← Chapters

အပေးအယူလုပ်ခြင်း

Vol. 22 Ch. 293

အပေးအယူလုပ်ခြင်း

Vol. 22 Ch. 293

စုမင် ရယ်မောနေစဉ်မှာပင် ထျန်ရှဲ့ကျီသည် ရှေ့သို့ခြေတစ်လှမ်းတက်လိုက်ရာ လေထုသည် တွန့်လိမ်ပုံပျက်သွားပြီး လှိုင်းဂယက်ငယ်လေးများ ထသွားခဲ့၏။ စုမင် ထိတ်လန့်ဖွယ်အမြန်နှုန်းကို အသုံးပြုခဲ့စဉ်ကလိုပင် ထျန်းရှဲ့ကျီက လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ သူပြန်ပေါ်လာသောအခါ ဆံပင်ဖြူအဘိုးအို၏ အရှေ့သို့ ရောက်နေခဲ့ချေပြီ။

အဘိုးအို၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး နောက်ဆုတ်တော့မည့်အချိန်မှာပင် ထျန်းရှဲ့ကျီ၏ ပိန်ပါးသောဘယ်ဘက်လက်က သူ့အင်္ကျီအား ဆွဲကိုင်ထားခဲ့ပြီးချေပြီ။

"ငါ အရူးမဟုတ်ဘူး။ ငါတစ်ကယ် မရူးဘူး။ ငါကုသခံပြီးပြီ။ ငါလုံးဝ ပျောက်ကင်းသွားပြီကို... ဘာလို့မင်းက ငါရူးနေတယ်လို့ ပြောတာလဲ"

နီရဲနေသော မျက်လုံးများဖြင့် ထျန်းရှဲ့ကျီသည် ဆံပင်ဖြူအဘိုးအိုကို စတင်အော်ဟစ်နေခဲ့သည်။ ထျန်းရှဲ့ကျီသည် သူ၏လျှို့ဝှက်ချက် ပေါ်ပေါက်သွားသဖြင့် ထိုအရာအား ဖုံးကွယ်နိုင်ရန် အပြင်းအထန်ရှင်းပြဖို့ ကြိုးစားနေရင်း စိတ်လှုပ်ရှားကြောက်ရွံ့နေကြာင်း သူ့အမူအယာအားမြင်လိုက်သူတိုင်း ပြောနိုင်ပေလိမ့်မည်။

ထိုမြင်ကွင်းသည် စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုဝင်တို့၏ မျက်လုံးများထဲသို့ ဝင်ရောက်လာပြီး ထျန်းရှဲ့ကျီအားကြည့်နေသော သူတို့မျက်လုံးများထဲတွင် အလွန်အမင်းကြောက်ရွံ့မှုများဖြင့် ပြည့်နေခဲ့သည်။

ဆံပင်ဖြူအဘိုးအိုသည် ရိုးတွင်းခြင်ဆီအထိပင် ကြောက်ရွံ့တုန်လှုပ်နေခဲ့သည်။ ဤအကြိမ်သည် သူထျန်းရှဲ့ကျီနှင့် ပထမဆုံးအကြိမ်ဆုံဖူးခြင်း မဟုတ်သဖြင့် ဤလူနှင့်ပက်သက်သည့် ကောလဟာလအချို့ကို သူသိနေခဲ့သည်။

မူလက သူထိုအကြောင်းကို သိပ်ဂရုမစိုက်ခဲ့သော်လည်း ယခု ထျန်းရှဲ့ကျီ၏ ဖမ်းဆီးခြင်းကိုခံလိုက်ရသော အခိုက်အတန့်တွင် ဤထျန်းရှဲ့ကျီသည် သူ့ထံသို့ အကြောက်တရားများ ဖြည်းဖြည်းချင်းသွင်းထားခဲ့သဖြင့် သူ့နှလုံးသားသည် ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေပြီဖြစ်ကြောင်း ရုတ်တရက်သိလိုက်ရလေသည်။

"သေစမ်း။ ငါမရူးပါဘူးလို့ မင်းကိုပြောပြီးပြီလေ။ ငါ့ကို မယုံဘူးလား။ တစ်ကယ် မယုံဘူးလားလို့" ထျန်းရှဲ့ကျီ အော်ဟစ်နေစဉ် သူ့ပါးစပ်မှ တံတွေးအချို့ပင် လွင့်စင်ထွက်လာခဲ့သည်။

သူနှင့် အလွန်နီးကပ်နေခဲ့သော ဆံပင်ဖြူအဘိုးအိုသည် ရုန်းကန်၍ အဝေးသို့ထွက်သွားလိုခဲ့သော်လည်း ထိုအရာက မဖြစ်နိုင်သည်မှာ... အရှင်းအလင်းပင်။ "ထျန်းရှဲ့ကျီ၊ မင်း အရူးကောင်။ မင်း ဘာလုပ်တာလဲ။ ဒါက စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စု။ အေးခဲကောင်းကင် မဟာမျိုးနွယ်စုကြီးရဲ့ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုနော်။ ငါက စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုရဲ့ အမဲလိုက်ခေါင်းဆောင်ပဲ"

"မင်းငါ့ကို ထိခိုက်ရဲရင်၊ မင်းတို့နဝမတောင်ထွတ်တစ်ခုလုံး ငါနဲ့အတူသေသွားအောင် လုပ်ပစ်မယ်ကွ"

ဆံပင်ဖြူအဘိုးအိုသည် ရုန်းကန်အော်ဟစ်နေခဲ့သည်။ သူ့မျက်နှာပေါ်တွင် ဒေါသများဖြင့်သာ ပြည့်နေသော်လည်း ထိုဒေါသများအောက်တွင်တော့ ကောင်းမွန်စွာဖုံးကွယ်ထားသော အကြောက်တရားများ ရှိနေချေသည်။

"မင်း..."

ထျန်းရှဲ့ကျီသည် အလွန်စိတ်လှုပ်ရှားနေပြီး သူ့မျက်လုံးများထဲတွင် မျက်ရည်တို့ဝေ့သီနေကာ အချိန်မရွေးကျဆင်းလာတော့မည်ပုံ ပေါ်နေခဲ့သည်။ ထို့နောက် ရူးသွပ်စွာစတင်အော်ဟစ်လိုက်ပြန်သည်။

"ဘာလို့ ငါ့ကိုအရူးလို့ အခိုင်အမာပြောနေတာလဲ။ ငါ မရူးဘူး။ ငါအရူးမဟုတ်ဘူးလို့။ ငါအခုတစ်ကယ်ကောင်းသွားပြီ။ မင်းမယုံရင်... မင်း ငါ့ကိုမယုံဘူးဆိုရင် ဒါကိုကြည့်လိုက်"

ထျန်းရှဲ့ကျီသည် တစ်စုံတစ်ရာအား သတိရသွားဟန်ဖြင့် လက်တစ်ဖက်က ဆံပင်ဖြူအဘိုးအိုကို ဆုပ်ကိုင်ထားရင်း ညာလက်ဖြင့် ရင်ဘတ်ထဲသို့နှိုက်ကာ ဝါးစာလိပ်သေးသေးလေးတစ်ခုကို ထုတ်ယူလိုက်သည်။

ထျန်းရှဲ့ကျီသည် ထိုအရာကိုထုတ်ယူပြီးသည်နှင့် အနောက်သို့လှမ်းပစ်လိုက်ရာ ဝါးစာလိပ်သည် မှိန်ဖျော့ဖျော့အလင်းတန်းတစ်ခုအသွင်ပြောင်း၍ မနီးမဝေးတွင်ရပ်နေသည့် စုမင်ထံပျံသန်းလာခဲ့သည်။

"စတုတ္ထလေး၊ စာလိပ်ပေါ်က စာလုံးတွေကို ငါ့အစားဖတ်ပေးစမ်းပါ။ သူတို့ ကြားပါစေ"

ထျန်းရှဲ့ကျီ၏ မျက်နှာပေါ်တွင် ကျေနပ်နေသည့် အမူအယာမျိုး ပေါ်လာခဲ့သော်လည်း သူ့အရှေ့ရှိ ဆံပင်ဖြူအဘိုးအိုအား ဆက်လက်၍ စူးစိုက်ကြည့်နေဆဲဖြစ်သည်။

စုမင် တစ်ခဏတာ အံ့အားသင့်မင်သက်သွားသော်လည်း ဝါးစာလိပ်ကို ဖမ်းယူလိုက်လေသည်။ စာလိပ်အား ငုံ့ကြည့်လိုက်မိချိန်တွင်တော့ သူ့အမူအယာက ထူးဆန်းသွားခဲ့သည်။

"အဲဒါကို ဖတ်" ထျန်းရှဲ့ကျီသည် သူ့အား မကျေမနပ် အော်ဟစ်လာခဲ့သည်။

"အာ..." စုမင် ခဏတာတွန့်ဆုတ်နေပြီးမှ ပတ်ဝန်းကျင်ဧရိယာတစ်ခုလုံး ကြားနိုင်သည့်အသံဖြင့် ဖတ်ပြလိုက်သည်။

"ထျန်းရှဲ့ကျီသည် ရောဂါ ပျောက်ကင်းသွားပြီဖြစ်၍ အရူးတစ်ယောက် မဟုတ်ကြောင်း... အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီး၏ အနောက်ပိုင်းဒေသ မျိုးနွယ်စုမှ လက်ခံသည်..."

စုမင် မျက်တောင်ခပ်လိုက်ပြီး ထျန်းရှဲ့ကျီအား မော့ကြည့်လိုက်ကာ သဘောကျစွာရယ်မောလိုက်မိသည်။

ထျန်းရှဲ့ကျီ၏မျက်နှာက ဂုဏ်ယူနေမှုများဖြင့် ပြည့်နေခဲ့သည်။ ဆံပင်ဖြူအဘိုးအိုအား စူးစူးဝါးဝါးစိုက်ကြည့်လိုက်ပြီး အထက်စီးဆန်သော အမူအယာဖြင့် အော်ငေါက်လိုက်သည်။ "ဘယ်လိုလဲ။ အဲဒါက သက်သေပဲ။ အနောက်ပိုင်းအေးခဲကောင်းကင်က ပေးခဲ့တဲ့ သက်သေကိုမင်းတွေ့ပြီလား"

"စတုတ္ထလေး၊ အဲဒါကိုလှန်လိုက်။ အနောက်မှာနည်းနည်းရှိသေးတယ်။ ဆက်ဖတ်"

စုမင် ဝါးစာလိပ်ကိုလှန်လိုက်သည်။ နောက်ကျောတွင် ရေးထားသော စာလုံးများကို မြင်လိုက်ရသောအခါ နောက်တစ်ကြိမ် ရယ်မောလိုက်မိပြန်သည်။ ထို့နောက်မှ ခေါင်းခါယမ်းလိုက်ပြီး စာလုံးများကိုဖတ်ပြလိုက်၏။

"ထျန်းရှဲ့ကျီသည် ရောဂါ ပျောက်ကင်းသွားပြီဖြစ်၍ အရူးတစ်ယောက်မဟုတ်ကြောင်း အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီး၏ အရှေ့ပိုင်းခရိုင်မျိုးနွယ်စုမှ လက်ခံသည်..."

"ထျန်းရှဲ့ကျီသည် ရောဂါ ပျောက်ကင်းသွားပြီဖြစ်၍ အရူးတစ်ယောက်မဟုတ်ကြောင်း တောင်ပိုင်းကန္တာရမျိုးနွယ်စုမှ လက်ခံသည်..."

"ထျန်းရှဲ့ကျီသည် လုံးဝပင်အရူးတစ်ယောက် မဟုတ်ကြောင်း အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးမှ လက်ခံသည်..."

စာများအားလုံးကို စုမင်ဖတ်ပြီးသောအခါ ထျန်းရှဲ့ကျီ၏မျက်နှာပေါ်ရှိ ကျေနပ်နေသောအမူအယာက ပိုမို၍ထင်ရှားလာခဲ့သည်။

အံ့အားသင့်မင်သက်နေသည့် ဆံပင်ဖြူအဘိုးအိုကို ဆတ်ခနဲဆောင့်ဆွဲကာ အော်ငေါက်လိုက်ပြန်သည်။ "မင်းကြားလား။ ငါမရူးဘူးကွ။ ငါပျောက်ကင်းသွားပြီ။ အဲဒါ ငါ့သက်သေပဲ။ မင်းမယုံရင် ငါ့မှာအများကြီးရှိသေးတယ်" ဤတစ်ကြိမ်တွင် ထျန်းရှဲ့ကျီသည် သူ့ရင်ဘတ်ထဲမှ ဝါးစာလိပ်များစွာထုတ်ယူလိုက်ပြီး စုမင်ထံပစ်ပေးလာခဲ့သည်။

"ထျန်းရှဲ့ကျီသည် အရူးမဟုတ်ကြောင်း ငွေမြက်ခင်းမျိုးနွယ်စုမှ လက်ခံသည်..."

"ဆရာထျန်းရှဲ့ကျီသည်... ရောဂါ ပျောက်ကင်းသွားပြီဖြစ်ကြောင်း... ကောင်းကင်ဘုံနယ်မြေ မျိုးနွယ်စုမှ လက်ခံသည်..."

"ထျန်းရှဲ့ကျီသည် အရူးတစ်ယောက် မဟုတ်တော့ကြောင်း ကောင်းကင်မြူခိုးမြို့မှ လက်ခံသည်။ သူက သာမန်ပင်ဖြစ်သည်..."

"ထျန်းရှဲ့ကျီသည် ရူးမနေကြောင်း အနောက်ပိုင်းပင်လယ် မဟာမျိုးနွယ်စုကြီးမှ လက်ခံသည်..."

ထိုစာလုံးများကို ဆက်လက်ဖတ်ရှုနေရင်း စုမင်ထိတ်လန့်တုန်လှုပ်လာခဲ့သည်။ ဝါးစာလိပ်များပေါ်ရှိ လက်ရေးများအားလုံးသည် မတူညီကြသဖြင့် ထိုအရာများသည် မတူညီသောလူများထံမှ ဖြစ်ကြောင်း ရှင်းလင်းနေခဲ့သည်။ ဝါးစာလိပ်များသည် အမှန်တရားကို ပြောပြပေးနေကြသကဲ့သို့ပင်ဖြစ်ပြီး ၎င်းတို့က မတူကွဲပြားသောမျိုးနွယ်စုများထံမှ ဖြစ်သည်။ ထိုသို့ဆိုလျှင် ထျန်းရှဲ့ကျီသည်...

စုမင် အသက်ပြင်းပြင်းရှူရှိုက်မိသည်။ ကောင်းကင်မြူခိုးမြို့နှင့် အနောက်ပိုင်းပင်လယ် မဟာမျိုးနွယ်စုကြီးတို့ကိုတောင် သူယခုတွေ့ခဲ့ရချေသည်...

စုမင် ထိုစာများကို ဆက်လက်ဖတ်ရှုနေစဉ်တွင် သူသည် ထိတ်လန့်တုန်လှုပ်နေခဲ့ရုံသာမက ၎င်းတို့ကိုကြားလိုက်ရသော ပတ်ဝန်းကျင်ဧရိယာအတွင်းရှိ လူများအားလုံးလည်း အံ့အားသင့်မင်သက်သွားခဲ့ရသည်။ သူတို့အားလုံးသည် ကျေနပ်နေသော အမူအယာဖြင့် လေထဲတွင် လွင့်မျောနေသည့် ထျန်းရှဲ့ကျီထံ လှမ်းကြည့်လိုက်မိကြချေ၏။

"ငါ အရင်ကပြောခဲ့သားပဲ။ ငါက အရူးမဟုတ်ပါဘူးဆို။ အခု မင်းငါ့ကိုယုံပြီ မဟုတ်လား"

ထျန်းရှဲ့ကျီ၏ မျက်နှာပေါ်တွင် အလွန်စိတ်ထိခိုက်နေသော အမူအယာတစ်ခု ရှိနေသည်။ သူသည် ခေါင်းစွပ်အား ဝတ်ဆင်ထားဆဲဆိုသော်ငြား သူ၏စကားလုံးများ၊ ခေါင်းစွပ်ဖုံးအုပ်ထားခြင်းမရှိသော သူ့မျက်လုံးများ၊ သူ့ပါးစပ်များမှတစ်ဆင့် သူတို့အားလုံး ထိုအရာကိုမြင်နေရဆဲဖြစ်သည်။

ထျန်းရှဲ့ကျီ၏ ဖမ်းဆီးခြင်းကိုခံထားရသော ဆံပင်ဖြူအဘိုးအို၏ မျက်လုံးများသည် ပန်းကန်ပြားကဲ့သို့ ပြူးကျယ်နေပြီး ဆွံ့အမင်သက်နေခဲ့သည်။ ထျန်းရှဲ့ကျီသည် လုံးဝသေချာပေါက် သံသယဝင်ရာမလိုအောင်ပင် အရူးတစ်ယောက်ဖြစ်ကြောင်း သေချာသိသွားပြီဖြစ်၍ သူမည်သည့်အရာမှ ထပ်မပြောဝံ့တော့ပေ။ အကယ်၍ သူသာအခိုင်အမာဆက်ပြောဆိုနေမိမည်ဆိုလျှင် ထျန်းရှဲ့ကျီဒေါသထွက်သွားနိုင်ချေ များပေသည်။

အရူးတစ်ယောက် ဘာလုပ်လိမ့်မည်ဆိုသည်ကို ကြိုတင်ခန့်မှန်း၍ မရပေ။

'သူက ရူးနေတာ။ သူက အရူးပဲ... အဲဒီဝါးစာလိပ်တွေက အစစ်အမှန်ဆိုရင်တောင် သူက အရူးတစ်ယောက်ဖြစ်နေတုန်းပဲ။ သာမန်လူတစ်ယောက်ကတော့ သူမရူးကြောင်း သက်သေအထောက်အထားရလိုရုံနဲ့ ဒီလောက်နေရာတွေအများကြီးဆီ သွားမှာမဟုတ်ဘူး...'

'အကယ်၍ အဲဒါတွေကသာ အတုဆိုရင်တော့၊ သူက သေချာပေါက်ကို အရူးပဲ'

စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စု၏ အမဲလိုက်ခေါင်းဆောင် ဆံပင်ဖြူအဘိုးအိုသည် သူ့ပါးစပ်များကို တင်းတင်းစေ့ပိတ်ထားလိုက်သည်။

"ဟာ့ မင်း ဘာလို့ စကားမပြောတာလဲ။ မင်းက ငါ့ကိုအထင်သေးနေတာပဲ" ထျန်းရှဲ့ကျီသည် အဘိုးအိုကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။ ထျန်းရှဲ့ကျီပါးစပ်မှ ထိုစကားများထွက်လာသောအခါ စုမင်သည်ပင် ထိုဆံပင်ဖြူအဘိုးအိုကို သနားသွားမိရလေသည်။

"မင်းကများ ငါ့ကို အထင်သေးရဲတယ်ပေါ့လေ။ မင်း... မင်းက ဘာလို့ငါ့ကိုအထင်သေးနေတာလဲ။ ငါရူးနေတယ်လို့ မင်းထင်နေသေးတုန်းပဲ ဟုတ်တယ်မလား" ထျန်းရှဲ့ကျီသည် အလွန်အမင်း ဒေါသထွက်သွားပြီး ပိုမိုဒေါသထွက်လာသည်နှင့်အမျှ သူ့မျက်လုံးများက တောက်ပလာခဲ့သည်။ သူသည် ထိုအဘိုးအိုအား နှုတ်ပိတ်ရန် သတ်ပစ်ချင်နေသည်ဟု ပြောဆိုနေသကဲ့သို့ပင်။

အခြားသူများအနေဖြင့် ထိုတောက်ပမှု၏နောက်ကွယ်မှ အဓိပ္ပါယ်ကို မပြောနိုင်သော်လည်း ထျန်းရှဲ့ကျီ၏လက်ထဲတွင် ဖမ်းဆီးခံထားရသော ဆံပင်ဖြူအဘိုးအိုကတော့ ထိုအရာကို ရှင်းရှင်းလင်းလင်းမြင်နေရလေသည်။

"မင်းက စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ငါမင်းကို လေးလေးစားစားဆက်ဆံခဲ့တယ်။ မင်းအတွက် ငါ့သက်သေတွေအကုန်လုံး ထုတ်ယူလာခဲ့တာတောင် မင်းက ငါ့ကိုအရူးလို့ ထင်နေသေးတုန်းပဲလား" ထျန်းရှဲ့ကျီသည် ဒေါသတကြီးဖြင့် ညာလက်ကိုမြှောက်လိုက်သည်။ ထိုပုံစံအရဆိုလျှင် သူသည် ဆံပင်ဖြူအဘိုးအိုကိုလည်ပင်းညှစ်သတ်ချင်နေပုံ ပေါ်၏။

အဘိုးအို၏ မျက်လုံးများက ပိုမိုပြူးကျယ်လာပြီး အပြင်းအထန်စတင်ရုန်းကန်လိုက်သည်။ ထျန်းရှဲ့ကျီ သူ့လည်ပင်းကိုဆုပ်ကိုင်လိုက်ချိန်က သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်စီးဆင်မှုများ ပြတ်တောက်သွားကြောင်း သတိပြုမိလိုက်လေသည်။ သူသည် ယခုစွမ်းအားများ ဆုံးရှုံးသွားသကဲ့သို့ပင်ဖြစ်ပြီး စွမ်းအားအနည်းငယ်လေးတောင် မဆင့်ခေါ်နိုင်တော့ပေ။

ထျန်းရှဲ့ကျီ ညာလက်ကိုမြှောက်လိုက်သည်နှင့် ဆံပင်ဖြူအဘိုးအို၏ နှလုံးသားနှင့်စိတ်ထဲတွင် သေခြင်းတရားအားကြောက်ရွံ့ခြင်းဖြင့် ပြည့်နှက်သွားပြီး သူ့မျက်နှာပေါ်တွင်လည်း ကြောက်ရွံ့ဟန်များပေါ်လာခဲ့သည်။ တစ်စုံတစ်ရာအား ပြောလိုဟန်ဖြင့် သူ့ပါးစပ်ကိုဟလိုက်သော်လည်း ထျန်းရှဲ့ကျီသည် သူ့အား အခွင့်အရေးတစ်ခုတောင် မပေးခဲ့ချေ။ သူသည် အဘိုးအို၏လည်ပင်းကိုဆုပ်ကိုင်ကာ လက်နှစ်ဘက်ဖြင့်စညှစ်လိုက်သဖြင့် ဆံပင်ဖြူအဘိုးအို၏ မျက်နှာက ချက်ချင်းနီရဲလာခဲ့သည်။

စုမင်မျက်လုံးတို့ စူးရှတောက်ပသွားသည်။ အကယ်၍ ဆံပင်ဖြူအဘိုးအိုသာ သေဆုံးသွားလျှင် ဤအရာက ပြဿနာကြီးတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားလိမ့်မည် ဖြစ်ကြောင်း သူသိနေခဲ့သော်လည်း ကြောက်တော့မကြောက်ခဲ့ပေ။ ထိုအစား သူ့မျက်လုံးများအတွင်း သတ်ဖြတ်လိုသည့်အသိသာ ဖြစ်ပေါ်လာခဲ့သည်။ သူ့ဆရာလက်ထဲတွင် ဆံပင်ဖြူအဘိုးအိုသေဆုံးသွားသည်နှင့် စုမင်ချက်ချင်းလှုပ်ရှားတော့မှာ ဖြစ်သည်။ မည်သူမှ ပြန်လည်မတိုက်ခိုက်နိုင်ခင် သူထိုလူများကို အရင်သတ်ပစ်လိုက်ပေမည်။

အနီးအနားတွင် အစ်ကိုနှစ်နှင့် အသားမည်းမည်းလူတို့သည် ငယ်ရွယ်သော စိတ်တစ္ဆေအရိပ်၁၈ကောင်ကို ချေမှုန်းထားပြီးဖြစ်သည်။

၎င်းတို့အထဲမှ အတော်များများကို အစ်ကိုနှစ်က ဝါးမျိူပစ်ခဲ့သည်။ ထိုအချိန်တွင် အစ်ကိုနှစ်သည် သူ၏ညပိုင်းအသွင်အပြင်ဖြင့်သာ ရှိနေဆဲဖြစ်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အေးစက်စက်အရှိန်အဝါကို ထုတ်လွှတ်နေပြီး သူ့အကြည့်များသည်လည်း အေးစက်၍ သီးခြားဆန်နေခဲ့သည်။ သို့သော် ထိုအေးစက်စက်အကြည့်ထဲတွင် သတ်ဖြတ်လိုသည့် အသိများလည်း ရှိနေခဲ့သည်။

ထျန်းရှဲ့ကျီကြောင့် ဆံပင်ဖြူအဘိုးအိုသေလုမျောပါး ဖြစ်နေပြီး၊ မြေပြင်ပေါ်ရှိ စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုဝင်များထံတွင် ကြောက်ရွံ့ခြင်းမှ ဖြစ်တည်လာသည့် ရူးသွပ်မှုအရိပ်အယောင်များ ပေါ်လာကာ အရာရာကို ဂရုမစိုက်တော့ပဲ ပြန်လည်တိုက်ခိုက်ကြတော့မည့် အချိန်မှာပင်...

...ပြေငြိမ်းလိုသောသဘောဖြင့် အိုမင်းသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ "မင်းက အရူးမဟုတ်ပါဘူး။ မင်းရဲ့ရောဂါက ပျောက်ကင်းသွားပါပြီ... ငါ၊ မော့ရှန်းက မင်းအတွက် သက်သေလုပ်ပေးနိုင်တယ်"

ထိုအသံထွက်ပေါ်ပျံ့နှံ့လာသည်နှင့် ထျန်းရှဲ့ကျီ၏လက်ထဲမှ ဆံပင်ဖြူအဘိုးအိုသည် ရုတ်တရက်တုန်ယင်သွားပြီး မရေမတွက်နိုင်သည့် အနက်ရောင်ပိုးကောင်များအဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့ကြသည်။ ထိုပိုးကောင်များသည် အနောက်သို့အလျင်အမြန်ဆုတ်သွားကြပြီး ပေထောင်ပေါင်းများစွာ အဝေးထိ ပျံသန်းသွားပြီးသောအခါမှသာ အတူတကွစုဝေးလျက် ဆံပင်ဖြူအဘိုးအိုအဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့သည်။

သေခြင်းတရားထံမှ လက်မတင်လေး လွတ်မြောက်လာရခြင်းဖြစ်၍ အဘိုးအို၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများထင်ဟပ်နေဆဲဖြစ်ပြီး လေထဲမှာပင် ဒူးထောက်ချလိုက်ချေသည်။

"အကြီးအကဲကို နှုတ်ဆက်ပါတယ်။ ကျွန်တော့အသက်ကိုကယ်ပေးလို့ ကျေးဇူးတင်ပါတယ်..."

ဆံပင်ဖြူအဘိုးအို ဒူးထောက်နေသောနေရာတွင် လှိုင်းဂယက်ငယ်လေးများ ဖြစ်ပေါ်လာပြီး အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ဖြည်းညင်းစွာ လျှောက်ထွက်လာခဲ့သည်။ ထိုအဘိုးအိုသည် စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စု၏ အမဲလိုက်ခေါင်းဆောင်ကို လျစ်လျူရှု၍ ထျန်းရှဲ့ကျီထံ လှမ်းကြည့်လာခဲ့သည်။

"ထျန်းရှဲ့ကျီ..."

သူ့ပါးစပ်မှ ထိုစကားလုံးများ ထွက်လာသည်နှင့် ထျန်းရှဲ့ကျီသည် 'ဟမ့်'ခနဲ အေးစက်စွာအသံပြုလိုက်သည်။ သူသည်လည်း စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စု၏ အမဲလိုက်ခေါင်းဆောင်ကို မကြည့်ခဲ့ပေ။ ထိုအစား အနက်ရောင်ဝတ်ရုံဖြင့် အဘိုးအိုကိုသာ စိုက်ကြည့်နေခဲ့ပြီး "ငါက ထျန်းရှဲ့ကျီ မဟုတ်ဘူး"

စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုအကြီးအကဲ ပေါ်လာသည့်အခိုက်အတန့်တွင် စုမင်ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ အဘိုးအိုထံမှ ခပ်ပျော့ပျော့ဖိအားတစ်ခု ထွက်ပေါ်လာနေသည်ကို ခံစားလိုက်ရပြီး ၎င်းက သူ့တစ်ကိုယ်လုံးရှိချီများကိုပင် အေးခဲသွားစေခဲ့လေသည်။ စုမင်၏မျက်နှာပေါ်တွင် တင်းမာသောအမူအယာတစ်ခု ပေါ်လာခဲ့သော်လည်း

သူ့ဆရာ၏စကားသံကို ကြားလိုက်ရချိန်တွင် ထိုဖိအားက ခဏတွင်းချင်း ပျောက်ကွယ်သွားခဲ့သည်။

စုမင် ပြုံးလိုက်မိသည်။ အကယ်၍ စိတ်တစ္ဆေကပ်ဆိုး၏ အကြီးအကဲသာ စကားဆက်ပြောနေမည်ဆိုလျှင် သူ့ဆရာ၏ တစ်ပတ်လည်နေသောစကားပြောပုံကြောင့် ယခင်အကြောင်းအရာသို့ ပြန်ရောက်သွားခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်လေသည်။

"ဒါဆို ကျွန်တော် သင့်ကို တစ်ခြားတစ်ယောက်နဲ့မှားသွားတာ ဖြစ်လိမ့်မယ်။ သင့်ကို ဘယ်လိုများခေါ်ရမလဲ" အနက်ရောင်ဝတ်စုံဖြင့် စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲက သိမ်မွေ့စွာပြုံးလိုက်သည်။ ထျန်းရှဲ့ကျီအား ကြည့်၍ ဖြည်းညင်းစွာပြောလိုက်ချိန်တွင် သူ့မျက်နှာပေါ်၌ မည်သည့်စိတ်ခံစားချက် အရိပ်အယောင်မှ ရှိမနေခဲ့ပေ။

"ငါက ထျန်းရှဲ့ကျီ။ သေစမ်း မင်းငါ့ကိုမမှတ်မိဘူးလား။ မင်းငယ်ငယ်လေးတုန်းက ငါ့လက်ထဲမှာတောင် မင်းကိုချီထားခဲ့ဖူးသေးတယ်။ ဘယ်လိုတောင် ငါ့ကိုမမှတ်မိရတာလဲ။ ငါဘယ်သူလဲလို့ ဘယ်လိုတောင်မေးနိုင်ရတာလဲ" ထျန်းရှဲ့ကျီသည် သူ့အား ဒေါသတကြီးစိုက်ကြည့်လိုက်သည်။

စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲ၏ မျက်နှာပေါ်တွင် အလျှော့ပေးသောအမူအယာတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် ခေါင်းခါယမ်းလိုက်ပြီး ထျန်းရှဲ့ကျီအား လက်သီးလက်ဝါးထပ် အရိုအသေပေးလိုက်သည်။

"ဆရာဦးလေး၊ လှည့်စားနေတာကိုရပ်ပါတော့... အခု ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော်သိပြီးပါပြီ။ အဲဒါ ကျွန်တော့ မျိုးနွယ်စုဝင်ရဲ့ အမှားပါ... အဲဒီ ကျိန်စာသင့်နေတဲ့ ဥကို ဒီယူလာပြီးပါပြီ" သူသည် သဘောကျနေသော အပြုံးတစ်ခုဖြင့် ညာလက်ကိုဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ့ဘေးရှိလေထဲမှ လူတစ်ဦး ဒယိမ်းဒယိုင်ဖြင့် ထွက်ပေါ်လာပြီး ခပ်တိုးတိုးအသံတစ်သံနှင့်အတူ လေထဲတွင် ဒူးထောက်ရန်ဖိအားပေးခံလိုက်ရလေသည်။

ထိုလူသည် အရွယ်ကောင်းတွင်ရှိသည့် ယောကျ်ားတစ်ဦးဖြစ်သည်။ သူ့မျက်နှာပေါ်တွင် ဒေါသများ၊ အလိုမတူမှုများနှင့်အတူ အကြောက်တရားများ ရှိနေခဲ့သည်။

***

All Chapters