← Chapters

အခန်း (၆၉၅-၆၉၆)

Vol. 65 Ch. 695-696

အခန်း (၆၉၅-၆၉၆)

Vol. 65 Ch. 695-696

အခန်း (၆၉၅) - ပြိုင်ဘက်ကင်း အလှပိုင်ရှင်၊ ရွှေရောင်ဆံပင်နှင့် ကျောက်စိမ်းမျက်နှာမြေခွေး၊ အမျိုးသမီးကိုသာ အားကိုးရဦးပေမည်(၂)။

“ဒီဆေးလုံးသာရှိရင် နတ်ဘုရားအသွင်ပြောင်းအလယ်အလတ်အဆင့်ကို ဖြတ်ကျော်ဖို့က ပြဿနာမရှိတော့ဘူးပဲ...”

ကျိုးစွေ့မှာ အလွန်တရာ ကျေနပ်သွားလေသည်။

မှန်ပေသည်၊ ဤပဉ္စမအဆင့် ရတနာဆေးလုံးမရှိလျှင်ပင် သူသည် အဆင့်ဖြတ်ကျော်နိုင်မည်သာဖြစ်၏။

သို့သော် မိမိ၏အချိန်ကို သက်သာစေနိုင်မည်ဆိုပါက အပင်ပန်းခံ၍ ကျင့်ကြံနေရန် မလိုအပ်တော့ချေ။

သက်တမ်းအနည်းငယ် သက်သာမည်ဆိုလျှင် သက်သာသလောက် ကောင်းသည်မဟုတ်ပါလော။

“တကယ်ပဲ ရွှမ်ဟွမ်ကမ္ဘာတုန်းကနဲ့ ယှဉ်ရင် ကံကြမ္မာစွမ်းအားတွေ အတော်လေး လျော့နည်းသွားတာပဲ...”

“ဒါပေမဲ့ ဒီလိုဆိုရင်တောင် ငါ့ရဲ့ ကံကြမ္မာစွမ်းအားက ရွှေနဂါးအဆင့်မှာ ရှိနေတုန်းပဲ...”

“အခုလောလောဆယ် သုံးလက်မအရှည်ပဲ ရှိတော့တာကလွဲရင်ပေါ့...”

ကျိုးစွေ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်လေသည်။

သူသည် 'ကံကြမ္မာကူ' ၏ စွမ်းအားမှတစ်ဆင့် မိမိခန္ဓာကိုယ်ပေါ်ရှိ ကံကြမ္မာစွမ်းအားများကို ချက်ချင်း ခံစားသိရှိလိုက်၏။

ရွှမ်ဟွမ်ကမ္ဘာတွင် ရှိနေစဉ်ကနှင့် နှိုင်းယှဉ်ပါက များစွာ လျော့နည်းသွားခဲ့ချေပြီ။

တစ်နည်းဆိုရသော် သူသည် စစ်မှန်သော စိတ်ဝိညာဉ်လောကတွင် နေထိုင်ရသည်မှာ ကောင်းကင်ဘုံ၏ ရွေးချယ်ခံရသူတစ်ဦး မဟုတ်တော့ကြောင်းပင်။

အများဆုံးအနေဖြင့် သာမန် ကံကောင်းသူတစ်ဦးဟုသာ သတ်မှတ်နိုင်ပေသည်။

သို့သော် ဤသည်မှာလည်း အလွန်ပင် ပုံမှန်ဖြစ်သော ကိစ္စတစ်ခုဖြစ်၏။

မည်သို့ပင်ဖြစ်စေ အထက်ဘုံသို့ တက်လှမ်းလာသူများအနေဖြင့် မည်သူက မိမိတို့သက်ဆိုင်ရာ ကမ္ဘာလောကများတွင် ကောင်းကင်ဘုံ၏ အရွေးချယ်ခံများ မဟုတ်ကြပါမည်နည်း။

လုံလောက်သော ကံကြမ္မာစွမ်းအားသာ မရှိပါက နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်မည်မဟုတ်သလို၊ စိတ်ဝိညာဉ်လောကသို့လည်း တက်လှမ်းလာနိုင်မည် မဟုတ်ချေ။

သို့သော် စိတ်ဝိညာဉ်လောကသို့ ရောက်ရှိလာပြီးနောက်တွင်မူ မတူညီတော့ချေ။

အထက်ဘုံသို့ တက်လှမ်းလာသူ အများစုသည် ယခင်က ကံကြမ္မာစွမ်းအားများကို ဆုံးရှုံးသွားကြပြီး သာမန်ကျင့်ကြံသူများ ဖြစ်သွားကြသည်။

စိတ်ဝိညာဉ်လောက၏ ကံကြမ္မာအကာအကွယ်ကို မရရှိနိုင်ကြတော့ပေ။

အချိန်ကြာလာသည်နှင့်အမျှ သာမန်လူများကြားတွင် ပျောက်ကွယ်သွားကြမည်သာဖြစ်၏။

ကံဆိုးလျှင် တစ်ကြိမ်တစ်ခါမျှသော ကပ်ဘေးတစ်ခုခုတွင်ပင် သေဆုံးသွားနိုင်သေးသည်။

ကျိုးစွေ့ကဲ့သို့ ရွှေရောင်ကံကြမ္မာစွမ်းအားကို ပိုင်ဆိုင်ထားဆဲဖြစ်သော တက်လှမ်းလာသူမျိုးမှာမူ လက်ချိုးရေတွက်၍ ရနိုင်လောက်အောင် ရှားပါးလှသည်။

စိတ်ဝိညာဉ်လောကသို့ ရောက်ရှိလာပြီးနောက်တွင် သူသည် ရွှေရောင်ကံကြမ္မာစွမ်းအားကို ပိုင်ဆိုင်ထားဆဲ ဖြစ်နေရခြင်း၏ အကြောင်းရင်းမှာ ရွှမ်ဟွမ်ကမ္ဘာ၏ အဆင့်အတန်းသည် စိတ်ဝိညာဉ်လောကနှင့် တစ်ပုံစံတည်း တူညီနေပြီး အခြားကမ္ဘာတစ်ခု၏ ကောင်းကင်ဘုံအရွေးချယ်ခံ ဖြစ်နေသောကြောင့်ပင်။

စိတ်ဝိညာဉ်လောကသို့ ရောက်ရှိလာလျှင်ပင်၊ ထိုက်တန်သော ကံကြမ္မာစွမ်းအားများကို အပြည့်အဝ ခံစားရမည်သာဖြစ်၏။

ကံကြမ္မာစွမ်းအားများစွာ လျော့နည်းသွားသည်ဆိုသော်လည်း အစပိုင်းကတည်းက ကံကြမ္မာစွမ်းအားများမှာ နှိုင်းယှဉ်၍မရအောင် ကြီးမားနေဆဲဖြစ်သည်။

ဤသို့သော အကြောင်းကြောင့် ကျိုးစွေ့သည် လူသားမျိုးနွယ်၏ နယ်မြေအတွင်းသို့ တိုက်ဆိုင်စွာ ရောက်ရှိလာခဲ့ခြင်းပင်။

ဤသည်မှာ အကြောင်းရင်းမဲ့ မဟုတ်ဘဲ ကံကြမ္မာ၏ စောင့်ရှောက်မှုကြောင့် ဖြစ်၏။

အကယ်၍ ကံဆိုးသူသာဆိုလျှင် စိတ်ဝိညာဉ်လောက၏ အခြားနေရာများသို့ ကျရောက်သွားလောက်ချေပြီ။

ထိုသို့ဆိုလျှင်ကား သေချာပေါက် သေဆုံးရမည်သာ ဖြစ်၏။

“ငါ့မှာ ရွှေရောင်ကံကြမ္မာရှိပေမယ့် အရမ်းကာရောလုပ်လို့ရတယ်လို့ မဆိုလိုဘူး...”

“အကယ်၍ နေရာတကာမှာ ပြဿနာကို မီးခွက်ထွန်းရှာနေမယ်ဆိုရင်… ကပ်ဘေးအငွေ့အသက်တွေက ကံကြမ္မာကို ချေဖျက်ပစ်ပြီး အနှေးနဲ့အမြန်ဆိုသလို ခန္ဓာကိုယ်ပေါ်က ကံကောင်းမှုတွေ ကုန်ဆုံးသွားလိမ့်မယ်...”

“အဲဒီအချိန်ရောက်ရင်တော့ ကံကုန်သွားတဲ့ သူရဲကောင်းလို ကိုယ့်ကြမ္မာကိုယ် ဖန်တီးလို့ရတော့မှာ မဟုတ်ဘူး...”

“သတိထားပြီးနေတာ အကောင်းဆုံးပဲ...”

ကျိုးစွေ့သည် သူ၏ယခင်က သတိကြီးစွာထားတတ်သည့် အမူအကျင့်ကို ပြန်လည်ကျင့်သုံးလိုက်၏။ အကယ်၍ သူသည် ရွှမ်ဟွမ်လောကတွင်သာ ရှိနေသေးပါက မည်သည်ကိုမျှ စိုးရိမ်စရာ မလိုပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ရွှမ်ဟွမ်လောက၏ အသန်မာဆုံးသူ ဖြစ်သောကြောင့်ပင်။

သို့သော် စိတ်ဝိညာဉ်လောကတွင်မူ မတူညီတော့ပေ။ သူ့ထက် အစွမ်းထက်သော တည်ရှိမှုများမှာ နေရာတိုင်းတွင် ရှိနေလေသည်။

အကယ်၍ မတော်တဆ တုဘက်မပြိုင်နိုင်သော ရန်သူနှင့် ကြုံတွေ့ရပါက ကံဆိုးသွားနိုင်သည်။

သို့ဖြစ်ရာ ကပ်ဘေးအမျိုးမျိုးကို ရှောင်ရှားနိုင်ရန် တတ်နိုင်သမျှ သတိထားရပေတော့မည်။

ဝုန်း...။

ထိုသို့တွေးမိသည်နှင့်တစ်ပြိုင်နက် ကျိုးစွေ့သည် ချက်ချင်းပင် မန္တန်တစ်ခုကို ထုတ်ဖော်လိုက်ပြီး ထိုလူသားကျင့်ကြံသူများ၏ ရုပ်အလောင်းများကို မျက်စိတစ်မှိတ်အတွင်း လုံးဝဖျက်ဆီးပစ်ကာ အစအနဖျောက်လိုက်လေသည်။ ဤသည်မှာ တစ်စုံတစ်ယောက်က ဤရုပ်အလောင်းများမှတစ်ဆင့် သူ့ကို ခြေရာခံမိမည်ကို ကာကွယ်ရန်ဖြစ်၏။

ဤနေရာကို လုံးဝဖျက်ဆီးပစ်လိုက်ပါက သူ၏တည်ရှိမှုကို မည်သူမျှ သတိပြုမိနိုင်တော့မည် မဟုတ်ပေ။

ဝှစ်...။

များစွာမကြာလိုက်ဘဲ ကျိုးစွေ့၏ပုံရိပ်သည် လျှပ်တစ်ပြက် လှုပ်ရှားသွားကာ ဖုန်းရှီးမြို့ဆီသို့ ချက်ချင်း ပျံသန်းသွားတော့သည်။

ထိုကျင့်ကြံသူများ၏ မှတ်ဉာဏ်များအရ သူရောက်ရှိနေသောနေရာမှာ မိုးကြိုးတောင်တန်းဟု ခေါ်တွင်လေသည်။

ဤနေရာတွင် စွမ်းအားကြီးမားသော သားရဲရိုင်းအမြောက်အမြား ရှင်သန်နေထိုင်ကြပြီး ထို့အတူ ဝိညာဉ်ဆေးပင်များစွာနှင့် သတ္တုကြောများလည်း ပေါက်ဖွားတည်ရှိနေ‌သည်။

အရင်းအမြစ်များမှာ အလွန်တရာ ပေါကြွယ်ဝလှ၏။

ထို့ကြောင့်ပင် လူသားမျိုးနွယ်သည် ဤနေရာတွင် မြို့တော်များတည်ဆောက်ကာ လူသားတို့၏ နယ်မြေကို တိုးချဲ့လိုခြင်း ဖြစ်ပေသည်။

နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင်မူ လူသားမျိုးနွယ်သည်လည်း ဤတောင်တန်းတွင် တဖြည်းဖြည်း ခြေကုပ်ယူနိုင်လာခဲ့ပြီး နေရာအနှံ့အပြားသို့ တိုးချဲ့လာနိုင်ခဲ့ပြီ ဖြစ်သည်။

များပြားလှသော လူသားကျင့်ကြံသူများသည်လည်း မိုးကြိုးတောင်တန်းအတွင်းသို့ မကြာခဏ ဝင်ရောက်ကာ သားရဲရိုင်းများကို သတ်ဖြတ်ခြင်း၊ ဝိညာဉ်ဆေးပင်များ ခူးဆွတ်ခြင်းနှင့် အရင်းအမြစ်အမျိုးမျိုးကို ရယူခြင်းတို့ ပြုလုပ်လေ့ရှိကြ၏။

ယခုအချိန်တွင် သူသည် မိုးကြိုးတောင်တန်း၏ တစ်နေရာ၌ ရှိနေခြင်း ဖြစ်ပေသည်။

ဖုန်းရှီးမြို့နှင့်ဆိုလျှင် ခရီးအကွာအဝေးတစ်ခု ရှိနေသေးသည်။

ချက်ချင်းပင် ကျိုးစွေ့သည် လွတ်မြောက်ခြင်းအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖုန်းရှီးမြို့ဆီသို့ အလျင်အမြန် ပျံသန်းသွားရာ ၎င်း၏အမြန်နှုန်းမှာ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေလေတော့သည်။

............

ထိုအချိန်တွင် မိုးကြိုးတောင်တန်း၏ တစ်နေရာ၌…။

ရုပ်ရည်ချောမောသော အမျိုးသမီးကျင့်ကြံသူတစ်စုသည် အထိတ်တလန့် ထွက်ပြေးနေကြပြီး ကြောက်မက်ဖွယ်ကောင်းသော ပဉ္စမအဆင့် သားရဲရိုင်းတစ်ကောင်၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရလေသည်။

၎င်း၏ ပြင်ပရုပ်သွင်မှာ ခြင်္သေ့တစ်ကောင်နှင့် တူညီကာ ခန္ဓာကိုယ်မှာ ပေဆယ်နှင့်ချီ၍ ကြီးမားပြီး ကိုယ်ပေါ်ရှိ အမွေးအမျှင်တိုင်းတွင် အနီရောင်မီးတောက်များ ပါဝင်နေလေရာ အဝေးမှကြည့်လျှင် မီးခြင်္သေ့တစ်ကောင်နှင့် အလားသဏ္ဌာန်တူနေသည်။

အကယ်၍ ပစ္စည်းများ၏တန်ဖိုးကို သိနားလည်သူသာ ဤသားရဲရိုင်းကို မြင်တွေ့ခဲ့ပါက သေချာပေါက် မျက်နှာပျက်သွားလောက်ချေသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် နာမည်ကျော်ကြားလှသော မီးလျှံနီရွှေခြင်္သေ့သားရဲ ဖြစ်နေသောကြောင့်ပင်။

၎င်းသည် အလွန်တရာ နာမည်ကြီးသော သားရဲရိုင်းဖြစ်သည်ဟု ဆိုနိုင်ပြီး ထူးခြားသော မီးတောက်များကို အသုံးပြုရာတွင် ကျွမ်းကျင်ကာ ၎င်းသွားရောက်ရာ နေရာတိုင်းမှာ ပြာကျသွားရစမြဲ ဖြစ်‌သည်။

အကယ်၍ ကံဆိုးစွာဖြင့် မီးလျှံနီရွှေခြင်္သေ့သားရဲ အုပ်စုနှင့်သာ ကြုံတွေ့ခဲ့ရလျှင်ကား ၎င်းတို့ကိုယ်ပေါ်မှ ထုတ်လွှတ်လိုက်သော မီးတောက်များသည် အဆုံးအစမဲ့သော ကမ္ဘာမြေကြီးကို လောင်ကျွမ်းစေပြီး နှစ်ပေါင်းထောင်နှင့်ချီ၍ ထိုဧရိယာတစ်ခုလုံးမှာ ခြောက်သွေ့မြေ သို့မဟုတ် သဲကန္တာရအဖြစ်သို့ပင် ပြောင်းလဲသွားလောက်ချေသည်။

တစ်ကောင်တည်းသာ ဖြစ်လင့်ကစား ၎င်း၏စွမ်းအားမှာလည်း သာမန်မဟုတ်ဘဲ အဆင့်တူလူသားများ၏ နတ်ဘုရားအသွင်ပြောင်းအဆင့်ထက် အဆပေါင်းများစွာ သာလွန်နေလေသည်။

"မီးလျှံနီရွှေခြင်္သေ့သားရဲနဲ့ ဘယ်လိုလုပ် လာတိုးရတာလဲ...”

များပြားလှသော လှပသည့် အမျိုးသမီးကျင့်ကြံသူများ၏ မျက်နှာများမှာ ဖြူရော်နေကြပြီး သေလုမတတ် ဖြူဖျော့နေလေသည်။

၎င်းတို့သည် မူလက မိုးကြိုးတောင်တန်းအတွင်းသို့ ဝင်ရောက်ကာ သာမန်သားရဲရိုင်းများကို သတ်ဖြတ်ပြီး ဝိညာဉ်ဆေးပင်များ ခူးဆွတ်ရန်သာ ရည်ရွယ်ခဲ့ကြခြင်း ဖြစ်၏။

သို့သော် ရုတ်တရက် မီးလျှံနီရွှေခြင်္သေ့သားရဲတစ်ကောင် ပေါ်ထွက်လာခဲ့မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

ချက်ချင်းပင် ၎င်းတို့၏ အစီအစဉ်များအားလုံး ပျက်စီးသွားရတော့၏။

တစ်ချက် ရင်ဆိုင်လိုက်ရုံဖြင့်ပင် ၎င်းတို့မှာ မျက်စိတစ်မှိတ်အတွင်း အရေးနိမ့်သွားခဲ့ပြီး အထိတ်တလန့် ထွက်ပြေးရုံမှတစ်ပါး အခြားမရှိတော့ပေ။

"အစ်မပိုင်၊ အခု ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ...”

မိန်းမပျိုများအားလုံးမှာ ၎င်းတို့ဘေးရှိ အလွန်တရာ ချောမောလှပသော အမျိုးသမီးကျင့်ကြံသူတစ်ဦးကို မကြည့်ဘဲ မနေနိုင်ကြတော့ပေ။

သူမသည် အဖြူရောင်ဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်ထားကာ ပြီးပြည့်စုံလှသော ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေပြီး ညို့ဓာတ်ပြင်းသော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားလေရာ မှည့်ရွှန်းနေသော သစ်သီးတစ်လုံးပမာ အလွန်တရာ ဆွဲဆောင်မှုရှိလှသည်။

ထိုလှပသော မျက်နှာလေးမှာ သတ္တဝါအပေါင်းကို ညို့ငင်နိုင်စွမ်းရှိပြီး ကျားမ,မရွေး မည်သူ့ကိုမဆို ကျရှုံးသွားစေနိုင်လောက်သည်။

အနည်းငယ်မျှပင် အပြစ်အနာအဆာမရှိဘဲ မွေးရာပါ အလှတရားများမှာ သဘာဝအတိုင်း ထွက်ပေါ်နေလေသည်။

အမှန်ပင် ပြည်ပျက်စေနိုင်လောက်သည့် အလှမျိုးပင် ဖြစ်ပေသည်။

မျက်မှောင်ကြုတ်လိုက်ခြင်း၊ ပြုံးလိုက်ခြင်း စသဖြင့်သော လှုပ်ရှားမှုတိုင်းသည် လူတိုင်းကို သွားရည်ကျစေနိုင်လောက်သည်။

ပို၍ ထူးဆန်းသည်မှာ သာမန်လူသားများနှင့် မတူဘဲ သူမ၌ ရွှေရောင်အမွေးပွ နားရွက်များ ပါရှိနေပြီး ကျောဘက်တွင်လည်း သူမ၏ဆန္ဒအလျောက် လှုပ်ယမ်းနိုင်သော ရွှေရောင်မြေခွေးအမြီးတစ်ချောင်း ရှိနေခြင်းပင် ဖြစ်၏။

ဖြည်းညင်းစွာ ခါယမ်းလိုက်ရုံဖြင့်ပင် ရေတွက်၍မရနိုင်သော သက်ရှိသတ္တဝါများ၏ စိတ်ကို ညို့ငင်နိုင်စွမ်းရှိသကဲ့သို့ ဖြစ်လေသည်။

အကယ်၍ ဖုန်းရှီးမြို့မှ ကျင့်ကြံသူများသာ ဤအမျိုးသမီးကို မြင်တွေ့ပါက သူမသည် နာမည်ကျော်ကြားလှသော ပိုင်မိသားစု၏ခေါင်းဆောင် ပိုင်စုကျဲ့ဖြစ်ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေသော ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားကြပေမည်။

ကောလာဟလများအရ သူမသည် ရွှေမွေးကျောက်စိမ်းမျက်နှာမြေခွေး၏ သွေးမျိုးဆက်တစ်ခုကို ပိုင်ဆိုင်ထားပြီး လူတစ်ဝက်နတ်ဆိုးတစ်ဝက်ဟု ဆိုကြလေသည်။

မှန်ပေသည်၊ ပို၍အရေးကြီးသည်က သူမကို ဖုန်းရှီးမြို့၏ အလှဆုံးအမျိုးသမီးဟု ဆိုနိုင်ခြင်းပင် ဖြစ်၏။

သူမ၏ အလှတရားသည် မရေမတွက်နိုင်သော အမျိုးသားကျင့်ကြံသူများကို ရင်ခုန်လှုပ်ရှားစေကာ ရူးသွပ်စွာ လိုက်လံပိုးပန်းစေခဲ့သည်။

သို့သော် ယနေ့အချိန်အထိ မည်သူမျှ အောင်မြင်ခြင်း မရှိသေးပေ။

သူမအတွက် အသက်စွန့်ရန်ဆန္ဒရှိသည့် ကျင့်ကြံသူများမှာ မရေမတွက်နိုင်အောင် များပြားလှသည်။

"စိတ်မပူကြနဲ့...”

"မင်းတို့အရင်သွားကြ။မင်းတို့အရင်သွားကြ… ငါ နောက်ကနေ နေခဲ့ပြီးနောက်ချန်နေခဲ့ပြီး မီးလျှံနီရွှေခြင်္သေ့သားရဲကို တားထားပေးမယ်...”

ပိုင်စုကျဲ့က လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

သူမအနီးရှိ ညီအစ်မများ၏ ကျင့်ကြံမှုအဆင့်မှာ ဝိညာဉ်သန္ဓေသားအဆင့်၌သာ ရှိသေးရာ နတ်ဘုရားအသွင်ပြောင်းအဆင့် မီးလျှံနီရွှေခြင်္သေ့သားရဲနှင့် နှိုင်းယှဉ်ပါက အလွန်တရာ ကွာဟလွန်းနေ‌သည်။ တိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှုကိုပင် ၎င်းတို့ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ထို့ကြောင့် ဤညီအစ်မများကို အရင်ထွက်သွားစေပြီးမှသာ သူမအနေဖြင့် အေးအေးဆေးဆေး လွတ်လမ်းရှာနိုင်မည် ဖြစ်‌သည်။

ဂါး...။

စကားဆုံးသည်နှင့်တစ်ပြိုင်နက် မီးလျှံနီရွှေခြင်္သေ့သားရဲသည် ချက်ချင်း ပြေးဝင်လာကာ ဟိန်းဟောက်သံတစ်ခု ပြုလုပ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အနီရောင်မီးတောက်တိုင်ကြီးတစ်ခုဖြင့် တိုက်ခိုက်လာလေရာ ပတ်ဝန်းကျင်တစ်ခွင်သို့ ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ်အပူရှိန်မှာ မိုင်တစ်ထောင်အကွာအဝေးရှိ ကမ္ဘာမြေကြီးကို လောင်ကျွမ်းစေနိုင်လောက်သည်။

ထိုမျှမကသေး၊ သာမန် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများကိုပင် အလွယ်တကူ ထိုးဖောက်ကာ လောင်ကျွမ်းသေဆုံးစေနိုင်စွမ်း ရှိလေသည်။

"ဒုက္ခပဲ...”

ပိုင်စုကျဲ့ မျက်နှာပျက်သွားပြီး သူမ၏ကိုယ်ပေါ်မှ အောက်ခြေအဆင့် ကောင်းကင်အဆင့်ဝိညာဉ်ရတနာတစ်ခုဖြစ်သော ရေခဲနတ်ဘုရားကွင်းကို ချက်ချင်း ထုတ်ယူလိုက်၏။

တစ်ချိန်တည်းမှာပင် သူမကိုယ်ပေါ်ရှိ ကြီးမားလှသော နတ်ဘုရားအသွင်ပြောင်းအဆင့် မှော်စွမ်းအင်များကို သွတ်သွင်းလိုက်ရာ ဤကောင်းကင်အဆင့်ဝိညာဉ်ရတနာ၏ စွမ်းအားကို ချက်ချင်း အသက်ဝင်လာစေပြီး ကြီးမားသော အဖြူရောင်ရေခဲအငွေ့အသက်များကို ထုတ်လွှတ်လိုက်လေသည်။ ထို့နောက် ကြီးမားသော ရေခဲနံရံကြီးတစ်ခုကို ဖန်တီးလိုက်ရာ နံရံပေါ်တွင် သိပ်သည်းများပြားလှသော ရေခဲမှော်အက္ခရာများ ပေါ်ထွက်လာတော့၏။

ဘုန်း...။

သို့သော် ပိုင်စုကျဲ့သည် ဤပဉ္စမအဆင့်အထွတ်အထိပ် မီးလျှံနီရွှေခြင်္သေ့သားရဲ၏ စွမ်းအားကို အထင်သေးသွားခဲ့မိသည်။ ထိုအနီရောင်မီးတောက်တိုင်ကြီးက ကြီးမားလှသော အဖြူရောင်ရေခဲနံရံကြီးကို အလွယ်တကူ ထိုးဖောက်သွားကာ မျက်စိတစ်မှိတ်အတွင်း အမှုန့်ကြိတ်ပစ်လိုက်ချေပြီ။

တစ်ချိန်တည်းမှာပင် ထိုစွမ်းအားသည် ပိုင်စုကျဲ့၏ကိုယ်ပေါ်သို့ ရိုက်ခတ်သွားတော့သည်။

ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး လွင့်စဉ်သွားပြီး မီတာရာနှင့်ချီသော အကွာအဝေးထိ လျှောတိုက်သွားကာ တုန်လှုပ်ဖွယ် အက်ကြောင်းကြီးတစ်ခုကို ဖြစ်ပေါ်စေလျက် မြေကြီးများ လွင့်စင်သွားတော့သည်။ ထို့နောက် သွေးတစ်ပွက်ကို မအောင့်နိုင်ဘဲ အန်ချလိုက်ရ‌သည်။

လှပသော မျက်နှာလေးမှာ အမှန်ပင် သနားစရာကောင်းနေတော့သည်။

အခန်း (၆၉၆) - ပြိုင်ဘက်ကင်း အလှပိုင်ရှင်၊ ရွှေရောင်ဆံပင်နှင့် ကျောက်စိမ်းမျက်နှာမြေခွေး၊ အမျိုးသမီးကိုသာ အားကိုးရဦးပေမည်(၃)။

ဝုန်း...။

အခြားသောအမျိုးသမီးကျင့်ကြံသူများသည်လည်း ဤတိုက်ခိုက်မှု၏ ဂယက်ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိကြချေ။ ဤအပူလှိုင်းကြောင့် အသီးသီး လွင့်စဉ်သွားကြကာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး မျက်စိတစ်မှိတ်အတွင်း ဧရာမမြေကျင်းကြီးများကို ဖြစ်ပေါ်စေလေသည်။

မီးလျှံနီရွှေခြင်္သေ့သားရဲ၏ ကြောက်မက်ဖွယ်ကောင်းမှုကို ဤနေရာတွင် သိသာထင်ရှားစွာ မြင်တွေ့နိုင်သည်။

မိုးကြိုးတောင်တန်းတွင် နာမည်ကျော်ကြားလှသော ပြိုင်ဘက်ကင်း သားရဲဆိုးတစ်ကောင်ဟု ခေါ်ဆိုထိုက်ပေသည်။

ဂါး...။

မီးလျှံနီရွှေခြင်္သေ့သားရဲသည် မြေကြီးပေါ်တွင်ရပ်ကာ ကိုယ်ပေါ်မှ မီးတောက်များကို ထုတ်လွှတ်၍ မြေပြင်ကို လောင်ကျွမ်းစေလေသည်။ ၎င်းရောက်ရှိရာ နေရာတိုင်းတွင် ကမ္ဘာမြေကြီးမှာ မျက်စိတစ်မှိတ်အတွင်း ချော်ရည်များအဖြစ်သို့ ပြောင်းလဲသွားပြီး အပူချိန်မှာလည်း အလွန်အမင်း မြင့်တက်လာတော့၏။

၎င်း၏ နှာခေါင်း၊ မျက်လုံးနှင့် ပါးစပ်တို့မှလည်း အခိုးအငွေ့များ ပန်းထွက်နေလေသည်။

ကြမ်းကြုတ်ရက်စက်သော မျက်လုံးတစ်စုံဖြင့် ပိုင်စုကျဲ့တို့အုပ်စုကို စိုက်ကြည့်နေ၏။

ဤချောမောလှပသော အမျိုးသမီးကျင့်ကြံသူများကို ယနေ့အတွက် ညစာအဖြစ် သတ်မှတ်ထားပုံရသည်။

ဤအမျိုးသမီးကျင့်ကြံသူများမှာ အချိန်မရွေး အသက်စွန့်ရတော့မည့်ပုံပင်။

"ကြည့်ရတာ ဘာမှမတတ်နိုင်တော့ဘူးထင်တယ်...”

ပိုင်စုကျဲ့သည် သူမ၏လက်သီးလေးကို ဆုပ်လိုက်ကာ ဤသေစေနိုင်သော အကျပ်အတည်းကို ခံစားရင်း သက်ပြင်းတစ်ချက် ချလိုက်လေသည်။

သူမ၏ လျှို့ဝှက်လက်နက်ကို အသုံးမပြုချင်သော်လည်း ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။

ဤကဲ့သို့သော နောက်ဆုံးအသက်ကယ် အကွက်မျိုးမှာ တစ်ကြိမ်အသုံးပြုလိုက်တိုင်း တစ်ကြိမ် လျော့နည်းသွားမည် ဖြစ်သည်မဟုတ်ပါလော။

သို့သော် အသက်ရှင်သန်နိုင်ရန်အတွက်မူ သူမအနေဖြင့် ၎င်းကို ထုတ်သုံးရုံမှတစ်ပါး အခြားမရှိတော့ပေ။

ရွှီး...။

ထိုအခိုက်မှာပင် ရွှေရောင်လွတ်မြောက်ခြင်းအလင်းတန်းတစ်ခုသည် မျက်စိတစ်မှိတ်အတွင်း ပျံသန်းလာကာ ပိုင်စုကျဲ့တို့အုပ်စု၏ ကောင်းကင်ယံတွင် အတိအကျ ရပ်တန့်သွားလေသည်။

ရောက်လာသူမှာ သိသာထင်ရှားစွာပင် ကျိုးစွေ့ ဖြစ်နေပေသည်။

သူသည် မူလက ဖုန်းရှီးမြို့သို့ တိုက်ရိုက်သွားရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။

ထို့အတူ သူသည် သူတစ်ပါးကိစ္စတွင် ဝင်စွက်ဖက်တတ်သူတစ်ဦးလည်း မဟုတ်ပေ။

သို့သော် မည်သည့်အကြောင်းကြောင့်မှန်း မသိရဘဲ မမြင်နိုင်သော စွမ်းအားတစ်စုံတစ်ရာ၏ တွန်းအားပေးမှုကြောင့် ကျိုးစွေ့သည် ဤနေရာသို့ ရောက်ရှိလာကာ ကွက်တိရပ်တန့်သွားခဲ့ခြင်း ဖြစ်လေသည်။

သူသည် မြေကြီးပေါ်တွင် လဲကျနေသော ရုပ်ရည်ချောမောသည့် အမျိုးသမီးကျင့်ကြံသူများစွာနှင့် ၎င်းတို့ထဲမှ အလှဆုံးဖြစ်သော အလွန်တရာလှပသည့် မိန်းမပျိုလေးကို မြင်လိုက်ရသောအခါ ချက်ချင်းဆိုသလို ဆွံ့အသွားကာ မည်သို့ပြောရမည်ကိုပင် မသိတော့ပေ။

“သူရဲကောင်းက အလှလေးကို ကယ်တင်ရမှာလား...”

“ဒါက ဆဋ္ဌမအဆင့် 'ချစ်ခြင်းမေတ္တာကူ' က ဆောင်ကြဉ်းလာပေးတဲ့ မက်မွန်ပွင့်ကံကြမ္မာပဲလား...”

ကျိုးစွေ့မှာ ဘာမှမတတ်နိုင်တော့ပေ။

'ချစ်ခြင်းမေတ္တာကူ' သည် ဆဋ္ဌမအဆင့်သို့ တက်လှမ်းသွားပြီးနောက်တွင် ၎င်းသည် နတ်ဘုရားစွမ်းရည်တစ်ခုကိုလည်း ပေါက်ဖွားလာခဲ့ရာ ယင်းမှာ မက်မွန်ပွင့်ကံကြမ္မာပင် ဖြစ်လေသည်။

ပို၍ဆိုးသည်မှာ ဤနတ်ဘုရားစွမ်းရည်သည် မိမိဆန္ဒအလျောက် အသုံးပြု၍ရသော စွမ်းရည်မျိုး မဟုတ်ဘဲ အလိုအလျောက် သက်ဝင်လှုပ်ရှားသည့် စွမ်းရည်မျိုး ဖြစ်နေခြင်းပင်။

ထို့ကြောင့် မည်သည့်အချိန်တွင် အသက်ဝင်လာမည်ကို သူကိုယ်တိုင်ပင် လုံးဝမသိရှိပေ။

စိတ်ဝိညာဉ်လောကသို့ ရောက်ရှိလာပြီးနောက် ဤနတ်ဘုရားစွမ်းရည်မှာ အဆုံးတွင် အလုပ်လုပ်လာခဲ့ပြီ ဖြစ်ပုံရသည်။

ထို့နောက် သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့လေသည်။

အမှန်အတိုင်းဆိုရလျှင် သူသည်လည်း ဤအချိန်တွင် အခြားသူစိမ်း အမျိုးသမီးများနှင့် ပြဿနာမရှာချင်ပေ။

မည်သို့ပင်ဖြစ်စေ ဤနေရာမှာ လူစိမ်းနေရာစိမ်းဖြစ်နေပြီး သူကိုယ်တိုင်ကလည်း စိတ်ဝိညာဉ်လောကသို့ ယခုမှသာ ရောက်ရှိလာခဲ့ခြင်း ဖြစ်ရာ ဤနေရာ၏ အခြေအနေမှာ မည်သို့ရှိသည်ကို သိရှိမထားပေ။

ရုပ်ရည်ချောမောသော အမျိုးသမီးတစ်ဦးနှင့် ရမ်းသန်း၍ ပတ်သက်မိပါက အချိန်ကျလာလျှင် ၎င်းမှာ မက်မွန်ပွင့်ကံကြမ္မာမဟုတ်ဘဲ မက်မွန်ပွင့်ကပ်ဘေးလည်း ဖြစ်သွားနိုင်ချေသည်။

ဂါး...။

သို့သော် ဤအချိန်တွင် မီးလျှံနီရွှေခြင်္သေ့သားရဲသည် ကျိုးစွေ့ကိုယ်ပေါ်မှ ထွက်ပေါ်လာသော အန္တရာယ်အငွေ့အသက်ကို အာရုံခံမိသွားပြီး ၎င်းက ကျိုးစွေ့ကို အကြီးမားဆုံးသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် ချက်ချင်း သတ်မှတ်လိုက်လေသည်။

၎င်း၏ခြေလေးချောင်းကို အနည်းငယ် ကွေးညွတ်လိုက်ကာ တိုက်ခိုက်မည့်ဟန်ပြင်လိုက်ပြီး ခပ်တိုးတိုး ဟိန်းဟောက်သံပြု၍ ခြိမ်းခြောက်မှုကို ဖော်ပြလိုက်၏။

ကြောက်မက်ဖွယ်ကောင်းသော မီးတောက်စွမ်းအင်တစ်ခုက ၎င်း၏ ခန္ဓာကိုယ်အတွင်း၌ ပေါက်ဖွားလာခဲ့လေသည်။

ဖျက်ဆီးခြင်းအငွေ့အသက်များ ပါဝင်နေကာ အမှန်ပင် နေမင်းငယ်လေးတစ်စင်းနှင့် အလားသဏ္ဌာန်တူနေ‌သည်။

"သတိထား...”

"အဲဒါ မီးလျှံနီရွှေခြင်္သေ့သားရဲပဲ၊ သူက ချီယန်ထူးခြားမီးတောက်ကို ပိုင်ဆိုင်ထားတယ်...”

"စွမ်းအားက အကန့်အသတ်မရှိဘူး၊ အရာအားလုံးကို လောင်ကျွမ်းစေနိုင်တာမလို့ သွားမထိမိစေနဲ့...”

“နည်းနည်းလောက်တောင့်ခံထားပေးပါ...”

“ကျွန်မခန္ဓာကိုယ်ထဲက မှော်စွမ်းအင်နည်းနည်းလောက် ပြန်ပြည့်လာတာနဲ့ ရှင့်ကို ကူညီပေးမယ်...”

ပိုင်စုကျဲက ချက်ချင်းပင် အသံထွက်၍ သတိပေးလိုက်‌၏။ သူမသည် မျက်မှောက်ရှိ သူစိမ်းအမျိုးသား၏ ကျင့်ကြံခြင်းအဆင့်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် အစောပိုင်းမျှသာ ရှိသေးကြောင်း အာရုံခံသိရှိနိုင်လေ၏။ ပုံမှန်အားဖြင့်ဆိုလျှင် သူသည် ဤမီးလျှံနီရွှေခြင်္သေ့သားရဲ၏ ပြိုင်ဘက် လုံးဝမဟုတ်ပေ။

သို့သော်ငြား တစ်ဖက်လူသည် သူ၏ကျင့်ကြံခြင်းက မီးလျှံနီရွှေခြင်္သေ့သားရဲကို မယှဉ်နိုင်မှန်း သိနေပါလျက်နှင့် ဝင်ရောက်ကူညီပေးခဲ့လေသည်။

ထိုသူမှာ သေချာပေါက် တရားမျှတမှုကို မြတ်နိုးသူတစ်ဦး ဖြစ်ပေလိမ့်မည်။ သူမအနေဖြင့် ဤသို့သော ကျင့်ကြံသူတစ်ဦး သေဆုံးသွားမည်ကို လက်ပိုက်ကြည့်မနေနိုင်ချေ။

ထို့ကြောင့်ပင် သူမက အသံထွက်၍ သတိပေးလိုက်ခြင်း ဖြစ်လေသည်။

သို့သော် ယခုအချိန်တွင် သူမသည် မီးလျှံနီရွှေခြင်္သေ့သားရဲနှင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်ထားခဲ့ရပြီး တစ်ဖက်၏ တိုက်ကွက်ကိုလည်း ထိမှန်ထားခဲ့သေးရာ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအင်များမှာ အလွန်အမင်း ကုန်ခမ်းနေခဲ့ချေပြီ။

ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအင်အချို့ကို ပြန်လည်ဖြည့်တင်းရန် အချိန်အနည်းငယ် လိုအပ်နေသေးခြင်း ဖြစ်ပေသည်။

“မလိုပါဘူး...”

“သာမန် တောရိုင်းသားရဲတစ်ကောင်လောက်ပါပဲ...”

ကျိုးစွေ့က မီးလျှံနီရွှေခြင်္သေ့သားရဲကို ခပ်ပေါ့ပေါ့သာ ကြည့်လိုက်လေ၏။

သူ၏ လက်ရှိကျင့်ကြံခြင်းမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် အစောပိုင်း၌သာ ရှိသေးသော်လည်း၊ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာမူ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပြီး နတ်ဘုရားအသွင်ပြောင်းအဆင့်တစ်ခုလုံး၌ ပြိုင်ဘက်ကင်းနေခဲ့သည်မှာ ကြာလှချေပြီ။

ရွှမ်ဟွမ်ကုန်းမြေတိုက်ကြီးတွင် ရှိနေစဉ်ကတည်းကပင် သူသည် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးသုံးထောင်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်စွမ်း ရှိခဲ့‌သည်မဟုတ်ပါလော။

ဤမီးလျှံနီရွှေခြင်္သေ့သားရဲ၏ စွမ်းရည်မှာ မဆိုးလှသော်ငြား သူ၏မျက်လုံးထဲတွင်မူ ဘာမှမပြောပချေ။

သာမန် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများနှင့် များစွာ ကွာခြားမှုမရှိပေ။

ဘာ…။

ဤစကားကို ကြားလိုက်ရချိန်တွင် ပိုင်စုကျဲနှင့် အခြားသူများအားလုံး ကြက်သေသေသွားကြလေသည်။ သူတို့သည် မျက်မှောက်ရှိ အမျိုးသားကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေမိကြ၏။

ဤလူက သူဘာပြောနေသည်ကို တကယ်ရော သိပါ၏လော။

ဤသည်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ပြီးပြည့်စုံခြင်း၌ ရှိနေသော မီးလျှံနီရွှေခြင်္သေ့သားရဲ ဖြစ်ပေသည်။ ၎င်းသည် နတ်ဘုရားအသွင်ပြောင်းအဆင့်တွင် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်သော တောရိုင်းသားရဲတစ်ကောင်ပင် ဖြစ်သည်။

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်မှသာ ၎င်းကို အလွယ်တကူ သတ်ဖြတ်နိုင်မည် ဖြစ်‌သည်။

အကယ်၍ အဆင့်တူကျင့်ကြံသူများသာ ဆိုပါက အနည်းဆုံး လူဆယ်ဂဏန်းခန့် ပူးပေါင်းမှသာလျှင် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေလိမ့်မည်။

သို့သော် ဤအမျိုးသားက သာမန် တောရိုင်းသားရဲတစ်ကောင်မျှသာဟု ပြောဝံ့နေသည်။ ဤသည်ကား အလွန်တရာ မောက်မာလွန်းနေချေပြီ။

ဝုန်း…။

မှန်ပေသည်၊ ဤအချိန်၌ မီးလျှံနီရွှေခြင်္သေ့သားရဲသည် မျက်မှောက်ရှိ လသား၏ အထင်သေးမှုကို ခံစားလိုက်ရလေသည်။ ၎င်းသည် ချက်ချင်းပင် ဒေါသူပုန်ထသွားကာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဒေါသတကြီးခုန်ထွက်သွားပြီး ခန္ဓာကိုယ်ကြီးတစ်ခုလုံးက ကျိုးစွေ့ဆီသို့ ချက်ချင်း ပစ်ဝင်သွားတော့သည်။

၎င်းသည် အနီရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်သည်လည်း အနီရောင်မီးတောက်များအဖြစ် အသွင်ပြောင်းသွားသကဲ့သို့ ထင်မှတ်ရ‌သည်။

၎င်းအနေဖြင့် ကျိုးစွေ့ကို ချက်ချင်းပင် ပြာဖြစ်သွားသည်အထိ လောင်ကျွမ်းပစ်ချင်နေပုံရ‌လေသည်။

ရွှစ်…။

နောက်တစ်စက္ကန့်တွင် ကျိုးစွေ့သည် ခန္ဓာကိုယ်ပေါ်မှ ကျူးရှန်းဓားကို ချက်ချင်း ဆွဲထုတ်လိုက်၏။ သူ၏ခန္ဓာကိုယ်ထံမှ အေးစက်ခက်ထန်သော သတ်ဖြတ်ခြင်းအငွေ့အသက်တစ်ခု ထွက်ပေါ်လာတော့သည်။

ဝိုးတဝါးဖြင့် သူ၏ကျောဘက်၌ အလောင်းကောင်တောင်တန်းများနှင့် သွေးပင်လယ်ကြီးများ၊ အရိုးခေါင်းဖြူများ ပေါ်လာသကဲ့သို့ပင်။

မရေမတွက်နိုင်သော မကျွတ်မလွတ်သေးသည့် ဝိညာဉ်များကို ထမ်းပိုးထားရသကဲ့သို့ ဖြစ်ပေသည်။

မှန်ပေသည်၊ သက်ရှိသတ္တဝါအပေါင်း၏ သတ်ဖြတ်ခြင်းအငွေ့အသက်များ ပေါင်းစပ်ပါဝင်နေသော ကျူးရှန်းဓားသည် ပြိုင်ဘက်ကင်း ကြောက်မက်ဖွယ်ဓားတစ်လက်အဖြစ်သို့ ကြီးထွားလာခဲ့ချေပြီ။

ဤဓားပျံ၏ အဆင့်တစ်ခုတည်းနှင့်ပင် ကောင်းကင်အဆင့်ဝိညာဉ်ရတနာများနှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိနေပေလိမ့်မည်။

အကယ်၍ ကျူးရှန်းဓားသိုင်း၏ စွမ်းအားကိုပါ ထပ်မံပေါင်းထည့်လိုက်မည်ဆိုလျှင် မဖြတ်တောက်နိုင်သောအရာဟူ၍ မရှိတော့ဘဲ နတ်ဘုရားအသွင်ပြောင်းအဆင့် ပြီးပြည့်စုံခြင်းနှင့်ညီမျှသော အထွတ်အထိပ်တိုက်ကွက်တစ်ခုကို အပြည့်အဝ ပေါက်ကွဲထွက်စေနိုင်ပြီး ဖျက်ဆီးနိုင်စွမ်းမှာလည်း စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေပေလိမ့်မည်။

ဘန်း…။

ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော အမည်းရောင်ဓားအလင်းတစ်ခုက ပစ်ခွင်းလာပြီး မီးလျှံနီရွှေခြင်္သေ့သားရဲ၏ အငွေ့အသက်ကို အသေမှတ်လိုက်လေသည်။ အရှိန်အဟုန်မှာ အလွန်တရာ မြန်ဆန်လွန်းလှသဖြင့် နတ်ဘုရားအာရုံဖြင့်ပင် ဖမ်းဆုပ်ရန် ခက်ခဲလှ‌သည်။

ဖြန်းခနဲအသံတစ်သံနှင့်အတူ မီးလျှံနီရွှေခြင်္သေ့သားရဲမှာ ကျိုးစွေ့၏အရှေ့သို့ပင် မရောက်နိုင်လိုက်ဘဲ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် ချက်ချင်းဆိုသလို ထိမှန်ခံလိုက်ရသည်။ ၎င်း၏ခန္ဓာကိုယ်ကြီးမှာ တို့ဟူးတုံးတစ်တုံးကဲ့သို့ လွယ်လင့်တကူ နှစ်ပိုင်းပြတ်သွားခဲ့တော့သည်။

ပမာဏများပြားလှသော သွေးများက အလကားရသည့်အလား ပန်းထွက်လာ‌သည်။

ဤဓားအလင်းတန်းသည် မီးလျှံနီရွှေခြင်္သေ့သားရဲကို ခုတ်ပိုင်းလိုက်ရုံမျှဖြင့် ရပ်တန့်မသွားဘဲ မိုင်တစ်ထောင်အကွာရှိ တောင်ကြီးတစ်တောင်ဆီသို့ပါ တိုက်ရိုက်သက်ရောက်သွားကာ မျက်စိတစ်မှိတ်အတွင်း ထိုတောင်ကြီးကိုပါ နှစ်ပိုင်းခွဲပစ်လိုက်လေသည်။

မြေပြင်ပေါ်တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော ဓားရာကြီးတစ်ခုပေါ်လာပြီး မိုင်တစ်ထောင်ခန့်အထိ ရှည်လျားကာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသော သတ်ဖြတ်ခြင်းအငွေ့အသက်နှင့် ဓားဆန္ဒတို့ကို ထုတ်လွှတ်နေ‌၏။

အနည်းငယ်မျှ ချဉ်းကပ်သွားရုံဖြင့် ဝိညာဉ်မှာ ဤဓားဆန္ဒ၏ ထိုးဖောက်ခြင်းကို ခံရမည်ဖြစ်သည်။

ဤမီးလျှံနီရွှေခြင်္သေ့သားရဲမှာမူ ချက်ချင်းဆိုသလို ခုတ်ပိုင်းသတ်ဖြတ်ခံလိုက်ရပြီး ဝိညာဉ်ပင်လျှင် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရချေပြီ။

၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ ဤအတိုင်းလေး မြေပြင်ပေါ်သို့ လဲကျသွားရသည်။ ပြူးကျယ်နေသောမျက်လုံးကြီးများထဲ၌ ထိတ်လန့်ခြင်း၊ အံ့ဩတုန်လှုပ်ခြင်းနှင့် မယုံကြည်နိုင်ခြင်း စသည့် အရိပ်အယောင်များ ပေါ်လွင်နေ‌၏။ ၎င်းသည် လူသားတစ်ဦး၏ ဓားတစ်ချက်တည်းဖြင့် ဤသို့ အသတ်ခံလိုက်ရသည်ကို မယုံကြည်ရဲသကဲ့သို့ပင်။

၎င်းအနေဖြင့် ဘာဖြစ်သွားမှန်းပင် မသိလိုက်ချေ။

All Chapters