စိတ်တစ္ဆေခက်ရင်းခွ ရုပ်သေး
Vol. 22 Ch. 297
လေလံပွဲကို နောက်ငါးရက်အကြာတွင် ကျင်းပမည်ဖြစ်သည်။ ၎င်းလေလံပွဲအား အေးခဲကောင်းကင်ကလန်အတွင်းရှိ လူများသာ တက်ရောက်မည်မဟုတ်ပဲ အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးမှ ချမ်းသာကြွယ်ဝသူများသည်လည်း ပါဝင်ဆင်နွှဲရန် ကိုယ်စားလှယ်များ စေလွှတ်ပေလိမ့်မည်။
အနီးအနားရှိမျိုးနွယ်စုများမှ လူများသာမက ပိုမိုဝေးကွာသောနေရာများတွင် တည်ရှိသည့် မျိုးနွယ်စုများမှလူများသည်လည်း ဤလေလံပွဲကဲ့သို့ ရာစုနှစ်တစ်စုလျှင် တစ်ကြိမ်ကျင်းပသော လေလံပွဲကြီးများအကြောင်း သိရှိကြပေသည်။ ထိုလူများသည် လေလံပွဲစတင်မည့်ရက်မတိုင်မီ ကြိုတင်ထွက်ခွာလာကြလိမ့်မည်ဖြစ်ပြီး ယခုအချိန်တွင် လေလံပွဲသို့သွားရာလမ်းတွင် ရောက်ရှိနေကြလောက်ပေပြီ။
လေလံပွဲသို့သွားသူအများစုသည် ဝယ်သူများအဖြစ် သွားကြခြင်းဖြစ်သော်ငြား လေလံပွဲကော်မတီသို့ သူတို့ကိုယ်ပိုင်ပစ္စည်းများကို နေရာအနှံ့မှ လာရောက်ရောင်းချကြသူများလည်း ရှိချေသည်။
ဖိတ်ကြားလွှာကဒ်ပြားအား ကိုင်ထားရင်းမှပင် စုမင်အကြည့်သည် ထိုဆေးအိုးနေရာမှ ဆက်ဖတ်လိုက်သည်။ ထို့နောက် နှလုံးသားအတွင်းရှိ စိတ်လှုပ်ရှားမှူများကို ချိုးနှိမ်လိုက်ပြီး မျက်လုံးများကိုမှိတ်ကာ ခဏတာစဉ်းစားလိုက်ပြီးမှ ဖိတ်ကြားလွှာကဒ်ပြားကို ကျီချဲထံ ပြန်ပေးလိုက်သည်။
"ငါတို့ နောက်သုံးရက်ကြာရင် ထွက်ခွာမယ်"
ကျီချဲသည် အလျင်အမြန်သဘောတူလိုက်ပြီး ကဒ်ပြားကိုလေးလေးစားစားယူကာ ရင်ဘတ်ထဲတွင် ပြန်သိမ်းထားလိုက်သည်။ သူ့ဒဏ်ရာများသည် ပျောက်ကင်းလုနီးပါး ဖြစ်နေခဲ့ချေပြီ။ သူ ကျိုးကောကြောင့် ဒဏ်ရာရခဲ့ချိန်တွင် နဝမတောင်ထွတ်မှ သူ့အတွက်လုပ်ပေးခဲ့သော အရာများကိုလည်း သူကြားသိခဲ့ရ၏။ အထူးသဖြင့် သူသည် ဒုတိယတောင်ထွတ်မှ နှင်ထုတ်ခံခဲ့ရသဖြင့် နဝမတောင်ထွတ်ရှိ လူများ၏ လုပ်ရပ်များကြောင့် အလွန်စိတ်လှုပ်ရှားသွားခဲ့ရလေသည်။
နဝမတောင်ထွတ်၏ လုပ်ရပ်များကြောင့် ကျီချဲနှလုံးသားထဲတွင် နွေးထွေးမှုတစ်ခုအား ခံစားခဲ့ရပြီး အစေခံဟူသော အဆင့်အတန်းကိုပင် သူထပ်၍ဂရုမစိုက်မိတော့ချေ။ သူ့အတွက်တော့ နဝမတောင်ထွတ်သည် သူအခြေချနေထိုင်နိုင်သည့် နေရာတစ်ခု ဖြစ်နေခဲ့ချေပြီ။
ထို့အပြင် သူကုသခံခဲ့ရပြီးချိန်မှစ၍ သူ့ကိုယ်ပေါ်ရှိ ချိပ်ပိတ်ထားမှုများကိုလည်း ဖယ်ရှားပေးခဲ့ကြချေသည်။ ကျီချဲသည် လွတ်လပ်သွားပြီဟု ပြောဆိုနိုင်သော်လည်း သူ့ကိုယ်ပိုင်စိတ်ဆန္ဒအလျောက် နဝမတောင်ထွတ်နှင့် စုမင်ဘေးတွင် ဆက်နေခဲ့ခြင်းဖြစ်သည်။
ဤဘဝမျိုးနှင့် သူအသားကျနေပြီဖြစ်ကာ ထိုအရာနှင့် ပက်သက်၍ မသက်မသာဖြစ်သည်ဟု မခံစားရတော့ပေ။
စုမင်၏ ခွန်အားအပေါ် သူနက်ရှိုင်းစွာနားလည်ထားခဲ့သည်။ သူတို့အကြား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆက်သွယ်မှုတစ်ချို့က ကျီချဲအား စုမင်အပေါ် နက်နက်ရှိုင်းရှိုင်း လေးစားမိစေသည်။ ကဒ်ပြားကို သိမ်းလိုက်ပြီးသည်နှင့် ကျီချဲ ခဏတာတုန့်ဆိုင်းသွားမိ၏။
"ဆရာဦးလေး... မင်းအပေါ်မှာ ရေခဲကွင်း၁၆ခုရှိနေပြီ။ မင်းကိုယ်ပေါ်မှာ ပြင်ပအလေးချိန်အများကြီး တင်ထားမယ်ဆိုရင် မင်းခန္ဓာကိုယ်က အဲဒါကို ကိုင်တွယ်ရခက်ခဲလာလိမ့်မယ်လို့ ငါယုံတယ်။ အဲဒါ မင်းအတွက် ကောင်းမှာမဟုတ်ဘူး"
စုမင် ကျီချဲထံ တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။
"အဆင်ပြေပါတယ်"
ကျီချဲ ခေါင်းညိတ်လိုက်သည်။ သူသည် ထိုအရာကို ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်သည့် နေရာတွင်ရှိမနေပေ။ သို့သော် သူပြောပြရန်ကြိုးစားနေသည့်အရာအား စုမင်နားလည်ကြောင်း တွေ့လိုက်ရသဖြင့် ကျီချဲ ဦးညွှတ်ကာ နောက်သို့ပြန်လှည့်ထွက်လာခဲ့သည်။
စုမင်သည် လှိုဏ်ဂူအပြင်ဘက်ရှိ စင်မြင့်ပေါ်တွင် အချိန်ကြာမြင့်စွာ မထဘဲထိုင်နေခဲ့ခြင်းဖြစ်ပြီး အကြိမ်ပေါင်းများစွာ နေထွက်၍ အကြိမ်ပေါင်းများစွာ နေဝင်ခဲ့ပြီးချေပြီ။ ထိုအရာသည် စုမင်မထလိုခြင်းကြောင့် မဟုတ်ပဲ သူ့ခြေထောက်များပေါ်တွင် အတူတကွပေါင်းထည့်ထားသည့် ထိုရေခဲကွင်းဆယ့်ခြောက်ကွင်း၏ အလေးချိန်က စုမင်ခန္ဓာကိုယ်ပေါ်တွင် တောင်တစ်လုံးပေါင်းထည့်ထားသည့်သဖွယ် ဖြစ်နေခဲ့သောကြောင့်ပင် ဖြစ်သည်။
အစပိုင်းတွင် သူ့ခြေထောက်များနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းသည် စုတ်ပြဲသွားတော့မည်ကဲ့သို့ ခံစားခဲ့ရပြီး လွန်ခဲ့သော ရက်အနည်းငယ်အတွင်းကမှ သူထိုအရာများနှင့် စတင်အသားကျလာခဲ့ခြင်းဖြစ်သည်၊ သို့သော် မတ်တပ်ထရပ်ခြင်းသည်ကတော့ စုမင်အတွက် အလွန်ကြီးမားသောတာဝန်ကြီးတစ်ခု ဖြစ်နေဆဲပင်။
ထိုင်နေရင်းမှပင် စုမင်ညာလက်ကိုမြှောက်လိုက်သည်။ လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ရှားလိုက်သည်နှင့် စုမင်လက်ဖဝါးပေါ်တွင် သုံးလက်မခန့်သာရှိသည့် အနက်ရောင်ခက်ရင်းခွတစ်ခု ပေါ်လာခဲ့သည်။
ထိုခက်ရင်းခွသည် အသွားသွားချောင်းပါသည့် သုံးခွမှိန်းတစ်ခုနှင့်တူ၏။ ၎င်းက လုံးဝနက်မှောင်နေပြီး ခက်ရင်းခွ၏ထိပ်တွင် ထိတ်လန့်ဖွယ် မှိန်ဖျော့ဖျော့တောက်ပမှုတစ်ခုကို မြင်နိုင်ချေသည်။ အကယ်၍ သူသာ ထိုအရာကိုအချိန်ကြာမြင့်စွာ စိုက်ကြည့်နေခဲ့မည်ဆိုလျှင် တစ္ဆေသရဲများ၏ ခပ်တိုးတိုးဟိန်းဟောက်သံများကိုပင် ကြားရပေလိမ့်မည်။
စုမင် ထိုအရာလေးကို ငေးစိုက်ကြည့်လျက် တီးတိုးရေရွတ်လိုက်သည်။ "စိတ်တစ္ဆေခက်ရင်းခွ..."
ဤအရာသည် အစ်ကိုနှစ်သတိပေးခဲ့သော စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုထဲတွင် သူပျောက်ဆုံးခဲ့သည့် အရာများထဲမှ တစ်ခုဖြစ်သည်။ ယခုတော့ သူထိုအရာကို ပြန်ရလာခဲ့လေပြီ။ အကယ်၍ စုမင်သည်သာ ထိုအရာကို ကိုယ်တိုင်စစ်ဆေးခဲ့ပါက သူ ထိုသို့လုပ်ရန် အချိန်များစွာလိုအပ်ခဲ့ပေလိမ့်မည်။
သို့သော် အစ်ကိုနှစ်၏အကူအညီကြောင့် ဤအရာလေးသည် စုမင်နှင့် ဆက်နွှယ်မှုရှိလာခဲ့ပြီး သူတို့သည် အတူတကွပေါင်းစည်းသွားကြသလိုပင် ဖြစ်သည်။ စုမင်သည် အတွေးများကိုသာသုံး၍ ထိုအရာကိုထိန်းချုပ်နိုင်ပေသည်။ ထို့ပြင် စုမင်သည် နတ်ဘုရားစိတ်အာရုံအား အမှတ်အသားတစ်ခုအဖြစ်ဖြင့် သုံး၍ ၎င်းအပေါ်တွင် အခြားအလွှာတစ်ခု ထပ်မံပေါင်းထပ်ခဲ့သဖြင့် စိတ်တစ္ဆေခက်ရင်းခွနှင့်ပက်သက်သော စုမင်၏ကျွမ်းကျင်မှုမျသည် စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုမှ လူများလောက်နီးနီး ကောင်းမွန်လာခဲ့သည်။
"တီ၊ ထ၊ ချဲ့"
ထူးဆန်းသောအသံသုံးမျိုးအား ပြုလုပ်ပြီးသည်နှင့် စုမင်အကြည့်များက စူးရှတောက်ပသွားသည်။ စုမင်ပါးစပ်မှ ထိုအသံသုံးမျိုး ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် သူ့လက်ထဲရှိ စိတ်တစ္ဆေခက်ရင်းခွမှ အနက်ရောင်မီးခိုးများ စတင်ထွက်ပေါ်လာခဲ့သည်။
ထိုအနက်ရောင်မီးခိုးများသည် ခဏအတွင်းမှာပင် မယုံနိုင်လောက်အောင် ထူထပ်သိပ်သည်းစွာဖြင့် စုမင်လက်ဝါးပေါ်တွင် စုဝေးလာခဲ့သည်။ ထိုမီးခိုးလုံး၏ အရွယ်အစားသည် ကြီးမားလာခဲ့ပြီး နောက်ဆုံးတွင် ပေ၁၀၀ဧရိယာကို ဖုံးအုပ်သွားတော့သည်။ ၎င်းသည် လေထဲသို့လွင့်မျောသွားသည့်အချိန် အနက်ရောင်မီးခိုးများသည် တစ်ဖြည်းဖြည်းပြန်လည်စုဝေးချိတ်ဆက်သွားပြီး လူတစ်ဦး၏ ဧရာမပုံရိပ်ကြီး ဖြစ်ပေါ်လာခဲ့သည်။
ထိုလူတွင် တိုင်းတာမရနိုင်သော စွမ်းအားပါဝင်နေပုံပေါ်သည်။ သူ့မျက်နှာက ဝေဝါးနေပြီး မမြင်တွေ့နိုင်ပေ။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် အနက်ရောင်မီးခိုးများမှ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော စိတ်ဝိညာဉ်တစ်ခု၏ပုံနှင့် တူနေသော်လည်း အမှန်စင်စစ်တော့ ထိုအရာက တစ္ဆေတစ်ကောင်မဟုတ်သလို ၎င်းတွင် အသက်တောင်မရှိချေ။
ထိုအရာက ရုပ်သေးတစ်ခုသက်သက်သာ ဖြစ်ပြီး စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုမှ ထူးခြားသောနည်းလမ်းတစ်မျိုးအား သုံး၍ စိတ်ဝိညာဉ်တစ်ခုဖြင့် ပြုလုပ်ထားသော စိတ်တစ္ဆေရုပ်သေးတစ်ကောင် ဖြစ်သည်။ ထိုရုပ်သေးသည် အရာအားလုံးသို့ ပြောင်းလဲနိုင်ပြီး ၎င်းတွင်ကန့်သတ်ချက် မရှိပေ။ ၎င်းသည် မည်သည့်အရာကိုမဆို တုပလိုက်ပြီးသည်နှင့် အသေးစိတ်အတိုင်း ပြုလုပ်နိုင်ပြီး ထိုပစ္စည်း၏ အရှိန်အဝါကိုတောင် တုပနိုင်ချေသည်။
ထို့နောက်တွင် ၎င်းဧရာမရုပ်သေးကြီးက စင်မြင့်ပေါ်ဆင်းသက်လာသည်။ ၎င်းသည် တောင့်တင်းသန်မာသော လက်မောင်းကြီးများကိုမြှောက်၍ စုမင်ကိုဆုပ်ကိုင်လိုက်သည်။ ထို့နောက် ကိုယ်တိုင်မရွေ့လျားနိုင်သည့် စုမင်၏ခန္ဓာကိုယ်ကို ပင့်မြှောက်၍ ၎င်း၏ပုခုံးပေါ်သို့ တင်လိုက်ချေသည်။
ကိစ္စအစတည်းကပင် စုမင်စကားတစ်ခွန်းမှ မပြောခဲ့ချေ။ ထိုအရာကြီးသည် သူ့ထိန်းချုပ်မှုအောက်တွင် ရှိ၍ စုမင်၏ကိုယ်ပိုင်ခန္ဓာကိုယ်ဖြင့် လှုပ်ရှားသကဲ့သို့ လှုပ်ရှားနိုင်စေရန် ၎င်းအပေါ်တွင် စုမင်၏ နတ်ဘုရားစိတ်အာရုံဖြင့်သာ အာရုံစိုက်ထားရန်လိုအပ်ပေသည်။
ဧရာမရုပ်သေးကြီးသည် ၎င်း၏ပုခုံးထက်တွင် စုမင်အားသယ်ဆောင်၍ ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့လျှောက်လှမ်းသွားခဲ့သည်။ ၎င်းခြေတစ်လှမ်းလှမ်းလိုက်ချိန်တိုင်းတွင် စင်မြင့်ပေါ်ရှိရေခဲများထံမှ ခပ်တိုးတိုးမြည်ဟည်းသံများ ထွက်ပေါ်လာသဖြင့် ထိုအခိုက်အတန့်တွင် စုမင်၏အလေးချိန်က ပုံမှန်မဟုတ်ကြောင်း သိသာထင်ရှားနေခဲ့သည်။
ရုပ်သေးကြီးသည် ရှေ့သို့လျှောက်လှမ်းသွားပြီး စုမင်အား သူ့လှိုဏ်ဂူအတွင်းသို့ ပြန်လည်သယ်ဆောင်လာပေးခဲ့သည်။ ထိုရုပ်သေးသည် ၎င်း၏ခန္ဓာကိုယ်ကို အလိုရှိသလိုပြောင်းလဲနိုင်ပြီး ရှေ့တိုးသွားသည်နှင့်အမျှ သူ့ခန္ဓာကိုယ်သည် တစ်ဖြည်းဖြည်းကျုံ့ဝင်သွားသဖြင့် စုမင်အား သယ်ဆောင်ထားရင်းမှပင် လှိုဏ်ဂူ၏တံခါးပေါက်မှ ဝင်ရောက်နိုင်သွားလေသည်။
ရုပ်သေးကြီးသည် ဟယ်ဖုန်းအတွက် အထူးပြုလုပ်ပေးထားသော အခန်းထဲသို့ရောက်သည်အထိ စုမင်အား သယ်ဆောင်သွားခဲ့သည်။ ထိုနေရာသို့ရောက်သောအခါ စုမင်မျက်လုံးတို့ တောက်ပသွားရသည်။ လ၏အတောင်ပံများနှင့် ဟယ်ဖုန်း၏ ပေါင်းစပ်ခြင်းသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ချေပြီ။ အကယ်၍ ဟယ်ဖုန်းသည် ဤအကြိမ်အားအောင်မြင်သွားလျှင် လူရိုင်းများ၏နယ်မြေထဲသို့ စုမင်ဝင်ရောက်သောအခါ သူက စုမင်အတွက် များစွာအကူအညီဖြစ်ပေလိမ့်မည်။
ယခုအချိန်တွင် ဟယ်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးကို သွေးမြူလွှာတစ်ခုက ဝန်းရံဖုံးအုပ်ထားပြီး ရှင်းရှင်းလင်းလင်းမမြင်ရစေရန် တားဆီးထားလေသည်။
ထိုသွေးမြူများသည် ရံဖန်ရံခါတွင်လှုပ်ရှားပျံ့နှံ့သွားတတ်သဖြင့် ၎င်းက အလွန်အမင်း ထူးဆန်းနေခဲ့သည်။
စုမင် ဟယ်ဖုန်းကိုခဏတာကြည့်လိုက်ပြီးသည်နှင့် သူ့အောက်ရှိရုပ်သေးကြီးသည် စုမင်အားသယ်ဆောင်ရင်း နောက်သို့ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်ချေသည်။ သူတို့သည် လှိုဏ်ဂူအတွင်းရှိ အခြားအခန်းတစ်ခန်းထဲသို့ ဝင်လာခဲ့ကြသည်။ ထိုနေရာသို့ရောက်သည်နှင့် ဆေးရနံ့များက စုမင်နှာခေါင်းအတွင်း တိုးဝှေ့ကျီစယ်သွားသည်။ ဤအခန်းသည် အလွန်ကြီးမားပြီး အခန်းအတွင်းရှိ ကြမ်းပြင်သည် ရေခဲများဖြင့် ပြုလုပ်ထားခြင်းမဟုတ်ပဲ ထိုအစား မြေစာအလွှာတစ်ခုဖြင့် ဖုံးအုပ်ထားလေသည်။
ထိုမြေစာများသည် စုမင်၏အမိန့်များကြောင့် ဝေးလံသောနေရာတစ်ခုမှ ကျီချဲပြန်သယ်လာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အား အတွင်းတွင်ထားပြီးသည်နှင့် စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုထဲတွင် စုမင် 'ပျောက်ဆုံး'ခဲ့သော ဆေးဖက်ဝင်အပင်အများစုကို စိုက်ပျိုးနိုင်သွားချေသည်။
ထိုအပင်များသည် မူလက ဤနေရာတွင် မရှင်သန်နိုင်ခဲ့သော်လည်း ထူးခြားဆန်းကြယ်သည့် နည်းလမ်းတစ်မျိုးအား အသုံးပြုခဲ့သော အစ်ကိုနှစ်၏အကူအညီဖြင့် ဤမြေစာကွက်အတွင်း ထိုအပင်များကြီးထွားလာစေရန် စုမင်ပြုလုပ်နိုင်ခဲ့ချေသည်။
သို့သော် ထိုအတွက် အခြေအနေတစ်ခုတော့ ရှိခဲ့သည်။
မြေဆီလွှာအောက်တွင် ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နေသည့် ရွှေသားကျောက်ဒင်္ဂါးများစွာ မြုပ်နှံခဲ့ရလေသည်။
'လူရိုင်းတွေရဲ့နယ်မြေဆီ သွားမယ့်ခရီးစဉ်က သေချာပေါက်ကို ခရီးတိုတစ်ခုမဟုတ်လို့၊ ငါ အဲဒီအတွက် လုံလောက်တဲ့ပြင်ဆင်မှုတွေ လုပ်သွားရမယ်...'
စုမင်၏မျက်လုံးများအတွင်း စဉ်းစားဆင်ခြင်နေသည့် အမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ လူရိုင်းများ၏နယ်မြေသို့ သူယခင်က ရောက်ရှိခဲ့ဖူး၏။
ထိုအရာသည် ရက်အနည်းသာ ကြာမြင့်ခဲ့သော်လည်း ၎င်းရက်အနည်းငယ်အတွင်း သူရင်ဆိုင်ခဲ့ရသည့် အခက်အခဲဒုက္ခများသည်တော့ မေ့ဖျောက်ပစ်နိုင်ရန် ခဲယဉ်းပေသည်။
လူရိုင်းများ၏ နယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် ယခင်တစ်ခါကဲ့သို့ အန္တရာယ်ရှိသောအခြေအနေမျိုး ကြုံလာရမည်ဆိုလျှင် သူယခုပြုလုပ်သွားသော ကြိုတင်ပြင်ဆင်မှုများသည် သူ့အသက်အား ကာကွယ်နိုင်မည့်အရင်းအမြစ် ဖြစ်လာပေလိမ့်မည်။
စုမင် တိတ်ဆိတ်စွာဆက်လက်စဉ်းစားနေရင်းမှာပင် သူ့အောက်ရှိ ရုပ်သေးကြီးသည် ရှေ့သို့ခြေလှမ်းကျဲကြီးတစ်လှမ်း လှမ်းလိုက်သည်။ လေထဲတွင် မြည်ဟည်းသံများ ပဲ့တင်ထပ်လာပြီး ၎င်းက
အခြားအခန်းတစ်ခုဆီ ရွေ့လျားသွားလေသည်။ ထိုအခန်းထဲတွင် မတူကွဲပြားသော သားရဲအရိုးခုနစ်ခုရှိနေပြီး ၎င်းတို့တစ်ခုချင်းစီတိုင်းမှ မယုံနိုင်ဖွယ် ခွန်အားတစ်ရပ်ကို ခံစား၍ရသည်။ ထိုအရိုးများသည် အသက်ရှင်စဉ်က ရုပ်နယ်လွန်နယ်ပယ်မှ မာန်စွမ်းအားရှင်များနှင့် အဆင့်တူညီသော သားရဲရိုင်းများထံမှ ဖြစ်သည်။
ယခုအချိန်တွင်တော့ ၎င်းအရိုးများအား လွန်ခဲ့သော အချိန်အနည်းငယ်ခန့်အကြာက စုမင်စိုက်ပျိုးထားခဲ့သည့် ဆေးဖက်ဝင်အပင်များဖြင့် ဖုံးအုပ်နေချေပြီ။
ထိုအရိုးများဘေးတွင် ခန္ဓာကိုယ်ခုနစ်ခုရှိနေပြီး ၎င်းခန္ဓာကိုယ်များပေါ်တွင် မည်သည့်ယိုယွင်းပျက်စီးမှု အရိပ်အယောင်ကိုမှ မတွေ့ရပေ။ ၎င်းတို့သည် လူသေများနှင့်တူသော်လည်း တစ်စုံတစ်ဦးကသာ အနီးကပ်ကြည့်မိမည်ဆိုလျှင် ထိုခန္ဓာကိုယ်များထံမှ ထွက်ပေါ်နေသည့် အားပျော့သောအသက်ဓာတ်များကို အာရုံခံမိပေလိမ့်မည်။
ထိုလူခုနစ်ဦးတွင် မာန်အမှတ်အသားများ မရှိချေ။
၎င်းတို့၏မျက်နှာများပေါ်တွင် အတော်အတန်ရှုပ်ထွေးပုံပေါ်သော ဆေးမင်ကြောင်များစွာ ရေးထွင်းထားလေသည်။ အကယ်၍ စုမင်သာ ယခင်က ရှာမန်များကို မမြင်ဖူးခဲ့လျှင် ဤလူခုနစ်ဦးသည် မာန်စွမ်းအားရှင်တို့၏ နယ်မြေအတွင်းရှိ အချို့ထူးခြားသော မျိုးနွယ်စုများမှ လူများဖြစ်လောက်သည်ဟု သူတွေးမိနိုင်လောက်သည်။
သို့သော် ဤခန္ဓာကိုယ်ခုနစ်ခုကို စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုထံမှ ယူဆောင်လာချိန်တည်းကပင် တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုလူများက ရှာမန်များဖြစ်ကြောင်း စုမင်ပြောနိုင်ခဲ့သည်။ သို့သော် စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုက ၎င်းတို့ကို ဘယ်လိုဖမ်းဆီးခဲ့ခြင်းမှန်းတော့ စုမင်မသိပေ။
'ငါ နောက်ထပ်တစ်လပဲလိုတော့တယ်။ ပြီးရင် ဝိညာဉ်လုယက်ကို နောက်တစ်ကြိမ်ဖန်တီးနိုင်ပြီ... အကယ်၍ ငါ ဝိညာဉ်လုယက်သုံးခုကို တစ်ကြိမ်တည်းနဲ့ဖန်တီးနိုင်ခဲ့ရင် အဲဒီထူးခြားတဲ့လောကထဲက နောက်ထပ်တစ်ခုကို ဖွင့်နိုင်ပြီး တစ်ခြားဆေးလုံးဖော်စပ်နည်းအညွှန်းတစ်ခု ရလိမ့်မယ်'
'ငါ့မှာ နတ်မင်းကြိုဆိုဖန်တီးဖို့ ပစ္စည်းလုံလုံလောက်လောက် မရှိသေးတာတော့ စိတ်မကောင်းစရာပဲ။ အဲဒီလောကအကြောင်း ငါနားလည်ထားတာအရဆိုရင် တံခါးတွေကိုဖွင့်တဲ့ပုံက ယဇ်ပူဇော်ခြင်းနဲ့တူတယ်။ အရေအတွက်ပိုများတဲ့ ဆေးလုံးမျိုးနဲ့ ငါကမ်းလှမ်းရင် အဲဒီဆေးလုံးအမျိုးအစားအတွက် အရည်အသွေးနဲ့ အသုံးဝင်မှုက နိမ့်လိမ့်မယ်။ ဒါပေမယ့် အကယ်၍ ငါသာ အရေအတွက် ပိုနည်းတာကို ကမ်းလှမ်းမယ်ဆိုရင်တော့ အရည်အသွေးက ပိုမြင့်လိမ့်မယ်'
'လိုအပ်တဲ့ကမ်းလှမ်းမှု အရေအတွက်တွေက မတူကြဘူး။ ဒါပေမယ့် နတ်မင်းကြိုဆိုတစ်ခုတည်းပဲ ဘာမှကမ်းလှမ်းစရာမလိုတာ'
နက်မှောင်တောင်တွင် ရှိနေခဲ့စဉ်က ထူးဆန်းသောလောကအတွင်း ဝင်ရောက်ခဲ့ခြင်းနှင့်
နတ်မင်းကြိုဆို ဖန်တီးရန်နည်းလမ်းအား ရရှိခဲ့ခြင်းများသည် စုမင်ခေါင်းထဲတွင် ပေါ်ထွက်လာခဲ့သည်။
'ခြေကိုးချောင်းပင့်ကူရဲ့ နဝမမြောက်ခြေချောင်း၊ စပါးအုံးမြွေရဲ့အမြီးက အကြေးခွံ၊ အနက်ရောင်ပစ္စည်းသေးသေးလေးတစ်ခု... အခု ငါ့မှာ သူတို့အထဲက တစ်ခုပဲရှိတယ်'
စုမင် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့အောက်မှ ရုပ်သေးသည် လှိုဏ်ဂူအပြင်သို့လျှောက်ထွက်လာကာ စင်မြင့်ထံပြန်လာခဲ့သည်။ ၎င်းက စုမင်အား အောက်ပြန်ချပေးပြီးသည်နှင့် စုမင် ပြန်လည်၍ တင်ပလ္လင်ခွေထိုင်လိုက်သည်။
မျက်လုံးများအတွင်းရှိ တောက်ပသောအကြည့်နှင့်အတူ ညာလက်ကိုမြှောက်လိုက်ရာ စုမင်လက်ဝါးပေါ်တွင် ခရမ်းရောင်ပိုးကောင်တစ်ကောင် ပေါ်လာခဲ့သည်။ ထိုပိုးကောင်၏ နာမည်သည် ခရမ်းရောင်စည်းချက်ဖြစ်ပြီး
စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စု၏ စိတ်တစ္ဆေတူညီက သူ့အားပေးခဲ့သည့် အရာဖြစ်သည်။
'ငါ့မြွေလေးသာ ဒီခရမ်းရောင်စည်းချက်ကို ဝါးမြိုလိုက်မယ်ဆိုရင် ဘာဖြစ်လာမလဲ ငါသိချင်တယ်...'
စုမင် ခဏတာ တွန့်ဆုတ်နေမိသော်လည်း ထိုအရာကိုကြိုးစားမကြည့်ခဲ့ပေ။ အကယ်၍ ကျရှုံးခဲ့လျှင် ခရမ်းရောင်စည်းချက်ကို ဝါးမြိုခဲ့သောသတ္တဝါက သေဆုံးသွားလိမ့်မည်ဖြစ်ကြောင်း စိတ်တစ္ဆေတူညီပြောဆိုခဲ့သည်အား သူပြန်လည်အမှတ်ရလိုက်မိသောကြောင့် ဖြစ်သည်။
လုံးဝမလိုအပ်ပါက ဤကဲ့သို့ စွန့်စားမှုမျိုးကို စုမင်ပြုလုပ်လိုသော ဆန္ဒမရှိပေ။ သူ့ထံတွင် အောင်မြင်လိမ့်မည်ဟု ယုံကြည်ချက်သိပ်မရှိခြငိးကြောင့်လည်း ပါ၏။
ဟယ်ဖုန်း၏ အခြေအနေအား စောင့်ကြည့်ခြင်း၊ ဝိညာဉ်လုယက်ပြုလုပ်ရန် ပစ္စည်းများပြင်ဆင်ခြင်းတို့ဖြင့်
သုံးရက်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ကျင်းပတော့မည့်လေလံပွဲသည် အေးခဲကောင်းကင်လန် ကြီမြတ်သောဆီးနှင်းဖုံးလွင်ပြင်များပေါ်ရှိ တောင်ထွတ်ကိုးခုလုံးထံမှ အာရုံစိုက်မှုများစွာရရှိခဲ့သည်။
လူများစွာသည် လေလံပွဲဆီသို့ အစုအဖွဲ့လိုက် ထွက်ခွာသွားခဲ့ကြပြီဖြစ်သော်လည်း တစ်ယောက်တည်း သီးသန့်ကျန်ရစ်ရန် ရွေးချယ်ခဲ့ကြသူများလည်း ရှိသည်။
နဝမတောင်ထွတ်တွင်တော့ ဟူကျီသည် အရက်မူးရင်းပျော်ရွှင်စွာဖြင့် သူ့ဘဝအားဖြတ်သန်းနေကာ လေလံပွဲကို အနည်းငယ်မျှပင် အာရုံမစိုက်ခဲ့ပေ။ အစ်ကိုနှစ်သည်လည်း သူ့ပန်းများကိုသာ ဆက်လက်စိုက်ပျိုးနေခဲ့ပြီး နေ့ခင်းဘက်အချိန်များတွင် ရံဖန်ရံခါဆိုသလို ကျီယန်ကိုသွားနှောင့်ယှက်လေ့ရှိသည်။
အကြီးဆုံးအစ်ကိုကြီးသည် သီးခြားနေရာတွင်ရှိနေဆဲ ဖြစ်သည်။ အသားမည်းမည်းလူသည် အစ်ကိုကြီး၏အစေခံများထဲမှ တစ်ဦးဖြစ်ကြောင်း စုမင်နောက်ပိုင်းမှ သိရှိခဲ့ရသည်။ ထိုသဲလွန်စမှနေ၍ အစ်ကိုကြီး၏ နောက်ခံအဆင့်အတန်းနှင့်ပက်သက်၍ ခန့်မှန်းမိခဲ့လေသည်။
ထျန်းရှဲ့ကျီကို တွေ့ရသည်မှာတော့ ရှားရှားပါးပါးပင်ဖြစ်သည်။ အကယ်၍ စုမင်သူ့ကိုတွေ့ခဲ့လျှင်တောင် သူသည် မတူညီသော ဝတ်ရုံအရောင်များကိုဝတ်ဆင်လျက် နံနက်ခင်းတွင် ကျယ်လောင်စွာကြုံးဝါးပြီးနောက် မတူညီသော အရပ်မျက်နှာများသို့ ပျံသန်းသွားခြင်းကိုသာ တွေ့ရခြင်းဖြစ်သည်။
စတုတ္ထမြောက်နေ့ နံနက်ခင်းတွင် စိတ်တစ္ဆေခက်ရင်းခွမှဖြစ်ပေါ်လာသော ရုပ်သေးသည် ဧရာမအနက်ရောင်သားရဲတစ်ကောင်အဖြစ် ပြောင်းလဲထားပြီး ၎င်း၏ကျောပေါ်တွင် ထိုင်နေသောစုမင်အား တင်ဆောင်ထားချေသည်။ ကျီချဲသည် သူ့ဘေးမှလေးလေးစားစား လိုက်ပါလာခဲ့သည်။ သူတို့နှစ်ဦး နဝမတောင်ထွတ်မှ ထွက်ခွာတော့မည့်အချိန်မှာပင် ပိုင်စုက ရောက်ရှိလာခဲ့၏။
ပိုင်စု၏ ရောက်ရှိလာမှုကြောင့် သူတို့၏ ဤတစ်ကြိမ်ခရီးစဉ်သည် နှစ်ယောက်အဖွဲ့အစား သုံးယောက်ဖြစ်သွားခဲ့သည်။
သူတို့သုံးဦးသည် ရုပ်သေး၏ကိုယ်ပေါ်တွင်ထိုင်၍ အနက်ရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလျက် နဝမတောင်ထွတ်မှ ထွက်ခွာလာကြသည်။ လေလံပွဲကျင်းပမည့်နေရာဆီသို့ ဦးတည်ပျံသန်းခဲ့ကြလေသည်။
သူတို့ ရှေ့သို့ပျံသန်းလာသည်နှင့်အမျှ ထိုနေရာသို့သွားနေသော အေးခဲကောင်းကင်ကလန်မှ အခြားတပည့်များနှင့် တွေ့ဆုံခဲ့ရသည်။ ၎င်းတို့အားလုံးသည် ပေ၃၀၀ခန့်အရွယ်အစားရှိသည့် အနက်ရောင်သားရဲကြီးကို လှည့်ကြည့်လာကြသော်လည်း ထိုရုပ်သေးပေါ်တွင် စုမင်နှင့် ကျီချဲတို့ထိုင်နေသည်ကို မြင်သောအခါ လမ်းမှ အလျင်အမြန်ဖယ်ပေးလိုက်ကြချေသည်။
***