အခန်း (၇၉၇-၇၉၈)
Vol. 63 Ch. 797-798
အခန်း ၇၉၇ - နောက်ထပ် ရတနာမြေပုံတစ်ခု နှင့် ရထားလမ်းဖောက်လုပ်ချင်သော လူပုများ
“သေချာပေါက် မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူဌေးက ငါတို့လို အသက်ရှင်ကျန်ရစ်သူတွေနဲ့ပဲ စီးပွားရေးလုပ်တာ မဟုတ်ဘူးလေယ ပြီးခဲ့တဲ့တစ်ခေါက်က သူတို့ လူပုတွေနဲ့ အရောင်းအဝယ် လုပ်နေတာ ငါမြင်လိုက်တယ်။”
“လူပုတွေနဲ့ အရောင်းအဝယ်လုပ်တာလား။ အဲ့ဒါက တကယ်ဖြစ်နိုင်လို့လား။ လူပုနိုင်ငံမှာ အုတ်မြစ်ကျောက်တွေ အပုံလိုက်ရှိတယ်လို့ ကျုပ်ကြားဖူးတယ်။ ယီရန်ပင်း သူဌေးကတော့ ဒီတစ်ခါ ငါးကြီးတစ်ကောင် ဖမ်းမိလိုက်တာပဲ။”
“ဟုတ်တယ်။ ယီရန်ပင်းရဲ့ ကျွန်းပေါ်က ဘီယာက တကယ်ကို ကောင်းတာ။ လူပုတွေက အရက်အရမ်းကြိုက်တယ်လို့ ကြားတယ်။ ဆိုတော့ သူနဲ့ စီးပွားရေးမလုပ်ဘဲ မနေနိုင်လောက်ဘူး။”
“သူဌေးကျွန်းပေါ်က ပါရမီရှင်တွေကို အားကျလိုက်တာ။ ကျုပ်တို့ကျွန်းမှာတော့ လက်ကြောတင်းအောင် လုပ်မယ့်သူတွေပဲ ရှိတယ်။”
“ကျုပ်လည်း အတူတူပါပဲ။ အားကျနေလည်း အပိုပါပဲ။ ကျုပ်ကတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ သုံးလို့ရမယ့် ပုံစံကွက်တချို့ပေါ့ ဥပမာ ဘီယာပုံစံကွက်မျိုး ပေါက်ပါစေလို့ပဲ ဆုတောင်းတယ်။ ဒါဆိုရင် တိုက်ရိုက်ထုတ်လုပ်လို့ ရတာပေါ့။”
“ဒါပေမဲ့ အခုအထိတော့ အစားအသောက်နဲ့ ပတ်သက်တဲ့ ပုံစံကွက် ပေါက်တဲ့သူ မရှိသေးဘူးထင်တယ်။”
“ဟုတ်တယ်။ အဲ့ဒါကြောင့် အဲ့ဒီပုံစံကွက်က ပေါက်ဖို့ မဖြစ်နိုင်ဘူးထင်တယ်။ တကယ်လို့ ရှိရင်လည်း အခုလောက်ဆို တစ်ယောက်ယောက်ဆီမှာ ရှိနေလောက်ပြီ။”
“ကဲပါ... အားလုံးပဲ အဲ့ဒါတွေကို ဆက်ပြီးမဆွေးနွေးကြနဲ့တော့။ ကျုပ် ယီရန်ပင်း သူဌေးကို တစ်ခုလောက် မေးချင်လို့ပါ။ ခင်ဗျားလက်ထဲမှာလည်း ဒါမျိုး တစ်ခုလောက် ရှိနေလား။ [ရတနာမြေပုံ] ၁။”
“သောက်ကျိုးနည်း... အပေါ်ကလူကတော့ တကယ့်ကိုအာဂလူသားပဲ။ ရတနာမြေပုံတောင် ရှာတွေ့ထားတာလား။”
“ဘာလို့ သူဌေးကို အဲ့ဒီမေးခွန်း သွားမေးတာလဲ။ သူဌေးနဲ့ ပူးပေါင်းချင်လို့လား။”
“ပူးပေါင်းဖို့လား။ မဟုတ်ပါဘူး။ မေးကြည့်ရုံပါ။ အကယ်၍ သူဌေးဆီမှာ ရှိနေရင် ကျုပ် အဲ့ဒီကို မသွားတော့ဘဲ သူဌေးကိုပဲ ပေးလိုက်တော့မလို့။ မရှိဘူးဆိုရင်တော့ ကျုပ်ကံကို ကျုပ် စမ်းကြည့်မလို့ပါ။”
ရှောင်းယီသည် ထိုသူ၏ မက်ဆေ့ခ်ျကို မြင်သောအခါ ဂရုထဲတွင် ချက်ချင်း ပြန်ဖြေလိုက်သည်။
“ကျုပ်ဆီမှာတော့ အဲ့ဒါ မရှိပါဘူး။ အဲ့ဒါက အသက်ဝင်သွားပြီလား။”
“ဟုတ်ကဲ့။”
ထိုသူက ပြန်ဖြေလိုက်သည်။
“ဒါဆိုရင်တော့ ကျုပ်ဘာသာပဲ ကံစမ်းကြည့်ရတော့မှာပေါ့။”
ဤတစ်ကြိမ်တွင် ရှောင်းယီ၏ ကံကောင်းခြင်းမှာ မလုံလောက်ခဲ့ပေ။ ရတနာမြေပုံ ၈ ခုအနက် တစ်ခုမျှ သူ မရရှိခဲ့ပေ။ ရှောင်းယီ ခေါင်းသာ ခါယမ်းလိုက်မိသည်။ အချို့အရာများသည် ဇွတ်အတင်းလုပ်ယူ၍ မရနိုင်ပေ။
တိန်းတောင်...
ရှောင်းယီ၏ မိုဘိုင်းဖုန်းမှ အသံမြည်လာ၏။ ဖုန်းကိုင်လိုက်သောအခါ ကျန်းယွင်ထျန်း၏ အသံထွက်လာခဲ့သည်။
“လူပုဘုရင် ရောက်နေတယ်။”
“ကောင်းပြီ။ ငါ လာခဲ့မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“သူ့ကို အပန်းဖြေစခန်းက ဘားဆီ တန်းပို့လိုက်ပါ။”
“ဟုတ်ကဲ့။”
ထို့နောက် ရှောင်းယီသည် ကားတစ်စီးဖြင့် အပန်းဖြေစခန်းသို့ အမြန်မောင်းသွားခဲ့လိုက်သည်။ ဘားသို့ ရောက်သောအခါ လူပုဘုရင်သည် သီးသန့်ခန်းတစ်ခုတွင် ဘီယာသောက်နေပြီ ဖြစ်သည်။
“ဒီနေ့ ဘယ်လေတိုက်လို့ ရောက်လာတာလဲ။”
ရှောင်းယီက ပြုံးကာ မေးလိုက်၏။ လူပုဘုရင်က လက်ယမ်းပြပြီး ပြန်ဖြေလာခဲ့သည်။
“လေတိုက်လို့ ရောက်လာတာ မဟုတ်ပါဘူး။ ဗိုက်ထဲက ဆာလောင်မှုကြောင့် ရောက်လာတာ။”
“ကျွန်တော်မျိုးက ဒီတစ်ခါ ထူးထူးခြားခြား တစ်ခုခု ရှိမယ်လို့ ထင်နေတာ။”
ရှောင်းယီက ဆိုသည်။
“ဟားဟားဟား... ငါက နှစ်ရက်လောက် အနားယူချင်လို့ပါ။ အခုတလော အရမ်း အလုပ်များနေတယ်လေ။”
လူပုဘုရင်က ရယ်မောရင်း ပြောလိုက်သည်။
“နေရာရွှေ့ပြောင်းတဲ့ကိစ္စကြောင့်လား။”
ရှောင်းယီက စပ်စုလိုက်သည်။
“ဟုတ်တယ်။ တစ်မြို့လုံးကို ပြောင်းရွှေ့ရတာက တကယ်ကို အလုပ်များတာပဲ။”
လူပုဘုရင်က ညည်းညည်းညူညူ ပြောလိုက်၏။
“မြို့က အရင်အတိုင်းပဲ ဆိုပေမဲ့ ပြောင်းရွှေ့တဲ့အခါကျ ပြဿနာပေါင်းစုံကတော့ ပေါ်လာတာပါပဲ။”
ရှောင်းယီက ပြုံးလိုက်သည်။
“ဒါကတော့ ရှောင်လွှဲလို့ မရပါဘူး။ နေရာရွှေ့ပြောင်းတာက ကြီးမားတဲ့ ပရောဂျက်တစ်ခုပဲလေ။”
လူပုဘုရင်က ခေါင်းငြိမ့်လိုက်သည်။
“ငါကိုယ်တော် မင်းတို့ကို အရမ်းအားကျမိတယ်။ ကျွန်းတစ်ခုလုံးကို ဒီအတိုင်း မောင်းလာရုံပဲဆိုတော့ တော်တော်လေး အဆင်ပြေတာပဲ။”
“နောင်တစ်ချိန်မှာ ထပ်ပြီး နေရာရွှေ့ချင်ရင်လည်း အဲ့ဒီလို လုပ်လို့ရပါတယ်။”
ရှောင်းယီက ဆိုသည်။
“ဒါပေါ့။”
လူပုဘုရင်က သဘောတူလိုက်၏။
“မင်းတို့ ကျွန်းပေါ်က ရေနွေးငွေ့ရထားကို အမြောက်အမြား ထုတ်လို့ရလား။”
“ရတာပေါ့။”
ရှောင်းယီက ပြန်ဖြေပြီး ချက်ချင်း ထပ်မေးလိုက်သည်။
“ဘာလို့လဲ။ အရှင်မင်းကြီးက အဲ့ဒါကို စိတ်ဝင်စားလို့လား။”
လူပုဘုရင်က ခေါင်းငြိမ့်ပြလာခဲ့သည်။
“ဟုတ်တယ်။ ငါတို့ကျွန်းပေါ်မှာလည်း ရထားလမ်း ဖောက်ချင်လို့။ လူတွေ သွားလာရတာ ပိုပြီးလွယ်ကူသွားအောင်ပေါ့။”
“လုံးဝ ပြဿနာမရှိပါဘူး။”
ရှောင်းယီက ချက်ချင်း ပြောလိုက်သည်။
“ဖောက်မယ်ဆိုရင်တော့ အမြန်လုပ်သင့်တယ်။ အုတ်မြစ်ကျောက်ကျွန်းတွေရဲ့ လက္ခဏာအရ မြေနေရာလွတ်တွေက မကြာခင်မှာ သစ်ပင်တွေ ဒါမှမဟုတ် တခြားအရင်းအမြစ်တွေနဲ့ ပြန်ပြီးဖုံးလွှမ်းသွားလိမ့်မယ်။”
“ဟုတ်တယ်။ အဲ့ဒါကြောင့်လည်း ငါလာမေးတာပေါ့။ ဖြစ်နိုင်ရင် ငါတို့ကို ရထားလမ်းဖောက်ဖို့ ကူညီပေးပါဦး။”
လူပုဘုရင်က ဆိုသည်။
“ရတာပေါ့။”
ရှောင်းယီက အလွယ်တကူ သဘောတူလိုက်၏။
“ဈေးနှုန်းကကော ဘယ်လိုလဲ။”
“တစ်မီတာကို အုတ်မြစ်ကျောက် ၁၀ ခုပါပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အရှင်မင်းကြီးတို့ရဲ့ ကျွန်းအရွယ်အစားနဲ့ဆိုရင် ကျွန်းကို တစ်ပတ်ပတ်ဖို့ ကီလိုမီတာ ၄၀ လောက် ကျလိမ့်မယ်။ ဆိုတော့ စုစုပေါင်း အုတ်မြစ်ကျောက် ၄၀၀,၀၀၀ ပေါ့။”
“ဈေးကတော့ သင့်တော်ပါတယ်။ ရေနွေးငွေ့ရထားကရော။”
“အတွဲဆယ်တွဲပါတဲ့ ရထားတစ်စင်းကို အုတ်မြစ်ကျောက် ၁၀၀,၀၀၀ ပါ။”
“သဘောတူတယ်။ ဖြစ်နိုင်သမျှ အမြန်ဆုံး ဖောက်ပေးပါ။”
ပိုက်ဆံချမ်းသာသော လူပုဘုရင်သည် ရှောင်းယီနှင့် ဈေးဆစ်လေ့ မရှိပေ။
“ကောင်းပါပြီ။ ကျွန်တော်မျိုး အခုပဲ သွားလိုက်ပါ့မယ်။ အဟန့်အတားတွေကို ဖယ်ရှားဖို့အတွက် အရှင်မင်းကြီးရဲ့ လက်အောက်ငယ်သားတွေကို ကူခိုင်းထားလိုက်ပါ။”
ရှောင်းယီက ချက်ချင်း တုံ့ပြန်လိုက်သည်။
“အုတ်မြစ်ကျောက် လွှဲပြောင်းမှုတွေကိုတော့ နောက်မှ လုပ်တာပေါ့။”
“နားလည်ပြီ။”
လူပုဘုရင်က ညည်းတွားလိုက်၏။
“ငါ ဒီကနေ သူတို့ကို ဘယ်လိုသွားပြောရမလဲ။ ငါလည်း လိုက်ခဲ့မယ်။ ဒီကနေ ဆက်သွယ်ဖို့က အရမ်းဝေးလွန်းတယ်။”
“ဒါဆိုရင်တော့ ကျွန်တော်မျိုးနဲ့အတူ ပြန်လိုက်ခဲ့ဖို့ အရှင်မင်းကြီး ဒုက္ခပေးရတော့မှာပဲ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
ထို့နောက် ရှောင်းယီနှင့် လူပုဘုရင်တို့သည် လူပုများ ဝယ်ယူထားသော ကျွန်းဆီသို့ တိုက်ရိုက် တည်နေရာကူးပြောင်းခဲ့ကြ၏။ လူပုဘုရင်သည် မြေပုံတိုင်းတာရေးကိရိယာဖြင့် ဆွဲထားသော ကျွန်းမြေပုံတစ်ခုကို ၎င်းတို့ရှေ့တွင် ချက်ချင်း ဖြန့်ခင်းလိုက်လေသည်။
ကျွန်းမြေပုံကို ကြည့်ရင်း ရှောင်းယီက မေးခွန်းတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။
“အရှင်မင်းကြီး အရှင်တို့ ကျွန်းပေါ်က အုတ်မြစ်ကျောက်တွေ ပျောက်သွားတာမျိုး ရှိဖူးလား။”
“အုတ်မြစ်ကျောက်တွေ ပျောက်တာလား။”
လူပုဘုရင်သည် ကြောင်အသွားခဲ့ပြီး ရှောင်းယီ ဘာကိုဆိုလိုမှန်း မသိသဖြင့် ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
ထိုအခါ ရှောင်းယီက ရှင်းပြလိုက်လေသည်။
“ကျွန်တော်မျိုး ဆိုလိုတာက ပြီးခဲ့တဲ့ အပတ်စဉ်ပိတ်ရက်၊ လွန်ခဲ့တဲ့ သုံးရက်က အရှင်မင်းကြီးတို့ ကျွန်းဧရိယာ တစ်စတုရန်းမီတာလောက် လျော့သွားတာမျိုး ရှိလားလို့ပါ။”
“မရှိပါဘူး။”
လူပုဘုရင်က ပြန်ဖြေလိုက်သည်။
“ငါတို့မှာ ကျွန်းကမ်းခြေတစ်လျှောက် အစောင့်တွေ ရှိတယ်။ တစ်စတုရန်းမီတာ ပျောက်သွားရင်တောင် ငါတို့ သိမှာပဲ။”
လူပုကျွန်းသည် လေးထောင့်ပုံစံ အတိအကျဖြစ်သောကြောင့် တစ်စတုရန်းမီတာ လျော့သွားပါက သိသိသာသာ မြင်နိုင်ပေသည်။
“ဒါဆိုရင် အသက်ရှင်ကျန်ရစ်သူတွေ မရှိတဲ့ကျွန်းဆိုရင် အပတ်စဉ်ပိတ်ရက်တွေမှာ ပင်လယ်ရေကြောင့် အုတ်မြစ်ကျောက်တွေ တိုက်စားခံရတာမျိုး မရှိဘူးပေါ့။”
ရှောင်းယီက ရေရွတ်လိုက်၏။
“အဲ့လိုပဲ ဖြစ်ရမယ်။”
သူ တိုက်သစ်ကြီးပေါ်တွင် တွေ့ရှိခဲ့ရသော အသက်ရှင်ကျန်ရစ်သူများ မရှိတော့သည့် ထူးဆန်းသော ကျွန်းသည်လည်း ဤအချက်ကို သက်သေပြနေခဲ့လေသည်။ အကယ်၍ အသက်ရှင်ကျန်ရစ်သူ မရှိသော်လည်း ပင်လယ်ရေက အုတ်မြစ်ကျောက်ကို တိုက်စားနေမည်ဆိုပါက ထိုထူးဆန်းသောကျွန်းသည် တိုက်သစ်ကြီးနှင့် တင်းတင်းကျပ်ကျပ် ဆက်နေမည့်အစား ပျောက်ကွယ်သွားခဲ့သည်မှာ ကြာလောက်ပေပြီ။
လူပုဘုရင်က နားမလည်နိုင်စွာ မေးလိုက်၏။
“ကျွန်းတွေက သူ့အလိုလို ကျုံ့သွားတတ်တယ်လို့ ပြောချင်တာလား။”
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်ပြီး အပတ်တိုင်း ပင်လယ်ရေက အုတ်မြစ်ကျောက် တစ်ခုစီ တိုက်စားသွားသည့် စည်းကမ်းအကြောင်းကို လူပုဘုရင်အား ရှင်းပြလိုက်လေသည်။
ထိုအခါ လူပုဘုရင်က အံ့သြတကြီး ပြောလိုက်၏။
“တကယ်ကြီး အဲ့ဒီလို စည်းမျဉ်း ရှိတာလား။ ဒါဆိုရင် အပတ်တိုင်းရဲ့ နောက်ဆုံးနေ့မှာ ကိုယ့်ကျွန်းပေါ်မှာ ရှိမနေရုံပဲပေါ့။”
ရှောင်းယီသည် ခေတ္တမျှ မှင်တက်သွားပြီးနောက် ခေါင်းငြိမ့်လိုက်၏။
“အဲ့ဒါကတော့ ဟုတ်သလိုလိုပါပဲ။ ဒါပေမဲ့ ကျွန်တော်မျိုးတို့ ကျွန်းပေါ်မှာမရှိရင် ဒေသခံတွေက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်သွားနိုင်တယ်လေ။ အုတ်မြစ်ကျောက် အနည်းငယ်လေးအတွက်နဲ့တော့ ကျွန်းတစ်ခုလုံးကို ဘယ်သူမှ စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ကျွန်တော်မျိုး ထင်ပါတယ်။”
ထိုအခါ လူပုဘုရင်က ရယ်မောရင်း ပြောလိုက်သည်။
“မင်းတို့ရဲ့ စည်းမျဉ်းတွေက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။”
ရှောင်းယီက ခေါင်းခါယမ်းလိုက်၏။
“အဲ့ဒီလောက် စိတ်မဝင်စားဖို့ကောင်းရင် ပိုကောင်းမယ်။”
ထို့နောက် သူတို့နှစ်ဦးစလုံး ရယ်မောလိုက်ကြပြီး ရှေ့ရှိ မြေပုံပေါ်သို့ ပြန်လည်အာရုံစိုက်လိုက်ကြလေသည်။
“ကျွန်းပတ်လမ်းတစ်ခုတည်း ဖောက်တာက သိပ်ပြီး မထိရောက်ဘူးလို့ ထင်တယ်။ ကျွန်တော်မျိုးတို့ ကျွန်းမှာလိုပဲ... ကျွန်းပတ်လမ်းအပြင် အလျားလိုက် တစ်လမ်း၊ ဒေါင်လိုက် တစ်လမ်းထပ်ဖောက်ဖို့ ကျွန်တော်မျိုး အကြံပြုချင်ပါတယ်။ ဒါဆိုရင် အရှင်တို့ လူပုတွေ သွားလာရတာ ပိုလွယ်ကူသွားပါလိမ့်မယ်။”
ရှောင်းယီက အကြံပေးလိုက်သည်။
အခန်း ၇၉၈ - ရထားလမ်းဖောက်လုပ်ခြင်းနှင့် ကျွန်းအုတ်မြစ် တိုက်စားခြင်းနိယာမ
စကားပြောရင်းဖြင့် ရှောင်းယီသည် မြေပုံပေါ်တွင် လက်ဟန်ခြေဟန်ဖြင့် ပြသလိုက်၏။ တော်ဝင်မြို့တော်ကို ဖြတ်သန်းသွားသော အလွန်ကျယ်ဝန်းသည့် လမ်းမကြီးနှစ်ခုရှိရာ ထိုလမ်းများ၏ အစိတ်အပိုင်းတစ်ခုကို ရထားလမ်းဖောက်လုပ်ရန် သတ်မှတ်ပေးရုံဖြင့် ဖြစ်နိုင်ကြောင်း သူက ထောက်ပြလိုက်သည်။
“ဒါပေမဲ့ ဒါက ပြဿနာတစ်ခုတော့ ရှိလာလိမ့်မယ်။ အဲ့ဒါက ရထားသံတွေက မြို့သူမြို့သားတွေရဲ့ အနားယူမှုကို အနှောင့်အယှက် ဖြစ်စေနိုင်တာပဲ။”
ရှောင်းယီသည် ထိုသို့လုပ်ဆောင်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးကို လူပုဘုရင်အား ပြောပြလိုက်၏။
လူပုဘုရင်သည် မြေပုံကိုကြည့်ကာ အနည်းငယ် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
“မင်းပြောတဲ့အတိုင်းပဲ ဖောက်ကြတာပေါ့။ မြို့ထဲက ရထားလမ်းကိုတော့ အချိန်ဇယားနဲ့ ပြေးဆွဲခိုင်းလို့ ရတယ်။”
“ဒါက တကယ်ကောင်းတဲ့ အကြံပဲ။”
ရှောင်းယီက လက်မထောင်ပြကာ ချီးကျူးလိုက်၏။
“ဒီရထားလမ်းတွေက စုစုပေါင်း ကီလိုမီတာ ၆၀ နီးပါး ရှိမယ်။ အတွဲဆယ်တွဲပါတဲ့ ရထားလေးစင်းနဲ့ဆိုရင် စုစုပေါင်း အုတ်မြစါကျောက်တစ်သန်း ကျသင့်မှာပေါ့။”
လူပုဘုရင်က ဆိုသည်။
“အဲ့ဒါ အဆင်ပြေရဲ့လား။”
“လုံးဝ ပြဿနာမရှိပါဘူး။ ဒါဆိုရင် ဒီစီမံကိန်းအတိုင်းပဲ ကျွန်တော်မျိုး တည်ဆောက်ပေးပါ့မယ်။ အချို့နေရာတွေမှာ အဟန့်အတားတွေ ရှိနေသေးတယ်။”
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏မြေပုံကို ချဲ့ကြည့်ပြီးနောက် ပြောလိုက်သည်။
“အဲ့ဒါလား... ငါ လူတွေလွှတ်ပြီး အမြန်ရှင်းခိုင်းလိုက်မယ်။”
ထို့နောက် လူပုဘုရင်သည် အပြင်ရှိ အစောင့်များကို ခေါ်ကာ မြေပုံပေါ်ရှိ နေရာအချို့ကို ညွှန်ပြလျက် အမိန့်ပေးလိုက်သည်။
“ဒီနေရာတွေမှာရှိတဲ့ အပျက်အစီးတွေကို အမြန်ဆုံး ရှင်းလင်းလိုက်ကြစမ်း။”
“ဟုတ်ကဲ့။”
အစောင့်များ ချက်ချင်း ထွက်သွားခဲ့ကြသည်။
ထို့နောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ပင်မကျွန်းရှိ ရထားသံလမ်းနှင့် ရထားများ ထုတ်လုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းများကို လဲလှယ်ရယူလိုက်လေသည်။
“ရထား စတင်ပြေးဆွဲပြီဆိုရင် ဘေးကင်းလုံခြုံရေးကိုလည်း အထူးဂရုစိုက်ရမယ်။ ရထားလမ်းကို ခြံစည်းရိုးခတ်ထားတာ အကောင်းဆုံးပဲ။”
ရှောင်းယီက စနစ်ကို အသုံးပြုနေရင်း အကြံပြုလိုက်၏။ လူပုဘုရင်က ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်ပြီ မင်း အကြံပေးတဲ့အတိုင်း ငါ လုပ်လိုက်မယ်။”
မကြာမီ ရှောင်းယီသည် ရှင်းလင်းရန်လိုအပ်သော နေရာအားလုံး ပြီးစီးသွားပြီဖြစ်ကြောင်း တွေ့ရှိလိုပါရသဖြင့် ဆောက်လုပ်ရေးကို ချက်ချင်းပင် စတင်လိုက်တော့သည်။ ကုန်ကြမ်းများသာ လုံလောက်ပါက ဤအရာများကို တည်ဆောက်ခြင်းမှာ ခဏချင်းပြီးစီးသွားမည့်ကိစ္စသာဖြစ်ပေသည်။
သိပ်မကြာခင်မှာပင် ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးသွားခဲ့ပြီး လူပုဘုရင်၏ တောင်းဆိုချက်အရ ဘူတာရုံ အဆောက်အဦး ဆယ်ခုကျော်ကိုလည်း တည်ဆောက်ပေးလိုက်၏။
“ကောင်းပြီ။ တိကျတဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ သတိထားရမယ့် အချက်တွေကိုတော့ အန်းယွဲ့တို့ဆီမှာ သွားသင်ယူဖို့ လူတွေ စီစဉ်လိုက်ပါ။ သူတို့က လုပ်ငန်းလည်ပတ်နေတာ ကြာပြီဆိုတော့ အရှင်မင်းကြီးတို့ထက် အတွေ့အကြုံ ပိုရှိတယ်လေ။”
ရှောင်းယီက ပြုံးကာ ဆိုလိုက်သည်။ လူပုဘုရင်က ခေါင်းငြိမ့်လိုက်၏။
“ဒါကတော့ သေချာပေါက်ပဲပေါ့။ ငါ လူတွေ စီစဉ်ထားပြီးသားပါ။ သူတို့ကို တစ်ခါတည်း ခေါ်သွားလိုက်မယ်။”
လူပုဘုရင်သည် အမှန်တကယ်ပင် လူပေါင်း တစ်ရာကျော်ကို ရွေးချယ်ကာ တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် ရှောင်းယီ၏ ကျွန်းသို့ ခေါ်ဆောင်လာခဲ့သည်။
မဟာမိတ်နယ်မြေသို့ ပြန်ရောက်သောအခါ ရှောင်းယီသည် ချက်ချင်းပင် ဖုန်းထုတ်ကာ အန်းယွဲ့ထံသို့ ဆက်သွယ်လိုက်၏။
“ဦးလေးအန်း လူပုနိုင်ငံက လူတစ်စု ရထားလမ်းနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ၊ အတွေ့အကြုံတွေကို သင်ယူဖို့ ရောက်နေတယ်။ သူတို့ကို လိုက်ပြပေးမယ့်သူ တစ်ယောက်လောက် စီစဉ်ပေးလိုက်ပါဦး။”
ရှောင်းယီက အကျဉ်းချုပ် ရှင်းပြလိုက်သည်။
“ကောင်းပြီ ရထားလမ်းနဲ့ ပတ်သက်တဲ့ ဝန်ထမ်းတွေကို ဒီကိစ္စ ကိုင်တွယ်ခိုင်းလိုက်မယ်။ သူတို့ အခု ဘယ်မှာလဲ။ ငါ လူလွှတ်ပြီး သွားကြိုခိုင်းလိုက်မယ်။”
“ကျုပ်တို့ တည်နေရာကူးပြောင်းခြင်းအစီအရင် နားမှာပဲ ရှိနေသေးတယ်။”
ရှောင်းယီက ထိုသို့ပြန်ပြောပြီးနောက် ဖုန်းချလိုက်သည်။
လူပုဘုရင်သည် ရှောင်းယီ အသုံးပြုနေသော ဖုန်းကိုကြည့်ကာ အားကျသလိုဖြင့် ပြောလာခဲ့၏။
“မင်းတို့ရဲ့ ဆက်သွယ်ရေးကိရိယာက တကယ်အဆင်ပြေတာပဲ။”
“တကယ်ကို အရမ်းအဆင်ပြေတယ်။ ဒါပေမဲ့ ဒါက လောလောဆယ် ကျွန်တော်မျိုးတို့ရဲ့ အခြေစိုက်စခန်းတွေက မဟာမိတ်ကျွန်း ကိုးကျွန်း ပတ်ဝန်းကျင်ကိုပဲ လွှမ်းခြုံနိုင်တာပါ။ အဲ့ဒီအပြင်ဘက်ရောက်သွားရင်တော့ လိုင်းမမိတော့ဘူး။”
ရှောင်းယီက အားမလိုအားမရ ပြောလိုက်သည်။
လူပုဘုရင်သည် ခေါင်းငြိမ့်ရုံသာ ပြုပြီး ဘာမှပြန်မပြောသော်လည်း တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေပုံရ၏။
ပညာသင်လာသော လူပုများကို စီစဉ်ပေးပြီးနောက် ရှောင်းယီသည်လည်း ခွင့်တောင်းကာ ထွက်လာခဲ့လိုက်သည်။ သူသည် ဧည့်သည်ကိုပဲ အမြဲ အဖော်မလုပ်နိုင်ပေ။ သူ့တွင် တခြားလုပ်စရာများလည်း ရှိနေပါသေးသည်။
လူပုဘုရင်က လက်ယမ်းပြလိုက်၏။
“သွားပါ။ မင်း အလုပ်တွေကိုသာ သွားလုပ်။ ငါ မင်းကို လိုအပ်ရင် လူလွှတ်ပြီး အကြောင်းကြားခိုင်းလိုက်မယ်။”
“ကောင်းပါပြီ။ ကျွန်းပေါ်မှာ ကင်းလှည့်နေတဲ့ စစ်သားတစ်ယောက်ယောက်ကို ပြောလိုက်ရင်လည်း ရပါတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
လူပုဘုရင်က ခေါင်းငြိမ့်ပြပြီး အပန်းဖြေစခန်းဆီသို့ လျှောက်သွားတော့လေသည်။ ရှောင်းယီ၏ကျွန်းရှိ အခြားနေရာများသည်လည်း ထူးခြားသော်လည်း လူပုဘုရင်ကို အဆွဲဆောင်နိုင်ဆုံးမှာ အရာရာ ဆန်းသစ်နေသည့် အပန်းဖြေစခန်းပင်ဖြစ်သည်။
လွန်ခဲ့သည့်အကြိမ်က အော်ကုအင်ပါယာနှင့် ချင်းကျူးအင်ပါယာတို့၏ ပူးပေါင်းတပ်ကို တွန်းလှန်နိုင်ခဲ့ပြီးကတည်းက ရှောင်းယီသည် အခြားတိုက်ခိုက်မှုမျိုးနှင့် မကြုံတွေ့ရသလောက်ဖြစ်ရာ ငြိမ်းချမ်းသော ကာလတစ်ခုဟုပင် ဆိုနိုင်၏။
သို့သော် အခြား အသက်ရှင်ကျန်ရစ်သူများ၏ မဟာမိတ်အဖွဲ့များမှာမူ ထိုမျှ ကံမကောင်းကြပေ။ ပြည်တွင်းမှ ဒေသခံများ၏ ပုန်ကန်မှုနှင့် ပြည်ပမှ ဒေသခံများ၏ တိုက်ခိုက်မှုများကြောင့် ယီထျန်းဂရုသည် တစ်ခါတစ်ရံတွင် ညည်းညူသံများဖြင့် ပြည့်နှက်နေတတ်သည်။
“ချီးဘဲကွာ... နည်းနည်းလောက်တောင် အေးအေးဆေးဆေး မနေရဘူးလား။ မနေ့ကမှ ပုန်ကန်မှုကို နှိမ်နင်းထားရတာကို။ ဒီနေ့ ဒေသခံတွေက လာတိုက်ပြန်ပြီ။ သူတို့က အခွင့်ကောင်းကို စောင့်နေကြတာပဲ။”
“အပေါ်ကလူက ရပ်ပါ(Rapper) လား။ ညည်းတွားတာတောင် ကာရန်မိနေသေးတယ်။”
“အခွင့်ကောင်းကို စောင့်နေတာ မဟုတ်ပါဘူး။ သူတို့သာ အခွင့်ကောင်းစောင့်မယ်ဆိုရင် မနေ့ကတည်းက လာတိုက်မှာပေါ့။”
“ဒါကြီးက အရမ်းရက်စက်ရာ ကျမနေဘူးလား။ မနေ့ကသာ လာတိုက်ရင် အတွင်းရော၊ အပြင်ရော ဆိုတော့ ဘယ်သူက ခုခံနိုင်မှာလဲ။”
“မခံနိုင်ရင်လည်း အောင့်ခံရမှာပဲ။ မဟုတ်ရင် ဘာလုပ်ရမှာလဲ။ လက်နက်ချမလို့လား။”
“လက်နက်ချတာကလည်း အသက်ရှင်ဖို့ နည်းလမ်းတစ်ခုပါပဲ။ ပြန်မတိုက်သရွေ့ ဒေသခံတွေက မင်းကို သတ်မှာမဟုတ်ဘူး။ ငါတို့ ‘အသက်ရှင်ကျန်ရစ်သူ’ ဆိုတဲ့ အဆင့်အတန်းက အသုံးဝင်နေတုန်းပဲ။”
“ငါတို့ အသက်ရှင်ကျန်ရစ်သူ အဆင့်အတန်းအကြောင်း ပြောရင်းနဲ့...အုတ်မြစ်ကျောက်တွေ ပင်လယ်ရေတိုက်စားတာကို ရှောင်နိုင်တဲ့ နည်းလမ်းတစ်ခုကို ငါ ရုတ်တရက် တွေ့သွားခဲ့တယ်။”
“ဘာနည်းလမ်းလဲ။ ပြောပါဦး။”
“အဲ့ဒါကတော့ အပတ်စဉ် နောက်ဆုံးနေ့ မတိုင်ခင်မှာ မင်းတို့ကျွန်းပေါ်က အသက်ရှင်ကျန်ရစ်သူတွေ အားလုံးကို အပြင်လွှတ်ထားလိုက်ဖို့ပဲ။ စည်းကမ်းချက်တွေက ကျွန်းပေါ်မှာ အသက်ရှင်ကျန်ရစ်သူ ဘယ်နှစ်ယောက် ရှိလဲဆိုတာကိုပဲ ကြည့်ပြီး တိုက်စားတာလေ။”
“ဒါက တကယ်ကော အလုပ်ဖြစ်လို့လား။”
“ဖြစ်တာပေါ့ ပြီးခဲ့တဲ့အပတ်က တိုက်သစ်ကြီးကို စူးစမ်းဖို့သွားတဲ့ ငါတို့အဖွဲ့တွေ ပြန်မရောက်သေးဘူးလေ။ ငါတို့ကျွန်းပေါ်မှာ တိုက်စားခံရတဲ့ အုတ်မြစ်ကျောက်အရေအတွက်က ကျွန်းပေါ်မှာ ကျန်ခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူ အရေအတွက်အတိုင်းပဲ တွက်ထားတာ။”
“ကြည့်ရတာတော့ စိတ်ကူးကောင်းပဲ။”
“စိတ်ကူးကတော့ ကောင်းပါတယ်။ ဒါပေမဲ့ သတိတော့ ထားရမယ်။ အကယ်၍ မနေ့ကလိုမျိုး ဒေသခံတွေ ပုန်ကန်တာနဲ့ ကြုံရင် ကျွန်းပေါ်မှာ အသက်ရှင်ကျန်ရစ်သူ နည်းနေတော့ ခုခံနိုင်မှာ မဟုတ်ဘူး။ ကျွန်းတစ်ခုလုံးကို ဒေသခံတွေလက်ထဲ ထိုးအပ်လိုက်သလို ဖြစ်သွားလိမ့်မယ်။”
“ဒါလည်း ဟုတ်တာပဲ။ ဒေသခံတွေ ပုန်ကန်မှာမဟုတ်ဘူးလို့ သေချာမှပဲ လုပ်သင့်တယ်။ မဟုတ်ရင် အုတ်မြစ်ကျောက် တစ်ခုနှစ်ခု သက်သာဖို့အတွက်နဲ့ ကျွန်းတစ်ခုလုံးကို အဆုံးရှုံးမခံနိုင်ဘူး။”
လူတိုင်း၏ စကားဝိုင်းကို ကြည့်ပြီး ရှောင်းယီသည် အန်းယွဲ့ထံ ထပ်မံ ဖုန်းဆက်လိုက်၏။
“ဦးလေးအန်း ပြီးခဲ့တဲ့ အပတ်စဉ်ပိတ်ရက်က တခြားမြို့တွေ ဒါမှမဟုတ် ကျွန်းတွေမှာ အုတ်မြစ်ကျောက်တိုက်စားခံရတဲ့ အခြေအနေကို စုံစမ်းကြည့်မိသေးလား။”
“အာ... ငါ့မှတ်ဉာဏ်ကတော့။ အဲ့ဒီတုန်းက စုံစမ်းတာတွေ ပြီးသွားပါပြီ။ မင်းက သမန်းဝံပုလွေမျိုးနွယ်စုနဲ့ ကုန်သွယ်တာတွေ၊ နောက်ပြီး အဲ့ဒီ ထူးဆန်းတဲ့ကျွန်းကို တွေ့တာတွေနဲ့ ရှုပ်နေတော့ ငါလည်း ပြောဖို့ မေ့သွားတာ။”
အန်းယွဲ့က သူ၏နဖူးကို ပုတ်ရင်း ပြောလိုက်သည်။
“ရပါတယ်၊ ရလဒ်က ဘယ်လိုလဲ။”
ရှောင်းယီက မေးလိုက်သည်။
“အကျဉ်းချုပ်ပြောရရင်တော့ နောက်ဆုံးနေ့မှာ ကျွန်းပေါ်မှာရှိတဲ့ အသက်ရှင်ကျန်ရစ်သူ အရေအတွက်က ပင်လယ်ရေ တိုက်စားမယ့် အုတ်မြစ်ကျောက်အရေအတွက်နဲ့ တိုက်ရိုက်ပတ်သက်နေတယ်။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
“အသေးစိတ် အချက်အလက်တွေကို ငါ အစီရင်ခံစာ ရေးထားပြီးပြီ။ ခဏနေရင် လူလွှတ်ပြီး ပို့ခိုင်းလိုက်မယ်။”
“ကောင်းပါပြီ။”
ရှောင်းယီ ဖုန်းချလိုက်ပြီး သူ့ဘာသာ ရေရွတ်လိုက်၏။
“နောက်ပိတ်ရက်တွေကျရင် လူတိုင်းကို ပင်လယ်ထဲ လိုက်ကစားခိုင်းရမလားတောင် မသိဘူး။”
အုတ်မြစ်ကျောက် တစ်ထောင်ကျော်ဆိုသည်မှာ ရှောင်းယီအတွက် များပြားသော အရေအတွက် မဟုတ်သော်လည်း ချွေတာနိုင်လျှင်တော့ အကောင်းဆုံးပင်။ ချွေတာခြင်းသည် ရှားနိုင်ငံ၏ ရိုးရာဓလေ့တစ်ခု မဟုတ်ပါလား။