စိတ်တစ္ဆေတူညီ
Vol. 22 Ch. 294
"ကျိုးကောက သံသယဖြစ်ဖို့ကောင်းတဲ့ အပေါင်းအသင်းအချို့နဲ့ ပေါင်းသင်းနေခဲ့ပြီး တစ်ခြားသူတွေရဲ့ အသုံးချခံခဲ့ရတယ်... ဒါပေမယ့် သူက ဒါကို လုပ်ခဲ့တဲ့လူဖြစ်နေမှတော့ သူ့လုပ်ရပ်တွေအတွက် သူတာဝန်ယူရမှာပေါ့"
"ယခုကစလို့ ကျိုးကောက စိတ်တစ္ဆေကပ်ဆိုး မျိုးနွယ်စုဝင်မဟုတ်တော့ဘူး။ သူ့သေခြင်း၊ ရှင်ခြင်းက ဆရာဦးလေးရဲ့ ဆုံးဖြတ်ချက်အတိုင်းပါပဲ" စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲက အေးအေးဆေးဆေးပြောသည်။
စကားပြောပြီးသည်နှင့် ကျိုးကောထံ တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးများအတွင်း အေးစက်သောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကျိုးကောအား လေပြင်းတစ်ခုကသယ်ဆောင်သွားပြီး စုမင်နှင့် အခြားသူများထံ လွင့်မျောလာခဲ့သည်။ ထို့နောက် စုမင်တို့ရှေ့ရှိ မြေပြင်ပေါ်သို့ပြုတ်ကျလာသောအခါ အသားမည်းမည်းလူသည် အားပါးတရရယ်မောလိုက်ပြီး ကျိုးကောကို ဆွဲမလိုက်ချေသည်။
ထျန်းရှဲ့ကျီ၏ မျက်နှာပေါ်တွင် စိတ်ကျေနပ်သွားသော အမူအယာတစ်ခု ပေါ်လာပြီး မုတ်ဆိတ်မွေးများကို သပ်ကာ ချောင်းဟန့်လိုက်သည်။
"အကြီးဆုံး တူတပည့်လေး၊ မင်းကြည့်ပါဦး။ မင်းရဲ့ ဆရာဦးလေးနဲ့ ဂျူနီယာညီလေးတွေက ကိုယ့်ကိုယ်ကို မထိန်းနိုင်ခဲ့ပဲ မင်းတို့အိမ်တွေအများကြီးကို ဖျက်စီးခဲ့မိတယ်..."
"အဆင်ပြေပါတယ်။ အဲဒါတွေက ရုပ်ဝတ္ထုတွေသက်သက်ပါပဲ။ ပြန်တည်ဆောက်လို့ရပါတယ်။ အဲဒီအိမ်တွေက အတော်ခေတ်နောက်ကျနေပြီလို့ ကျွန်တော်တောင်တွေးနေခဲ့တာ။ သူတို့ကို ကျွန်တော့အစား ရှင်းလင်းပေးလို့ ဆရာဦးလေးတို့ကိုတောင် ကျေးဇူးတင်ရဦးမယ်" မော့ရှန်းသည် ပြုံးနေဆဲဖြစ်ပြီး သူ့အမူအယာများအတွင်း အနည်းငယ်သောအပြောင်းအလဲကိုမှ မတွေ့ရချေ။
"အဲလိုလား။ ဒါဆိုရင်တော့ ငါအဲအကြောင်းကို စိတ်ပူနေစရာမလိုတော့ဘူးပေါ့။ ဒါပေမယ့် အကြီးဆုံးတူတပည့်လေး မင်းရဲ့ဂျူနီယာညီလေးတွေက လူတော်တော်များများကို ဒဏ်ရာရစေခဲ့တယ်။ အဲဒီအထဲက တစ်ချို့ကိုဆိုရင် သတ်တောင်သတ်မိသွားတယ်..." ထျန်းရှဲ့ကျီက စိတ်ညစ်နေသည့် အမူအယာဖြင့် ပြောလိုက်သည်။
"အဆင်ပြေပါတယ်။ သူတို့စွမ်းအားက လိုအပ်သလောက် မသန်မာသေးဘူးလို့ ဆိုလိုနေတာပဲလေ။ သူတို့ဒီနေ့မသေရင်တောင်၊ ကျွန်တော်တို့ ရှာမန်တွေနဲ့တိုက်တဲ့အချိန်ကျ သူတို့ အဲဒီမှာသေကြဦးမှာပါပဲ။ သူတို့ သင်ခန်းစာရသွားတာပေါ့" အပြုံးလေးတစ်ခုဖြင့် ဆက်လက်ပြောဆိုနေသည့် စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲ၏ မျက်နှာက အမြဲတစေ အေးဆေးတည်ငြိမ်နေပုံ ပေါ်သည်။ သူ့ထံတွင် မည်သည့်ဒေါသကိုမှ မတွေ့နိုင်သကဲ့သို့ပင် ဖြစ်သည်။
သို့သော် ဤလူမျိုးသည် မိမိကိုယ်ကို မည်မျှကောင်းမွန်သည်ပုံစံမျိုးဖြင့် ပြုမူနေသည်ဖြစ်စေ၊ သူ့ထံမှ ဆိုးညစ်ယုတ်မာသော သဘောသဘာဝကိုတော့ ဖုံးကွယ်မထားနိုင်ဆဲပင် ဖြစ်သည်။ မနီးမဝေးတွင်ရပ်နေသော စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲကို စုမင်ငေးစိုက်ကြည့်လိုက်သည်။ ဤလူ၏စွမ်းအားနှင့်ဆိုလျှင် သူနှင့်အစ်ကိုနှစ်တို့ ဤနေရာသို့ရောက်လာချိန်တည်းက ထိုသူသိနေခဲ့လိမ့်မည်ဖြစ်ကြောင်း စုမင်သေချာသိ၏။ စုမင်တို့ မည်သူ့အားရှာနေခဲ့သည်ဆိုသည်ကိုလည်း သူသိနေခဲ့ရပေမည်။
သို့သော် ထိုအချိန်တွင် သူက မသိချင်ယောင်ဆောင်နေခဲ့သည်။ သူ့မျိုးနွယ်ဝင်များကို တိုက်ခိုက်ခွင့်ပြုထားခဲ့ပြီး စုမင်နှင့်အခြားသူများ ဤနေရာအထိ လျှောက်လှမ်းရောက်ရှိလာကာ ထျန်းရှဲ့ကျီပေါ်လာပြီးသောအခါမှသာ ထိုသူက ရှေ့ထွက်လာခဲ့သည်။
ကျိုးကောကိုပင် သူတို့ထံပေးလိုက်သေး၏။ ဤအရာများအားလုံးက သူသည်ဆရာ့အပေါ် အလွန်အမင်းသတိထားနေခဲ့ခြင်းကြောင့် ဖြစ်ကြောင်းထင်ရှားနေသည်။ သတိထားကာ စောင့်ကြည့်လေ့လာနေခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး ယခုတော့ ဤလူသည် သူတို့ရှေ့သို့ထွက်ပေါ်လာခဲ့ကာ
သူ၏ လက်ရှိသဘောထားအရ ဆုံးဖြတ်ချက်ချပြီးသွားပုံပင်ဖြစ်သည်။
"ဆရာဦးလေး၊ ကျွန်တော့မှာ ပေးစရာတစ်ခုရှိတယ်။ ဒါကို ဒီကိစ္စအတွက် စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုရဲ့ တောင်းပန်မှုလို့ သဘောထားပေးပါ"
အပြုံးလေးတစ်ခုဖြင့် စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲသည် စကားပြောပြီးသောအခါ သူ့ရင်ဘတ်ထဲမှအရာတစ်ခုကို ထုတ်ယူလာခဲ့သည်။ ထိုအရာက ဝါးစာလိပ်လေးတစ်ခုဖြစ်သည်။ သူသည် ထိုအရာကိုလက်ထဲတွင် ကိုင်ထားရင်း ညာလက်ဖြင့် ၎င်းအပေါ်တွင် စာလုံးတစ်ချို့ရေးသားလိုက်သည်။ ရေးသားပြီးသည်နှင့် ဝါးစာလိပ်ကို ထျန်းရှဲ့ကျီထံ ရိုရိုသေသေကမ်းပေးလာခဲ့သည်။
ထျန်းရှဲ့ကျီကို ထိုအရာကိုယူ၍ ငုံ့ကြည့်လိုက်သောအခါ သူ့ပါးစပ်က နားရွက်တက်ချိတ်တော့မည်ကဲ့သို့ ပြုံးရွှင်သွားခဲ့သည်။
"ကောင်းတယ်။ အရမ်း ကောင်းတယ်။ နောက်တစ်ကြိမ် တစ်ယောက်ယောက်က ငါ့ကိုအရူးလို့ပြောတဲ့အခါကျ ငါ့မှာ သူတို့ကိုပြဖို့ သက်သေတစ်ခုပိုရှိသွားတာပေါ့"
မော့ရှန်းသည် ပြုံးလိုက်ပြီး ထျန်းရှဲ့ကျီကို လက်သီးလက်ဝါးထပ်ကာ အရိုအသေပေးလိုက်သည်။
"ကျွန်တော် မျိုးနွယ်စုထဲမှာ ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စတစ်ချို့ရှိနေသေးလို့ ဆရာဦးလေးကို လိုက်မပို့တော့ပါဘူး။ အားတဲ့အချိန်ကျမှ မျိုးနွယ်စုဆီ ဧည့်သည်အဖြစ် လာလည်ပါဦး"
အဆုံးထိတိုင်အောင်ပင် သူသည် စုမင်နှင့်အခြားသူများထံ တစ်ချက်ကလေးပင် လှည့်မကြည့်ခဲ့သလို သူ့စကားများထဲတွင်လည်း စုမင်တို့အားထည့်မပြောသွားခဲ့ပေ။ သူ့အမြင်တွင် စုမင်နှင့်အခြားသူများက မတည်ရှိကြသလိုပင်ဖြစ်ပြီး ပိုမို၍ တိတိကျကျပြောရမည်ဆိုလျှင် သူ့အနေဖြင့် စုမင်တို့အား ဂရုစိုက်စရာကိုမလိုသကဲ့သို့ပင် ဖြစ်သည်။ ဤနေရာတွင် သူ့အာရုံစိုက်မှုနှင့် ထိုက်တန်သည့် တစ်ဦးတည်းသောလူက ထျန်းရှဲ့ကျီသာဖြစ်သည်။
"မင်းက အရမ်းယဉ်ကျေးလွန်းနေပါပြီ။ ကောင်းပြီ၊ မင်းအခုပြန်လို့ရပါပြီ။ ငါလည်း သွားတော့မှာပါ"
ထျန်းရှဲ့ကျီသည် ဝါးစာလိပ်ကိုလျင်မြန်စွာဂရုတစိုက် သိမ်းလိုက်ပြီး အလွန်ကျေနပ်ပျော်ရွှင်နေသော အမူအယာဖြင့် ရင်ဘတ်ကိုပုတ်ပြလိုက်သည်။ သူနောက်လှည့်ကာ စုမင်နှင့်အခြားသူများထံ လျှောက်လာတော့မည့်အချိန်မှာပင် စုမင်မျက်လုံးများက တောက်ပသွားခဲ့သည်။
စုမင် ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။
"ဆရာ၊ ကျွန်တော့မှာ ပြောစရာတစ်ခုရှိပါတယ်"
"ဟမ်... ဘာများလဲ၊ စတုတ္ထလေး" ထျန်းရှဲ့ကျီက စုမင်ထံလှမ်းကြည့်လာခဲ့သည်။
စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲသည် ပြုံးနေဆဲပင်ဖြစ်ပြီး သူ့ပတ်ဝန်းကျင်ရှိလူများအားလုံးကို လျစ်လျူရှုထားဆဲပင်ဖြစ်သည်။ စုမင်သည် ယခုလေးတင်စကားပြောလိုက်သော်ငြား သူက စုမင်ကိုမကြည့်ပဲ ထျန်းရှဲ့ကျီကိုသာ ကြည့်နေဆဲဖြစ်သည်။
"ကျွန်တော် စောစောကတိုက်တဲ့အချိန်မှာ အိတ်တစ်လုံးပျောက်သွားတယ်။ အဲဒီအထဲမှာ ရွှေသားကျောက်ဒင်္ဂါး ၅၀၀လောက်ရှိတယ်။ ပြီးတော့ ကျွန်တော် အထဲမှာ တန်ဖိုးကြီးမာန်အကြောမျှင်အချို့လည်း သိမ်းထားသေးတယ်။ အဲဒီအချိန်တုန်းက စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုဝင်တစ်ယောက် ယူသွားတာကို ကျွန်တော်တွေ့လိုက်တယ်"
"ဆရာ ကျွန်တော့အတွက်ပြန်တောင်းပေးလို့ရမလား"
ထျန်းရှဲ့ကျီပင် စကားမပြောရသေးပဲ စုမင် စကားသံထွက်ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲသည် စုမင်ထံ အလျင်အမြန်လှမ်းကြည့်လာခဲ့သည်။ ဤအရာသည် သူ စုမင်ထံ ပထမဆုံးလှမ်းကြည့်လိုက်ခြင်းဖြစ်သည်။ သု့မျက်နှာပေါ်မှ အပြုံးသည် တစ်ခဏတာပျောက်ကွယ်သွားသော်လည်း မကြာမီမှာပင် ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။
သို့သော် ထိုတစ်ခဏလေးမှာပင် သူ့မျက်လုံးများအတွင်းတွင်လည်း အေးစက်သောအကြည့်တစ်ခု ပေါ်လာခဲ့ခြင်းအား သူ့အမူအယာကို တစ်ချိန်လုံးစောင့်ကြည့်နေခဲ့သည့် စုမင်က ရှင်းရှင်းလင်းလင်းမြင်လိုက်ရချေသည်။
"ဟာ... အဲလိုဟာမျိုး ဖြစ်သွားသေးတာလား။ မင်း ရွှေသားကျောက်ဒင်္ဂါး ၅၀၀တောင် ပျောက်သွားတာလား။ အဲဒါ အများကြီးပဲနော်" ထျန်းရှဲ့ကျီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ထို့နောက် စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲထံ လှည့်ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ခက်ထန်သောအမူအယာတစ်ခု ပေါ်လာခဲ့သည်။ "အကြီးဆုံးတူတပည့်လေး၊ ဒါက မင်းတို့အမှားပဲ ဟုတ်တယ်မလား။ အခု မြန်မြန်လုပ်။ ငါ့တပည့်လေးပျောက်သွားတဲ့အိတ်ကို ပြန်ယူလာခဲ့ပေးလေ"
စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲသည် ခဏတာငြိမ်သက်သွားပြီးနောက် သု့ရင်ဘတ်ထဲမှ အိတ်တစ်လုံးကို ချက်ချင်းထုတ်ယူလိုက်ပြီး ထိုအထဲမှ ရွှေကျောက်ဒင်္ဂါး ၆၀၀ကို ထုတ်ယူလိုက်သည်။ ထိုကျောက်ဒင်္ဂါးများသည် စုမင်အားထျန်းလန်မုန်ပေးခဲ့သော တစ်ခုလောက် သိသာထင်ရှားမနေသော်လည်း အတူတူလောက်ပင်ဖြစ်သည်။ များပြားလှသော ထိုကျောက်ဒင်္ဂါးများနှင့် ၎င်းတို့၏တန်ဖိုးသည် စုမင် ယခင်က တစ်ခါမှမမြင်ခဲ့ဖူးသောအရာဖြစ်၏။
"အဲလိုလုပ်နေစရာ မလိုပါဘူး။ ဒီမှာ ရွှေကျောက်ဒင်္ဂါး ၆၀၀ရှိတယ်။ ဂျူနီယာညီလေး မင်းဒါကိုလက်ခံပေးနိုင်မလား" စုမင်ထံလှမ်းကြည့်လာသော အချိန်တွင် စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ကျောက်ဒဂါးတွေက အဆင်ပြေပါတယ်။ ဒါပေမယ့် ဒီဧရိယာတစ်ခုလုံးက မြောက်ပိုင်းနယ်စပ်ရဲ့ တရားစီရင်ပိုင်ခွင့် အောက်မှာလေ။ အခု ကောင်းကင်မြူခိုးလူရိုင်းအမဲလိုက်ပွဲကလည်း နီးနေပြီဆိုတော့ ကျွန်တော်တို့က ဈေးဝယ်ထွက်ကြမှာ ပုံမှန်ပဲ။ ကျွန်တော်တို့သာ တစ်ခုခုဖြစ်ခဲ့ရင်..." စကားပြောလိုက်သူက စုမင်မဟုတ်ပဲ အနီးတွင်ရပ်နေသော သူ့အစ်ကိုနှစ်ဖြစ်သည်။
အစ်ကိုနှစ်၏အသံသည် အေးစက်စက်သီးသန့်ဆန်မနေတော့ပဲ နွေဦးလေပြေလေးကဲ့သို့ နူးညံ့သိမ်မွေ့နေနေပြီ။ သူ့စကားသံထွက်ပေါ်လာသည်နှင့် စုမင် အစ်ကိုနှစ်ထံ ချက်ချင်းလှည့်ကြည့်လိုက်မိသည်။
အစ်ကိုနှစ်၏မျက်နှာပေါ်ရှိ အေးစက်စက်သီးသန့်ဆန်သောအမူအယာက ပျောက်ကွယ်သွားပြီဖြစ်ကာ အစ်ကိုနှစ်သည် သူ့ခန္ဓာကိုယ်ပေါ်သို့ နေရောင်ဖြာကျခြင်းကို သဘောကျနှစ်သက်သော နူးညံ့သိမ်မွေ့သည့်လူအဖြစ် ပြန်လည်ပြောင်းလဲသွားပြီဖြစ်ကြောင်း စုမင်တွေ့လိုက်ရသည်။
နှုတ်ခမ်းများထက်တွင် အပြုံးလေးတစ်ခုဖြင့် အစ်ကိုနှစ်သည် စုမင်ထံခေါင်းညိတ်ပြလာခဲ့၏။ ထိုခန့်ညားချောမောသော မျက်နှာ၊ တောက်ပသော အပြုံးနှင့် နူးညံ့သိမ်မွေ့သော အမူအယာများကြောင့် စုမင်အတွက်တော့ အစ်ကိုနှစ်အား လွန်ခဲ့သောအချိန်အနည်းငယ်က သူ့ပုံစံနှင့် ဆက်စပ်မြင်ကြည့်ရန် ခက်ခဲနေချေသည်။ ဤအစ်ကိုနှစ်သည် အမှန်တစ်ကယ် ပြန်ရောက်လာပြီဖြစ်ကြောင်း ယုံကြည်ရန်ပင် ခဲယဉ်းနေခဲ့လေသည်။
အစ်ကိုနှစ်၏ စကားသံထွက်ပေါ်လာပြီးသည်နှင့် စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲသည် အစ်ကိုနှစ်ထံ လှမ်းကြည့်လာခဲ့သည်။ သူ့အမူအယာသည် ခဏတာမည်းမှောင်သွားပြီးနောက် နွမ်းလျစွာပြန်ပြောလာခဲ့၏။
"အဲဒါက လွယ်ပါတယ်။ ကောင်းကင်မြူခိုးလူရိုင်းအမဲလိုက်ပွဲ မတိုင်ခင် မင်းတို့ အေးခဲကောင်းကင်ကလန်အပြင်ဘက်မှာ တစ်ခုခုဖြစ်ခဲ့ရင်၊ စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုက တာဝန်ယူပါ့မယ်"
"အာ့လိုလား။ အဲလိုဆို အခုငါ့မှာလည်း ပြောရဲတဲ့သတ္တိရှိသွားပြီ။ ဆရာ၊ အမှန်တော့ ကျွန်တော်လည်း ကျောက်ဒင်္ဂါးတစ်ချို့ ပျောက်သွားတယ်..." အစ်ကိုနှစ်က သိမ်မွေ့စွာပြုံးလိုက်သည်။
"ဟမ် မင်းလည်းပျောက်သွားတာလား။ သေစမ်း၊ မင်းတို့တိုက်ခိုက်ဖို့ထွက်လာတဲ့အချိန်မှာ ဘာကြောင့် မင်းတို့ပိုက်ဆံတွေအားလုံးကို ယူလာကြရတာလဲ။ ကောင်းတယ်... အရမ်းကောင်းတယ်။ အာ၊ ဒုတိယလေး နဝမတောင်ထွတ်ရဲ့ စည်းမျဉ်းတွေထဲမှာ အဲဒါကိုလည်း သေချာချရေးထားလိုက်ဦး" ထျန်းရှဲ့ကျီသည် အလွန်စိတ်ကျေနပ်နေသော အမူအယာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
မျက်နှာလုံးဝမည်းမှောင်နေပြီဖြစ်သော စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲထံ လှမ်းကြည့်လိုက်ရင်း အစ်ကိုနှစ်၏မျက်နှာပေါ်တွင် အတန်ငယ်အနေရခက်သော အမူအယာမျိုးပေါ်လာခဲ့သည်။
"အဲဒါနဲ့ပက်သက်လို့... ကျွန်တော် အများကြီးတော့ မပျောက်သွားပါဘူး။ ရွှေကျောက်ဒင်္ဂါး ၅၀၀ရယ်၊ စိတ်တစ္ဆေခက်ရင်းခွတစ်ခုရယ်၊ တန်ဖိုးကြီး မာန်အကြောမျှင် ၁၀ခုရယ်၊ ဒဏ်ရာကုသဖို့သုံးတဲ့ ဆေးရည် ၁၀၀ကျော်လောက်ရယ်ပါပဲ... အဲဒါသိပ်မများပါဘူး။ တစ်ကယ့်ကို သိပ်မများပါဘူး။ တစ်ခြားဟာတွေနဲ့ ပက်သက်လို့တော့ ကျွန်တော် စိတ်အနှောင့်အယှက် ပေးမနေတော့ဘူး။ ကျွန်တော်က အဲလောက် စိတ်သဘောထားမသေးသိမ်တဲ့ လူမို့လို့ သူတို့ကိုစွန့်လွှတ်လိုက်ပါ့မယ်"
"အငယ်ဆုံးလေး၊ မင်းရောတစ်ခြား ဘာပျောက်သေးလဲ" အစ်ကိုနှစ်သည် ပြုံးနေရင်းမှ စုမင်ထံလှမ်းကြည့်လျက် ညင်ညင်သာသာမေးလာခဲ့သည်။
မော့ရှန်း၏မျက်နှာက ပိုမိုမည်းမှောင်သွားသည်။
သူအရမ်းတောင်းဆိုမိသွားသည်ဟု စုမင် မူလကတွေးတောနေမိခဲ့သော်လည်း အစ်ကိုနှစ်ပြောသွားသည်ကို ကြားလိုက်ရပြီးသည်နှင့် ပစ္စည်းများအား ရူးသွပ်ဖွယ်ပမာဏ တောင်းဆိုခြင်းဆိုသည်မှာ မည်သည်ကိုဆိုလိုမှန်း စုမင် အတိအကျသိသွားရသည်...
"အာ... ကျွန်တော်ပျောက်သွားတာတွေကို မှတ်မိပြီ။ ရေခဲတုံး ၁၀၀လောက်ရယ်၊ အမ်... ပြီးတော့ အရိုးပေါင်းစည်းမြက်၊ ရနံ့မွှေးကိုင်း သုံးကိုင်း၊ မြေသစ်ခွရွက်တွေရယ်..." စုမင် သူ့ခေါင်းထဲတွင် ထိပ်ဆုံး၌ရှိနေသည့် ဆေးဖက်ဝင်ပစ္စည်း ဒါဇင်ပေါင်းများစွာ၏အမည်တို့ကို ပြောဆိုလိုက်သည်။
"ပြီးတော့ ရုပ်နယ်လွန်နယ်ပယ်နဲ့ညီတဲ့ သားရဲအရိုးခုနစ်ခု၊ ရုပ်နယ်လွန်နယ်ပယ်နဲ့ ညီတဲ့အစွမ်းရှိတဲ့ ရုပ်သေးခန္ဓာကိုယ်ရှစ်ခု၊ ပြီးတော့..." စုမင် သူတစ်ခြားဘာလိုချင်မှန်း မသိတော့သည်အထိ ဆက်ပြောနေခဲ့သည်။
စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲ၏ အမူအယာက အလွန်အမင်းမည်းမှောင်လွန်းသဖြင့် စုမင်တို့အား သတ်ဖြတ်လိုခြင်းအဖြစ် ပြောင်းလဲနေခဲ့ချေပြီ။ သူသည် စုမင်နှင့်အခြားသူများထံ အေးစက်စွာစိုက်ကြည့်နေခဲ့သည်။ အခြား စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုဝင်များသည်လည်း ဒေါသပေါက်ကွဲလုမတတ် ဖြစ်နေကြချေပြီ။
"အဟမ်း၊ အငယ်ဆုံးလေး မင်းမှတ်ဉာဏ်က တစ်ကယ်ဆိုးရွားတာပဲ။ မင်းအိတ်ထဲမှာလည်း စိတ်တစ္ဆေခက်ရင်းခွတစ်ခုရှိတာ ငါမှတ်မိပါတယ်" စုမင်ဘေးရှိအစ်ကိုနှစ်သည် ဟန်လုပ်၍ ချောင်းအနည်းငယ်ဟန့်လိုက်သည်။
"ဟုတ်သားပဲ။ ကျွန်တော် အခုမှသတိရသွားတယ်။ စိတ်တစ္ဆေခက်ရင်းခွတစ်ခုလည်း ကျွန်တော်ပျောက်သွားသေးတယ်" စုမင် မျက်မှောင်တဖျတ်ဖျတ်ခပ်၍ အလျင်အမြန်ပြောလိုက်သည်။
စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲသည် အလွန်ဒေါသထွက်စွာဖြင့် စတင်ရယ်မောလိုက်သော်လည်း အကြိမ်အနည်းငယ်ခန့် အသက်ပြင်းပြင်းရှူရှိုက်လိုက်ပြီးနောက် သူ့မျက်လုံးများကိုပိတ်လိုက်ချေသည်။ ပြန်ဖွင့်လာချိန်တွင်တော့ သူ့မျက်လုံးများသည် အေးဆေးတည်ငြိမ်နေခဲ့ပြီးဖြစ်ကာ အပြုံးလေးတစ်ခုဖြင့် ခေါင်းညိတ်ပြလာခဲ့သည်။
"ဒါပေမယ့် အဲဒီ ရုပ်သေးခန္ဓာကိုယ် ရှစ်ခုကို မင်းအိတ်ထဲမှာ ဘယ်လိုများ သိုလှောင်သိမ်းဆည်းထားလဲဆိုတာ ငါတစ်ကယ်သိချင်မိတယ်... ပြီးတော့ ဘယ်လိုလုပ်ပြီးများ ငါတို့မျိုးနွယ်စုရဲ့ ထူးခြားရတနာ စိတ်တစ္ဆေခက်ရင်းခွက
မင်းအိတ်ထဲမှာ အတိအကျရှိနေရတာလဲ..."
"ဒါပေမယ့် မင်းက သူတို့ကို ငါတို့မျိုးနွယ်စုထဲမှာ ပျောက်သွားတယ်ဆိုမှတော့ ငါတို့ကပြန်ပေးရမှာပေါ့" စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲသည် စကားပြောလိုက်ပြီးသည့် အခိုက်အတန့်မှာပင် အဝေးသို့ရုတ်တရက်မော့ကြည့်လိုက်သည်။
ကြီးမားသောပုဆိန်ကြီးတစ်လက်အား ကိုင်ဆောင်ထားသည့်လူတစ်ဦးသည် သူတို့ထံသို့ အဝေးမှအလျင်အမြန်ပြေးလာနေသည်ကို တွေ့နိုင်ချေသည်။ ထိုသူသည် ပြေးလွှားလာနေရင်းမှ ကျယ်လောင်စွာစတင်အော်ဟစ်လိုက်သည်။
"နေဦး။ နေဦး... ငါလည်း ပစ္စည်းတစ်ချို့ ပျောက်သွားသေးတယ်"
အစ်ကိုနှစ် ပြုံးလိုက်မိသည်။ သူ့လက်ဝါးအတွင်းမှမြက်များသည်လည်း ပြိုကွဲပျက်စီး၍ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတို့ပစ္စည်းကောင်းများရနိုင်သောအချိန်တွင် သူ၏ ဂိုဏ်းတူဂျူနီယာညီလေးများကို ပြောပြဖို့ မေ့လိမ့်မည်မဟုတ်ပေ။ ဟူကျီ၏ ကိစ္စတွင်တော့ သူသည် ဟူကျီအားနှိုး၍ ပြောပြခဲ့ခြင်းပင်ဖြစ်သည်...
"ငါ ဝိုင်တစ်အိုးပျောက်သွားတယ်။ အဲဒါအကုန်ပဲ တစ်ခြားဘာမှမရှိဘူး။ ငါ့ကို ငါ့ဝိုင်တွေ ပြန်ပေးကြ" ဟူကျီသည် ပြေးလာပြီး စုမင်ဘေးတွင်ရပ်လျက် အမောတကောအသက်ရှူရင်းမှ စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲကို အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများထဲတွင်တော့ အလွန်စိတ်အားထက်သန်မှုနှင့် လိုလားတောင့်တမှုများရှိနေခဲ့သည်။
စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲသည် လက်သီးများကိုအလိုလိုဆုတ်လိုက်မိ၏။ ခဏတာငြိမ်သက်နေပြီးနောက် လက်များကိုဝှေ့ယမ်းလိုက်ပြီး ဆီးနှင်းလွင်ပြင်များအလွန်ရှိ စိတ်တစ္ဆေကပ်ဆိုးမြို့တော်ဆီသို့ ပြန်ရန် လှည့်ထွက်လိုက်သည်။
"သူတို့ကိုပေးလိုက်" လေထဲတွင် ပဲ့တင်ထပ်လာသော သူ့အသံထဲတွင် ဒေါသအရိပ်အယောင်များကို ကြားနိုင်ပေသည်။
သို့သော် သူစကားပြောပြီးနောက် ရှေ့သို့ခြေလှမ်းအနည်းငယ် မလှမ်းရသေးခင်မှာပင် ထျန်းရှဲ့ကျီ၏ခေါင်းထဲ၌ အတွေးတစ်ခုပေါ်ပေါက်လာခဲ့သည်။ ထို့နောက် ထျန်းရှဲ့ကျီသည် အနည်းငယ်ချောင်းဟန့်လိုက်ပြီး စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲအား ပြောဆိုလိုက်သည်။
"အာ... အကြီးဆုံးတူတပည့်လေး။ ကြည့် ငါကအရမ်းအိုနေပြီဆိုတော့ ကိစ္စတွေကိုကောင်းကောင်း မမှတ်မိတော့ဘူး။ ငါလည်း ပစ္စည်းနည်းနည်းပျောက်သွားတာကို အခုမှပဲသတိရသွားတယ်..."
စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲ၏ ခြေလှမ်းများက ရုတ်တရက်ရပ်တန့်သွားသည်။ သူ့မျက်နှာသည် လူအုပ်စုထံမှ အဝေးသို့လှည့်ထားသဖြင့် မည်ကဲ့သို့ဖြစ်နေမည်မှန်း မမြင်ရသော်လည်း စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲသည် ဆက်လက်ထိန်းချုပ်မထားနိုင်တော့ပဲ ကောင်းကင်ကိုပင် လောင်ကျွမ်းပစ်နိုင်သည့် ဒေါသများဖြင့် ပေါက်ကွဲလုနီးပါးဖြစ်နေသည်ကိုတော့ သူတို့ခံစား၍ရပေသည်။
သို့သော် သူ့ဒေါသများ ထွက်ပေါ်လာသည့်အခိုက်အတန့်မှာပင် ဆီးနှင်းလွင်ပြင်များ၏ အကျော်မှ ဆီးနှင်းများအား တစ်စုံတစ်ဦးဖြတ်သန်းနင်းလျှောက်လာသည့် အသံများထွက်ပေါ်လာခဲ့သည်။ ထို့နောက် မကြာမီမှာပင် ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး ဦးခေါင်းကိုပင်ဖုံးအုပ်ထားသည့် လူတစ်ဦးထွက်ပေါ်လာခဲ့သည်။ ထိုလူသည် ဆီးနှင်းလွင်ပြင်များပေါ်သို့ ခြေချမိသည်အထိ အရှေ့သို့ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။
"မင်းတို့ပျောက်သွားတဲ့အရာတွေ အကုန်လုံးကို ငါတို့ပေးမယ်... ဒါပေမယ့် ငါသူနဲ့ စကားပြောချင်တယ်... သူတစ်ယောက်တည်းကိုပဲ..." ထိုလူသည် အရိုးတစ်ချောင်းသဖွယ် ခြောက်ကပ်နေသည့် သူ့ညာလက်ကိုမြှောက်၍ ညွှန်ပြလိုက်သည်။ သူ့လက်ချောင်းများတွင်တော့ မယုံနိုင်လောက်အောင် ရှည်လျားသည့်လက်သည်းရှည်များ ရှိနေခဲ့သည်။ သူညွှန်ပြလိုက်သော လူသည်ကား... စုမင်ပင် ဖြစ်သည်။
သူ့အသံသည် အချိန်ကာလများကို ဖြတ်သန်းလာခဲ့ရဟန်ဖြင့် အက်ကွဲနေခဲ့ပြီး ၎င်းအသံက လေထဲတွင် ဖြည်းဖြည်းချင်း ပျံ့လွင့်နေခဲ့သည်...
"စိတ်တစ္ဆေ တူညီ" ထျန်းရှဲ့ကျီ၏မျက်နှာက ရုတ်ခြည်းလေးနက်တည်ကြည်သွားသည်။ သူ့ဝတ်ရုံများပေါ်ရှိ အဖြူရောင်အငွေ့အသက်များသည်လည်း ပြောင်းလဲတော့မည့် အရိပ်အယောင်များ စတင်ပြလာခဲ့သည်။
***