အခန်း (၇၉၉-၈၀၀)
Vol. 63 Ch. 799-800
အခန်း ၇၉၉ - မာတင်မှ တိုက်သစ်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိခြင်းနှင့် ပွင့်ထွက်လာသော တိုက်သစ်များ
ရှောင်းယီ ဤမေးခွန်းကို စဉ်းစားနေစဉ်မှာပင် တစ်စုံတစ်ယောက်က သီးသန့်ချန်နယ်မှတစ်ဆင့် သူ့ထံသို့ မက်ဆေ့ခ်ျ ပို့လာ၏။ ရှောင်းယီ ဖွင့်ကြည့်လိုက်ရာ သူ့ထံမှ အကူအညီ ရယူခဲ့ဖူးသော မာတင်ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
“သူဌေး... ကျုပ် တိုက်သစ်တစ်ခုကို ရှာတွေ့ထားပုံပဲ။”
မာတင်က အနည်းငယ် မရေရာဖြစ်နေသော လေသံဖြင့် ဆိုထားသည်။
“တိုက်သစ် ဟုတ်လား။”
ရှောင်းယီ အာမေဍိတ်သံဖြင့် ပြောလိုက်၏။
“မြန်မြန်ပြောစမ်းပါဦး။”
အသစ်တွေ့ရှိသော တိုက်သစ်တိုင်းသည် အုတ်မြစ်ကျောက် အမြောက်အမြား ရှိနေသည်ဟု ဆိုလိုခြင်းဲစ်ရာ ရှောင်းယီအနေဖြင့် အလေးအနက်ထားရမည်ဖြစ်သည်။
ရှောင်းယီ၏ အကာအကွယ်ပေးမှုကြောင့် မာတင်၏ မဟာမိတ်အဖွဲ့သည် အာဖရိကတိုက် နယ်မြေတစ်ခုလုံးတွင် နံပါတ်တစ် ဖြစ်နေပြီး အနီးနားရှိ မဟာမိတ်အဖွဲ့အားလုံးထံမှ သတင်းအချက်အလက်များကို ရရှိထားခဲ့သည်။
“သူဌေးက တိုက်သစ်တစ်ခုကို တွေ့ခဲ့တာကြောင့် ကျုပ်လည်း ဒေသခံတွေကို အပြင်ဘက်ကို စူးစမ်းခိုင်းထားခဲ့တယ်။ ဦးတည်ချက်ကျောက်တွေကို သုံးပြီး သူတို့ရဲ့ မူလမျိုးနွယ်စုတွေဆီ ပြန်ပို့ပြီး ပတ်ဝန်းကျင်ကို ထပ်ရှာခိုင်းလိုက်တာပါ။ အခုလေးတင် ဒေသခံတစ်ယောက်က အဆုံးမရှိတဲ့ ကျွန်းကြီးတစ်ကျွန်းကို တွေ့တယ်လို့ သတင်းပို့လာခဲ့ပါတယ်။”
မာတင်က အမှန်အတိုင်း ပြောပြလိုက်သည်။ ရှောင်းယီ ခေါင်းငြိမ့်လိုက်၏။
“ကုန်းပေါ်တက်ပြီး စုံစမ်းပြီးပြီလား။”
“မလုပ်ရသေးပါဘူး။ သူဌေးဆီ အရင်ဆုံး သတင်းပို့တာပါ။ သူဌေး အတူတူ စူးစမ်းချင်မလားလို့ သိချင်လို့ပါ။”
မာတင်က ပြန်ဖြေလာခဲ့သည်။
“သေချာတာပေါ့။ မင်းတွေ့တဲ့ တိုက်သစ်ဆီကို တည်နေရာကူးပြောင်းခွင့်ကို ငါ ဝယ်လို့ရမလား။”
ရှောင်းယီက ပြန်မေးလိုက်သည်။ ထိုအခါ မာတင်က ချက်ချင်း ပြောလိုက်၏။
“သူဌေး... ဘာတွေပြောနေတာလဲ။ ကျုပ်တို့ အသက်ရှင်နေရတာ၊ အာဖရိက နယ်မြေက လူအားလုံး အသက်ရှင်နေရတာက သူဌေးရဲ့ ထောက်ပံ့မှုကြောင့်ပါ။ ကျုပ်တို့ ရှာတွေ့သမျှ အရာအားလုံးက သူဌေးရဲ့ ကျေးဇူးတွေပါပဲ။”
“မင်းကတော့ ချဲ့ကားပြောနေပါပြီ။ ရလဒ်အများစုက မင်းတို့ရဲ့ ကြိုးစားမှုကြောင့်ပါ။”
ရှောင်းယီက လက်ကာကာ ပြောလိုက်သည်။
“မဟုတ်တာ ကျုပ် ချဲ့ကားပြောနေတာ မဟုတ်ပါဘူး။”
မာတင်က လေးလေးနက်နက် ပြောလိုက်၏။
“ဒါ့အပြင် ကျုပ်တို့ တိုက်သစ်ကြီးတစ်ခု ရှာတွေ့ခဲ့ရင်တောင် ကောင်းကောင်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ သူဌေးနောက်ကို လိုက်မှသာ ပိုပြီးကြီးမားတဲ့ ဆုလာဘ်တွေကို ရရှိနိုင်မှာပါ။”
ရှောင်းယီ ခေါင်းငြိမ့်လိုက်သည်။
“ကောင်းပြီ မင်းက ဒီလို ပြောနေမှတော့ ငါလည်း အားမနာတော့ဘူး။ နောင်တစ်ချိန်မှာ မင်းရဲ့ မဟာမိတ်အဖွဲ့ အကြပ်အတည်းနဲ့ ကြုံလာခဲ့ရင် ငါ သုံးကြိမ်တိုင်တိုင် စစ်ကူလွှတ်ပြီး ကူညီပေးမယ်။”
“သူဌေးကို ကျေးဇူးအများကြီး တင်ပါတယ်။”
မာတင်က ပျော်ရွှင်စွာ ပြောလိုက်သည်။
မာတင်သည် ရှေးဦးကတည်းက ရှောင်းယီနှင့် ကုန်သွယ်မှု လုပ်ခဲ့သူဖြစ်ပြီး သူတို့၏ အဆက်အသွယ်မှာ အမြဲမပြတ် ရှိနေခဲ့သည်။ ရှောင်းယီက သူ့ကျွန်းရှိ အပန်းဖြေစခန်းကို နိုင်ငံခြားသားများအတွက် ဖွင့်ပေးပြီးနောက် မာတင်သည်လည်း ပထမဆုံး ရောက်ရှိလာသူများထဲတွင် ပါဝင်ခဲ့ပေသည်။ ရှောင်းယီကျွန်း၏ စည်ကားမှုကို ကိုယ်တိုင်မြင်တွေ့ပြီးနောက် မာတင်သည် ရှောင်းယီနောက်သို့ လိုက်ပါရန် ပို၍ပင် စိတ်ပိုင်းဖြတ်ထားခြင်း ဖြစ်သည်။
“ခဏနေရင် ငါ မင်းဆီကို ၁ နာရီသုံး မြို့ပြန်ကျောက်တချို့ကို ငှားပေးမယ်။ မင်းတွေ့ထားတဲ့ တိုက်သစ် ရဲ့တည်နေရာမှာ အဲ့ဒါတွေကို သတ်မှတ်ပေးလိုက်ပါ။ ငါကိုယ်တိုင် လာပြီး ယီရန်ပင်း မဟာမိတ် တည်နေရာကူးပြောင်းအမှတ်တစ်ခု လာတည်ဆောက်မယ်။”
ရှောင်းယီက စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ဟုတ်ကဲ့။ ကျုပ် အဲ့ဒီမှာ သူဌေးကို စောင့်နေပါ့မယ်။”
မာတင်က ချက်ချင်း ပြန်ဖြေလာခဲ့သည်။
ဖုန်းချပြီးနောက် ရှောင်းယီသည် ချက်ချင်းပင် လဲလှယ်မှု ကမ်းလှမ်းချက် တစ်ခုကို တင်သွင်းလိုက်လေသည်။
“【မြို့ပြန်ကျောက်】 ၁ နာရီအသုံးပြုခွင့် ၁၀ အခမဲ့ လဲလှယ်မည်။”
မာတင်သည် ၎င်းကို ချက်ချင်း လက်ခံလိုက်ပြီး မြို့ပြန်ကျောက် ၁၀ ခုလုံးကို သူ၏ ရွက်လှေပေါ်တွင် တည်နေရာ သတ်မှတ်ကာ ရှောင်းယီထံ ချက်ချင်း ပြန်ပို့ပေးလိုက်၏။
ရှောင်းယီသည် မြို့ပြန်ကျောက် ၁၀ ခုကို ရရှိပြီး ကျန်းယွင်ထျန်းထံသို့ ဖုန်းဆက်ရန် ပြင်နေစဉ်မှာပင် ဆုဝမ်ထံမှ ဖုန်းဝင်လာခဲ့သည်။
“ကျွန်းပိုင်ရှင်... အများသုံးချန်နယ်ပေါ်က နိုင်ငံခြားသား အသက်ရှင်ကျန်ရစ်သူ တော်တော်များများကလည်း တိုက်သစ်တွေကို ရှာတွေ့နေကြပါပြီတဲ့။”
ဆုဝမ်က ဖုန်းကိုင်သည်နှင့် ပြောလိုက်၏။ ရှောင်းယီ မှင်တက်သွားခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ။ နေရာတိုင်းမှာ တိုက်သစ်တွေ ပေါ်လာနေတာလား။”
ဆုဝမ်သည်လည်း အံ့အားသင့်နေခဲ့လေသည်။
“အများသုံးချန်နယ်ပေါ်က စကားတွေအရဆိုရင် မတူညီတဲ့ နိုင်ငံတွေက အသက်ရှင်ကျန်ရစ်သူ အနည်းဆုံး ၃ ယောက်လောက်က တိုက်သစ်တွေကို ရှာတွေ့ထားတယ်လို့ ပြောနေကြတယ်။ သူတို့ပြောပုံအရဆိုရင် သူတို့ သိထားတာ တော်တော်ကြာနေပြီ ထင်တယ်။”
ရှောင်းယီ ခေါင်းညိတ်ပြကာ အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။
“သူတို့ကို သီးသန့် ဆက်သွယ်ကြည့်လိုက်ပါ။ ငါတို့ ယီရန်ပင်း မဟာမိတ်အဖွဲ့နဲ့ သူတို့ရှာတွေ့ထားတဲ့ တိုက်သစ်တွေကို အတူတူ စူးစမ်းချင်သလားဆိုတာ မေးကြည့်လိုက်။”
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”
ဆုဝမ်က ပြန်ဖြေပြီးနောက် ဖုန်းချလိုက်သည်။
အပြင်ဘက်ရှိ ဖြူလွှလွှ ကမ္ဘာကြီးကို ကြည့်ရင်း ရှောင်းယီ စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။
“ကြည့်ရတာ ဒီကမ္ဘာကြီးကတော့ တစ်ကျော့ပြန် ရှုပ်ထွေးတော့မယ် ထင်တယ်။”
တိုက်သစ်များ အများကြီး ပေါ်လာခြင်းသည် အသက်ရှင်ကျန်ရစ်သူများအကြား စူးစမ်းရှာဖွေမှု အရှိန်အဟုန်ကို မြင့်တက်စေမည်ဖြစ်ပြီး ထိုစူးစမ်းမှုများက တိုက်သစ်ပေါ်ရှိ အင်အားစုများနှင့် ပဋိပက္ခများကို မလွဲမသွေ ဖြစ်လာစေမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အုတ်မြစ်ကျောက်များ၊ ရတနာသေတ္တာများထဲမှ ပုံစံကွက်များနှင့် စာလိပ်များကို ရရှိနိုင်သည့် လမ်းကြောင်းများလည်း ပိုမိုများပြားလာတော့မည် ဖြစ်သည်။
ဤကမ္ဘာရှိ အရင်းအမြစ်မျိုးစုံသည် ချက်ချင်းဆိုသလို ပေါများလာတော့မည် ဖြစ်သည်။ ရှောင်းယီသည် သူ၏ခေါင်းကို ခါယမ်းကာ အများကြီး ဆက်မတွေးတော့ပေ။ အခြားသူများက ပူးပေါင်းစူးစမ်းချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ လောလောဆယ်တွင် သူ့ကို တိုက်သစ်တစ်ခု မျှဝေပေးလိုသူ တစ်ယောက်တော့ ရှိနေပြီဖြစ်သည်။
“ဝေ... အစ်ကိုကျန်း ပြင်ဆင်ထားလိုက်တော့။ ငါတို့ တခြားတိုက်သစ်ကြီး တစ်ခုပေါ်မှာ စူးစမ်းရှာဖွေရေးစခန်းတစ်ခု သွားတည်ဆောက်ကြမယ်။”
ရှောင်းယီက ကျန်းယွင်ထျန်းထံသို့ ဖုန်းဆက်ပြောလိုက်၏။ ကျန်းယွင်ထျန်း ကြောင််အသွားခဲ့သည်။
“ဘာကို ဆိုလိုတာလဲ။ တခြားတိုက်သစ်တွေ ရှိသေးတာလား။”
“ဟုတ်တယ်။ တစ်ခုတည်းတင် မဟုတ်ဘူး... အများကြီးပဲ။”
ရှောင်းယီက ဆိုသည်။
“ဘာ...”
ကျန်းယွင်ထျန်း အလွန်အံ့အားသင့်သွားခဲ့သည်။ ရှောင်းယီသည် မာတင်၏ ရှာဖွေတွေ့ရှိမှုနှင့် အများသုံးချန်နယ်မှ သတင်းများကို ရှင်းပြလိုက်ရာ ကျန်းယွင်ထျန်း မှင်တက်သွားတော့လေသည်။
“ဒါဆို တခြားတိုက်သစ်တွေလည်း ရှိနေသေးတာပေါ့။ ဒီကမ္ဘာကြီးက တကယ်ကို ကြီးမားတာပဲ။ ငါက ငါတို့တွေ့တဲ့ တစ်ခုပဲ ရှိတယ်လို့ ထင်နေတာ။”
ရှောင်းယီက ရယ်မောလိုက်၏။
“ဘယ်လိုလုပ် အဲ့ဒီလို ဖြစ်နိုင်မှာလဲ။ ဒီကမ္ဘာကြီးက ငါတို့ ထင်ထားတာထက် အများကြီး ပိုကြီးပါတယ်။ အခုချိန်က တိုက်သစ်တွေ ပေါ်လာဖို့ သင့်တော်တဲ့ အချိန်ဖြစ်လို့ ပေါ်လာတာလို့ ငါ သံသယရှိတယ်။”
“ဘာကို ဆိုလိုတာလဲ။”
ကျန်းယွင်ထျန်းက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“အခုချိန်က ကမ္ဘာ့စည်းမျဥ်းတွေက တိုက်သစ် စူးစမ်းရှာဖွေမှု အခန်းကဏ္ဍကို ဖွင့်ပေးမယ့်တဲ့ အချိန်ပဲ ဖြစ်ရမယ်။ ငါတို့က အဲ့ဒါကို အချိန်မတိုင်ခင် ကြိုပြီး ဖွင့်လိုက်မိတာ ဖြစ်နိုင်တယ်။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
ရှားနိုင်ငံ နယ်မြေအနီးတွင်သာ တိုက်သစ်ကို တွေ့ခဲ့ရစဉ်က ရှောင်းယီ ပဟေဠိဖြစ်ခဲ့ဖူး၏။ ကမ္ဘာ့စည်းမျဉ်းများက အကြောင်းပြချက်မရှိဘဲ ရှားနိုင်ငံကို မျက်နှာသာပေးစရာ အကြောင်းမရှိပေ။ သူသည် မတော်တဆ အချိန်စော၍ အဆိုပါ အခန်းကဏ္ဍကို ဖွင့်လိုက်မိခြင်းသာ ဖြစ်နိုင်သည်။
ယခုအခါ အခြားနိုင်ငံနယ်မြေများတွင်လည်း တိုက်သစ်များ တွေ့ရှိလာပြီဖြစ်ရာ အရာရာ ယုတ္တိရှိသွားခဲ့ချေပြီ။
အခြေအနေများက ယုတ္တိရှိသွားသော်လည်း ရှောင်းယီ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေမိ၏။ ဆုဝမ်၏ သတင်းပို့ချက်အရ တိုက်သစ်ရှာတွေ့သော အခြားအသက်ရှင်ကျန်ရစ်သူများသည် ရှားနိုင်ငံသားများနှင့် ပူးပေါင်းစူးစမ်းရန် ငြင်းဆန်ခဲ့ကြသောကြောင့်ပင်။
သူသည် ယခင်က သူရှာတွေ့ခဲ့သော တိုက်သစ်ကို သူတို့အား မျှဝေပေးခဲ့ဖူးသော်လည်း ယခုမူ ထိုသူများက သူ့ကို ငြင်းပယ်ဝံ့ကြသည်။
တကယ့်ကို ကျေးဇူးကန်းတဲ့ ဝံပုလွေတစ်အုပ်ပင်။
စိတ်ပျက်မိသွားသော်လည်း ရှောင်းယီအနေဖြင့် ဤရလဒ်ကို အစကတည်းက ခန့်မှန်းထားပြီးသား ဖြစ်ပေသည်။ အကယ်၍ သူသာ တိုက်သစ်တစ်ခုကို စတွေ့ချိန်တွင် အမြင့်ဆုံးအဆင့်မှာ မရှိခဲ့ပါက သူသည်လည်း အခြားသူများကို မျှဝေပေးမည်မဟုတ်ပေ။ မျှဝေပေးခြင်းသည် အဆင့်မြင့် ပြိုင်ဘက်များကို ဆွဲဆောင်ရာရောက်ပြီး မိမိ၏ အကျိုးအမြတ်ကို လျော့နည်းစေနိုင်သောကြောင့်ပင်။ ကိုယ်ကျိုးစီးပွားအတွက် ထိုသို့ရွေးချယ်ခြင်းမှာ နားလည်ပေးနိုင်သော်လည်း... မာတင်ကဲ့သို့ ကျေးဇူးသိတတ်သူမှာ အလွန်နည်းပါးလှပေသည်။
ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်သည်။
“ကျွန်းပိုင်ရှင်... ကျုပ်တို့ဘက်မှာ ပြင်ဆင်ပြီးပါပြီ။ စထွက်လို့ရပြီ။”
“ကောင်းပြီ ငါ့ကို စောင့်နေ။ ငါ စစ်စခန်းကို လာခဲ့မယ်။”
ထိုသို့ပြောပြီးနောက် ရှောင်းယီသည် ဗီလာမှထွက်ကာ ကားဖြင့် စစ်စခန်းသို့ မောင်းထွက်လာခဲ့၏။ စစ်စခန်းသို့ ရောက်သောအခါ ရှောင်းယီသည် မြို့ပြန်ကျောက်များကို ဝေပေးလိုက်ပြီး အားလုံး အတူတူ အသုံးပြုလိုက်ကြလေသည်။ အဖြူရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက် ရှောင်းယီနှင့် အခြားသူများသည် ရွက်လှေကြီးတစ်စီးပေါ်သို့ ရောက်ရှိသွားကြတော့လေသည်။
ကျန်းယွင်ထျန်းနှင့် အခြားသူများသည် ရောက်ရှိသွားသည်နှင့် ပတ်ဝန်းကျင်ကိုပင် မကြည့်အားသေးဘဲ ရှောင်းယီကို အလယ်တွင်ထား၍ ဝိုင်းပတ် ကာကွယ်လိုက်ကြ၏။
ရှောင်းယီက ကျန်းယွန့်ထျန်း၏ ပုခုံးကို ပုတ်လိုက်သည်။
“စိတ်လျှော့ပါ။ မာတင်က ငါတို့လူပဲ။”
အခန်း ၈၀၀ - သံချပ်ကာစစ်သင်္ဘော၏ ရုပ်ထွက်အသစ်နှင့် စစ်သင်္ဘောဝယ်ယူလိုစိတ်
ကျန်းယွင်ထျန်းသည် မလှမ်းမကမ်းတွင် ရပ်နေသော မာတင်ကို မြင်သောအခါ ခေါင်းငြိမ့်ပြလိုက်ပြီး ဘေးသို့ထွက်ကာ ကင်းစောင့်နေလိုက်သည်။
မာတင်သည် ရှောင်းယီ ရောက်ရှိလာသည်ကို မြင်သည်နှင့် သူ၏အဖွဲ့ကို ဦးဆောင်ကာ ထွက်ကြိုပြီး ဦးညွှတ်လျက် နှုတ်ဆက်လိုက်လေသည်။
“သူဌေး... ကျုပ်တို့ စောင့်နေတာ ကြာပါပြီ။”
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ညွှန်ကြားလိုက်၏။
“မင်းရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ငါခဏသုံးရဦးမယ်။ အရင်ဆုံး ငါတို့ရဲ့ သင်္ဘောတစ်စီးကို ဒီဘက် လွှဲပြောင်းရမယ်။”
“ဟုတ်ကဲ့ ကျုပ် အခုချက်ချင်း လုပ်ပေးပါ့မယ်။”
မာတင်က ချက်ချင်း ပြန်ဖြေလိုက်သည်။
မကြာမီ မာတင်၏ ရွက်လှေကြီးဘေးတွင် ကိုယ်ထည်အဖြူရောင်နှင့် သင်္ဘောဦး၌ “ယီရန်ပင်း မဟာမိတ် စစ်သင်္ဘော ၀၀၆” ဟု အပြာရောင်စာလုံးဖြင့် ရေးထိုးထားသော စစ်သင်္ဘောတစ်စီး ထွက်ပေါ်လာခဲ့လေသည်။
ဤသင်္ဘောမှာ အန်းယွဲ့ စီစဉ်ပေးလိုက်သော လူများက အဖြူရောင်ဆေးသုတ်ပြီး နံပါတ်တပ်ထားသော သံချပ်ကာစစ်သင်္ဘောပင် ဖြစ်သည်။ ဤဆေးများမှာ အထူးဆေးများဖြစ်ပြီး ရေစိုခံ၊ နေပူခံ၊ ပိုးမွှားဒဏ်ခံနိုင်သည့်အပြင် မီးလောင်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်သည်။ ပုံမှန်အခြေအနေတွင် ဤဆေးများသည် မီးကူးစက်လောင်ကျွမ်းခြင်း မရှိပေ။
ထိုစစ်သင်္ဘောကို မြင်သောအခါ မာတင်နှင့် အခြားသူများ၏ မျက်လုံးများ တောက်ပသွားခဲ့လေသည်။
“သူဌေး... ခင်ဗျားရဲ့ စစ်သင်္ဘောက တခြားလူတွေရဲ့ သင်္ဘောနဲ့ တကယ်ကို ကွာခြားတာပဲ။”
“ဒါက အထူးဆေး သုတ်ထားလို့ပါ။ မင်းတို့ လိုအပ်ရင် ငါ ဆေးပုံးအချို့ ပို့ပေးလို့လိုက်မယ်။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“အထူးဆေး ဟုတ်လား။ ရေစိုခံတဲ့ အမျိုးအစားလား။”
မာတင်က ချက်ချင်း မေးလိုက်၏။
“ဟုတ်တယ်။ ရေစိုခံ၊ နေပူခံ၊ မီးဒဏ်ခံ၊ ပိုးမွှားဒဏ်ခံပဲ။ ဘာပဲဖြစ်ဖြစ် အာနိသင်ကတော့ မဆိုးပါဘူး။”
ရှောင်းယီက ဆိုသည်။
ထိုအာနိသင်များကို ကြားသောအခါ မာတင် ချက်ချင်း စိတ်လှုပ်ရှားသွားတော့လေသည်။
“ကျေးဇူးတင်ပါတယ် သူဌေး။ သူဌေးသိတဲ့အတိုင်း ကျုပ်တို့ သင်္ဘောတွေက နေပူမိုးရွာဒဏ်ကြောင့် အရမ်းဟောင်းနွမ်းလွယ်တော့ ခဏခဏ ပြန်ပြင်နေရတာ။ အကယ်၍ ဒီဆေးသာသုတ်ထားလိုက်ရင် ပြုပြင်စရိတ်နဲ့ အချိန်တွေ အများကြီး သက်သာသွားလိမ့်မယ်။”
အသက်ရှင်ကျန်ရစ်သူများအတွက် သင်္ဘောအသုံးပြုမှုမှာ အလွန်များပြားလှ၏။ ယခုအချိန်သည် ဆောင်းရာသီဖြစ်သော်လည်း ပင်လယ်ရေမျက်နှာပြင် ခဲမနေသရွေ့ သူတို့သည် ငါးဖမ်းရန်၊ စူးစမ်းရှာဖွေရန်နှင့် ရတနာများ ရှာဖွေရန်အတွက် ပင်လယ်ထဲသို့ မကြာခဏ ထွက်နေကြရဆဲပင်။
ရှောင်းယီ ခေါင်းငြိမ့်ပြပြီးနောက် မလှမ်းမကမ်းရှိ တိုက်သစ်ကြီးကို လှမ်းကြည့်လိုက်လေသည်။ သူတွေ့ခဲ့သော တိုက်သစ်ကြီးကဲ့သို့ပင် တစ်ချက်ကြည့်ရုံနှင့် အဆုံးကို မမြင်နိုင်ပေ။ သို့သော် ဤအရာသည်လည်း အလွန်ကြီးမားသော ကျွန်းကြီးတစ်ကျွန်းသာ ဖြစ်လိမ့်မည်ဟု ရှောင်းယီ ယုံကြည်ပေသည်။
“ရှာဖွေပြီးပြီလား။”
ရှောင်းယီက မေးလိုက်၏။ ထိုအခါ ဘေးတွင် ရပ်နေသော မာတင်က ခေါင်းခါပြလိုက်သည်။
“မလုပ်ရသေးပါဘူး။ ဒီတိုက်သစ်ကို တွေ့တွေ့ချင်းပဲ သူဌေးကို အကြောင်းကြားလိုက်တာပါ။”
“ကောင်းပြီ ဒါဆို အရင်ဆုံး ကမ်းခြေမှာ အခြေစိုက်စခန်းတစ်ခု သတ်မှတ်လိုက်ကြတာပေါ့။”
ရှောင်းယီက ထိုသို့ပြောပြီးနောက် ကျန်းယွင်ထျန်းအား သံချပ်ကာစစ်သင်္ဘောကို ကမ်းခြေသို့ မောင်းနှင်ရန် စေခိုင်းလိုက်လေသည်။
သံချပ်ကာစစ်သင်္ဘော စတင်ရွေ့လျားသည်နှင့် မာတင်နှင့် အခြားသူများ မှင်တက်သွားခဲ့ကြပြန်သည်။
သံချပ်ကာစစ်သင်္ဘောမှာ အလွန်လျင်မြန်သည်ကို သူတို့ သိထားသော်လည်း ဤမျှအထိ လျင်မြန်လိမ့်မည်ဟုတော့ မထင်ထားခဲ့ကြပေ။ တကယ်တမ်းတွင် ကျန်းယွင်ထျန်းမှာ အရှိန်အကုန်ပင် မမောင်းခဲ့ရသေးပေ။ ကမ်းခြေနှင့် အလွန်နီးကပ်နေသဖြင့် အရှိန်ပြင်းပြင်း မောင်း၍လည်း မရချေ။
ထိုသို့ပင် ဖြစ်သော်လည်း မာတင်တို့အဖွဲ့မှာ အံ့သြနေကြဆဲပင်။
“မဟာမိတ်ခေါင်းဆောင် ဒီသူဌေးရဲ့ သင်္ဘောက ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေရတာလဲ။”
“ဟုတ်တယ်။ ကျုပ်တို့ သင်္ဘောတွေသာ ဒီလောက် မြန်မယ်ဆိုရင် မဟာမိတ်အဖွဲ့အတွင်း ဆက်သွယ်ရေးက အများကြီး ပိုအဆင်ပြေသွားမှာပဲ။”
“ဒီသူဌေးက မရိုးရှင်းဘူး။ ခေါင်းဆောင်... ဒီစစ်သင်္ဘောမျိုး တစ်စီးလောက် ဝယ်ဖို့ သူဌေးနဲ့ ညှိနှိုင်းကြည့်လို့ ရမလား။”
မာတင်က ခေါင်းခါလိုက်သည်။
“ဒီလို စစ်သင်္ဘောမျိုးက ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ အစွမ်းထက်ဆုံး လက်နက်ပဲ ဖြစ်လိမ့်မယ်။ အပြင်လူကို အလွယ်တကူ ရောင်းပါ့မလား။”
“ခေါင်းဆောင်ရာ မေးကြည့်ရုံပဲလေ။ မရရင်လည်း နေပေါ့။ တကယ်လို့ သူဌေးက သဘောတူရင်လိုက်ကော။”
တစ်စုံတစ်ယောက်က ထပ်မံ အကြံပြုလိုက်၏။
ထိုစကားကို ကြားသောအခါ မာတင်လည်း စိတ်ဝင်စားသွားခဲ့သည်။
“ကောင်းပြီ ခဏနေရင် ငါ မေးကြည့်လိုက်မယ်။”
ကျန်းယွင်ထျန်းသည် သဘာဝဆိပ်ကမ်းတစ်ခုကို အလျင်အမြန်ရှာတွေ့သွားပြီး သံချပ်ကာစစ်သင်္ဘောကို ရပ်နားလိုက်သည်။ ဆယ်မိနစ်ခန့်အကြာတွင် မာတင်တို့လည်း ရောက်ရှိလာခဲ့ကြလေသည်။
“သူဌေး... ကျုပ်တို့ သင်္ဘောကို ဒီနားမှာ ရပ်လို့ရမလား။”
မာတင်သည် သင်္ဘောကုန်းပတ်ပေါ်မှနေ၍ အော်မေးလိုက်၏။
“ရတာပေါ့။ ငါတို့က အခု အရမ်းရင်းနှီးတဲ့ မိတ်ဖက်တွေပဲလေ။ အားနာမနေပါနဲ့။ ဒီဘက်မှာပဲ လာရပ်လိုက်။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
မာတင်နှင့် ပထမဆုံး အကြိမ် အရောင်းအဝယ် လုပ်ခဲ့စဥ်ကတည်းက ရှောင်းယီသည် သူ့အပေါ် အထင်ကြီးခဲ့မိသည်။ ယခုတစ်ကြိမ်တွင်လည်း မာတင်က တိုက်သစ်ကြီးအား ရှာတွေ့ခဲ့သည်ကို သူ့ထံသို့ အမြန်ဆုံး သတင်းပို့ခဲ့သဖြင့် မာတင်အပေါ်ထားသည့် သူ၏အမြင်မှာ ပို၍ပင် ကောင်းမွန်သွားခဲ့၏။
ရှောင်းယီ၏ စကားကြောင့် မာတင်တို့အဖွဲ့သည် အလွန်ဝမ်းသာသွားခဲ့ကြပြီး သူတို့၏ သင်္ဘောကြီးကို သံချပ်ကာစစ်သင်္ဘော ဘေးတွင် ဖြည်းဖြည်းချင်း ကပ်ရပ်လိုက်ကြလေသည်။
ထို့နောက် ရှောင်းယီက ညွှန်ကြားလိုက်၏။
“အစ်ကိုကျန်း အရင်ဆုံး အဖွဲ့ငယ်တစ်ဖွဲ့ကို ကုန်းပေါ်လွှတ်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းခိုင်းလိုက်ပါ။ အရမ်း အထဲအထိ မဝင်နဲ့ဦး။ ကမ်းခြေကနေ ၂ ကီလိုမီတာ ပတ်ဝန်းကျင်လောက်ပဲ အရင်ကြည့်ပါ။”
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ယခုတစ်ကြိမ်၏ အဓိကတာဝန်မှာ တိုက်သစ်ကြီးကို စူးစမ်းရန်ဖြစ်သဖြင့် ကျန်းယွင်ထျန်းသည် အဖွဲ့ထဲတွင် အသက်ရှင်ကျန်ရစ်သူ နှစ်ဦးကို အထူးထည့်သွင်းစီစဉ်ပေးခဲ့သည်။ ရှောင်းယီ ရှာတွေ့ခဲ့သော တိုက်သစ်ကြီးပေါ်တွင် အသက်ရှင်ကျန်ရစ်သူများသာ ရတနာသေတ္တာများကို ပေါ်လာအောင် လုပ်နိုင်သည်ဖြစ်ရာ ဤတိုက်သစ်သည်လည်း ထိုနည်းအတိုင်း ဖြစ်လိမ့်မည်ဟု သူ ယုံကြည်ပေသည်။
ရှောင်းယီက အဖွဲ့တစ်ဖွဲ့အား ကုန်းပေါ်လွှတ်လိုက်သည်ကို မြင်သောအခါ မာတင်သည်လည်း သူ့လူများကို ကုန်းပေါ်သို့ စေလွှတ်လိုက်တော့လေသည်။ ထို့နောက် မာတင်သည် တွန့်ဆုတ်နေသော အမူအရာဖြင့် ရှောင်းယီထံသို့ တစ်ဖန် ရောက်လာခဲ့ပြန်သည်။
“ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ။ ငါတို့က အကြိမ်ကြိမ် အရောင်းအဝယ် လုပ်ဖူးတဲ့သူတွေပဲလေ။ အားနာမနေပါနဲ့။”
ရှောင်းယီက အပြုံးတစ်ခုဖြင့် ဆိုလိုက်သည်။ မာတင်က ခေါင်းငြိမ့်လိုက်၏။
“ကျုပ်မှာ အားနာစရာ တောင်းဆိုချက်တစ်ခု ရှိလို့ပါ။ မဖြစ်နိုင်ဘူးဆိုရင်လည်း တိုက်ရိုက်ပြောပါ သူဌေး။ ကျုပ် သူဌေးတို့ရဲ့ စစ်သင်္ဘောတစ်စီးလောက် ဝယ်ချင်လို့ပါ။ ဖြစ်နိုင်မလား။”
ရှောင်းယီ အနည်းငယ် မှင်တက်သွားခဲ့ပြီး နောက် ပြုံးကာ ပြန်မေးလိုက်သည်။
“မင်းက ဒီစစ်သင်္ဘောရဲ့ အရှိန်ကို စိတ်ဝင်စားနေတာလား။”
“ဟုတ်ပါတယ်။ ကျုပ်တို့ မဟာမိတ်အဖွဲ့ဝင်တွေက သူဌေးသင်္ဘောရဲ့ အရှိန်ကို မြင်ပြီး မှင်တက်သွားကြတယ်လေ။ အဲ့ဒါကြောင့် သူတို့လည်း တစ်စီးလောက် ဝယ်ချင်နေကြလို့ပါ။”
မာတင်က ပြန်ဖြေလိုက်သည်။
“ရတာပေါ့။ ဒါပေမဲ့ ကုန်ကြမ်းတွေကိုတော့ မင်းတို့ဘာသာ ပံ့ပိုးပေးရမယ်။ ထုတ်လုပ်ခကတော့ တစ်စီးကို အုတ်မြစ်ကျောက် ၁၀,၀၀၀ ။ အများဆုံး ၅ စီးအထိ ဝယ်လို့ရမယ်။ ထုတ်လုပ်ခကိုတော့ အကြွေးစနစ်နဲ့ ပေးချေဖို့ ငါ ခွင့်ပြုပေးမယ်။”
ရှောင်းယီက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်၏။
ယခုအခါ ဤသံချပ်ကာစစ်သင်္ဘော၏ အဓိကကုန်ကျစရိတ်မှာ ကိုယ်ထည်အတွက် ကုန်ကြမ်းများသာ ဖြစ်သဖြင့် မာတင်တို့ကို ကုန်ကြမ်းများ ကိုယ်တိုင်ပေးခိုင်းလိုက်ခြင်းဖြစ်သည်။ သံချပ်ကာစစ်သင်္ဘော၏ အရှိန်မှာ ရေနွေးငွေ့စွမ်းအင်ကြောင့် ဖြစ်ပြီး ၎င်းကို သီးခြား တပ်ဆင်ပေးရန် လိုအပ်သည်။ ရေနွေးငွေ့ ဘွိုင်လာ၏ အရွယ်အစားကို ပြောင်းလဲခြင်းဖြင့် သင်္ဘော၏ အမြင့်ဆုံးအရှိန်ကို ပြောင်းလဲနိုင်ပေသည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ရှောင်းယီသည် ယခုအခါ တစ်နာရီလျှင် ၃၀ ကီလိုမီတာ၊ ၅၀ ကီလိုမီတာ၊ ၇၀ ကီလိုမီတာ နှင့် ၉၀ ကီလိုမီတာ ပြေးနိုင်သော သံချပ်ကာစစ်သင်္ဘော အမျိုးအစား ၄ မျိုးကို ထုတ်လုပ်နိုင်ပေသည်။
အမြင့်ဆုံးအရှိန် ၉၀ ကီလိုမီတာ ပြေးနိုင်သော စစ်သင်္ဘောကိုတော့ အပြင်လူကို ရောင်းမည်မဟုတ်ဘဲ သူ၏ မဟာမိတ်အဖွဲ့အတွက်သာ သီးသန့် ထားရှိမည်ဖြစ်သည်။ ကျန်ရှိသော အမျိုးအစားများကိုမူ ဖုံးကွယ်ထားရန် မလိုအပ်တော့ဘဲ ပြင်ပသို့ ရောင်းချရန် ရှောင်းယီ ပြင်ဆင်နေပြီ ဖြစ်သည်။
ယခု မာတင်က တောင်းဆိုလာသဖြင့် ရှောင်းယီသည် ဤအခွင့်အရေးကို အသုံးချကာ သူ၏ သံချပ်ကာစစ်သင်္ဘောများကို ဈေးကွက်တင်ရောင်းချတော့မည် ဖြစ်သည်။
ရှောင်းယီ၏ အဖြေကို ကြားလိုက်ရသောအခါ မာတင်နှင့် သူ၏ လက်အောက်ငယ်သားများမှာ မှင်တက်သွားခဲ့ကြပြီးနောက် အလွန်အံ့အားသင့်သွားခဲ့ကြ၏။
“သူဌေးက ဒီလို အဆင့်မြင့်စစ်သင်္ဘောကို တကယ်ကြီး ရောင်းတော့မှာလား။”
ဤသည်မှာ သူတို့အားလုံး၏ တူညီသော အတွေးပင် ဖြစ်သည်။
“သူဌေး... ခင်ဗျား တကယ်ပြောတာလား။”
မာတင်က တုန်ရင်နေသော အသံဖြင့် မေးလိုက်၏။
ရှောင်းယီက သူ့ကို မျက်စောင်းထောက်ကြည့်ကာ ခေါင်းခါလိုက်မိသည်။
“ငါနဲ့ အရောင်းအဝယ် လုပ်လာတာ ဒီလောက်ကြာနေပြီ။ ငါက နောက်ပြောင်တတ်တဲ့ လူမျိုးလို့ မင်း ထင်လို့လား။”
“မဟုတ်ပါဘူး... မဟုတ်ပါဘူး။ ဒါက တကယ့်ကို မယုံနိုင်စရာ ဖြစ်နေလို့ပါ...။”
မာတင်သည် သူ၏ လက်ရှိ ခံစားချက်ကို ဖော်ပြရန် စကားလုံးပင် ရှာမတွေ့တော့ပေ။
“မယုံနိုင်စရာလို့ ထင်မနေနဲ့။ မင်းကို ရောင်းပေးမယ့် သံချပ်ကာစစ်သင်္ဘောရဲ့ စွမ်းဆောင်ရည်က ငါတို့ မဟာမိတ်အဖွဲ့ထဲမှာ သုံးနေတဲ့အရာတွေထက်တော့ နည်းနည်း လျော့နည်းလိမ့်မယ်။”
ရှောင်းယီက ဆိုသည်။
ထိုစကားကို ကြားသောအခါ မာတင်နှင့် အခြားသူများမှာ ထပ်မံ၍ မှင်တက်သွားခဲ့ကြပြန်သည်။