← Chapters

အခန်း (၇၉၃-၇၉၄)

Vol. 63 Ch. 793-794

အခန်း (၇၉၃-၇၉၄)

Vol. 63 Ch. 793-794

အခန်း ၇၉၃ - ဝံပုလွေကာကွယ်ရေးတပ်ဖွဲ့ စီမံကိန်း

ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။

“ဒါက ယုတ္တိရှိပါတယ်။ အဲ့ဒါကြောင့် ခင်ဗျားတို့ဘက်က သမန်းဝံပုလွေတွေရဲ့ ဒေါသကို ထိန်းချုပ်နိုင်အောင် လေ့ကျင့်ပေးဖို့ လိုသလို ကျုပ်ဘက်ကလည်း သမန်းဝံပုလွေမျိုးနွယ်စုအပေါ် ခွဲခြားဆက်ဆံမှုတွေကို တားဆီးပေးမယ့် မူဝါဒတွေကို ထုတ်ပြန်ပေးမယ်။ ကျုပ်တို့ နှစ်ဖက်စလုံး ကြိုးစားကြမယ်ဆိုရင် လူသားတွေနဲ့ သမန်းဝံပုလွေတွေ အမှန်တကယ် သဟဇာတဖြစ်ဖြစ်နဲ့ အတူယှဉ်တွဲ နေထိုင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

“ဟုတ်ကဲ့ပါ။”

ဒန်နီက လေးနက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ ကျွန်းပိုင်ရှင် မင်းက ကျုပ်တို့ကို ကိုယ်ပိုင်ကာကွယ်ရေးတပ် ဖွဲ့စည်းခွင့် တကယ်ပေးမှာလား။”

မဟာမိတ်အဖွဲ့၏ ပြည်တွင်းလုံခြုံရေးကို စိုးရိမ်သောကြောင့် ရှောင်းယီအနေဖြင့် အခြားမျိုးနွယ်စုတစ်ခုကို လက်နက်ကိုင်ဆောင်ခွင့် ပေးလိမ့်မည်မဟုတ်ဟု သူ ထင်မြင်ထားခဲ့မိ၏။

“ဘာလဲ...ခင်ဗျားတို့က ကိုယ်ပိုင်ကာကွယ်ရေးတပ် မဖွဲ့စည်းချင်ဘူးလား။”

ရှောင်းယီက ပြုံးကာ မေးလိုက်သည်။

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ကျုပ်တို့ တကယ်ဖွဲ့စည်းချင်ပါတယ်။ ဒါပေမဲ့ မင်း မစိုးရိမ်ဘူးလား...”

ဒန်နီက ကပျာကယာ လက်ယမ်းကာ ပြောလိုက်၏။

“စိုးရိမ်ရမှာလား။ ဘာကို စိုးရိမ်ရမှာလဲ။”

ရှောင်းယီက ပြန်မေးလိုက်သည်။

“အကြောင်းပြချက်မရှိဘဲ ခင်ဗျားတို့ ကျုပ်တို့ကို ပြန်တိုက်မှာမဟုတ်ဘူးလို့ ကျုပ်ယုံကြည်တယ်။”

“ကျုပ်တို့ကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”

ဒန်နီက ကျေးဇူးတင်စွာဖြင့် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

“ကျေးဇူးတင်စရာမလိုပါဘူး။ ကျုပ်မှာလည်း ကျုပ်အကြောင်းပြချက်နဲ့ကျုပ် ရှိပါတယ်။ ပြီးတော့ ခင်ဗျားတို့ရဲ့ ဝံပုလွေကာကွယ်ရေးတပ်အတွက် ကျုပ်မှာ နောက်ထပ် လိုအပ်ချက်တွေရှိသေးတယ်။”

ရှောင်းယီက လက်ကာပြကာ ပြောလိုက်သည်။ ဒန်နီက အံ့အားသင့်စွာဖြင့် မေးလိုက်သည်ာ

“ပြောပါ ကျွန်းပိုင်ရှင် ဘာတွေများလဲ။”

“ခင်ဗျားတို့ရဲ့ သမန်းဝံပုလွေကာကွယ်ရေးတပ်က နေ့စဉ်ဘဝမှာ ကိုယ့်လူမျိုးကို ကိုယ်ကာကွယ်ရမှာမှန်ပေမယ့် အပြင်က ရန်သူတွေ ကျူးကျော်လာရင်တော့ ကျုပ်တို့နဲ့အတူ ရပ်တည်ပြီး မဟာမိတ်အဖွဲ့ကို ကာကွယ်ပေးရမယ်။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

ဒန်နီသည် ခက်ခဲသော တောင်းဆိုချက်တစ်ခုခု ဖြစ်လိမ့်မည်ကို စိုးရိမ်နေခဲ့သော်လည်း ကျူးကျော်သူများကို ပြန်လည်တိုက်ခိုက်ရန်သာ ဖြစ်နေသည်ကို သိလိုက်ရလေသည်။

“စိတ်ချပါ ကျွန်းပိုင်ရှင်။”

ဒန်နီက ချက်ချင်း ကတိပေးလိုက်သည်။

“မင်းရဲ့ အမိန့်မရှိရင်တောင် ကျူးကျော်သူတွေ လာတဲ့အခါ ကျုပ်တို့ ဝံပုလွေမျိုးနွယ်စုက ရှေ့တန်းကနေ တိုက်ခိုက်မှာပါ။”

ရှောင်းယီ ခေါင်းငြိမ့်လိုက်သည်။

“ကျုပ် ခင်ဗျားကို ယုံပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ရှင်းရှင်းလင်းလင်း ရှိပါစေ။ သမန်းဝံပုလွေကာကွယ်ရေးတပ်က အစ်ကိုကျန်းရဲ့ စစ်ရေးလေ့ကျင့်မှုကို လက်ခံရမှာဖြစ်သလို အမိန့်တိုင်းကိုလည်း မေးခွန်းထုတ်စရာမလိုဘဲ လိုက်နာရမယ်။”

“ဟုတ်ကဲ့”

ဒန်နီက တုံ့ပြန်လိုက်၏။

သူ့အတွက်မူ လူသားတို့၏ စစ်ရေးလေ့ကျင့်မှုမှာ ရိုးရှင်းလှပြီး မည်သည့် သမန်းဝံပုလွေစစ်သည်မဆို အလွယ်တကူ ကျော်ဖြတ်နိုင်လိမ့်မည်ဟု ထင်နေခဲ့ကြသည်။

“ကောင်းပြီ။ ခင်ဗျား သဘောတူပြီဆိုရင် အစ်ကို ကျန်းကို နည်းပြတွေ လွှတ်ပေးဖို့ ကျုပ် ပြောလိုက်မယ် “

ရှောင်းယီက ပြောလိုက်သည်။

“ပြဿနာမရှိပါဘူး—။ ဒါပေမဲ့ သန်မာတဲ့သူတွေကိုပဲ လွှတ်ပေးပါ။ မဟုတ်ရင် အဲ့ဒီကောင်လေးတွေက ဘဝင်မြင့်နေကြလိမ့်မယ်။”

သူသည် မိမိ၏မျိုးနွယ်စုအကြောင်းကို သိသောကြောင့် လူသားများက သမန်းဝံပုလွေများကို လေ့ကျင့်ပေးမည်ဟူသော စိတ်ကူးမှာ ဒန်နီအတွက် ရယ်ချင်စရာပင် ဖြစ်နေခဲ့သည်။

သို့သော် ၎င်းသည် နောက်ပြောင်နေခြင်းမဟုတ်ကြောင်း ဒန်နီ သိပါသည်။ လူသားတို့၏ အလားအလာသည် ရုပ်ပိုင်းဆိုင်ရာရော ကိရိယာတန်ဆာပလာ အသုံးပြုမှုတွင်ပါ သမန်းဝံပုလွေများကို ကျော်လွန်သွားနိုင်စွမ်း ရှိသည်။

သေချာပါသည်။ ၎င်းမှာ သမန်းဝံပုလွေများ အသွင်မပြောင်းသေးသည့် အခြေအနေတွင်သာဖြစ်၏။ အကယ်၍ အသွင်ပြောင်းပြီးသွားပါက တူညီသောအဆင့်ရှိသော လူသားတစ်ဦးသည် ၎င်းတို့၏ ကြံ့ခိုင်မှုကို ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။

ရှောင်းယီ မျက်တောင်ခတ်လိုက်ပြီး ဒန်နီ၏ဆိုလိုရင်းကို ချက်ချင်း နားလည်သွားခဲ့သည်။

“စိတ်ချထားလိုက်ပါ။ အစ်ကိုကျန်းက အားနည်းတဲ့သူ မဟုတ်ပါဘူး။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်၏။

ရှောင်းယီကိုယ်တိုင်က အားမနည်းဘူးဟု ပြောလျှင် ထိုသူမှာ အလွန်စွမ်းအားကြီးသူ ဖြစ်ရမည်ဟု ဒန်နီ တွေးလိုက်မိသည်။ အကြောင်းမှာ သူသည် ရှောင်းယီ၏ စွမ်းအားကို မြင်တွေ့ဖူးသောကြောင့်ပင်။

“စိုက်ပျိုးရေးအတွက်ဆိုရင်တော့ ခင်ဗျားတို့ကို သင်ပေးဖို့ ကျွမ်းကျင်သူတွေ လွှတ်ပေးလို့ရတယ်။ ဒါပေမဲ့ အရင်ဆုံး ခင်ဗျားတို့ ကျုပ်တို့ရဲ့ ဘာသာစကားကို သင်ယူရမယ်။ ကျုပ်တို့ရဲ့ နည်းပညာရှင်တွေက ရှာစနိုင်ငံဘာသာစကားကိုပဲ ပြောတာဆိုတော့ ခင်ဗျားတို့က နားမလည်ဘူး မဟုတ်လား။”

ဤဆက်သွယ်ရေး အခက်အခဲကို ဒန်နီသည်လည်း သတိပြုမိပြီးသားဖြစ်သည်။

မနေ့က ဒေသခံများ ဆန္ဒပြစဉ်က ရှောင်းယီ ပြန်မရောက်သေးသဖြင့် ဒန်နီသည် အန်းယွဲ့နှင့် စကားပြောချင်ခဲ့သော်လည်း တစ်ယောက်ပြောသည်ကို တစ်ယောက် လုံးဝနားမလည်ခဲ့ကြပေ။

ယခင်က ရှောင်းယီတစ်ဦးတည်းသာ ကြားခံညှိနှိုင်းပေးခဲ့ခြင်းဖြစ်၏။ အခြားဒေသခံများသည် သမန်းဝံပုလွေမျိုးနွယ်စု၏ ရန်သူတော်များ ဖြစ်ကြပြီး မြင်သည်နှင့် တိုက်ခိုက်ကြသူများဖြစ်ရာ မည်သူမျှ သမန်းဝံပုလွေဘာသာစကားကို သင်ယူခဲ့ခြင်း မရှိပေ။

“နားလည်ပါပြီ ကျွန်းပိုင်ရှင်။ ဒါပေမဲ့ ဘာသာစကား သင်ခန်းစာတွေအတွက် မင်းရဲ့ အကူအညီတော့ လိုပါလိမ့်မယ်။”

ဒန်နီက ပြန်ပြောလိုက်သည်။

“ကျုပ်တို့ တီဗီမှာ ဘာသာစကား သင်ခန်းစာ ဗီဒီယိုတွေ လွှင့်ပေးနေတယ်။ အဲ့ဒါကိုကြည့်ရင် ခင်ဗျားတို့ တတ်လာမှာပါ။ ဒေသခံတွေ အားလုံးလည်း အဲ့ဒီနည်းနဲ့ပဲ ကျုပ်တို့ဘာသာစကားကို သင်ယူခဲ့ကြတာ။ သမန်းဝံပုလွေမျိုးနွယ်စုက သူတို့ထက် သေချာပေါက်မညံ့ပါဘူး။”

ထိုစကားကို ကြားသည်နှင့် ဘင်နီ၏ အရှုံးမပေးလိုသော စိတ်ဓာတ်က ကြွတက်လာခဲ့၏။

“ကျုပ်တို့က သေချာပေါက် မညံ့ပါဘူး။ သူတို့တောင် တီဗီကြည့်ပြီး သင်နိုင်ရင် ကျုပ်တို့လည်း သင်နိုင်တယ်။”

“အဲ့ဒီ ဘာသာစကား သင်ခန်းစာတွေကို ဘယ်လိုရှာရမလဲ။”

ထို့နောက် ရှောင်းယီသည် သူတို့ကို ခန်းမဆောင်ဘေးရှိ အခန်းတစ်ခုသို့ ခေါ်သွားပြီး ‘ကလေးသူငယ် သင်ယူရေးချန်နယ်’ အား မည်သို့ ဖမ်းယူကြည့်ရှုရမည်ကို ပြသပေးလိုက်သည်။

“ကောင်းပါပြီ။ မျိုးနွယ်စုဝင်တိုင်းကို မင်းတို့ ဘာသာစကားကို လေ့လာဖို့ ကျုပ် ပြောလိုက်ပါ့မယ်။”

ဒန်နီက ဆိုသည်။

“ဦးလေးအန်းက ခင်ဗျားတို့ဆီကို ကောက်ပဲသီးနှံတွေ အကုန်ပို့ပေးပြီးပြီလား။”

ရှောင်းယီက ဂရုတစိုက် မေးလိုက်သည်။

အခြားသူများက ဆက်သွယ်ရခက်ခဲနေသဖြင့် ရှောင်းယီကိုယ်တိုင်သာ အသေးစိတ် မေးမြန်းနေရခြင်းဖြစ်သည်။

“ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။ ကောက်ပဲသီးနှံတွေ အများကြီး ရောက်လာပါပြီ။ ဆောင်းရာသီတစ်ခုလုံး စားဖို့ လုံလောက်ပါတယ်။”

ဒန်နီက ကျေးဇူးတင်စွာ ပြောလိုက်၏။

“ကောင်းပြီ အားစိုက်ထားကြပါဦး။ ကျုပ် အစ်ကို ကျန်းကို သွားရှာလိုက်ပါဦးမယ်။”

ထို့နောက် ရှောင်းယီသည် ၎င်းတို့ကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်။

“ကျွန်းပိုင်ရှင်ကို ရိုသေစွာ နှုတ်ဆက်ပါတယ် “

ဒန်နီနှင့် အခြားသူများက တညီတညွတ်တည်း ပြောလိုက်ကြလေသည်။

သမန်းဝံပုလွေမျိုးနွယ်စု စခန်းမှ ထွက်လာပြီးနောက် ရှောင်းယီသည် ကျန်းယွက်ထျန်းထံ တိုက်ရိုက် ဖုန်းဆက်လိုက်၏။

“ကျွန်းပိုင်ရှင် အရိုးစစ်ဆေးချက် ရလဒ်တွေ ထွက်လာပြီလား။”

ကျန်းယွင်ထျန်းက ဖုန်းကိုင်လိုက်သည်နှင့် မေးလာခဲ့သည်။ ရှောင်းယီ အချိန်ကို ကြည့်လိုက်၏။

“မထွက်သေးဘူး။ မိနစ်လေးဆယ်လောက် လိုသေးတယ်။ ငါက တခြားကိစ္စအတွက် ဖုန်းဆက်လိုက်တာ။”

“ဘာကိစ္စလဲ။”

ကျန်းယွင်ထျန်း ပဟေဠိဖြစ်သွားခဲ့သည်။

လောလောဆယ်တွင် သူ အာရုံစိုက်ရမည့် အခြားကိစ္စ မရှိဟု ထင်နေသောကြောင့်ပင်။

“သမန်းဝံပုလွေမျိုးနွယ်စုက ‘သမန်းဝံပုလွေကာကွယ်ရေးတပ်’ ဖွဲ့ချင်လို့တဲ့။ သူတို့ကို လေ့ကျင့်ပေးဖို့ လူတစ်ယောက် လွှတ်ပေးလိုက်ပါ။ သူတို့ရဲ့ ရိုင်းစိုင်းတဲ့ အမူအကျင့်တွေကို ထိန်းကျောင်းပေးလိုက်။ နောက်ပိုင်းကျရင် သူတို့က ပုံမှန် တိုက်ခိုက်ရေးတပ်ဖွဲ့ ဖြစ်လာလိမ့်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“နားလည်ပါပြီ။ ငါ အခုချက်ချင်း လူတစ်ယောက် စီစဉ်ပေးလိုက်မယ်။”

ကျန်းယွင်ထျန်းက သဘောပေါက်သွားကာ ပြန်ဖြေလိုက်၏။

“နေဦး”

ရှောင်းယီက သူ့ကို တားလိုက်သည်။

“မင်း သိတဲ့အတိုင်း သမန်းဝံပုလွေတွေက သူတို့ရဲ့ ကြံ့ခိုင်မှုအပေါ်မှာ အရမ်းဂုဏ်ယူကြတယ်။ ပထမဆုံးနေ့မှာ မင်းကိုယ်တိုင်သွားပြီး အဲ့ဒီ အခွံမာတဲ့ကောင်တွေကို အချိုးပြင်ပေးလိုက်ဦး။”

ကျန်းယွင်ထျန်း မျက်တောင်ခတ်လိုက်မိပြီး နောက် ပြုံးလိုက်သည်။

“နားလည်ပြီ။ အဲ့ဒီလို အသားမာတဲ့ကောင်တွေကို ငါ သဘောကျတယ်။ ငါ ကိုယ်တိုင်လည်း တပ်ထဲ စဝင်တုန်းက အဲ့ဒီလို လူစားမျိုးပဲ။”

“ပြင်ဆင်ထားလိုက်တော့။ အကယ်၍ ငါတို့ ဝံပုလွေစစ်သည်တွေကို ကောင်းကောင်း လေ့ကျင့်ပေးနိုင်ရင် သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တကယ့်ကို ကြောက်စရာကောင်းလိမ့်မယ်။”

ရှောင်းယီက သတိပေးလိုက်သည်။

“စိတ်ချပါ ကျွန်းပိုင်ရှင်။ မင်းအတွက် အစွမ်းထက်တဲ့ ဝံပုလွေကာကွယ်ရေးတပ်တစ်ခုကို ငါ ဖန်တီးပေးပါ့မယ်။”

ကျန်းယွင်ထျန်းက ကတိပေးလိုက်သည်။

ဖုန်းချပြီးနောက် ရှောင်းယီသည် ဆေးရုံသို့ တန်းသွားလိုက်၏။ နောက်ဆုံး မိနစ် ၃၀ ကို ထိုနေရာတွင်ပင် စောင့်ဆိုင်းရန် သူ ဆုံးဖြတ်လိုက်သည်။

ညစာစားချိန် ရောက်လာခဲ့သည်။ ရှောင်းယီ အလုပ်များနေဆဲဖြစ်ကြောင်း သိသဖြင့် အန်းရန်သည် ထမင်းဗူးကို ဆေးရုံသို့ တစ်ခါတည်း ယူလာပေးခဲ့၏။

ရှောင်းယီ ထမင်းကို အမြန်စားလိုက်ပြီးနောက် ထိုအချိန်တွင်ပင် စစ်ဆေးချက်ရလဒ်များ ထွက်ပေါ်လာခဲ့သည်။

စက်ရုပ်တစ်ရုပ်သည် အစီရင်ခံစာများ ကိုင်ဆောင်ကာ လျှောက်လာပြီး ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် ဒီအရိုးတွေက အားလုံးနီးပါး ကြေမွပျက်စီးနေပါပြီ။”

အခန်း ၇၉၄ - ရုပ်အလောင်း စစ်ဆေးချက်ရလဒ်များ

စက်ရုပ်၏ ပထမဆုံး စကားလုံးများက ရှောင်းယီကို တုန်လှုပ်သွားစေခဲ့သည်။

“အကုန်လုံး မပြည့်စုံဘူးလား။”

ရှောင်းယီက နောက်တစ်ကြိမ် ထပ်မံအတည်ပြုလိုက်၏။

စက်ရုပ်က ခေါင်းငြိမ့်ပြီး ပြန်ဖြေလာခဲ့သည်။

“မှန်ပါတယ်။ အားလုံးက အစိတ်အပိုင်းတွေ ချို့ယွင်းနေပါတယ်။”

ရှောင်းယီသည် စစ်ဆေးချက် အစီရင်ခံစာများကို စတင်ကြည့်ရှုလိုက်၏။ စက်ရုပ်က ဘေးမှနေ၍ ဆက်လက် ရှင်းပြလိုက်လေသည်။

“ကျုပ်တို့ အရိုးစုတွေကနေ DNA ထုတ်ယူပြီး ခွဲခြားခဲ့တာ စုစုပေါင်း ရုပ်အလောင်း ၃,၂၁၄ ခု ရှိပါတယ်။ ချွင်းချက်မရှိဘဲ အဲ့ဒီအလောင်းတွေ အားလုံးက မပြည့်စုံကြပါဘူး။”

ထိုအချိန်တွင် ကျန်းယွင်ထျန်းသည်လည်း အပြေးအလွှား ရောက်ရှိလာခဲ့သည်။ ထိုစကားကို ကြားသောအခါ သူက မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။

“မြှုပ်နှံထားတာတောင်မှ ဒီလောက်အထိ ကြေမွပျက်စီးမနေသင့်ဘူးလေ ဟုတ်တယ်မလား။”

ယခင်ကမ္ဘာရှိ ရှားနိုင်ငံသမိုင်းတွင် လူသေနှင့်အတူ လူရှင်များကိုပါ ထည့်သွင်းမြှုပ်နှံသည့် မှတ်တမ်းများ ရှိခဲ့သော်လည်း သူတို့သည် ကျန်းမာသန်စွမ်းသော လူများကိုသာ ရွေးချယ်လေ့ရှိကြ၏။ ထိုသို့ မြှုပ်နှံခြင်း၏ အဓိပ္ပာယ်မှာ သေဆုံးသွားသော အရှင်သခင်အား နောင်ဘဝတွင် ဆက်လက်အလုပ်အကျွေးပြုနိုင်ရန် ဖြစ်သောကြောင့် သေချာပေါက် ကျန်းမာသောသူများကိုသာ ရွေးချယ်ကြမည်ဖြစ်သည်။

ရှောင်းယီက ခေါင်းညိတ်လိုက်ပြီး သူဖတ်ပြီးသွားသော အစီရင်ခံစာကို ကျန်းယွင်ထျန်းထံသို့ ကမ်းပေးလိုက်၏။ ကျန်းယွင်ထျန်းက ၎င်းကို ယူကာ ဖတ်ကြည့်လိုက်သည်။

“စစ်ဆေးချက်အရ ဒီလူတွေ သေဆုံးရတဲ့ အကြောင်းရင်းက လည်ပင်းရိုးကျိုးသွားလို့ပါ။”

စက်ရုပ်က ဆက်ပြောလိုက်သည်။

“သူတို့ ဘယ်လိုပုံစံနဲ့ သေဆုံးခဲ့ရတယ်ဆိုတာ ခန့်မှန်းလို့ရနိုင်မလား။”

ရှောင်းယီက မေးလိုက်၏။ စက်ရုပ်က ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောလာခဲ့သည်။

“အဲ့ဒီလို သေဆုံးနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဥပမာ စက်ယန္တရားတွေနဲ့ အလွယ်တကူ လုပ်နိုင်သလို ကိုက်အား အရမ်းပြင်းတဲ့ တောရိုင်းတိရစ္ဆာန်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။”

“တောရိုင်းတိရစ္ဆာန်လား။”

ရှောင်းယီ တစ်စုံတစ်ခုကို သဘောပေါက်သွားသလို ခံစားလိုက်ရ၏။

ကျန်းယွင်ထျန်းသည်လည်း အစီရင်ခံစာကို ပိတ်လိုက်ပြီး ပြောလိုက်သည်။

“စစ်ဆေးချက်ထဲမှာ ပါတာက ဒီလူတွေရဲ့ DNA က ငါတို့လို အသက်ရှင်ကျန်ရသူတွေထက် ဒေသခံတွေနဲ့ ပိုတူနေတယ်။ ဒါဆို ဒီအရိုးစုတွေက အဲ့ဒီကျွန်းပေါ်က ဒေသခံတွေရဲ့ အရိုးတွေပဲ ဖြစ်ရမယ် ဟုတ်တယ်မလား။”

“မှန်ပါတယ်။”

စက်ရုပ်က ပြန်ဖြေလိုက်သည်။

“ဒါ့အပြင် ဦးခေါင်းခွံ တည်ဆောက်ပုံ ကွဲပြားတာကလည်း ဒီအချက်ကို သက်သေပြနေပါတယ်။”

ထိုအခါ ကျန်းယွင်ထျန်းက ရှောင်းယီကို ကြည့်ကာ မေးလိုက်၏။

“ဒါက သတင်းကောင်းလို့ပဲ ပြောလို့ရမလား။”

ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။

“သူတို့က အသက်ရှင်ကျန်ရသူတွေရဲ့ အလောင်းတွေ မဟုတ်ဘူးဆိုတော့ အနည်းဆုံးတော့ အဲ့ဒီကျွန်းပေါ်က အသက်ရှင်ကျန်ရသူတွေက ကျွန်းပေါ်မှာ တင် သေဆုံးသွားခဲ့တာ မဟုတ်ဘူးလို့ ဆိုလိုလိုက်တာပဲ။”

“ဟုတ်တယ်။ ဒါက သူတို့ အဲ့ဒီကျွန်းကနေ ထွက်ခွာသွားခဲ့ကြပြီဆိုတဲ့ သဘောပဲ။”

ကျန်းယွင်ထျန်းက သဘောတူလိုက်သည်။

“မပြည့်စုံတဲ့ ရုပ်အလောင်းတွေနဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို ပေါင်းစပ်ကြည့်ရင်... ငါတို့ ဒီလို ရဲရဲဝံ့ဝံ့ ခန့်မှန်းလို့ရတယ်။ အသက်ရှင်ကျန်ရသူတွေက အကြောင်းပြချက် တစ်ခုခုကြောင့် အဲ့ဒီကျွန်းကနေ ထွက်ခွာသွားခဲ့ကြတယ်။ ဒါပေမဲ့ ဒေသခံတွေက သူတို့နဲ့အတူ ပါမသွားနိုင်ခဲ့ဘူး။ အသက်ရှင်ကျန်ရသူတွေဘက်က ဒေသခံအားလုံးကို သတ်ပစ်ဖို့ အကြောင်းမရှိသလို သတ်ခဲ့ရင်တောင် အလောင်းတွေကို ဒီလို ကြေမွပျက်စီးအောင် လုပ်ဖို့ မလိုအပ်ဘူး။”

ရှောင်းယီက ခန့်မှန်းလိုက်၏။

“အမှန်ပဲ။ ဒါဆို ဒီဒေသခံတွေ သေဆုံးရတဲ့ အကြောင်းရင်းက သူတို့ တောရိုင်းတိရစ္ဆာန်တွေနဲ့ တိုးခဲ့တာ ဖြစ်နိုင်တယ်။ အဆင့်မြင့်တဲ့ သားရဲတွေပေါ့။”

ကျန်းယွင်ထျန်းက ဆက်ပြောလိုက်သည်။ ရှောင်းယီသည် အတွေးနက်သွားခဲ့ပြီး ခဏအကြာတွင် မျက်မှောင်ကျုံ့ကာ ပြောလိုက်၏။

“တစ်ခုတော့ မဟုတ်သေးဘူး။ အကယ်၍ ဒီဒေသခံတွေက အဲ့ဒီ အသက်ရှင်ကျန်ရစ်သူတွေနောက်ကို လိုက်နေခဲ့တာဆိုရင် သူတို့ရဲ့ လက်နက်ကိရိယာတွေက ကျွန်းပေါ်က သားရဲတွေကို ခုခံနိုင်ရမယ်။ ဒါပေမဲ့ သူတို့ သေဆုံးနေတဲ့ နေရာကို ကြည့်ရရင် ဆုတ်ခွာစရာ နေရာမရှိတော့ဘဲ တစ်နေရာတည်းမှာ စုပြုံနေရင်း သားရဲတွေရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတဲ့ပုံစံမျိုးပဲ။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြီး ခန့်မှန်းကြည့်လိုက်သည်။

“အသက်ရှင်ကျန်ရစ်သူတွေ ထွက်သွားပြီးနောက် သူတို့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဘယ်လိုသုံးရမလဲဆိုတာ မသိခဲ့လို့များလား။”

ရှောင်းယီက ခေါင်းခါလိုက်သည်။

“အသက်ရှင်ကျန်ရစ်သူတွေက သူတို့အတွက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ချန်ထားပေးခဲ့တယ်ဆိုရင် သုံးတတ်အောင်လည်း လုပ်ပေးခဲ့မှာပဲ။ အဲ့ဒါကြောင့် မသုံးတတ်တာတော့ မဖြစ်နိုင်ဘူး။ အကယ်၍ သူတို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သုံးတတ်ပါလျက်နဲ့ တောထဲက ထွက်လာတဲ့ သားရဲတွေကို မခုခံနိုင်ခဲ့ဘူးဆိုရင် ဒါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ ပြဿနာရှိလို့ပဲ ဖြစ်ရမယ်။”

ဤသို့ပြောလိုက်ပြီးနောက် ရှောင်းယီ ချက်ချင်း သဘောပေါက်သွား၏။

“ဒါကြောင့်ကိုး။”

ရှောင်းယီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

“အသက်ရှင်ကျန်ရစ်သူတွေ ထွက်သွားပြီးတဲ့နောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်က သတင်းအချက်အလက်တွေ အားလုံး ဖျက်ပစ်ခံလိုက်ရတာပဲ။ ဆိုလိုတာက မူလအခြေအနေကို ပြန်ရောက်သွားတာ။ သူတို့အရင်က ပိုင်ဆိုင်ခဲ့တဲ့ အဆင့်မြင့် ထုတ်လုပ်မှုပုံစံတွေ အားလုံး မရှိတော့ဘူး။ အဲ့ဒါကြောင့် အဲ့ဒီဒေသခံတွေက တောထဲက ထွက်လာတဲ့ အဆင့်မြင့်သားရဲတွေကို ဆက်ပြီး မခုခံနိုင်တော့တာပဲ။”

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းယွင်ထျန်းလည်း နားလည်သွားခဲ့သည်။ ရှောင်းယီသည် အဆိုပါ ထူးဆန်းသော ကျွန်းပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ထုတ်လုပ်ရေးနှင့် မြေပုံအချက်အလက်များ လုံးဝမရှိဘဲ အလွတ်ဖြစ်နေကြောင်း သူတို့ကို ပြောပြခဲ့ဖူးသည်။ ဤအချက်သည် ဒေသခံများ သေဆုံးရခြင်း အကြောင်းရင်းကို လုံးဝ ရှင်းပြနိုင်သွား၏။

မှန်ပါသည်။ အခြားဖြစ်နိုင်ခြေများလည်း ရှိနိုင်သေးသော်လည်း ရှောင်းယီတို့ အနေဖြင့် အာမမခံနိုင်ပေ။ အဆုံးတွင်မူ ဤသည်မှာ ရှောင်းယီ၏ ခန့်မှန်းချက်များသာ ဖြစ်သည်။

“လက်ရှိ သတင်းအချက်အလက်တွေအရတော့ ဒီလောက်ပဲ ခန့်မှန်းလို့ရဦးမယ်။ နောက်ထပ် အဲ့ဒီကျွန်းကို ဘယ်လို ဆက်လုပ်ကြမလဲ။”

ကျန်းယွင်ထျန်းက သက်ပြင်းချရင်း မေးလိုက်၏။ သူ ဆိုလိုသည်မှာ ကျွန်းကို အခြေချ တည်ဆောက်မည်လား သို့မဟုတ် ကာကွယ်ရေးများ ပြုလုပ်မည်လား ဆိုသည်ကို ဖြစ်သည်။

ရှောင်ယီက နားလည်စွာဖြင့် ပြန်ဖြေလိုက်သည်။

“မလိုသေးဘူး။ စောင့်ကြည့်ဖို့အတွက် လူတစ်ဖွဲ့ပဲ ထားခဲ့လိုက်ပါ။”

“ဟင် တစ်ယောက်ယောက်က လာတိုက်ရင်ကော။”

ကျန်းယွန့်ထျန်းက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“စိတ်မပူပါနဲ့။ ဗန်ပိုင်းယာတွေ ငါ့နောက်ကို လိုက်ရင်း အဲ့ဒီကျွန်းထဲ ရောက်သွားခဲ့တာကို မှတ်မိလား။ အဲ့ဒီဗန်ပိုင်းယာက အဲ့ဒီတောအုပ်ကို မြင်တာနဲ့ ချက်ချင်း ပြန်လှည့်ပြေးသွားတာ။ ဆိုလိုတာက အဲ့ဒီတောအုပ်က ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာ သူတို့ သိပြီးသားမို့လို့ အလွယ်တကူ မဝင်ရဲကြလို့ပဲ။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

ကျန်းယွင်ထျန်းသည် နားလည်ကြောင်းကြောင်း ခေါင်းငြိမ့်ပြပြီး သက်ပြင်းချလိုက်၏။

“အဲ့ဒီကျွန်းက တောအုပ်က သဘာဝအတားအဆီးတစ်ခု ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။”

“ဟုတ်တယ်။ အချိန်အတော်ကြာအောင် သားရဲတွေ ပေါက်ပွားနေခဲ့တာဆိုတော့ SSS အဆင့်သားရဲတွေတောင် အအုပ်အသင်းလိုက် ရှိနေမလားလို့ ငါ သံသယဖြစ်မိတယ်။”

ရှောင်းယီက ဆိုသည်။

“အာ... အဲ့ဒီလိုဆိုရင် အဲ့ဒီမှာ တာဝန်ကျတဲ့ ငါတို့ရဲ့ ကင်းစောင့်တွေအတွက် အရမ်း အန္တရာယ်မများသွားဘူးလား။”

ကျန်းယွင်ထျန်းက စိုးရိမ်တကြီး မေးလိုက်၏။

“ဟုတ်တယ်။ အဲ့ဒါကြောင့် အဲ့ဒီမှာ စစ်တပ် အများကြီး ထားလို့မရသလို ကင်းစောင့်တွေအနေနဲ့လည်း သူတို့ မယှဉ်နိုင်တဲ့ သားရဲတွေနဲ့ တွေ့ရင် ချက်ချင်း တည်နေရာကူးပြောင်းပြီး ပြန်လာဖို့ ငါ ညွှန်ကြားထားတယ်။”

ရှောင်းယီက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

“ကောင်းပါပြီ၊ နားလည်ပြီ။ အဲ့ဒါတွေကို ငါ စီစဉ်လိုက်ပါ့မယ်။”

ကျန်းယွင်ထျန်းက ထိုသို့ပြောပြီးနောက် ထွက်ခွာသွားခဲ့သည်။ ထိုစဉ် ဘေးတွင် တိတ်ဆိတ်စွာ နားထောင်နေသော အန်းရန်က ပြောလာခဲ့သည်။

“အဲ့ဒီ ထူးဆန်းတဲ့ကျွန်းက အဲ့လောက်တောင် အန္တရာယ်များနေရင် အုတ်မြစ်ကျောက်တွေကိုပဲ ပြန်သိမ်းလိုက်ပါလား။”

မည်သို့ပင်ဆိုစေ ရှောင်းယီ၏ လက်အောက်တွင် ကျွန်းများစွာ ရှိနေပြီး အရင်းအမြစ်မျိုးစုံလည်း ထွက်ရှိနေပြီဖြစ်ရာ ကျွန်းတစ်ကျွန်း ဆုံးရှုံးသွားခြင်းက ပြဿနာကြီးကြီးမားမား မဟုတ်ပေ။

ရှောင်းယီက ခေါင်းခါပြကာ ပြောလိုက်သည်။

“လောလောဆယ်တော့ အုတ်မြစ်ကျောက်တွေကို ပြန်သိမ်းဖို့ မစဉ်းစားသေးဘူး။ ပထမအချက်က ပြန်သိမ်းမယ်ဆိုရင်တောင် ငါ ‘နှစ်ဆတိုးတဲ့ အခြေအနေ’ မှာ ရှိနေတဲ့ အချိန်လိုမျိုး သင့်တော်တဲ့ အချိန်ကို စောင့်ရမယ်။ ဒုတိယအချက်က အဲ့ဒီကျွန်းကို ငါတို့အဖွဲ့အတွက် လေ့ကျင့်ရေးကွင်းအဖြစ် တည်ဆောက်ချင်သလို အဆင့်မြင့် အသားတွေ ရနိုင်တဲ့ နေရာတစ်ခုအနေနဲ့လည်း အသုံးချချင်တယ်။”

ရှောင်းယီ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အန်းရန်က ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။

“ဟုတ်ပါပြီ။ အခု ကျွန်းချင်း ပေါင်းစပ်တဲ့ လုပ်ဆောင်ချက်လည်း ရှိနေပြီဆိုတော့ ငါတို့ကျွန်းရဲ့ ကာကွယ်ရေးစွမ်းအား လုံလောက်ပြီဆိုရင် အဲ့ဒီကျွန်းကို တိုက်ရိုက် လာပြီးပေါင်းစပ်လိုက်လို့ ရတာပဲ။

“မှန်တယ်။ အဲ့ဒါက ငါ ပြောချင်တဲ့ အချက်ပဲ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ကဲ... ပြန်ကြရအောင်။”

ရှောင်းယီနှင့် အန်းရန်တို့ ဗီလာသို့ ပြန်ရောက်သောအခါ အန်းယွဲ့နှင့် အခြားသူများကို ထိုရုပ်အလောင်းများအကြောင်း ပြောပြလိုက်ရာ အားလုံးက အံ့အားသင့်သွားခဲ့ကြသည်။

ရှောင်းယီသည်မူ သူတို့၏ ဆွေးနွေးမှုများကို ဂရုမစိုက်တော့ဘဲ သူ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လာခဲ့၏။ သူသည် တစ်နေ့လုံး ကျောက်တိုင်ကို မကြည့်ရသေးသဖြင့် ထူးခြားမှု ရှိ၊ မရှိ စစ်ဆေးလိုနေခဲ့သည်။

ရှောင်းယီ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် သီးသန့်မက်ဆေ့ခ်ျအချို့ ရောက်ရှိနေပြီဖြစ်သည်။ ဆုဝမ်သည် ယီထျန်းဂရုနှင့် အများသုံးချန်နယ်တို့တွင် သူမ တွေ့ရှိခဲ့သော ထူးခြားသည့် သတင်းအချက်အလက်အချို့ကို Screenshot ရိုက်၍ ပို့ထားပေးခြင်းဖြစ်၏။

ထို Screenshot များကို ကြည့်ရှုရင်း ရှောင်းယီသည် စိတ်ဝင်စားစရာတစ်ခုကို လျင်မြန်စွာ တွေ့ရှိလိုက်လေသည်။

All Chapters