုက်ပါ့မယ်။”
“ရပါတယ်။ အခု ငါသက်သာနေပါပြီ။ ကုလားထိုင်တစ်လုံးလောက်ပဲ ချပေးပါ။ ငါ ဒီဧည့်ခန်းမှာပဲ ထိုင်နေမယ်။ ဒီမှာလည်း မချမ်းပါဘူး။”
ဒန်နီက အားနည်းသောလေသံဖြင့် ပြန်ဖြေလိုက်၏။
“ကောင်းပါပြီ။”
ဒန်နီသည် ယခုအချိန်တွင် အခန်းထဲပြန်ဝင်သွားလျှင်လည်း အိပ်ပျော်ရန် ခက်ခဲမည်ကို ဘင်နီသိထားသည်ဖြစ်ရာ ဤနေရာတွင် ကြည့်ရှုနေစေရန် ခွင့်ပြုလိုက်လေသည်။
ကုလားထိုင်ရောက်လာသောအခါ ဒန်နီသည် ဧည့်ခန်းရှေ့ ရင်ပြင်ရှိ တည်နေရာကူးပြောင်းခြင်းအစီအရင်မှ သမန်းဝံပုလွေများ အဆက်မပြတ် ထွက်ပေါ်လာသည်ကို ကြည့်ရင်း ပျော်ရွှင်စွာ မှီ၍ထိုင်နေခဲ့၏။
ရှောင်းယီ သူ့အိပ်ခန်းသို့ ပြန်ရောက်သောအခါ မနက် တစ်နာရီကျော်နေပြီဖြစ်သည်။ ရှောင်းယီသည် နာရီကို ခြောက်နာရီတွင် နှိုးစက်ပေးထားပြီးနောက် အိပ်ပျော်သွားခဲ့၏။
နောက်တစ်နေ့ နံနက် ခြောက်နာရီတွင် နှိုးစက်သံကြောင့် ရှောင်းယီ နိုးလာခဲ့သည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
ရှောင်းယီ စိတ်ထဲမှ ရေရွတ်လိုက်သည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - သံကူကွန်ကရစ် မြို့ရိုးတံတိုင်း ပုံစံကွက် (အဆင့် S) ၁။”
ယခင်ကလည်း တံတိုင်းပုံစံကွက်များ ရှိခဲ့သော်လည်း ၎င်းတို့မှာ ကျောက်တံတိုင်းများသာဖြစ်သည်။ ကြီးကျယ်ခမ်းနားသော်လည်း အမြောက်ဆန်များဖြင့် အတိုက်ခံရပါက ပြိုကျသွားနိုင်ခြေရှိသည်။ သံကူကွန်ကရစ်တံတိုင်းများဖြင့် အစားထိုးလိုက်ပါက ပိုမိုခိုင်ခံ့သွားမည်ဖြစ်သည်။
“ဒါက အိမ်တွေကို ပြန်ပြီးပြင်ဆင်နေတာနဲ့ အတော်ပဲ။”
ရှောင်းယီက တွေးတောရင်း အပန်းဖြေစခန်းဘက်သို့ လျှောက်လာခဲ့၏။
အချို့လူများမှာ စောစောစီးစီး နိုးနေကြပြီဖြစ်ပြီး အပန်းဖြေစခန်းထဲတွင် ပြေးလွှားနေကြသည်။ ရှောင်းယီသည် ဟိုတယ်၏ဧည့်ကြိုကောင်တာသို့သွားကာ မှာကြားလိုက်၏။
“ရှီခုန်းကို နှိုးလိုက်ပါ။ ပြီးရင် ငါက တွေ့ချင်တယ်လို့ပြောပြီး မနက်စာစားဖို့ ဆင်းလာခိုင်းလိုက်။”
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”
ဧည့်ကြိုဝန်ထမ်းက ပြန်ဖြေလိုက်သည်။
မကြာမီ ရှီခုန်း ဆင်းလာခဲ့ပြီး ရှောင်းယီကို တွေ့သောအခါ မေးလိုက်သည်။
“ကျွန်းပိုင်ရှင် မင်္ဂလာနံနက်ခင်းပါ။ ကျုပ်ကို ခိုင်းစရာရှိလို့လား။”
“သမန်းဝံပုလွေမျိုးနွယ်စု ရွှေ့ပြောင်းလို့ ပြီးသွားရင် ခင်ဗျားသွားပြီး သူတို့ဆီက တည်နေရာကူးပြောင်းခြင်းအစီအရင်ကို ဒီဘက် ပြန်ရွှေ့ပေးပါဦး။ ခုနစ်နာရီလောက်ဆိုရင် သူတို့အားလုံး ပြောင်းလို့ပြီးလိမ့်မယ်။”
ရှောင်းယီက မနက်စာစားရင်း ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ။ ကျုပ် တပည့်တွေကို သွားနှိုးလိုက်ပါဦးမယ်။”
ရှီခုန်းက ပြန်ပြောကာ ဆိပ်ကမ်းနားရှိ အလုပ်သမားတန်းလျားသို့ အပြေးသွားလိုက်ပြီး သူ၏တပည့်များကို နှိုးလိုက်လေသည်။ ထို့နောက် ဟိုတယ်သို့ ပြန်လာပြီး မနက်စာစားလိုက်၏။
ရှီခုန်း ရှေ့နောက်ပြေးနေရသည်ကို ကြည့်ပြီး ရှောင်းယီက တွေးလိုက်မိသည်။
“ငါတို့မှာ ဆက်သွယ်ရေးပစ္စည်းတွေ လုံလုံလောက်လောက် လိုအပ်နေပြီ။”
လောလောဆယ်တွင် ကျွန်း၏ ဆက်သွယ်ရေးပစ္စည်းမှာ ကန့်သတ်ချက်ရှိနေပြီး လူတိုင်းကို ပေးမထားနိုင်ပေ။ အရေးကြီးသူများသာ ကိုင်ဆောင်ထားနိုင်ပေ၏။ သို့သော် ယခုအခါ လူအများအပြားတွင် ချက်ချင်းဆက်သွယ်ပြောဆိုနိုင်ရန် လိုအပ်ချက်များ ရှိလာခဲ့ချေပြီ။
“တေါ်ကီတော်ကီတွေ ထပ်စုရမလား။”
ရှောင်းယီက မျက်မှောင်ကျုံ့ကာ စဉ်းစားကြည့်လိုက်၏။
ပြီးခဲ့သည့်တစ်ခေါက် စုဆောင်းတုန်းက ဈေးကွက်ထဲရှိသမျှ တေါ်ကီတော်ကီအားလုံးနီးပါးကို သူဝယ်ယူခဲ့ပြီးဖြစ်သည်။ ယခုအချိန်တွင် လူတိုင်းသည် ၎င်း၏ အရေးပါမှုကို သိရှိသွားကြပြီဖြစ်ရာ အရောင်းစင်တာတွင် ထပ်တင်မည့်သူ ရှိနိုင်တော့မည် မဟုတ်ပေ။ ၎င်းတို့နှစ်ဦး မနက်စာစားပြီးနောက် သမန်းဝံပုလွေများ နေထိုင်ရာသို့ အတူတူထွက်လာခဲ့လိုက်၏။
ယခုအချိန်တွင် သမန်းဝံပုလွေများသည် ပတ်ဝန်းကျင်ရှိ အဆောက်အဦးများနှင့် တံတိုင်းများကို စူးစမ်းကြည့်ရှုနေကြသဖြင့် အလွန်စည်ကားနေလေသည်။
အချို့သမန်းဝံပုလွေများသည် အဆောက်အဦးများကြားရှိ လမ်းပေါ်မှ နှင်းများကို စတင်ရှင်းလင်းနေကြပြီ ဖြစ်သည်။
ဒန်နီသည် ဧည့်ခန်းထဲတွင်ထိုင်ကာ မှန်ချပ်များမှတစ်ဆင့် အပြင်ဘက်ကို ကြည့်နေသည်ကို ရှောင်းယီ မြင်လိုက်ရ၏။
ရှောင်းယီ လာနေသည်ကို မြင်သောအခါ ဒန်နီက မတ်တပ်ရပ်ရန် ကြိုးစားလိုက်သည်။
“ထိုင်နေပါ။ ခင်ဗျား ဒီမှာ တစ်ညလုံး ထိုင်နေတာလား။”
ရှောင်းယီက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“ပြန်သွားလည်း အိပ်မပျော်မယ့်အတူတူ သူတို့တွေ ရောက်လာတာကို ကြည့်နေရတာက ပိုပြီးစိတ်အေးရပါတယ်။ ဒီမှာထိုင်နေတာကလည်း မအေးတော့ အနားယူနေသလိုပါပဲ။”
ဒန်နီက ပြုံးကာ ပြန်ဖြေလိုက်သည်။
ဒန်နီ၏ စိတ်ဝိဉာည်မှာ တက်ကြွနေဆဲဖြစ်ရာ ရှောင်းယီသည် ထပ်ပြီးမတိုက်တွန်းတော့ဘဲ ပြောလိုက်သည်။
“ကျုပ် ခင်ဗျားတို့ရဲ့ တည်နေရာကူးပြောင်းခြင်းအစီအရင်ကို ပြန်ရွှေ့ဖို့ လူတွေခေါ်လာခဲ့တယ်။”
“ပြန်ရွှေ့နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဟိုမှာထားခဲ့ရင် ရေမြုပ်သွားလိမ့်မယ်။”
ဒန်နီက ခေါင်းငြိမ့်လိုက်သည်။
“ဒါဆို ကျုပ်တို့ အရင်သွားလိုက်ပါဦးမယ်။”
ထို့နောက် ရှောင်းယီသည် ရှီခုန်းနှင့် အဖွဲ့ကို တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
တည်နေရာကူးပြောင်းခြင်အစီအရင်ကို ဖြတ်ကျော်ပြီးနောက် သမန်းဝံပုလွေများ၏ မူလနေရာဖြစ်သော ချိုင့်ဝှမ်းသို့ ရောက်ရှိလာခဲ့၏။
ကျန်းယွင်ထျန်းက ထိုနေရာတွင် တစ်ညလုံး စောင့်ကြပ်နေခြင်းဖြစ်သည်။
“ပင်ပန်းသွားပြီ အစ်ကိုကျန်း”
ရှောင်းယီက နှုတ်ဆက်လိုက်၏။
“ဒါက ဘာမှမဟုတ်ပါဘူး။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“အခု လူနည်းနည်းပဲ ကျန်တော့တယ်။ ပြီးရင် ငါတို့အားလုံး ပြန်လို့ရပြီ။”
ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။
ထိုအချိန်တွင် ကျန်းယွင်ထျန်း၏ ခါးရှိ ဝေါ်ကီတော်ကီမှ အသံထွက်လာ၏။
“နည်းပြ ထူးဆန်းတဲ့ အဖွဲ့တစ်ဖွဲ့ ချဉ်းကပ်လာနေပါတယ်။ သူတို့ရဲ့ ဝတ်စုံနဲ့ ကိရိယာတွေကို ကြည့်ရတာ မနေ့က အဖွဲ့နဲ့ အတူတူပါပဲ။”
အခန်း (၇၈၂) ဗန်ပိုင်းယား ပြန်လာပြီ၊ အချိန်ဆွဲခြင်းနှင့် ဆုတ်ခွာခြင်း
“နောက်တစ်ခေါက် ထပ်လာပြန်ပြီလား။”
ကျန်းယွင်ထျန်းသည် မျက်မှောင်အနည်းငယ်ကျုံ့ကာ ချက်ချင်း အမိန့်ပေးလိုက်၏။
“အားလုံး ဆုတ်ခွာကြ။”
“ဟုတ်ကဲ့။”
ကင်းထောက်က ပြန်ဖြေလိုက်သည်။
“အဲဒီ ဗန်ပိုင်းယားက လက်လျှော့ဖို့ ဆန္ဒမရှိပုံပဲ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ ကျန်းယွင်ထျန်းက ပခုံးတွန့်ကာ ပြန်ပြောလိုက်၏။
“သူလက်မလျှော့လည်း ဘာတတ်နိုင်မှာလဲ။ ငါတို့ ပြောင်းရွှေ့တာ ပြီးသလောက်ရှိနေပြီပဲကို။”
“သတိထား အဲဒီမှာ...”
ထိုစဉ် ကျန်းယွင်ထျန်း၏ စကားပြောစက်ထဲမှ စကားလုံးသုံးလုံး ထွက်ပေါ်လာပြီးနောက် အသံမှာ ပျောက်ကွယ်သွားခဲ့သည်။
“ဘလက်ပန်သာ အခြေအနေ ဘယ်လိုလဲ။ ကြားရင် ပြန်ဖြေပါ...။”
ကျန်းယွင်ထျန်းက လေးနက်သောအသံဖြင့် ခေါ်လိုက်၏။ သို့သော် တစ်ဖက်မှ အချိန်အတော်ကြာသည်အထိ တုံ့ပြန်မလာခဲ့ပေ။
ရှောင်းယီသည် သူ၏ ရွှမ်းယွမ်ဓားကို ချက်ချင်းပင် ဆွဲထုတ်လိုက်ပြီး ပြောလိုက်သည်။
“တိုက်ပွဲအတွက် ပြင်ထားကြ။ ဗန်ပိုင်းယား လာနေပြီ။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက ချိုင့်ဝှမ်းဝင်ပေါက်ကို စောင့်ကြပ်ရန် တပ်ဖွဲ့ကို ချက်ချင်းပင် စုစည်းလိုက်၏။
ထိုစဉ် အဝေးမှ အနက်ရောင်အရိပ်တစ်ခုသည် အလွန်မြန်သောနှုန်းဖြင့် လွင့်ပျံလာနေသည်။
“ရှေ့တည့်တည့်ကို ပစ်ပြီး ထိန်းချုပ်ထား။”
ကျန်းယွင်ထျန်းက အော်ပြောလိုက်၏။
ဒိုင်း ဒိုင်း ဒိုင်း
သာမန်စစ်သည်များသည် ဗန်ပိုင်းယားမြို့စားကြီး၏ အမြန်နှုန်းကို မမီသော်လည်း ရှေ့တည့်တည့်သို့ စုပြုံပစ်ခတ်လိုက်ခြင်းကြောင့် ထွက်ပေါ်လာသော ကျည်ဆန်မိုးများက ထိုအရိပ်ကို နောက်သို့ ဆုတ်သွားစေခဲ့သည်။
အရိပ်သည် တစ်ကီလိုမီတာခန့်အကွာတွင် ရပ်တန့်သွားပြီး ကျန်းယွင်ထျန်းတို့ လက်ထဲရှိ လက်နက်များကို အံ့အားသင့်စွာ ကြည့်နေခဲ့သည်။
“တိုက်ခိုက်နိုင်တဲ့ အကွာအဝေးက ဝေးလှချည်လား။”
အနက်ရောင် ဝတ်ရုံကို လုံအောင်ခြုံထားသည့် ချာလီက ရေရွတ်လိုက်၏။
ယခုအချိန်တွင် နေမင်းမှာ ထွက်ပေါ်လာပြီဖြစ်ရာ ဗန်ပိုင်းယားတစ်ဦးအနေဖြင့် ချာလီသည် သူ၏ အသားအရေကို နေရောင်ခြည်နှင့် မထိတွေ့ရဲပေ။
ရှောင်းယီသည် အဝေးတွင် ရပ်နေသော ချာလီကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် လှမ်းအော်လိုက်၏။
“ဒီလောက်ကြီး လုံအောင်ခြုံထားတာ မပူဘူးလား။ မစ္စတာ ဗန်ပိုင်းယား ဘာလို့ ဒီလောက်အစောကြီး ရောက်လာတာလဲ။ ကျုပ်ကို လွမ်းနေလို့လား။”
ရှောင်းယီသည် တစ်ဖက်လူနှင့် စကားပြောပြီး အချိန်ဆွဲထားရန်သာ ရည်ရွယ်ထားခဲ့သည်။
ချာလီသည် မနေ့ညက သူ့ကို တားဆီးခဲ့သော အပြင်လူကို ကြည့်ကာ မျက်မှောင်ကျုံ့လိုက်မိပြီး ပြန်အော်လိုက်သည်။
“အပြင်လူ မင်းက ငါတို့နဲ့ သမန်းဝံပုလွေတွေကြားက ပဋိပက္ခထဲမှာ တကယ်ပဲ ဝင်ပါချင်တာလား။”
“တကယ်တော့ ကျုပ်က ခင်ဗျားတို့ ပဋိပက္ခထဲ မဝင်ပါချင်ပါဘူး။ ကျုပ်က စီးပွားရေးသမား တစ်ယောက်ပါ။ အကယ်၍ ဗန်ပိုင်းယားအရှင်သခင်က ကျုပ်ကို ဆွဲဆောင်မှုရှိတဲ့ ဈေးနှုန်းတစ်ခု ပေးနိုင်ရင်တော့ ကျုပ် စိတ်ပြောင်းရင် ပြောင်းသွားနိုင်တာပေါ့။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်၏။
“ဈေးနှုန်းလား။”
ချာလီက မျက်မှောင်ကျုံ့လိုက်သည်။
“မင်း ဘာလိုချင်တာလဲ။ ပိုက်ဆံလား၊ အာဏာလား ဒါမှမဟုတ် မိန်းမလား။ ငါ အားလုံး ဖြည့်ဆည်းပေးနိုင်တယ်။”
“ကျုပ် အုတ်မြစ်ကျောက်တွေ လိုချင်တယ်။ ခင်ဗျားသာ ကျုပ်ကို အုတ်မြစ်ကျောက် ဘီလီယံ ရာဂဏန်းလောက် ပေးနိုင်ရင် ကျုပ် စိတ်ပြောင်းဖို့ စဉ်းစားပေးမယ်။”
ရှောင်းယီက အလေးအနက် ပြန်ပြောလိုက်၏။
“သေစမ်း မင်း ငါ့ကို လာကစားနေတာလား။”
ချာလီက ဒေါသတကြီး ပြောလိုက်သည်။ သူ သမန်းဝံပုလွေမျိုးနွယ်ကို အကြီးအကျယ် တိုက်ခိုက်ရသည့် အကြောင်းရင်းမှာ မျိုးနွယ်စုနှစ်ခုကြား မသင့်မြတ်ခြင်းအပြင် သမန်းဝံပုလွေများ၏ အုတ်မြစ်ကျောက်များကို လိုချင်သောကြောင့်လည်းဖြစ်သည်။ ယခု အပြင်လူက သူ့ထံမှ အုတ်မြစ်ကျောက် ဘီလီယံပေါင်းများစွာ ပြန်တောင်းနေခြင်းမှာ သူ့ကို ပြောင်လှောင်နေခြင်းသာဖြစ်၏။
ထိုအချိန်တွင် စစ်သည်တစ်ဦးသည် အနောက်မှ ပြေးလာပြီး တိုးတိုးလေး သတင်းပို့လာခဲ့သည်။
“သမန်းဝံပုလွေတွေအားလုံး ပြောင်းရွှေ့ပြီးပါပြီ။”
ထိုရလဒ်ကို ကြားသည်နှင့် ရှောင်းယီက ချက်ချင်း အမိန့်ပေးလိုက်သည်။
“ချိုင့်ဝှမ်းဝင်ပေါက်က လူ အယောက် ၃၀ ကလွဲရင် ကျန်တဲ့လူတွေအားလုံး တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲကို ချက်ချင်းဝင်ကြ။ မင်းတို့ ရောက်သွားတာနဲ့ ရှီခုန်းကို တည်နေရာကူးပြောင်းခြင်းအစီအရင်ရဲ့ ဗဟိုချက်ကို ချက်ချင်း ဖြုတ်ယူခိုင်းလိုက်။”
“ဟုတ်ကဲ့”
ထို့နောက် ရှောင်းယီသည် အဝေးတွင် ရှေ့တိုးရန် ကြိုးစားနေသော်လည်း ပစ်ခတ်မှုများကြောင့် နောက်ဆုတ်နေရသော ဗန်ပိုင်းယားကို ကြည့်ကာ ပြောလိုက်၏။
“ခင်ဗျားမှာ အုတ်မြစ်တွေ အများကြီး မရှိပုံပဲ။ ဒါဆိုလည်း ထားလိုက်ပါတော့လေ။”
ထိုအချိန်တွင် ဒေသခံလူရိုင်းစစ်တပ် အဓိကတပ်ဖွဲ့ကြီး ရောက်ရှိလာခဲ့ပြီး ချာလီက အော်ဟစ် အမိန့်ပေးလိုက်သည်။
“ဘာပဲပေးဆပ်ရ၊ ပေးဆပ်ရ အကုန်လုံး တိုက်စစ်ဖွင့်ကြစမ်း...။”
ယခုတစ်ခေါက်တွင် လူရိုင်းစစ်တပ်သည် သံပြားများ ကပ်ထားသော ဒိုင်းများကို ကိုင်ဆောင်လာကြ၏။
ဒိုင်းကိုင်စစ်သည်များ ရှေ့ဆုံးမှ ချဉ်းကပ်လာသောအခါ ကျန်းယွင်ထျန်းသည် ဝင်ပေါက်မှ တပ်ဖွဲ့ကို တစ်ပြိုင်နက် ပစ်ခတ်ရန် အမိန့်ပေးလိုက်ပြန်သည်။
သံပြားများကို ကျည်ဆန် ထိမှန်သံများမှာ တဖြောက်ဖြောက် မြည်ဟီးသွားခဲ့၏။
သံပြားများမှာ ကျည်ဆန်ရာများဖြင့် ပိန်ချိုင့်သွားသော်လည်း ကျန်းယွင်ထျန်း၏ တိုက်ခိုက်မှုကို အမှန်တကယ်ပင် တားဆီးနိုင်ခဲ့သည်။
“သူတို့ ပြင်ဆင်လာတဲ့ပုံပဲ။”
ကျန်းယွင်ထျန်းက ပြောလိုက်၏။ ရှောင်းယီက ခေါင်းငြိမ့်ပြီး မေးလိုက်သည်။
“ယမ်းတွေ မြှုပ်ပြီးပြီလား။”
“ပြီးတာ ကြာပါပြီ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ ဒါဆို ချိုင့်ဝှမ်းဝင်ပေါက်ကို စွန့်လွှတ်ပြီး အနောက်ကို ဆုတ်ကြမယ်။”
ရှောင်းယီက ပြုံးစစဖြင့် ပြောလိုက်၏။ ရှောင်းယီ၏ အမိန့်အရ ဝင်ပေါက်မှ စစ်သည်များသည် ချိုင့်ဝှမ်းအတွင်းဘက်သို့ ချက်ချင်းပင် ဆုတ်ခွာလာခဲ့ကြသည်။
ဤချိုင့်ဝှမ်းသည် သမန်းဝံပုလွေ ငါးသောင်းခန့် နေထိုင်နိုင်သည်ဖြစ်ရာ အလွန်ကျယ်ဝန်းပြီး ရှောင်းယီနှင့် အဖွဲ့အတွက် ပုန်းအောင်းရန် နေရာရှာရသည်မှာ လွယ်ကူလှ၏။
ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် ဝင်ပေါက်မှ နောက်ဆုံး ထွက်ခွာလာသူများဖြစ်သည်။ ရန်သူများ ချဉ်းကပ်လာသည့် အမြန်နှုန်းအရ ကျန်းယွင်ထျန်းသည် ဝင်ပေါက်တွင် မြှုပ်ထားသော ယမ်းကြိုးကို ရှည်ရှည်ထားကာ မီးရှို့ပြီး ထွက်ခွာလာခဲ့၏။
“မြို့စားကြီး ရန်သူတွေ ဆုတ်သွားပါပြီ။ ကျုပ်တို့ တိုးဝင်ရမလား။”
ရှေ့တန်းအရာရှိက ချာလီကို သတင်းပို့လာခဲ့သည်။
ချာလီ၏ မျက်နှာမှာ ပုပ်သိုးနေ၏။ သူသည် ချက်ချင်း တိုးဝင်လိုသော်လည်း ရန်သူ၏ ချုံခိုတိုက်ခိုက်မှုအား ခံရမည်ကိုလည်း စိုးရိမ်သဖြင့် ဝေခွဲမရ ဖြစ်နေခဲ့သည်။
ခဏအကြာတွင် သူက အံ့ကြိတ်ကာ အော်ဟစ်လိုက်၏။
“ချက်ချင်း တိုးဝင်ကြ။”
အမိန့်သာ ပေးလိုက်သော်လည်း သူကိုယ်တိုင်မှာမူ စစ်တပ်၏ အနောက်တွင်သာ ပုန်းနေဆဲပင်။
စစ်တပ်ကြီးသည် ချိုင့်ဝှမ်းထဲသို့ အလျင်မြန်တိုးဝင်သွားသော်လည်း ဟာလာဟင်းလင်းဖြစ်နေသည်ကိုသာ တွေ့လိုက်ရလေသည်။
“မြို့စားကြီး မကောင်းတော့ဘူး။ ရန်သူတွေ အကုန် ထွက်ပြေးသွားကြပြီ။”
ရှေ့တန်းအရာရှိက ပြန်ပြေးလာပြီး အော်ပြောလိုက်၏။
ထိုသတင်းကို ကြားလိုက်ရသည်နှင့် ချာလီသည် လေပြင်းကဲ့သို့ အထဲသို့ ပြေးဝင်သွားခဲ့သည်။ သူ ဝင်ပေါက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် “ဝုန်း” ဟူသော အသံကြီးနှင့်အတူ ဝင်ပေါက်ကြီးမှာ ချက်ချင်းပင် ပေါက်ကွဲသွားတော့လေသည်။
ချာလီသည် အထဲသို့ မရောက်ခင်မှာပင် ခြေဖျားဖြင့် မြေပြင်ကို ထောက်ထကန်ကာ အပြင်ဘက်သို့ ပြန်လည် ပျံထွက်သွားခဲ့သည်။ သို့သော်လည်း နေရာအနှံ့ လွင့်စင်လာသော ကျောက်စကျောက်နများက ချာလီကို ထိမှန်ကာ ဒဏ်ရာရစေခဲ့၏။
ကျောက်စများ ထိရုံမျှဖြင့် ချာလီအတွက် ဘာမှမဟုတ်သော်လည်း အဆိုးဆုံးမှာ သူ၏ ဝတ်ရုံ စုတ်ပြဲသွားခြင်းဖြစ်သည်။ နေရောင်ခြည်သည် ဒဏ်ရာပေါ်သို့ တိုက်ရိုက်ကျရောက်လာသောအခါ အနာကို ဆားဖြင့် ပွတ်သကဲ့သို့ နာကျင်လှပေသည်။
“အား အပြင်လူ မင်းကို ငါ အသေသတ်ပစ်မယ်ကွ။”
ချာလီ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
ပေါက်ကွဲမှုအပြီးတွင် ချိုင့်ဝှမ်းထဲသို့ ရောက်နှင့်နေသော စစ်တပ်မှာလည်း အပြင်ဘက်သို့ ပြန်လည် ဆုတ်ခွာရန် ကြိုးစားလိုက်ကြသည်။
၎င်းတို့ကို မြင်သောအခါ ချာလီက ချက်ချင်း အမိန့်ပေးလိုက်၏။
“ဘယ်သူမှ မဆုတ်နဲ့။ ဆုတ်တဲ့သူ သေရမယ်။”
စစ်သည်များသည် စိတ်ကိုတင်းကာ ချိုင့်ဝှမ်းထဲသို့ ထပ်မံ ဝင်ရောက်ရပြန်သည်။ ယခုတစ်ခေါက်တွင် သူတို့သည် အတင်းမတိုးရဲကြတော့ပေ။ ဝင်ပေါက်တွင် ယမ်းမြှုပ်ထားလျှင် အထဲတွင်လည်း ရှိနေနိုင်သည်ဟု တွေးမိကြသောကြောင့်ပင်။
ဤသို့ အချိန်ဆွဲနေစဉ်အတွင်း ရှောင်းယီ၏ စစ်သည်များ အားလုံး ပြန်သွားကြပြီဖြစ်သည်။ ရှောင်းယီ၊ ကျန်းယွင်ထျန်း၊ ဝင်ပေါက်စောင့် အယောက် ၃၀ နှင့် တည်နေရာကူးပြောင်းခြင်းအစီအရင်ကို ဖြုတ်နေသော ရှီခုန်းတို့ သုံးဦးသာ ကျန်တော့၏။
“ဘယ်လောက်လိုသေးလဲ။”
ရှောင်းယီက ရှီခုန်းဘက်သို့ လျှောက်သွားကာ မေးလိုက်သည်။
“အများဆုံး သုံးမိနစ်ပါ။ အဓိကက ဗဟိုချက်ကို ဖြုတ်ယူဖို့ပါပဲ။ ကျန်တာတွေကိုတော့ ကျုပ်တို့ဘာသာ ထွင်းထုလို့ ရပါတယ်။”
ရှီခုန်းက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ ထိုအခါ ရှောင်းယီက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဒါဆို ဗဟိုချက်ကိုပဲ ယူလိုက်တော့။ ကျန်တာတွေကို ထားခဲ့လိုက်။”
“ဟုတ်ကဲ့။”
ထို့နောက် ရှောင်ယီသည် ကျန်သည့် စစ်သည်များကို ကြည့်ကာ ညွှန်ကြားလိုက်သည်။
“မင်းတို့ မြို့ပြန်ကျောက်တွေကို သုံးပြီး ချက်ချင်း ပြန်ကြတော့။ ဒီတာဝန် ပြီးပြီ။”
“ဟုတ်ကဲ့”
လူတိုင်း ပြန်ဖြေလိုက်ကြသည်။
ထို့နောက် ၎င်းတို့သည် မြို့ပြန်ကျောက်များကို တစ်ယောက်ပြီးတစ်ယောက် အသက်သွင်းလိုက်ကြပြီး စက္ကန့် ၂၀ ကြာသောအခါ ချိုင့်ဝှမ်းအတွင်းမှ ပျောက်ကွယ်သွားခဲ့လေကြသည်။
“နောက်ထပ် ယမ်းတစ်ခု ဖောက်ခွဲလိုက်။”
ရှောင်းယီက ညွှန်ကြားလိုက်၏။
ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ပြကာ ဘေးဘက်သို့ ပြေးသွားပြီး ယမ်းကြိုးကို မီးရှို့လိုက်သည်။
ဘုန်း
ချိုင့်ဝှမ်းထဲသို့ ဝင်လာကာစ လူရိုင်းစစ်သည်များသည် နောက်တစ်ကြိမ် လန့်ဖျပ်သွားကာ နေရာတွင်ပင် ရပ်တန့်သွားကြ၏။
“ဆက်သွားကြစမ်း။”
ချာလီ၏ အသံက အနောက်မှ ထွက်ပေါ်လာခဲ့သည်။
လူရိုင်းစစ်သည်များမှာ တုန်တုန်ရင်ရင်ဖြင့် ရှေ့သို့ ထပ်မံ လျှောက်လှမ်းကြရပြန်၏။
“ကျွန်းပိုင်ရှင် ရပါပြီ။”
ထိုအချိန်တွင် ရှီခုန်းသည် တည်နေရာကူးပြောင်းခြင်းအစီအရင်၏ ဗဟိုချက်ကို ရရှိသွားပြီဖြစ်သည်။
“ကောင်းပြီ။ ခင်ဗျားတို့ ချက်ချင်းပြန်ကြတော့။ အကိုကျန်း ယမ်းတွေအားလုံးကို ဖောက်ခွဲလိုက်တော့။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
ကျန်းယွင်ထျန်းသည် ယမ်းကြိုးအားလုံးကို ချက်ချင်း မီးရှို့လိုက်ပြီး ပြောလိုက်၏။
“ယမ်းကြိုးက လောင်ကျွမ်းဖို့ စက္ကန့် ၃၀ ကြာလိမ့်မယ်။ ငါတို့မြှုပ်ထားတဲ့ ယမ်းတွေက ဒီချိုင့်ဝှမ်းတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ်။”
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“ဟုတ်ပြီ အစ်ကိုလည်း ပြန်တော့။”
“မင်းကရော...။”
ကျန်းယွင်ထျန်းသည် ရှောင်းယီ၏ စကားထဲရှိ ထူးခြားမှုတစ်ခုကို သတိထားမိလိုက်၏။
“ငါ့မှာ လုပ်စရာ တစ်ခု ကျန်သေးတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“စိတ်မပူပါနဲ့။ ငါ ထွက်သွားချင်ရင် သူတို့ ဘယ်လိုမှ တားလို့မရပါဘူး။”