အခန်း (၆၉၃-၆၉၄)
Vol. 65 Ch. 693-694
အခန်း (၆၉၃) - ရွှမ်ဟွမ်ကမ္ဘာအား တပေါင်းတစည်းတည်းဖြစ်စေခြင်း၊ အစစ်အမှန်ဝိညာဉ်ခွန်ဖန်နှင့် စိတ်ဝိညာဉ်ကမ္ဘာမှ လူသားမျိုးနွယ်(၄)။
“ရောင်းရင်း... ငါ့ကို ငတုံးမှတ်နေလား…”
“ကောင်းကင်က ကျလာတဲ့အရာက တန်ဖိုးမဖြတ်နိုင်ဘူး… ဒါကို တစ်ယောက်တည်း သိမ်းထားချင်တာလား…”
ဝတ်စုံနက်အဖိုးအို၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းများ လက်ခနဲဖြစ်သွားပြီး ကျိုးစွေ့ကို စိုက်ကြည့်ကာ သတ်ဖြတ်ခြင်းအရှိန်အဝါများကို ထုတ်ဖော်လိုက်လေသည်။ သိသာထင်ရှားစွာပင် သူသည် ရတနာကို လုယူရန် သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်နေချေပြီ။
တောတောင်ထဲတွင် ဤကဲ့သို့သော ကိစ္စရပ်များမှာ အမြဲတစေ ဖြစ်ပွားလေ့ရှိသည်။ ၎င်းမှာ တန်ဖိုးမဖြတ်နိုင်သော ကောင်းကင်ရတနာ ဖြစ်နေသည် မဟုတ်ပါလော။
အကယ်၍သာ ၎င်းကို ရရှိခဲ့ပါက မည်မျှလောက်သော ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများကို လဲလှယ်နိုင်မည်နည်း။
ဤသည်မှာ ကျင့်ကြံခြင်းလမ်းစဉ်အတွက် ဖြတ်လမ်းတစ်ခုပင် ဖြစ်သည်။ မည်သည့်ကျင့်ကြံသူမဆို ဤအခွင့်အရေးကို လက်လွှတ်မည် မဟုတ်ချေ။
ရွှစ်…။
စကားအဆုံးတွင် ဝတ်စုံနက်အဖိုးအိုသည် ဓားကို ဆွဲထုတ်လိုက်ပြီး သူ၏ကိုယ်ပေါ်မှ ကြီးမားလှသော နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်ဖော်ကာ ကျိုးစွေ့ကို ချက်ချင်းသတ်ဖြတ်၍ ရတနာကို လုယူရန် ကြိုးစားလိုက်တော့သည်။
အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင်တွင် မည်သူမှ ရှိမနေသောကြောင့် ဖြစ်သည်။ အကယ်၍သာ ဤလူကို သတ်ဖြတ်နိုင်ပါက ကောင်းကင်ရတနာသာမက ဤသူ့ကိုယ်ပေါ်ရှိ ရတနာများကိုပါ ရရှိနိုင်မည် မဟုတ်ပါလော။
“ဟူး... ဘယ်လောကက ကျင့်ကြံသူဖြစ်ဖြစ် အတူတူပါပဲလား…”
“စိတ်နှလုံးက ကောက်ကျစ်ပြီး ကိုယ့်အတ္တကိုယ်ပဲ ကြည့်ကြတာပဲ… လူ့အသက်ကို မျက်စိထဲတောင် မထည့်ကြဘူး…”
“ဒီလိုဆိုမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့…”
ကျိုးစွေ့က ခပ်တိုးတိုးဆိုလိုက်ပြီး လက်ဝါးတစ်ချက် ဖြည်းညင်းစွာ ရိုက်ထုတ်လိုက်လေသည်။
ဝုန်း...။
ရုတ်တရက် သူ၏ကိုယ်ပေါ်မှ နဂါးဆင်နယ်ပယ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူ၏နောက်ကျောတွင် နဂါးဆင်ပုံရိပ်ယောင်ကြီး ပေါ်ထွက်လာကာ လေဟာနယ်ကို တုန်ခါသွားစေလျက် ပြိုင်ဘက်ကင်းသော နတ်သားရဲအရှိန်အဝါများကို ထုတ်ဖော်လိုက်၏။
ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ မြေပြင်များ တုန်ခါသွားပြီး သဘာဝဝိညာဉ်စွမ်းအင်များပင် အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
“မကောင်းတော့ဘူး…”
ဝတ်စုံနက်အဖိုးအို၏ ကိုယ်ပေါ်မှ အမွှေးအမျှင်များ ထောင်ထလာပြီး ဤကဲ့သို့သော အရှိန်အဝါနှင့် စွမ်းအားကို ခံစားလိုက်ရသောအခါ သူသည် မစော်ကားသင့်သောသူကို စော်ကားမိပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။
ဘန်း...။
ဤလက်ဝါးရိုက်ချက်သည် ကောင်းကင်နှင့်မြေကြီးကို တုန်ဟည်းသွားစေကာ ဓားအလင်းကို ချက်ချင်းချေမှုန်းလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော နဂါးဆင်စွမ်းအားများက ဝတ်စုံနက်အဖိုးအိုအပေါ်သို့ ကျရောက်သွားလေသည်။
အဖိုးအိုမှာ အသနားခံစကားပင် မပြောနိုင်သေးမီ ဘန်းခနဲအသံနှင့်အတူ သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးမြူအဖြစ်သို့ ပြောင်းလဲသွားပြီး ဝိညာဉ်ပင် လွတ်မြောက်နိုင်ခြင်း မရှိဘဲ ပျောက်ကွယ်သွားရတော့သည်။
“သေပြီဟ…”
ကျန်ရှိနေသော ကျင့်ကြံသူများမှာ မျက်နှာပျက်သွားပြီး စိတ်ပျက်အားငယ်သွားကြလေသည်။ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူပင် ဤလူ၏လက်ထဲတွင် အစပျောက်သွားရလျှင် သူတို့အနေဖြင့် မည်သို့ ပြန်လည်ခုခံနိုင်ပါတော့မည်နည်း။
သို့သော် သူတို့မှာ စကားတစ်လုံးပင် မပြောနိုင်လိုက်ချေ။ ကျိုးစွေ့က နောက်ထပ် လက်ဝါးတစ်ချက်ကို ညင်သာစွာ ရိုက်ထုတ်လိုက်ရာ သဏ္ဌာန်မဲ့သော မှော်စွမ်းအားတစ်ခုက ဖိနှိပ်ချလိုက်လေသည်။
ချက်ချင်းပင် ထိုနေရာရှိ ကျင့်ကြံသူအားလုံးမှာ သွေးမြူအဖြစ်သို့ ပြောင်းလဲသွားချေပြီ။ မြေပြင်ပေါ်တွင်လည်း မီတာရာချီကျယ်သော လက်ဝါးရာကြီးတစ်ခု ပေါ်ထွက်လာပြီး မြေပြင်မှာ နိမ့်ဆင်းသွားသည်။ မိုင်ပေါင်းရာချီသော ဧရိယာအတွင်း ငလျင်အသေးစားတစ်ခု ဖြစ်ပေါ်သွားပြီး တုန်ခါသွားလေတော့သည်။
“ဟမ်...”
ကျိုးစွေ့မှာ စိတ်လှုပ်ရှားသွားရ၏။ အနက်ဝတ်အဖိုးအိုနှင့် အခြားသူများ သေဆုံးသွားသည့် တစ်ခဏချင်းတွင်ပင် သွေးနီရောင်အလင်းတန်းများမှာ သူ့ထံသို့ ချက်ချင်းပင် တိုးဝင်လာကြကုန်၏။
ဝိညာဉ်ငြိုးခြေရာခံမန္တန်…။
ဤလျှို့ဝှက်ပညာရပ်၏ ဇာစ်မြစ်ကို သူ ချက်ချင်းပင် မှတ်မိလိုက်၏။ သိသာထင်ရှားသည်မှာ ဤကျင့်ကြံသူများသည် နောက်ခံအရှိန်အဝါ ကြီးမားပုံရလေသည်။
ထို့ကြောင့်ပင် သူတို့၏ခန္ဓာကိုယ်၌ ဝိညာဉ်ငြိုးခြေရာခံမန္တန် ပါရှိနေခြင်းဖြစ်ပေသည်။ သေဆုံးသွားသည်နှင့်တစ်ပြိုင်နက် လူသတ်သမား၏ ကိုယ်ပေါ်သို့ ချက်ချင်းပင် ကပ်ငြိသွားမည် ဖြစ်သည်။
သို့သော် သူသည် ကျင့်ကြံခြင်းလောကတွင် ထိုကဲ့သို့သော လှည့်ကွက်များကို ကြုံဖူးပြီးသားဖြစ်ရာ မည်သို့လျှင် အမိခံပါမည်နည်း။
သူသည် မိမိ၏ခန္ဓာကိုယ်ထဲမှ ကိုယ်ပွားအရုပ်တစ်ရုပ်ကို ချက်ချင်းပင် ထုတ်ယူလိုက်ပြီး ရှေ့တွင် ကာထားလိုက်လေသည်။
သွေးနီရောင်အလင်းတန်းများမှာ ကိုယ်ပွားအရုပ်ထဲသို့ တိုးဝင်သွားကြပြီး အရုပ်တစ်ခုလုံးကို သွေးရောင်ကဲ့သို့ ရဲရဲနီသွားစေတော့သည်။ ထိုစွမ်းအားမှာ အရိုးထဲအထိ စွဲမြဲနေသော ပိုးကောင်ကဲ့သို့ဖြစ်ရာ မည်သို့မျှ ဖယ်ရှားပစ်ရန် မလွယ်ကူချေ။
ထို့နောက် သူက လက်လှမ်းလိုက်ပြီး ကိုယ်ပွားအရုပ်ကို အမှုန့်ခြေပစ်လိုက်ရာ ဝိညာဉ်ငြိုးခြေရာခံမန္တန်၏ စွမ်းအားမှာလည်း လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားပြီး ပစ်မှတ်ကို ဆုံးရှုံးသွားတော့သည်။ ထိုဝိညာဉ်ငြိုးခြေရာခံမန္တန် လျှို့ဝှက်အတတ်မှာလည်း ခဏချင်းအတွင်း ပျက်ပြယ်သွားလေတော့၏။
“လူသတ်တဲ့သူဟာ သူတစ်ပါးရဲ့ သတ်ခြင်းကိုလည်း ခံရစမြဲပဲ… ကျုပ်ကို အပြစ်မတင်နဲ့တော့...”
ကျိုးစွေ့က သေဆုံးသွားသော လူသားကျင့်ကြံသူများကို အေးစက်စွာ ကြည့်လိုက်သည်။
ဝုန်း...။
ထိုစဉ်မှာပင် ‘အိပ်မက်ဝိညာဉ်ကူ’ ကလည်း လှုပ်ရှားလိုက်ပြီး သေဆုံးသွားသော ကျင့်ကြံသူများ၏ ဝိညာဉ်များကို အငမ်းမရ ဝါးမျိုလိုက်လေသည်။ ဝိညာဉ်များအားလုံး ၎င်း၏ကိုယ်ထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် မှတ်ဉာဏ်အပိုင်းအစ အမြောက်အမြားမှာလည်း ‘အိပ်မက်ဝိညာဉ်ကူ’ ထံသို့ စီးဝင်သွားတော့သည်။ ၎င်းသည် များပြားလှသော သတင်းအချက်အလက်များကို ချက်ချင်းပင် ရရှိသွားချေပြီ။
ခဏအကြာတွင် ကျိုးစွေ့၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။ အဘယ်ကြောင့်ဆိုသော် ထိုကျင့်ကြံသူများ၏ မှတ်ဉာဏ်များထဲမှတစ်ဆင့် ဤကမ္ဘာနှင့် ဤနေရာ၏ အရေးကြီးသော သတင်းအချက်အလက်များကို သူ ရရှိလိုက်သောကြောင့်ပင်။
“ငါ ထင်ထားတဲ့အတိုင်း... ဒီကမ္ဘာက စိတ်ဝိညာဉ်လောကပဲ၊ နာမည်ကျော်လှတဲ့ အစစ်အမှန်ဝိညာဉ်တွေရဲ့ ကမ္ဘာပေါ့…”
ကျိုးစွေ့က ‘အိပ်မက်ဝိညာဉ်ကူ’ ထံမှတစ်ဆင့် ရရှိသော သတင်းအချက်အလက်များကို ဆန်းစစ်ကြည့်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ဤကျင့်ကြံသူများမှာ ဤကမ္ဘာ၏ ဒေသခံများဖြစ်ပြီး ၎င်းတို့ထဲတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးပင် ပါဝင်နေသေးသည်။ ထို့ကြောင့် ၎င်းတို့ သိရှိထားသော သတင်းအချက်အလက်များမှာ အလွန်ပင် များပြားလှ၏။
အသစ်ရောက်ရှိလာသော ဧည့်သည်တစ်ဦးဖြစ်သည့် ကျိုးစွေ့ထက် အဆပေါင်းများစွာ ပိုမိုသိရှိထားကြလေသည်။
“စိတ်ဝိညာဉ်လောက... ဒါဟာ အဆုံးစမဲ့တဲ့ ကမ္ဘာကြီးပဲ၊ အရင်က ကျင့်ကြံခြင်းလောကထက် ဘယ်လောက်တောင် ပိုပြီးကျယ်ပြောလိုက်သလဲ… တစ်ချိန်တည်းမှာပဲ ဒါဟာ အစစ်အမှန်ဝိညာဉ်တွေ ကြီးစိုးတဲ့ ကမ္ဘာပဲ၊ စိတ်ဝိညာဉ်လောကထဲမှာ လူသားမျိုးနွယ်ဆိုတာ အားနည်းတဲ့ မျိုးနွယ်စုလေးတစ်ခုသာ ဖြစ်တယ်…
တစ်ကမ္ဘာလုံးမှာ တိုက်ကြီး လေးတိုက်ရှိတယ်၊ အဲဒါတွေကတော့ နဂါးပြာတိုက်ကြီး၊ ဖီးနစ်တိုက်ကြီး၊ လိပ်နက်တိုက်ကြီးနဲ့ ကျားဖြူတိုက်ကြီးတို့ပဲ… လူသားမျိုးနွယ်တွေ နေထိုင်တဲ့နယ်မြေကတော့ နဂါးပြာတိုက်ကြီးရဲ့ ဝေးလံခေါင်ဖျားတဲ့ နေရာလေးတစ်ခုမှာပဲ ဖြစ်ပြီး တစ်ထောင့်တစ်နေရာမှာ ခပ်ကုတ်ကုတ်နေထိုင်ကြရတာပဲ…”
ကျိုးစွေ့က မျက်မှောင်ကြုတ်လိုက်လေသည်။ သူသည် ထိုကျင့်ကြံသူများ၏ မှတ်ဉာဏ်များထဲမှတစ်ဆင့် စိတ်ဝိညာဉ်လောကနှင့်ပတ်သက်သော သတင်းအချက်အလက် အမြောက်အမြားကို ရရှိလိုက်လေသည်။
လူသားမျိုးနွယ်သည် စိတ်ဝိညာဉ်လောကတွင် အားနည်းကြောင်း သူ ကြိုတင်သိရှိထားသော်လည်း ဤမျှအထိ အားနည်းနေလိမ့်မည်ဟုမူ မထင်မှတ်ထားခဲ့ပေ။
များပြားလှစွာသော အားနည်းသည့် မျိုးနွယ်စုများထဲမှ တစ်ခုမျှသာ ဖြစ်ပေသည်။ အချိန်မရွေး မျိုးတုံးပျောက်ကွယ်သွားနိုင်သည့် အခြေအနေတွင် ရှိနေ၏။
ပြောရမည်ဆိုလျှင် အစစ်အမှန်ဝိညာဉ်တစ်ကောင်ကသာ လူသားမျိုးနွယ်ကို ပစ်မှတ်ထားတိုက်ခိုက်မည်ဆိုပါက လူသားမျိုးနွယ်မှာ သေချာပေါက် ပျက်စီးသွားပေလိမည်။
သို့သော်ငြား အစစ်အမှန်ဝိညာဉ်များမှာ လူသားမျိုးနွယ်ကို အရေးတယူ လုပ်လိမ့်မည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံရခြင်း မရှိသောကြောင့်ပင်။ အစစ်အမှန်ဝိညာဉ်များကို သွားရောက် စော်ကားရန်ပင် လူသားတို့၌ အခွင့်အရေးမရှိလှချေ။
“လူသားမျိုးနွယ် ပိုင်ဆိုင်တဲ့နေရာက သေးငယ်တယ်ဆိုပေမဲ့လည်း ကျင့်ကြံခြင်းလောကထက်တော့ အဆပေါင်းများစွာ ပိုပြီးကြီးမားသေးတာပဲ… စိတ်ဝိညာဉ်လောကက လူသားတွေမှာ ဂိုဏ်းဂဏဆိုတာ မရှိဘူး၊ လူသားတော်ဝင်အင်ပါယာတစ်ခုပဲ ရှိတယ်…
လူသားမျိုးနွယ်တစ်ခုလုံးကို လူသားဧကရာဇ်က အုပ်ချုပ်ပြီး လူသားနယ်မြေအတွင်းမှာ မြို့ပေါင်း (၁၀၈) မြို့ ရှိတယ်… အခြေခံအားဖြင့် လူသားအားလုံးဟာ မြို့ကြီးတွေထဲမှာပဲ နေထိုင်ကြပြီးတော့ ဈေးတန်းတွေ၊ မြို့ငယ်လေးတွေ ဒါမှမဟုတ် ကျေးရွာတွေဆိုတာ မရှိဘူး…
မြို့တစ်မြို့စီမှာ လူဦးရေအနည်းဆုံး သန်းပေါင်းတစ်သောင်းလောက် ရှိနေတာဆိုတော့ နိုင်ငံတစ်ခုနဲ့တောင် တူနေပြီ…”
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်မိသည်။ စိတ်ဝိညာဉ်လောကရှိ လူသားမျိုးနွယ်နှင့် ရွှမ်ဟွမ်လောကရှိ လူသားမျိုးနွယ်တို့၏ ရှင်သန်ပုံမှာ လုံးဝကို ကွဲပြားခြားနားနေမည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။
စိတ်ဝိညာဉ်လောကတွင် လူသားမျိုးနွယ်အတွင်းရှိ ဂိုဏ်းဂဏများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ ဂိုဏ်းများ ရှင်သန်ရန်နေရာပင် မရှိတော့ပေ။ လူသားမျိုးနွယ်တစ်ခုလုံးမှာ စည်းလုံးညီညွတ်သွားကြပြီး တစ်ခုတည်းသော တော်ဝင်အင်ပါယာအဖြစ် ဖွဲ့စည်းထားကြချေပြီ။
သို့သော် သေချာစွာ ပြန်လည်စဉ်းစားကြည့်လျှင်မူ ဤသည်မှာလည်း ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စတစ်ခုပင်။
အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်မှာ စိတ်ဝိညာဉ်လောကတွင် အလွန်အားနည်းလှရာ အကယ်၍ စည်းလုံးညီညွတ်မှုသာ မရှိပါက ရန်သူများ၏ ဖျက်ဆီးခြင်းကို ခံရသည်မှာ ကြာလှပြီမဟုတ်ပါလော။
ယနေ့အထိ ရှင်သန်နေနိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။ အရင်က ကျင့်ကြံခြင်းလောကတွင် ဂိုဏ်းပေါင်းစုံ ကွဲပြားနေပြီး တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်နေကြခြင်းမှာ လူသားမျိုးနွယ်သည် ထိုလောက၏ အရှင်သခင်ဖြစ်နေသောကြောင့်သာ ဖြစ်ပေသည်။
ထို့ကြောင့်သာ ထိုကဲ့သို့ ပြုမူနိုင်ခြင်းဖြစ်၏။ အားနည်းသော မျိုးနွယ်စုတစ်ခုသာ ဖြစ်နေပါက အန္တရာယ်များလှသော စိတ်ဝိညာဉ်လောကတွင် ရှင်သန်နိုင်ရန်အတွက် တစ်ဦးကိုတစ်ဦးမှီခိုပြီး စည်းလုံးနေကြရမည်သာ ဖြစ်သည်။
“လူသားမျိုးနွယ် အားနည်းနေရတာက မဟာယာနအဆင့်ကျင့်ကြံသူ အရမ်းနည်းလို့ပဲ… လက်ရှိအချိန်အထိ လူသားမျိုးနွယ်မှာ လူသားဧကရာဇ်တစ်ပါးတည်းသာ မဟာယာနအဆင့် ရှိသေးတယ်… အကယ်၍ လူသားဧကရာဇ်သာ ကျဆုံးသွားမယ်ဆိုရင် လူသားမျိုးနွယ်ဟာ အန္တရာယ်ကြီးနဲ့ ရင်ဆိုင်ရတော့မှာပဲ…
လူသားမျိုးနွယ် မျိုးတုံးသွားလိမ့်မယ်လို့ မဆိုနိုင်ပေမဲ့လည်း အသေအပျောက် များပြားပြီး မြို့ပေါင်းများစွာကို ဆုံးရှုံးရမှာကတော့ အသေအချာပဲ… နောက်ဆုံးမှာတော့ လူသားတွေဟာ တောနက်တွေထဲမှာ ပုန်းအောင်းနေရပြီး ဘယ်နယ်မြေကိုမှ သိမ်းပိုက်ထားနိုင်မှာ မဟုတ်တော့ဘူး…”
ကျိုးစွေ့က သက်ပြင်းချလိုက်မိလေသည်။
စိတ်ဝိညာဉ်လောကအတွင်းရှိ အမှန်တကယ် အင်အားကြီးမားသော မျိုးနွယ်စုများတွင် အနည်းဆုံး မဟာယာနအဆင့်ကျင့်ကြံသူ ဆယ်ဂဏန်း သို့မဟုတ် ထို့ထက်မက ရှိကြသည်ကို ကျိုးစွေ့ သိလိုက်ရ၏။
ထိုပုဂ္ဂိုလ်များမှာသာ စိတ်ဝိညာဉ်လောက၏ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားများ ဖြစ်ကြပြီး စိတ်ဝိညာဉ်လောက၏ အခြေအနေကို ထိန်းချုပ်နိုင်ကြသူများ ဖြစ်သည်။ အကယ်၍ မဟာယာနအဆင့်ကျင့်ကြံသူ၏ အကာအကွယ်သာ မရှိပါက စိတ်ဝိညာဉ်လောကတွင် ခြေကုပ်ယူနိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
မှန်ပေသည်၊ စိတ်ဝိညာဉ်လောကတွင် အရင်းအမြစ်များ ပေါများလှပြီး ပစ္စည်းဥစ္စာများလည်း ကြွယ်ဝလှ၏။ အကယ်၍ အရည်အချင်း လုံလောက်စွာ ရှိပါက ကျင့်ကြံခြင်းလောကထက် သာလွန်သော အောင်မြင်မှုများကို သေချာပေါက် ရရှိနိုင်ပေလိမ့်မည်။
သို့သော်ငြား စိတ်ဝိညာဉ်လောကတွင်ပင် လေဟာနယ်သန့်စင်ခြင်းအဆင့်၊ ခန္ဓာပေါင်းစည်းခြင်းအဆင့် သို့မဟုတ် မဟာယာနအဆင့်များသို့ ရောက်ရှိရန်မှာ အလွန်ပင် ခဲယဉ်းလှပြီး လက်ချိုးရေတွက်၍ ရနိုင်လောက်အောင်သာ ရှိသည်။
ကျိုးစွေ့က တအံ့တဩဖြင့် ဆက်လက်လေ့လာနေမိသည်။
“လူသားမျိုးနွယ်က အားနည်းနေသလို စိတ်ဝိညာဉ်လောကရဲ့ ရင်းမြစ်တွေကလည်း ပေါများလှတယ်… ဒါကြောင့် စိတ်ဝိညာဉ်အမြစ်ရှိတယ်လို့ စမ်းသပ်တွေ့ရှိရတဲ့ လူသားတိုင်းဟာ ကျင့်ကြံခြင်းကို ပြုလုပ်နိုင်ကြတာပဲ… အခြေခံအားဖြင့် တစ်မျိုးသားလုံး ကျင့်ကြံနေကြတာပေါ့…
ပြီးတော့ လူသားမျိုးနွယ်က တစ်စည်းတစ်လုံးတည်း ဖြစ်နေတာကြောင့် ကျင့်ကြံသူတိုင်းဟာ တာအိုကျောင်းတော်တွေမှာ ကျင့်ကြံကြရပြီး မသင်မနေရ ပညာရေးစနစ်ကို ကျင့်သုံးနေကြတာပဲ… တစ်နည်းအားဖြင့် ပြောရရင် တာအိုကျောင်းတော်ဆိုတာ စာသင်ကျောင်းတွေလိုပါပဲ၊ လူတိုင်း ကျောင်းတက်ပြီး ပညာသင်ယူနိုင်ကြတာပေါ့…
စိတ်ဝိညာဉ်အမြစ်မရှိတဲ့ လူသားတွေတောင်မှ ချီသွေးကြောသိုင်းပညာကို ကျင့်ကြံနိုင်ကြသေးတယ်… ဒီချီသွေးကြောသိုင်းပညာကို အကြိုအဆင့်၊ ကနဦးအဆင့်နဲ့ အစစ်အမှန်အမြုတေအဆင့် ဆိုပြီး ခွဲခြားထားတယ်… အခြေခံအားဖြင့်တော့ ချီသန့်စင်ခြင်း၊ အခြေတည်ခြင်းနဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေနဲ့ အလားတူပဲ…
ချီသွေးကြောသိုင်းပညာက အစစ်အမှန်အမြုတေအဆင့်ကို ရောက်သွားပြီဆိုရင်တော့ တာအိုဝင်ရောက်ခြင်းဆေးလုံးတစ်လုံးကို သုံးစွဲပြီး သိုင်းပညာဘက်ကနေ တာအိုလမ်းကြောင်းဘက်ကို ကူးပြောင်းနိုင်တယ်…
စိတ်ဝိညာဉ်အမြစ်ကို ပျိုးထောင်ပြီး စစ်မှန်တဲ့ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ကို တက်လှမ်းနိုင်တာပေါ့… ဒါကြောင့် စိတ်ဝိညာဉ်လောကက သာမန်လူသားတွေမှာလည်း အတိုင်းအတာတစ်ခုအထိ အင်အားရှိကြပြီး အားနည်းမနေကြဘူး…”
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်မိလေသည်။ ကျိုးစွေ့သည် ထိုစိတ်ဝိညာဉ်လောက ကျင့်ကြံသူများ၏ မှတ်ဉာဏ်များမှတစ်ဆင့် လူသားမျိုးနွယ်သည် စိတ်ဝိညာဉ်လောကတွင် နှစ်ပေါင်းသန်းတစ်ရာကျော် သမိုင်းကြောင်း ရှိခဲ့သည်ကို သိရှိလိုက်ရ၏။
ရှည်လျားလှသော အချိန်ကာလတစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးနောက် နောက်ဆုံးတွင် စိတ်ဝိညာဉ်လောက၌ အနိုင်နိုင် ခြေကုပ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
လူသားမျိုးနွယ်၏ ကျင့်ကြံမှုနှင့် အင်အားကို မြှင့်တင်ပေးနိုင်ရန်အတွက် မျိုးဆက်အဆက်ဆက်မှ လူသားပညာရှိကြီးများမှာ နှလုံးသွေးကုန်လုမတတ် ကြိုးပမ်းခဲ့ကြပြီး လျှို့ဝှက်ပညာရပ်အမျိုးမျိုးကို တီထွင်ဖန်တီးပေးခဲ့ကြရာ လူသားမျိုးနွယ်အတွင်း၌ မရေမတွက်နိုင်သော ပါရမီရှင်များ ပေါ်ထွန်းလာခဲ့ရသည်။
‘ချီသွေးကြောသိုင်းပညာ’ ဆိုသည်မှာလည်း လူသားမျိုးနွယ်၏ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးက တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ရည်ရွယ်ချက်မှာ သာမန်လူသားများအတွက် လမ်းစဉ်အသစ်တစ်ခုကို ဖောက်လုပ်ပေးရန်ပင် ဖြစ်၏။
မှန်ပေသည်၊ ဤကျင့်စဉ်ပေါ်ထွက်လာပြီးနောက် လူသားမျိုးနွယ်၏ အင်အားမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ချေသည်။ ထို့ကြောင့် သာမန်လူသားများပင်လျှင် ကြီးမားသောအင်အားကို ပိုင်ဆိုင်နိုင်သည့်အခွင့်အရေး ရရှိလာခဲ့သည်။
၎င်းတို့သည် နောက်ပိုင်းတွင် မိမိတို့ဘာသာ စိတ်ဝိညာဉ်အမြစ်ကို ပျိုးထောင်နိုင်ပြီး စစ်မှန်သော ကျင့်ကြံခြင်းလမ်းစဉ်သို့ လျှောက်လှမ်းကာ ထာဝရအသက်ကို ရရှိနိုင်ကြသည်။
မှန်ပေ၏၊ အစစ်အမှန်အမြုတေအဆင့်သို့ ရောက်ရှိနိုင်သော သိုင်းသမားများမှာ အလွန်ပင် နည်းပါးလှပြီး တစ်သောင်းတွင် တစ်ယောက်ပင် မရှိနိုင်သော်လည်း ဤသည်မှာ သာမန်လူသားများအတွက် ကျင့်ကြံနိုင်မည့် လမ်းစဉ်တစ်ခုကို ဖွင့်ပေးလိုက်ခြင်းပင် ဖြစ်၏။
ထိုအခါ လူသားမျိုးနွယ်တစ်ခုလုံး၏ အင်အားမှာ အဆမတန် မြင့်တက်လာခဲ့တော့သည်။ ပြိုင်ဘက်ကင်း ပါရမီရှင်များစွာလည်း တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာခဲ့ကြသည်။
သာမန်လူသားတစ်ဦးမှာပင် အစစ်အမှန်အမြုတေအဆင့်သို့ တက်လှမ်းနိုင်ပြီး အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သွားကာ နောက်ဆုံးတွင် ခန္ဓာပေါင်းစည်းခြင်းအဆင့်အထိပင် ရောက်ရှိသွားခဲ့ဖူးသေးသည်။
ထို့ကြောင့် လူသားမျိုးနွယ်သည် အစပိုင်းတွင် မြို့တစ်မြို့သာ ရှိခဲ့သော်လည်း ယခုအခါတွင် မြို့ကြီးပေါင်း (၁၀၈) မြို့အထိ ပိုင်ဆိုင်လာနိုင်ခဲ့ခြင်းပင်။
လူသားဦးရေမှာလည်း အလျင်အမြန် တိုးတက်လာခဲ့သည်။ အင်အားကြီးမားလှသော မျိုးနွယ်စုကြီးများကို မယှဉ်နိုင်သေးသော်လည်း စိတ်ဝိညာဉ်လောကတွင် ရှင်သန်နိုင်ရန်အတွက် အင်အားတစ်ခုကိုတော့ အနည်းဆုံး ရရှိထားခဲ့ကြပြီ ဖြစ်သည်။
“စိတ်ဝိညာဉ်အမြစ် မရှိတဲ့သူတွေတောင် ကျင့်ကြံနိုင်ပြီး ဒီလမ်းစဉ်ကို လျှောက်လှမ်းနိုင်တာပဲ… ကောင်းကင်ဘုံက ဘယ်တော့မှ လမ်းမပိတ်ဘူးဆိုတာ အမှန်ပဲကိုး… အရင်က ကျင့်ကြံခြင်းလောကရဲ့ ကျင့်ကြံသူတွေဟာ စိတ်ဝိညာဉ်အမြစ်မရှိတဲ့ သာမန်လူတွေအတွက် ကျင့်ကြံဖို့ မျှော်လင့်ချက်မရှိဘူးလို့ တစ်ထိုင်တည်း ပြောခဲ့ကြတာပဲ…
ဒါပေမဲ့ အခုကြည့်လိုက်တော့ အဲဒါဟာ အမြင်ကျဉ်းမြောင်းလွန်းလို့ပဲ ဖြစ်မယ်… စိတ်ဝိညာဉ်လောကက လူသားပညာရှိကြီးတွေဟာ လမ်းစဉ်အသစ်တစ်ခုကို ဖောက်လုပ်ပေးခဲ့ကြတာပဲ… သာမန်လူတွေကိုလည်း စိတ်ဝိညာဉ်အမြစ်ရအောင် လုပ်ပေးနိုင်ခဲ့ကြတာပဲလေ…
ဒါကြောင့် စိတ်ဝိညာဉ်အမြစ်ဆိုတာဟာ ထူးခြားတဲ့ လူတချို့အတွက်ပဲ ပိုင်ဆိုင်ရတဲ့ အခွင့်အရေး မဟုတ်တော့ဘူး… လူတိုင်း ကျင့်ကြံနိုင်ကြပြီ…”
ကျိုးစွေ့က တွေးတောရင်း အံ့ဩချီးကျူး၍ မကုန်နိုင်အောင် ဖြစ်နေတော့သည်။
သိသာထင်ရှားသည်မှာ စိတ်ဝိညာဉ်လောကရှိ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုမှာ အလွန်ပင် ခမ်းနားလှပြီး လူသားပညာရှိကြီးများ၏ ဉာဏ်ပညာများစွာ ပါဝင်နေခြင်းဖြစ်ပေသည်။
သို့သော် ဤသည်မှာလည်း လူသားတို့၏ အခြေအနေနှင့် များစွာ သက်ဆိုင်နေ၏။ အပြင်ဘက် မျိုးနွယ်စုများ၏ ဖိနှိပ်ချုပ်ချယ်မှုများကြောင့် လူသားများမှာ စည်းလုံးလာကြရပြီး လူသားမျိုးနွယ်၏ အင်အားကို မြှင့်တင်ရန်အတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ကြရသည်။
အင်အားအနည်းငယ်ကိုပင် အဆပေါင်းများစွာ တိုးတက်လာအောင် ကြိုးစားခဲ့ကြရသည်။ ထို့ကြောင့်သာ ပညာရှိကြီးများမှာ သာမန်လူသားများ ကျင့်ကြံနိုင်စေရန် ကူညီပေးခဲ့ကြခြင်း ဖြစ်သည်။
အခြားအကြောင်းများကြောင့် မဟုတ်ပါက မည်သည့် လူသားပညာရှိကမျှ သာမန်လူသားများ ကျင့်ကြံနိုင်ရန်အတွက် အပင်ပန်းခံလိမ့်မည် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ ရလဒ်အနေဖြင့် ကြည့်မည်ဆိုလျှင်မူ သာမန်လူသားတိုင်းအတွက် အလွန်ပင် ကြီးမားလှသော အကျိုးကျေးဇူးကို ရရှိစေခဲ့သည် မဟုတ်ပါလော။
အခန်း (၆၉၄) - ပြိုင်ဘက်ကင်း အလှပိုင်ရှင်၊ ရွှေရောင်ဆံပင်နှင့် ကျောက်စိမ်းမျက်နှာမြေခွေး၊ အမျိုးသမီးကိုသာ အားကိုးရဦးပေမည်(၁)။
“ခဏလေး… ငါသာ ချီသွေးကြောသိုင်းပညာရပ်ကို ရွှမ်ဟွမ်ကမ္ဘာက သာမန်လူတွေဆီ ဖြန့်ဝေပေးလိုက်မယ်ဆိုရင် ရွှမ်ဟွမ်ကမ္ဘာရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အကြီးအကျယ် မြှင့်တင်ပေးနိုင်မှာ မဟုတ်ဘူးလား...”
ထိုအခိုက်အတန့်တွင် ကျိုးစွေ့သည် မေးစေ့ကို ပွတ်သပ်လိုက်ရင်း မျက်လုံးများက ချက်ချင်း အရောင်လက်သွားပြီး အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။
အမှန်အတိုင်းဆိုရလျှင် ယခင်က ကျင့်ကြံခြင်းကမ္ဘာသာဆိုလျှင်မူ ချီသွေးကြောသိုင်းပညာရပ်ကို သင်ကြားပေးခြင်းသည် တစ်ကမ္ဘာလုံးရှိ လူသားများအတွက် အမှန်တကယ် ကောင်းကျိုးတစ်ခု မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးတစ်ခုလုံး၏ အရွယ်အစားမှာ ထိုမျှသောအတိုင်းအတာသာ ရှိသောကြောင့်ပင်။
အကယ်၍ ကျင့်ကြံသူအရေအတွက် အမြောက်အမြားပေါ်ထွက်လာပါက ရေကုန်သည်အထိ ငါးဖမ်းသကဲ့သို့ ဖြစ်သွားပြီး သယံဇာတအမြောက်အမြား ဆုံးရှုံးကာ အကုန်ပြောင်သွားရပေမည်။
မူလကတည်းက ကျင့်ကြံခြင်းသည် အလွန်တရာခက်ခဲလှရာ သယံဇာတများကို လုယူရန်အတွက် အချင်းချင်း သတ်ဖြတ်ကြသဖြင့် သေဆုံးဒဏ်ရာရမှုမှာ ကြီးမားလှသည်။
ကျင့်ကြံသူအမြောက်အမြား ထပ်မံပေါ်ထွက်လာပါက ကျင့်ကြံသူအချင်းချင်းကြားရှိ တိုက်ပွဲများမှာ ပို၍ပင် ပြင်းထန်လာပေလိမ့်မည်။
ကျင့်ကြံသူများစွာ၏ စစ်ပွဲကြောင့် တစ်ကမ္ဘာလုံးပင် ပျက်စီးသွားနိုင်ချေရှိလေသည်။
သို့သော် ယခုမူ မတူညီတော့ချေ။
အဘယ်ကြောင့်ဆိုသော် ရွှမ်ဟွမ်ကမ္ဘာသည် မဟာလောကတစ်ခုအဖြစ်သို့ အဆင့်တက်သွားပြီး အဆင့်အတန်းမှာ ကြီးမားစွာ မြင့်တက်ပြောင်းလဲသွားသောကြောင့်ဖြစ်၏။
နယ်မြေဧရိယာမှာ ထပ်မံကျယ်ပြန့်လာခဲ့ပြီး အဆက်မပြတ် ကြီးထွားနေဆဲဖြစ်လေသည်။
သယံဇာတများမှာလည်း ယခင်နှင့်နှိုင်းယှဉ်ပါက အဆပေါင်း မည်မျှအထိ တိုးပွားလာမှန်းပင် မသိနိုင်တော့ချေ။
ထို့ကြောင့် ကျင့်ကြံသူအမြောက်အမြား တိုးလာလျှင်ပင် ဧရာမရွှမ်ဟွမ်ကမ္ဘာကြီးအတွက်မူ အမှန်တကယ်တမ်း မပြောပလောက်ပေ။
နွားကိုးကောင်မှ အမွေးတစ်ပင်မျှသာဖြစ်ပေသည်။
မှန်ပေသည်၊ ကျိုးစွေ့သည်လည်း လူကောင်းတစ်ယောက်မဟုတ်ပေ။
ဤကိစ္စသည် သာမန်လူများအတွက် အကျိုးရှိသော်လည်း မိမိအတွက်အကျိုးမရှိဟု ဆို၍မရနိုင်ချေ။
ယခုအခါ သူသည် ရွှမ်ဟွမ်ကမ္ဘာ၏ အရှင်သခင်ဖြစ်နေပြီဖြစ်ရာ ခန္ဓာကိုယ်ပေါ်တွင် ရွှမ်ဟွမ်ကမ္ဘာမှလာသော အဆုံးအစမဲ့သည့် ကံကြမ္မာအထောက်အပံ့များကို ရရှိထားပေသည်။
ထို့ကြောင့် ရွှမ်ဟွမ်ဂိုဏ်း ဖွံ့ဖြိုးတိုးတက်လာလေလေ၊ ရွှမ်ဟွမ်ကမ္ဘာ ကြီးထွားလာလေလေ သူ၏ ကံကြမ္မာမှာလည်း ပို၍ ကြီးမားခမ်းနားလာမည်ဖြစ်သည်။
ထိုအချိန်ရောက်လျှင် သူသည် ရွှမ်ဟွမ်ကမ္ဘာ၏ ကောင်းကင်ဘုံမှ အရွေးချယ်ခံဆိုသည့် ရိုးရှင်းသောအဆင့်မျှသာ မကတော့ဘဲ၊ သူ၏ကံကြမ္မာသည် လောကပေါင်းသုံးထောင်အထိ ထိုးဖောက်သွားနိုင်ကာ အဆုံးမဲ့လေဟာနယ်၏ ကံကြမ္မာအရွေးချယ်ခံပင် ဖြစ်လာနိုင်သည်။
၎င်းမှရရှိမည့် အကျိုးကျေးဇူးများကို မည်သည့်စကားလုံးနှင့်မျှ ဖော်ပြ၍ရနိုင်မည် မဟုတ်ချေ။
အမှန်အတိုင်းဆိုရလျှင် ယခင်ကတည်းက ကျိုးစွေ့သည် ကံကြမ္မာစွမ်းအား၏ ကြောက်မက်ဖွယ်ကောင်းပုံကို မြည်းစမ်းခဲ့ဖူးသည်။
လုံလောက်သော ကံကြမ္မာစွမ်းအားသာ ရှိပါက မစွမ်းဆောင်နိုင်သည်မှာ မရှိသလောက်ပင်ဖြစ်ပြီး ကံကြမ္မာကို ကြိုးကိုင်ခြယ်လှယ်နေသကဲ့သို့ပင် ဖြစ်၏။
မဟာယာနအဆင့် ကျင့်ကြံသူပင်လျှင် လက်ခုပ်ထဲကရေကဲ့သို့ ကစားခံရရုံသာ ရှိပေလိမ့်မည်။
ကြီးမားသော ကံကြမ္မာ၏ အကာအကွယ်သာ ရှိနေမည်ဆိုပါက မဟာယာနအဆင့် ကျင့်ကြံသူပင်လျှင် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်မည်မဟုတ်ဘဲ၊ တားဆီးနှောင့်ယှက်မည့် မမျှော်လင့်ထားသော ကိစ္စရပ်များက အမြဲတစေပေါ်ပေါက်လာလိမ့်မည်ဟု ဆိုနိုင်သည်။
“စိတ်ဝိညာဉ်လောကကို ရောက်လာတာလည်း အကျိုးမရှိတာတော့ မဟုတ်ဘူး...”
“စိတ်ဝိညာဉ်လောကရဲ့ အရင်းအမြစ်တွေကို ရနိုင်တဲ့အပြင် စိတ်ဝိညာဉ်လောကက လူသားမျိုးနွယ်တွေရဲ့ ကျင့်ကြံခြင်းဗဟုသုတများစွာကိုလည်း ရရှိနိုင်သေးတယ်...”
“ဒါက လူသားမျိုးနွယ်တွေ နှစ်ပေါင်းသန်းချီ ဖွံ့ဖြိုးတိုးတက်လာခဲ့တဲ့ ဉာဏ်ပညာတွေရဲ့ အနှစ်သာရပဲ...”
“ရွှမ်ဟွမ်ကမ္ဘာရဲ့ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုကိုပဲ အားကိုးနေရမယ်ဆိုရင် နှစ်ပေါင်းဘယ်လောက်အထိ စောင့်ရမလဲဆိုတာ မသိနိုင်ဘူး...”
“ကြည့်ရတာ စိတ်ဝိညာဉ်လောကက လူသားမျိုးနွယ်တွေရဲ့ ဗဟုသုတတွေကို ရွှမ်ဟွမ်ကမ္ဘာဆီ အကုန်လုံး ပြန်သယ်သွားဖို့ လိုအပ်ပုံပဲ...”
ကျိုးစွေ့၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီး အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။
အကယ်၍ မိမိဘာသာ ဗဟုသုတများကို ဖန်တီးရမည်ဆိုပါက ယခုလက်ရှိ စိတ်ဝိညာဉ်လောကရှိ လူသားမျိုးနွယ်များ၏ အဆင့်အတန်းသို့ရောက်ရန် နှစ်ပေါင်း သန်းချီနှစ်ပေါင်းသန်းချီ အချိန်ယူရမည်ဖြစ်ရာ၊ ဤသည်မှာ အလွန်တရာ အချိန်ဖြုန်းရာကျလွန်းပေသည်။အချိန်ဖြုန်းရာကျလွန်းသည်။
စိတ်ဝိညာဉ်လောကမှ လူသားမျိုးနွယ်များ၏ ဗဟုသုတများကို တိုက်ရိုက်တိုက်ရိုက်ပင် ကူးယူ၊ သယ်ဆောင်ကာ ပုံတူကူးချလိုက်သည်က ပို၍ကောင်းမွန်ပေလိမ့်မည်။
ဤသို့ဆိုလျှင် ရွှမ်ဟွမ်ဂိုဏ်းသည် စိတ်ဝိညာဉ်လောကရှိ လူသားမျိုးနွယ်များ၏ မရေမတွက်နိုင်သော နှစ်ကာလများစွာက ဉာဏ်ပညာအနှစ်သာရများကို ခိုးယူကာ ဘီလူးကြီး၏ ပခုံးပေါ်တွင် ရပ်တည်နေသကဲ့သို့ ဖြစ်သွားမည်ဖြစ်၏။
ထို့ပြင် အားလုံးက လူသားမျိုးနွယ်ဝင်များသာ ဖြစ်သဖြင့် ခွဲခြားနေရန်မလိုပေ။
အကယ်၍ ရွှမ်ဟွမ်ကမ္ဘာမှ လူသားမျိုးနွယ်များ ကြီးထွားလာပါက နောင်တစ်ချိန်တွင် စိတ်ဝိညာဉ်လောကမှ လူသားမျိုးနွယ်များကို ပြန်လည်ကူညီနိုင်မည်ဖြစ်ပေသည်။ပြန်လည်ကူညီနိုင်မည် မဟုတ်ပါလော။
အချင်းချင်း အထောက်အကူပြုပြီး အပြန်အလှန် ကူညီဖေးမခြင်းဟု ဆိုနိုင်ပေသည်။
“အနီးအနား လူသားမြို့တော်နာမည်က ဖုန်းရှီးမြို့တဲ့...”
“မြို့စားက ခန္ဓာပေါင်းစည်းခြင်းအဆင့်စွမ်းအားရှင် ဖုန်းရှီးတာအိုအရှင်ပဲ...”
“ဒါက လူသားမျိုးနွယ်တွေ အသစ်တည်ထောင်ထားတဲ့ မြို့ဖြစ်ပြီး တည်ထောင်တာ နှစ်တစ်ထောင်တောင် မပြည့်သေးဘူး...”
“ဒါကြောင့် အနီးအနားက တောအုပ်တွေထဲမှာ သားရဲကြီးတွေနဲ့ နတ်ဆိုးမျိုးစုံ အများကြီး ရှိနေတယ်...”
“လူသားကျင့်ကြံသူတွေကလည်း တာဝန်တွေယူ၊ မြို့ပြင်ထွက် သားရဲကြီးတွေကို သတ်ဖြတ်ပြီးတော့ အရင်းအမြစ်တွေ ရှာဖွေလေ့ရှိကြတယ်...”
“လောလောဆယ် ဖုန်းရှီးမြို့မှာ ခဏတည်းပြီးမှ အစီအစဉ်တစ်ခုခု ဆွဲရမယ်...”
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်လေသည်။
ရွှစ်…။
ထိုသို့တွေးလိုက်မိသည်နှင့် သူသည် လက်ကိုဝှေ့ယမ်းလိုက်ကာ သိုလှောင်အိတ် ဒါဇင်ပေါင်းများစွာကို ချက်ချင်း ကောက်ယူလိုက်၏။
၎င်းတို့အားလုံးမှာ ထိုကျင့်ကြံသူများ၏ ခန္ဓာကိုယ်ပေါ်မှ ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။
သူသည် နတ်ဘုရားအာရုံဖြင့် ဖြန့်ကျက်ကြည့်လိုက်ရာ သိုလှောင်အိတ်များအတွင်း၌ ရတနာအမြောက်အမြား ရှိနေသည်ကို ချက်ချင်း ခံစားသိရှိလိုက်သည်။
အမျိုးအစားစုံလင်လှသော ဆေးလုံးများ၊ ဝိညာဉ်ဆေးပင်များနှင့် ပါဝင်ပစ္စည်းများအပြင် ဝိညာဉ်ကျောက်တုံး အမြောက်အမြားလည်း ရှိနေ၏။
ထို့အပြင် ၎င်းတို့ထဲတွင် အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး အများအပြားလည်း ပါဝင်ပေသည်။
မှန်ပေသည်၊ စိတ်ဝိညာဉ်လောကသည်လည်း ယခင်ကျင့်ကြံခြင်းကမ္ဘာကဲ့သို့ပင် ဝိညာဉ်ကျောက်တုံးများကို ငွေကြေးယူနစ်အဖြစ် အသုံးပြုကြသည်။
သို့သော် စိတ်ဝိညာဉ်လောကရှိ ဝိညာဉ်ကျောက်တုံး အရေအတွက်မှာ ကျင့်ကြံခြင်းကမ္ဘာထက် အဆပေါင်း မည်မျှပိုများနေမှန်းပင် မသိနိုင်ချေ။
ထို့ကြောင့် ကုန်ဈေးနှုန်းမှာလည်း ကျင့်ကြံခြင်းကမ္ဘာထက် ပိုမိုမြင့်မားနေခြင်းက သဘာဝပင်ဖြစ်၏။
သာမန်ကျင့်ကြံသူများပင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သို့မဟုတ် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကိုသာ အသုံးပြုကြလေသည်။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများကိုမူ အခြေခံအားဖြင့် မည်သူမျှ အသုံးမပြုကြတော့ချေ။
အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးများနှင့် ပတ်သက်၍မူ ၎င်းတို့သည် နတ်ဘုရားအသွင်ပြောင်းအဆင့်အထက် ကျင့်ကြံသူများ အမြဲအသုံးပြုလေ့ရှိသည့် ငွေကြေးပင်ဖြစ်သည်။
ထို့ကြောင့် သိုလှောင်အိတ်များအတွင်းမှ အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သိန်းနှစ်သောင်းကို သူ ရှာတွေ့ခဲ့လေသည်။
ဤသည်မှာ အလွန်တရာ အံ့မခန်းဖြစ်သော ချမ်းသာကြွယ်ဝမှုပင်ဖြစ်ပေသည်။
“ဒီလောက်များတဲ့ အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးတွေ ရှိနေပါလား...”
“စိတ်ဝိညာဉ်လောကဆိုတဲ့အတိုင်းပဲ၊ တကယ်ကို ချမ်းသာလွန်းတယ်...”
ကျိုးစွေ့မှာ အံ့သြမဆုံး ဖြစ်သွားလေသည်။
အမှန်အတိုင်းဆိုရလျှင် ယခင်ကျင့်ကြံခြင်းကမ္ဘာသာဆိုပါက ဤမျှများပြားသော အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးများကို ရှာဖွေတွေ့ရှိရန်မှာ အလွန်တရာ ခက်ခဲလှသည်။
မည်သို့ပင်ဖြစ်စေ ပဉ္စမအဆင့် ဝိညာဉ်ကြောများကသာ အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးများကို မွေးဖွားပေးနိုင်ခြင်းဖြစ်၏။
ပြဿနာမှာ ကျင့်ကြံခြင်းကမ္ဘာသည် ယခင်က ပျက်စီးမှုများနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ပဉ္စမအဆင့် ဝိညာဉ်ကြောများစွာမှာ စောစီးစွာကပင် ပျက်စီးသွားခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးများကို ရှာဖွေရန်မှာ နှိုင်းယှဉ်၍မရအောင်ပင် ခက်ခဲလှသည်။
သို့သော် စိတ်ဝိညာဉ်လောကတွင်မူ မတူညီတော့ချေ။
ဤနေရာတွင် ပဉ္စမအဆင့် ဝိညာဉ်ကြောဆိုသည်မှာ သာမန်ဝိညာဉ်ကြောတစ်ခုမျှသာဖြစ်ပြီး၊ လုံးဝမပြောပလောက်ပေ။
ထို့ကြောင့် အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး သတ္တုကြောများကို တစ်ခုပြီးတစ်ခု မွေးဖွားပေးနိုင်ခဲ့ကာ စိတ်ဝိညာဉ်လောကတွင် အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး အမြောက်အမြား ရှိနေစေခြင်းဖြစ်လေသည်။
အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးများ၏ အသုံးဝင်ပုံမှာ အလွန်တရာ များပြားလွန်းကြောင်း သိထားရပေမည်။
အစီအရင်များအတွက် စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုနိုင်သကဲ့သို့၊ တည်နေရာပြောင်းအစီအရင်များကို အသက်သွင်းရန်၊ သို့မဟုတ် ပျံသန်းရေးသင်္ဘောများနှင့် ရုပ်သေးရုပ်များ စသည်တို့ကို မောင်းနှင်ရန်အတွက်လည်း အသုံးပြုနိုင်ပေသည်။
ထို့ကြောင့် အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးများသည် စိတ်ဝိညာဉ်လောက၏ ခိုင်မာသော ငွေကြေးစနစ်တစ်ခု ဖြစ်လာချေသည်။
မည်သည့် မျိုးနွယ်စုဖြစ်စေ အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးများကို သည်းကြီးမည်းကြီး လိုချင်တပ်မက်ကြပြီး မည်မျှပင်လာသည်ဖြစ်စေ အကုန်ယူကြမည်သာဖြစ်၏။
လာသမျှကို လုံးဝ ငြင်းဆန်မည် မဟုတ်ချေ။
အကယ်၍ ရွှမ်ဟွမ်ကမ္ဘာတွင်လည်း အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးများစွာ ရှိနေပါက တည်နေရာပြောင်းအစီအရင်များကို ရွှမ်ဟွမ်ကမ္ဘာ၏ နေရာအနှံ့အပြားသို့ ဖြန့်ကြက်ထားနိုင်မည်မှာ သေချာပေသည်။
နှမြောစရာကောင်းသည်မှာ အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး ရှားပါးမှုကြောင့် ရွှမ်ဟွမ်ကမ္ဘာ၏ အချို့သော အရေးကြီးသည့် နေရာများတွင်သာ တည်နေရာပြောင်းအစီအရင်များကို တပ်ဆင်နိုင်ခဲ့ခြင်းဖြစ်လေသည်။
“အင်း... ဒါက ပဉ္စမအဆင့် ရတနာဆေးလုံးဖြစ်တဲ့ မြေအောက်မီးတောက်ကြာပန်းဆေးလုံး မဟုတ်ဘူးလား...”
ကျိုးစွေ့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုအလင်းရောင်များ တောက်ပသွားလေသည်။
သူသည် သိုလှောင်အိတ်ထဲမှ ပဉ္စမအဆင့် ရတနာဆေးလုံးတစ်ပုလင်းကို ရှာတွေ့ခဲ့ခြင်းဖြစ်၏။
ကောလာဟလများအရ ဤဆေးလုံး၏ အဓိကပါဝင်ပစ္စည်းမှာ ပဉ္စမအဆင့် ဝိညာဉ်ဆေးပင်ဖြစ်သော ကမ္ဘာမြေဗဟိုချက်မီးတောက်ကြာပန်းဖြစ်ကြောင်း သိရပေသည်။
ပြဿနာမှာ ဤပဉ္စမအဆင့် ဝိညာဉ်ဆေးပင်သည် ကျင့်ကြံခြင်းကမ္ဘာတွင် စောစီးစွာကပင် မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပြီး မျိုးစေ့ပင် မကျန်ရစ်တော့ခြင်းဖြစ်လေသည်။
ထို့ကြောင့် သူသည် ဤပဉ္စမအဆင့် ရတနာဆေးလုံးကို ဖော်စပ်ချင်လျှင်ပင် လုံးဝ မဖြစ်နိုင်သည့်ကိစ္စ ဖြစ်နေချေသည်။
သို့သော် ဤနေရာတွင် ပဉ္စမအဆင့် ရတနာဆေးလုံးတစ်ပုလင်းကို ရှာတွေ့လိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
ဤမြေအောက်မီးတောက်ကြာပန်းဆေးလုံးသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေနိုင်ရုံသာမက နတ်ဘုရားအသွင်ပြောင်းအဆင့်၏ အတားအဆီးကို ဖြတ်ကျော်ရာတွင်လည်း ကူညီပေးနိုင်သည်ဟု ဆိုကြသည်။
၎င်း၏တန်ဖိုးမှာ မနည်းလှပေ။
ဤနတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူသည်လည်း ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရမှသာ ဤပဉ္စမအဆင့် ရတနာဆေးလုံးကို ဝယ်ယူနိုင်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။
သို့သော် သူကိုယ်တိုင်ပင် မသောက်သုံးရသေးခင်မှာ ကျိုးစွေ့၏ လက်ထဲသို့ ရောက်ရှိလာခဲ့ချေပြီ။
ဤကျင့်ကြံသူအုပ်စုသည် တကယ့်ကို ရတနာလာပို့သော လာဘ်ကောင်လေးများဟု ဆိုရမည်သာဖြစ်ပေသည်။ ၎င်းတို့သည် သူ့ထံသို့ စိတ်ဝိညာဉ်လောကနှင့် လူသားမျိုးနွယ်ဆိုင်ရာ အသေးစိတ် အချက်အလက်များစွာကို ယူဆောင်လာပေးရုံသာမက၊ ဝိညာဉ်ကျောက်တုံးများစွာနှင့် ဆေးလုံးများကိုပါ ယူဆောင်လာပေးခဲ့ကြသည်။
ဤသည်က သူ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေရန် အဆင်ပြေစေသည်။