← Chapters

လေ့ချန်

Vol. 22 Ch. 295

လေ့ချန်

Vol. 22 Ch. 295

ဆီးနှင်းလွင်ပြင်များ၏ အကျော်မှ လျှောက်လှမ်းလာနေသည့် ခရမ်းရောင်ဝတ်ရုံနှင့်လူအား စုမင် သေချာအာရုံစူးစိုက်၍ လှမ်းကြည့်လိုက်သည်။ ထိုလူ့အား လုံးဝရင်းနှီးခြင်းမရှိဟု ခံစားနေခဲ့ရသော်လည်း ထိုလူက လက်မြှောက်၍ စုမင်ထံညွှန်ပြလာသည့် အခိုက်အတန့်တွင် စုမင်စိတ်နှလုံးက ယိမ်းယိုင်လှုပ်ရှားသွားခဲ့သည်။ သူ ရှင်းမပြတတ်သော်လည်း ထိုအခိုက်အတန့်တွင် စုမင်သည် ဤလူအား ယခင်က တစ်နေရာရာတွင် တွေ့ခဲ့ဖူးသကဲ့သို့ မူလက ရင်းနှီးကျွမ်းဝင်ခြင်းမရှိခဲ့သည့် ခံစားချက်သည် ရုတ်တရက် အကျွမ်းတဝင်ဖြစ်လာခဲ့၏။

ခရမ်းရောင်ဝတ်ရုံနှင့်လူ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မူလက ဒေါသပေါက်ကွဲတော့မည့် စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲသည်လည်း သူ့ဒေါသများ ချက်ချင်းပျောက်ကွယ်ကွယ်သွားသည်ဟု ခံစားလိုက်ရသည်။ သူ့အမူအယာက တည်ငြိမ်သွားပြီး လေထဲမှာပင် ပြန်လှည့်လာခဲ့သည်။ သူ့အကြည့်များကလည်း စုမင်အပေါ်ကျရောက်လာခဲ့ချေသည်။

ထျန်းရှဲ့ကျီ၏ မျက်နှာအမူအယာက တင်းမာနေပြီး သူ့ဝတ်ရုံများ၏ အရောင်ကလည်း စတင်ပြောင်းလဲလာကြသည်။ ၎င်းတို့သည် အဖြူရောင်မဟုတ်တော့ပဲ မီးခိုးရောင်အဖြစ် ပြောင်းလဲလာကြချေသည်။ ထိုမီးခိုးရောင်သည် အပြောင်းအလဲ၏ အဆုံးသတ်မဟုတ်ခဲ့ပေ။ သူ့ဝတ်ရုံများပေါ်တွင် ခရမ်းရောင်အစအနများ တစ်ဖြည်းဖြည်း စတင်ပေါ်လာခဲ့သည်။

"ဆရာ ထျန်းရှဲ့ကျီ လေးစားမှုအပြည့်နဲ့ပြောတာပါ။ ငါ မင်းတပည့်အပေါ် ရန်ပြုလိုစိတ်မရှိဘူး။ သူ့ကိုမေးဖို့လိုတဲ့ မေးခွန်းအချို့ ငါ့မှာရှိနေလို့ပါ" နောက်တစ်ကြိမ် စကားပြောပြီးသွားသော်လည်း ခရမ်းရောင်ဝတ်ရုံနှင့်လူ၏ မျက်နှာကို မတွေ့ရသေးပေ။

"စိတ်တစ္ဆေကပ်ဆိုးရဲ့ စိတ်တစ္ဆေတူညီ... မျိုးနွယ်စု စတင်ဖြစ်ပေါ်လာတည်းက ကောလဟာလတွေရှိနေခဲ့တာ၊ အဲဒီအချိန်တည်းက ဒုတိယစိတ်တစ္ဆေတူညီ မရှိခဲ့ဘူးဆိုပဲ... တစ်ကယ်တော့ ကောလဟာလတွေထဲမှာ ပြောထားကြသေးတာက၊ စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုကို  အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီး နှိမ်နင်းခဲ့တဲ့အချိန်ကတောင် စိတ်တစ္ဆေတူညီက ပြန်မတိုက်ခဲ့ဘူးတဲ့..."

"စိတ်တစ္ဆေတူညီ၊ မင်းဘယ်လောက် သန်မာလဲဆိုတာ ငါကြည့်ချင်တယ်" ထျန်းရှဲ့ကျီ၏ အကြည့်က အေးစက်နေသည်။ ထိုအခိုက်အတန့်တွင်တော့ သူသည် ရူးသွပ်နေပုံမပေါ်တော့ပဲ ထိုအစား သတ်ဖြတ်ချင်နေခဲ့လေသည်။

"ငါနဲ့ စကားပြောချင်စိတ်ရှိလားဆိုတာ ဘာလို့များမင်းတပည့်ကို မေးမကြည့်ရတာလဲ ဆရာထျန်းရှဲ့ကျီ။

သူဆန္ဒမရှိဘူးဆိုရင်၊ ငါသူ့ကိုအတင်းအကြပ် တွန်းအားမပေးပါဘူး။ ဒါပေမယ့် အကယ်၍ သူသာဆန္ဒရှိတယ်ဆိုရင်တော့ ငါတို့ကိုမတားဆီးဖို့ မျှော်လင့်ပါတယ်" ခရမ်းရောင်ဝတ်ရုံနှင့် လူ၏ အသံက  အက်ကွဲသော်လည်း တည်ငြိမ်နေခဲ့သည်။

ထျန်းရှဲ့ကျီသည် ခရမ်းရောင်ဝတ်ရုံနှင့် လူအား လှည့်ကြည့်နေရင်း သူ့မျက်နှာပေါ်ရှိ လေးနက်တင်းမာသော အမူအယာက ပိုမိုပြင်းထန်လာခဲ့သည်။ ထျန်းရှဲ့ကျီထံတွင် ထိုအမူအယာမျိုး ဖြစ်ပေါ်လာခဲသော်လည်း သူ့မျက်လုံးများအတွင်းရှိ တင်းမာသောအကြည့် ပိုမိုသန်မာလာသည်နှင့်အမျှ တိုက်ခိုက်လိုသည့် စိတ်ဆန္ဒတစ်ခုလည်း ပေါ်လာခဲ့လေသည်။

သူ့နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်သော်လည်း စကားတော့ပြန်မပြောခဲ့ပေ။ ထိုအစား သူ့ညာလက်ကိုသာ ဖြည်းညှင်းစွာမြှောက်လိုက်ပြီး ထိုအချိန်အတွင်းတွင် သူ့ဝတ်ရုံများသည်လည်း ခရမ်းရောင်အဖြစ် အလျင်အမြန်ပြောင်းလဲသွားကြသည်။

စုမင်ဘေးရှိ အစ်ကိုနှစ်၏ မျက်နှာပေါ်တွင် လေးနက်သည့်အမူအယာတစ်ခု ပေါ်လာခဲ့သည်။ အကြီးဆုံးအစ်ကိုကြီးပိုင်ဆိုင်သော ကျွန်အယောက်၃၀၀ထဲမှ တစ်ဦးဖြစ်သော အသားမည်းမည်းလူထံမှာပင် အလားတူတုန့်ပြန်မှုမျိုး ရှိနေခဲ့လေသည်။

"ခင်ဗျား မေးလို့ရတယ်။ ဒါပေမယ့် ကျွန်တော့မေးခွန်းတွေကိုလည်း ဖြေရမယ်" စုမင် စိတ်တစ္ဆေတူညီအား ကြည့်လိုက်ပြီး ရုတ်တရက်ပြောလိုက်သည်။

"ကောင်းပြီ" ခရမ်းရောင်ဝတ်ရုံနှင့်လူက တည်ငြိမ်စွာပင် သဘောတူသည်။

"ဆရာ၊ ကျွန်တော် သူနဲ့စကားပြောချင်တယ်"

စုမင် စကားစပြောလာသောအခါ ထျန်းရှဲ့ကျီ၏ မြှောက်ထားသောလက်က လေထဲမှာပင်ရပ်တန့်သွားသည်။ ထို့နောက် စုမင်ထံ လှည့်ကြည့်လိုက်ပြီးနောက် ခဏတာငြိမ်သက်သွားပြီးမှ

ညာလက်ကို အောက်ပြန်ချလိုက်ချေသည်။

"ငါနဲ့ လိုက်ခဲ့" ခရမ်းရောင်ဝတ်ရုံဖြင့် စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စု၏ စိတ်တစ္ဆေတူညီက အက်ကွဲစွာပြောလိုက်ကာ သူ့အနောက်တွင်ရှိသော ဆီးနှင်းလွင်ပြင်များ၏ အစပ်သို့ ဦးတည်လျှောက်သွားခဲ့သည်။

စုမင် တွန့်ဆုတ်မနေပဲ ရှေ့တိုးသွားလိုက်သည်။ ခရမ်းရောင်ဝတ်ရုံနှင့်လူက အရှေ့မှလျှောက်၍ စုမင်က အနောက်မှလိုက်ပါသွားခဲ့သည်။ မကြာမီမှာပင် သူတို့နှစ်ဦးသည် ဆီးနှင်းလွင်ပြင်များ၏ အစပ်သို့ရောက်ရှိသွားခဲ့ကြသည်။ ထိုနေရာတွင်ရပ်လိုက်သောအခါ စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စု ပိုင်ဆိုင်သည့် မြို့တော်နှင့် ချောက်ကမ်းပါးအောက်ခြေရှိ

မြို့နောက်ကွယ်မှ တစ်ဖြည်းဖြည်း ထိုးဖောက်ဝင်ရောက်နေသည့် မြက်ခင်းများကို သူတို့ရှင်းရှင်းလင်းလင်း မြင်နိုင်ချေသည်။

သူတို့နှစ်ဦးကြား တိတ်ဆိတ်မှုက ကြီးစိုးသွားပြီး မည်သူကမှ စကားစမပြောခဲ့ပေ။

ခရမ်းရောင်ဝတ်ရုံလူနှင့် စုမင်အကြားတွင် ပေဒါဇင်ပေါင်းများစွာကွာဝေးနေသည်။ အချိန်အတော်ကြာပြီးချိန်တွင်မှ ထိုသူက ဖြည်းညင်းစွာ ပြောဆိုလာခဲ့သည်။ "အဲဒါက တောင်ပိုင်းနယ်မြေတွေပဲ..."

မြင်ကွင်းအဆုံးတွင် တည်ရှိနေသည့် မြက်ခင်းတို့၏အရိပ်အယောင်များကို စုမင်လှမ်းကြည့်လိုက်သော်လည်း တိတ်ဆိတ်နေမိဆဲပင် ဖြစ်သည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ" ခရမ်းရောင်ဝတ်ရုံလူသည် စုမင်ဘက်သို့လှည့်လာခဲ့ပြီး ဝတ်ရုံများအောက်တွင် ဖုံးကွယ်ထားသော မျက်လုံးများဖြင့် စုမင်ထံလှမ်းကြည့်လာခဲ့သည်။

"စုမင်။ ခင်ဗျားနာမည်ကရော" စုမင် ခဏတာတုန့်ဆိုင်းနေပြီးနောက် မည်သည့်အရာကိုမှ ဖုံးကွယ်မထားရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား အဖြေပေးပြီးသည်နှင့် သူကိုယ်တိုင် မေးခွန်းပြန်ထုတ်လိုက်၏။

ခရမ်းရောင်ဝတ်ရုံနှင့်လူသည် ထိုမေးခွန်းကို ခဏတာစဉ်းစားနေခဲ့ပုံ ပေါ်ပြီးမှ ခေါင်းခါယမ်းလျက် အက်ကွဲစွာပြန်ဖြေလာခဲ့သည်။ "ငါ့နာမည်လား... ငါ မေ့တောင် မေ့နေပြီ... စိတ်တစ္ဆေတူညီက ငါ့နာမည်ပါပဲ"

"မင်းဆီက ထူးခြားတဲ့အရှိန်အဝါတစ်ခုကို ငါခံစားမိတယ်။ မင်းက.. တောင်ပိုင်းအရုဏ်ဦးကုန်းမြေက မဟုတ်ဘူး" ခရမ်းရောင်ဝတ်ရုံလူက တီးတိုးပြောဆိုလိုက်သော်လည်း သူ့စကားများ စုမင်နားထဲသို့ရောက်လာသောအခါ ၎င်းတို့က စုမင်နှလုံးသားကို လှုပ်ရှားသွားစေခဲ့သည်။

ထိုအရာက မေးခွန်းတစ်ခုမဟုတ်ပေ။ စုမင်ထံမှ မည်သည့်တုန့်ပြန်ချက်ကိုမှ မလိုအပ်သည့် သေချာစွာပြောဆိုလိုက်သော အချက်တစ်ချက်ဖြစ်သည်။

"ဒါ ဘာလဲ" စုမင် ထိုအကြောင်းအရာကို ရှောင်လွှဲလိုက်ပြီး  ရင်ဘတ်ထဲမှ အနက်ရောင်ကျောက်တုံးတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျောက်တုံးသည် မာကျောပုံပေါ်သော်လည်း အမှန်စင်စစ်တွင် စုမင် ထိုအရာကို လက်ထဲတွင် ပထမဆုံးဆုပ်ကိုင်ခဲ့မိချိန်က ၎င်းသည် အလွန်အမင်းနူးညံ့နေခဲ့ပေသည်။ ထိုကျောက်တုံးသည် ယခင်က အနက်ရောင်ပိုးကောင်များ ထွက်ပေါ်လာနေခဲ့သည့် ပိုးအိမ်ပင်ဖြစ်သည်။

"အဲဒါက စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုရဲ့ အထွတ်အမြတ်ပစ္စည်းတစ်ခုပဲ။ စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုဝင်တစ်ယောက်က အဲဒါကိုဖြတ်သန်းပြီးတော့ မရေမတွက်နိုင်တဲ့ စိတ်တစ္ဆေတွေပြည့်နေတဲ့ ထူးခြားတဲ့ကမ္ဘာကြီးတစ်ခုနဲ့ ဆက်သွယ်နိုင်တယ်... မင်းက တောင်ပိုင်းအရုဏ်ဦးကုန်းမြေက မဟုတ်သလို၊ ငါလည်း အတူတူပဲ..." ခရမ်းရောင်ဝတ်ရုံလူက တိုးညှင်းစွာပြောသည်။

စုမင် ထိုလူကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ဘာစကားမှပြန်မပြောခဲ့ပေ။

"မင်းဆီက ထူးခြားတဲ့အရှိန်အဝါတစ်ခုကို ငါခံစားလို့ရတယ်။ မင်းနဲ့ပက်သက်လို့ ရင်းနှီးနေတဲ့အရာတစ်ခုရှိတယ်။ အဲဒါက... ငါတို့ အရင်က ဆုံခဲ့ဖူးသလိုမျိုး"

"ဒါမှမဟုတ်၊ စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုရဲ့ နောက်ထပ် စိတ်တစ္ဆေတူညီကို မင်းတွေ့ခဲ့ဖူးတယ်လို့ ငါပြောသင့်တာလား..." ခရမ်းရောင်ဝတ်ရုံလူသည် ရုတ်တရက်ပြန်လှည့်လာပြီး စုမင်၏မျက်လုံးများထဲသို့ စိုက်ကြည့်လာခဲ့သည်။

"စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုထဲက စိတ်တစ္ဆေတူညီက အမြဲတမ်းတူညီတဲ့လူတစ်ယောက်တည်း မဟုတ်ခဲ့ဘူး။ တစ်ယောက်သေဆုံးသွားရင် နောက်တစ်ယောက် နိုးထလာလိမ့်မယ်။ ဒါပေမယ့် ငါတောင်ပိုင်းအရုဏ်ဦးကုန်းမြေတစ်ခုလုံးကို ရှာပြီးသွားပေမယ့် နောက်ထပ်စိတ်တစ္ဆေတူညီကို မတွေ့ခဲ့ဘူး"

"အတိတ်တုန်းက ငါအကြိမ်ပေါင်းများစွာ သေဆုံးခဲ့သင့်တယ်။ ဒါပေမယ့် ငါအကြိမ်တိုင်း ကြိုးစားရှင်သန်ခဲ့ပြီးတော့ ဆက်ရှာဖွေခဲ့တယ်... ငါ့ကို ပြောပြပါ မင်းအဲလူကို ဘယ်နေရာမှာတွေ့ခဲ့တာလဲ"

"ငါ ဘယ်သူ့အကြောင်းပြောနေလဲဆိုတာ မင်းသိပါတယ်။ ငါတို့ရဲ့ အထွတ်အမြတ်ပစ္စည်းကို မင်းထုတ်ယူလိုက်တဲ့အချိန် မင်းနှလုံးသားထဲမှာ အဖြေတစ်ခုရှိနေပြီးပြီဆိုတာကို ငါသိခဲ့တယ်။ ပြီးတော့ မင်းမှာ မေးခွန်းတွေလည်းရှိမှာပဲ။ ဒီမေးခွန်းတွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ အဲဒီလူရဲ့အကြောင်း ငါ့ကိုပြောပြပါ။ သူ ဘယ်မှာလဲ။ သူ့နာမည်က ဘာလဲ။ သူက စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုရဲ့ နောက်ထပ်စိတ်တစ္ဆေတူညီပဲ"

စုမင် အရိုးအသားထဲမှပင် ထိတ်လန့်တုန်လှုပ်မှုကို ခံစားနေရသည်။ သူ ခရမ်းရောင်ဝတ်ရုံလူကို ကြည့်လိုက်ကာ အချိန်အတော်ကြာ ငြိမ်သက်နေပြီးနောက် ခေါင်းခါယမ်းပြလိုက်သည်။

"သူက တောင်ပိုင်းအရုဏ်ဦးကုန်းမြေထဲမှာ မဟုတ်ဘူး"

"အဲဒါ အရေးမကြီးဘူး။ သူဘယ်မှာလဲဆိုတာနဲ့ သူ့နာမည်ပဲ ငါ့ကိုပြောပြ။ ငါမင်းကို ဒါပြန်ပေးပါ့မယ်" ခရမ်းရောင်ဝတ်ရုံလူသည် အလောတကြီးမေးလိုက်ပြီး သူ၏ခြောက်ကပ်နေသော ညာလက်ကိုမြှောက်လာခဲ့သည်။

သူ့လက်ဝါးထဲတွင် ခရမ်းရောင်ပိုးကောင်တစ်ကောင် ပေါ်လာခဲ့ချေသည်။

ထိုပိုးကောင်သည် ခေါင်းမှခြေဖျားထိ ခရမ်းရောင်ဖြစ်နေပြီး ၎င်းက ခရမ်းရောင်ဝတ်ရုံလူ၏ ခြောက်ကပ်နေသော လက်ဖဝါးပေါ်တွင် ငြိမ်သက်စွာလဲလျောင်းနေခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်မှ ခပ်ပျော့ပျော့ မွှေးရနံ့တစ်ခု ထွက်ပေါ်နေပြီး ထိုရနံ့သည်သာ တစ်စုံတစ်ဦး၏ နှာခေါင်းထဲသို့ တိုးဝှေ့ဝင်ရောက်သွားမည်ဆိုလျှင် ၎င်းတို့ထံ၌ ထိန်းချုပ်မရနိုင်သည့် ဆာလောင်မွတ်သိပ်မှုများ ပေါ်ပေါက်လာပေလိမ့်မည်။

"ဒီသတ္တဝါကို ခရမ်းရောင်စည်းချက်လို့ ခေါ်တယ်... ဒီပိုးကောင်ကိုစားလိုက်တဲ့ ဘယ်သားရဲမဆို သူတို့ရဲ့ဘိုးဘေးပုံစံကို ပြန်လည်ရောက်ရှိနိုင်သွားလိမ့်မယ်။ သူတို့အောင်မြင်ရင်တော့ သူတို့ရဲ့ တိုက်ပွဲဝင်စွမ်းအားက ခုန်ပျံတိုးတက်သွားလိမ့်မယ်။ သူတို့ကျဆုံးခဲ့ရင်တော့ သေသွားလိမ့်မယ်"

"ဒါကို မင်းနဲ့အတူယူသွား။ ကောင်းကင်မြူခိုးလူရိုင်းအမဲလိုက်ပွဲအတွင်း အန္တရာယ်ကြုံတွေ့ခဲ့ရင် ဒီပိုးကောင်နဲ့သာဆို ဘယ်လူရိုင်းမျိုးနွယ်စုကိုမဆို မင်းအတွက်ရူးသွပ်သွားအောင် လုပ်လို့ရတယ်... ဒီပိုးကောင်ကို မင်းနှလုံးသားထဲ သန့်စင်ထားလိုက်။ အဲလိုလုပ်ထားရင် မင်း ဒီပိုးကောင်ကို အတွေးတစ်ချက်နဲ့တင် သတ်ပစ်နိုင်ပြီ။ မင်းသဘောမတူသရွေ့ တစ်ခြားသူတွေ မင်းဆီက ယူသွားနိုင်မှာမဟုတ်ဘူး။ မင်း သူ့ကိုသယ်ဆောင်ထားတဲ့အတွက် ကြိုက်တဲ့လူနဲ့ အပေးအယူလုပ်လို့ရလိမ့်မယ်"

စုမင်နှလုံးခုန်သံက အလွန်လျင်မြန်နေခဲ့သည်။ မူလက ဤခရမ်းရောင်ဝတ်ရုံလူ၏ စကားများကို သူမယုံကြည်ခဲ့သော်လည်း ခရမ်းရောင်ပိုးကောင်ပေါ်လာသည့် အခိုက်အတန့်တွင် ဟန်တောင်တန်းခေါင်းလောင်းအတွင်း အနားယူနေသည့် အမည်မသိ တုတ်ချောင်းပုံ မျိုးစပ်မြွေလေးသည် အပြင်သို့အလျင်အမြန် ပြေးထွက်လာချင်ဟန်ဖြင့် မငြိမ်မသက်ဖြစ်လာသည်ကို စုမင်ရှင်းရှင်းလင်းလင်း ခံစားလိုက်မိချေသည်။ ဤပိုးကောင်၏ မျိုးစပ်မြွေလေးအပေါ် ဆွဲဆောင်နိုင်စွမ်းသည် စုမင်စိတ်ပင်မကူးနိုင်သည့် အနေအထားသို့ ရောက်ရှိသွားသကဲ့သို့ပင်ဖြစ်သည်။

စုမင် တိတ်ဆိတ်နေခဲ့ပြီးနောက် ခေါင်းခါယမ်းပြလိုက်သည်။ ခရမ်းရောင်ဝတ်ရုံလူ၏ စကားလုံးများသည် မှန်လား၊ မှားလားဆိုသည်ကို သူမပြောနိုင်ပေ။ အဆုံးတွင်တော့ ဤအရာက လေးနက်သောကိစ္စတစ်ခုဖြစ်သောကြောင့် စုမင်ထိုအရာကို အလွန်လွယ်ကူစွာ ထုတ်မပြောသင့်ပေ။

"ပြန်လိုက်ပါဦးမယ်" ဟန်တောင်တန်းခေါင်းလောင်းအတွင်းရှိ မြွေလေး၏ မငြိမ်မသက်ဖြစ်မှုကို ဖိနှိပ်လိုက်ပြီး စုမင်လှည့်ထွက်လိုက်သည်။ အဝေးတွင်ရပ်နေသည့် ထျန်းရှဲ့ကျီထံသို့ စတင်လျှောက်သွားလိုက်သည်။

"ငါ့မှာ မကောင်းတဲ့စိတ်ဆန္ဒမရှိပါဘူး။ နောက်ထပ်စိတ်တစ္ဆေတူညီရဲ့ နာမည်နဲ့ သူ ဘယ်နေရာမှာရှိနေလဲဆိုတာကို သိချင်ရုံပါပဲ။ ငါ တောင်ပိုင်းအရုဏ်ဦးကုန်းမြေကနေ လမ်းလျှောက်ထွက်သွားပြီး သူ့ကိုသွားရှာဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး..."

"သူ့နာမည်ရယ်၊ သူဘယ်နေရာမှာလဲဆိုတာကိုပဲ ငါသိချင်တာပါ။ ဒါဆို အဲဒီထူးဆန်းတဲ့ စိတ်တစ္ဆေနယ်မြေနဲ့ ငါ့မျိုးနွယ်စုရဲ့ စိတ်တစ္ဆေပညာရပ်အကြောင်း သူ့ကိုပြောပေးပါ။ ဒါက သူ့ကြီးထွားမှုအတွက် ကောင်းလိမ့်မယ်။ ဒီကမ္ဘာထဲက စိတ်တစ္ဆေတွေက သူ့ကိုရှာဖွေပြီး စောင့်ရှောက်ပေးကြလိမ့်မယ်..."

"ကျေးဇူးပြုပြီး ငါ့ကိုကူညီပါ..." ခရမ်းရောင်ဝတ်ရံလူ၏ အသံက အက်ကွဲနေသော်လည်း သူ့အသံအတွင်းမှ ပရိယာယ်ကင်းသော သဘောထားကို စုမင်ကြားနိုင်ချေသည်။

"မင်းငါ့စကားတွေကို ယုံအောင်လို့ ငါမလုပ်နိုင်မှန်း သိပါတယ်။ ဒါပေမယ့် ငါ့မှာတစ်ကယ် မကောင်းတဲ့စိတ်ဆန္ဒ လုံးဝမရှိပါဘူး... စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုရဲ့ အမွေအနှစ်နဲ့ ငါကျိန်ဆိုပါတယ်။ အကယ်၍ ငါ့စကားတွေထဲမှာ မုသားတစ်ခုလေးပါနေရင်၊ အကယ်၍ မင်းစိတ်ထဲက လူအပေါ်မှာ ငါနာကျင်စေချင်ခဲ့ရင်၊ စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုရဲ့ အမွေအနှစ် အဆုံးသတ်သွားပြီး ငါ့မျိုးနွယ်စုလည်း ဒီကမ္ဘာပေါ်က ထာဝရပျောက်ကွယ်သွားပါစေ"

ခရမ်းရောင်ဝတ်ရုံလူသည် ရှေ့သို့ခြေလှမ်းအနည်းငယ်တက်လာခဲ့ပြီး သူ၏အလောတကြီးအသံထဲတွင် စိတ်သောကရောက်မှုအရိပ်အမြွက် စွန်းထင်းနေခဲ့သည်။

စုမင်ခြေလှမ်းတို့ ရပ်တန့်သွားခဲ့သည်။ ထိုလူ၏ စကားလုံးများထဲမှစကားလုံးများထဲမှ မယိမ်းယိုင်သောဆုံးဖြတ်ချက်ကို သူကြားနိုင်ချေသည်။ တိတ်ဆိတ်မှုထဲတွင် စုမင်ခဏတာတုန့်ဆိုင်းနေခဲ့မိသည်။

"ဒါက ငါ့ရဲ့ကတိသစ္စာပဲ။ စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုရဲ့ နတ်ဘုရားကို သက်သေအဖြစ်ထားပြီး ကျိန်ဆိုပါတယ်" ခရမ်းရောင်ဝတ်ရုံလူသည် လက်နှစ်ဖက်လုံးကို မြှောက်၍ ဒူးတစ်ဖက်ထောက်ချလိုက်ပြီးနောက် စုမင်ထံခေါင်းငုံ့လိုက်သည်။

သူ ဒူးထောက်ချလိုက်သောအခါ အဝေယမှစောင့်ကြည့်နေခဲ့သည့် လူများအားလုံး၏ အမူအယာများက ပြောင်းလဲသွားခဲ့သည်။ စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲ၏ အကြည့်သည်ပင် စုမင်တို့အပေါ် စူးစိုက်ကျရောက်လာခဲ့သော်ငြား သူက စုမင်တို့အနီးသို့တော့ တိုးမလာခဲ့ပေ။

ထျန်းရှဲ့ကျီသည် ခရမ်းရောင်ဝတ်ရုံလူအားကြည့်၍ မျက်မှောင်ကြုတ်လိုက်မိသည်။ ဖြစ်ပျက်နေသော အရာများကို သူနားလည်သွားခဲ့ပုံပေါ်သည်။

မြေပြင်ထက်တွင် ဒူးထောက်နေသည့် ခရမ်းရောင်ဝတ်ရုံလူကို စုမင်အချိန်အတော်ကြာ ပြန်လှည့်ကြည့်နေမိသည်။ ဤလူ၏ ကတိသစ္စာနှင့် သူ့လုပ်ရပ်များက အတုအယောင်ဟုတ်ပုံမပေါ်ပေ။ သူသည် ကျိန်ဆိုရန် သူ့မျိုးနွယ်စုကိုပင် အသုံးပြုခဲ့ပြီး ထိုလုပ်ရပ်တစ်ခုတည်းကပင်လျှင် ပြဿနာ၏ ပြင်းထန်လေးနက်မှုကို ဖော်ပြရန်လုံလောက်နေခဲ့ချေသည်။

"အနောက်ပိုင်း မဟာမိတ်နယ်မြေ၊ လေ့ချန်..." စုမင် တိုးညှင်းစွာပြောဆိုလိုက်သည်။

စကားပြောပြီးသည်နှင့် စုမင်ထျန်းရှဲ့ကျီထံ လှည့်ထွက်သွားခဲ့သည်။ သူထိုသို့လုပ်လိုက်သည်နှင့် ခရမ်းရောင်ဝတ်ရုံလူသည် ခေါင်းမော့လာခဲ့ပြီး သူ၏ ဖုံးအုပ်ထားသော မျက်လုံးများကတော့ ကျေးဇူးတင်မှုများဖြင့် တောက်ပနေခဲ့သည်။ ညာဘက်လက်ကောက်ဝတ်အား တစ်ချက်လှုပ်ရှားလိုက်ရာ ခရမ်းရောင်ပိုးကောင်သည် စုမင်ထံပျံသန်းလာခဲ့ပြီး စုမင်က ထိုအရာကို ဖမ်းယူထားလိုက်လေသည်။

"ကျေးဇူးတင်ပါတယ်။ မစိုးရိမ်ပါနဲ့။ ငါ့စကားတွေထဲမှာ ဘာမုသားမှ မပါခဲ့ပါဘူး" ထိုစကားများကို ပြောပြီးသည်နှင့် ခရမ်းရောင်ဝတ်ရုံလူသည် စုမင်အား လေးနက်စွာ ဦးညွှတ်လိုက်ပြီး နောက်သို့လှည့်၍ ဆီးနှင်းလွင်ပြင်များ၏ အောက်အနက်ပိုင်းထဲသို့ တိုးဝင်သွားတော့သည်။

သူ၏ အစ်ကိုနှစ်၊ ဟူကျီ၊ ထျန်းရှဲ့ကျီနှင့် အသားမည်းမည်းလူတို့ဖြင့်အတူ စုမင်ပြန်လည်ထွက်ခွာလာခဲ့သည်။ သူတို့သည် ကျိုးကောနှင့် သူတို့ဆုလာဒ်များအား သယ်ဆောင်လျက်  မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုမှ ပြန်လည်ထွက်ခွာလာခဲ့ပြီး ပိုင်စုကိုရှာကာ နဝမတောင်ထွတ်ဆီသို့ ပြန်လည်ပျံသန်းခဲ့ကြသည်။

သူတို့ထွက်ခွာသွားပြီးသည်နှင့် စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲ၏ မျက်နှာသည် မယုံနိုင်လောက်အောင် မည်းမှောင်သွားခဲ့သည်။ ထို့နောက် ဆီးနှင်းလွင်ပြင်များ၏ အောက်ဘက်သို့ လှည့်ထွက်သွားလေသည်။ ထျန်းရှဲ့ကျီအပေါ် သူ၏သတိထားမှုသည် သူအကြိမ်ကြိမ်သည်းခံခွင့်ပြုခဲ့ရခြင်း၏ တစ်ခုတည်းသောအကြောင်းအရင်း မဟုတ်ပေ။ အခြားအကြောင်းအရင်းတစ်ခုလည်း ရှိနေခဲ့ပြီး... ထိုအရာက စိတ်တစ္ဆေတူညီ၏ တောင်းဆိုမှုကြောင့် ဖြစ်သည်။

စိတ်တစ္ဆေတူညီအား ထိူအရာများနောက်ကွယ်မှ အကြောင်းရင်းကို သူမေးရပေလိမ့်မည်။

ဆီးနှင်းလွင်ပြင်များ၏ အောက်ခြေရှိ စိတ်တစ္ဆေကပ်ဆိုးမြို့တော်ထဲတွင် မြင့်မားသောရဲတိုက်ကြီးတစ်ခု ရှိသည်။ ထိုရဲတိုက်တစ်ခုလုံးသည် ခရမ်းရောင်ဖြစ်ပြီး ယခုအချိန်တွင်တော့ ထိုရဲတိုက်ထိပ်ဆုံး၌ ခရမ်းရောင်ဝတ်ရုံလူ ထိုင်နေခဲ့ချေသည်။ သူ့ရှေ့တွင်တော့ ခရမ်းရောင်ဖလားတစ်ခုရှိနေပြီး ထိုဖလားထဲတွင် ခရမ်းရောင်သွေးတစ်ချို့ ရှိနေခဲ့သည်။

"အနောက်ပိုင်းမဟာမိတ် နယ်မြေ... လေ့ချန်၊ ငါက စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုရဲ့ လက်ရှိစိတ်တစ္ဆေတူညီအနေနဲ့ မင်းကို ဆင့်ခေါ်တယ်... ငါ၏ ဆက်ခံသူ... နိုးထလော့... လေ့ချန်... လေ့ချန်"

စကားပြောပြီးသည်နှသ့် သူသည်ညာလက်ကို အလျင်အမြန်မြှောက်လိုက်ရာ သူ၏ညာလက်ညှိူးမှ လက်သည်းသည် ပျက်စီးသွားပြီး ၎င်းအောက်မှ စုတ်ပြဲနေသော အသားများထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူ့ရှေ့ရှိကျောက်ဖလားထဲမှ ခရမ်းရောင်သွေးများအတွင်းသို့ ညှာလက်ညှိူးကိုနှစ်လိုက်သည်။

"လေ့ချန်၊ ငါမင်းကို ကြည့်ပါရစေ"

ခရမ်းရောင်ဝတ်ရုံလူထံမှ ကျယ်လောင်စွာအော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ လေထဲတွင် သူ့အသံစတင်ပဲ့တင်ထပ်လာသည်နှင့်အမျှ ခရမ်းရောင်ဝတ်ရုံလူသည်လည်း အပြင်းအထန်တုန်ယင်လာခဲ့သည်။ သူ့ဝတ်ရုံများသည် ချက်ချင်းအပိုင်းပိုင်းဆုတ်ပြဲသွားပြီး အိုမင်းနေသော်လည်း သာမန်ပုံစံမျက်နှာတစ်ခု ပေါ်လာခဲ့သည်။ သူ့မျက်လုံးများသည် ဖောင်းကားထွက်လာပြီး မယုံကြည်နိုင်သော အမူအယာတစ်ခုနှင့်အတူ၊ သူမြင်ခဲ့ရသည်မှာ...

***

All Chapters