အခန်း (၇၈၃-၇၈၄)
Vol. 62 Ch. 783-784
အခန်း (၇၈၄) ဗန်ပိုင်းယား၏ လိုက်လံတိုက်ခိုက်မှုနှင့် ဒေါသဆေးလုံး အသုံးပြုခြင်း
ကျန်းယွင်ထျန်းသည် ဆက်နေရရန် ဇွတ်မတိုက်တွန်းတော့ပေ။ သူသည် S အဆင့်သာ ရှိသေးသဖြင့် ဗန်ပိုင်းယားနှင့် တွေ့ပါက လွတ်မြောက်ရန်ပင် ခဲယဉ်းနိုင်သည်ကို သူသိထား၏။ ထို့ကြောင့် “ဂရုစိုက်ပါ” ဟု တိုးတိုးလေးမှာကာ မြို့ပြန်ကျောက်ကို အသက်သွင်းလိုက်ပြီး ပျောက်ကွယ်သွားတော့သည်။
လူတိုင်း ထွက်ခွာသွားသည်ကို အတည်ပြုပြီးနောက် ရှောင်းယီသည် ချိုင့်ဝှမ်းဝင်ပေါက်ဆီသို့ သတိထားကာ ဦးတည်လိုက်သည်။
ထိုအချိန်တွင် ချာလီသည် လူရိုင်းစစ်တပ်ကို ချိုင့်ဝှမ်းထဲသို့ ဖိအားပေးဝင်ခိုင်းနေပြီဖြစ်သည်။ သို့သော် အထဲတွင် နေရာအလွန်ကျယ်ဝန်းပြီး ရှောင်းယီ၏ အဆင့်မှာလည်း စစ်သည်များထက် သာလွန်သဖြင့် ကင်းလှည့်နေသူများကို အလွယ်တကူ ရှောင်ကွင်းနိုင်ခဲ့သည်။
ချိုင့်ဝှမ်းအပြင်ဘက်သို့ ရောက်သည်နှင့် သူသည် လူရိုင်းစစ်တပ် လာခဲ့သည့် လမ်းကြောင်းအတိုင်း အမြန်ပြေးထွက်သွားခဲ့၏။
ထိုအခိုက်တွင် ချာလီသည် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိသွားပြီး ချိုင့်ဝှမ်းဝင်ပေါက်ဘက်သို့ လှမ်းကြည့်လိုက်ရာ ဆုတ်ခွာနေသော ရှောင်းယီ၏ ကျောပြင်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် လိုက်လံတိုက်ခိုက်တော့လေသည်။
ထိုလူ၏ပုံရိပ်ကို မြင်ရုံနှင့် ချာလီသည် နာကျည်းမှုကို ခံစားရ၏။ ထိုလူသာ ပေါ်မလာပါက သူသည် သမန်းဝံပုလွေမျိုးနွယ်စုကို မျိုးတုံးအောင် သတ်ဖြတ်ပြီးသည်မှာ ကြာလောက်ပြီဖြစ်ကာ ၎င်းတို့၏ အုတ်မြစ်ကျောက်များကိုလည်း သိမ်းပိုက်ပြီးဖြစ်ပေလိမ့်မည်။
ရှောင်းယီ ပေါ်လာခြင်းက သူ၏ အစီအစဉ်အားလုံးကို ပျက်စီးစေခဲ့ပြီး ဤစစ်ဆင်ရေးတစ်ခုလုံးကို လုံးဝ ကျရှုံးသွားစေခဲ့သည်။
ထို့ကြောင့် ရှောင်းယီ ထွက်ပြေးနေသည်ကို မြင်မြင်ချင်း ချာလီသည် မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ နောက်မှ လိုက်လေတော့သည်။
“ကောင်လေး မင်း လွတ်မယ်မထင်နဲ့ကွ...။”
ချာလီ၏ အသံက အနောက်မှ ဟိန်းထွက်လာ၏။ ရှောင်းယီက ကူကယ်ရာမဲ့ဖြင့် ရေရွတ်လိုက်သည်။
“မင်းကတော့ တကယ့်ကို ဖယ်မရတဲ့ သရဲလိုပဲ။”
သူသည် ခြေလှမ်းကို အရှိန်မြှင့်လိုက်သော်လည်း သူ မည်မျှပင် မြန်မြန်ပြေးပါစေ ချာလီက တဖြည်းဖြည်းနှင့် အကွာအဝေးကို လျှော့ချလာနိုင်ခဲ့သည်။
“နားထောင်ပါဦး မစ္စတာ ဗန်ပိုင်းယား။ ကျုပ်တို့ကြားမှာ အငြိုးအတေးအဟောင်းလည်း မရှိဘူး၊ အသစ်လည်း မရှိဘူး။ ဘာလို့ ဒီလောက်တောင် လိုက်နေရတာလဲ။”
ရှောင်းယီသည် စကားများများပြောပြီး အနှောင့်အယှက်ပေးလိုက်၏။
“ဟမ့် မင်းသာ မရှိရင် ငါ သမန်းဝံပုလွေတွေကို အကုန်သတ်ပြီး သူတို့ရဲ့ ပစ္စည်းတွေကို သိမ်းပိုက်ပြီးလောက်ပြီ။ မင်းက ငါ့ရဲ့ စည်းစိမ်လမ်းကို ဖြတ်တောက်လိုက်တာပဲကွ...။”
ချာလီက အော်ဟစ်လိုက်သည်။
“ကျုပ်က စီးပွားရေးလုပ်ရုံပါ။ ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးကုန်ပြီပဲ။ လက်လျှော့လိုက်ဖို့ပဲ အကြံပေးချင်ပါတယ်။”
ရှောင်းယီက ပြန်ပြောလိုက်၏။
“မင်းကို ဖမ်းမိတာနဲ့ အဲဒီသမန်းဝံပုလွေတွေ ဘယ်ကိုသွားသလဲဆိုတာ သိရမှာပဲ။ ပြီးတော့ အပြင်လူရဲ့ ကျွန်းကိုတောင် ငါရနိုင်သေးတယ်။ ငါက ဘာလို့ လက်လျှော့ရမှာလဲ။”
ချာလီက ပြန်ပက်လိုက်သည်။
ထိုစဉ် ရှောင်းယီသည် ရုတ်တရက် ရပ်တန့်လိုက်ပြီး ချာလီဘက်သို့ လှည့်ကာ အလွန်လေးနက်သော မျက်နှာဖြင့် ပြောလိုက်၏။
“ဒါဆိုရင်လည်း ကျုပ် အားနာမနေတော့ဘူး။”
၎င်းကို မြင်သောအခါ ချာလီသည်လည်း သတိထားကာ ရပ်တန့်သွားပြီး အကွာအဝေးတစ်ခုမှနေ၍ ရှောင်းယီကို စောင့်ကြည့်လိုက်သည်။
သို့သော် ချာလီ ရပ်လိုက်သည့် အခိုက်မှာပင် ရှောင်းယီသည် နောက်လှည့်ကာ ထွက်ပြေးသွားပြန်သည်။
“သေစမ်း မင်း ငါ့ကို ကစားရဲတယ်ပေါ့။”
ချာလီ ဒေါသပေါက်ကွဲသွား၏။
၎င်းတို့ကြားရှိ အကွာအဝေးမှာ လျင်မြန်စွာ ကျဉ်းမြောင်းလာခဲ့သည်။
“ဒေါသထွက်နေတဲ့ ဗန်ပိုင်းယားက ပိုတောင် မြန်နေသေးတယ် ကောင်းရော...။”
ရှောင်းယီက အားကိုးရာမဲ့စွာ ရေရွတ်လိုက်မိသည်။
သူသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချကာ ရူးသွပ်ဆေးလုံးကို ပါးစပ်ထဲ ထည့်လိုက်၏။
သူ ၎င်းကို အသုံးမပြုချင်ခဲ့ပေ။ ဤဆေး၏ အာနိသင်မှာ နာရီဝက်သာ ခံပြီးနောက်တွင် ခန္ဓာကိုယ်သည် အားအင်ချည့်နဲ့သည့် ကာလကို ဖြတ်ကျော်ရမည်ဖြစ်သည်။ ဤကဲ့သို့ စိမ်းသက်သော နေရာမျိုးတွင် အားအင်ချည့်နဲ့နေခြင်းမှာ အသက်အန္တရာယ်ရှိနိုင်ပေသည်။
သို့သော် ဤဆေးကို မသောက်ပါက အနောက်မှ အမြီးကို ဖြတ်ထုတ်နိုင်မည်မဟုတ်ရာ အားအင်မချည့်နဲ့မီ မြို့သို့ အမြန်ပြန်ရန်သာ ဆုံးဖြတ်လိုက်၏။
ဆေးသောက်ပြီးနောက် ရှောင်းယီသည် တစ်ဖက်သို့ ပြန်လှည့်ကာ ချာလီကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“ငါ့ကို ထပ်ပြီးလှည့်စားဦးမလို့လား။ အိမ်မက် မက်နေလိုက်။”
ဒေါသချောင်းချောင်းထွက်နေသော ချာလီက ဟိန်းဟောက်ကာ အရှိန်အကုန်တင်၍ ပြေးဝင်လာ၏။
ရှောင်းယီက ခပ်ယဲ့ယဲ့ပြုံးကာ ရွှမ်းယွမ်ဓားကို ဓားအိမ်မှဆွဲထုတ်ကာ ချာလီဆီသို့ တည့်တည့် ဆော်ထည့်လိုက်သည်။
ရွှမ်းယွမ်ဓားမှာ လေးလံသော ဓားအမျိုးအစား ဖြစ်၏။ ဤခုတ်ချက်မှာ အလွန်အားပါလှပြီး ချာလီသည် ရှောင်းယီ၏ အရှိန်ကို ခန့်မှန်းမှားသွားခဲ့သည်။
မနေ့ညက သူသည် ရှောင်းယီကို တစ်ချိန်လုံး ဖိနှိပ်ထားနိုင်ခဲ့သဖြင့် ပြိုင်ဘက်၏ အရှိန်ကို ကောင်းကောင်း သိထားသည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။
ယခုမူ အရာအားလုံး ပြောင်းလဲသွားပြီဖြစ်သည်။ ချာလီ တုံ့ပြန်ရန် မအားမီမှာပင် ရွှမ်းယွမ်ဓားသည် သူ၏ ဦးခေါင်းထက်သို့ ရောက်ရှိနေပြီဖြစ်သည်။
ချာလီသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး “ဘုန်း” ခနဲ အသံနှင့်အတူ သွေးမြူတိမ်တိုက်အဖြစ် ပေါက်ကွဲသွားခဲ့သည်။ ရှောင်းယီ၏ အမြင်အာရုံ ဝေဝါးသွားပြီးနောက် ချာလီသည် ၁၀ မီတာခန့် အကွာတွင် ရင်ဘတ်ကိုဖိကာ ဒူးတစ်ဖက်ထောက်လျက် ပြန်ပေါ်လာခဲ့သည်။
၎င်းကို ဓားချက်က ထိမှန်သွားသည်မှာ ထင်ရှား၏။ သူ၏ဝတ်ရုံမှာ စုတ်ပြဲသွားပြီး ဖြူဆွတ်နေသော အသားအရေကို မြင်လိုက်ရသည်။
“ဟူး... ဗန်ပိုင်းယားတွေက တကယ်ကို ဖြူဖျော့နေတာပဲ။”
ရှောင်းယီက အံ့သြစွာ ရေရွတ်ရင်း မနားတမ်း ချာလီဆီသို့ ထပ်မံပြေးဝင်သွားလိုက်၏။
ရွှမ်းယွမ်ဓား တိုးဝင်လာသည်ကို မြင်သောအခါ ချာလီသည် မိမိ မယှဉ်နိုင်တော့ကြောင်း သဘောပေါက်သွားခဲ့သည်။ ရှောင်းယီ၏ အရှိန်မှာ သူ လိုက်မမီနိုင်အောင် မြန်ဆန်လွန်းနေပြီဖြစ်၏။ သူသည် တုံ့ဆိုင်းမနေဘဲ စုတ်ပြဲနေသောဝတ်ရုံကို ဆွဲမကာ ထွက်ပြေးသွားလေတော့သည်။
ရန်သူ ထွက်ပြေးသွားသည်ကို မြင်သောအခါ ရှောင်းယီက လိုက်မတိုက်တော့ပေ။ သူ လိုက်လျှင်လည်း မိချင်မှမိမည်ဖြစ်သည်။ ထို့ကြောင့် လူရိုင်းစစ်တပ် ချန်ထားခဲ့သော လမ်းကြောင်းအတိုင်းသာ ဆက်လက် ရှာဖွေလိုက်၏။
ခဏကြာအောင် ပြေးလွှားပြီးနောက်တွင် ချာလီသည် ရှောင်းယီ လိုက်မလာသည်ကို သတိပြုမိသွားကာ ရပ်တန့်၍ စဉ်းစားလိုက်သည်။
“မဟုတ်ဘူး...။ သူက အားအင်တိုးအောင် လျှို့ဝှက်နည်းတစ်ခုခု သုံးထားပဲဖြစ်ရမယ်။ ဒါက အကြာကြီး ခံနိုင်မှာမဟုတ်ဘူး။”
၎င်းကို သဘောပေါက်သွားသည်နှင့် ချာလီသည် ချက်ချင်း နောက်ပြန်လှည့်လာပြန်၏။
၂၅ မိနစ်ကြာပြီးနောက် ရှောင်းယီသည် သူ၏ ရည်မှန်းချက်ဖြစ်သော ကင်းထောက်စစ်သည်၏ အလောင်းကို နောက်ဆုံးတွင် ရှာတွေ့သွားခဲ့သည်။ သူ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။
“တော်သေးတာပေါ့...ရူးသွပ်ဆေးရဲ့ အာနိသင် မကုန်သေးလို့။ မဟုတ်ရင် ဒုက္ခရောက်တော့မှာပဲ။”
ထိုအချိန်မှာပင် လေကိုခွဲထွက်လာသော ဝီစီသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရှောင်းယီသည် ရွှမ်းယွမ်ဓားကို ဝေ့ယမ်းကာ သူ၏ ညာဘက်အခြမ်းကို ကာကွယ်လိုက်၏။
“ဂလောင်”
တစ်ချိန်တည်းမှာပင် သူသည် ၎င်းကို ပြန်ကန်ထုတ်လိုက်သည်။
“ဘုန်း”
အနက်ရောင်အရိပ်တစ်ခုမှာ လွင့်ထွက်သွားပြီး မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် လိမ့်သွားပြီးမှ ရပ်တန့်သွားခဲ့သည်။
ချာလီသည် ပြန်လည် ထရပ်ကာ နှုတ်ခမ်းပေါ်မှ သွေးများကို သုတ်လိုက်ပြီး ယုတ်မာစွာ ရယ်မောလိုက်၏။
“တော်တော်ကြာကြာ ခံသားပဲ။ မင်း ဘယ်လောက်အထိ ဆက်တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့။”
ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်တစ်ခုကို ထုတ်ယူကာ အလောင်း၏ လက်ထဲသို့ ထည့်ပြီး အသက်သွင်းပေးလိုက်သည်။
ထို့နောက် သူက ချာလီကို ပြန်ပြောလိုက်၏။
“ကျုပ်ရဲ့ ခံနိုင်ရည်က ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်က ယောင်္ကျားချင်း စိတ်မဝင်စားဘူး။”
“ဟမ့် မင်းဘယ်လောက်အထိ နောက်ပြောင်နိုင်မလဲဆိုတာ ငါကြည့်ဦးမယ်။”
ထို့နောက် ချာလီသည် အနားမကပ်ရဲဘဲ အဝေးမှသာ စောင့်ကြည့်နေလိုက်သည်။
ပို့ဆောင်မှု မပြီးမချင်း ရှောင်းယီသည် အလောင်းကို စောင့်ကြပ်နေရမည်ဖြစ်သည်။ အကယ်၍ ချာလီသာ နှောင့်ယှက်ပါက အရာအားလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။
စက္ကန့် ၂၀ ကုန်လွန်သွားသောအခါ ကင်းထောက်၏ အလောင်းသည် ယီရန်ပင်းမဟာမိတ်ဆီသို့ တည်နေရာကူးပြောင်းပြီး ပြန်ရောက်သွားပြီဖြစ်သည်။
ရူးသွပ်ဆေး၏ အာနိသင်သည်လည်း သုံးမိနစ်ကျော်သာ ကျန်တော့သဖြင့် ရှောင်းယီသည် မျက်မှောင်ကျုံ့ကာ ချာလီဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်၏။
သို့သော် ချာလီသည် နှစ်ပေါင်းတစ်ထောင်ကျော် နေထိုင်လာသည့် မိစ္ဆာတစ်ကောင်ဖြစ်သည်။ သူသည် ရှောင်းယီ၏ ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိကာ အဝေးသို့ ထွက်ပြေးသွားခဲ့သည်။
“ဟားဟား... မင်းက အလောင်းတစ်ခုအတွက်နဲ့ ချိုင့်ဝှမ်းထဲကနေ ပြေးထွက်လာတာလား။ တကယ့် ငတုံးပဲ။”
ချာလီက အကွာအဝေးကို ထိန်းထားရင်း လှမ်းအော်လိုက်၏။ ရှောင်းယီ မည်မျှပင် အရှိန်မြှင့်ပါစေ ချာလီသည် အကွာအဝေးကို ထပ်တူညီအောင် ထိန်းထားနိုင်ခဲ့သည်။
ဗန်ပိုင်းယားများတွင် ၎င်းတို့၏ အရှိန်ကို မြှင့်တင်နိုင်သော အထူးနည်းလမ်းတစ်ခု ရှိနေသည်မှာ ထင်ရှားနေပေသည်။
“ဒီအတိုင်းဆိုရင် ငါတော့ သွားပြီ။”
ရှောင်းယီက ရေရွတ်လိုက်ပြီးနောက် အခြားတစ်ဖက်သို့ လှည့်ကာ ပိုဝေးရာအရပ်သို့ ထွက်ပြေးတော့လေသည်။
ဗန်ပိုင်းယား၏ အရှိန်မြှင့်တင်မှုက မည်မျှကြာမည်ကို သူ မသိသော်လည်း ရူးသွပ်ဆေးမှာမူ ကုန်ဆုံးတော့မည်ကို သူ သိသည်။ ထို့ကြောင့် အချိန်ရှိခိုက် အမြန်ဆုံး လွတ်အောင် ပြေးရပေတော့မည်။
အခန်း (၇၈၄) အုတ်မြစ်ကျောက်ကျွန်းကို ရှာဖွေတွေ့ရှိခြင်းနှင့် သစ္စာရှိသော အရိုးတွန်သံများ သူတစ်ပါးမြေတွင် မကျန်ရစ်စေရ
ရှောင်းယီသည် နောက်လှည့်ကြည့်ခြင်းမရှိဘဲ ချက်ချင်းထွက်ပြေးသွားသည်ကို မြင်သောအခါ ချာလီက တိုးတိုးလေး ကျိန်ဆဲလိုက်၏။
“ချီး ဒီကောင်က တော်တော်ပါးနပ်တာပဲ။ တစ်စက္ကန့်လေးတောင် အချိန်ဆွဲလို့မရဘူး။”
ချာလီသည် သူ၏ အမြန်နှုန်းကို မြှင့်တင်ရန် လျှို့ဝှက်နည်းလမ်းကို သုံးပြီး အနည်းဆုံး နှစ်မိနစ်ခန့် အချိန်ဆွဲထားရန် စီစဉ်ထားခဲ့သော်လည်း ရှောင်းယီက အလွန်ပြတ်သားလွန်းခဲ့သည်။
သို့သော် ထိုသို့ပြတ်သားခြင်းကပင် ရှောင်းယီ၏ စွမ်းအားတိုးမြှင့်မှုမှာ အချိန်ကုန်ဆုံးတော့မည်ဖြစ်ကြောင်း ချာလီကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။
“ဟားဟား... မင်း ဘယ်ကို ပြေးနိုင်မလဲ ကြည့်ကြသေးတာပေါ့။”
ချာလီသည် ဝမ်းသာအားရဖြင့် အနောက်မှ ထပ်ကြပ်မကွာ လိုက်လေတော့သည်။
ထွက်ပြေးနေစဉ်အတွင်း ရှောင်းယီသည် သူ၏ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်လိုက်၏။
ဤဝတ်စုံရှိပါက ဗန်ပိုင်းယား၏ တိုက်ခိုက်မှုမှ သူ အသက်ရှင်နိုင်မည်ဖြစ်သည်။ အမြန်နှုန်းကို အခြေခံသော ဗန်ပိုင်းယားတစ်ဦးအနေဖြင့် အကြွင်းမဲ့ကာကွယ်ရေးရှေ့တွင် ဘာမှတတ်နိုင်မည် မဟုတ်ပေ။
နှစ်မိနစ်ခန့်အကြာတွင် ချာလီ၏ လျှို့ဝှက်နည်းလမ်း အာနိသင်ကုန်ဆုံးသွားပြီး ရှောင်းယီက အကွာအဝေးကို လျင်မြန်စွာ ပြန်လည် ချဲ့ထွင်နိုင်ခဲ့သည်။ ရှောင်းယီသည် ပိုမိုမြန်ဆန်လာသော်လည်း ချာလီကို အပြတ်သတ်ဖြတ်ရန်အတွက် ရပ်မနေရဲပေ။
အဘယ်ကြောင့်ဆိုသော် မည်သည့်ဝှက်ဖဲများ ရှိနေမှန်းမသိသော ဗန်ပိုင်းယားတစ်ဦးကို စက္ကန့်အနည်းငယ်အတွင်း သေချာပေါက် သတ်နိုင်မည်ဟု သူ အာမ၊မခံနိုင်သောကြောင့် ဖြစ်သည်။
ထိုစက္ကန့်များကို အကွာအဝေးကို ခွာထုတ်ရန်၊ မြို့ပြန်ကျောက်ကို အသက်သွင်းရန်နှင့် မဟာမိတ်အဖွဲ့ဆီသို့ တိုက်ရိုက်ပြန်ရောက်ရန် အသုံးချခြင်းကသာ အဘေးကင်းဆုံး ရွေးချယ်မှုဖြစ်ပေသည်။
စက္ကန့် ၃၀ ခန့် အရှိန်ကုန်ပြေးပြီးနောက် သူသည် ရပ်တန့်ကာ မြို့ပြန်ကျောက်ကို အသုံးပြုရန် ပြင်လိုက်၏။
စက္ကန့် ၃၀ အကွာအဝေး အသာစီးရထားခြင်းမှာ ချာလီ လိုက်မီရန် ထိုအချိန်အတိုင်းအတာ လိုအပ်မည်ဖြစ်ရာ မြို့ပြန်ကျောက်ကို အသက်သွင်းရန် အချိန်လုံလောက်မှုရှိသည်။
သူ မြို့ပြန်ကျောက်ကို အသက်သွင်းခါနီးတွင် အဝေးရှိ တောအုပ်မှာ သူရှိနေသည့်နေရာနှင့် ကွဲပြားနေသည်ကို သတိထားမိလိုက်၏။
အဝေးရှိ သစ်ပင်များမှာ ပိုမိုသိပ်သည်းကာ စိမ်းစိုနေပြီး သူ့အနီးနားရှိ သစ်ပင်များမှာမူ ကျဲပါးနေခဲ့သည်။ ၎င်းသည် နယ်နိမိတ်မျဉ်းတစ်ခုက ၎င်းတို့ကို ပိုင်းခြားထားသကဲ့သို့ပင်။
လူသားတို့၏ ပြုပြင်ဖန်တီးမှုမရှိဘဲ အဘယ်ကြောင့် ဤမျှ ရုတ်တရက် ကွဲပြားနေရသနည်း။
ရှောင်းယီသည် မျက်မှောင်ကျြုံကာ ထိုတောအုပ်ကို လေ့လာလိုက်၏။
“အုတ်မြစ်ကျောက်ကျွန်းမှ ထွက်ပေါ်လာသော တောအုပ်”
စနစ်က အသိပေးလာခဲ့သည်။
“ဘာ...”
သူ အံ့အားသင့်သွား၏။ ဤကဲ့သို့ ကုန်းမြေကြီး၏ အတွင်းပိုင်းထဲတွင် အုတ်မြစ်ကျောက်ကျွန်း တစ်ကျွန်း မည်သို့ ရှိနေနိုင်မည်နည်း။
မဖြစ်နိုင်တာ...။
အခု ဘာဆက်လုပ်ရမလဲ။
သမန်းဝံပုလွေမျိုးနွယ်၏ တည်နေရာကူးပြောင်းခြင်းအစီအရင်မှာလည်း ဖျက်သိမ်းပြီးပြီဖြစ်သည်။ အကယ်၍ သူ ယခု ထွက်ခွာသွားပါက နောက်တစ်ကြိမ် ပြန်လာရန် ခက်ခဲပေလိမ့်မည်။
သူ ဆက်နေမည်ဆိုပါကလည်း လိုက်လံတိုက်ခိုက်သူများက နီးကပ်လာနေပြီဖြစ်ကာ သူသည်လည်း မကြာမီ အားအင်ချည့်နဲ့သည့် အခြေအနေသို့ ရောက်ရှိတော့မည်ဖြစ်သည်။
သူသည် အံကြိတ်ကာ မြို့ပြန်ကျောက်ကို အိတ်ထဲပြန်ထည့်ပြီး သူ၏ ခြေရာများကို ဖျက်ဆီးလျက် ထိုကျွန်းဘက်သို့ တိုးဝင်သွားခဲ့၏။
အချိန် ၁၀ စက္ကန့်ခန့်သာ ကျန်တော့သဖြင့် သူသည် ကျွန်း၏ အတွင်းပိုင်းထဲသို့ အားကုန်သုံး၍ ပြေးဝင်လိုက်သည်။
ခဏအကြာတွင် ချာလီ ရောက်ရှိလာခဲ့သော်လည်း ခြေရာများမှာ တစ်နေရာတည်းတွင်တင် ပျောက်ကွယ်နေခဲ့၏။
“တောက် သူ မြို့ပြန်ကျောက်ကို သုံးသွားတာပဲ ဖြစ်ရမယ်။”
ချာလီက ကျိန်ဆဲလိုက်သည်။
“သူ့ရဲ့ စွမ်းအားက ဒီလောက်တောင် ကြာတယ်တဲ့လားကွာ...။”
လက်မလျှော့ချင်သော ချာလီသည် ပတ်ဝန်းကျင်တွင် ရှာဖွေကြည့်သော်လည်း မည်သည့်ခြေရာကိုမျှ မတွေ့ရတော့ပေ။ ရှေ့တွင် သိပ်သည်းလှသော တောအုပ်ကြီးကိုသာ တွေ့နေရ၏။ ထိုအခါ သူသည် မျက်နှာပျက်သွားခဲ့ပြီးနောက် နောက်လှည့်မကြည့်ဘဲ ထွက်ပြေးသွားတော့လေသည်။
သိပ်သည်းသော တောအုပ်ထဲမှနေ၍ ရှောင်းယီသည် ချာလီ၏ တုံ့ပြန်မှုကို ကြည့်ကာ ပို၍ပင် အံ့သြသွားခဲ့သည်။
“ဒီအုတ်မြစ်ကျောက်ကျွန်းက တကယ့်ကို ထူးခြားတာပဲ။”
သူသည် ထိုသို့တွေးတောရင်း ရွှမ်းယွမ်ဓားကို တင်းတင်းဆုပ်ကာ သတိဖြင့် ရှေ့ဆက်တိုးသွားလိုက်၏။
ထိုအချိန်တွင် အားအင်ချည့်နဲ့မှုလှိုင်းတစ်ခု ရိုက်ခတ်လာပြီး သူ၏ ဒူးများမှာ ပျော့ခွေသွားကာ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ သူသည် ရွှမ်းယွမ်ဓားကို မြေကြီးထဲသို့ ထိုးစိုက်ကာ ကိုယ့်ကိုယ်ကိုယ် ထိန်းထားလိုက်ရ၏။
ထိုစဉ် မျက်လုံးများ စူးရှကာ နဖူးတွင် အဖြူကွက်ပါသော ကျားတစ်ကောင်သည် သူ၏အနောက်မှ ခုန်ထွက်လာခဲ့သည်။ လေတိုးသံကို ကြားသည်နှင့် ရှောင်းယီသည် လျင်မြန်စွာ နောက်လှည့်လိုက်ပြီး ဓားကို သားရဲဆီသို့ ချိန်ရွယ်လိုက်၏။
ကျားကြီးသည် ဟိန်းဟောက်ကာ နောက်ပြန်လှည့်ပြီး ထွက်ပြေးသွားတော့သည်။
“ကျား (SS အဆင့်): ကြီးမားသော ကြောင်မျိုးနွယ်ဝင်...”
“ဝင်ပေါက်မှာတင် အဆင့်မြင့်သားရဲ ရှိနေတာလား။”
သူ မျက်မှောင်ကျုံလိုက်မိ၏။ ယခုကဲ့သို့ အားအင်ကုန်ခမ်းနေသည့် အခြေအနေတွင် ဆက်လက်စူးစမ်းရန်မှာ မသင့်တော်ပေ။
သို့သော် ဤကျွန်းသည် အဘယ်ကြောင့် ဒေသခံများ၏ နယ်မြေအလယ်တွင် ရှိနေရသနည်း။ ချာလီသည်လည်း ၎င်းကို မြင်မြင်ချင်း အဘယ်ကြောင့် ထွက်ပြေးသွားရသနည်း။
ဤကမ္ဘာကြီးကို နားလည်ရန်အတွက် ဤအဖြေများမှာ အလွန်အရေးကြီးကြောင်း သူ ခံစားမိနေခဲ့သည်။
“ဒါဆိုရင် ဒီမှာ သုံးနာရီလောက် စောင့်လိုက်မယ်။ အားအင်ချည့်နဲ့တဲ့ အာနိသင် ပျောက်သွားတာနဲ့ ငါ ဆက်ပြီး စူးစမ်းမယ်။”
သူ ဆုံးဖြတ်လိုက်သည်။
SSS အဆင့်ရှိသော ရွှမ်ယွမ်ဓားဖြင့် SS အဆင့်ကျားကို ခြောက်လှန့်လိုက်ပြီးပြီ ဖြစ်ရာ အခြားသားရဲများသည်လည်း အချိန်တိုအတွင်း ချဉ်းကပ်လာမည် မဟုတ်ပေ။
ထို့ကြောင့် သူသည် သစ်ပင်ကြီးတစ်ပင်ကို ရွေးချယ်ကာ ကျန်ရှိသော အားအင်များကို စုစည်း၍ သစ်ပင်ပေါ်သို့ တက်လိုက်ပြီး ခိုင်ခံ့သော သစ်ကိုင်းတစ်ခုပေါ်တွင် နားခိုလိုက်၏။
မဟာမိတ်အဖွဲ့တွင်မူ ကျန်းယွင်ထျန်းသည် မြို့ပြန်ကျောက် ဆိုက်ရောက်မည့်နေရာတွင် စောင့်ဆိုင်းနေခဲ့သည်။ ရှောင်းယီသည် ဤနေရာ သို့မဟုတ် သူ၏ အိပ်ခန်းတွင်သာ ပေါ်လာနိုင်သည်ကို သူ သိထား၏။ အိပ်ခန်းတွင်မူ အန်းရန်က စောင့်နေပြီး ဖြစ်သည်။
ထုတ်ပေးထားသမျှ မြို့ပြန်ကျောက်များအားလုံးမှာ ဤနေရာသို့သာ ပြန်ရောက်ရန် သတ်မှတ်ထားခြင်း ဖြစ်သည်။
တစ်နာရီနီးပါး ကြာသွားပြီဖြစ်သော်လည်း ရှောင်းယီ ပြန်မရောက်လာသေးသလို ကျန်းယွင်ထျန်း၏ ဖုန်းထဲတွင်လည်း မည်သည့် သတင်းစကားမျှ တက်မလာခဲ့ပေ။
အကယ်၍ ရှောင်းယီသာ အိပ်ခန်းထဲသို့ ရောက်သွားပါက အန်းရန်က အဖွဲ့ထဲသို့ ချက်ချင်း အသိပေးမည် ဖြစ်သည်။
ဤတိတ်ဆိတ်မှုက ကျန်းယွင်ထျန်းအား စိုးရိမ်ပူပန်စေခဲ့သည်။
“သူ့မှာ ရူးသွပ်ဆေး ရှိတာပဲ သူ အဆင်ပြေမှာပါ။”
သူသည် ကိုယ့်ကိုယ်ကိုယ် ဤသို့သာ နှစ်သိမ့်နေမိ၏။
ရုတ်တရက် ဆိုက်ရောက်မည့်နေရာတွင် အလင်းရောင် တစ်ချက် လက်လက်သွားခဲ့သည်။ ကျန်းယွင်ထျန်းသည် ဝမ်းသာအားရ ခုန်ထလိုက်သော်လည်း မြေပြင်ပေါ်တွင် ပေါ်လာသော ပုံရိပ်ကို မြင်လိုက်ရသည့်အခါ သူ၏ နှလုံးသားမှာ နစ်မွန်းသွားခဲ့၏။
သူ အနားသို့ အပြေးသွားကြည့်လိုက်ရာ ယခင်က သေဆုံးသွားခဲ့သော ကင်းထောက်စစ်သည်၏ အလောင်း ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူ၏ ရင်ထဲ၌ နွေးထွေးမှုတစ်ခု ဖြတ်စီးသွားခဲ့သည်။
ရှောင်းယီသည် သူ၏ အသက်ကို ရင်းပြီး အနောက်မှာ ကျန်ရစ်ခဲ့ခြင်းမှာ သူတို့၏ ကျဆုံးသွားသော ရဲဘော်ကို အိမ်သို့ ပြန်ခေါ်လာပေးရန်အတွက် ဖြစ်သည်။ ကျန်းယွင်ထျန်း အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရ၏။
စစ်သည်များအနေဖြင့် စစ်မြေပြင်တွင် သေဆုံးရန် အမြဲအသင့်ရှိနေကြသော်လည်း သူတို့အားလုံး၏ ဆန္ဒမှာ မိမိတို့၏အရိုးများကို မိမိတို့၏မိခင်မြေတွင်သာ မြှုပ်နှံလိုကြခြင်းဖြစ်သည်။
ဤမြင်ကွင်းက ကျန်းယွင်ထျန်းကို သူတို့၏ ကမ္ဘာဟောင်းမှ ရှေးဟောင်းရှားနိုင်ငံက သူတို့၏ကျဆုံးသွားသော စစ်သည်တော်များကို မိခင်မြေသို့ ပြန်လည်ပို့ဆောင်ပေးသည့် အဖြစ်အပျက်ကို သတိရစေကာ မျက်ရည်ဝဲစေခဲ့သည်။
“သစ္စာရှိတဲ့ အရိုးတွန်သံတွေကို ဘယ်သူကများ သူတစ်ပါးမြေမှာ ကျန်ရစ်စေချင်မှာလဲ။”
ကျန်းယွင်ထျန်းသည် အလောင်းကို သယ်ယူသွားရန် အခြားသူများကို လွှဲပြောင်းပေးလိုက်ပြီးနောက် ဤအကြောင်းကို အန်ယွဲ့ထံ သတင်းပို့လိုက်သည်။ ရှောင်းယီ လုပ်ဆောင်ခဲ့သည့် စွမ်းဆောင်ချက်အား လူတိုင်းကို သိစေချင်၏။
အန်ယွဲ့သည်လည်း ချက်ချင်း နားလည်သွားကာ အစည်းအဝေးတစ်ခု ခေါ်ယူလိုက်ပြီး ဝါဒဖြန့်ချိရေးဌာနကို ဂုဏ်ပြုစာလွှာတစ်ခု ရေးသားရန် တာဝန်ပေးလိုက်သည်။
သို့သော် အလောင်း ပြန်ရောက်လာပြီးနောက် ကျန်းယွင်ထျန်းသည် ဆက်လက် စောင့်ဆိုင်းနေခဲ့သော်လည်း ရှောင်းယီ၏ အရိပ်အယောင်ကို မတွေ့ရသေးပေ။ သူသည် စိုးရိမ်စိတ်ဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိ၏။
ဘီးးးးး
ထိုစဉ် သူ၏ ဖုန်းမြည်လာခဲ့သည်။ သူ ချက်ချင်း ဖုန်းကိုင်လိုက်၏။
“အန်းရန် ကျွန်းပိုင်ရှင် ပြန်ရောက်ပြီလား။”
“မရောက်သေးဘူး... ကျွန်မလည်း ရှင့်ကို လှမ်းမေးမလို့ပဲ။”
အန်းရန်၏ အသံမှာလည်း အလွန် စိုးရိမ်ပူပန်နေပုံရသည်။
၎င်းကို ကြားသောအခါ ကျန်းယွင်ထျန်းက အမြန်ပြောလိုက်သည်။
“စိတ်အေးအေးထားပါ။ သူ အဆင်ပြေမှာပါ။ သူ့မှာ ရူးသွပ်ဆေးလုံးနဲ့ ကာကွယ်ရေးဝတ်စုံ ရှိတယ်။ သူ သေချာပေါက် အဆင်ပြေမှာပါ... အဆင်ပြေရမှာပါ။”
ထိုစကားလုံးများသည် အန်းရန်အတွက်သာမက မိမိကိုယ်ကိုယ် နှစ်သိမ့်ရန်အတွက်လည်းဖြစ်၏။
“သူ အန္တရာယ်ကင်းမယ်လို့ ကျွန်မလည်း ယုံကြည်ပါတယ်။”
အန်းရန်က ပြန်ဖြေလိုက်သည်။
မိနစ်များသည် တရွေ့ရွေ့ ကုန်လွန်သွားခဲ့သော်လည်း သတင်းမကြားရသေးပေ။ အန်းရန်နှင့် အခြားသူများမှာ ထိုင်မရ ထရမဖြစ်အောင်ပင် စိုးရိမ်နေကြရလေသည်။
ယခင် ခရီးစဉ်များတွင် ရှောင်းယီသည် အနည်းဆုံး သင်္ဘောဖြင့် သွားလာခဲ့ခြင်းဖြစ်ရာ လမ်းခရီးမှ သတင်းပို့နိုင်သော်လည်း ယခုတစ်ကြိမ်တွင်မူ မည်သည့် ဆက်သွယ်ရေး လမ်းကြောင်းမျှ ရှိမနေခဲ့ချေ။