← Chapters

အခန်း (၇၈၅-၇၈၆)

Vol. 62 Ch. 785-786

အခန်း (၇၈၅-၇၈၆)

Vol. 62 Ch. 785-786

အခန်း (၇၈၅) စိုးရိမ်ပူပန်မှုနှင့် သဲအဖြစ်သို့ ပြောင်းလဲသွားသော အဆောက်အဦးများ

နေမင်းမှာ မွန်းတည့်ချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး လူတိုင်းသည် ဟင်းလျာများ အပြည့်တင်ထားသည့် ထမင်းစားပွဲတွင် ဝိုင်းထိုင်နေကြသော်လည်း မည်သူမျှ ထမင်းစားရန် လက်မလှုပ်နိုင်ကြပေ။

“ကျွန်းပိုင်ရှင်က တစ်ခုခုကြောင့် ကြန့်ကြာနေတာ ဖြစ်မှာပါ။”

လီယန်က တိတ်ဆိတ်ခြောက်ကပ်နေသော အခြေအနေကို ဖြိုခွင်းလိုက်သည်။

“ကျွန်းပိုင်ရှင်က အရမ်းအစွမ်းထက်တာပဲ။ သူ အဆင်ပြေမှာပါ။”

ကျန်းရွှဲ့ကလည်း အားလုံးကို နှစ်သိမ့်ပေးလိုက်၏။

အန်းရန်ကမူ စိုးရိမ်ပူပန်နေဆဲဖြစ်သည်။

“ဒါပေမဲ့ သူကိုယ်တိုင်လည်း ပြောဖူးတယ်လေ။ ဒီကမ္ဘာမှာ ဘယ်အင်အားစုကိုမှ လျှော့မတွက်သင့်ဘူးလို့။ သူ အနိုင်တိုက်ဖို့ ခက်ခဲတဲ့ ပြိုင်ဘက်မျိုးနဲ့ တွေ့နေတာများလား။”

“ရန်ရန် သိပ်ပြီး စိတ်မပူပါနဲ့။ ကျွန်းပိုင်ရှင်က သာမန်လူ မဟုတ်ဘူး။ သူ သေချာပေါက် အဆင်ပြေမှာပါ။”

အန်ယွဲ့က အခိုင်အမာ ပြောလိုက်သည်။ သို့သော် ဤကဲ့သို့သော နှစ်သိမ့်မှုများမှာ အန်းရန်အတွက် ထိရောက်မှု မရှိလှပေ။

ထိုစဉ် လူတိုင်းရှေ့တွင် စကားပြောလေ့မရှိသော လုပင်းအာက သတိထားလျက် ပြောလာခဲ့သည်။

“တကယ်တော့ အားလုံး စိုးရိမ်စရာ မလိုပါဘူး။”

လူတိုင်း၏ အကြည့်မှာ လုပင်းအာဆီသို့ ချက်ချင်း ရောက်သွားခဲ့၏။ လုပင်းအာသည် ပို၍ပင် ရှိန်သွားသော်လည်း သူမသည် မျက်နှာလေး နီမြန်းလျက်နှင့် ဆက်ပြောလိုက်သည်။

“ကျွန်မနဲ့ ကျွန်းပိုင်ရှင်ကြားမှာ စာချုပ်ရှိပါတယ်။ စာချုပ်ရဲ့ စွမ်းအားကတစ်ဆင့် ကျွန်းပိုင်ရှင်မှာ အန္တရာယ် မရှိဘူးဆိုတာကို ကျွန်မ ခံစားလို့ရနေတယ်။”

လုပင်းအာ၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။

“ဟုတ်သားပဲ။ စာချုပ်ချုပ်ထားတဲ့သူ နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အာရုံခံလို့ရတာကို ငါတို့ ဘာလို့ မေ့နေကြတာလဲ။”

အန်ယွဲ့က အံ့အားသင့်တကြီး ရေရွတ်လိုက်၏။ ကျန်းယွင်ထျန်းကလည်း ခေါင်းညိတ်ကာ အမြန်မေးလိုက်သည်။

“ပင်းအာ မင်း ကျွန်းပိုင်ရှင်ဆီကို လှမ်းဆက်သွယ်ပြီး အခြေအနေ မေးကြည့်လို့ရမလား။”

လုပင်းအာက ခေါင်းခါပြကာ တိုးတိုးလေး ပြန်ဖြေလိုက်သည်။

“စာချုပ်ချုပ်ဆိုခံရသူဘက်ကနေ အချက်အလက်တွေကို စတင်ပြီး ပေးပို့လို့ မရပါဘူး။ စာချုပ်ချုပ်ဆိုသူသခင်ဘက်ကပဲ လုပ်လို့ရတာပါ။”

“အဲဒါ အမှန်ပဲ။ အရင်က ကျွန်မကို ဒေသခံမှော်ဆရာက စာချုပ်ချုပ်ထားတုန်းကလည်း သူကပဲ ကျွန်မဆီကို ထွက်ပြေးဖို့ ဒါမှမဟုတ် သတ်ဖို့ အမိန့်တွေ လှမ်းပို့လို့ရတာ။ ကျွန်မဘက်က သူ့ကို ဘာမှ ပြန်ပြောလို့ မရဘူး။”

ကျန်းရွှဲ့က ရှင်းပြလိုက်သည်။

ထိုအခါမှသာ အန်းရန် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့လေသည်။

“ကျွန်းပိုင်ရှင် အန္တရာယ်ကင်းနေသေးတယ်ဆိုရင် ငါတို့ဘက်က သူ့ရဲ့ နောက်ပိုင်းအရေးကိစ္စတွေကို သေချာ စီမံပေးထားကြတာပေါ့။”

စိုက်ပျိုးရေးပညာရှင်ယွမ်နွန်က ပြောလိုက်၏။

“ဟုတ်တယ် အားလုံးပဲ ထမင်းစားကြရအောင်။ စားပြီးရင် ကိုယ်လုပ်စရာရှိတာတွေ ဆက်လုပ်ကြမယ်။”

အန်ယွဲ့က တိုက်တွန်းလိုက်သည်။

အန်းရန်က ထမင်းစားရင်း အနည်းငယ်စဉ်းစားကာ လုပင်းအာကို မှာကြားလိုက်၏။

“ထူးခြားတာ တစ်ခုခု ခံစားရရင် ငါ့ကို သေချာပေါက် ပြောပြပါနော်။”

လုပင်းအာက ချက်ချင်း ခေါင်းငြိမ့်ပြလိုက်သည်။

ရှောင်းယီသည် သုံးနာရီကြာ အားအင်ချည့်နဲ့သည့် ကာလကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်သည်။

သူသည် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှမ်းယွမ်ဓားကို ကိုင်ထားသဖြင့် သားရဲတိရစ္ဆာန်များမှာ သူ့ကို ကြောက်ရွံ့၍ ရှောင်ရှားသွားခဲ့ကြ၏။ ရံဖန်ရံခါ တိုက်ခိုက်လာသူများ ရှိသော်လည်း ဝတ်စုံ၏ ကာကွယ်မှုကို မဖောက်ထွင်းနိုင်ကြပေ။

သူသည် တောထဲမှ တောရိုင်းသစ်သီးအချို့ကို ရှာဖွေစားသောက်ကာ ဗိုက်ဖြည့်လိုက်၏။ စိုက်ပျိုးရေးပညာရှင် ယွမ်နွန်နှင့် တောတွင်းရှင်သန်ရေး ကျွမ်းကျင်သူ ကျန်းယွင်ထျန်းတို့ထံမှ သင်ယူထားသည်များက သူ့အတွက် အသုံးဝင်လှသည်။

“ငါ ပညာတွေ ပိုပြီး သင်ယူဖို့ လိုသေးတယ်။ ဘယ်အချိန်မှာ ဘာသုံးရမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။”

ရှောင်းယီက သက်ပြင်းချကာ သတိဖြင့် ဆက်လက် ထွက်ခွာသွားခဲ့သည်။

တောအုပ်ထဲတွင် ပေါင်းပင်များမှာ လူတစ်ရပ်မက မြင့်မားနေသဖြင့် လမ်းလျှောက်ရသည်မှာ ခက်ခဲလှ၏။ ကံကောင်းထောက်မစွာဖြင့် သူ၏လက်ထဲတွင် ရွှမ်းယွမ်ဓား ရှိနေ၍သာ မြက်တောထဲမှ အဆိပ်ရှိ သတ္တဝါများကို မကြောက်ရခြင်းဖြစ်သည်။

သို့သော် ရှောင်းယီ အံ့သြသွားသည်မှာ ဤတောထဲရှိ သတ္တဝါများအားလုံးမှာ အဆင့်အလွန်မြင့်မားနေခြင်း ပင်။ လမ်းတစ်လျှောက်တွင် S အဆင့်အောက်ရှိသော သတ္တဝါ တစ်ကောင်မျှ မတွေ့ခဲ့ရပေ။

“ဒါ ဘယ်သူ့ကျွန်းလဲ။ တောထဲက သတ္တဝါတွေရဲ့ အဆင့်က ဘာလို့ ဒီလောက်တောင် မြင့်နေရတာလဲ။”

သူ တွေးနေမိ၏။

“တစ်ခုခုတော့ မှားနေပြီ။ အကယ်၍ အသက်ရှင်ကျန်ရစ်သူရဲ့ ကျွန်းက တိုက်သစ်ကြီးရဲ့ အလယ်ဗဟိုမှာ ကျရောက်နေတာဆိုရင် အဲဒီကျွန်းက ကမ်းခြေရှိမှာ မဟုတ်ဘူး။ ကမ်းခြေမရှိရင် ပစ္စည်းသေတ္တာတွေလည်း ရမှာမဟုတ်ဘူး။ အဲဒီတော့ အုတ်မြစ်ကျောက်တွေကို ဘယ်ကရမှာလဲ။ တောထဲက ရတနာသေတ္တာတွေကိုပဲ အားကိုးရမှာလား။”

ရှောင်းယီ၏ ခေါင်းထဲတွင် မေးခွန်းထုတ်စရာများဖြင့် ပြည့်နှက်သွားခဲ့သည်။

နောက်ထပ် ပြဿနာတစ်ခုမှာ သူ ဤကျွန်း၏ အတွင်းပိုင်းထဲသို့ ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း မည်သည့် အသက်ရှင်ကျန်ရစ်သူကိုမျှ မတွေ့ရခြင်းဖြစ်သည်။

“ဒီကျွန်းကလူတွေက ဘယ်သူမှ ကျူးကျော်မှာ မကြောက်လောက်အောင်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေကြတာလား။”

ရှောင်းယီက မျက်မှောင်ကျုံ့ကာ စဉ်းစားလိုက်၏။

တစ်ကီလိုမီတာခန့် ထပ်လျှောက်ပြီးနောက် တောအုပ်အတွင်း လမ်းကြောင်းတစ်ခုကဲ့သို့ ဟနေသည့် နေရာကို သူ တွေ့လိုက်ရသည်။

ထိုနေရာတွင် သစ်ပင်များ သို့မဟုတ် ပေါင်းပင်များ မပေါက်ဘဲ သစ်ရွက်ခြောက်များသာ ထူထပ်စွာ ဖုံးလွှမ်းနေခဲ့သည်။ ရှောင်းယီသည် သစ်ရွက်ခြောက်များကို ဖယ်ရှားလိုက်ရာ ပုပ်စော်နံသော အနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ ရွှမ်းယွမ်ဓားဖြင့် ထပ်မံ ယက်ထုတ်လိုက်ရာ နောက်ဆုံးတွင် ကျောက်ပြားများ ခင်းထားသော မြေပြင်တစ်ခုကို တွေ့လိုက်ရလေသည်။

၎င်းသည် သိသာထင်ရှားစွာပင် လူလုပ်လမ်းကြောင်း တစ်ခုပင်။

သို့သော် သစ်ရွက်ခြောက်များမှာ အလွန်ထူထပ်နေပြီး အောက်ခြေရှိ ကျောက်ပြားများမှာလည်း ဆွေးမြည့်နေပြီ ဖြစ်သည်။

“ဒီလမ်းပေါ်မှာ လူမသွားတာ တော်တော်ကြာပြီ ထင်တယ်။”

ရှောင်းယီက ရေရွတ်ရင်း ထိုကျောက်လမ်းအတိုင်း ဆက်လျှောက်သွားခဲ့၏။

သစ်ရွက်ခြောက်များ ထူသော်လည်း မြက်တောထဲ၌ လျှောက်ရသည်ထက်စာလျှင် ပို၍ လွယ်ကူလှသည်။

မီတာ ၇၀၀ ခန့် ဆက်သွားပြီးနောက် လမ်းဘေးတွင် အဆောက်အဦးများ၏ အကြွင်းအကျန် အပျက်အစီးများကို တွေ့လိုက်ရလေသည်။

ရှောင်းယီသည် အနားသို့သွားကာ ကျန်ရှိနေသော နံရံတစ်ခုကို ထိကြည့်ရန် လက်လှမ်းလိုက်၏။ သူ ထိလိုက်သည်နှင့် နံရံမှာ ချက်ချင်းပင် ပြိုကျသွားပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားတော့လေသည်။ ထိုအထဲတွင် သံချောင်းများကိုပင် သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

ဆိုလိုသည်မှာ ဤအဆောက်အဦးသည် သံကူကွန်ကရစ်ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သော်လည်း ရာသီဥတုဒဏ်ကြောင့် ဤကဲ့သို့ ဖြစ်သွားရခြင်း ဖြစ်သည်။

‘တိုက်ခန်း- သံကူကွန်ကရစ် တည်ဆောက်ပုံ...’ ဟူသော စနစ်၏ အသိပေးချက်က ရှေ့မှ အဆောက်အဦး၏ တည်ဆောက်ပုံကို အတည်ပြုပေးလိုက်၏။

“ဒီသံကူကွန်ကရစ်တွေ ဒီလောက်ဖြစ်သွားရအောင် ဒီကျွန်းက ဘယ်လောက်တောင် ကြာပြီလဲ။”

ရှောင်းယီသည် အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

စနစ်က ဤမေးခွန်းကို ပြန်မဖြေခဲ့ပေ။

ရှောင်းယီမှာ ရှေ့သို့ ဆက်လျှောက်ရန်သာ ရှိတော့၏။ သူ ဖြတ်သန်းသွားသမျှ အဆောက်အဦးအပျက်အစီးမများမှာ ချက်ချင်းပင် ဖုန်မှုန့်များအဖြစ် မြေပေါ်သို့ ကြွေကျကုန်ကြသည်။

ဒီနေရာမှာ လူမရှိတာ တော်တော်ကို ကြာခဲ့ပြီပဲ။

သူသည် ဆက်လက် ထွက်ခွာခဲ့ရာ လူနေအဆောက်အဦးများ ပိုမိုများပြားလာသော်လည်း အားလုံးမှာ ပျက်စီးယိုယွင်းနေ၏။ ရှောင်းယီ ဖြတ်သွားသည့်အခါ ၎င်းတို့မှာ သဲပူပုံများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။

“ဒီလူနေရပ်ကွက်က စတုရန်းမီတာ သန်းပေါင်းများစွာ ကျယ်လိမ့်မယ်။”

ရှေ့မှ မြို့ရိုးအတွင်းပိုင်း ဧရိယာကို ကြည့်ကာ ရှောင်းယီ တွေးလိုက်မိသည်။

သူသည် မြို့ရိုးအနားသို့ ရောက်နေပြီဖြစ်ရာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။ ရှောင်းယီသည် ခြေလှမ်းကို အရှိန်မြှင့်ကာ မြို့ရိုးအတွင်းဘက်သို့ ဝင်ရောက်လိုက်၏။

သူ ချဉ်းကပ်သွားသည်နှင့် ကျန်ရှိနေသော အဆောက်အဦး အကြွင်းအကျန်များ အားလုံး ပျောက်ကွယ်သွားခဲ့သည်။ မြို့ရိုး၏ အလယ်ဗဟိုတွင် အနက်ရောင် ကျောက်တိုင်တစ်ခုမှာ သဲများကြားတွင် ထက်ဝက်ခန့် ပေါ်နေခဲ့လေသည်။

၎င်းမှာ အသက်ရှင်ကျန်ရစ်သူတိုင်းတွင် ရှိသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပင်ဖြစ်သည်။

ရှောင်းယီသည် ကျောက်တိုင်အနားသို့ သွားကာ ပတ်ဝန်းကျင်မှ သဲများကို ဖယ်ရှားလိုက်၏။ ကျောက်တိုင်မှာ မှောင်မည်းနေပြီး မည်သည့် အချက်အလက်မျှ မမြင်ရပေ။

ရှောင်းယီ သက်ပြင်းချလိုက်မိသည်။ ဤကျောက်တိုင်ကို မသိမ်းပိုက်မီ ယခင်ပိုင်ရှင်၏ အချက်အလက်အချို့ ကျန်ရှိနေဦးမလားဟု သူ မျှော်လင့်ခဲ့သော်လည်း ယခုမူ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်သွားခဲ့ရသည်။

သိမ်းပိုက်ခြင်း မခံရမီ ကျောက်တိုင်တွင် မူလပိုင်ရှင်၏ အချက်အလက်များ ရှိနေမည်ဖြစ်သော်လည်း သိမ်းပိုက်ပြီးပါက မြေပုံနှင့် ထုတ်လုပ်မှုစာရင်းမှလွဲ၍ ကျန်ရှိသော အချက်အလက်များမှာ ပျောက်ကွယ်သွားမည်ဖြစ်သည်။

မည်သည့် အချက်အလက်မျှ မရှိတော့သဖြင့် ရှောင်းယီသည် ကျောက်တိုင်ကို လက်ဖြင့် ထိလိုက်၏။

ကျောက်တိုင်မှာ ချက်ချင်းပင် လင်းထိန်လာပြီး ‘သိမ်းပိုက်မည်လား သို့မဟုတ် ဖျက်ဆီးမည်လား’ ဟု မေးလာခဲ့သည်။

“ငါ့ရဲ့ လက်အောက်ခံကျွန်းအဖြစ် သိမ်းပိုက်မယ်။”

ရှောင်းယီက ပြတ်သားစွာ ရွေးချယ်လိုက်၏။ ဤကဲ့သို့သော အုတ်မြစ်ကျောက်ကျွန်းကို စွန့်လွှတ်၍ မဖြစ်ပေ။

သိမ်းပိုက်ပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ ဆောက်လုပ်ရေးစာမျက်နှာကို ချက်ချင်း ကြည့်လိုက်သည်။

“ဒါက...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။”

ရှောင်းယီသည် ဟာလာဟင်းလင်း ဖြစ်နေသော ဆောက်လုပ်ရေးစာမျက်နှာကို ကြည့်ကာ နောက်တစ်ကြိမ် အံ့အားသင့်သွားရတော့သည်။

အခန်း ၇၈၆- အန်းရန်နှင့် ဆက်သွယ်ခြင်း၊ မဟာမိတ်အဖွဲ့အတွင်း ပြဿနာတက်ခြင်း

မူလက အခြားအသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်သည့်အခါ ၎င်းတို့၏ ဆောက်လုပ်ရေးစာမျက်နှာများနှင့် ပုံစံကွက် အမျိုးမျိုးမှာ ကျန်ရှိနေရမည် ဖြစ်သော်လည်း ယခုကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ဆောက်လုပ်ရေးမျက်နှာပြင်မှာမူ လုံးဝ ဗလာဖြစ်နေ၏။

ဆိုလိုသည်မှာ ဤကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဖြင့် မည်သည့်အရာကိုမျှ တည်ဆောက်၍မရဟု ဆိုလိုခြင်းလော။

သို့သော် ထိုတိုက်ခန်းများနှင့် အခြားအဆောက်အဦးများသည် ဤကျွန်းပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများက အုတ်တစ်ချပ်စီ စီပြီး ကိုယ်တိုင်ဆောက်ခဲ့ကြခြင်းလော။

မဖြစ်နိုင်ပါ။

ကျွန်းပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများသည် ဆောက်လုပ်ရေးအဖွဲ့တစ်ခု ဖွဲ့စည်းနိုင်သည်အထိ တိုက်ဆိုင်နေစရာ အကြောင်းမရှိပေ။

မျှော်လင့်ထားသည့်အတိုင်းပင် မြေပုံသည်လည်း ဗလာဖြစ်နေပြီး ဤကျွန်းရှိသည့်နေရာ တစ်ခုတည်း၌သာ လင်းလက်နေခဲ့သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ စာတန်းကို ကြည့်လိုက်ရာ “ပင်မကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ သက်ဆိုင်ရာ အချက်အလက်များကို ရယူမလား” ဟု ပေါ်နေ၏။

ရှောင်းယီစည် ခေါင်းကိုခါယမ်းလိုက်ပြီး “ဟုတ်ကဲ့” ခလုပ်ကိုသာ နှိပ်လိုက်သည်။

ဤကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် အခြားအချက်အလက်များ မရှိသဖြင့် ပင်မကျွန်းမှ ဒေတာများကိုသာ ရယူရန် ရွေးချယ်နိုင်တော့သည်။

ပင်မကျွန်း၏ ဒေတာများကို ထည့်သွင်းပြီးနောက် ထိုကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ဆောက်လုပ်ရေးမျက်နှာပြင်နှင့် မြေပုံမှာ ရှောင်းယီ၏ ပင်မကျွန်းနှင့် ထပ်တူထပ်မျှ ဖြစ်သွားခဲ့လေသည်။

“သူတို့နဲ့ မဆက်သွယ်ဖြစ်တာ ကြာပြီပဲ။ သူတို့ စိတ်ပူနေကြလောက်ပြီ။”

ထိုသို့တွေးရင်းဖြင့် ရှောင်းယီသည် အန်းရန်နှင့် အခြားသူများ မြင်နိုင်လောက်သည့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အားလုံးထံသို့ ချက်ချင်း သတင်းပို့လိုက်၏။

“ငါ ရှောင်းယီပါ။ ငါ ဘေးကင်းပါတယ်။ စိတ်မပူကြနဲ့။”

ညနေ ၄ နာရီခွဲခန့်တွင် ရှောင်းယီသည် ထိုသတင်းစကားကို ပေးပို့ပြီးနောက် ကျွန်း၏ သတ်မှတ်နယ်မြေကို စစ်ဆေးနေစဉ်မှာပင် အန်းရန်က ရှောင်းယီ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြု၍ ဗီဒီယိုခေါ်ဆိုမှုတစ်ခု ချက်ချင်း ပြုလုပ်လာခဲ့သည်။

ဖန်သားပြင်ပေါ်တွင် အန္တရာယ်ကင်းကင်းနှင့် ပေါ်လာသော ရှောင်းယီကို မြင်လိုက်ရသောအခါမှသာ အန်းရန်သည် စိတ်သက်သာရာရသွားပုံရ၏။

“တော်သေးတာပေါ့။ အခု နင် ဘယ်မှာလဲ။”

သူမက မေးလိုက်သည်။

“ငါ အရမ်း ထူးဆန်းတဲ့ အသက်ရှင်ကျန်ရစ်သူကျွန်းတစ်ခုပေါ်မှာ ရောက်နေတယ်။”

ရှောင်းယီသည် ဤကျွန်းအကြောင်းကို မည်သို့ ဖော်ပြရမှန်းပင် မသိတော့ပေ။

“ထူးဆန်းတယ်လား။”

အန်းရန်သည် အနည်းငယ် ကြောင်သွားသော်လည်း ထိုကိစ္စကို အာရုံမထားဘဲ ပြောလိုက်၏။

“နင် အဆင်ပြေတယ်ဆိုရင် မြန်မြန်ပြန်လာတာ အကောင်းဆုံးပဲ။”

အန်းရန်၏ စကားကို ကြားလိုက်ရသည့်အခါ မဟာမိတ်အဖွဲ့အတွင်း ပြဿနာတစ်ခုခု ရှိနေပြီဖြစ်ကြောင်း ရှောင်းယီ ချက်ချင်း ရိပ်မိသွားခဲ့သည်။

“ဘာဖြစ်သွားလို့လဲ။”

ရှောင်းယီက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“သမန်းဝံပုလွေမျိုးနွယ်ကိစ္စက အခု ပိုခက်ခဲနေပြီ။ မဟာမိတ်အဖွဲ့ထဲက ဒေသခံတွေက သူတို့ ငါတို့ကျွန်းပေါ်မှာ အခြေချတာကို ကန့်ကွက်နေကြတယ်။”

အန်းရန်က အလျင်အမြန် ပြန်ဖြေလာခဲ့သည်။ ရှောင်းယီသည် ပို၍ မျက်မှောင်ကျုံ့လိုက်မိ၏။

“သမန်းဝံပုလွေတွေ ငါတို့ကျွန်းမှာ အခြေချနေတာကို သူတို့က ဘယ်လိုသိသွားတာလဲ။”

သမန်းဝံပုလွေမျိုးနွယ်ကို တည်နေရာကူးပြောင်းခြင်းဖြင့် ညဘက်တွင် ပြီးစီးခဲ့ခြင်းဖြစ်ပြီး ရှောင်းယီသည်လည်း ဤကိစ္စနှင့် ပတ်သက်သည့် အချက်အလက်များကို ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ရှိသူများကို အမိန့်ပေးထားပြီးသားဖြစ်သည်။

သို့သော် ဘာကြောင့် ပေါက်ကြားသွားရသနည်း။

အန်းရန်က ရှင်းပြလာခဲ့သည်။

“အဲဒါက တိုက်ဆိုင်မှုကြီးပဲ။ ဆက်စပ်ထားတဲ့ အနောက်တိုင်းမြို့က ဒေသခံတွေက ပုံမှန်ဆိုရင် ငါးဖမ်းထွက်လေ့မရှိဘူး။ ဒါပေမဲ့ ဒီနေ့မှာ သူတို့က လှေငယ်တစ်စင်း ငှားပြီး သမန်းဝံပုလွေတွေရှိတဲ့နေရာကို လှော်သွားကြရင်း ကမ်းခြေမှာ လှုပ်ရှားနေတဲ့ သမန်းဝံပုလွေတွေကို တိုက်တိုက်ဆိုင်ဆိုင် မြင်သွားကြတယ်။”

“အဲ့လောက်ထိ တိုက်ဆိုင်နိုင်ပါ့မလား။”

ရှောင်းယီက ထိုသို့တွေးတောလိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။

“အစ်ကိုကျန်းကို အဖွဲ့တစ်ဖွဲ့စီစဉ်ပြီး ငါ့ဆီ လွှတ်လိုက်ခိုင်းလိုက်ပါ။ အနည်းဆုံးတော့ ဒီကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အရင် စောင့်ကြည့်ထားဖို့လိုတယ်။ ငါ အခုချက်ချင်း ပြန်လာပြီး အခြေအနေကို ကြည့်လိုက်မယ်။”

“ကောင်းပါပြီ။ အစ်ကိုကျန်းကို ငါ ပြောလိုက်မယ်။”

အန်းရန်က ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် အန်းယွဲ့ မှာ သမန်းဝံပုလွေများအား ဝန်းရံထားသော တံတိုင်းပေါ်တွင် ဒေါသထွက်နေသည့် ဒေသခံများအား နှစ်သိမ့်ပေးနေရသည်။

“အားလုံးပဲ အရင်ဆုံး စိတ်အေးအေးထားကြပါ။ ဒါက ကျွန်းပိုင်ရှင်ရဲ့ ဆန္ဒပဲ။ ကျွန်းပိုင်ရှင်မှာ သူ့အတွေးနဲ့သူ ရှိမှာပါ အားလုံးပဲ အရင် ပြန်ကြဖို့ ငါ မျှော်လင့်ပါတယ်။ ကျွန်းပိုင်ရှင် ပြန်လာတဲ့အခါ အားလုံးကို ရှင်းပြပေးပါလိမ့်မယ်။”

အန်းယွဲ့မှာ အနည်းငယ် ခြေကုန်လက်ပန်းကျနေ၏။

မူလက အလွန်ယဉ်ပါးလှသော ဒေသခံများသည် ရုတ်တရက် ဆူးခက်များသဖွယ် ဖြစ်လာကြပြီး ရှောင်းယီနှင့် စာချုပ်ချုပ်ဆိုထားသည့် မှော်ဆရာအချို့ပင် ကန့်ကွက်သူများထဲ၌ ပါဝင်နေခဲ့ကြသည်။

အန်းယွဲ့သည် ရှောင်းယီ၏ အမည်ကို ထုတ်ဖော်ပြောဆိုလိုက်လျှင်ပင် ထိုလူများသည် ပုံမှန်ရှိရမည့် ရိုသေမှုပင် မရှိတော့ဘဲ အရာအားလုံးက အလွန် ထူးဆန်းနေ၏။

ကျန်းယွင်ထျန်သည်လည်း ယခုအချိန်တွင် အနည်းငယ် ဗျာများနေခဲ့သည်။ စစ်တန်းလျားတွင် လေ့ကျင့်ပေးထားသော ဒေသခံတပ်ဖွဲ့များပင် မငြိမ်မသက် ဖြစ်လာခဲ့ကြ၏။ နေ့စဉ် တင်းကျပ်သော စစ်စည်းကမ်းများသာ မရှိလျှင် စစ်တန်းလျား၌ ပုန်ကန်မှု ဖြစ်နေလောက်ပေပြီ။

သို့သော်လည်း ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့သည် လူအများအပြားကို အကျဉ်းချထားခဲ့ရသည်။

ကျန်းယွင်ထျန်းသည် အန်းရန်၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် အံ့အားသင့်စွာ ဟစ်အော်လိုက်မိ၏။

“ကျွန်းပိုင်ရှင်က ပြန်ဆက်သွယ်လာပြီလား။ တော်သေးတာပေါ့။ ငါ တပ်ဖွဲ့တစ်ဖွဲ့ကို အဲဒီဘက်ကို လွှတ်ဖို့ စီစဉ်လိုက်မယ်။”

ဘေးနားရှိ ကျန်းရွှဲ့ကလည်း လေးနက်သော မျက်နှာထားဖြင့် မေးလိုက်၏။

“ကျွန်းပိုင်ရှင် အမြန်ဆုံး ပြန်လာနိုင်မလား။”

“ဒါပေါ့ သူ မကြာခင် ပြန်ရောက်လာလိမ့်မယ်။”

ကျန်းယွင်ထျန်းသည် ချက်ချင်းပင် လူအယောက် ၂၀ ပါဝင်သော တပ်ဖွဲ့တစ်ဖွဲ့ကို ရှောင်းယီရှိရာသို့ ပေးပို့ရန် စီစဉ်လိုက်လေသည်။ ကျန်းယွင်ထျန်း ကိုယ်တိုင်လည်း တစ်ခါတည်း လိုက်သွားခဲ့၏။

သူ၏ပတ်ပတ်လည်တွင် သဲကန္တာရရှုခင်းကို မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်း အံ့အားသင့်သွားခဲ့ရသည်။

“ကျွန်းဒီအထိမ်းအမှတ်ကျောက်တိုင်က သဲကန္တာရထဲမှာ ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ။”

“ဒီက ကိစ္စတွေကို နောက်မှ အေးအေးဆေးဆေး ပြောကြတာပေါ့။ မင်းတို့ ဒီမှာပဲနေပြီး စောင့်ကြပ်ထားကြ။”

ရှောင်းယီသည် သူတို့အတွက် ကွင်းပြင်ထဲတွင် တံတိုင်းတစ်ခုကို အမြန်တည်ဆောက်ပေးလိုက်ပြီး အခန်းအချို့ကိုလည်း ဆောက်ပေးလိုက်၏။ ထို့နောက် ကျန်းယွင်ထျန်းနှင့်အတူ တည်နေရာကူးပြောင်းကာ ပြန်လာခဲ့သည်။

“မဟာမိတ်အဖွဲ့ထဲမှာ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။”

ရှောင်းယီက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“ငါလည်း မသိဘူး။ မြို့တွေထဲက ဒေသခံတွေတင်မကဘူး စစ်တပ်ထဲမှာတောင် မူမမှန်မှုတွေ ရှိနေတယ်။”

ကျန်းယွင်ထျန်းက ခေါင်းခါရင်း စစ်တန်းလျားမှ ထူးခြားချက်များကို ပြောပြလိုက်၏။

“စစ်တန်းလျားကို ထိန်းချုပ်ထားနိုင်သေးလား။”

ရှောင်းယီက မေးလိုက်သည်။

“ရပါတယ်။”

ကျန်းယွင်ထျန်းက အတည်ပြုဖြေကြားလိုက်သည်။

“ကောင်းပြီ သမန်းဝံပုလွေတွေဘက်ကို အရင်သွားကြရအောင်။”

ရှောင်းယီက ပြောလိုက်သည်။

“မင်း သွားပြီး ယုံကြည်ရတဲ့ တပ်ဖွဲ့တစ်ဖွဲ့ကို ရွေးထားလိုက်။”

“ဟုတ်ကဲ့။”

ထို့နောက် ရှောင်းယီသည် ကားစီးကာ သမန်းဝံပုလွေများ၏ စခန်းသို့ ချက်ချင်းပင် အပြေးသွားလိုက်၏။ သူ မရောက်ခင်မှာပင် ရှေ့တွင် လူအုပ်ကြီးကို မြင်လိုက်ရလေသည်။

“ကျွန်းပိုင်ရှင် ပြန်လာပြီ။”

တစ်စုံတစ်ယောက်က အော်ပြောလိုက်ရာ ဆူညံနေသော လူအုပ်ကြီးမှာ ချက်ချင်းပင် ငြိမ်သက်သွား၏။

ဤဖြစ်ရပ်က မည်သို့ ဖြစ်လာမည်ကို မသိနိုင်သဖြင့် ရှောင်းယီသည် သူ၏လက်နက်များကို ကိုင်ဆောင်ထားဆဲဖြစ်ပြီး ကိုယ်ကျပ်ဝတ်စုံကိုပင် မချွတ်ရသေးပေ။

“အရမ်းအေးနေတာကို အားလုံးက ဒီမှာ ဘာလုပ်နေကြတာလဲ။”

ရှောင်းယီက လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်၏။

လူအုပ်ကြီးသည် လမ်းကို ချက်ချင်း ဖယ်ပေးလိုက်ရာ ရှောင်းယီသည် အထဲသို့ လမ်းလျှောက်၍ ဝင်သွားလိုက်နိုင်သည်။

တံတိုင်းပေါ်ရှိ အန်းယွဲ့မှာ ရှောင်းယီ ပြန်လာသည်ကို မြင်သောအခါ နဖူးမှ ချွေးများကို မတတ်သာဘဲ သုတ်လိုက်မိ၏။ ဤမျှ အေးသောရာသီဥတုတွင်ပင် သူ၏ နဖူး၌ ချွေးစေးများ ထွက်နေခဲ့သည်။

“ကျွန်းပိုင်ရှင် ဘာဖြစ်လို့ ကျုပ်တို့ကျွန်းပေါ်မှာ သမန်းဝံပုလွေတွေ ရှိနေရတာလဲ။ ကျုပ်တို့က သမန်းဝံပုလွေတွေနဲ့ ဖြေဖျောက်လို့မရတဲ့ ရန်ငြိုးတွေ ရှိတယ်။ ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲမှာ သမန်းဝံပုလွေတွေ ရှိနေတာကို လုံးဝခွင့်မပြုနိုင်ဘူး။”

ကန့်ကွက်သူများ၏ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရပုံရသော မှော်ဆရာတစ်ဦးက ရှေ့သို့တက်ကာ ပြောလာခဲ့၏။

ရှောင်းယီ ထိုမှော်ဆရာကို ကြည့်လိုက်ရာ စနစ်က အချက်ပေးစာတန်းတစ်ခု ထုတ်ဖော်ပြသလာခဲ့သည်။

“နွေဦးမြူ (S အဆင့်) မှော်ဆရာ: အမည်မသိ စွမ်းအားတစ်ခုကြောင့် စာချုပ် ပျက်ပြယ်သွားသည်။ မဟာမိတ်အဖွဲ့၏ မူဝါဒအပေါ် အနည်းငယ် မကျေမနပ်ဖြစ်နေပြီး ဒေသခံများကို ဦးဆောင်ကာ ပုန်ကန်လိမ့်မည်။”

ဤစနစ်၏ အချက်ပေးချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီမှာ ဘာဖြစ်နေသည်ကို အလုံးစုံ နားလည်သွားခဲ့သည်။

‘ကမ္ဘာ့စည်းမျဉ်းတွေက ကစားနေတာကိုး။’

ရှောင်းယီသည် သူ၏စိတ်ထဲမှ ရေရွတ်လိုက်ပြီးနောက် နွေဦးမြူထံသို့ လျှောက်သွားကာ သူ၏မျက်လုံးများကို မှေးစဥ်းကာကြည့်ရင်း ပြောလိုက်၏။

“မင်း ပထမဆုံး ငါ့ဆီမှာ လက်နက်ချခဲ့တုန်းက ငါပြောခဲ့တာကို မင်း မေ့သွားပြီ ထင်တယ်။”

နွေဦးမြူမှာ ခဏတာ ကြောင်အသွားခဲ့သည်။ ထိုစဉ် ရှောင်းယီက အေးစက်စွာ ဆက်ပြောလိုက်၏။

“ဒီစကားကို ငါ နောက်ဆုံးအကြိမ် ထပ်ပြောမယ်။ ဒါ နောက်ဆုံးပဲ။ ယီရန်ပင်းမဟာမိတ်အဖွဲ့က ငါ တစ်ယောက်တည်းရဲ့ မဟာမိတ်အဖွဲ့ပဲ။ ငါ့မှာ ဆုံးဖြတ်ပိုင်ခွင့်နဲ့ ပယ်ချပိုင်ခွင့် အာဏာအပြည့်ရှိတယ်။ ဘယ်သူ့ကိုမှ မေးခွန်းထုတ်ခွင့် မပြုဘူး။ အဲဒီ ဘယ်သူ့ကိုမှ ဆိုတဲ့ထဲမှာ မင်းလည်း ပါတယ်ဆိုတာ မှတ်ထား။”

“ကျွန်းပိုင်...”

နွေဦးမူက တစ်ခုခု ပြောချင်နေသေးသည်။

“ဖျတ်...”

ထိုစဉ် အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် နွေဦးမြူ၏ ဦးခေါင်းမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားခဲ့သည်။ ရှောင်းယီ၏ လက်ထဲမှ ရွှမ်းယွမ်ဓားမှာလည်း ဓားအိမ်မှ ထွက်လျက်သား ဖြစ်နေခဲ့ချေပြီ။

All Chapters