← Chapters

အခန်း (၆၉၇-၆၉၈)

Vol. 65 Ch. 697-698

အခန်း (၆၉၇-၆၉၈)

Vol. 65 Ch. 697-698

အခန်း (၆၉၇) - ပြိုင်ဘက်ကင်း အလှပိုင်ရှင်၊ ရွှေရောင်ဆံပင်နှင့် ကျောက်စိမ်းမျက်နှာမြေခွေး၊ အမျိုးသမီးကိုသာ အားကိုးရဦးပေမည်(၄)။

“ဒါက...”

ပိုင်စုကျဲနှင့် အခြားသူများအားလုံးမှာ မျက်လုံးလှလှလေးများကို ပြူးကျယ်ထားကာ ကျိုးစွေ့နှင့် မြေပြင်ပေါ်တွင် လဲကျနေသော ပဉ္စမအဆင့် တောရိုင်းသားရဲကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိကြ‌သည်။ လူတိုင်း၏ မျက်နှာပေါ်တွင် မယုံနိုင်သည့် အရိပ်အယောင်များ ထွက်ပေါ်နေကြ၏။

ပွင့်ပွင့်လင်းလင်းဆိုရလျှင် ယခုလေးတင် သူမတို့အားလုံးမှာ အနည်းငယ် မျှော်လင့်ချက်မဲ့သွားခဲ့ကြသည်။

ယနေ့တွင် သူမတို့သည် ထိုတောရိုင်းသားရဲ၏ စားသောက်ခြင်းကို ခံရပြီး မီးလျှံနီရွှေခြင်္သေ့သားရဲ၏ ဗိုက်ထဲမှ အစားအစာများ ဖြစ်သွားလိမ့်မည်ဟုပင် ထင်မှတ်ထားခဲ့ကြ၏။

သို့သော် ရုတ်တရက် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးပေါ်လာပြီး ဓားတစ်ချက်တည်းဖြင့် ဤမီးလျှံနီရွှေခြင်္သေ့သားရဲကို သတ်ဖြတ်သွားလိမ့်မည်ဟု သူမတို့ ထင်မှတ်မထားခဲ့မိချေ။

ဤသို့သော ကိစ္စမျိုးသည် စိတ်ကူးယဉ်နိုင်စွမ်းထက်ပင် ကျော်လွန်နေချေသည်။

သူမတို့၏ တစ်သက်တာလုံးတွင် ဤမျှ အစွမ်းထက်သော နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်လေသည်။

‘ခဏလေး၊ တစ်ခုခုတော့ လွဲနေပြီ… ဒီအမျိုးသားက ဘာလို့ ဒီလောက်တောင် ချောမောနေရတာလဲ…’

ဤအချိန်ရောက်မှသာ မိန်းမပျိုလေးများအားလုံးသည် ထိုအမျိုးသား၏ ရုပ်သွင်ကို သေသေချာချာ မြင်တွေ့လိုက်ရသည်။

သူမတို့၏ နှလုံးသားများမှာ မနေနိုင်တော့ဘဲ တစ်ဒိန်းဒိန်း ခုန်ပေါက်လာကြပြီး မျက်နှာများ၊ နားရွက်များပါ နီရဲလာကြတော့သည်။ ကျင့်ကြံသူများဖြစ်သည့်အားလျော်စွာ ချောမောသော အမျိုးသားများကို မြင်ဖူးသည်မှာ မနည်းလှပေ။

သို့သော်ငြား သူမတို့၏ တစ်သက်တာလုံးတွင် ဤမျှလောက် ချောမောသော အမျိုးသားကိုမူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။

အသေအချာ ထုဆစ်ထားသကဲ့သို့သော မျက်နှာပေါက်၊ ပြီးပြည့်စုံသော မျက်နှာကောက်ကြောင်း၊ နားထင်ဆီသို့ စောင်းတက်သွားသည့် ဓားအသွင်မျက်ခုံးနှစ်ခုနှင့် ဖီးနစ်ငှက်ကဲ့သို့သော မျက်လုံးတစ်စုံတို့မှာ အဆုံးအစမဲ့သော ညို့ငင်မှုများ ပါဝင်နေသကဲ့သို့ပင်။

ထို့ပြင် ကြယ်တာရာများအလား တောက်ပနေ‌သေးသည်။

တစ်ချက်လေး ကြည့်လိုက်ရုံမျှဖြင့် ဝိညာဉ်ကိုပါ စုပ်ယူသွားနိုင်သကဲ့သို့ ထင်မှတ်ရလေသည်။

ဤသည်မှာ ပန်းချီကားထဲမှ ထွက်လာသော လူချောတစ်ဦး၊ အင်မော်တယ်ကမ္ဘာမှ လူ့ပြည်သို့ ဆင်းသက်လာသော အင်မော်တယ်တစ်ပါးကဲ့သို့ပင်။

လောကီအညစ်အကြေးများနှင့် ကင်းစင်နေပြီး သဘာဝအတိုင်း ပြီးပြည့်စုံနေကာ နတ်သက်ကြွေလာသော အင်မော်တယ်တစ်ပါးကဲ့သို့ ရင်သပ်ရှုမောဖွယ် ချောမောလွန်းနေသည်။

“ချောမောလွန်းလှသည်”

အမျိုးသားတစ်ဦးကို ဖော်ညွှန်းရန်အတွက် ဤစကားလုံးကို သူမတို့၏ တစ်သက်တာတွင် ပထမဆုံးအကြိမ် အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။

ပွင့်ပွင့်လင်းလင်းဆိုရလျှင် သူမတို့သည် သူမတို့၏အစ်မဖြစ်သူ ပိုင်စုကျဲကို ကမ္ဘာပေါ်တွင် ပထမအဆင့် အလှဆုံးမိန်းမပျိုဟု ထင်မှတ်ထားခဲ့ကြ၏။

သို့သော် မျက်မှောက်ရှိ ဤအမျိုးသားမှာမူ မိမိတို့၏ အစ်မဖြစ်သူနှင့် ယှဉ်နိုင်ရုံသာမက ပို၍ပင် သာလွန်နေနိုင်သေးသည်။

သူမတို့ တစ်ယောက်ချင်းစီသည် ကျိုးစွေ့ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိကြပြီး မျက်နှာပေါ်တွင် ထိန်းမနိုင်သိမ်းမရသော စွဲလမ်းယစ်မူးနေသည့် အရိပ်အယောင်များ ပေါ်ထွက်လာကြတော့သည်။

“ဒီအမျိုးသားက ဘယ်လိုလုပ် ဒီလောက်တောင် ချောမောနေရတာလဲ...”

ပိုင်စုကျဲမှာလည်း အလွန်အမင်း အံ့အားသင့်နေမိလေသည်။

ဤသို့သော ခံစားချက်မျိုးကို သူမ၏တစ်သက်တာတွင် ပထမဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်သည်။ သေးငယ်သော နှလုံးသားလေးမှာ ထိန်းချုပ်မရအောင် ခုန်ပေါက်လာပြီး လှပသော မျက်နှာလေးမှာ အနည်းငယ်နီရဲလာကာ အရက်မူးနေသကဲ့သို့ ဖြစ်သွားရသည်။

လောကရှိ အမျိုးသားများက သူမကို မြင်သည့်အချိန်တိုင်းတွင် ဤသို့သော ခံစားချက်မျိုးကို ခံစားရသည်လော…။

ပွင့်ပွင့်လင်းလင်းဝန်ခံရလျှင် “မြင်မြင်ချင်း ချစ်မိသွားသည်” ဆိုသည်မှာ မည်သို့သော ခံစားချက်မျိုးမှန်း သူမ တစ်ခါမှ မသိခဲ့ဖူးချေ။ သို့သော် ယခုမူ သူမ သိသွားပုံရ၏။

ဤသည်မှာ တစ်ခါမြင်လိုက်ရုံဖြင့် မိမိ၏မျက်လုံးများကို ဖယ်ခွာ၍မရနိုင်တော့ဘဲ ရုန်းထွက်မရနိုင်တော့သည့် အခြေအနေပင်ဖြစ်‌သည်။

“မီးလျှံနီရွှေခြင်္သေ့သားရဲလား… ဒီလောက်ပါပဲ၊ ထည့်ပြောစရာတောင် မလိုပါဘူး...”

“တာအိုရောင်းရင်းတို့လည်း ဘာမှမဖြစ်ကြဘူး မဟုတ်လား...”

“ကျုပ်က ကျိုးစွေ့ပါ… တာအိုရောင်းရင်းတို့ရဲ့ နာမည်တွေကို မသိရသေးဘူးနော်...”

ကျိုးစွေ့က လှည့်လိုက်ပြီး ပိုင်စုကျဲနှင့် အခြားသူများကို ကြည့်ကာ ပြောလိုက်‌သည်။

“ရှင်က အစ်မပိုင်ကို မသိဘူးလား...”

အမျိုးသမီး ကျင့်ကြံသူများအားလုံးက ကျိုးစွေ့ကို ကြည့်လိုက်ကြပြီး လူတိုင်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်ထွက်လာကြလေသည်။

ဤသူစိမ်းကျင့်ကြံသူက ရုတ်တရက် ဝင်ရောက်ကယ်တင်ပေးခဲ့ခြင်းမှာ မိမိတို့၏အစ်မဖြစ်သူ ပိုင်စုကျဲကို လိုက်လံပိုးပန်းနေသူတစ်ဦး ဖြစ်မည်ဟု နဂိုက ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်‌သည်။

သို့သော် တစ်ဖက်လူ၏လေသံကို နားထောင်ကြည့်ရသည်မှာ မိမိတို့၏အစ်မဖြစ်သူ ပိုင်စုကျဲကို မသိသည့်ပုံပင်။

ပြဿနာမှာ ဖုန်းရှီးမြို့တစ်မြို့လုံးတွင် မိမိတို့၏ အစ်မဖြစ်သူကို မသိသူဟူ၍ လက်ချိုးရေတွက်၍ ရနိုင်လောက်သည်အထိ နည်းပါးလှသည်။

မည်သို့ပင်ဖြစ်စေ မိမိတို့အစ်မဖြစ်သူ၏ အလှအပဂုဏ်သတင်းမှာ အဝေးဆီသို့တိုင် ကျော်ကြားလှပြီး ကြယ်ပွင့်တစ်ပွင့်ကဲ့သို့ပင်ဖြစ်ရာ မသိသူဟူ၍ မရှိသလောက်ပင် ဖြစ်လေသည်။

ဤသို့သောကိစ္စမျိုး ဖြစ်ပေါ်လာခြင်းမှာ တစ်သက်တာတွင် ပထမဆုံးအကြိမ်ပင် ဖြစ်ပေသည်။

“ကဲပါ၊ တာအိုရောင်းရင်းကျိုးက ကျွန်မကို မသိတာလည်း ပုံမှန်ပါပဲလေ...”

“ကျွန်မ ခန့်မှန်းတာ မမှားဘူးဆိုရင် တာအိုရောင်းရင်းက အထက်ဘုံတက်လှမ်းသူတစ်ယောက် ဖြစ်ရမယ်...”

ဤအခိုက်အတန့်တွင် ကျိုးစွေ့၏စကားကို ကြားလိုက်ရသဖြင့် ပိုင်စုကျဲသည် စွဲလမ်းယစ်မူးနေသည့် အခြေအနေမှ အနည်းငယ် ရုန်းထွက်လာနိုင်ခဲ့လေသည်။ သူမ၏ မျက်လုံးလှလှလေးများက တောက်ပသွားပြီး ကျိုးစွေ့ကို စိုက်ကြည့်လိုက်၏။ သူမသည် ကျိုးစွေ့၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်ကို ရိပ်မိသွားခဲ့ပုံရ‌သည်။

ဘာ…။

ထိုစကားထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အမျိုးသမီး ကျင့်ကြံသူများအားလုံး၏ သူငယ်အိမ်များ ကျုံ့ဝင်သွားကြပြီး ကျိုးစွေ့ကို စိုက်ကြည့်လိုက်ကြလေသည်။

သူမတို့သည် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများ ဖြစ်သည့်အားလျော်စွာ အထက်ဘုံတက်လှမ်းသူဆိုသည်မှာ မည်သို့သောအရာဖြစ်ကြောင်းကို သဘာဝကျကျ သိရှိထားကြပေသည်။

အထက်ဘုံတက်လှမ်းသူများ၏ ဂုဏ်သတင်းမှာ လူသားမျိုးနွယ်စုတစ်ခုလုံး၌ ကျော်ကြားနေခဲ့သည်မှာ ကြာလှချေပြီ။

မည်သို့ပင်ဖြစ်စေ အောက်ဘုံမှနေ၍ အထက်ဘုံသို့ တက်လှမ်းလာနိုင်သည့် ကျင့်ကြံသူတိုင်းသည် ခြွင်းချက်မရှိ ပါရမီရှင်များချည်းသာ ဖြစ်ကြလေသည်။

မသေဆုံးသရွေ့ အနာဂတ်တွင် လူသားမျိုးနွယ်စု၏ အရေးပါအရာရောက်သော ပုဂ္ဂိုလ်ကြီးများ ဖြစ်လာကြမည်မှာ သေချာပေါက်ပင်။

သို့သော် မိုးကြိုးတောင်တန်းတွင် အထက်ဘုံတက်လှမ်းသူတစ်ဦးနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူမတို့ ထင်မှတ်မထားခဲ့မိကြချေ။

ဤသို့သော ဖြစ်နိုင်ခြေမှာ ထီပေါက်မည့် ဖြစ်တန်စွမ်းထက်ပင် နည်းပါးနေသေးသည်။

“မဟုတ်သေးပါဘူး… အထက်ဘုံတက်လှမ်းသူဆိုတာ တက်လှမ်းခြင်းစင်မြင့်ကတစ်ဆင့် စိတ်ဝိညာဉ်ဘုံကို ရောက်လာရမှာ မဟုတ်ဘူးလား...”

“ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ပေါ်လာရတာလဲ...”

အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူတစ်ဦးက သံသယဝင်စွာဖြင့် မေးလိုက်လေသည်။

သူမ သံသယဝင်နေခြင်းမှာလည်း ပုံမှန်ကိစ္စတစ်ခုပင် ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် အထက်ဘုံတက်လှမ်းသူများသည် အခြေခံအားဖြင့် တက်လှမ်းခြင်းစင်မြင့်များမှတစ်ဆင့် ဝိညာဉ်ဘုံသို့ ရောက်ရှိလာကြသောကြောင့်ပင်။

ထို့ကြောင့် အထက်ဘုံတက်လှမ်းသူတိုင်းသည် မြို့ကြီးပြကြီးများတွင်သာ ပေါ်လာလေ့ရှိပြီး တောရိုင်းများထဲတွင် ပေါ်လာလေ့မရှိကြချေ။

ဤသည်မှာ အခြေခံဗဟုသုတတစ်ခုပင် ဖြစ်လေသည်။

“ကျုပ်ရှိခဲ့တဲ့ ကမ္ဘာမှာက တက်လှမ်းခြင်းစင်မြင့် မရှိဘူးလေ… ဟင်းလင်းပြင်ဆုံမှတ်တွေကို ချိုးဖျက်ပြီးမှ ဝိညာဉ်ဘုံကို ချောချောမွေ့မွေ့ တက်လှမ်းလာနိုင်ခဲ့တာ… ဒါကြောင့် ဒီနေရာမှာ ပေါ်လာခဲ့တာပါ...”

“ဒါနဲ့ နေပါဦး… ကျုပ်က အထက်ဘုံတက်လှမ်းသူဆိုတာကို မင်းက ဘယ်လိုလုပ်သိတာလဲ...”

ကျိုးစွေ့က ပိုင်စုကျဲကို စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်လေသည်။

သူသည် မိမိ၏ အထက်ဘုံတက်လှမ်းသူ အထောက်အထား ပေါက်ကြားသွားမည်ကိုလည်း ဂရုမစိုက်ချေ။

အဘယ်ကြောင့်ဆိုသော် ယခင်က ထိုကျင့်ကြံသူများ၏ မှတ်ဉာဏ်များအရ ဝိညာဉ်ဘုံရှိ လူသားမျိုးနွယ်စုများအကြားတွင် အထက်ဘုံတက်လှမ်းသူများသည် အတော်လေး အလေးထားခံရသောကြောင့်ပင်။

အထက်ဘုံတက်လှမ်းသူတစ်ဦး ပေါ်လာရုံဖြင့် လူသားမျိုးနွယ်စုက အလေးထား ပြုစုပျိုးထောင်ပေးလေ့ရှိကြသည်။

မည်သို့ပင်ဖြစ်စေ ဝိညာဉ်ဘုံရှိ လူသားမျိုးနွယ်စု၏ အခြေအနေမှာ အလွန်တရာ ခက်ခဲကျပ်တည်းလှပေရာ ပါရမီရှင်တစ်ဦးပေါ်ထွက်လာတိုင်း အလွန်အမင်း အလေးထားကြလေ့ရှိသည်။

ပြိုင်ဆိုင်မှု ပြင်းထန်လှသော အောက်ဘုံမှနေ၍ တက်လှမ်းလာနိုင်သည့် အထက်ဘုံတက်လှမ်းသူများအကြောင်းဆိုလျှင်မူ ပြောစရာပင်မလိုတော့ချေ။ သူတို့သည် လူသားမျိုးနွယ်စုများကြားတွင် ထူးချွန်ထက်မြက်သူများဖြစ်ကြပြီး သန်းပေါင်းများစွာထဲမှ တစ်ယောက်သာပေါ်ထွက်လာနိုင်သည့် ကောင်းကင်ဘုံ၏ အချစ်တော်များပင် ဖြစ်လေသည်။

ထို့ကြောင့် သူ၏ အထက်ဘုံတက်လှမ်းသူ အထောက်အထားပေါက်ကြားသွားလျှင်ပင် မည်သည့်အန္တရာယ်နှင့်မျှ ကြုံတွေ့ရမည် မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် လူသားမျိုးနွယ်စု၏ အလေးထားမှုကိုပင် ရရှိနိုင်ပြီး အထူးဂရုတစိုက် ပြုစုပျိုးထောင်ပေးခြင်းကိုပါ ခံရဦးမည် ဖြစ်၏။

ပို၍အရေးကြီးသည်မှာ မိမိ၏ အထောက်အထားကိုလည်း ဖြူစင်သွားစေနိုင်ပြီး လူသားမျိုးနွယ်စုအတွင်း၌ တရားဝင်အထောက်အထားကို ရရှိနိုင်ခြင်းပင် ဖြစ်ပေသည်။

ဝိညာဉ်ဘုံရှိ လူသားမျိုးနွယ်စုများအကြား၌ တရားမဝင်နေထိုင်သူတစ်ဦး ဖြစ်နေတော့မည် မဟုတ်ပေ။

တစ်ချက်ခုတ် နှစ်ချက်ပြတ်ဟုပင် ဆိုနိုင်ပေသည်။

မိမိ၏ပါရမီကို ထုတ်ဖော်ပြသခြင်းသည် ပစ်မှတ်တစ်ခုဖြစ်လာနိုင်ပြီး အခြားသူများ၏ မနာလိုမုန်းတီးမှုကို ဆွဲဆောင်နိုင်သည်ကား အမှန်ပင် ဖြစ်လေသည်။

သို့သော် ယခုအချိန်တွင် ကျိုးစွေ့သည် ယခင်ကကဲ့သို့ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူလေးမဟုတ်တော့ဘဲ သူ့ကိုယ်သူကာကွယ်နိုင်စွမ်း ရှိနေခဲ့ပြီ မဟုတ်ပါလော။

အကယ်၍ အစွမ်းထက်သောရန်သူနှင့် ကြုံတွေ့ရမည်ဆိုလျှင်ပင် သူသည် အင်မော်တယ်လက်နက် ရှန်းဟိုင်ပုလဲ၏ နေရာလွတ်အတွင်းသို့ ဝင်ရောက်သွားပြီး ခေတ္တခဏ ပုန်းအောင်းနေနိုင်သည်။

မဟာယာနအဆင့်ကျင့်ကြံသူနှင့် ကြုံတွေ့ရလျှင်ပင် ရှန်းဟိုင်ပုလဲ၏ ကာကွယ်ရေးကို ချိုးဖျက်နိုင်ရန် မတွေးသင့်ပေ။

ထို့ကြောင့် သူသည် မရှုံးနိမ့်နိုင်သော အနေအထား၌ ရပ်တည်နေခဲ့သည်မှာ ကြာလှချေပြီ။

ဤအချက်ကြောင့်ပင် သူက မိမိ၏ အထက်ဘုံတက်လှမ်းသူ အထောက်အထားကို စိုးစဉ်မျှတုံ့ဆိုင်းမနေဘဲ ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်။

ဤသို့လုပ်မှသာလျှင် လူသားမျိုးနွယ်စု၏ အလေးထားမှုကို ရရှိမည်ဖြစ်ပြီး လူသားမျိုးနွယ်စု၏ အရေးပါသော အဖွဲ့ဝင်တစ်ဦးဖြစ်လာကာ အကျိုးကျေးဇူးများစွာကို ရရှိနိုင်ပေမည်။

“ဒါကလေ၊ ရှင်တို့လို အထက်ဘုံတက်လှမ်းသူတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထူးခြားတဲ့အငွေ့အသက်တွေ ရှိနေတတ်လို့ပါ...”

"ငါတို့ စိတ်ဝိညာဉ်လောကက ကျင့်ကြံသူတွေနဲ့ လုံးဝကို ကွာခြားနေတယ်လေ...”

"အဆင့်နိမ့်ကျင့်ကြံသူတွေက သတိမထားမိနိုင်ပေမဲ့ ငါတို့လို နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေကတော့ အလွယ်တကူကို အာရုံခံသိရှိနိုင်တယ်...”

"ရှင်က စိတ်ဝိညာဉ်လောကမှာ အချိန်အကြာကြီးနေထိုင်ခဲ့တာ ဒါမှမဟုတ် စိတ်ဝိညာဉ်လောကရဲ့ ကောင်းကင်ဘုံကပ်ဘေးကို ခံယူဖြတ်သန်းဖူးတာမျိုး မဟုတ်ရင်တော့ ဒီလိုအငွေ့အသက်တွေက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီးမှသာ စိတ်ဝိညာဉ်လောကနဲ့ အပြည့်အဝ ပေါင်းစပ်သွားမှာလေ...”

ပိုင်စုကျဲ့က ရှင်းပြလိုက်၏။

ထိုအချက်ကြောင့်ပင် သူမရှေ့ရှိ အမျိုးသားမှာ ဤဒေသခံမဟုတ်ဘဲ အထက်ဘုံသို့ တက်လှမ်းလာသူဖြစ်ကြောင်း သူမ သိရှိထားခြင်း ဖြစ်ပေသည်။

ထို့ကြောင့် အထက်ဘုံသို့ တက်လှမ်းလာသူတစ်ယောက်အနေဖြင့် သူမကို မသိခြင်းမှာလည်း သဘာဝကျလှသည်။

ယနေ့ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များသည် တိုက်ဆိုင်မှုသက်သက်သာဖြစ်ကြောင်း အသေအချာ ဆိုနိုင်လေသည်။

တစ်ဖက်လူသည် သူမထံသို့ ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်လာခြင်း မဟုတ်ပေ။

ထိုအခါမှသာ သူမသည် ကျိုးစွေ့ကို သေချာစွာ ကြည့်လိုက်လေသည်။

"ငါ့ကို ချက်ချင်း သတိထားမိသွားတာ မဆန်းတော့ပါဘူး...”

ကျိုးစွေ့လည်း ရုတ်တရက် သဘောပေါက်သွားရသည်။

အထက်ဘုံသို့ တက်လှမ်းလာသူများအနေဖြင့် စိတ်ဝိညာဉ်လောကတွင် ၎င်းတို့၏ အထောက်အထားကို ဖုံးကွယ်ထားရန်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်ပြီး ချက်ချင်းလိုလို သတိထားခံရမည်အား သူ သိလိုက်ပြီ ဖြစ်၏။

အစက သူသည် ဖုံးကွယ်ထားရန် ရည်ရွယ်ထားခဲ့မိသည်။ သို့သော်ငြား အချည်းနှီးသာ ဖြစ်ချေပြီ။

အခန်း (၆၉၈) - ပြိုင်ဘက်ကင်း အလှပိုင်ရှင်၊ ရွှေရောင်ဆံပင်နှင့် ကျောက်စိမ်းမျက်နှာမြေခွေး၊ အမျိုးသမီးကိုသာ အားကိုးရဦးပေမည်(၅)။

ရွှစ်…။

ထိုအခိုက်မှာပင် အဝေးဆီမှ လွတ်မြောက်ခြင်းအလင်းတန်း ငါးခုက ရုတ်တရက် ပျံသန်းလာပြီး ကျိုးစွေ့တို့ရှေ့သို့ ချက်ချင်း ရောက်ရှိလာ၏။

တစ်ယောက်စီတိုင်းသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

"တာအိုရောင်းရင်းပိုင် အဆင်ပြေရဲ့လား...”

"စောစောကပဲ ခင်ဗျားကို သားရဲရိုင်းတစ်ကောင် လိုက်လံသတ်ဖြတ်နေတယ်လို့ သတင်းရတာနဲ့ အမြန်ပြေးလာခဲ့တာ...”

ဝတ်ရုံဖြူဝတ် လူငယ်ကျင့်ကြံသူတစ်ဦးက ချက်ချင်း ပြောလိုက်၏။

မြေပြင်ပေါ်တွင် လဲကျနေပြီး နှစ်ခြမ်းကွဲနေသော မီးလျှံနီရွှေခြင်္သေ့သားရဲကို ကြည့်ရင်း သူ၏မျက်ခမ်းစပ်များ အလိုအလျောက် တွန့်သွားသည်။

"အော် အဆင်ပြေပါတယ်… တာအိုရောင်းရင်းကျူးလုံထင်ကို ကျေးဇူးတင်ပါတယ်...”

"ဒါပေမယ့် အခုတော့ အဆင်ပြေသွားပါပြီ...”

"တာအိုရောင်းရင်းကျိုးက အချိန်မီ ကူညီပေးခဲ့လို့သာ ကျွန်မ အသက်ချမ်းသာသွားတာပါ...”

ပိုင်စုကျဲ့၏ လှပသော မျက်လုံးလေးများက တောက်ပနေပြီး ကျိုးစွေ့ကို အလွန်တရာ ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်လေသည်။

သူမ၏ကိုယ်ပေါ်တွင် ဤသားရဲရိုင်းကို ရင်ဆိုင်ရန် အသက်ကယ်ဝှက်ဖဲ ရှိနေသေးသည်မှာ မှန်သော်လည်း ထိုအသက်ကယ်ဝှက်ဖဲသည် တစ်ကြိမ်အသုံးပြုလျှင် တစ်ကြိမ် လျော့နည်းသွားမည် ဖြစ်၏။

အကယ်၍ ဤအကြိမ်တွင်သာ အသုံးပြုလိုက်ရပါက သူမကိုယ်ပေါ်၌ အသက်ကယ်ဝှက်ဖဲ များများစားစား ကျန်တော့မည်မဟုတ်ပေ။

ထို့ကြောင့် သူမသည် မျက်မှောက်ရှိအမျိုးသား၏ ကူညီကယ်တင်ပေးမှုအပေါ် အတိုင်းမသိ ကျေးဇူးတင်နေမိခြင်း ဖြစ်လေသည်။

"တာအိုရောင်းရင်းကျိုးက ကူညီပေးခဲ့တာကိုး...”

"ဒါဆိုရင်တော့ တကယ်ကို ကျေးဇူးတင်ပါတယ်...”

"တာအိုရောင်းရင်းသာ ဝင်မကူညီပေးခဲ့ရင် ဒီတစ်ကြိမ် တာအိုရောင်းရင်းပိုင်တော့ ဒုက္ခရောက်ပြီ ထင်တယ်...”

ဝတ်ရုံဖြူကျင့်ကြံသူ ကျူးလုံထင်သည် နွေဦးလေညင်းအလား ဖော်ရွေသောအပြုံးတစ်ခုကို ပြသလိုက်၏။

သို့သော် သူ၏ စိတ်တွင်း၌မူ အလွန်တရာ မုန်းတီးနေချေသည်။

အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ် ပိုင်စုကျဲ့တစ်ယောက် မီးလျှံနီရွှေခြင်္သေ့သားရဲ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရသည်မှာ သူ၏လက်ချက်သာ ဖြစ်သောကြောင့်ပင်။

အစကတည်းက သူသည် ဤအမျိုးသမီးကျင့်ကြံသူများ၏ ကိုယ်ပေါ်တွင် ရွှေမီးတောက်ဝိညာဉ်မြက်၏ အငွေ့အသက်ကို ချန်ရစ်ထားခဲ့ခြင်း ဖြစ်၏။

ဤသည်က မီးလျှံနီရွှေခြင်္သေ့သားရဲများ အနှစ်သက်ဆုံးသော အစားအစာများထဲမှ တစ်ခု ဖြစ်ပေသည်။

တစ်ကြိမ်တွေ့ရှိသွားသည်နှင့် ချက်ချင်းပြေးလာမည်မှာ အသေအချာပင်။

မူလက သူသည် အရေးပါသောအခိုက်အတန့်တွင် ထွက်ပေါ်လာကာ သူရဲကောင်းက အလှလေးကို ကယ်တင်သည့်ပုံစံဖြင့် ပိုင်စုကျဲ့၏နှလုံးသားကို သိမ်းပိုက်ရန် ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် မည်သူက ထင်မှတ်ထားမည်နည်း။ လမ်းတစ်ဝက်တွင် ကြားဖြတ်နှောင့်ယှက်သူတစ်ဦးပေါ်လာကာ သူ၏အစီအစဉ်ကို ဖျက်ဆီးပစ်ခဲ့လေသည်။

ထို့ကြောင့် သူ၏ ရက်ပေါင်းများစွာ ကြံစည်ထားသော အစီအစဉ်မှာ တစ်ခဏအတွင်း ပျက်စီးသွားရုံသာမက ဤအမျိုးသားကပင် ပိုင်စုကျဲ့၏ နှလုံးသားကို သိမ်းပိုက်သွားနိုင်ခြေ ရှိနေ‌သည်။

သူတစ်ပါးအတွက် မင်္ဂလာဝတ်စုံ ချုပ်ပေးလိုက်ရသကဲ့သို့ ဖြစ်သွားချေပြီ။

ဤသည်ကိုတွေးမိသည်နှင့် သူ၏ နှလုံးသားသွေးများ စက်စက်ယိုသကဲ့သို့ ခံစားရပြီး မျက်မှောက်ရှိ ဤမျက်နှာဖြူကောင်ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်စိတ်များ ပေါက်လာတော့၏။

"အားနာစရာ မလိုပါဘူး… လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ...”

"တခြားဘယ်သူပဲဖြစ်ဖြစ် ကိုယ့်လူမျိုးတွေ ဒုက္ခရောက်နေတာတွေ့ရင် ဝင်ကူညီကြမှာပါပဲ...”

"ပြောပလောက်တဲ့ကိစ္စ မဟုတ်ပါဘူးလေ...”

ကျိုးစွေ့သည် တရားမျှတသောအသွင်အပြင်ကို ပြသလိုက်လေသည်။

သူ၏မျက်နှာအမူအရာမှာမူ အနည်းငယ် ထူးဆန်းနေ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ နှလုံးသားမျက်လုံးပညာရပ်က လှုပ်ရှားသွားပြီး ဤနတ်ဘုရားအသွင်ပြောင်း အထွတ်အထိပ်အဆင့်ကျင့်ကြံသူ ကျူးလုံထင်၏ စိတ်တွင်းအသံကို ချက်ချင်းပင် ကြားလိုက်ရကာ ထိုငနဲ၏အတွေးများကို သိရှိသွားသောကြောင့်ပင်။

ရိုးရိုးသားသားဆိုရလျှင် ဤတစ်ကြိမ် တိုက်ခိုက်ခံရမှုသည် ထိုငနဲသားကိုယ်တိုင် စီစဉ်ထားသော ဇာတ်လမ်းဖြစ်နေမည်ကို သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

သူသာ ဝင်မပါခဲ့ပါက ထိုငနဲသား အမှန်တကယ် အောင်မြင်သွားနိုင်လောက်၏။

ပိုင်စုကျဲ့၏ နှလုံးသားကို အပြည့်အဝ မသိမ်းပိုက်နိုင်လျှင်ပင် အတိုင်းအတာတစ်ခုအထိ သဘောကျမှုကိုမူ သေချာပေါက်ရရှိသွားမည် ဖြစ်သည်။

နှစ်ပရိစ္ဆေဒ ကြာညောင်းလာသည်နှင့်အမျှ တကယ်ကို အချီကြီးမိသွားနိုင်သည်။

'ကျူးလုံထင်...”

'ဒီနာမည်က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ… ဘယ်နေရာမှာများ ကြားဖူးခဲ့ပါလိမ့်...”

'အော် ဟုတ်သားပဲ… ငါ စောစောက သတ်ပစ်လိုက်တဲ့ ကျင့်ကြံသူတွေက ကျူးမိသားစုက လူတွေပဲ...”

'အဲဒီ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူနာမည်က ကျူးကျင်းဟိုင်...”

'ကျန်တဲ့သူတွေ အကုန်လုံးကလည်း ကျူးမိသားစုရဲ့ မျိုးဆက်တွေချည်းပဲ...”

ထိုလူတစ်စုသည် လူသတ်ရတနာလုရန် ကြိုးစားခဲ့သော်လည်း ရလဒ်အနေဖြင့် သူ၏လက်ချက်ဖြင့် ချက်ချင်း အသတ်ခံလိုက်ရကာ ယခုအခါ ပြာအဖြစ်ပင် လွင့်စင်သွားကြပြီ မဟုတ်ပါလော။

ထိုကျူးကျင်းဟိုင်၏ မှတ်ဉာဏ်များအရ ကျူးမိသားစုသည် ဖုန်းရှီးမြို့ရှိ ကြီးမားလှသော လေဟာနယ်သန့်စင်ခြင်းအဆင့် မိသားစုတစ်ခုဖြစ်ပုံရပြီး သူတို့၏ဘိုးဘေးမှာ လေဟာနယ်သန့်စင်ခြင်းအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။

ဖုန်းရှီးမြို့တွင် အလွန်တရာ နာမည်ကျော်ကြားသော မိသားစုကြီးတစ်ခု ဖြစ်လေသည်။

ဤကျူးလုံထင်သည်လည်း ကျူးမိသားစု၏ ပါရမီရှင်တစ်ဦး ဖြစ်ပုံရ၏။ အသက်သုံးထောင်ခန့်သာ ရှိသေးသော်လည်း ကျင့်ကြံမှုအဆင့်မှာ နတ်ဘုရားအသွင်ပြောင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အလမ်း အလွန်များပြားပေသည်။

တစ်ကြိမ်အောင်မြင်သွားသည်နှင့် ကျူးမိသားစုသည် ဒုတိယမြောက် လေဟာနယ်သန့်စင်ခြင်းအဆင့် ထိပ်သီးကျင့်ကြံသူကို ကြိုဆိုရတော့မည် ဖြစ်၏။

ဤသည်က ကျူးမိသားစု၏ အင်အားကို နောက်တစ်ဆင့်အထိ ကြီးထွားလာစေပေမည်။

ရိုးရိုးသားသားပြောရလျှင် ကျိုးစွေ့သည် ကျူးကျင်းဟိုင်တို့၏ မှတ်ဉာဏ်များကို ရရှိထားသော်လည်း ထိုလူများ၏ မှတ်ဉာဏ်များမှာ အလွန်အမင်း ကြီးမားများပြားလွန်းလှသည်။

ထို့ကြောင့် သူသည် မှတ်ဉာဏ်များ၏ အသေးစိတ်အချက်အလက်အားလုံးကို သိရှိနိုင်ရန် မဖြစ်နိုင်ပေ။

သက်ဆိုင်ရာကိစ္စရပ်များနှင့် တိုက်ဆိုင်စွာ ကြုံတွေ့ရချိန်မှသာ သက်ဆိုင်သော မှတ်ဉာဏ်များ ပွင့်လာမည် ဖြစ်သည်။

ထိုသို့မဟုတ်ပါက မှတ်ဉာဏ်အချက်အလက်များသည် ပေါ်ထွက်လာမည် မဟုတ်ပေ။

ဤသည်ကလည်း မိမိ၏ဝိညာဉ်ကို ကာကွယ်ရန် အရေးကြီးသော အစီအမံတစ်ခု ဖြစ်လေသည်။

"မဟုတ်တာ… မဟုတ်တာ၊ ဒါက မပြောပလောက်တဲ့ကိစ္စလို့ ဘယ်ဆိုလို့ဖြစ်ပါ့မလဲ...”

"တာအိုရောင်းရင်းကျိုးအတွက်တော့ ဒါက လက်တစ်ဖက်လှန်လိုက်သလို လွယ်ကူတဲ့ ကိစ္စလေးတစ်ခု ဖြစ်နိုင်ပေမယ့်...”

"ကျွန်မတို့အတွက်ကတော့ အသက်ကယ်ကျေးဇူးပါပဲရှင်...”

ပိုင်စုကျဲ့၏ လှပသော မျက်လုံးတစ်စုံက ကျိုးစွေ့ကို အလွန်တရာ အလေးအနက်ထားစွာဖြင့် ကြည့်လိုက်လေသည်။

“ဘာ...”

ထိုစကားကို ကြားသောအခါ ကျူးလုံထင်၏ နှလုံးသားမှာ ဓားဖြင့်မွှန်းခံရသကဲ့သို့ ဖြစ်သွားပြီး မျက်မှောက်ရှိ ဤမျက်နှာဖြူကောင်ကို အသားတစ်မြွှာချင်းစီ လှီးဖြတ်သတ်ပစ်ချင်စိတ်များ ပိုမို ပြင်းထန်လာတော့၏။

ဤအကောင်သာ ဝင်မပါခဲ့ပါက ပိုင်စုကျဲ့ ကျေးဇူးတင်ရမည့်သူမှာ သူသာဖြစ်ပေလိမ့်မည်။

သို့သော်ယခုမူ အရာအားလုံးကို ဤမျက်နှာဖြူကောင်က ဖျက်ဆီးပစ်လိုက်ချေပြီ။

မည်သို့ပင်ဖြစ်စေ ဤမျှလှပသော အမျိုးသမီးရှေ့တွင် သူ၏စိတ်တွင်းရှိ ဒေါသများကို ပြသရန် မသင့်လျော်သဖြင့် အထက်တန်းကျသော လူကြီးလူကောင်းတစ်ယောက်၏ အသွင်အပြင်ကို ဆက်လက်ထိန်းသိမ်းကာ သူ၏မွန်မြတ်မှုကို ပြသနေရ‌တော့သည်။

"ဒီလိုဆိုမှတော့ ကျွန်တော်လည်း ကျေးဇူးဆပ်ဖို့ တောင်းဆိုရတော့မှာပေါ့...”

"ခင်ဗျားလည်း သိတဲ့အတိုင်း… ကျွန်တော်က ဒီကို အခုမှရောက်လာတာဆိုတော့ အသိလည်းမရှိသလို နေရာဒေသကိုလည်း သိပ်မရင်းနှီးသေးဘူးလေ...”

"ဒါကြောင့် လမ်းပြပေးမယ့်သူ တစ်ယောက်လောက် လိုအပ်နေတယ်...”

ကျိုးစွေ့က ခပ်ဖွဖွ ပြုံးလိုက်၏။

"ခစ်ခစ်... တာအိုရောင်းရင်းကျိုး အားနာစရာ မလိုပါဘူး...”

"ဒီလိုကိစ္စမျိုးကို ကျွန်မဆီသာ လွှဲထားလိုက်ပါ...”

"အတော်ပဲ ကျွန်မတို့လည်း ဖုန်းရှီးမြို့ကို ပြန်ကြတော့မှာ...”

ပိုင်စုကျဲ့က မျက်လုံးလှလှလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ရာ မျက်ခုံးများကြားတွင် ညှို့ငင်နိုင်စွမ်းအနည်းငယ် ပါဝင်နေချေသည်။ သူမ၏ ကျောဘက်ရှိ အမွေးပွရွှေရောင်အမြီးလေးမှာလည်း ဖြည်းညင်းစွာ လှုပ်ရမ်းနေပြီး သူမ၏ စိတ်အခြေအနေမှာ အလွန်တရာ ရွှင်လန်းနေပုံရ၏။

'ဒီခွေးကောင်နဲ့ ခွေးမကတော့...’

ဤမြင်ကွင်းကိုကြည့်ရင်း ကျူးလုံထင်မှာမူ ဒေါသထွက်လွန်း၍ ပေါက်ကွဲထွက်မတတ် ဖြစ်နေချေပြီ။ သူတို့သိကျွမ်းခဲ့သည်မှာ အချိန်မည်မျှကြာသေး၍ ယခုကဲ့သို့ မျက်လုံးချင်း စကားပြောနေကြရသနည်း။

'ပိုင်စုကျဲ့ဆိုတာ အလွန်တရာ မောက်မာပြီး သူစိမ်းယောက်ျားတွေနဲ့ ဘယ်တော့မှ စကားအများကြီး မပြောတတ်ဘူးဆို...’

'ဒီကောင်နဲ့ကျမှ ဘယ်လိုဖြစ်နေတာလဲ...’

'ဘယ်လိုလုပ်ပြီး ရောက်ရောက်ချင်းမှာတင် ပိုင်စုကျဲ့နဲ့ နှစ်ပေါင်းများစွာ သိခဲ့တဲ့အတိုင်း ရယ်ရယ်မောမော စကားပြောနေနိုင်ရတာလဲ...’

သူသည် ပိုင်စုကျဲ့ကို အချိန်အတော်ကြာသည်အထိ ဂရုတစိုက်ဆက်ဆံခဲ့ရသည် မဟုတ်ပါလော။

သို့တိုင် ပိုင်စုကျဲ့သည် သူ့အပေါ် အလေးမထားဘဲ ခပ်ကင်းကင်းသာ နေခဲ့လေသည်။

'ဒီကောင်လေးကျတော့ အခုမှ သိတာလေးကို စကားတောင် သေချာမပြောရသေးဘဲ ဒီလိုဆက်ဆံရေးမျိုး ဖြစ်သွားတယ်ဆိုတော့ လောကကြီးမှာ တရားမျှတမှု ရှိသေးရဲ့လားကွာ...’

သူသည် ဤမြင်ကွင်းကို နောက်တစ်ချက် ထပ်ကြည့်လိုက်လျှင် သူ၏စိတ်နှလုံး ပေါက်ကွဲထွက်သွားတော့မည်ဟု ခံစားနေရလေသည်။

"တာအိုရောင်းရင်းကျူး ခင်ဗျားရော ဖုန်းရှီးမြို့ကို ပြန်မှာလား...”

ကျိုးစွေ့က လှည့်ကာ ကျူးလုံထင်ကို ကြည့်လိုက်၏။

"မပြန်သေးဘူးဗျ… ကျွန်တော့်မှာ မိုးကြိုးတောင်တန်းမှာ အချိန်အတိုင်းအတာတစ်ခုအထိ နေရမယ့်ကိစ္စလေးတွေ ရှိနေသေးလို့...”

"ဒါကြောင့် ခင်ဗျားတို့နဲ့အတူ မပြန်တော့ပါဘူး...”

ကျူးလုံထင်က အတင်းအကျပ်လုပ်ယူထားရသော အပြုံးတစ်ခုကို ပြသလိုက်ရသည်။

မူလက သူသည်လည်း ပြန်ချင်ခဲ့‌သည်။ သို့သော် အစောကပင် မိသားစုထံမှ သတင်းတစ်ခုရရှိခဲ့၏။ မိသားစုတွင်းရှိ နတ်ဘုရားအသွင်ပြောင်းအဆင့်အကြီးအကဲ ကျူးကျင်းဟိုင်နှင့် ကျူးမိသားစုဝင် အများအပြားမှာ မိုးကြိုးတောင်တန်း၌ သေဆုံးသွားကာ ဝိညာဉ်မီးအိမ်များ ငြိမ်းသွားပြီဟူ၍ ဖြစ်‌သည်။

ထို့ကြောင့် သူသည် မိုးကြိုးတောင်တန်းသို့ သွားရောက်ကာ မိသားစုဝင်များ၏ သေဆုံးရသည့် အကြောင်းရင်းကို စုံစမ်းရန် လိုအပ်နေသည်။

သို့ဖြစ်၍ သူ ဖုန်းရှီးမြို့သို့ ပြန်ချင်လျှင်ပင် မဖြစ်နိုင်တော့ပေ။

"ဪ ဒီလိုကိုး...”

"တာအိုရောင်းရင်းကျူးမှာ ကိစ္စရှိနေမှတော့ ကျွန်တော်လည်း မနှောင့်ယှက်တော့ပါဘူး...”

ကျိုးစွေ့က ခေါင်းညိတ်ပြလိုက်၏။

ရွှစ်…။

စကားဆုံးသည်နှင့် သူသည် လက်ကိုဝှေ့ယမ်းကာ ထိုသားရဲရိုင်း၏ အလောင်းကောင်တစ်ခုလုံးကို ချက်ချင်း သိမ်းဆည်းလိုက်သည်။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲ ဖြစ်သည်။ တန်ဖိုးမဖြတ်နိုင်အောင်ဖြစ်ပြီး တစ်ကိုယ်လုံးသည်လည်း အဖိုးတန်ပစ္စည်းများချည်းသာ ဖြစ်၏။

အကယ်၍ ရောင်းချလိုက်မည်ဆိုပါက အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများစွာ ရရှိမည်မှာ သေချာလှသည်။

ထို့ကြောင့် သူသည် ဤသားရဲရိုင်း၏ အလောင်းကောင်ကို စွန့်ပစ်လိုက်မည် မဟုတ်သည်မှာ သဘာဝပင်။

အကယ်၍ စွန့်ပစ်လိုက်ပါက ကောင်းကင်ဘုံက ပေးအပ်ထားသည့် ရတနာများကို ဖြုန်းတီးပစ်ရာ ကျပေလိမ့်မည်။ မည်သူက ထိုမျှ မိုက်မဲပါမည်နည်း။

All Chapters