အခန်း (၇၈၇-၇၈၈)
Vol. 62 Ch. 787-788
အခန်း ၇၈၇- သွေးအေးရက်စက်စွာ နှိမ်နင်းခြင်းနှင့် သမန်းဝံပုလွေမျိုးနွယ်စုအား အတင်းအကျပ် လက်ခံစေခြင်း
ပတ်ပတ်လည်ရှိ ဒေသခံများအားလုံး နောက်သို့ ခြေတစ်လှမ်းဆုတ်မိသွားကြ၏။ သူတို့ရှေ့တွင် မြင်တွေ့နေရသော ရှောင်းယီသည် သူတို့ယခင်က မြင်ဖူးနေကျလူနှင့် မတူတော့ပေ။
အတိတ်ကာလက ကျွန်းပိုင်ရှင်သည် အမြဲတမ်း ဖော်ရွေပျူငှာပြီး မည်သည့်အခါမျှ သူ၏ဒေါသတကြီးဖြစ်နေသည့်ပုံစံမျိုး မပြသခဲ့ဖူးပေ။ ယခုကဲ့သို့ လူအများရှေ့တွင် ဝူချွမ်ကို တိုက်ရိုက် ခေါင်းဖြတ်သတ်လိုက်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ကြပေ။
“နောက်ထပ် ဘယ်သူ ကန့်ကွက်ချင်သေးလဲ။”
ရှောင်းယီသည် သွေးစွန်းနေသော ရွှမ်းယွမ်ဓားကို ကိုင်ထားရင်း လူအုပ်ကြီးကို ကြည့်ကာ မေးမြန်းလိုက်သည်။
ထိုကန့်ကွက်သူများသည် ကမ္ဘာ့စည်းမျဉ်းများ၏ လွှမ်းမိုးမှုကို ခံထားရသဖြင့် ပုန်ကန်လိုစိတ်များ ရှိနေကြသော်လည်း ရှောင်းယီ၏ ကြောက်မက်ဖွယ်ကောင်းသော လုပ်ရပ်ကို မြင်လိုက်ရသည့်အခါ ခဏတာ မလှုပ်ရှားဝံ့ဘဲ ရှိနေခဲ့ကြ၏။
ထိုအချိန်တွင် ကျန်းယွင်ထျန်းသည်လည်း သူ၏အဖွဲ့နှင့်အတူ ရောက်ရှိလာခဲ့သည်။ စစ်သားများသည် ကန့်ကွက်သူများကို ဝိုင်းရံထားပြီး သူတို့၏ ရိုင်ဖယ်သေနတ်များဖြင့် ချိန်ရွယ်ထားလိုက်ကြ၏။
ကန့်ကွက်သူများမှာ လုံးဝ သတ္တိပျက်ပြားသွားကြတော့လေသည်။ သူတို့သည် ချက်ချင်းပင် ဒူးထောက်လိုက်ကြပြီး ကျွန်းပိုင်ရှင်အား သူတို့၏ အသက်ကို ချမ်းသာပေးရန် အော်ဟစ်တောင်းပန်ကြတော့သည်။
“ကျွန်းပိုင်ရှင် အသက်ချမ်းသာပေးပါ။ ကျုပ်တို့က ဟိုလူယုတ်မာ ဝူချွမ်ရဲ့ လှည့်ဖြားမှုကို ခံလိုက်ရလို့ သူ့နောက်ကို လိုက်လာမိတာပါ။”
“ဟုတ်ပါတယ်။ ကျွန်းပိုင်ရှင်ရဲ့ ဆုံးဖြတ်ချက်ကို ကျုပ်တို့က ဘယ်လိုလုပ်ပြီး ကန့်ကွက်ဝံ့ပါ့မလဲ။”
“ကျုပ်တို့ ကျွန်းပိုင်ရှင်ရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံပါတယ်။ နောက်နောင် ဘယ်တော့မှ မေးခွန်းထုတ်ဖို့ မတွေးရဲတော့ပါဘူး။”
“အားလုံး ပါးစပ်ပိတ်ထားစမ်း။”
ရှောင်းယီက တစ်ဖန် အော်ဟစ်လိုက်ပြန်သည်။
ချက်ချင်းပင် လူအားလုံး နှုတ်ဆိတ်သွားကြ၏။ ရှောင်းယီသည် သူ့ရှေ့တွင် ဒူးထောက်နေသော ဒေသခံများကို ကြည့်ကာ ပြောလိုက်သည်။
“မင်းအနေနဲ့ မင်းတို့ရဲ့အမြင် မှတ်ချက်ပေးလို့ရတယ်။ ဒါပေမဲ့ ဒီနေ့ ဒီလုပ်ရပ်က ဘာအဓိပ္ပာယ်လဲ။ ငါသာ ပြန်မရောက်လာဘူးဆိုရင် မင်းတို့က မဟာမိတ်အဖွဲ့တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ဖို့ ကြံစည်နေကြတာလား။”
“မလုပ်ရဲပါဘူး...,မလုပ်ရဲပါဘူး။”
လူတိုင်း ပြန်ဖြေလိုက်ကြ၏။
ရှောင်းယီသည် သူတို့ကို ဒေါသတကြီး စိုက်ကြည့်ကာ ဆက်မေးသည်။
“မင်းတို့က သမန်းဝံပုလွေမျိုးနွယ်နဲ့ ဖြေဖျောက်လို့မရတဲ့ ရန်သူတွေလို့ အမြဲပြောနေကြတယ်မဟုတ်လား။ သမန်းဝံပုလွေတွေက မင်းတို့ကို ဘာတွေလုပ်ခဲ့လို့ အဲ့လောက်တောင် မုန်းတီးနေရတာလဲ။”
လူတိုင်းမှာ ခေါင်းငုံ့ကာ ဒူးထောက်နေကြပြီး မည်သူမှ စကားမပြောဝံ့ကြပေ။
“အကုန်လုံး အ၊ကုန်ကြပြီလား။ အခုလေးတင် စကားတွေ အများကြီး ပြောနေကြတာ မဟုတ်ဘူးလား။”
ရှောင်းယီက ကြိမ်းမောင်းလိုက်၏။
“တစ်ယောက်ချင်းစီ ပြောကြစမ်း။ မင်း...မတ်တပ်ရပ်ပြီး ပြောစမ်း။”
“ကျုပ်... ကျုပ် မသိပါဘူး။ သမန်းဝံပုလွေတွေက အရမ်းရက်စက်ပြီး အပြစ်မဲ့သူတွေကို သတ်ဖြတ်လေ့ရှိတယ်လို့ ကြားဖူးလို့ပါ...။”
“ကြားဖူးတာလား။ မင်းက လူသတ်၊ မုဒိမ်းကျင့်၊ ဓားပြတိုက်ပြီး မကောင်းမှုမျိုးစုံ လုပ်တယ်လို့ ငါကြားထားတယ်။ အဲဒါဆို ငါ မင်းကို ဒီနေရာမှာတင် ကွပ်မျက်လိုက်လို့ ရမလား။”
ရှောင်းယီက ပြန်လည် တုံ့ပြန်လိုက်၏။
“ကျွန်းပိုင်ရှင် အသက်ချမ်းသာပေးပါ။”
ထိုလူသည် ချက်ချင်းပင် ဒူးထောက်ကာ ငိုယိုတောင်းပန်တော့လေသည်။
“နောက်တစ်ယောက်”
“ကျုပ်... ကျုပ်လည်း ကြားဖူးရုံပါပဲ။ ဒါပေမဲ့ ကျုပ်တို့မြို့က သမန်းဝံပုလွေတွေနဲ့ အကြိမ်ကြိမ် တိုက်ပွဲဖြစ်ခဲ့ဖူးတယ်။ သူတို့က ကျုပ်တို့ စစ်သားတွေကို အများကြီး သတ်ပစ်ခဲ့တာ အမှန်ပါပဲ။”
“မင်းတို့က သမန်းဝံပုလွေတွေကို သွားတိုက်တာကို။ သူတို့က ငြိမ်ခံနေရမှာလား။ ပြန်မတိုက်ရတော့ဘူးလား။”
ရှောင်းယီက ချေပလိုက်သည်။
“လူသားအချင်းချင်းကြားမှာလည်း စစ်ပွဲတွေ ရှိနေတာပဲ။ သေကြေပျက်စီးမှုတွေက မနည်းလှပါဘူး။”
ယခုအခါ လူတိုင်း နှုတ်ဆိတ်သွားခဲ့ကြလေသည်။
“မင်း...ဆက်ပြော။”
“ကျွန်း... ကျွန်းပိုင်ရှင် ကျုပ် မသိပါဘူး။ ကျုပ်တို့ မွေးကတည်းက သမန်းဝံပုလွေတွေနဲ့ အတူယှဉ်တွဲ မနေထိုင်နိုင်ဘူးလို့ အပြောခံခဲ့ရလို့ပါ...။”
“ဘာအကြောင်းကြောင့်လဲ။”
ရှောင်းယီက ဖိအားပေးကာ မေးမြန်းလိုက်၏။
“မသိပါဘူး။ ကျုပ် တကယ် မသိပါဘူး။”
ထိုလူမှာ ငိုတော့မလို ဖြစ်နေပြီဖြစ်သည်။
ထိုအခါ ရှောင်းယီသည် အခြားသူများကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။
“သမန့်ဝံပုလွေတွေရဲ့ အပြစ်တွေကို ပြောပြနိုင်တဲ့သူ ရှိသေးလား။”
လူတိုင်းသည် တုန်ရင်နေကြပြီး စကားမပြောဝံ့ကြသည်ကို မြင်သောအခါ ရှောင်းယီက ဆက်ပြောလိုက်သည်။
“သမန်းဝံပုလွေတွေဆိုတာ ထူးခြားတဲ့ သက်ရှိမျိုးနွယ်စုတစ်ခုပဲ။ ရေသူမျိုးနွယ် ဒါမှမဟုတ် လူပုမျိုးနွယ်တွေလိုမျိုးပေါ့။ မင်းတို့ လူပုမျိုးနွယ်ကို လက်ခံနိုင်တာက သူတို့က ငါတို့နဲ့ ပိုတူလို့ပဲ မဟုတ်လား။”
“ဒါ့အပြင်...”
ရှောင်းယီက ခေတ္တရပ်ပြီး အေးစက်စွာ ပြောလိုက်သည်။
“မင်းတို့နဲ့ သမန်းဝံပုလွေတွေကြားက ရန်ငြိုးဆိုတာ တစ်စုံတစ်ယောက်က သွေးထိုးပေးထားတာပဲ ဖြစ်လိမ့်မယ်။”
ဒေသခံများမှာ အံ့အားသင့်သွားပြီး ခေါင်းမော့ကာ ရှောင်းယီကို ကြည့်လိုက်မိကြ၏။
“သမန်းဝံပုလွေ မျိုးနွယ်စုခေါင်းဆောင် ဒန်နီကို ထွက်လာပြီး စကားပြောဖို့ ဖိတ်ခေါ်လိုက်ပါ။”
ရှောင်းယီက တံတိုင်းပေါ်ရှိ အန်းယွဲ့ကို ပြောလိုက်သည်။
မူလက ရှောင်းယီသည် သမန်းဝံပုလွေမျိုးနွယ်ကို မဟာမိတ်အဖွဲ့အတွင်းသို့ ဖြည်းဖြည်းချင်း ဝင်ဆံ့အောင် လုပ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း ဤကမ္ဘာ၏ နောက်ကွယ်မှကြိုးကိုင်သူက ဤကဲ့သို့သော ကစားကွက်မျိုး ထွင်လာခဲ့ရာ သူသည်လည်း အခြေအနေကို အသုံးချပြီး လူတိုင်းကို အတင်းအကျပ် လက်ခံခိုင်းရန် ဆုံးဖြတ်လိုက်လေသည်။
ဒန်နီသည် ဘင်နီ၏ တွဲကူမှုဖြင့် ထွက်လာ၏။
“ခင်ဗျား ပြောလိုက်။ ကျုပ် သူတို့အတွက် ဘာသာပြန်ပေးမယ်။ ခင်ဗျားတို့နဲ့ လူသားတွေကြား ဘာကြောင့် ဆက်ဆံရေး တင်းမာနေရသလဲဆိုတာ ရှင်းပြလိုက်ပါ။”
ရှောင်းယီက ဒန်နီကို ကြည့်ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”
ဒန်နီက ပြန်ဖြေလိုက်သည်။ ထို့နောက် ဒန်နီသည် သမန်းဝံပုလွေများနှင့် သွေးစုပ်ဖုတ်ကောင်များကြားရှိ နာကျည်းချက်များကို ပြန်လည် ပြောပြလိုက်လေသည်။ ဒေသခံများမှာ လုံးဝ အံ့အားသင့်သွားခဲ့ကြ၏။ သူတို့ မသိရှိခဲ့သော မျိုးနွယ်စုတစ်ခု ကုန်းမြေပေါ်တွင် ရှိနေသည်မှာ မယုံနိုင်စရာပင်။
ထိုအချိန်တွင် ဒေသခံတစ်ဦးက ရုတ်တရက် မတ်တပ်ရပ်ကာ မေးလာခဲ့သည်။
“သမန်းဝံပုလွေမျိုးနွယ်စုခေါင်းဆောင် ကျုပ် တစ်ခုမေးပါရစေ။ သွေးစုပ်ဖုတ်ကောင်တွေရဲ့ တိုက်ခိုက်မှုကို ခံရပြီးရင် သွေးတွေ အကုန်စုပ်ယူခံလိုက်ရတာလား။”
ဒန်နီက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။
“အဲဒါ အမှန်ပါပဲ။ ဒါ့အပြင် ဒဏ်ရာရတဲ့သူရဲ့ လည်ပင်းသွေးကြောမှာ သွေးစုပ်ဖုတ်ကောင်ရဲ့ အစွယ်ရာဖြစ်တဲ့ အပေါက်လေးပေါက်ကို တွေ့ရပါလိမ့်မယ်။”
“ဟုတ်နေပြီ။ ကျုပ်အမလည်း သွေးစုပ်ဖုတ်ကောင်ရဲ့ သတ်တာကို ခံခဲ့ရတာပဲ။”
ထိုဒေသခံက ဒေါသတကြီး အော်ဟစ်လိုက်၏။
“ကျုပ်တို့မြို့မှာလည်း သွေးတွေ အစုပ်ခံရပြီး သေဆုံးတဲ့အမှုတွေ ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒါတွေကို အမည်မသိ တောရိုင်းတိရစ္ဆာန်တွေ လုပ်တာလို့ပဲ သတ်မှတ်ပြီး အမှုပိတ်ခဲ့ကြတာ။”
ထိုအခါ ရှောင်းယီသည် လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်
“သမန်းဝံပုလွေခေါင်းဆောင် ဒန်နီက အဲ့ဒီမျိုးနွယ်စုအကြောင်းကို လုပ်ကြံပြောနေတာ မဟုတ်ဘူးဆိုတာ အခု သက်သေပြလို့ရသွားပြီ။ ဒါ့အပြင် ငါ ဘာကြောင့် မဟာမိတ်အဖွဲ့မှာ မရှိနေရသလဲဆိုတာ မင်းတို့ သိကြလား။”
လူတိုင်းက ရှောင်းယီကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြပြန်သည်။
ရှောင်းယီက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ငါ သွေးစုပ်ဖုတ်ကောင်တစ်ကောင်နဲ့ ရင်ဆိုင်နေရလို့ပဲ။ ဘာလို့လဲဆိုတော့ သမန်းဝံပုလွေတွေ တည်နေရာပြောင်းရွှေ့တဲ့အချိန်မှာ အဲဒီသွေးစုပ်ဖုတ်ကောင်က လူသားအဖွဲ့တွေကို စေခိုင်းပြီး သူတို့ကို အပြင်းအထန် တိုက်ခိုက်ခိုင်းခဲ့လို့ပဲ။”
လူတိုင်း အံ့ဩတကြီး ဖြစ်သွားခဲ့ကြသည်။
“သမန်းဝံပုလွေတွေက မင်းတို့ဆီက ဒီလို အထင်လွဲမှုတွေကို ခံနေရပေမယ့် သူတို့က မင်းတို့ကို ကြောက်ရွံ့နေမှာစိုးလို့ သူတို့ကိုယ်သူတို့ တံတိုင်းတွေနဲ့ ခြားထားဖို့ ငါ့ဆီမှာ တောင်းဆိုခဲ့ကြတယ်။ ဒါကို မင်းတို့က သူတို့အပေါ် ဒီလို ဆက်ဆံနေကြတယ်။ မင်းတို့ မရှက်ဖို့ကြဘူးလား။”
ရှောင်းယီက ထပ်မံ အော်ဟောက်လိုက်ပြန်၏။
ယခုလေးတင် ခေါင်းမော့ထားသော ဒေသခံများမှာ ခေါင်းပြန်ငုံ့သွားကြလေသည်။
၎င်းမှာ အမှန်တကယ် ရှက်ရွံ့ခြင်းကြောင့်လော၊ ရှောင်းယီ၏ စူးရှသော အကြည့်ကြောင့်လော၊ သို့မဟုတ် ဘေးနားရှိ သေနတ်များကြောင့်လော ဆိုသည်မှာမူ မသေချာပေ။
“အားလုံး ပြန်ကြတော့။ ပြီးရင် ကိုယ့်ကိုယ်ကိုယ် သေချာ ပြန်သုံးသပ်ကြ။”
ရှောင်းယီက အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
လူတိုင်းက နာခံစွာ ပြန်ဖြေလိုက်ကြပြီးနောက် ထိုနေရာမှ ထွက်ခွာသွားကြတော့လေသည်။
ထို့နောက် ဒန်နီသည် ရှောင်းယီကို ကြည့်ကာ လေးလေးနက်နက် ထပ်ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
“ခင်ဗျားတို့ မဟာမိတ်အဖွဲ့ထဲကို ဝင်လာပြီဆိုမှတော့ ကျုပ်တို့အားလုံးက မိသားစုတစ်ခုတည်းပါပဲ။ အားနာနေဖို့ မလိုပါဘူး။”
ရှောင်းယီက လက်ကာပြလိုက်သည်။
“ကျုပ် ဟိုဘက်မှာ လုပ်စရာတွေ ရှိသေးတယ်။ နောက်မှ စကားပြောကြတာပေါ့။”
“ဟုတ်ကဲ့”
ဒန်နီက ပြန်ဖြေလိုက်သည်။
ထို့နောက် ရှောင်းယီသည် ကျန်းယွင်ထျန်းအနားသို့ သွားကာ တိုးတိုးလေး ပြောလိုက်၏။
“ဒီထူးခြားတဲ့ အခြေအနေရဲ့ အကြောင်းရင်းကို ငါ သိသွားပြီ။”
“ဘာအကြောင်းကြောင့်လဲ။”
ကျန်းယွင်ထျန်းက ချက်ချင်း မေးလိုက်သည်။ ရှောင်းယီသည် ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးပြကာ ပြန်ဖြေလိုက်သည်။
“အပေါ်ကလူတွေက ကစားကွက် ထွင်နေတာပဲ။ မင်းရဲ့ အဖွဲ့ထဲမှာ အသိသာဆုံး ဆူပူအောင် လုပ်တဲ့သူ အချို့ကို ရှာပြီး စံနမူနာဖြစ်အောင် အပြစ်ပေးလိုက်။”
ကျန်းယွင်ထျန်း အံ့အားသင့်သွားခဲ့သည်။
“သူတို့က ဒီလိုကိစ္စမျိုးမှာတောင် လှည့်ကွက်တွေ သုံးနိုင်တယ်လား။”
ရှောင်းယီက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
“ဒါပေါ့...ဒီကမ္ဘာကို ဖန်တီးထားတဲ့သူတွေက ငါတို့ ထင်ထားတာထက် ပိုပြီး အစွမ်းထက်နိုင်တယ်။”
“နားလည်ပြီ။”
ကျန်းယွင်ထျန်းက ပြောပြီးနောက် သူ၏ တပ်ဖွဲ့နှင့်အတူ ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။
ထိုစဥ် အန်းယွဲ့သည် ရှောင်းယီအနားသို့ ရောက်လာပြီး သက်ပြင်းချကာ ပြောလိုက်၏။
“ကျွန်းပိုင်ရှင် မင်း အချိန်မီ ပြန်ရောက်လာလို့ တော်သေးတာပေါ့။ မဟုတ်ရင် ငါ တကယ် မထိန်းနိုင်တော့ဘူး။”
“ဦးလေးအန်း ဒီကမ္ဘာက အရင်ကမ္ဘာနဲ့ မတူဘူး။ အဲ့ဒါကြောင့် တချို့အချိန်တွေမှာ ပိုပြီး ပြတ်သားဖို့ လိုတယ်။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“အေးပါ။ ငါ မှတ်ထားပါ့မယ်။”
အန်းယွဲ့က ခေါင်းငြိမ့်ပြလိုက်သည်။
“သမန်းဝံပုလွေတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်နေတယ်။ သူတို့ကို ဘယ်လို ထောက်ပံ့ပေးရမလဲ။”
ရှောင်းယီသည် ခေတ္တ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။
“ငါတို့ရဲ့ စားနပ်ရိက္ခာက ပြဿနာ မရှိပါဘူး။ အခုလောလောဆယ် သူတို့ကို အပြည့်အဝ ထောက်ပံ့ပေးလိုက်ပါ။”
“နားလည်ပါပြီ။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
ဒန်နီသည်မူ လက်နှစ်ဖက်ကိုသာ ယှက်ထားပြီး ဘာပြောရမှန်း မသိအောင် ဖြစ်နေခဲ့သည်။ ကျေးဇူးတင်ပါတယ်ဟု ထပ်ခါတလဲလဲ ပြောနေရခြင်းမှာလည်း အဓိပ္ပာယ် မရှိသလို ဖြစ်နေသောကြောင့်ပင်။
အခန်း ၇၈၈- ဒေသခံများ စုပေါင်းပုန်ကန်ခြင်းနှင့် အိမ်အရောင်းအဝယ်အတွက် အခွင့်ကောင်း
ရှောင်းယီ ဒန်နီ၏ ပုခုံးကို ပုတ်ပေးလိုက်၏။ ဒန်နီသာ ခါးကိုင်းမထားပါက ရှောင်းယီ လက်လှမ်းမီရန် ခက်ခဲပေလိမ့်မည်။
“ကျေးဇူးတင်စကားတွေ ပြောနေဖို့ မလိုပါဘူး။ အနာဂတ်မှာ ခင်ဗျားတို့လည်း မဟာမိတ်အဖွဲ့ရဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ပါဝင်ရမယ်။ ကိုယ့်ဘာသာကိုယ် ပိုက်ဆံရှာပြီး စားစရာဝယ်စားရမယ်။ နားလည်လား။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”
ဒန်နီက ပြန်ဖြေလိုက်၏။
“ကောင်းပြီ ကျုပ် အရင်ပြန်ပြီး အခြေအနေကြည့်လိုက်ဦးမယ်။ ကျုပ်သွားတာ နေ့တစ်ဝက်လောက်ပဲ ရှိသေးပေမဲ့ မဟာမိတ်အဖွဲ့ထဲမှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်သွားသလိုပဲ။”
ရှောင်းယီက လက်ကာပြကာ နှုတ်ဆက်ပြီး ကားပေါ်တက်၍ ဗီလာသို့ အမြန်ပြန်လာခဲ့သည်။
ဗီလာသို့ ရောက်သောအခါ ဆုဝမ်က သူ့ကို လာကြိုပြီး ပြောလာ၏။
“ကျွန်းပိုင်ရှင် ယီထျန်းဂရုနဲ့ အများသုံးချန်နယ်မှာ ဒေသခံတွေ ပုန်ကန်တဲ့ သတင်းတွေနဲ့ ပြည့်နေပါတယ်။”
“ပုန်ကန်မှုလား။”
ရှောင်းယီက မျက်မှောင်ကျုံ့လိုက်မိသည်။
“နောက်ကွယ်က ကြိုးကိုင်သူက တကယ်ကို ကစားကွက်တွေ ခင်းနေတာပဲ။ ငါ သွားကြည့်လိုက်ဦးမယ်။”
ဆုဝမ် ရှောင်းယီကို ဇဝေဇဝါဖြင့် ကြည့်လိုက်မိ၏။ ဒေသခံများ ပုန်ကန်ခြင်းက နောက်ကွယ်မှ ကြိုးကိုင်သူနှင့် မည်သို့ပတ်သက်သနည်းဆိုသည်ကို သူမ သေချာနားမလည်ပေ။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားလိုက်၏။ ယီထျန်းဂရုထဲတွင် ပုန်ကန်မှုများနှင့် နှိမ်နင်းမှု သတင်းအချက်အလက်များဖြင့် ပြည့်နှက်နေခဲ့သည်။
“သေစမ်း စားစရာ နည်းနည်းပါးပါး လိုအပ်တာလေးနဲ့ ငါတို့ကို ပြန်တိုက်ဖို့ ကြံကြတယ်ပေါ့။”
“ဟုတ်တယ်။ ငါတို့ မဟာမိတ်အဖွဲ့မှာလည်း အတူတူပဲ။ စာချုပ်ချုပ်ထားတဲ့ မှော်ဆရာတွေက သူတို့ဘာသာ စာချုပ်ကို တိတ်တိတ်လေး ဖျက်လိုက်ကြတယ်လေ။”
“စာချုပ်တွေကို ဒီလိုမျိုး တိတ်တဆိတ် ဖျက်လို့ရတယ်ဆိုတာ ဘယ်သူမှ မပြောခဲ့ဘူး။”
“အင်းလေ... ဘာတတ်နိုင်မှာလဲ။ သူတို့ကို နှိမ်နင်းရမှာပဲ။ အရင်တုန်းက သူတို့ ငါတို့ကို လာတိုက်တုန်းကလိုမျိုးပဲ ပြန်ပြီး ဆုံးမပေးရမှာပေါ့။”
“ကျုပ်တို့ဘက်ကတော့ ရှင်းပြီးသွားပြီ။ ဒါပေမဲ့ ဒေသခံ အများစု သေကုန်ကြတယ်။ ခဲယမ်းတွေလည်း အကုန်နီးပါး ဖြစ်သွားတယ်။ အဆောက်အဦးတွေလည်း အများကြီး ပျက်စီးကုန်တယ်။ ပြန်ဆောက်ဖို့ အရင်းအမြစ်တွေ ထပ်သုံးရဦးမယ်။”
“ဟုတ်တယ်။ ကျုပ်တို့ အိမ်တွေဆို တိုက်ပွဲမှာ လုံးဝ ပျက်စီးသွားတာ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့တောင် ပြန်ပြင်လို့မရတဲ့ အနေအထားပဲ။”
“ဒါ ကမ္ဘာ့စည်းမျဉ်းက လူဦးရေကို ထိန်းချုပ်ပေးဖို့ ကူညီပေးနေတာလား။ အဲဒီလိုဆိုရင်တော့ စားစရာတွေ လောက်လောက်ငင ဖြစ်သွားနိုင်တာပေါ့။”
“မင်း အဲဒီလို ပြောတော့ ငါ ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး။”
“မဟုတ်တမ်းတရားတွေ။ ငါတို့ ဂရုထဲက အိုင်ဒီအရေအတွက်ကို ကြည့်ဦး။ အခု ရှစ်ထောင်လောက် ပျောက်သွားပြီ။ ဆိုလိုတာက အနည်းဆုံး ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှစ်ထောင်လောက်က ဒေသခံတွေရဲ့ သိမ်းပိုက်တာကို ခံလိုက်ရပြီကွ။ ဒါက ကမ္ဘာ့စည်းမျဉ်းက လူဦးရေ ထိန်းချုပ်ပေးတာ မဟုတ်ဘူး။ အသက်ရှင်ကျန်ရစ်သူတွေကို စမ်းသပ်နေတာ။ အရင်က လေပြင်း၊ မိုးရွာ၊ လျှပ်စီးလက်တာတွေနဲ့ အတူတူပဲ။”
“ဟမ်... တကယ်လား။ ကမ္ဘာ့စည်းမျဉ်းက ဒါကိုတောင် ထိန်းချုပ်နိုင်တာလား။”
“ဒါဆိုရင် စာချုပ်တွေ အကြောင်းမဲ့ ပျောက်ကွယ်သွားတာကို ဘယ်လို ရှင်းပြမလဲ။”
“သွားပြီ... အဲဒီလိုဆိုရင် ငါတို့တော့ အမြဲတမ်း အန္တရာယ်ထဲမှာ ရောက်နေတော့မှာပေါ့။”
“အဟက်...အခုလည်း ငါတို့က အန္တရာယ်ကင်းနေလို့လား။”
ထိုစကားများကို မြင်လိုက်ရသောအခါ ရှောင်းယီက ဝင်ပြောလိုက်သည်။
“ဟုတ်ပါတယ်။ ဒီတစ်ကြိမ်က ကမ္ဘာ့စည်းမျဉ်းက အသက်ရှင်ကျန်ရစ်သူတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ စမ်းသပ်မှုတစ်ခုပဲ။ အားလုံး သတိထားပြီး ကိုင်တွယ်ကြပါ။”
“သူဌေးတောင် ပြောလာပြီဆိုရင်တော့ ဒါအတည်ပဲ။”
“ဒီကမ္ဘာ့စည်းမျဉ်းက တကယ်ကို အစွမ်းထက်တာပဲ။ လူတွေရဲ့ စိတ်နှလုံးကိုတောင် လှည့်စားနိုင်တယ်။”
“ဟုတ်တယ်။ အဲဒီဒေသခံတွေ ငါတို့နောက် လိုက်လာပြီးမှ သူတို့ဘဝတွေက အရင်ကထက် အများကြီး သာယာလာတာကို ဘာလို့ ပုန်ကန်ချင်နေကြတာလဲ။”
“ဟူး... စစ်ပွဲက စီးပွားရေးကို နောက်ပြန်ဆုတ်စေတယ်ဆိုတာ အခုမှပဲ ငါ တကယ် နားလည်သွားတော့တယ်။ ကျွန်းပေါ်က ပျက်စီးမှုတွေကို ကြည့်ပြီး ငါ့ရင်တွေ နာကျင်နေရပြီ။”
“ဒါတွေကို အေးအေးဆေးဆေးသာ ဖြေရှင်းလို့ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။”
“အဲဒီဒေသခံတွေမှာ အဲဒီလောက်အထိ မြင့်မားတဲ့ အတွေးအခေါ် မရှိကြဘူး။ ထပ်မပြောတော့ဘူး ငါတော့ ပြန်လည်ထူထောင်ရေး စလုပ်တော့မယ်။”
ရှောင်းယီသည် ဂရုထဲရှိ စကားဝိုင်းကို ကြည့်ရင်း ခေါင်းခါလိုက်မိသည်။ သူ၏ နည်းလမ်းများသည် ပြတ်သားမှုမရှိခဲ့ဘဲ ကျန်းယွင်ထျန်းသည်လည်း စစ်တပ်ကို တင်းတင်းကျပ်ကျပ် မအုပ်ချုပ်ခဲ့လျှင် မဟာမိတ်အဖွဲ့အတွင်း အကြီးအကျယ် ဆူပူမှုများ ဖြစ်ပွားပြီး အခြေအနေမှာ အလွန် ခက်ခဲသွားပေလိမ့်မည်။
ထိုအချိန်တွင် အန်းယွဲ့က ဖုန်းဆက်လာခဲ့သည်။
“ကျွန်းပိုင်ရှင် ဒီဒေသခံတွေ ပုန်ကန်မှုကြောင့် ကျွန်းအများအပြားမှာ အဆောက်အဦးတွေ ပျက်စီးသွားတယ်လို့ ကြားတယ် ဟုတ်လား။”
“ဟုတ်တယ် အမှန်ပဲ။”
ရှောင်းယီက ဇဝေဇဝါဖြင့် ပြန်ဖြေလိုက်သည်။
“ဘာဖြစ်လို့လဲ ဦးလေးတို့ဘက်မှာ ပြဿနာရှိလို့လား။”
“မဟုတ်ပါဘူး ဒီကမ္ဘာ့စည်းမျဉ်းက ငါတို့ကို အများကြီး ကူညီပေးလိုက်တယ်လို့ ပြောချင်တာပါ။”
အန်းယွဲ့က ပြုံးကာ ပြောလိုက်၏။
“ကူညီတာလား။”
“ဟုတ်တယ်။ ဒီနေ့ ငါ မဟာမိတ်အဖွဲ့ရဲ့ တာဝန်ခံအားလုံးကို အသိပေးပြီးပြီ။ သူတို့က အဆောက်အဦးတွေ အဆင့်မြှင့်တင်ရေး အစီအစဉ်ကို ဘာမှ ကန့်ကွက်တာ မရှိကြတော့ဘူး။ အဆင့်မြှင့်ပြီးသွားရင် အရင်က အဆောက်အဦးတွေက ပိုနေတော့မှာလေ။”
အန်းယွဲ့က ရှင်းပြလိုက်သည်။
ဤသို့ပြောလိုက်မှသာ ရှောင်းယီသည် အန်းယွဲ့ ဆိုလိုသည်ကို ချက်ချင်း နားလည်သွားတော့၏။
အကယ်၍ ဒေသခံများ ပုန်ကန်မှုသာ မဖြစ်ပွားခဲ့ပါက လူတိုင်း၏ ကျွန်းပေါ်ရှိ အဆောက်အဦးများမှာ ခိုင်ခံ့ တည်ငြိမ်နေမည်ဖြစ်ပြီး ရှောင်းယီ ဖယ်ရှားလိုက်သော အဆောက်အဦးဟောင်းများမှာ အပိုပစ္စည်းများသာ ဖြစ်နေပေလိမ့်မည်။ သို့သော် ယခုအခါတွင်မူ ၎င်းတို့ကို ဝယ်ယူမည့် အရောင်းလမ်းကြောင်းတစ်ခု ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။
“ဒီတစ်ခါတော့ ကမ္ဘာ့စည်းမျဉ်းရဲ့ အကူအညီကို တကယ်ပဲ ကျေးဇူးတင်ရတော့မယ်။”
ရှောင်းယီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အဲဒါကြောင့် ကျွန်းပိုင်ရှင် အဲဒီ ပိုနေတဲ့ အဆောက်အဦးတွေကို ဈေးကွက်ခန်းမမှာ တင်လိုက်ရမလား။”
အန်းယွဲ့က မေးလိုက်သည်။
“ဦးလေး အဆင်ပြေသလိုပဲ စီစဉ်လိုက်ပါ။”
ရှောင်းယီက အန်းယွဲ့ကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေးလိုက်၏။
ဖုန်းချပြီးနောက် ရှောင်းယီသည် ယီထျန်းဂရုထဲတွင် အန်းယွဲ့၏ အစီအစဉ်ကို ကြော်ငြာပေးလိုက်သည်။
“မကြာခင်မှာ ကျုပ်တို့ မဟာမိတ်အဖွဲ့က အဆောက်အဦးတချို့ကို ဈေးကွက်ခန်းမမှာ တင်ပေးပါမယ်။ စိတ်ဝင်စားရင် သွားရောက်ဝယ်ယူလို့ ရပါတယ်။”
ရှောင်းယီက ဂရုထဲတွင် ပြောလိုက်သည်။
“သူဌေးကတော့ တကယ်ကို အံ့မခန်းပဲ။ ကျုပ်တို့ဘက်မှာ အဆောက်အဦးတွေ ပျက်စီးသွားတယ်လို့ ပြောရုံရှိသေးတယ်။ သူက ကျုပ်တို့အတွက် အဆင်သင့် ပြင်ပေးထားတာပဲ။”
“ဟုတ်တယ်။ ငါ သွားကြည့်လိုက်ဦးမယ်။ ဈေးနှုန်းသာ သင့်တင့်ရင် ကိုယ်တိုင် ပြန်ဆောက်နေဖို့ မလိုတော့ဘူး။”
“မှန်တယ်။ အဆင့်မြင့်အိမ်တွေတောင် ပါလာနိုင်တယ်။”
ရှောင်းယီ၏ လက်ထဲတွင် အဆင့်မြင့် အဆောက်အဦး ပုံစံငယ်များ ရှိနေသော်လည်း ယခုအချိန်တွင်မူ ထုတ်မရောင်းသေးရန် ဆုံးဖြတ်ထား၏။ အကြောင်းမှာ လက်ရှိရှိနေသော ဘိလပ်မြေနှင့် သံမဏိများမှာ မိမိတို့ မဟာမိတ်အဖွဲ့အတွက်သာ လုံလောက်သောကြောင့်ဖြစ်ပြီး နောက်တစ်ချက်မှာ ထိုအဆင့်မြင့် အဆောက်အဦးများကို ဈေးကောင်းရမည့် အချိန်ကျမှသာ ထုတ်ရောင်းလိုသောကြောင့် ဖြစ်သည်။
ညစာစားချိန်တွင် ကျန်းယွင်ထျန်းသည်လည်း စစ်တန်းလျားမှ ပြန်ရောက်လာခဲ့သည်။
ရှောင်းယီက သူ့ကို မြင်သောအခါ “အားလုံး ရှင်းသွားပြီလား။” ဟု မေးလိုက်၏။
“ဟုတ်ကဲ့ ကျွန်းပိုင်ရှင်ရဲ့ ညွှန်ကြားချက်အတိုင်း ဆူပူမှုမှာ အဓိကပါဝင်တဲ့ လူအနည်းငယ်ကို စစ်ဥပဒေနဲ့အညီ ကွပ်မျက်လိုက်တယ်။ အဲဒီတော့မှပဲ ကျန်တဲ့သူတွေလည်း ငြိမ်သွားတော့တယ်။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။
အခြားသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာခဲ့ကြ၏။ ရှောင်းယီ တစ်ရက်နီးပါး ပျောက်သွားခဲ့သဖြင့် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို အားလုံး သိချင်နေခဲ့ကြလေသည်။
“အရင် စားကြရအောင်။ စားရင်းနဲ့ ပြောပြမယ်။”
လူတိုင်း၏ စူးစမ်းသော အကြည့်များကို ကြည့်ရင်း ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ကျုပ် အပြင်ထွက်သွားတာက ကျုပ်တို့ မဟာမိတ်စစ်သားတွေရဲ့ ရုပ်အလောင်းတွေကို ပြန်သယ်ဖို့ပါ။ ဒါပေမဲ့ တောင်ကြားကနေ ထွက်ထွက်ချင်းမှာပဲ အဲဒီ သွေးစုပ်ဖုတ်ကောင်က တွေ့သွားခဲ့တယ်...”
ရှောင်းယီက သူ ကြုံတွေ့ခဲ့ရသည်များကို ဖြည်းဖြည်းချင်း ပြောပြရာ အားလုံးမှာ ထမင်းစားရန်ပင် မေ့နေခဲ့ကြ၏။
“မင်းက ရူးသွပ်ဆေးကိုတောင် သုံးခဲ့တာကို အဲဒီ သွေးစုပ်ဖုတ်ကောင်က လွတ်သွားသေးတာလား။”
ကျန်းယွန့်ထျန်းက မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
အဆင့်ကွာခြားမှုက အလွန်ကြီးမားသည်ဖြစ်ရာ အဆင့်မြင့်သူက အောက်အဆင့်ရှိသူကို အလွယ်တကူ နှိမ်နင်းနိုင်ရမည် မဟုတ်ပါလော။
ရှောင်းယီက ခေါင်းငြိမ့်ပြပြီး ရှင်းပြလိုက်သည်။
“သွေးစုပ်ဖုတ်ကောင်တွေက သူတို့ကိုယ်တိုင် အမြန်နှုန်းမှာ ကျွမ်းကျင်ကြတယ်။ ပြီးတော့ ဆေးသုံးပြီး အဆင့်တက်တာက အတူအယောင် SSS အဆင့်လို့ပဲ ခေါ်လို့ရမယ်။ အဲဒီအပြင် တစ်ဖက်လူကလည်း အချိန်တိုအတွင်း အမြန်နှုန်းကို မြှင့်တင်နိုင်တဲ့ လျှို့ဝှက်နည်းလမ်းတစ်ခုခု သုံးသွားလို့ ငါ့လက်ထဲကနေ လွတ်သွားတာပဲ။”
လူတိုင်းက နားလည်သလို ခေါင်းငြိမ့်လိုက်ကြသည်။
“တကယ်တော့ အဲဒီ သွေးစုပ်ဖုတ်ကောင်က ငါ့နောက်လိုက်လာတာကိုတောင် ကျေးဇူးတင်ရဦးမယ်။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“ကျေးဇူးတင်ရမှာလား...။”
အားလုံးက တညီတညွတ်တည်း မေးလိုက်ကြ၏။
“ဟုတ်တယ်၊ အဲဒီ သွေးစုပ်ဖုတ်ကောင်သာ ငါ့နောက်ကို မလိုက်လာရင် အဲဒီ ထူးဆန်းတဲ့ အသက်ရှင်ကျန်ရစ်သူကျွန်းကို ငါ ရှာတွေ့ခဲ့မှာမဟုတ်ဘူး။”
ရှောင်းယီက လေးနက်စွာ ပြောလိုက်သည်။
“ဒါနဲ့ နင် အရင်ဆက်သွယ်တုန်းက အဲဒီကျွန်းက အရမ်းထူးဆန်းတယ်လို့ ပြောခဲ့တယ်နော်။ ဘာတွေက အဲဒီလောက်တောင် ထူးဆန်းနေလို့လဲ။”
အန်းရန်သည် ရှောင်းယီ ပထမဆုံး ဆက်သွယ်စဉ်က ပြောခဲ့သည်ကို မှတ်မိနေသဖြင့် စူးစမ်းစွာ မေးလိုက်သည်။