အခန်း (၇၉၅-၇၉၆)
Vol. 63 Ch. 795-796
အခန်း ၇၉၅ - ရေဒီယို၊ ဆေးသုတ်ခြင်း၏ အသုံးဝင်ပုံ
တစ်စုံတစ်ယောက်သည် ရေဒီယိုထုတ်လွှင့်ရေးတာဝါတိုင်ကို အသုံးပြုခွင့်ရရှိထားပြီးဖြစ်ကြောင်း သိလိုက်ရလေသည်။ ယခင်ကလည်း တစ်စုံတစ်ယောက်သည် ရေဒီယိုထုတ်လုပ်မှုပုံစံကို ရရှိခဲ့ဖူးသည်။
ဤအရာများရှိပါက ရေဒီယိုအသံလွှင့်ဌာနတစ်ခုကို တည်ဆောက်နိုင်ပြီဖြစ်သည်။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ မျက်နှာပြင်ကို ယီထျန်းဂရုသို့ ပြောင်းလိုက်ရာ ဂရုအတွင်း၌ ရေဒီယိုအသံလွှင့်ဌာနအကြောင်းကို ဆွေးနွေးနေကြဆဲပင်။
“ရေဒီယိုအသံလွှင့်ဌာနရှိရင် ကျွန်းပေါ်က ဖြစ်ပျက်သမျှကို လူထုဆီ အချိန်နဲ့တပြေးညီ အကြောင်းကြားနိုင်မှာပဲ။ ဒါက တကယ်လိုအပ်တဲ့အရာပဲ။”
“ဟုတ်တယ်။ အရင်တုန်းက ငါတို့ရွာမှာဆိုရင် သတင်းနားထောင်တာအပါအဝင် နိုင်ငံတော်မူဝါဒတွေကို ရေဒီယိုကနေပဲ သိခဲ့ရတာ။”
“ဟား... အပေါ်ကလူကတော့ သူ့အသက်ကို သူဖော်ပြနေတာပဲ။ အရင်ကမ္ဘာမှာ ဘယ်သူက ရေဒီယိုနားထောင်တော့လို့လဲ။ အားလုံးက အွန်လိုင်းတီဗီပဲ ကြည့်ကြတာမဟုတ်ဘူးလား။”
“အဲ့ဒီလိုတော့ ပြောလို့မရဘူးလေ။ ငါ့အဘိုးတို့ခေတ်တုန်းကတောင် ရေဒီယိုနားထောင်ရတာကို သဘောကျနေတုန်းပဲ။ ပက်လက်ကုလားထိုင်ပေါ်မှာ လှဲရင်း ရေဒီယိုနားထောင်ပြီး အနားယူရတဲ့ ခံစားချက်က တကယ်ကောင်းတာကွ။”
“မင်းပြောတာက မင်းအဘိုးတို့ခေတ်လေ။ ခုနကလူကလည်း အဘိုးအဆင့်ဖြစ်နေလို့ ဖြစ်မှာပေါ့။”
“အခုချိန်မှာတော့ အချိန်နဲ့တပြေးညီ ဆက်သွယ်ဖို့ ကိရိယာတွေ မရှိသေးဘူး။ ရေဒီယိုရှိတာက တကယ်ကောင်းပါတယ်။”
“ရေဒီယိုတောင် ပေါ်လာပြီဆိုတော့ တီဗီလည်း မကြာခင်လာတော့မှာပဲ။ ကျုပ်ကတော့ တီဗီထွက်လာတဲ့အထိ စောင့်လိုက်ဦးမယ်။ ရေဒီယိုနားထောင်ရတာတော့ တကယ် နေသားမကျဘူး။”
“ဖြစ်နိုင်တာပဲလေ။ မနက်ဖြန်ကျရင် တီဗီနဲ့ပတ်သက်တဲ့ ထုတ်လုပ်မှုပုံစံ ရလာနိုင်တာပဲ။”
“တီဗီကို မေ့ထားလိုက်ပါဦး။ အခု တီဗီရှိရင်တောင် အလှပြရုံပဲ ရှိဦးမှာ။ တီဗီအသံလွှင့်ဌာနက ရေဒီယိုထက် အများကြီး ပိုပြီးရှုပ်ထွေးမှာပဲ။”
“ဒါကတော့ သေချာတာပေါ့။ တစ်ခုက အသံသက်သက်ပဲ။ နောက်တစ်ခုက ပုံရိပ်ပါ ပါတာလေ။ အများကြီး ကွာခြားတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ရှုပ်ထွေးပါစေ ဒီမှာ ထုတ်လုပ်မှုပုံစံ ရလာပြီး ကုန်ကြမ်းတွေ စုမိပြီဆိုရင်တော့ ထုတ်လုပ်လို့ ရတာပါပဲ။”
“ဒါပေမဲ့ ထုတ်လုပ်ပြီးရင်တောင် တီဗီအစီအစဉ်တွေ ရိုက်ကူးဖို့ လိုသေးတယ်။ အခုချိန်မှာ ကျွမ်းကျင်တဲ့ ရိုက်ကူးရေးအဖွဲ့မှ မရှိတာ။ ဟုတ်တယ်မလား။”
“ပြောရရင်... ငါတို့မှာ လူချောလေးတွေ လိုနေသေးသလိုပဲနော်။”
“ဟားဟား... အလှလေးတွေ ရှာနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ကြည့်ရတာ မျက်စိပသာဒ ဖြစ်တယ်လေ။”
“ခင်ဗျားတို့က နှာဗူးတွေပဲ။ ခင်ဗျားတို့ကို ကပြဖို့ ဂဲလ်ဂရုတွေပါ ခေါ်ပေးရဦးမလား။”
“ရှိရင်တော့ ပိုကောင်းတာပေါ့။”
ရှောင်းယီသည် လူတိုင်း၏ ဆွေးနွေးမှုများကို ကြည့်ရင်း ပြုံးကာ ခေါင်းခါလိုက်မိသည်။ သူသည် ရေဒီယိုထုတ်လွှင့်ရေးတာဝါတိုင်ကို စိတ်ဝင်စားသော်လည်း ၎င်းကို မလိုချင်ပေ။ သူ၏ ပန်းတိုင်မှာ တီဗီအသံလွှင့်ဌာန ဖြစ်နေဆဲပင်။
ဒေါက်... ဒေါက်... ဒေါက်။
အိပ်ခန်းတံခါးကို တစ်စုံတစ်ယောက်က ခေါက်လာခဲ့၏။ ရှောင်းယီ လှည့်ကြည့်လိုက်ရာ အန်းယွဲ့အား တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။
“ဝင်ခဲ့လေ ဘာကိစ္စရှိလို့လဲ။”
“အင်း လူပုတချို့ဆီက တောင်းဆိုချက် ရထားလို့ပါ။ သူတို့အိမ်တွေကို ဆေးအရောင်အမျိုးမျိုး သုတ်ချင်ကြတယ်တဲ့။ ငါတို့ လုပ်ပေးနိုင်မလား။”
အန်းယွဲ့က စပ်စုလိုသော လေသံဖြင့် မေးလိုက်သည်။
ပြီးခဲ့သည့်အကြိမ်က ရှောင်းယီသည် လူပုဘုရင်အား အကယ်၍ သူတို့အိမ်များကို အရောင်ဆန်းဆန်းများ သုတ်လိုပါက သူ့ထံ လာရှာနိုင်သည်ဟူ ပြောခဲ့ဖူးသည်။ သူတို့အိမ်များကို ထူးခြားသော အရောင်များ သုတ်ချင်သည့် လူပုများ အမှန်တကယ်ရှိလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ရတာပေါ့။ အရင်က ကျုပ် ဉာဏ်ရည်မြင့် ဆေးသုတ်စက်တစ်လုံး ရထားတယ်။ အဲ့ဒါကို သူတို့ကို ပြောထားတာ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်၏။
“ငါတို့မှာ အဲ့လိုစက်မျိုး ရှိလို့လား။”
အန်းယွဲ့ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ရှိတယ်။ အဲ့ဒါက SSS အဆင့်စက်လေ။ ထွက်လာတဲ့ ဆေးတွေက အရည်အသွေးကောင်းပြီး ထုတ်လုပ်မှုလည်း မြန်ဆန်တယ်။ ပြီးတော့ ရေစိုခံ၊ ပိုးမွှားဒဏ်ခံနိုင်တဲ့ အထူးဂုဏ်သတ္တိရှိတဲ့ ဆေးတွေကိုလည်း ထုတ်ပေးနိုင်သေးတယ်။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“ဘာ...ဒီလောက်ကောင်းတဲ့အရာကို ဘာလို့ စောစောမပြောတာလဲ။”
အန်းယွဲ့က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ စိတ်လှုပ်ရှားနေသော အန်းယွဲ့ကို ကြည့်ပြီး ရှောင်းယီ ပဟေဠိဖြစ်သွားခဲ့သည်။
“ဒါက ဆေးလေးတစ်မျိုးပဲလေ။ ဒီလောက်အထိ စိတ်လှုပ်ရှားဖို့ လိုလို့လား။”
“လိုတာပေါ့။”
အန်းယွဲ့က ဆိုသည်။
“ဒီဆေးတွေကို နယ်ပယ်အမျိုးမျိုးမှာ သုံးလို့ရတယ်။ ဥပမာပေးရရင် ငါတို့သင်္ဘောတွေပေါ့။ အခု သင်္ဘောတွေကို စစ်ဘက်နဲ့ အရပ်ဘက် ခွဲထားပေမဲ့ အပြင်ပန်းကြည့်ရုံနဲ့ ခွဲဖို့ ခက်တယ်။ အကယ်၍ ဆေးအရောင်ကွဲအောင် သုတ်ထားလိုက်ရင် ချက်ချင်း ခွဲခြားနိုင်သွားလိမ့်မယ်။”
အန်းယွဲ့က ခဏရပ်ပြီးနောက် ဆက်ပြောလိုက်သည်။
“တစ်ချိန်တည်းမှာပဲ အဲ့ဒီဆေးတွေက ရေစိုခံ၊ ပိုးမွှားဒဏ်ခံပြီး အောက်ဆီဂျင်ကိုလည်း ပိတ်ဆို့ထားနိုင်တဲ့အတွက် အဲ့ဒီ သံချပ်ကာစစ်သင်္ဘောတွေရဲ့ သက်တမ်းက အများကြီး ပိုရှည်သွားလိမ့်မယ်။”
ဤနေရာတွင် ရှောင်းယီသည် အန်းယွဲ့ ဆိုလိုရင်းကို လုံးဝ နားလည်သွားခဲ့လေသည်။ သံချပ်ကာစစ်သင်္ဘော၏ မျက်နှာပြင်တွင် အကာအကွယ်အလွှာ ရှိသော်လည်း နေ့စဉ် နေပူ၊ မိုးရွာထဲတွင် ဟောင်းနွမ်းပြီး ကွာကျတတ်ပေသည်။ ထိုအလွှာ ကွာကျသွားပါက အတွင်းရှိ သံများမှာ အလွယ်တကူ သံချေးတက်သွားပြီး သင်္ဘော၏ သက်တမ်းကို များစွာ လျော့ကျစေလိမ့်မည်။
သို့သော် အထူးဆေးတစ်လွှာ သုတ်ထားလိုက်ပါက ထိုဖြစ်ရပ်များကို များစွာ လျှော့ချနိုင်မည်ဖြစ်သလို လုံးဝပင် ကာကွယ်နိုင်ပေလိမ့်မည်။
ရှောင်းယီ၏ မျက်လုံးများ တောက်ပလာသည်ကို မြင်သောအခါ အန်းယွဲ့က ဆက်ပြောလိုက်သည်။
“ဒါ့အပြင် အဲ့ဒီ အထူးဆေးတွေကိုသုံးပြီး ငါတို့ မဟာမိတ်သင်္ဘောတွေပေါ်မှာ ဂဏန်းအကြီးကြီးတွေ ရေးထားလို့ရတယ်။ ဒါဆိုရင် တခြားကျွန်းက သင်္ဘောတွေ ဝင်လာရင်လည်း တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တာပေါ့။”
“အမှန်ပဲ ဒါက တကယ် ယုတ္တိရှိတယ်။ ဦးလေးပဲ ဒီကိစ္စကို တာဝန်ယူလိုက်ပါ။ အစ်ကိုကျန်းကိုလည်း ဝိုင်းကူခိုင်းလိုက်မယ်။”
ရှောင်းယီက ချက်ချင်း ပြောလိုက်၏။
“ကောင်းပြီ။ ဒါဆို အဲ့ဒီ ဆေးထုတ်တဲ့စက်က ဘယ်မှာလဲ။”
အန်းယွဲ့က ကပျာကယာ မေးလိုက်သည်။ အန်းယွဲ့၏ စိတ်အားထက်သန်နေသော မျက်နှာကို ကြည့်ပြီး ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်၏။
“အချိန်ပိုတွေ ထပ်ဆင်းချင်နေပြန်ပြီလား။ မေ့လိုက်စမ်းပါ။ မနက်ဖြန်မနက်ကျမှ ကျုပ် အဲ့ဒါကို ဂိုဒေါင်ထဲ သွားထားပေးမယ်။ မနက်ဖြန်မှ ဆက်ပြောကြတာပေါ့။”
“အာ...။”
အန်းယွဲ့က ရှောင်းယီကို ကူကယ်ရာမဲ့နေဟန်ဖြင့် ကြည့်လိုက်သည်။
“ဘာ အာ လဲ။ အခုက ည ၈ နာရီ၊ ၉ နာရီ ရှိနေပြီ။ တခြား ဘာထပ်လုပ်ချင်သေးလို့လဲ။ တီဗီလေးဘာလေး ကြည့်ပြီး အိပ်တော့လေ။”
ရှောင်းယီက မကျေမနပ် ပြန်ပြောလိုက်၏။
“အေးပါ ကောင်းပါပြီ။”
အန်းယွဲ့ ခေါင်းခါယမ်းရင်း လှည့်ထွက်ရန် ပြင်လိုက်သည်။ ရှောင်ယီ၏ အိပ်ခန်းထဲမှ မထွက်မီ သူက ပြန်လှည့်မေးလာ၏။
“မနက်ဖြန် မနက် ဘယ်နှနာရီလဲ။”
“ကျုပ် နိုးတဲ့အချိန်ပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
အန်းယွဲ့ ထွက်သွားပြီးနောက် ရှောင်းယီသည် အပြင်ထွက် လမ်းလျှောက်မည်ဟု အကြောင်းပြကာ အသိဉာဏ်ရှိ ဆေးသုတ်စက်ကို စနစ်အာကာသထဲမှ ထုတ်ယူပြီး ဂိုဒေါင်ထဲတွင် သွားထားလိုက်သည်။ ထို့နောက် သူသည် အိပ်ခန်းသို့ ပြန်လာခဲ့သည်။
“ငါ့ရဲ့ အတွေးအခေါ်တွေက သိပ်ပြီး မကျယ်ပြန့်သေးဘူး ထင်တယ်။ အချို့စက်တွေက အရမ်းအသုံးဝင်ပေမဲ့ ဒီလို အသုံးချလို့ရတယ်ဆိုတာ ငါ လုံးဝ မတွေးမိခဲ့ဘူး။”
ရှောင်းယီ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်လိုက်မိ၏။
“နောင်ကျရင် တစ်ခုခုရတိုင်း အားလုံးကို ကြိုပြောပြထားရမယ်။ ဒါဆို လူတိုင်းဆီက ပိုကောင်းတဲ့ အကြံဉာဏ်တွေ ရနိုင်လိမ့်မယ်။”
ဤသို့တွေးရင်း ရှောင်းယီသည် သူ၏ ကုတင်ကြီးပေါ်တွင် လှဲအိပ်လိုက်တော့လေသည်။ တစ်ညလုံး ဘာမှမထူးခြားဘဲ ကုန်ဆုံးသွားခဲ့သည်။
နောက်တစ်နေ့တွင် ရှောင်းယီသည် နိုးလာသည်နှင့် ချက်ချင်း လက်မှတ်ထိုးဝင်လိုက်၏။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- ဟန်းဆက်ထုတ်လုပ်မှုပုံစံ (SSS အဆင့်) ၁။”
“ဟန်းဆက်ထုတ်လုပ်မှု ပုံစံ (SSS အဆင့်): သင့်အနေနဲ့ ထုတ်လုပ်မှုပုံစံအတိုင်း အစိတ်အပိုင်း အမျိုးမျိုးကို ထုတ်လုပ်နိုင်ပြီး ထိုအရာများကို ပြန်လည်တပ်ဆင်ကာ ပြီးပြည့်စုံသည့် လက်ကိုင်ဖုန်းတစ်ခု ရအောင် လုပ်ဆောင်နိုင်ပါသည်။”
ထိုဆုလာဘ်ကို မြင်လိုက်ရသောအခါ ရှောင်းယီ ကုတင်ပေါ်မှ ခုန်ထလိုက်မိသ၏။ ယခုအခါ သူတို့၏ မဟာမိတ်အဖွဲ့တွင် ဤကဲ့သို့သော အချိန်နှင့်တပြေးညီ ဆက်သွယ်နိုင်သည့် ကိရိယာများ အထူးလိုအပ်နေခြင်းဖြစ်သည်။
သူ နောက်ဆုံးအကြိမ် ဖုန်း ရခဲ့စဉ်က ၅၅ ရက်မြောက်နေ့တွင် ဖြစ်ပြီး ထိုစဉ်က အလုံး ၃၀ သာ ရရှိခဲ့ခြင်းဖြစ်သည်။ ယခု ရှောင်းယီ၏ မဟာမိတ်အဖွဲ့တွင် အဖွဲ့ဝင်များစွာ ရှိနေပြီဖြစ်ရာ ၎င်းမှာ မလုံလောက်တော့ပေ။ ယခုတစ်ကြိမ် လက်မှတ်ထိုးဝင်ရာမှ ဤထုတ်လုပ်မှုပုံစံကို တိုက်ရိုက်ရလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့သော် စနစ်၏ ဖော်ပြချက်ကြောင့် ရှောင်းယီ အနည်းငယ် ပဟေဠိ ဖြစ်သွားခဲ့သည်။
“ဒါက ဘာလို့ ပုံစံကွက် မဟုတ်ရတာလဲ။ ပြီးတော့ စနစ်ရဲ့ ညွှန်ကြားချက်အရဆိုရင် ဒါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ သုံးတဲ့ ပုံစံမျိုး မဟုတ်ဘူးဆိုတဲ့ သဘောပဲ။”
ရှောင်းယီက နားမလည်စွာ မေးလိုက်၏။
“ဒီဖုန်းက အရမ်းကို အဆင့်မြင့်လွန်းပါတယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အချို့သော ကန့်သတ်ချက်တွေ လုပ်ဆောင်ထားပါလိမ့်မယ်။ ပုံစံကွက်ကို တိုက်ရိုက်ပေးလိုက်ရင်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာ တိုက်ရိုက် ထုတ်လုပ်နိုင်မှာ မဟုတ်ပါဘူး။”
အခန်း ၇၉၆ - ပုံစံကွက်ထက် ပိုကောင်းသော ထုတ်လုပ်မှုပုံစံ နှင့် ပွင့်လင်းလာမှု
“ဟမ် ဒါပေမဲ့ ငါ့လက်ထဲမှာ အဆင့်မြင့်ကိရိယာတွေနဲ့ စက်ပစ္စည်းတွေ အများကြီး ရှိနေပြီ မဟုတ်ဘူးလား။”
ရှောင်းယီက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“အဲ့ဒါတွေက စနစ်ဆီက တိုက်ရိုက်ရတဲ့ အချောထည် ဆုလာဘ်တွေပါ။ အချောထည်တွေကို တိုက်ရိုက်ရရှိနိုင်ပေမဲ့ ပုံစံကွက်တွေကတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေတစ်ဆင့် ထုတ်လုပ်ဖို့ လိုပါတယ်။ လက်ရှိ ယဉ်ကျေးမှုအဆင့်အတန်းထက် အလွန်အမင်း ကျော်လွန်နေတဲ့ ဘယ်အရာကိုမဆို ကျောက်တိုင်က ကန့်သတ်ထားမှာပါ။”
စနစ်က ရှင်းပြလိုက်သည်။
ရှောင်းယီ ရုတ်တရက် သဘောပေါက်သွားသော်လည်း နောက်တစ်စက္ကန့်တွင် အခြားအတွေးတစ်ခု ဝင်ရောက်လာခဲ့ပြန်သည်။
“စနစ်... ငါတို့ ညှိနှိုင်းလို့ရမလား။ နောင်ကျရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မလိုတဲ့ ဆုလာဘ်မျိုးတွေကိုပဲ ငါ့ကို ပေးလို့ရမလား။”
သူက ပြောလိုက်၏။ စနစ်က တိတ်ဆိတ်ခြင်းဖြင့်သာ တုံ့ပြန်ခဲ့သည်။
“မင်း ဘာမှပြန်မပြောဘူးဆိုရင် သဘောတူတယ်လို့ပဲ မှတ်လိုက်မယ်နော်။”
ရှောင်းယီက ဆိုသည်။ စနစ်ကတော့ ဆက်လက် တိတ်ဆိတ်နေဆဲပင်။
ရှောင်းယီ အားကိုးရာမဲ့သလို ခံစားလိုက်ရ၏။ ဤစနစ်သည် တစ်ခါတရံတွင် ရှင်းလင်းချက်နှင့် အကြံပြုချက်များ ပေးတတ်သော်လည်း အချို့အချိန်များတွင်တော့ သူ့ကို လုံးဝ လျစ်လျူရှုထားတတ်သည်။
ရှောင်းယီ ဤကဲ့သို့ တောင်းဆိုရခြင်းမှာ တိုက်သစ်ကြီးပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းနှင့် ပတ်သက်၍ သူ၏ ခန့်မှန်းချက် မှန်ကန်နေမည်ကို စိုးရိမ်သောကြောင့်ပင်။
အကယ်၍ သူခန့်မှန်းသလို အသက်ရှင်ကျန်ရစ်သူများ ထွက်ခွာသွားပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များ ကျန်ရစ်ခဲ့လျှင်ပင် ၎င်းတို့မှာ မူလအခြေအနေသို့ ပြန်ရောက်သွားမည်ဆိုပါက ယခု သူရရှိထားသမျှ ပုံစံကွက်များသည် သူ၏ မဟာမိတ်အဖွဲ့အတွင်းရှိ ဒေသခံများအတွက် အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။
အကြောင်းမှာ ရှောင်းယီနှင့် အခြားသူများ ဤကမ္ဘာမှ ထွက်ခွာသွားသည်နှင့် ထိုပုံစံကွက်များအားလုံး ပျောက်ကွယ်သွားမည်ဖြစ်သောကြောင့်ပင်။ သို့သော် ‘ဉာဏ်ရည်မြင့် အစိတ်အပိုင်း ထုတ်လုပ်ရေးစက်’ ကဲ့သို့သော ကိရိယာများသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အကူအညီမပါဘဲ အစိတ်အပိုင်းများကို ထုတ်လုပ်ပေးနိုင်၏။ ဤနည်းဖြင့် သူထွက်သွားခဲ့လျှင်ပင် ဒေသခံများသည် ၎င်းတို့ကို ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူတို့သည် သူ့အပေါ် သစ္စာရှိစွာ အမှုထမ်းခဲ့သူများဖြစ်ရာ ရှောင်းယီ ထွက်သွားခဲ့လျှင်ပင် ထိုဒေသခံများအတွက် တစ်ခုခုတော့ ချန်ထားပေးခဲ့ချင်မိပေသည်။
စနစ်က သူ့ကို လျစ်လျူရှုထားသဖြင့် ဘာမှမတတ်နိုင်တော့ပေ။ ရှောင်းယီ ခေါင်းခါယမ်းရင်း မနက်စာကို အမြန်စားလိုက်ကာ ဝမ်ရှင်းဖုန်းရှိရာသို့ လျှောက်သွားလိုက်လေသည်။
ဝမ်ရှင်းဖုန်းသည် ယခုအခါ ဉာဏ်ရည်မြင့် အစိတ်အပိုင်း ထုတ်လုပ်ရေးစက်များ၏ တာဝန်ခံဖြစ်ရာ ဟန်းဆက်ထုတ်လုပ်မှုပုံစံကို ထုတ်လုပ်ရန်အတွက် သူတို့ထံသို့ လွှဲပြောင်းပေးရန် လိုအပ်သည်။
သူ စက်မှုထုတ်လုပ်ရေး စက်ရုံသို့ ရောက်ရှိသွားသောအခါ ဝမ်ရှင်းဖုန်းနှင့် အခြားသူများက ချက်ချင်းပင် ထွက်၍ ကြိုဆိုကြ၏။
“ကျွန်းပိုင်ရှင် တာဝန်တစ်ခုခု ပေးစရာရှိလို့လား။”
ဝမ်ရှင်းဖုန်းက မေးလိုက်သည်။ ဤလူစုသည် လောလောဆယ် လုပ်စရာမရှိဘဲ လစာအမြောက်အမြား ရနေသဖြင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေကြခြင်းဖြစ်သည်။
“ဟုတ်တယ်။ ခက်ခဲတဲ့ တာဝန်တစ်ခုပဲ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်၏။ ထိုစကားကို ကြားသောအခါ ဝမ်ရှင်းဖုန်းနှင့် အခြားသူများမှာ စိုးရိမ်ရမည့်အစား စိတ်လှုပ်ရှားစွာဖြင့် ရှောင်းယီအား ကြည့်လာကြလေသည်။
ရှောင်းယီသည် စနစ်အာကာသထဲမှ ဟန်းဆက်ထုတ်လုပ်မှုပုံစံများကို ထုတ်ယူကာ လူတိုင်းရှေ့တွင် ချပြလိုက်၏။
“ဒါက မိုဘိုင်းဖုန်းတစ်မျိုးရဲ့ ထုတ်လုပ်မှုပုံစံတွေပဲ။ ဒီထုန်လုပ်မှုပုံစံထဲမှာ အစိတ်အပိုင်းတိုင်းရဲ့ ကုန်ကြမ်းနဲ့ အရွယ်အစားတွေကို အသေးစိတ် ဖော်ပြထားတယ်။ ခင်ဗျားတို့က ဒါတွေကိုကြည့်ပြီး အစိတ်အပိုင်းတွေ ထုတ်လုပ်ရမယ်။ ပြီးရင် ပြန်ပြီးတပ်ဆင်ရမယ်။”
“မိုဘိုင်းဖုန်းလား။”
ဝမ်ရှင်းဖုန်းသည် ထိုထုတ်လုပ်မှုပုံစံကိုကြည့်ကာ အံ့အားသင့်သွား၏။ သူသည် အရေးကြီးပုဂ္ဂိုလ်များ၏ လက်ထဲတွင်ရှိသော ဖုန်းများကို မြင်ပြီးကတည်းက လိုချင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
“ကျွန်းပိုင်ရှင် ဒီလိုအရာမျိုးကို ရအောင်ယူနိုင်တာ တကယ်ကို အံ့သြစရာပဲ။ ခင်ဗျားကတော့ တကယ်အံ့မခန်းပါပဲ။”
“ဟုတ်တယ် ကျွန်းပိုင်ရှင်။ ဒါတွေကို ထုတ်လုပ်ပြီးသွားရင် ကျုပ်တို့ရော တစ်လုံးလောက် ဝယ်သုံးလို့ရမလား။”
သူတို့၏ မျှော်လင့်တကြီး မျက်လုံးများကို ကြည့်ကာ ရှောင်းယီ ပြုံးလိုက်မိ၏။
“ရတာပေါ့။ ဒါပေမဲ့ အရင်ဆုံး ခင်ဗျားတို့ ဒါကို ထုတ်လုပ်နိုင်ဖို့ လိုတယ်။ ကျုပ်ရဲ့ ပန်းတိုင်က မဟာမိတ်အဖွဲ့ထဲက လူတိုင်း တစ်ယောက်တစ်လုံး သုံးနိုင်အောင် အမြန်ဆုံး ထုတ်လုပ်ဖို့ပဲ။”
“စိတ်ချပါ ကျွန်းပိုင်ရှင်။ ကျုပ်တို့ မိုဘိုင်းဖုန်း ထုတ်လုပ်မှုကို အမြန်ဆုံး ပြီးစီးအောင် လုပ်ပါ့မယ်။”
ဝမ်ရှင်းဖုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ကောင်းပြီ။ ဒါကို ခင်ဗျားတို့ပဲ တာဝန်ယူလိုက်ပါ။ အလုပ်သမားတွေ လိုအပ်ရင်လည်း ထပ်ခေါ်လို့ရတယ်။ ဦးလေးအန်းယွဲ့ကို ပြောပြလိုက်ရုံပဲ။ သူ ကူညီပေးလိမ့်မယ်။”
ရှောင်းယီ ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။ ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီး ထပ်ပြောလိုက်၏။
“တပ်ဆင်တဲ့ လုပ်ငန်းစဉ်က ရှုပ်ထွေး၊ မရှုပ်ထွေး သိရအောင် အရင်ဆုံး နည်းနည်းလောက် အစမ်းတပ်ဆင်ကြည့်ကြပါ။”
“နားလည်ပါပြီ။ လုပ်လိုက်ပါ့မယ်။”
ဝမ်ရှင်းဖုန်းက ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် စက်မှုထုတ်လုပ်ရေးဌာနမှ ထွက်လာပြီးနောက် ဂိုဒေါင်သို့ ဦးတည်သွားလိုက်၏။ အန်းယွဲ့သည် လူအချို့နှင့်အတူ သုတ်ဆေးများ ထုတ်လုပ်ရန် သုတေသန လုပ်နေကြပြီ ဖြစ်သည်။
“ကျွန်းပိုင်ရှင် ဒီစက်က တကယ့်ကို အစွမ်းထက်လွန်းတယ်။ အထူးသုတ်ဆေးအလွှာတွေကိုတောင် ထုတ်လုပ်ပေးနိုင်တယ်။”
အန်းယွဲ့က ရှောင်းယီကို မြင်သည်နှင့် ချက်ချင်း ထွက်ကြိုလိုက်၏။ ရှောင်းယီ ခေါင်းညိတ်ပြလိုက်းည်။
“ထုတ်လုပ်ရတာ အခက်အခဲ ရှိသေးလား။”
“အရမ်းရိုးရှင်းတယ်။ ကုန်ကြမ်းတွေ ပံ့ပိုးပေးလိုက်ရုံပဲ။”
အန်းယွဲ့က စိတ်လှုပ်ရှားစွာ ပြန်ဖြေသည်။
“ကောင်းပြီ၊ ရိုးရှင်းတာက အကောင်းဆုံးပဲ။”
အန်းယွဲ့ဘက်တွင် အဆင်ပြေနေသဖြင့် ရှောင်းယီသည် ဗီလာသို့ ပြန်လာခဲ့လိုက်၏။ သူပြန်ခေါ်လာသော ချီလင်လေးသည် သူ့ကိုမြင်သည်နှင့် ချက်ချင်း ပြေးလာပြီး ပတ်ချာလည် ပြေးလွှားနေတော့သည်။ ရှောင်းယီက ၎င်းကို ပွေ့ချီကာ မေးလိုက်၏။
“ဒီမှာ နေရတာ အဆင်ပြေရဲ့လား။”
ချီလင်လေးက ခေါင်းငြိမ့်ပြလိုက်ပြီး “ရေ... ရေ...” ဟု ပြောလာခဲ့သည်။
ရှောင်းယီက ၎င်းကို ခေါင်းလေးပုတ်ကာ ပြောလိုက်၏။
“မင်းကတော့ တကယ့် စားခုတ်ကလေးပဲ။”
ထိုသို့ပြောရင်းနှင့် ရှောင်းယီသည် ဘေးသို့ လျှောက်သွားကာ SSS အဆင့် ရေသန့်တစ်ခွက် ငှဲ့ပေးလိုက်ရာ ချီလင်လေးသည် ပျော်ရွှင်စွာဖြင့် လျက်သောက်နေတော့သည်။
ထို့နောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားပြီး ယီထျန်းဂရုထဲမှ မက်ဆေ့ခ်ျများကို ကြည့်လိုက်သည်။
“ဟားဟားဟား...ကျုပ် ဒီနေ့ ရေဒီယိုထုတ်လွှင့်ရေးတာဝါ တစ်ခု ရခဲ့တယ်။ ကျုပ်တို့ မဟာမိတ်အဖွဲ့လည်း အသံလွှင့်ခေတ်ထဲ ရောက်သွားပြီ။”
“ဒါက သတင်းထူး မဟုတ်တော့ပါဘူး။ လူတော်တော်များများ ရနေကြတာပဲ။ ကျုပ်တို့ မဟာမိတ်အဖွဲ့မှာဆိုရင် ရေဒီယိုအသံလွှင့်ဌာနတောင် တည်ထောင်ပြီးသွားပြီ။”
“အသံချိုချိုလေးနဲ့ မိန်းကလေးတွေကို အလုပ်ခန့်ထားကြလား။ မိန်းကလေး အသံမဟုတ်ရင် ကျုပ်တော့ နားမထောင်ဘူးနော်။”
“ဟူး... တည်ငြိမ်တဲ့ အမျိုးသား အသံတွေကကော မကောင်းလို့လား။”
“ငါတို့ မဟာမိတ်အဖွဲ့ထဲမှာ အမျိုးသမီးက သိပ်မှမရှိတာ။ မင်းရဲ့ စံနှုန်းက မြင့်လွန်းနေပြီ။”
အသက်ရှင်ကျန်ရစ်သူများထဲတွင် အမျိုးသမီးဦးရေမှာ အလွန်နည်းပါးလှ၏။ လူတိုင်း တစ်ဦးတည်း ရုန်းကန်နေရစဉ်က အမျိုးသားများမှာ သိသိသာသာ အားသာချက်ရှိခဲ့ကြသည်။ ရှေးယခင်က ‘ကောင်းကင်တစ်ဝက်(ဝမ်ရှင်း) မဟာမိတ်အဖွဲ့’ ကဲ့သို့ အမျိုးသမီးများ အစကတည်းက စုစည်းခဲ့လျှင်တော့ တစ်မျိုးပေါ့။
“ယီရန်ပင်း မဟာမိတ်အဖွဲ့မှာတော့ အမျိုးသမီးတွေ အများကြီး ရှိတယ်လို့ ကြားတယ်။ ခင်ဗျားသာ စွမ်းဆောင်နိုင်ရင် ခင်ဗျားရဲ့ မဟာမိတ်အဖွဲ့ထဲကို စည်းရုံးကြည့်ပါလား။”
“အမ်... ယီရန်ပင်း မဟာမိတ်အဖွဲ့ကနေ ထွက်လာတဲ့လူဆိုတာ ဦးနှောက်မှာ အပေါက်ရှိတဲ့လူပဲ ဖြစ်လိမ့်မယ်။ သူတို့ဆီမှာ ရေနွေးငွေ့ရထားတွေတောင် ရှိနေပြီလို့ ကြားတယ်။”
“ဒါက ကောလာဟလ မဟုတ်ဘူး။ တကယ်ရှိတာ။ ကျုပ် တစ်ခါ စီးဖူးတယ်။ အရင်ကမ္ဘာက အမြန်ရထားတွေကို မမှီပေမဲ့ တော်တော်လေးတော့ မြန်သားပဲ။”
“အပြင်လူတွေရော စီးလို့တာလား။”
“ရတာပေါ့။ ယီရန်ပင်း မဟာမိတ်အဖွဲ့က အရမ်းပွင့်လင်းတယ်။ သူတို့ရဲ့ စည်းကမ်းတွေကို မချိုးဖောက်သရွေ့ အနီးနားက ဒေသခံမြို့တွေကိုတောင် သွားလည်လို့ ရသေးတယ်။”
“ဟာ... ဘာလို့ စောစောမပြောတာလဲ။ ကျုပ် ပြီးခဲ့တဲ့တစ်ခေါက် အပန်းဖြေစခန်းသွားတုန်းက အပြင်တောင် ထွက်မလည်ဖြစ်ခဲ့ဘူး။ နှမြောစရာပဲ။”
“ကျုပ် အရင်က ယီရန်ပင်း မဟာမိတ်အဖွဲ့ဆီ လှေလှော်ပြီး သွားခဲ့ဖူးတယ်။ သူတို့က ပုံမှန်စစ်ဆေးတာမျိုးပဲ လုပ်တာ။ လက်နက်တွေ သိမ်းထားသရွေ့ သူတို့ရဲ့ ဆိပ်ကမ်းမှာ ကမ်းကပ်လို့ရတယ်။ အရေးကြီးတဲ့ နေရာတချို့ကလွဲရင် ကျန်တဲ့နေရာတွေကို လွတ်လွတ်လပ်လပ် သွားလို့ရတယ်။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် အပန်းဖြေစခန်းကလွဲရင် ကျန်တာကတော့ သိပ်ထူးထူးခြားခြား မရှိပါဘူး။ ကျုပ်အတွက်တော့ ခံစားချက်က တစ်ခုပဲရှိတယ်။”
“ဘာခံစားချက်လဲ။”
“ကြီးတာ...။ ယီရန်ပင်းရဲ့ ကျွန်းက တကယ်ကို အရမ်းအရမ်းကြီးလွန်းတယ်။ အရင်ကမ္ဘာက ထိုင်ဝမ်ကျွန်းတောင် ဒီလောက် မကြီးဘူးလို့ ကျုပ် ထင်တယ်။”
“ချီး...ထိုင်ဝမ်ရဲ့ ဧရိယာက စတုရန်းကီလိုမီတာ ၃၅,၈၀၀ ရှိတာနော်။ သူဌေးရဲ့ ကျွန်းက အဲ့ဒီလောက်အထိ ကြီးသွားပြီလား။”
“စတုရန်းကီလိုမီတာ ၃၅,၈၀၀ ကို စတုရန်းမီတာ ပြောင်းရင် ၃၅.၈ ဘီလီယံ ရှိတယ်။ ကမ္ဘာပေါ်က အသက်ရှင်ကျန်ရစ်သူ အားလုံးရဲ့ အုတ်မြစ်ကျောက်တွေ ပေါင်းလိုက်ရင်တောင် အဲ့ဒီလောက် မရှိနိုင်ဘူးလေ ဟုတ်တယ်မလား။”