ဖိတ်ခေါ်ချက်
Vol. 22 Ch. 296
ထိုအခိုက်အတန့်တွင် ကျောက်ဖလားက ကွဲကြေသွားသည်။ ၎င်းအတွင်းမှ သွေးစက်အချို့လည်း ပျောက်ကွယ်သွားခဲ့သည်။ အဘိုးအိုသည် တုန်ယင်သွားပြီး ပါးစပ်အပြည့်သွေးအန်လိုက်ရကာ မမြင်ရသော အစွမ်းထက်အားတစ်ခုကြောင့် သူ့ဘေးရှိ နံရံဆီသို့ လွင့်ထွက်သွားခဲ့သည်။
ထိုအခိုက်အတန့်မှာပင် ရဲတိုက်၏ထိပ်ဆုံးသို့ ဦးတည်သည့် တံခါးသည်လည်း တွန်းဖွင့်ခံလိုက်ရလေသည်။ စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲသည် စိတ်ဆိုးနေသောအမူအယာဖြင့် လျှောက်လှမ်းဝင်လာခဲ့သော်လည်း ထိုနေရာအတွင်းရှိ ရှုပ်ပွနေမှုများကို တွေ့လိုက်ရသောအခါ အံ့အားသင့်မင်သက်သွားခဲ့ရလေသည်။
"ဒါ ဘယ်လိုများဖြစ်နိုင်မှာလဲ... ဒါ... ဒါက..." နံရံအားမှီထိုင်နေသည့် အဘိုးအို၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးနေသည့်အမူအယာတစ်ခု ရှိနေခဲ့သည်။ တီးတိုးရေရွတ်နေသော သူ့အသံထဲတွင် ကြောက်ရွံ့မှုတစ်ခုလည်း ပါဝင်နေသည်။
စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲသည် အဘိုးအိုထံသို့ ခြေတစ်လှမ်းတည်းဖြင့် ရောက်ရှိသွားပြီးနောက် စိတ်ရှုပ်ထွေးနေသော အဘိုးအိုကို မတ်တပ်ရပ်နိုင်ရန် ကူညီပေးပြီးသည်နှင့် ချက်ချင်းမေးမြန်းလိုက်သည်။ "ဘာဖြစ်ခဲ့တာလဲ"
"ငါ နောက်ထပ်စိတ်တစ္ဆေတူညီကို ရှာနေခဲ့တာ... ဓလေ့ထုံးတမ်းမှာ ဘာမှမမှားခဲ့ဘူး ပြီးတော့ ငါသူ့ကိုလည်း တွေ့ခဲ့တယ်... ဒါ... ဒါပေမယ့် ငါမြင်ခဲ့တဲ့ဟာက..."
အဘိုးအိုသည် တုန်ယင်သွားပြီး ခေါင်းကိုအလျင်အမြန် မော့လိုက်ကာ စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲ၏ပုခုံးကို ဆုပ်ကိုင်လိုက်သည်။ သူ့အသက်ရှူသံက လျင်မြန်လာခဲ့ပြီး မျက်နှာပေါ်တွင်တော့ စိတ်ရှုပ်ထွေးနေသည့် အမူအယာမျိုး ရှိမနေတော့ပဲ ထိုအစား ပြတ်သားမှုတစ်ခု ပေါ်လာခဲ့သည်။
"ငါ အခုနားလည်သွားပြီ။ ဒါကိုမှတ်ထားပါ။ စုမင်လို့ခေါ်တဲ့ အဲဒီလူကို ရန်မစနဲ့။ သူ့ကိုလုံးဝ ရန်စလို့မဖြစ်ဘူး... ငါ မမြင်သင့်တဲ့အရာတစ်ခုကို မြင်ခဲ့တယ်။ ငါ တွေ့ခဲ့တာ..." အဘိုးအိုသည် စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲကို တင်းကြပ်စွာဆုပ်ကိုင်၍ ခက်ခက်ခဲခဲပြောဆိုနေရင်းဖြင့် သူ့အသက်ရှူသံများကလည်း ပိုမိုလျင်မြန်လာခဲ့သည်။
"ငါ မြင်ခဲ့တာကို မင်းကိုပြောပြလို့မရဘူး။ ဒါပေမယ့် မင်းဒါကို မှတ်ထားရမယ်။ သူ့ကို... ရန်... မစနဲ့... သူ... သူက..." အဘိုးအို၏ ခန္ဓာကိုယ်သည် အပြင်းအထန်တုန်ယင်လာခဲ့သည်။ ထို့နောက် အံ့အားသင့်မင်သက်နေသည့် စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲကို အဝေးသို့တွန်းထုတ်လိုက်ပြီး သူ့လည်ပင်းအား သူကိုယ်တိုင် ပြန်ညှစ်လိုက်သည်။ အဘိုးအို၏မျက်လုံးအတွင်း ရူးသွပ်မှုများပေါ်လာခဲ့သည်။
စိတ်တစ္ဆေကပ်ဆိုးအကြီးအကဲကိုပင် ထိတ်လန့်တုန်လှုပ်သွားစေသော အရှိန်အဝါတစ်ခုသည် အိမ်ထဲတွင်စုဝေးဖြစ်ပေါ်လာခဲ့သည်။ ထိုအရှိန်အဝါ၏ ခွန်အားသည် အကြီးအကဲအား ကြက်သီးများထလာစေပြီး သူ မလှုပ်ရှားနိုင်တော့သည်ကို တွေ့လိုက်ရ၏။ သူမြင်နေရသော အရာများသည် သူသိထားသည်များထက် သာလွန်နေခဲ့ပြီး သူ၏ အရူးသွပ်ဆုံးစိတ်ကူးများထက်ပင် ကျော်လွန်နေခဲ့သဖြင့် အကြီးအကဲ၏မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့ရသည်။ ထိုအရာက သူ့အား အသက်ရှူရန်ပင် မေ့လျော့သွားစေ၏။
စိတ်တစ္ဆေတူညီအဘိုးအို၏ ရှေ့တွင် တစ်ဝက်တစ်ပျက်ထွင်းဖောက်မြင်နေရသည့် လက်ကြီးတစ်ဖက်ပေါ်လာပြီး ထိုလက်ကြီးသည် စိတ်တစ္ဆေတူညီ၏ လည်ပင်းကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်ကို သူမြင်လိုက်ရချေသည်။ ၎င်းက စိတ်တစ္ဆေတူညီ၏ ခန္ဓာကိုယ်ကို မြေပြင်ထက်မှ တစ်ဖြည်းဖြည်း မြှောက်ကိုင်လိုက်ရာ စိတ်တစ္ဆေတူညီသည် ရုန်းကန်နေရင်းမှပင် သူ၏စွမ်းအားများအားလုံး ဆုံးရှုံးသွားခဲ့သည်။ သာမန်အဘိုးအိုတစ်ဦးကဲ့သို့ပင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ပေ။
စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုအတွင်း အသန်မာဆုံးလူက သူမဟုတ်ကြောင်း မော့ရှန်းသိသည်။
အသန်မာဆုံးလူက စိတ်တစ္ဆေတူညီပင်ဖြစ်သည်။ စိတ်တစ္ဆေတူညီသည် သူ့ဘဝ၏ နောက်ဆုံးနေ့ရက်များကို ရောက်နေခဲ့ပြီဆိုလျှင်တောင် ထိုကဲ့သို့လူမျိုးကို သာမန်လူတစ်ဦးကဲ့သို့ ဖြည်းညင်းစွာသတ်နိုင်မည့် စွမ်းအားမျိုးသည် မော့ရှန်းစိတ်ကူးယဉ်နိုင်သည့် အရာမျိုးမဟုတ်ပေ။
သူ့အရှေ့တွင် ဖြစ်ပျက်နေသော အရာများကို ဆွံ့အမင်သက်စွာ ငေးကြည့်နေခဲ့ရင်း မော့ရှန်းတစ်ယောက် အရိုးထဲမှပင် ထိတ်လန့်တုန်ယင်နေခဲ့သည်။ စိတ်တစ္ဆေတူညီ၏ အရှေ့တွင် ဧကရာဇ်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် တစ်ဝက်တစ်ပျက် ထွင်းဖောက်မြင်နေရသောလူတစ်ဦး ဖြည်းညင်းစွာပေါ်လာသည်ကို မော့ရှန်းတွေ့လိုက်ရသည်။
ထိုလူ၏ ပေါ်ထွက်လာမှုသည် လေများပြင်းထန်လာခြင်း၊ တိမ်စိုင်များနိမ့်ဆင်းလာခြင်းနှင့် ရာသီဥတုများ ပြောင်းလဲသွားခြင်း စသောအရာများကို ယူဆောင်မလာခဲ့သော်လည်း မော့ရှန်းအား ကြောက်ရွံ့စွာဖြင့် အသက်ရှူမဝဖြစ်သွားစေသည်။
သူသည် ပုရွက်ဆိတ်ကလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်ဖြစ်သည်။ ထို ဧကရာဇ်မင်း၏ ဝတ်ရုံရှည်နှင့် သရဖူဝတ်ဆင်ထားသည့်လူထံမှ အကြည့်တစ်ချက်နှင့်ပင် သူ့ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ စုတ်ပြဲသွားပေလိမ့်မည်။
ထိုအရာသည် အသက်ရှူကြိမ်အနည်းငယ်သာ ကြာမြင်ခဲ့သော်လည်း ၎င်းအချိန်သည် မော့ရှန်းအတွက်တော့ ထာဝရသဖွယ် ခံစားနေခဲ့ရသည်။
ထိုတစ်ဝက်တစ်ပျက်ထွင်းဖောက်မြင်နေရသောလူသည် စိတ်တစ္ဆေတူညီ၏ လည်ပင်းကိုချိုးလိုက်သည်အား မော့ရှန်းမြင်လိုက်ရပြီး ထိုလူက လက်လွှတ်လိုက်ပြီးသည်နှင့် မော့ရှန်းထံတစ်ချက်လှမ်းကြည့်လာခဲ့သည်။
သူလှမ်းကြည့်လာသောအခါ မော့ရှန်း၏ခေါင်းထဲတွင် ဆူညံသံများမြည်ဟည်းသွားပြီး သူ့အမြင်အာရုံက အဖြူရောင်ပြောင်းသွားတော့သည်။ အချိန်တို့မည်မျှကုန်ဆုံးသွားမှန်း မော့ရှန်းမသိခဲ့ပေ။ သို့သော် သူပြန်သတိရလာသောအခါ အိမ်သည် တိတ်ဆိတ်ငြိမ်သက်လို့နေသည်။ ဖြစ်ပျက်သွားခဲ့သည့် အရာများအားလုံးသည် အစစ်အမှန်ဖြစ်ကြောင်း သူ့အားပြောပြနေသည့် တစ်ခုတည်းသောသက်သေမှာ မြေပြင်ပေါ်မှအလောင်းပင်ဖြစ်သည်။
စိတ်တစ္ဆေတူညီ၏အလောင်းအား ကြည့်လိုက်မိချိန်တွင် မော့ရှန်းတုန်လှုပ်သွားခဲ့ပြီး အဘိုးအို၏ နောက်ဆုံးစကားလုံးများက သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
"ငါ မမြင်သင့်တဲ့အရာတစ်ခုကို မြင်ခဲ့တယ်... ဒါကို မှတ်ထားပါ။ စုမင်လို့ခေါ်တဲ့ အဲဒီလူကို လုံးဝရန်မစနဲ့။ သူ့ကို... လုံးဝ... ရန်စလို့မဖြစ်ဘူး..."
မော့ရှန်း တုန်ယင်သွားပြီး သူ့နံဖူးထက်တွင် ချွေးအေးများ ဖြစ်ပေါ်လာခဲ့သည်။ စိတ်တစ္ဆေတူညီ မသေဆုံးခင်ဖြစ်ပျက်သွားခဲ့သော အရာများနှင့် သူ့အား သရဖူဖြင့် တစ်ဝက်တစ်ပျက်ထွင်းဖောက်မြင်နိုင်သောလူ လှမ်းကြည့်သွားခဲ့သည့်အချိန်အား သူဘယ်တော့မှမေ့သွားလိမ့်မည် မဟုတ်ကြောင်း မော့ရှန်းသိနေခဲ့သည်။
"တစ်ကယ်ပဲ သူဘာကိုမြင်ခဲ့တာများလဲ... သူက ဘယ်သူလဲ" ထို 'သူ' ဟူသော နာမ်စားနှစ်ခုသည် မတူညီသည့်လူနှစ်ဦးကို ညွှန်းဆိုလိုက်ခြင်းဖြသ်သည်။ မော့ရှန်း ဆက်လက်၍ ငြိမ်သက်နေခဲ့မိသည်။
ထိုတိတ်ဆိတ်မှုထဲတွင် ရဲတိုက်အပြင်ဘက် စိတ်တစ္ဆေကပ်ဆိုးမြို့တော်အတွင်း တိုက်ခတ်သွားသည့် အားပျော့သောလေပြင်းတစ်ခုကို သူသတိမပြုမိခဲ့ပေ... ထိုလေပြင်းသည် အေးခဲကောင်းကင်မှဖြစ်သည်။
ကမ္ဘာပေါ်တွင် ကောလဟာလများစွာရှိပြီး ၎င်းတို့အထဲမှ များစွာသည် အချိန်ကာလများစွာ ဖြတ်ကျော်သွားခဲ့လျှင်တောင် မည်သည့်အခါမှ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်သော အရာများဖြစ်သည်။ နဝမတောင်ထွတ်တစ်ခုလုံး မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုအား တိုက်ခိုက်ရန် အတူတကွထွက်ခွာသွားခဲ့သည်ဟူသော ကောလဟာလသည် အချိန်တိုအတွင်း တစ်ဖြည်းဖြည်း ပျံ့နှံ့သွားခဲ့သည်။
အချို့က ထိတ်လန့်တုန်လှုပ်သွားကြပြီး အချို့က ဒေါသအမျက်ခြောင်းခြောင်း ထွက်ခဲ့ကြသည်။ အချို့က ထိုအရာကိုမယုံကြည်ခဲ့ပဲ အချို့ကတော့ လှောင်ပြောင်သရော်ခဲ့လေသည်။
သို့သော် မည်သို့ပင်ဖြစ်စေ၊ နဝမတောင်ထွတ်နှင့် ပက်သက်၍ နှစ်ပေါင်းများစွာတစ်လျှောက် ထွက်ပေါ်ထားသော ကောလဟာလတစ်ပုံတစ်ခေါင်းထဲသို့ အခြားကောလဟာလအသစ်တစ်ခု ထပ်ပေါင်းပါဝင်လာခဲ့ချေသည်။
နဝမတောင်ထွတ်အတွင်း နေထိုင်သူများသည်တော့ သူတို့၏ဘဝများဖြင့်သာ ဆက်လက်နေထိုင်ခဲ့ကြသည်။ အကြီးဆုံးအစ်ကိုကြီးသည် သီးခြားကျင့်ကြံနေဆဲဖြစ်သလို၊ အစ်ကိုနှစ်သည်လည်း နေ့ဘက်တွင် သူ့မျက်နှာဘေးဘက်ခြမ်းသို့ နေရောင်ဖြာကျစေရင်း ပန်းများကို ဆက်လက်စိုက်ပျိုးနေခဲ့သလို ညအချိန်တွင်လည်း တစ္ဆေတစ်ကောင်သဖွယ် အမှောင်ထုကို ဆက်လက်ရှာဖွေနေခဲ့သည်။
ဟူကျီအတွက်မူ သူသည် ဝိုင်ကောင်းတစ်အိုး ရခဲ့ချိန်မှစ၍ နေ့စဉ်နေ့တိုင်းလိုလို သူ့ကိုယ်သူမေ့ထားပြီး အရူးတစ်ယောက်သဖွယ် ပျော်ရွှင်စွာပြုံးရီနေခဲ့သည်။ သူအနှစ်သက်ဆုံး အတိတ်ကာလဖြစ်သည့်... အခြားသူများအားချောင်းခြင်းကိုပင် ရက်အနည်းငယ်ခန့် ဂရုမစိုက်ပဲကျော်လွန်သွားခဲ့၏။
စုမင်သည် သူ့အား အလွန်လျင်မြန်သော အမြန်နှုန်းရစေသည့် ဒုတိယပုံစံကို ပုံတူကူးခြင်း၊ စစ်နတ်ဘုရားချပ်ဝတ်၏ အစီအစဉ်ပုံစံအား ထိန်းချုပ်ခြင်း၊ ခန္ဓာကိုယ်အား လေ့ကျင့်ခြင်းများကို ဆက်လက်ပြုလုပ်နေခဲ့ပြီး ကောင်းကင်မြူခိုးလူရိုင်းအမဲလိုက်ပွဲအတွက် နောက်ဆုံးပြင်ဆင်မှုများကို ပြုလုပ်နေခဲ့သည်။
ကျီချဲ၏ဒဏ်ရာများက ပိုမိုကောင်းမွန်လာခဲ့ချေပြီ။ ကျိုးကောအတွက်တော့ သူ့ခေါင်းအား ပထမတောင်ထွတ်ရှိ စစ်မာရှင်း၏လှိုဏ်ဂူသို့ပို့ပေးရန် စုမင် ကျီချဲကိုပြောခဲ့သည်။
အမှန်စင်စစ် စုမင်အားစိတ်အနှောင့်အယှက်ပေးနေသည့် အရာတစ်ခုရှိနေသော်လည်း ထိုမေးခွန်းသည် စစ်မာရှင်းနှင့်တော့မဆိုင်ပေ။ ထိုအစား ၎င်းမေးခွန်းသည် သူ့အစ်ကိုနှစ်အတွက်ဖြစ်သော်လည်း စုမင် အစ်ကိုနှစ်ကိုပင် မမေးမြန်းခဲ့ပေ။ အစ်ကိုနှစ်တွင်လည်း သူ့ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိနေသဖြင့် ကျီချဲကို ကြိုတင်ကုသမပေးနိုင်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်လောက်ပေသည်။
ပိုင်စုသည် ပြန်ရောက်လာသည့်အချိန်မှစ၍ လွန့ခဲ့သောလတစ်ဝက်လုံး စုမင်အားလာမရှာခဲ့ပေ။ ထိုအရာက ဖြစ်တောင့်ဖြစ်ခဲ့ ရှားပါးသောအရာပင်ဖြစ်သည်။ သူမသည် တစ်စုံတစ်ရာကြုံတွေ့ခဲ့ရသဖြင့် သံသယများဝင်နေသောကြောင့် ထိုအကြောင်းကို သေချာဂရုတစိုက်စဉ်းစားရန် အချိန်လိုအပ်ခဲ့သည့် ပုံစံပင်ဖြစ်သည်။
လဝက်ကြာပြီးနောက် သူမနောက်တစ်ကြိမ်ပြန်ရောက်လာချိန်တွင်တော့ သူမထံတွင် စုမင်အတွက် ပိုင်လင်းအားပိုမိုသတိရမိစေသည့် အရာများ ပိုများလာကြောင်း တွေ့လိုက်ရသည်။
ပြန်ရောက်လာသော ပိုင်စုသည် သူမ၏ အလိုလိုက်ခံရ၍ ပျက်စီးနေသော ခေါင်းမာသူအဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့ချေပြီ။ သူမသည် ရံဖန်ရံခါဆိုသလို စုမင်အားနှောက်ယှက်ရန် ကြိုးစားလေ့ရှိသော်လည်း အကြိမ်တိုင်းလိုလို သူမပြန်ပေးဆပ်ရသော တန်ဖိုးသည် သူမနှင့်နေသားကျနေပြီဖြစ်သည့် လေထဲတွင် ဇောက်ထိုးချိတ်ဆွဲခံရခြင်းပင် ဖြစ်သည်။
ကောင်းကင်မြူခိုးလူရိုင်းအမဲလိုက်ပွဲ စတင်ရန် နှစ်လခန့်ပင်မလိုတော့သည့်အချိန်အထိ အချိန်များက ထိုပုံစံအတိုင်းဖြည်းညင်းစွာ ကုန်ဆုံးသွားခဲ့သည်။ ထိုနောက်ဆုံးနှစ်လအတောအတွင်းတွင် မုန်တိုင်းမလာခင် ငြိမ်သက်နေမှုကဲ့သို့ ဖိနှိပ်နိုင်သောလေထုတစ်ခုသည် အေးခဲကောင်းကင်ကလန်တစ်ခုလုံးအား ဖုံးအုပ်ထားသည်ကို တောင်ပေါ်မှမဆင်းသည့် စုမင်ပင် ရှင်းရှင်းလင်းလင်းခံစားနေရချေသည်။
တစ်ရက်တွင် ကျီချဲပြန်လာသောအခါ စုမင်အတွက် ဖိတ်ကြားလွှာကဒ်ပြားတစ်ခုကို သူနှင့်အတူယူဆောင်လာခဲ့သည်။
ထိုဖိတ်ကြားလွှာသည် အနီးအနားရှိ အကြီးဆုံးကုန်သွယ်ရေးရင်ပြင်ထံမှ ဖြစ်ပြီး လေလံပွဲကော်မတီမှ စုမင်အားပေးလိုက်ခြင်းဖြစ်သည်။
ဤတစ်ကြိမ်လေလံပွဲသည် တိုက်ပွဲမစခင် အေးခဲကောင်းကင်ကလန်၏ပိုင်နက်အတွင်း အကြီးမားဆုံးလေလံပွဲဖြစ်ပေလိမ့်မည်။
ကော်မတီအား အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးမှ လူများဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်ပဲ အနောက်ပိုင်းပင်လယ်ကလန်မှလူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဤအရာသည် ရာစုနှစ်တစ်စုလျှင် တစ်ကြိမ်သာဖြစ်ပွားသော မဟာစစ်ပွဲကြီးအတွင်း ဖြစ်ပျက်လေ့ရှိသော ဓလေ့ထုံးစံတစ်ခုဖြစ်သည်။ အနောက်ပိုင်းပင်လယ်ကလန်မှ လူများစွာသည်လည်း လေလံပွဲတွင် ပါဝင်ဆင်နွှဲရန် အေးခဲကောင်းကင်ကလန်ထံမှ ဖိတ်ခေါ်ချက်များကို ရရှိပေလိမ့်မည်။
ဖိတ်ကြားလွှာကဒ်ပြားပေါ်ရှိ ပစ္စည်းစာရင်းမှ လေလံတင်ရောင်းချမည့်အရာတစ်ခုကို မတွေ့ရခင်အထိ စုမင်သည် မူလက ဤလေလံပွဲမျိုးကို စိတ်မဝင်စားခဲ့ချေ။
ထိုအရာသည် ဆေးလုံးများကိုဖန်တီးပြုလုပ်နိုင်သည့် အကောင်းအတိုင်းရှိနေသေးသော ဆေးအိုးပင်ဖြစ်သည်။
***