← Chapters

အခန်း (၆၉၁-၆၉၂)

Vol. 65 Ch. 691-692

အခန်း (၆၉၁-၆၉၂)

Vol. 65 Ch. 691-692

အခန်း (၆၉၁) - ရွှမ်ဟွမ်ကမ္ဘာအား တပေါင်းတစည်းတည်းဖြစ်စေခြင်း၊ အစစ်အမှန်ဝိညာဉ်ခွန်ဖန်နှင့် စိတ်ဝိညာဉ်ကမ္ဘာမှ လူသားမျိုးနွယ်(၂)။

ဤအချိန်တွင် လေဟာနယ်အတွင်း၌…။

ကြည်လင်နေသော ပုလဲတစ်လုံးသည် လေဟာနယ်အတွင်း လှည့်လည်သွားလာနေပြီး လေဟာနယ်စီးကြောင်းများအောက်၌ အလိုအလျောက် မျောပါနေလေသည်။ ဤသည်မှာ ပင်လယ်ရေစီးကြောင်း၏တွန်းပို့မှုအတိုင်း လိုက်ပါနေသည့် လှေငယ်လေးတစ်စင်းနှင့် တူလှသည်။

ကျိုးစွေ့မှာမူ 'ရှန်းဟိုင်ပုလဲ' ၏ အတွင်းကမ္ဘာထဲ၌ ရှိနေသည်။ ကံကောင်းထောက်မစွာဖြင့် ဤနေရာတွင် စိတ်ဝိညာဉ်ကောက်ပဲသီးနှံများနှင့် စိတ်ဝိညာဉ်ဆေးပင်များစွာကို စိုက်ပျိုးထားခဲ့သည်။

ထို့ကြောင့် စားနပ်ရိက္ခာပြတ်လပ်မှု မရှိနိုင်ချေ။ 'ရှန်းဟိုင်ပုလဲ' ၏ အတွင်းကမ္ဘာထဲတွင် နှစ်ပေါင်းရာချီ၊ ထောင်ချီနေထိုင်လျှင်ပင် မည်သည့်ပြဿနာမျှ ရှိလာမည်မဟုတ်ပေ။

အင်မော်တယ်ရတနာ 'ဧကရာဇ်နတ်ဆိုးတူ' မှာမူ ပေပေါင်းတစ်သောင်းမြင့်သော အနက်ရောင်တောင်ကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး မျက်နှာပြင်ပေါ်၌ နတ်ဆိုးအင်းကွက်များ ပေါ်နေကာ 'ရှန်းဟိုင်ပုလဲ' အတွင်း၌ ငြိမ်သက်စွာ ရှိနေ၏။ ၎င်း၏အငွေ့အသက်များကိုလည်း လုံးဝ ဖုံးကွယ်ထားလေသည်။

သို့သော် ၎င်း၏အနီးသို့ ချဉ်းကပ်လိုက်ပါက အသက်ရှူရခက်စေသော ဖိအားများကို ခံစားရဆဲပင်။

နှမြောစရာကောင်းသည်မှာ ကျိုးစွေ့အနေဖြင့် ဤအင်မော်တယ်ရတနာကို ယာယီအားဖြင့် အသုံးပြုနိုင်စွမ်း မရှိသေးဘဲ ဤအင်မော်တယ်ရတနာကို ဤနေရာ၌ တိတ်ဆိတ်ငြိမ်သက်စွာ လှဲလျောင်းနေခွင့် ပြုထားရုံသာ တတ်နိုင်ခြင်းပင် ဖြစ်၏။

သို့သော် ဤသည်မှာလည်း ကိစ္စမရှိလှပေ။ မည်သို့ပင်ဖြစ်စေ သူ၏အစွမ်းမှာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာသည်နှင့် ဤအင်မော်တယ်ရတနာ၏ စွမ်းအားကို အသုံးချနိုင်မည်မှာ သေချာလှသည်။ ဤသည်မှာ အနှေးနှင့်အမြန်သာ ကွာခြားပေလိမ့်မည်။

“ဒါက လေဟာနယ်လား…”

ဤအချိန်၌ ကျိုးစွေ့က မျက်လုံးများကို မှေးကျဉ်းလိုက်လေသည်။ သူသည် 'ရှန်းဟိုင်ပုလဲ' ၏ စွမ်းအားမှတစ်ဆင့် လေဟာနယ်၏ နက်ရှိုင်းသောနေရာရှိ မြင်ကွင်းများကို ချက်ချင်းပင် အကဲခတ်ကြည့်ရှုလိုက်၏။

မျက်စိတစ်ဆုံး ကြည့်လိုက်ပါက သိသာထင်ရှားစွာပင် အဆုံးအစမဲ့သော အမှောင်ထုနေရာလွတ်ကြီးဖြစ်ပြီး အဆုံးသတ်ကို လုံးဝ မမြင်နိုင်ချေ။

လေဟာနယ်ထဲရှိ နေရာအများစုမှာ အမှန်တကယ်ပင် အလွန်အမင်း တည်ငြိမ်နေပြီး လေဟာနယ်အလွတ်တစ်ခုကဲ့သို့ပင် ဖြစ်ပေသည်။

တစ်ခါတစ်ရံမှသာ လေဟာနယ်စီးကြောင်းများ ပေါ်ထွက်လာကာ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးမှုများကို ဖြစ်ပေါ်စေပြီး လေဟာနယ်ကို ဆုတ်ဖြဲပစ်လေ့ရှိ၏။

အဝေး၌မူ ကြီးမားလှသော အလင်းလုံးကြီးများ တစ်လုံးပြီးတစ်လုံး ပေါ်ထွက်နေလေသည်။

ဤအလင်းလုံးများသည် အကြီး၊ အသေး အမျိုးမျိုးရှိပြီး အရောင်အသွေးစုံလင်စွာဖြင့် တောက်ပနေကြ၏။

အလင်းလုံးတိုင်းက ကမ္ဘာလောကတစ်ခုစီကို ကိုယ်စားပြုနေပေသည်။

မှန်ပေသည်၊ လေဟာနယ်၏ နက်ရှိုင်းသောနေရာသည် အလွန်တရာ စည်ကားနေပြီး ရေတွက်၍မရနိုင်သော ကမ္ဘာများစွာ ပါဝင်နေချေသည်။

အကယ်၍ လေဟာနယ်ကို ဖြတ်သန်းသွားလာနိုင်ပါက ကမ္ဘာတစ်ခုပြီးတစ်ခုသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

“ရှေးဟောင်းကျမ်းစာတွေရဲ့ မှတ်တမ်းတွေအရဆိုရင် နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ရောက်ရင်တောင် လေဟာနယ်ထဲသွားဖို့ရာ အနိုင်နိုင်ပဲ…”

“ဘာကြောင့် နတ်ဘုရားအသွင်ပြောင်းအဆင့်ကသာ ကောင်းကင်တက်လှမ်းခြင်းစင်မြင့်ကို ဖြတ်သန်းနိုင်ရတာလဲဆိုရင် အဲဒီအဆင့်နဲ့ အထက်မှာရှိတဲ့ ကျင့်ကြံသူတွေကသာ လေဟာနယ်လမ်းကြောင်းက ပေးတဲ့ဖိအားကို ခံနိုင်ရည်ရှိလို့ပဲ… နတ်ဘုရားအသွင်ပြောင်းအဆင့်အောက်က ကျင့်ကြံသူတွေသာ ကောင်းကင်တက်လှမ်းဖို့ ကြိုးစားမယ်ဆိုရင် လေဟာနယ်လမ်းကြောင်းရဲ့ ဖိအားကြောင့် အမှုန့်ကြိတ်ခံရမှာ အသေအချာပဲ…”

“ဒါပေမဲ့ ဒါကလည်း အနိုင်နိုင်သွားလာနိုင်ရုံလေးပါပဲ… အန္တရာယ်နည်းနည်းလောက် ကြုံလိုက်တာနဲ့ သေဆုံးပြီး ကျင့်ကြံမှုလမ်းကြောင်း ပျက်စီးသွားမှာပဲ…”

“လေဟာနယ်ထဲမှာ သွားလာနိုင်ဖို့ဆိုရင် အနည်းဆုံး လေဟာနယ်သန့်စင်ခြင်းအဆင့်ကို ရောက်ဖို့ လိုအပ်တယ်…”

“ဒါပေမဲ့ လေဟာနယ်ထဲမှာ တကယ် လွတ်လွတ်လပ်လပ် သွားလာချင်တယ်ဆိုရင်တော့ အနည်းဆုံး ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်ဖြစ်လာမှ ရမယ်…”

“တကယ့်ကို ကမ္ဘာနှစ်ခုကြား ဖြတ်သန်းသွားလာချင်တယ်ဆိုရင်တော့ မဟာယာနအဆင့်ကျင့်ကြံသူ ဖြစ်ဖို့လိုတယ်…”

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်လေသည်။

ယခုအခါတွင် ကမ္ဘာအသီးသီးကို ဖြတ်သန်းသွားလာရန် အဘယ်ကြောင့် ဤမျှခက်ခဲရသည်ကို သူ သဘောပေါက်သွားချေပြီ။

ကမ္ဘာတစ်ခုနှင့်တစ်ခုကြား အကွာအဝေးသည် အလွန်တရာမှ ဝေးကွာလှသည်။

အကယ်၍ လုံလောက်သော ကျင့်ကြံမှုအဆင့်မရှိပါက သက်တမ်းကုန်ဆုံးသွားသည့်တိုင်အောင် အခြားကမ္ဘာများသို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။

လမ်းခရီးတွင် တစ်စုံတစ်ရာသော အန္တရာယ်နှင့် ကြုံတွေ့ရပါက အလွယ်တကူပင် သေဆုံးသွားနိုင်သည်။

'မဖြစ်သေးဘူး… ဒီအတိုင်း ဆက်သွားနေရင် ငါ လေဟာနယ်ထဲမှာ နှစ်ပေါင်းရေတွက်လို့မရအောင် သွားလာနေရပြီး လေဟာနယ်ထဲကနေ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး…'

'လေဟာနယ်ထဲမှာပဲ တစ်သက်လုံး မျောပါနေရတော့မှာလား…'

'ဒီလိုဆိုရင် သက်တမ်းကုန်သွားတဲ့အထိ ရွှမ်ဟွမ်ဂိုဏ်းကို ပြန်ရောက်နိုင်မှာ မဟုတ်ဘူး…'

ဤအကြောင်းကို ကျိုးစွေ့ တွေးလိုက်မိသည်။

ထို့နောက် ကျိုးစွေ့ခမျာ အလွန်တရာ စိတ်ပျက်သွားတော့သည်။

မမျှော်လင့်ထားသော ကိစ္စရပ်များမရှိပါက သူသည် 'ရှန်းဟိုင်ပုလဲ' နှင့်အတူ လေဟာနယ်ထဲတွင် မျောပါနေရမည်ဟု ခံစားလိုက်ရ၏။

ကမ်းစပ်ကို ရှာတွေ့မှသာ ကမ်းပေါ်သို့တက်နိုင်မည် မဟုတ်ပါလော။

သို့သော် ဤဖြစ်စဉ်သည် နှစ်ပေါင်းမည်မျှ ကြာမြင့်မည်ကို မသိနိုင်ပေ။

ယခုအချိန်တွင် သူသည် ရေထဲတွင် မျောပါနေသော ပုလင်းတစ်လုံးကဲ့သို့ လှိုင်းလုံးများ၏ ခေါ်ဆောင်ရာသို့သာ လိုက်ပါသွားရတော့မည် ဖြစ်၏။

‘ဟုတ်သား... ကံကြမ္မာကူ'

'ကံကြမ္မာစွမ်းအားကို အသုံးပြုလို့ ရနိုင်လောက်တယ်…'

ကျိုးစွေ့၏ စိတ်ထဲတွင် လှုပ်ခတ်သွားပြီး သူ၏ကိုယ်ပေါ်ရှိ ကူပိုးကောင်တစ်ကောင်ဖြစ်သော 'ကံကြမ္မာကူ' ကို ချက်ချင်း သတိရသွားလေသည်။

ဤကူပိုးကောင်သည် ဆွေးမြည့်ပျက်စီးမှုများကို အံ့မခန်းအဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။

လွတ်လမ်းမရှိသော အခြေအနေမျိုးတွင်ပင် ရှင်သန်နိုင်မည့် မျှော်လင့်ချက်ရောင်ခြည်ကို ရှာဖွေပေးနိုင်ပြီး အဆုံးအစမဲ့သော အသုံးဝင်မှုရှိသည်ဟု ဆိုနိုင်ပေသည်။

ထိုစဉ် 'ကံကြမ္မာကူ' ၏ ကိုယ်ပေါ်တွင် ကြီးမားလှသော ကံကြမ္မာစွမ်းအားများ ပေါ်ထွက်လာသည်ကို သူ မြင်တွေ့လိုက်ရ၏။

မူလက အရှည် (၆၀၀၀)ကျန်းရှိသော ကံကြမ္မာရွှေနဂါးသည် ယခုအခါ အရှည် (၁၈၀၀၀)ကျန်းအထိပင် ကြီးထွားလာခဲ့ချေပြီ။

သူ၏ကိုယ်ပေါ်ရှိ ကံကြမ္မာစွမ်းအားသည် ယခင်ကထက် သုံးဆတိတိ တိုးတက်လာကြောင်း တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။

မှန်ပေသည်၊ ဤသည်မှာ သူသည် ကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများစွာကို သတ်ဖြတ်နိုင်ခဲ့ခြင်းနှင့် ကြီးမားသော ဆက်စပ်မှု ရှိနေသည်။

နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများကို အမြစ်ပြတ်ချေမှုန်းပြီးနောက် ယခုအခါ ရွှမ်ဟွမ်ဂိုဏ်းသည် ပြိုင်ဘက်ကင်း အင်အားစုကြီးတစ်ခု ဖြစ်လာခဲ့ပြီဖြစ်ကာ ရွှမ်ဟွမ်ကမ္ဘာတစ်ခုလုံး၏ ကံကြမ္မာစွမ်းအားများကို စုပ်ယူ၍ တကယ့်အစစ်အမှန် အရှင်သခင်ဂိုဏ်းကြီး ဖြစ်လာခဲ့သည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် ပြိုင်ဘက်ကင်း အရှင်သခင်ဟုပင် ခေါ်ဆိုနိုင်ပေသည်။

ဤသို့ဖြင့် သူ၏ကိုယ်ပေါ်ရှိ ကံကြမ္မာစွမ်းအားများသည် အဆပေါင်းများစွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဤသည်မှာ အစပျိုးမှုတစ်ခုမျှသာ ဖြစ်သေး၏။

အချိန်ကာလများ ကုန်လွန်လာသည်နှင့်အမျှ ရွှမ်ဟွမ်ဂိုဏ်း၏ စွမ်းအားများသည် အဆက်မပြတ် တိုးတက်လာပြီး သူ၏ ကံကြမ္မာစွမ်းအားများလည်း အစဉ်မပြတ် တိုးပွားလာမည်မှာ အသေအချာပင်။

ဤသည်က သူ့အတွက် ကြီးမားလှသော အခွင့်အရေးများကို ယူဆောင်လာပေးပေမည်။

“ဒီလောက်များပြားတဲ့ ကံကြမ္မာစွမ်းအားတွေကို သုံးစွဲနိုင်မှတော့ ဒါက ပြဿနာ မဟုတ်တော့ဘူး…”

“ကံကြမ္မာစွမ်းအားတွေကို လောင်ကျွမ်းစေပြီး ငါ့အတွက် သင့်တော်တဲ့ ကမ္ဘာတစ်ခုကို ရှာပေးစမ်း…”

ကျိုးစွေ့သည် တုံ့ဆိုင်းမနေတော့ဘဲ 'ကံကြမ္မာကူ' ၏ ကိုယ်ပေါ်ရှိ စွမ်းအားများကို ချက်ချင်း လှုံ့ဆော်လိုက်လေသည်။

ချက်ချင်းပင် ရွှေရောင် ကံကြမ္မာစွမ်းအားမျှင်များသည် စတင်လောင်ကျွမ်းလာပြီး နက်နဲဆန်းကြယ်သော စွမ်းအားတစ်ရပ်အဖြစ် ပြောင်းလဲသွားကာ လေဟာနယ်၏ နက်ရှိုင်းသောနေရာသို့ ပျော်ဝင်သွားပြီး လေဟာနယ်အတွင်းရှိ မရေမတွက်နိုင်သော အကြောင်းအကျိုးဆက်စပ်မှုများကို ဆွဲငင်လိုက်တော့သည်။

“ဒီလိုဆိုရင် ရပြီလား…”

ကျိုးစွေ့က မျက်တောင်တစ်ချက် ခတ်လိုက်၏။ သူသည် 'ကံကြမ္မာကူ' ၏ စွမ်းအားကို ဤသို့ပထမဆုံးအကြိမ် အသုံးပြုဖူးခြင်းဖြစ်ရာ ဤကဲ့သို့ နက်နဲဆန်းကြယ်သော ကံကြမ္မာစွမ်းအားက တကယ် အလုပ်ဖြစ်မည်၊ မဖြစ်မည်ကို မသိချေ။

ယခုအချိန်တွင် သူ လုပ်နိုင်သည်မှာ စောင့်ဆိုင်းရန်သာ ရှိတော့သည်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ်သုံးရက် ကုန်လွန်သွားလေသည်။

မူလက ကျိုးစွေ့သည် တိတ်ဆိတ်ငြိမ်သက်စွာ ကျင့်ကြံနေရင်း သဘာဝဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်နေခဲ့သည်။ သို့သော် ရုတ်တရက် လေဟာနယ်တစ်ခုလုံးတွင် ကြီးမားလှသော တုန်ခါမှုနှင့် လှိုင်းတံပိုးများ ပေါ်ပေါက်လာချေသည်။

“ဘာဖြစ်တာလဲ…”

ကျိုးစွေ့သည် ကျင့်ကြံခြင်းကို ချက်ချင်း ရပ်တန့်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်ကာ 'ရှန်းဟိုင်ပုလဲ' မှတစ်ဆင့် ပြင်ပလေဟာနယ်ကို အာရုံခံလိုက်တော့သည်။

လေဟာနယ်၏ နက်ရှိုင်းသောနေရာတွင် စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသော သက်ရှိသတ္တဝါကြီးတစ်ကောင် ရုတ်တရက်ပေါ်ထွက်လာသည်။ အဝေးတစ်နေရာရှိ လေဟာနယ်မှ ထွက်ပေါ်လာကာ တွင်းနက်ကြီးတစ်ခုအတွင်းမှ ခုန်ထွက်လာသကဲ့သို့ ရှိနေသည်ကို သူ မြင်တွေ့လိုက်ရ၏။

ဝုန်း…။

၎င်းပေါ်ထွက်လာသည့် ခဏ၌ လေဟာနယ်သည်ကား အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်မှာ ဖန်သားပြင်ကဲ့သို့ အက်ကြောင်းများ ပေါ်ထွက်လာကာ မိုင်ပေါင်း ကုဋေတစ်သိန်းအထိ ကျယ်ပြန့်သော လေဟာနယ်မုန်တိုင်းများနှင့် လေဟာနယ်စီးကြောင်းများကို ဖြစ်ပေါ်စေလေသည်။

ပတ်ဝန်းကျင်ရှိ လေဟာနယ်စွမ်းအင်များက အဆက်မပြတ် လှုပ်ခတ်လာပြီး ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားသည့် ကြီးမားသော စွမ်းအင်လှိုင်းလုံးကြီးများအသွင် ပြောင်းလဲသွားကာ ဤနေရာတစ်ခုလုံးသည် အဆုံးစွန်သော လေဟာနယ်ပင်လယ်ကြီးအလား ဖြစ်သွားချေသည်။

ဤအခိုက်အတန့်၌ ကျိုးစွေ့၏ နှလုံးသားမျက်လုံးစွမ်းအားမှာ အပြင်သို့ ပြန့်နှံ့သွားပြီး အဆုံးမရှိသော လေဟာနယ်စီးကြောင်းများကြား၌ ဤအရာအားလုံးကို ဖြစ်ပေါ်စေသည့် တရားခံကို မြင်တွေ့ရန် ကြိုးစားလိုက်၏။

ထိုအခါ ခန္ဓာကိုယ်အရှည် မိုင်သုံးသောင်းရှိသော ကြီးမားလှသည့် သတ္တဝါကြီးတစ်ကောင်က သူ၏မျက်စိရှေ့မှောက်၌ ပေါ်ထွက်လာလေသည်။ ၎င်း၏ပုံသဏ္ဌာန်မှာ ဝေလငါးတစ်ကောင်နှင့် တူညီပြီး အနက်ရောင်အသားအရေပေါ်၌ မရေမတွက်နိုင်သော လေဟာနယ်မန္တန်စာလုံးများ ထွင်းထုထား၏။

လေဟာနယ်စွမ်းအင်များနှင့် လေဟာနယ်စီးကြောင်းများစွာသည် ၎င်း၏ရှေ့မှောက်၌ ကလေးကစားစရာမျှသာ ဖြစ်နေသကဲ့သို့ပင်။

လေဟာနယ်စီးကြောင်းအများအပြားမှာ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ စွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး ဤသတ္တဝါကြီးအား စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်သော အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးသွားစေရန် အဆက်မပြတ် တွန်းပို့ပေးနေလေသည်။

“မဖြစ်နိုင်တာ... ဒီနေရာက လေဟာနယ်မုန်တိုင်းတွေက ဒီသတ္တဝါကြီးကြောင့် ဖြစ်နေတာလား…”

ကျိုးစွေ့က မှင်တက်စွာဖြင့် တွေးလိုက်မိသည်။

မူလက ပတ်ဝန်းကျင်ရှိ လေဟာနယ်မုန်တိုင်းများနှင့် ရေစီးကြောင်းများသည် သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်းဟု သူ ထင်မှတ်ထားခဲ့သည်။ သို့သော် ယခုအခါတွင်မူ ၎င်းတို့မှာ အခြားသော သက်ရှိသတ္တဝါတစ်ကောင်၏ လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးများသာ ဖြစ်နေသည်ကို မည်သူက ထင်မှတ်ထားမည်နည်း။

ကျိုးစွေ့၏ သိလိုစိတ်က အထွတ်အထိပ်သို့ ရောက်ရှိသွားသဖြင့် သူသည် နှလုံးသားမျက်လုံးစွမ်းအားကို အသုံးပြု၍ ရှေ့မှောက်ရှိ သတ္တဝါကြီး၏ ဇာစ်မြစ်ကို စုံစမ်းကြည့်လိုက်၏။

[ အစစ်အမှန်ဝိညာဉ်သတ္တဝါ - ခွန်ဖန် ]

[ အသက်အရွယ် - မွေးကင်းစ ]

[ စွမ်းအား - မဟာယာနအဆင့် ]

[ ထူးခြားစွမ်းရည် - မသိရသေး ]

[ ဖော်ပြချက် - ဤသည်မှာ မွေးကင်းစ အစစ်အမှန်ဝိညာဉ်သားရဲ ခွန်ဖန်တစ်ကောင် ဖြစ်သည်။ ၎င်းသည် ကလေးငယ်တစ်ဦးသာ ဖြစ်သဖြင့် အလွန် ဆော့ကစားတတ်ပြီး လေဟာနယ်အတွင်း လှည့်လည်သွားလာကာ လေဟာနယ်မုန်တိုင်းများကို တမင်ဖန်တီး၍ အခြားသူများ ဒုက္ခရောက်သည်ကို ကြည့်ကာ ပျော်ရွှင်တတ်၏။ ]

အခန်း (၆၉၂) - ရွှမ်ဟွမ်ကမ္ဘာအား တပေါင်းတစည်းတည်းဖြစ်စေခြင်း၊ အစစ်အမှန်ဝိညာဉ်ခွန်ဖန်နှင့် စိတ်ဝိညာဉ်ကမ္ဘာမှ လူသားမျိုးနွယ်(၃)။

“ဘာ...”

ဤအချက်အလက်များကို သိလိုက်ရချိန်တွင် ကျိုးစွေ့မှာ ကြက်သေသေသွားတော့သည်။ ရှေ့မှောက်ရှိ သတ္တဝါကြီးမှာ အစစ်အမှန်ဝိညာဉ်သားရဲ ခွန်ဖန် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။

၎င်းမှာ ကလေးငယ်တစ်ဦးသာ ရှိသေးပြီး ငယ်ရွယ်သော အဆင့်မှာပင် မဟာယာနအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ အကယ်၍ အရွယ်ရောက်သွားပါက အင်မော်တယ်တစ်ပါး ဖြစ်လာမည် မဟုတ်ပါလော။

“ဒုက္ခပဲ…”

ထိုအချိန်၌ ကျိုးစွေ့မှာ ရုတ်တရက် ထိတ်လန့်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ကြီးမားလှသော ဝိညာဉ်အာရုံစွမ်းအားကြီးတစ်ခုက လွှမ်းခြုံလာပြီး 'ရှန်းဟိုင်ပုလဲ' ကို ချက်ချင်းပင် ရှာဖွေတွေ့ရှိသွားသောကြောင့် ဖြစ်၏။

မှန်ပေသည်၊ ခွန်ဖန်သည် ကျိုးစွေ့၏ တည်ရှိမှုကို သတိထားမိသွားချေပြီ။

ဝုန်း…။

ထိုအချိန်၌ မိုင်သုံးသောင်းရှည်သော ခွန်ဖန်လေးမှာ စိတ်ဆိုးသွားပုံရပြီး ၎င်း၏အမြီးကို အသာအယာခါယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ လေဟာနယ်မှာ တစ်ခဏအတွင်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ်မုန်တိုင်းများ ပေါ်ထွက်လာလေသည်။

ကြီးမားလှသော လေဟာနယ်စီးကြောင်းများက တိုးဝှေ့လာပြီး 'ရှန်းဟိုင်ပုလဲ' ကို အရှိန်အဟုန်ဖြင့် ရိုက်ခတ်လိုက်၏။

မူလက 'ရှန်းဟိုင်ပုလဲ' မှာ လေဟာနယ်အတွင်း ဖြည်းညင်းစွာ မျောပါနေခဲ့သော်လည်း ယခုအခါတွင်မူ ခွန်ဖန်လေး၏ စွမ်းအားကြောင့် အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားပြီး အဝေးတစ်နေရာသို့ ပျံသန်းသွားတော့သည်။ ၎င်း၏ အရှိန်မှာ ယခင်ကထက် အဆပေါင်း မရေမတွက်နိုင်အောင် ပို၍ မြန်ဆန်သွားတော့၏။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ခွန်ဖန်လေးမှာ တခစ်ခစ်ရယ်မောလိုက်ပြီး သူ၏ စနောက်မှုအပေါ် အလွန် ကျေနပ်နေပုံရ၏။ ကလေးငယ်တစ်ဦးက မြေပြင်ပေါ်ရှိ ကျောက်ခဲတစ်လုံးကို ကောက်ယူကာ ရေပြင်ပေါ်သို့ ပစ်ပေါက်လိုက်သကဲ့သို့ပင်။ ၎င်း၏ စိတ်ထဲ၌ အလွန်ပင် ပျော်ရွှင်နေပေသည်။

ရွှစ်…။

ထိုစဉ် ၎င်းသည် အမြီးကို အသာအယာခါယမ်းလိုက်ပြီး ကြီးမားသော ခန္ဓာကိုယ်ကြီးက လေဟာနယ်အတွင်းသို့ ပျော်ဝင်သွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

“ဩော်... ဒါက ငါ့ရဲ့ အခွင့်အရေး ဖြစ်နေတာကိုး…”

ထိုအခိုက်အတန့်တွင် ကျိုးစွေ့၏ မျက်လုံးများမှာ တောက်ပလာပြီး အလွန်ပင် စိတ်လှုပ်ရှားသွားလေသည်။ အဘယ်ကြောင့်ဆိုသော် 'ရှန်းဟိုင်ပုလဲ' မှာ အဝေးတစ်နေရာရှိ ကြီးမားလှသော အလင်းလုံးကြီးတစ်ခုဆီသို့ ဦးတည်၍ ပျံသန်းနေသောကြောင့်ပင်။

ထိုအလင်းလုံးမှာ အဆုံးအစမရှိ ကျယ်ပြန့်သော ကမ္ဘာကြီးတစ်ခုဖြစ်ကြောင်း ထင်ရှားလှသည်။ သူသည် လေဟာနယ်ထဲ၌ မျောပါနေရသည့် အခြေအနေမှ လွတ်မြောက်တော့မည်ဖြစ်ပြီး ကမ်းသို့ ကပ်နိုင်တော့မည်ကို ချက်ချင်းပင် သိလိုက်ရ၏။

“ကံကြမ္မာစွမ်းအားက ဒီလောက်အထိ ဆန်းကြယ်တာလား…”

“မဟာယာနအဆင့်ရှိတဲ့ အစစ်အမှန်ဝိညာဉ်ကိုတောင် ဆွဲဆောင်နိုင်တယ်ပေါ့…”

ကျိုးစွေ့သည် စိတ်ထဲ၌ အံ့ဩမှင်တက်နေမိ၏။

သူသည် ကံကြမ္မာစွမ်းအားကို လျှော့တွက်ခဲ့မိပုံရသည်။ ၎င်းသည် မသိမသာသော ကံကြမ္မာအကြောင်းအကျိုးများကို ဆွဲငင်ကာ မိမိအတွက် အကောင်းဆုံးရလဒ်နှင့် အခွင့်အရေးများကို ဖန်တီးပေးနိုင်စွမ်း ရှိပေသည်။

အမှန်စင်စစ် ဤခွန်ဖန်သည် ဤနေရာသို့လာရန် အစီအစဉ် မရှိခဲ့သော်လည်း ကံကြမ္မာစွမ်းအား၏ ဆွဲဆောင်မှုကြောင့် ဤလေဟာနယ်သို့ ရောက်ရှိလာပြီး ကျိုးစွေ့အား ဘေးအန္တရာယ်မှ လွတ်မြောက်စေရန် ကူညီပေးသွားခြင်းပင် ဖြစ်သည်။

ဤကဲ့သို့ ကံကြမ္မာ၏ တိုက်ဆိုင်မှုများသည် သူ့ကို အလွန်တရာ အံ့မခန်း ဖြစ်စေခဲ့သည်။

သို့သော် သူသည် ဤမျှလောက်အထိ ဆက်လက်၍ မတွေးနိုင်တော့ချေ။

'ရှန်းဟိုင်ပုလဲ' က ထိုဧရာမအလင်းလုံးကြီးအတွင်းသို့ ချက်ချင်းတိုးဝင်သွားပြီး ကမ္ဘာတစ်ခုအတွင်းသို့ ရောက်ရှိသွားလေသည်။ ဧရာမဥက္ကာခဲကြီးတစ်ခု ကမ္ဘာမြေပေါ်သို့ ကျဆင်းလာသကဲ့သို့ပင်။

ဒုန်း…။

ဤအခိုက်အတန့်တွင် ကျိုးစွေ့သည် 'ရှန်းဟိုင်ပုလဲ' က လေပြင်းအလွှာပေါင်းစုံနှင့် ကောင်းကင်းကိုးဆင့်မိုးကြိုးဒဏ်များကို ဖြတ်သန်းသွားရသည်ကို ခံစားလိုက်ရ၏။ နောက်ဆုံးတွင် ကမ္ဘာမြေပေါ်သို့ ကျဆင်းသွားပြီး မြေပြင်ပေါ်၌ ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေကာ တုန်ဟည်းသံများဖြင့် ဆူညံသွားလေသည်။

မှန်ပေသည်၊ 'ရှန်းဟိုင်ပုလဲ' ၏ အတွင်းကမ္ဘာတွင် ရှိနေသော ကျိုးစွေ့မှာမူ မည်သည့်တုန်ခါမှုကိုမျှ မခံစားလိုက်ရချေ။ ရိုက်ခတ်မှုအားလုံးကို 'ရှန်းဟိုင်ပုလဲ' က ချေဖျက်ပေးခဲ့သောကြောင့် ဖြစ်သည်။

ရှုထောင့်တစ်ခုကကြည့်လျှင် အင်မော်တယ်ရတနာ 'ရှန်းဟိုင်ပုလဲ' သည် လေဟာနယ်အတွင်း လှည့်လည်သွားလာနိုင်သော သင်္ဘောတစ်စင်းနှင့် တူလှ၏။

ယခင်က 'ချန်ချွန်းတာအိုအရှင်' သည် 'ရှန်းဟိုင်ပုလဲ' ၏ စွမ်းအားကို အသုံးချကာ နယ်ပယ်စည်းခြားမှုစွမ်းအားများကို ချေဖျက်ပြီး အင်မော်တယ်လောကမှ လူ့လောကသို့ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ 'ရှန်းဟိုင်ပုလဲ' ၏ စွမ်းဆောင်ရည်မှာ မည်မျှပင် အံ့မခန်းဖြစ်သည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

ဝှစ်…။

ထိုအချိန်တွင် ကျိုးစွေ့၏ပုံရိပ်မှာ ရိပ်ခနဲလှုပ်ရှားသွားပြီး 'ရှန်းဟိုင်ပုလဲ' အတွင်းမှ ချက်ချင်းထွက်လာခဲ့၏။

သူသည် ရှေးဦးတောအုပ်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် စိမ်းလန်းစိုပြည်သော အပင်များဖြင့် ပြည့်နှက်နေပြီး ပေရာချီမြင့်သော သစ်ပင်ကြီးများက စီတန်းလျက် ရှိနေသည်။

သူ့ပတ်လည်တွင် ပေရာချီကျယ်သော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်နေပြီး ကျောက်စကျောက်နများ လွင့်စင်နေကာ မြေဆီလွှာများမှာလည်း မည်းတူးနေလေသည်။

ဤသည်မှာ 'ရှန်းဟိုင်ပုလဲ' မြေပြင်သို့ ရိုက်ခတ်မိရာမှ ဖြစ်ပေါ်လာသော ပျက်စီးမှုများ ဖြစ်သည်မှာ သိသာလှသည်။

"သဘာဝဝိညာဉ်စွမ်းအင်တွေက တော်တော်လေး သိပ်သည်းတာပဲ...”

"မဟုတ်သေးဘူး... ဖန်ဆင်းခြင်းချီတွေလည်း အများကြီး ပါဝင်နေတာပဲ...”

ကျိုးစွေ့က အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှူလိုက်ရာ ပတ်ဝန်းကျင်မှ သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များကို ချက်ချင်း ခံစားလိုက်ရသည်။

အမှန်အတိုင်းဆိုရလျှင် ဤနေရာ၏ ဝိညာဉ်စွမ်းအင်သိပ်သည်းဆမှာ ရွှမ်ဟွမ်လောကထက်ပင် သာလွန်နေချေပြီ။

ပို၍ အံ့ဩစရာကောင်းသည်မှာ လေထုထဲတွင် ဖန်ဆင်းခြင်းချီများ ကိန်းအောင်းနေခြင်းပင်။ ဤဖန်ဆင်းခြင်းချီပမာဏမှာ ရွှမ်ဟွမ်လောကထက်ပင် များပြားနေသည်။

ရွှမ်ဟွမ်လောကသည် အသစ်မွေးဖွားစ ကမ္ဘာတစ်ခု ဖြစ်သော်လည်း ၎င်း၏အဆင့်အတန်းမှာ စိတ်ဝိညာဉ်လောကနှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။

သို့သော် ဤစိမ်းသက်သောကမ္ဘာရှိ ဖန်ဆင်းခြင်းချီများမှာ လက်ရှိစိတ်ဝိညာဉ်လောကထက်ပင် ပိုမိုများပြားနေချေသည်။ ထို့ကြောင့် ဤကမ္ဘာ၏ အဆင့်အတန်းမှာ စိတ်ဝိညာဉ်လောကနှင့် ယှဉ်နိုင်သည်မှာ သေချာလှသည်။

“ငါရောက်နေတဲ့ ဒီကမ္ဘာက စိတ်ဝိညာဉ်လောကများလား...”

ဤသို့ တွေးလိုက်မိသောအခါ ကျိုးစွေ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ထိတ်လန့်ဖွယ်ကောင်းသော အလင်းတန်းများ ဖြတ်ပြေးသွား၏။

အမှန်တကယ်တွင် ဤသည်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။ သူသည် လေဟာနယ်အတွင်း အချိန်အတော်ကြာ လှည့်လည်ခဲ့ရာ စိတ်ဝိညာဉ်လောကသို့ ရောက်ရှိလာရန် အခွင့်အလမ်း အလွန်များပြားသည်။

သို့သော် လေဟာနယ်ဟူသည်မှာ အဆုံးအစမရှိပေ။ စိတ်ဝိညာဉ်လောကကဲ့သို့သော မဟာလောကကြီးမှာ တစ်ခုတည်း ရှိသည်မဟုတ်။ အဆုံးမဲ့လေဟာနယ်အတွင်း စိတ်ဝိညာဉ်လောကကဲ့သို့သော မဟာလောကပေါင်း သုံးထောင်ခန့် တည်ရှိနေသည်ဟု ဆိုကြသည်။ ယခင်က ကျင့်ကြံခြင်းလောကမှာမူ အလတ်စားလောကနှင့် တူလှသည်။

ထို့အပြင် ကျင့်ကြံခြင်းလောကထက် ပိုမိုအားနည်းသော အသေးစားလောကများလည်း ရှိသေး၏။ ထိုအသေးစားလောကများ၏ အရေအတွက်မှာ မြစ်ကိုဖြတ်ကူးသော ငါးများကဲ့သို့ပင် ရေတွက်၍မကုန်နိုင်အောင် များပြားလှပေသည်။

ပို၍အရေးကြီးသည်မှာ ဤအသေးစားလောကများ၏ အဆင့်အတန်းမှာ အလွန်နိမ့်ပါးလှပြီး အင်အားအကြီးဆုံး ကျင့်ကြံသူမှာပင် အခြေတည်အဆင့်သာ ဖြစ်ပေသည်။ အခြေတည်အဆင့်သို့ ရောက်ရှိပါက အလတ်စားလောကသို့ ပျံသန်းတက်လှမ်းနိုင်သည့် အခွင့်အရေးရှိသည်ဟု ဆိုကြ၏။

ယခင်က ကျင့်ကြံခြင်းလောကမှာမူ အနည်းဆုံး နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်ရှိမှသာ မဟာလောကကြီးသို့ တက်လှမ်းနိုင်ခွင့် ရရှိပေမည်။ ထို့ကြောင့် တစ်နည်းအားဖြင့်ဆိုရသော် အဆုံးအစမဲ့သော လေဟာနယ်အတွင်းရှိ မရေမတွက်နိုင်သော လောကများထဲတွင် ကျင့်ကြံခြင်းလောက၏ အဆင့်အတန်းမှာ မဆိုးလှဟု ဆိုနိုင်ပေသည်။

စိတ်ဝိညာဉ်လောကကဲ့သို့သော မဟာလောကကြီးများကို မမီနိုင်သော်ငြား အောက်ခြေအဆင့်ထက်မူ များစွာသာလွန်နေသည်။

“စိတ်ဝိညာဉ်လောကတော့ ဟုတ်ချင်မှ ဟုတ်မှာ…”

“ဒါပေမဲ့ စိတ်ဝိညာဉ်လောက မဟုတ်ရင်တောင် ဒါက မဟာလောကကြီးတစ်ခု ဖြစ်ရမယ်…”

“ဒီနေရာက ဘယ်နေရာလဲဆိုတာတော့ မသိသေးဘူး…”

“ဒေသခံတစ်ယောက်ယောက်ကို ရှာပြီး မေးကြည့်မှ ဖြစ်မယ်…”

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်၏။ ထိုစဉ် ကျိုးစွေ့သည် အဝေးမှ စိမ်းသက်သော အရှိန်အဝါများနှင့် အသံအချို့ကို ရုတ်တရက် အာရုံခံမိလိုက်လေသည်။

“မြန်မြန်... မြန်မြန်လုပ်ကြ၊ ရှေ့မှာ ကောင်းကင်က ဥက္ကာခဲကျတဲ့နေရာပဲ…”

“ကြားရသလောက်တော့ ကောင်းကင်က ကျလာတဲ့အရာတွေက တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲတဲ့…”

“အမြန်သွားရအောင်၊ မဟုတ်ရင် တခြားသူတွေ အရင်ယူသွားလိမ့်မယ်…”

ရုတ်တရက် ထူးဆန်းစိမ်းသက်သော အသံများ ထွက်ပေါ်လာလေသည်။ အမှန်အတိုင်းဆိုရလျှင် ဤစကားသံများသည် ရွှမ်ဟွမ်လောကရှိ လူသားများ၏ ဘာသာစကားနှင့် လုံးဝကွဲပြားနေပြီး လုံးဝကို မတူညီသော ဘာသာစကားမျိုး ဖြစ်ပေသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ကျိုးစွေ့အနေဖြင့် နားလည်နိုင်မည် မဟုတ်ချေ။ သို့သော် သူ၏နှလုံးသားမျက်လုံးတွင် ဘာသာစကားအားလုံးကို ပြန်ဆိုပေးနိုင်သော စွမ်းရည်ရှိသည်။ ဤနှလုံးသားမျက်လုံးသည် မည်သည့်ဘာသာစကားကိုမဆို ဘာသာပြန်ပေးနိုင်စွမ်း ရှိသည်။

တစ်ခါမျှ မကြားဖူးသော ဘာသာစကား ဖြစ်နေစေကာမူ တစ်ဖက်လူ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်စေနိုင်၏။ ၎င်းမှာ အစွမ်းထက်သော ဘာသာပြန်စက်တစ်ခုနှင့် တူလှသည်။ ထို့ကြောင့် ဤစိမ်းသက်သော ဘာသာစကားကို ကြားရသော်လည်း ကျိုးစွေ့မှာ ဒေသခံတစ်ယောက်ကဲ့သို့ အလုံးစုံ နားလည်နေလေသည်။

“မတူညီတဲ့ ဘာသာစကားပါလား... တကယ်ပဲ ကမ္ဘာသစ်တစ်ခုကို ရောက်လာတာပဲ…”

ကျိုးစွေ့က မျက်လုံးကို မှေးစင်းလိုက်၏။

ရွှစ်… ရွှစ်… ရွှစ်…။

ခဏအတွင်းမှာပင် ကျိုးစွေ့ တစ်စုံတစ်ရာ မလုပ်ဆောင်ရသေးမီ ကျင့်ကြံသူ လူသားအယောက်နှစ်ဆယ်ခန့်သည် ဓားပျံများကို စီးနင်းကာ ပျံသန်းရောက်ရှိလာပြီး ကျိုးစွေ့၏ အနီးနားသို့ ဆင်းသက်လိုက်ကြသည်။

သူတို့၏ကိုယ်ပေါ်မှ ပြင်းထန်သော သတ်ဖြတ်ခြင်းအရှိန်အဝါများနှင့် ရန်လိုမှုများ ထွက်ပေါ်နေလေသည်။ သူတို့သည် မတူညီသော ဝတ်ရုံများကို ဝတ်ဆင်ထားပြီး ကိုယ်ပေါ်တွင်လည်း မတူညီသော မှော်လက်နက်များကို အပြည့်အစုံ ဆင်မြန်းထားကြ၏။

သူတို့ထဲတွင် ဝတ်စုံနက်နှင့် အဖိုးအိုတစ်ယောက်မှာ နတ်ဘုရားအသွင်ပြောင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ကျန်ရှိသော ကျင့်ကြံသူများထဲတွင် ခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့်မှာ ဝိညာဉ်သန္ဓေသားအဆင့် ဖြစ်ကြပြီး ကျန်ရှိသောသူများမှာမူ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

အကယ်၍ ယခင် ကျင့်ကြံခြင်းလောကတွင်ဆိုပါက ဤကဲ့သို့သော အင်အားစုမှာ နတ်ဘုရားအသွင်ပြောင်းဂိုဏ်းတစ်ခု၏ အကောင်းဆုံး အင်အားစုများပင် ဖြစ်ပေသည်။

“နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေက ဒီလောက်တောင် ပေါနေတာလား…”

“ဘာမဟုတ်တဲ့ နေရာလေးမှာတောင် တစ်ယောက်နဲ့ တိုးနေပြီ…”

ကျိုးစွေ့သည် ဝတ်စုံနက်အဖိုးအိုကို ဆွံ့အစွာဖြင့် ကြည့်နေမိတော့သည်။ သူသည် ဤကမ္ဘာသို့ ရောက်ရှိလာကာစတွင်ပင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် တွေ့ဆုံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယခင် ကျင့်ကြံခြင်းလောကတွင်ဆိုလျှင် နတ်ဘုရားအသွင်ပြောင်းအဆင့်တစ်ဦးနှင့် တွေ့ဆုံရန်မှာ ကောင်းကင်သို့ တက်လှမ်းရသည်ထက်ပင် ခက်ခဲလှသည်။

ဤသည်မှာ သူ၏ကံကောင်းမှုကြောင့်လော သို့မဟုတ် ဤကမ္ဘာတွင် ထိုအဆင့်ကျင့်ကြံသူများ အလွန်ပေါများနေခြင်းလော မသိနိုင်ချေ။

“ဒီကမိတ်ဆွေ... ကောင်းကင်က ကျလာတဲ့အရာကို မိတ်ဆွေ ယူလိုက်တာလား…”

ဝတ်စုံနက်အဖိုးအိုက ကျိုးစွေ့ကို ကြည့်ကာ မေးလိုက်၏။ သူသည် ပတ်ဝန်းကျင်ကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ရာ ရှေ့ရှိ လူငယ်ကျင့်ကြံသူမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေ့ရတော့ချေ။ သိသာထင်ရှားစွာပင် ကောင်းကင်မှ ကျလာသောရတနာမှာ ဤသူ့ထံတွင်သာ ရှိနေရပေမည်။

“ဒီမှာ ကောင်းကင်က ကျလာတဲ့အရာ ဘာမှမရှိပါဘူး… ရောင်းရင်း အထင်မှားနေပြီ ထင်ပါရဲ့…”

ကျိုးစွေ့က ပြန်ပြောလိုက်သည်။ အမှန်တကယ်ပင် သူကိုယ်တိုင် ကောင်းကင်မှ ကျဆင်းလာခြင်းဖြစ်ရာ မည်သည့်ရတနာမှ ရှိနေမည် မဟုတ်ချေ။ သို့သော် တစ်ဖက်လူမှာမူ သူ၏စကားကို ယုံကြည်မည့်ပုံ မပေါ်ပေ။

All Chapters