အခန်း (၇၈၉-၇၉၀)
Vol. 62 Ch. 789-790
အခန်း ၇၈၉- ထူးဆန်းသောကျွန်း၊ ၎င်းက စီနီယာတစ်ဦးလော
ရှောင်းယီ အနည်းငယ်စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
“ပထမဆုံးအနေနဲ့ အဲဒီအသက်ရှင်ကျန်ရစ်သူရဲ့ကျွန်းက တိုက်သစ်ရဲ့ အသည်းနှလုံးထဲမှာ ရှိနေတာ။ ငါတို့သိထားသလောက်တော့ ငါတို့ကမ္ဘာဟောင်းကလာတဲ့ ဘယ်အသက်ရှင်ကျန်ရစ်သူကမှ တိုက်သစ်နားမှာ ခြေမချခဲ့ရဘူး။ ငါတို့ ရှားနိုင်ငံက အသက်ရှင်ကျန်ရစ်သူတွေတောင် တိုက်သစ်ကြီးနဲ့ အနီးဆုံးနေရာမှာပဲရှိသေးတယ်။”
ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်သည်။
“အမှန်ပဲ။ ငါတို့အားလုံး ရောက်စတုန်းက ရေချိုးခန်းထက်မပိုတဲ့ ပင်လယ်ပြင်အကွက်လေးတွေပေါ်မှာပဲ စခဲ့ကြရတာ။”
“ကျုပ်တို့သာ ကုန်းမြေပေါ်မှာ စခဲ့ရရင် ဒီလောက်လူအများကြီး သေမှာမဟုတ်ဘူး။”
ဒူခန်းက ဝင်ပြောလိုက်၏။
“ဖြစ်နိုင်ပါတယ်။”
ရှောင်းယိက ခေါင်းခါရင်း ဆက်ပြောလိုက်သည်။
“ဒုတိယအချက်က အဲဒီကျွန်းက အရမ်းဟောင်းနွမ်းနေပြီ။ အဆောက်အဦးတွေက တိုက်စားခံရလွန်းလို့ သံကူကွန်ကရစ်တွေတောင် သဲပွင့်တွေအဖြစ် ပြောင်းလဲကုန်ပြီ။”
“ဘာ...ကျွန်းပိုင်ရှင် အဲဒါတွေက သံကူကွန်ကရစ်တွေဆိုတာ သေချာလား။”
အန်းယွဲ့မှာ မယုံကြည်နိုင်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားခဲ့၏။
“သေချာတယ်။ မဟုတ်ရင် ရာစုနှစ်ပေါင်းများစွာ ကြာနေပြီလို့ ကျုပ်ပြောမှာမဟုတ်ဘူး။”
ရှောင်းယီက ခိုင်ခိုင်မာမာ ခေါင်းငြိမ့်ပြလိုက်သည်။
“သံကူကွန်ကရစ်တွေ သဲဖြစ်သွားဖို့ ဘယ်လောက်တောင် ကြာရမလဲ။”
ဒူခန်းသည် ထိုမေးခွန်းမှာ သူ၏အသီဉာဏ်ထက် ကျော်လွန်နေကြောင်း ဝန်ခံလိုက်မိ၏။
အန်းယွဲ့က လေးနက်စွာ ပြန်ဖြေလိုက်သည်။
“ငါ့မှာ အတိအကျ ကိန်းဂဏန်းမရှိပေမဲ့ ပုံမှန်အဆောက်အဦးတစ်ခုရဲ့ သက်တမ်းက နှစ် ၇၀ လောက်ရှိတယ်။ အဲဒီအချိန်အတွင်း ဘာမှမဖြစ်သင့်ဘူး။ သံကူကွန်ကရစ်တွေ သဲဖြစ်သွားဖို့ဆိုရင် အနည်းဆုံး ရာစုနှစ်ပေါင်းများစွာ ကြာလိမ့်မယ်။”
ထိုစဉ် ကျန်းယွင်ထျန်းက ရှောင်းယီကို စိုက်ကြည့်ရင်း မေးလိုက်၏။
“ဒါဆို ငါ တည်နေရာကူးပြောင်းပြီး ရောက်သွားတုန်းက တွေ့ခဲ့ရတဲ့ သဲတွေအားလုံးက အရင်က အဆောက်အဦးတွေပေါ့။”
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အသစ်ကို စောင့်ကြပ်ရန် တပ်ဖွဲ့တစ်ဖွဲ့စေလွှတ်ခိုင်းခဲ့စဉ်က ကျန်းယွင်ထျန်းလည်း လိုက်သွားခဲ့သည်။ ထိုစဉ်က သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ သဲကန္တာရအလယ်တွင် ရှိနေသည်ဟုသာ ထင်ခဲ့ခြင်းဖြစ်၏။
“အတိအကျပဲ။”
ရှောင်းယီက ဆိုသည်။
“အဲဒီကျောက်တိုင် ပတ်ပတ်လည်က စတုရန်းမီတာ တစ်သန်းလောက်က အရင်က အဆောက်အဦးတွေပဲ။ အခုတော့ သဲပွင့်လေးတွေ ဖြစ်သွားခဲ့ပြီ။”
“မဖြစ်နိုင်တာ...အီဂျစ်ပိရမစ်တွေတောင် ထောင်စုနှစ်ချီ တည်တံ့နေတာ။ သံကူကွန်ကရစ်က သူတို့ကို ယှဉ်နိုင်ရမှာလေ။”
ကျန်းယွင်ထျန်းက အာမေဍိတ်သံဖြင့် ပြောလိုက်၏။
“ဒါဆို အဲဒီကျွန်းက နှစ်ပေါင်း တစ်သောင်းကျော်လောက် တည်ရှိနေခဲ့တာလား။”
ဒူခန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းခါပြလိုက်၏။
“မင်း မမြင်ဖူးလို့ပါ။ အဲ့ဒီမှာ အဆောက်အဦးတွေရဲ့ အကြွင်းအကျန် တစ်စွန်းတစ်စတောင် မရှိဘူး။ သံချောင်းတွေလည်း မရှိဘူး။ ဘာမှကို မရှိဘူး။ သန့်စင်တဲ့ သဲပွင့်လေးတွေချည်းပဲ။ နားလည်လား။”
လူတိုင်း တိတ်ဆိတ်သွားခဲ့ကြသည်။
“ငါတို့ ဒီကမ္ဘာကို ရောက်တာ ရက်ပေါင်း ၈၀ တောင်မပြည့်သေးဘူး။ ဘယ်ကျွန်းမှ အဲ့ဒီလိုပုံစံမျိုး မဖြစ်သင့်ဘူး။”
ရှောင်းယီက ဆက်ပြောလိုက်သည်။ လူတိုင်း ခေါင်းငြိမ့်ကြလိုက်၏။
“နောက်ဆုံးတစ်ချက်က အဲဒီကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ ဘာပုံစံကွက်မှ မရှိဘူး။ မြေပုံကလည်း သူ့ကျွန်းတည်နေရာကိုပဲ ပြထားတယ်။ ငါတို့ ဒီကမ္ဘာကို စရောက်တဲ့ အခြေအနေအတိုင်းပဲ။”
ရှောင်းယီက ဖြည့်စွက်ပြောလိုက်သည်။ ယခုအခါတွင်မူ သူတို့အားလုံး လုံးဝ မှင်တက်သွားခဲ့ကြသည်။
“ပုံစံကွက်တွေ မရှိဘူးလား။ ဒါဆို အဲဒီ သံကူကွန်ကရစ် အဆောက်အဦးတွေကို ဘယ်လိုဆောက်ခဲ့တာလဲ။ လက်နဲ့ချည်းသက်သက် ဆောက်ခဲ့တာလား။”
“မြေပုံကလည်း မပွင့်သေးဘူးဆိုတော့ အဲဒီအသက်ရှင်ကျန်ရစ်သူက သူ့ကျွန်းကနေ တစ်ခါမှ အပြင်မထွက်ဖူးဘူးလား။”
ရှောင်းယီသည် ထမင်းပြန်စားနေပြီဖြစ်သော်လည်း အခြားသူများမှာမူ ထိတ်လန့်နေဆဲဖြစ်ပြီး အပြင်းအထန် ငြင်းခုံဆွေးနွေးနေကြသည်။
“အဲဒီကျွန်းမှာ အချိန်စီးဆင်းမှုက အရမ်းမြန်နေတာများလား။ ဒီက တစ်ရက်က ဟိုမှာ တစ်နှစ်နဲ့ ညီမျှနေတာမျိုးလေ။”
အန်းရန်က ခန့်မှန်းကြည့်လိုက်သည်။
“ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ငါက အဲဒီကျွန်းပိုင်ရှင်အကြောင်းကို ပိုပြီးစိတ်ဝင်စားတယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“သူ သေသွားပြီလား။ ဒါမှမဟုတ် တခြားတစ်ခုခုဖြစ်သွားတာလား။”
“ကျွန်းပိုင်ရှင်က အဲဒီကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတော့ သူ သေသွားတာ ဖြစ်နိုင်ခြေများတယ်။”
အန်းယွဲ့က ကျိုးကြောင်းပြကာ ပြောလိုက်၏။
“အဲဒီပျက်စီးမှုတွေကို ကြည့်ရင် ထောင်စုနှစ်တွေတောင် ကြာခဲ့ပုံရတယ်။ ဘယ်သူကမှ ဒီလောက်အထိ အသက်မရှည်နိုင်ဘူး။”
“ကျုပ် တစ်ခုခု စဉ်းစားမိတယ်။”
ဒူခန်က ကြားဖြတ်ပြောလိုက်သည်။
“အဲဒီအသက်ရှင်ကျန်ရစ်သူက မသေလောက်သေးဘူး။”
“မသေဘူးလား။ ဒါဆို သူက ဘယ်မှာလဲ။”
လူတိုင်း ဒူခန်းဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ နောက်ဆုံးသတင်းစကားကို မှတ်မိကြလား။ ‘မင်းတို့ထဲကနေ ထူးချွန်တဲ့လူတွေ ထွက်ပေါ်လာမှာကို ငါ စောင့်နေမယ်’ ဆိုတာလေ။”
ဒူခန်းက ပြန်မေးလိုက်သည်။
ရှောင်းယီ ထမင်းစားနေရင်း ရပ်တန့်သွားခဲ့သည်။ ဒူခန်း ဘာကိုဆိုလိုသည်ကို သူ သိလိုက်ပြီဖြစ်သည်။
လူတိုင်း ခေါင်းငြိမ့်မိလိုက်ကြ၏။ ထိုသတင်းစကား ထွက်ပေါ်လာသည်မှာ နှစ်လပင် မပြည့်သေးဘဲ သူတို့ ထိုအကြောင်းကို ရက်ပေါင်းများစွာ ဆွေးနွေးခဲ့ကြဖူးသည်။
“ဖြစ်နိုင်တာက သူက ထွက်သွားပြီးသား ဖြစ်နေနိုင်တယ်။”
ဒူခန်းက ဆက်ပြောလိုက်၏။
“ကျွန်းပိုင်ရှင်ရဲ့ ဖော်ပြချက်အရ အဲဒီကျွန်းက အရမ်းကြီးရမယ်။ အဲဒါက တိုးတက်မှု အားကောင်းတယ်ဆိုတဲ့ သက်သေပဲ။ စစ်အင်အားလည်း အရမ်းတောင့်တင်းမှာပဲ။ သူက အသတ်ခံရဖို့ မလွယ်ဘူး။”
သူတို့သည် အချိန်တစ်ခုကြာအောင် တွေးတောလိုက်ကြပြီးနောက် ထိုစကားမှာ ကျိုးကြောင်းဆီလျော်ကြောင်း ထောက်ခံလိုက်ကြသည်။
“ဒါဆို ဒီကမ္ဘာကြီးက ငါတို့အတွက် ပထမဆုံး... စာမေးပွဲခန်းမတစ်ခုပဲလား။”
ဆုဝမ်သည် ကမ္ဘာဟောင်းမှ စာမေးပွဲစနစ်နှင့် နှိုင်းယှဉ်ကာ တုန်တုန်ရီရီ ပြောလိုက်၏။
“စာမေးပွဲခန်းမလား။ စကားလုံးကတော့ ကောင်းသားပဲ။ ဒါပေမဲ့ ကျရှုံးရင် သေရမှာနော်။”
ရှောင်းယီက ပြောလိုက်သည်။
“ငါလည်း ဒူခန်းရဲ့ ခန့်မှန်းချက်ဘက်ကို ပိုယိုင်မိတယ်။”
“ဒါပေမဲ့ ဒူခန်း ပြောတာသာ အမှန်ဆိုရင် ငါတို့ကျွန်းပိုင်ရှင်က ဘာလို့ ဒီမှာပဲ ရှိနေသေးတာလဲ။”
အန်းယွဲ့က ကန့်ကွက်လိုက်၏။
အကယ်၍ ထူးချွန်ထွက်ပေါ်သည့် ကျွန်းရှိမည်ဆိုပါက ၎င်းမှာ ရှောင်းယီ၏ကျွန်းသာ ဖြစ်သင့်သည်။ သို့သော် သူက ယီရန်ပင်းမဟာမိတ်အဖွဲ့အတွင်းမှာပင် ရှိနေသေး၏။
ရှောင်းယီက အနည်းငယ် စဉ်းစားကြည့်လိုက်သည်။
“ဘာလို့လဲဆိုတော့ ကျုပ် စာမေးပွဲ မဖြေရသေးလို့ပဲ။”
အချို့က ဇဝေဇဝါဖြစ်သွားသော်လည်း ဒူခန်းကမူ နားလည်သွားပုံရသည်။
“ကျုပ်တို့ ကမ္ဘာဟောင်းက ပညာရေးစနစ်လိုပေါ့။”
ရှောင်းယီက ရှင်းပြလိုက်၏။
“မူလတန်းအောင်မယ်၊ အလယ်တန်းအောင်မယ်၊ ပြီးမှ တက္ကသိုလ်ဝင်ခွင့်ဖြေရမယ်။ ကျုပ်တို့က အခု မူလတန်းကျောင်းသားတွေပဲ ရှိသေးတာ ဖြစ်နိုင်တယ်။”
“ဒါဆို ဘာလို့ တစ်ယောက်ယောက်က ကျောင်းပြီးသွားတာလဲ။”
အန်းယွဲ့က မျက်မှောင်ကျုံ့လိုက်၏။ ထို့နောက် ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားတော့သည်။
“မဖြစ်နိုင်တာ...”
“အားလုံး ခန့်မှန်းမိသွားကြပြီပဲ။”
ရှောင်းယီက ဆိုသည်။
“သူက ငါတို့ထက် တစ်တန်းကြီးတဲ့သူ၊ ကျုပ်တို့ရဲ့ စီနီယာပေါ့။”
“ဆိုလိုတာက ဒီလို ရွေးချယ်မှုမျိုးတွေ အရင်ကလည်း ရှိခဲ့ဖူးတာလား။”
အမြဲတည်ငြိမ်တတ်သော ယွမ်နွန်ပင် အံ့ဩတကြီးဖြင့် ရေရွတ်မိလိုက်၏။
“သေချာသလောက်ပဲ။ တစ်ကြိမ်ထက်မတာကလည်း ဖြစ်နိုင်တယ်။”
ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။
“ဒါမှသာ အဲဒီကျွန်းရဲ့ ထူးဆန်းတဲ့ အချက် ၃ ချက်ကို ရှင်းပြနိုင်လိမ့်မယ်။”
အန်းရန်နှင့် အခြားသူများမှာ အချိန်အတော်ကြာသည်ထိ စကားမပြောနိုင်ဘဲ မှင်တက်နေကြလေသည်။
ယခင်က ရွေးချယ်ခံရသူတွေကလည်း ငါတို့ကမ္ဘာက လူသားတွေပဲလား။ ဒါမှမဟုတ် တခြားသက်ရှိတွေလား။ သူတို့ ထူးချွန်ထွက်ပေါ်သွားပြီးရင် ဘယ်ကို ပို့ဆောင်ခံရတာလဲ။
ရှေ့ဆက်ရမယ့် စမ်းသပ်မှုတွေကရော အရမ်း ရက်စက်ကြမ်းကြုတ်နေဦးမှာလား။
အရာအားလုံးက မရေမရာ ဖြစ်နေဆဲပင်။
အခန်း ၇၉၀- မူမမှန်မှုများကို ပိုမိုအာရုံစိုက်ပါ
“ဖြောင်း... ဖြောင်း... ဖြောင်း”
ရှောင်းယီ လက်ခုပ်တီးလိုက်ပြီး လူတိုင်း၏အာရုံကို သူ့ထံသို့ ဆွဲယူလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
“အားလုံးပဲ မြန်မြန်စားကြပါ။ ဟင်းတွေ အေးကုန်တော့မယ်။ စားသောက်ပြီးမှပဲ သေချာစဉ်းစားကြတာပေါ့။”
ထိုအခါမှသာ လူတိုင်းသည် မှိုင်တွေနေရာမှ သတိဝင်လာကြပြီး သူတို့ရှေ့ရှိ ပန်းကန်များကို မတင်မကျစိတ်ဖြင့် ကိုင်ကာ ထမင်းစစားကြတော့လေသည်။
ရှောင်းယီသည်မူ ထမင်းစားပြီးသွားပြီဖြစ်၍ စွပ်ပြုတ်သောက်နေလိုက်၏။ သူက စွပ်ပြုတ်ကို တစ်ငုံချင်းသောက်ရင်း ပြောလိုက်သည်။
“သိပ်ပြီး စိတ်မပူကြပါနဲ့။ ဒါတွေက ကျုပ်တို့ရဲ့ ခန့်မှန်းချက်တွေပဲ ရှိပါသေးတယ်။ တကယ့်အခြေအနေမှန်က ဘာလဲဆိုတာ မသိရသေးဘူး။ အခုတော့ စားဖို့ပဲ အာရုံစိုက်ကြပါ။”
လူတိုင်းက ခေါင်းညိတ်ကြပြီး နောက်ဆုံးတွင် သူတို့ရှေ့ရှိ အစားအစာများပေါ်သို့ အာရုံပြန်ရောက်သွားခဲ့ကြသည်။
ညစာစားပြီးနောက် လူတိုင်း ဧည့်ခန်းတွင် ထိုင်ကာ ထူးဆန်းသောကျွန်းအကြောင်းကို ဆက်လက်ဆွေးနွေးကြလေသည်။
“ငါတို့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် အသက်ရှင်ကျန်ရစ်သူတွေက ရွေးချယ်ခံရပြီး ထွက်ခွာသွားကြတာပဲ။ ဒါဆို ကျွန်းပေါ်မှာကျန်ခဲ့တဲ့ ဒေသခံတွေကရော ဘာဖြစ်ကုန်ကြတာလဲ။”
“ဖြစ်နိုင်ခြေ နှစ်ခုရှိတယ်။ တစ်ခုက အဲဒီကျွန်းပေါ်ကလူတွေအားလုံးက အသက်ရှင်ကျန်ရစ်သူတွေချည်းပဲ ဖြစ်နေတာ။ နောက်တစ်ခုကတော့ အသက်ရှင်ကျန်ရစ်သူတွေ ထွက်သွားပြီးနောက်မှာ ဒေသခံတွေက ကမ္ဘာ့စည်းမျဉ်းတွေရဲ့ ဖျက်ဆီးတာကို ခံလိုက်ရတာ ဒါမှမဟုတ် ကျွန်းပေါ်မှာပဲ အိုမင်းပြီး သေဆုံးသွားကြတာ။”
“အာ... အဲဒီလိုဆိုရင်တော့ အဲဒီဒေသခံတွေ တကယ် သနားဖို့ကောင်းတာပဲ။”
“ဒီကမ္ဘာက ဒေသခံတွေဆိုတာ တကယ်တော့ ဂိမ်းထဲက ကိရိယာတွေလိုပါပဲ။”
“အရင်က အသက်ရှင်ကျန်ရစ်သူတွေက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ ချန်ထားခဲ့နိုင်တယ်ဆိုရင်။တခြားနေရာတွေမှာလည်း ကျန်ခဲ့တဲ့ အုတ်မြစ်ကျောက်ကျွန်းတွေ ရှိနေနိုင်တယ် မဟုတ်လား။”
“ဖြစ်နိုင်တယ်။ ငါတို့ ပြင်ပကမ္ဘာကို စူးစမ်းလေ့လာတာတွေ ပိုတိုးမြှင့်လုပ်ဆောင်ဖို့ လိုလာပြီ။”
“နောက်ထပ် မေးခွန်းတစ်ခုရှိသေးတယ်။ အသက်ရှင်ကျန်ရစ်သူတွေ ထွက်သွားပြီးနောက်မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်က မြေပုံတွေနဲ့ ဆောက်လုပ်ရေးအပိုင်းတွေ အကုန်ပျောက်သွားတယ်။ ဆိုလိုတာက အသက်ရှင်ကျန်ရစ်သူ ထွက်သွားတာနဲ့ ကျောက်တိုင်က အလိုအလျောက် ပြန်ပြီး Reset ဖြစ်သွားတာလား။”
“ဖြစ်နိုင်ခြေ အရမ်းများတယ်။ အဲဒီ ထူးချွန်ထွက်ပေါ်သွားတဲ့သူတွေ ဘယ်ကို ရောက်ကုန်ကြသလဲဆိုတာ ငါ တကယ် သိချင်မိတယ်။”
“နောက်ထပ် စာမေးပွဲစစ်မယ့်နေရာက ဒီထက်ပိုပြီး ဆန်းကြယ်တဲ့ ရွှမ်းချီကမ္ဘာကြီး ဖြစ်လောက်နေမလား။ စဉ်းစားကြည့်တာနဲ့တင် ရင်ခုန်စရာပဲ။”
“ရင်ခုန်စရာလား။ ဒူလေး...အကယ်၍ မဟာမိတ်အဖွဲ့ကနေ တစ်ယောက်ပဲ ထွက်ခွာခွင့်ရမယ်ဆိုရင် မင်းက အဲဒီလောက်တောင် ရင်ခုန်နေတာဆိုတော့ ငါတို့ မင်းကိုပဲ တညီတညွတ်တည်း ရွေးချယ်ပေးလိုက်မယ်လေ။”
“ဟီးဟီး... နောက်တာပါ။ သွားရမယ်ဆိုရင်လည်း အစွမ်းအထက်ဆုံးဖြစ်တဲ့ ကျွန်းပိုင်ရှင်ပဲ သွားရမှာပေါ့။ ကျုပ်သာ တခြားကမ္ဘာကို ရောက်သွားရင် အမြောက်စာပဲ ဖြစ်သွားလိမ့်မယ်။”
“မင်းတို့ အရမ်းတွေ တွေးနေကြပြီ။ ကျုပ်အထင်တော့ နောက်ဆုံး သတ်မှတ်ချက်က အသက်ရှင်သန်နေထိုင်နိုင်ဖို့ပဲ။ အသက်ရှင်နေသရွေ့တော့ ရွေးချယ်ခံရမှာပဲ။ မဟုတ်ရင် ဒီကမ္ဘာမှာ အရင်အသက်ရှင်ကျန်ရစ်သူတွေရဲ့ မျိုးဆက်တွေ အများကြီး ရှိနေမှာပေါ့။”
“အဲဒီလိုဆိုရင်လည်း ကျုပ်တို့ရဲ့ ရုပ်ခန္ဓာကြံ့ခိုင်မှုကို ဆက်ပြီး မြှင့်တင်နေရဦးမယ်။ မဟုတ်ရင် နောက်စာမေးပွဲခန်းမရောက်ရင် လုံးဝ ‘ဂိမ်းအိုဗာ (GG)’ ဖြစ်သွားလိမ့်မယ်။”
“ဟူး... ကံကြမ္မာကို မတွန်းလှန်နိုင်တဲ့ ဒီလို အားမလိုအားမရ ခံစားချက်ကြီးက တကယ် စိတ်ပျက်ဖို့ကောင်းတယ်။”
ထိုစဉ် ရှောင်းယီက ဝင်ပြောလာခဲ့သည်။
“လောလောဆယ်မှာတော့ ကျုပ်တို့ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားဖို့ပဲ ရှိတယ်။ အများကြီး လျှောက်မတွေးပါနဲ့။ လက်ရှိအခြေအနေအရ ကျုပ်တို့က ထူးချွန်ထွက်ပေါ်ဖို့အတွက် အလှမ်းဝေးပါသေးတယ်။”
လူတိုင်း ခေါင်းငြိမ့်လိုက်ကြ၏။ ရှောင်းယီက ဆက်ပြောလိုက်သည်။
“အရင်က လူတွေ ဒီလမ်းကို အောင်မြင်အောင် လျှောက်လှမ်းသွားနိုင်ခဲ့တယ်ဆိုတာ သိရတာလည်း ကောင်းပါတယ်။ ရှေ့ကလူတွေ ရှိခဲ့ဖူးမှတော့ ကျုပ်တို့အတွက် အခြေခံနားလည်မှုတစ်ခု ရတာပေါ့။ ဒါပေမဲ့ ဒီသတင်းအချက်အလက်ကို ပြင်ပကို အခုလောလောဆယ် မပေါက်ကြားစေနဲ့ဦး။ နားလည်ကြလား။”
“ဟုတ်ကဲ့ပါ။”
လူတိုင်းက တုံ့ပြန်လိုက်ကြ၏။
“ဦးလေးအန်း ကျုပ်တို့ရဲ့ အစားထိုးအိမ်ရာစီမံကိန်းရော ဒီနေ့ အခြေအနေဘယ်လိုရှိလဲ။”
ရှောင်းယီက အကြောင်းအရာပြောင်းကာ မေးလိုက်သည်။
“အရာအားလုံး အဆင်ပြေပါတယ်။ အသစ်ဆောက်ထားတဲ့ အဆောက်အဦးတွေက အရင်ကဟာတွေထက် အများကြီး အဆင့်မြင့်တယ်လေ။ သူတို့က ငါတို့ အပန်းဖြေစခန်းကို ခဏခဏ လာဖူးကြတော့ ဒီလို အဆင့်မြင့် အိမ်သုံးပစ္စည်းတွေကို အရမ်းလိုချင်နေကြတာ။ အခု သူတို့အခန်းတွေမှာ အဲ့ဒါတွေ အကုန်တပ်ဆင်ပေးလိုက်တော့ သူတို့ တကယ်ကို ပျော်နေကြတယ်။”
အန်းယွဲ့က အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။ရှောင်းယီက ခေါင်းငြိမ့်လိုက်၏။
“ဘယ်သူမှ မကန့်ကွက်ဘူးဆိုရင်တော့ အစားထိုးတာကို မြန်မြန်လုပ်လိုက်ကြတာပေါ့။”
“အင်း တချို့တစ်ဝက်တော့ ပြီးနေပြီ။ အဓိက ပြဿနာက ဒေသခံတွေက သူတို့အိမ်က ပစ္စည်းဟောင်းတွေကို မစွန့်လွှတ်နိုင်ကြတာပဲ။ အဲ့ဒါကြောင့် သူတို့ အိမ်ပြောင်းဖို့ ခဏစောင့်နေရတယ်။”
အန်းယွဲ့က ဆိုသည်။
“ကောင်းပြီ။ ဒီဒေသခံတွေ ပုန်ကန်တဲ့ ဖြစ်ရပ်ကို အခွင့်ကောင်းယူပြီး ကျုပ်တို့ ဖယ်ရှားလိုက်တဲ့ အိမ်ဟောင်းတွေကို အလေအလွင့်မဖြစ်အောင် အကုန်ရောင်းထုတ်လိုက်ပါ။”
ရှောင်းယီက ညွှန်ကြားလိုက်၏။
“စိတ်မပူပါနဲ့။ အဲဒီအိမ်ဟောင်းတွေကို အရောင်းခန်းမမှာ ငါ တင်ထားပြီးပါပြီ။”
အန်းယွဲ့က ပြောလိုက်သည်။ ရှောင်းယီက “OK” ဟု လက်ဟန်ပြလိုက်ပြီး အပေါ်ထပ်ရှိ သူ၏ အိပ်ခန်းသို့ ပြန်သွားခဲ့လိုက်၏။ သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် အသစ်တွေ့ရှိသောကျွန်းမှ အစောင့်ထံသို့ သတင်းပို့လိုက်သည်။
“အဲ့ဘက်မှာ ထူးခြားတာရှိလား။”
“အစီရင်ခံပါတယ် ကျွန်းပိုင်ရှင်။ တိရစ္ဆာန်တချို့ သွားလာနေတာကလွဲလို့ တခြား ထူးခြားတာ မရှိပါဘူး။”
အစောင့်စစ်သားက ပြန်ဖြေလာခဲ့သည်။
“အင်း ဒီည အလှည့်ကျကင်းလှည့်ဖို့ သေချာစီစဉ်ထားကြ။ မနက်ဖြန်ကျရင် လူစားလဲဖို့ ငါ စီစဉ်ပေးမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့ စိတ်ချပါ ကျွန်းပိုင်ရှင်။”
အစောင့်များကို မှာကြားပြီးနောက် ရှောင်းယီသည် ယီထျန်းဂရုသို့ ဝင်ကြည့်လိုက်သည်။ အံ့ဩစရာကောင်းသည်မှာ ဂရုထဲ၌ ဒေသခံများ ပုန်ကန်သည့်ကိစ္စကို ဆွေးနွေးနေကြဆဲပင်။
“တကယ်ကို အားစိုက်ပြီး တည်ဆောက်ထားတဲ့ကျွန်းက ဒီတစ်ပွဲတစ်ခုတည်းနဲ့တင် ရက်ပေါင်း ၅၀ လောက် နောက်ပြန်ဆုတ်သွားရတယ်ကွာ...။”
“ပြောမနေပါနဲ့တော့။ ဘာသတိပေးချက်မှမရှိဘဲ ဒေသခံတွေက ထပြီးပုန်ကန်ကြတာ။ တကယ် ဟာသပဲ။”
“တကယ်တော့ ကမ္ဘာ့စည်းမျဉ်းက ဒီပုန်ကန်မှုမတိုင်ခင် ငါတို့ကို သတိပေးခဲ့တာပဲ။”
“သတိပေးတယ်ဟုတ်လား။ ဘယ်တုန်းကလဲ။ ငါ ဘာလို့ မသိရတာလဲ။”
“လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်းတွေပေါ်မှာ စားနပ်ရိက္ခာ စားသုံးမှုက အရမ်းမြန်နေတယ်လေ။ မဟာမိတ်အဖွဲ့တွေမှာ စားနပ်ရိက္ခာ အကျပ်အတည်း ကြုံရနိုင်တယ်လို့ လူတိုင်း ပြောနေကြတာ မမှတ်မိဘူးလား။”
“ဟုတ်သားပဲ။ အဲဒါက အချက်ပေးသံ ဖြစ်နိုင်တာလား။”
“ဒါပေါ့။ ရှေးခေတ်က ပုန်ကန်မှုတွေ ဘာကြောင့် ဖြစ်လေ့ရှိတာလဲ။ အားလုံး သမိုင်းသင်ဖူးကြမှာပါ။”
“မှန်တယ်။ ရှေးခေတ် ပုန်ကန်မှု အများစုက စားစရာမရှိတာနဲ့ ဖိနှိပ်ခံရတာကြောင့် ဖြစ်တာပဲ။ စားစရာမရှိတဲ့ အခြေအနေက အခု ဖြစ်နေပြီ။ ဒါ့အပြင် အသက်ရှင်ကျန်ရစ်သူတချို့က ကိုယ့်အတွက် စားစရာသိုလှောင်ဖို့ ဒေသခံတွေရဲ့ ဝေစုကို လျှော့ချလိုက်တာက ဖိနှိပ်မှုပဲ။ သူတို့ ပုန်ကန်ကြတော့မှာပေါ့။”
“အခုမှ ပြန်တွေးကြည့်တော့ အဲဒီအတိုင်းပဲ။ ဒါပေမဲ့ နောက်ခါကျရင် အချက်ပေးသံကို နည်းနည်းလောက် ပိုပြီးရှင်းလင်းအောင် ပြပေးလို့ မရဘူးလား။ ငါတို့က ဘယ်လိုလုပ် သိနိုင်မှာလဲ။”
“အခုပဲ ကြည့်လေ။ ကျုပ် အခု အကျအန ခွဲခြမ်းစိတ်ဖြာနေပေမဲ့ ဖြစ်တုန်းကတော့ ကျုပ်လည်း မသိခဲ့ဘူး။ အားလုံးက ဖြစ်ပြီးမှသိကြတာချည်းပဲ။ နောက်ဆိုရင်တော့ ထူးခြားမှု တစ်ခုခုတွေ့တာနဲ့ ဒါက ဘာတွေဖြစ်လာနိုင်မလဲဆိုတာ သေချာ ခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်နေပြီ။”
“ချီး... ခေါင်းကို ကိုက်နေတာပဲ။ ငါက စစ်တိုက်ဖို့ပဲ သိတာ။ ဒီလို လှည့်ကွက်တွေ၊ အကြံအဖန်တွေကို မစဉ်းစားတတ်ဘူး။ မင်းတို့ပဲ ခွဲခြမ်းစိတ်ဖြာကြပါ။ ငါကတော့ နားပဲ ထောင်တော့မယ်။”
“ညီအစ်ကို ခေါင်းကိုက်ရင်တောင် သင်ယူထားမှ ဖြစ်မယ်။ နောင်တစ်ချိန်မှာ မင်းတစ်ယောက်တည်း ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာ။”
“ငါတစ်ယောက်တည်း ကျန်ရင်တော့ ဒေသခံတွေကို အကုန်သတ်ပစ်လိုက်မယ်။ အဲဒါဆို ပုန်ကန်စရာ မရှိတော့ဘူး။”
“အဲဒါဆို မင်းကျွန်းက ဘယ်လိုလုပ်ပြီး တိုးတက်တော့မှာလဲ။ ဒါက အဓိက အရင်းအမြစ်ကို ဖျက်ဆီးပစ်တာပဲလေ။”
“ဘေးကင်းဖို့က ပထမပဲ။ အသက်ရှင်နေသရွေ့တော့ တိုးတက်မှုက အရေးမကြီးဘူး။ အသက်ရှင်မှ တိုးတက်လို့ရမှာလေ။”
“ဒါလည်း မမှားပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းမှာ ကိုယ့်အမြင်နဲ့ကိုယ် ရှိကြတာပဲလေ။”
အသက်ရှင်ကျန်ရစ်သူများ၏ နှိမ်နင်းမှုကြောင့် ကျွန်းအသီးသီးရှိ ဒေသခံများမှာ အဆင့်မမြင့်ကြပေ။ ထို့ပြင် အဆင့်မြင့်လက်နက်ကိရိယာ အားလုံးမှာလည်း အသက်ရှင်ကျန်ရစ်သူများ၏ လက်ထဲတွင်သာရှိ၏။ ထို့ကြောင့် ပုန်ကန်သော ဒေသခံများသည် တစ်ချက်နှစ်ချက်သာ ပြန်တိုက်နိုင်ပြီး အသက်ရှင်ကျန်ရစ်သူများက လက်နက်များကို အရောင်းအဝယ်စနစ်ဖြင့် ချက်ချင်း ပြန်လည်သိမ်းပိုက်လိုက်ကြသည်။
သူတို့၏ ပုန်ကန်မှုမှာ ပြင်းထန်သော်လည်း နောက်ဆုံးတွင် အသက်ရှင်ကျန်ရစ်သူများ၏ နှိမ်နင်းခြင်းကို ခံလိုက်ရသည်သာဖြစ်၏။
သို့သော်လည်း ကမ္ဘာ့စည်းမျဉ်းက ကြိုးကိုင်ထားသဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခြင်း မရှိဘဲ နေရာတိုင်းတွင် သွေးမြေကျခဲ့ရသည်။
ယီရန်ပင်းမဟာမိတ်အဖွဲ့တွင်ပင် ရှောင်းယီက ခေါင်းဆောင်များကို ကိုယ်တိုင် သုတ်သင်ပြပြီးမှသာ လူအုပ်ကြီးကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ကျန်းယွင်ထျန်း၏ စစ်တပ်နှင့် ပေါင်းလိုက်သောအခါ ဒေသခံများမှာ မည်သည့် ပြဿနာကြီးကြီးမားမားမှ မဖန်တီးနိုင်တော့ပေ။