အခန်း (၆၉၉-၇၀၀)
Vol. 65 Ch. 699-700
အခန်း (၆၉၉) - ဆက်တိုက်ပွင့်လန်းလာသော မက်မွန်ပွင့်များ၊ ‘ချစ်ခြင်းမေတ္တာကူ’၏ စွမ်းအား၊ ပထမဆုံးအကြိမ်အတွက် လက်တွဲဖော်အဖြစ် အရည်အချင်းပြည့်မီခြင်း(၁)။
အချိန်သိပ်မကြာလိုက် ကျိုးစွေ့၊ ပိုင်စုကျဲ့နှင့် အခြားသူများ၏ ပုံရိပ်များမှာ လက်ခနဲဖြစ်သွားပြီး လွတ်မြောက်ခြင်းအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဖုန်းရှီးမြို့တော်ဆီသို့ ပျံသန်းသွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျူးလုံထင်တို့အဖွဲ့ရှေ့မှ ပျောက်ကွယ်သွားတော့၏။
ကျိုးစွေ့တို့အဖွဲ့ လုံးဝပျောက်ကွယ်သွားချိန်တွင် ကျူးလုံထင်၏မျက်နှာမှာ အလွန်တရာ မည်းမှောင်နေတော့သည်။
"ခွေးကောင်တွေ…"
"မင်းတို့က ဘယ်လိုတွေ အလုပ်လုပ်နေကြတာလဲ…"
"ဒီလိုလူမျိုး ရုတ်တရက် ထွက်လာအောင် ဘယ်လိုလုပ်လိုက်ကြတာလဲ...”
ကျူးလုံထင်က အံကိုကြိတ်လျက် ဒေါသတကြီး ပြောလိုက်၏။
"တောင်းပန်ပါတယ် အစ်ကိုကြီးလုံထင်… ဒါက ကျွန်တော်တို့အမှား မဟုတ်လောက်ဘူး...”
"ကျွန်တော် ခန့်မှန်းတာ မမှားဘူးဆိုရင် အဲဒီကောင်က အထက်ဘုံတက်လှမ်းသူ ဖြစ်ရမယ်...”
"အောက်ဘုံကနေ ကောင်းကင်တက်လှမ်းလာလို့ ဒီနေရာမှာ ပေါ်လာတာဖြစ်မယ်...”
ကျူးမိသားစုဝင် လူငယ်တစ်ဦးက လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။
ပထမဆုံးအကြိမ်မြင်ကတည်းက ကျိုးစွေ့ထံမှ ထွက်ပေါ်နေသော အငွေ့အသက်မှာ ဒေသခံများနှင့် လုံးဝမတူညီဘဲ ထူးခြားနေကြောင်း သူ သတိပြုမိခဲ့သည်။
ထို့အပြင် လူသားမျိုးနွယ်များအတွက် အထက်ဘုံတက်လှမ်းသူများဆိုသည်မှာ ရှားပါးလှသောကိစ္စမဟုတ်ဘဲ ရံဖန်ရံခါဆိုသလို ပေါ်လာတတ်၏။
အဘယ်ကြောင့်ဆိုသော် စိတ်ဝိညာဉ်ဘုံသို့ ကောင်းကင်တက်လှမ်းနိုင်သည့် ကမ္ဘာလောကများမှာ အလွန်တရာ များပြားလှသောကြောင့်ပင်။
"အထက်ဘုံတက်လှမ်းသူဟုတ်လား၊ သူတို့က ကောင်းကင်တက်လှမ်းစင်မြင့်ကနေပဲ ထွက်ပေါ်လာရမှာ မဟုတ်ဘူးလား"
ကျူးလုံထင်က မျက်မှောင်ကြုတ်လိုက်၏။
"ပုံမှန်အားဖြင့်တော့ ဟုတ်ပါတယ်"
"ဒါပေမဲ့ တချို့ကမ္ဘာတွေမှာ ကောင်းကင်တက်လှမ်းစင်မြင့် မရှိကြဘူးလေ"
"ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တက်လှမ်းစင်မြင့်ကို တည်ဆောက်ဖို့ဆိုတာ သိပ်မလွယ်ကူသလို ကုန်ကျစရိတ်ကလည်း တော်တော်ကြီးမားတယ်"
"ဒါကြောင့် တချို့ကမ္ဘာတွေက နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေအနေနဲ့ ကောင်းကင်တက်လှမ်းချင်ရင် လေဟာနယ်ဆုံမှတ်တွေကို ကိုယ်တိုင် ဖောက်ထွင်းရုံပဲရှိတာပေါ့"
"ဒါပေမဲ့ ဒီလိုလုပ်မယ်ဆိုရင် ကောင်းကင်တက်လှမ်းမယ့်နေရာကို ပုံသေမသတ်မှတ်နိုင်တော့ဘဲ လမ်းခရီးမှာ လေဟာနယ်မုန်တိုင်းတွေနဲ့လည်း ကြုံရနိုင်တယ်"
"အနည်းဆုံး ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ကောင်းကင်တက်လှမ်းတဲ့ အတောအတွင်းမှာတင် သေဆုံးသွားတတ်ကြတယ်"
"ဒီကောင်ကတော့ အောင်အောင်မြင်မြင် ကောင်းကင်တက်လှမ်းနိုင်ခဲ့တယ်ဆိုတော့ ကံကောင်းလွန်းလှတယ်လို့ ဆိုရမယ်"
ကျူးမိသားစုဝင် လူငယ်က သက်ပြင်းချလျက် ပြောလိုက်လေသည်။
သူသည် အထက်ဘုံတက်လှမ်းသူများနှင့်ပတ်သက်၍ အထူးလေ့လာထားသူဖြစ်ရာ ၎င်းတို့အကြောင်းကို အတော်လေး သိရှိထားပေသည်။ ထို့ကြောင့်ပင် အထက်ဘုံတက်လှမ်းသူများ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များကို သူ သိရှိနေခြင်းဖြစ်၏။
မရေမတွက်နိုင်သော လူသားကျင့်ကြံသူများကြားမှ ထူးချွန်စွာ ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်ဘုံသို့ အောင်မြင်စွာ ကောင်းကင်တက်လှမ်းနိုင်သူတိုင်းသည် သန်းပေါင်းများစွာထဲမှ တစ်ယောက်ထွက်ပေါ်လာနိုင်သော ပါရမီရှင်များသာ ဖြစ်ကြလေသည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်များသည် စိတ်ဝိညာဉ်ဘုံသို့ ရောက်လာသည်နှင့် တစ်ကမ္ဘာလုံး တုန်လှုပ်သွားမည့် အလုပ်မျိုးကို သဘာဝကျစွာ လုပ်ဆောင်နိုင်ကြသည်။ အမှန်တကယ်တွင်လည်း စိတ်ဝိညာဉ်ဘုံရှိ လူသားမျိုးနွယ်များကြား၌ အထက်ဘုံတက်လှမ်းသူများ၏ မိသားစုများစွာ ပေါ်ပေါက်လာခဲ့ပြီး စိတ်ဝိညာဉ်ဘုံလူသားမျိုးနွယ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်နေချေပြီ။
"မဖြစ်နိုင်တာ၊ ဒီလိုပြောရမယ်ဆိုရင် ငါကိုက သက်သက်ကံဆိုးနေတာပေါ့"
"အထက်ဘုံတက်လှမ်းသူတစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့ပြီး ငါ့အစီအစဉ်တွေ အဖျက်ခံလိုက်ရတာပဲ"
ဤစကားကို ကြားသောအခါ ကျူးလုံထင်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားရတော့၏။ ကောင်းကင်ဘုံကပင် သူ့ကို ဟန့်တားနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
တကယ်ပင် သူနှင့် ပိုင်စုကျဲ့တို့ကြားတွင် ရေစက်မပါခဲ့သည်လော။
"လက်ရှိအခြေအနေအရဆိုရင်တော့ ဒီအတိုင်းဖြစ်ဖို့များတယ်...”
ကျူးမိသားစုဝင် အများအပြားမှာလည်း အလွန်တရာ ကူကယ်ရာမဲ့ဖြစ်နေကြလေသည်။ သူတို့သည် ဤကိစ္စအတွက် အချိန်အတော်ကြာအောင် ကြံစည်ထားခဲ့ကြခြင်း ဖြစ်၏။
သို့သော် မည်သူက ထင်မှတ်ထားမည်နည်း။ အဆုံးသတ်တွင် ရုတ်တရက် ပေါ်လာသော အထက်ဘုံတက်လှမ်းသူတစ်ဦး၏ ဖျက်ဆီးခြင်းကို ခံလိုက်ရချေပြီ။
ကံကြမ္မာက ဤသို့ ဖန်တီးထားသည်ဟုသာ ဆိုရမည်ဖြစ်ပြီး သူတို့တွင်လည်း မည်သည့် နည်းလမ်းမှ မရှိပေ။
"ချီးပဲ၊ ငါက ကံကြမ္မာဆိုတာကို လုံးဝ မယုံဘူး...”
"ဒါက ကံကြမ္မာဆိုရင်တောင် ငါက ကောင်းကင်ကို ဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းလဲပစ်မယ်...”
"ဒီတစ်ကြိမ် ကျရှုံးတာပဲရှိသေးတာ၊ နောက်တစ်ကြိမ် ထပ်ရှုံးမယ်လို့ ငါ မယုံဘူး...”
"စောင့်နေလိုက်ပါ၊ အနှေးနဲ့အမြန် ဒီမိန်းမကို ငါ ရအောင်ယူပြမယ်...”
ကျူးလုံထင်က အံကြိတ်လျက် မပြောပြတတ်လောက်အောင် ဒေါသထွက်နေတော့၏။ မရလေလေ သူ့အတွက် ပို၍ မကျေမနပ် ဖြစ်လေလေပင်။
"အစ်ကိုကြီးလုံထင်၊ ကျွန်တော်တို့ မြန်မြန် ကျင်းဟိုင်အကြီးအကဲတို့ကို သွားရှာကြရအောင်...”
"မိသားစုခေါင်းဆောင်က သတင်းပို့ပြီး တိုက်တွန်းနေပြီ...”
"ကြားရသလောက်တော့ ကျင်းဟိုင်အကြီးအကဲတို့ရဲ့ ဝိညာဉ်မီးအိမ်တွေ ငြိမ်းသွားပြီတဲ့၊ သူတို့ အသတ်ခံလိုက်ရပြီ ထင်တယ်...”
"သူတို့ရဲ့ သေဆုံးရတဲ့အကြောင်းရင်းကို ရှာဖွေပေးဖို့ မိသားစုခေါင်းဆောင်က တောင်းဆိုထားတယ်...”
ကျူးမိသားစုဝင်တစ်ဦးက အလျင်စလို ပြောလိုက်၏။
"ထပ်ရှာစရာ ဘာရှိသေးလို့လဲ၊ ဒီနေရာက မိုးကြိုးတောင်တန်းလေ… သားရဲရိုင်းတွေရဲ့ သုခဘုံပဲ...”
"ဘယ်လို မတော်တဆမှုမျိုးပဲဖြစ်ဖြစ် ပုံမှန်ကိစ္စတွေချည်းပဲ...”
"ဒါပေမဲ့ ကျင်းဟိုင်အကြီးအကဲတို့ကို အလကား သေခိုင်းလိုက်လို့တော့ မရဘူး၊ သူတို့က ငါတို့ ကျူးမိသားစုဝင်တွေပဲ...”
"လူသတ်သမား ဝေးဝေးမရောက်သေးဖို့ပဲ မျှော်လင့်ရမယ်...”
ကျူးလုံထင်က ခေါင်းညိတ်လိုက်လေသည်။
ဝှစ်ခနဲအသံနှင့်အတူ လူတစ်စုသည် ကျူးကျင်းဟိုင်တို့ သေဆုံးသွားသော နေရာဆီသို့ ချက်ချင်း ခြေရာခံ လိုက်သွားကြတော့၏။ ဝမ်းနည်းစရာကောင်းသည်မှာ သူတို့အနေဖြင့် မည်သည့်သဲလွန်စကိုမှ ရှာတွေ့နိုင်မည်မဟုတ်ကြောင်း ကံကြမ္မာက သတ်မှတ်ထားပြီး ဖြစ်ပေသည်။
…………
နာရီအနည်းငယ် ကြာပြီးနောက်…။
ပိုင်စုကျဲ့တို့၏ ဦးဆောင်မှုအောက်တွင် ကျိုးစွေ့သည်လည်း နောက်ဆုံး၌ ဖုန်းရှီးမြို့တော်သို့ ရောက်ရှိသွားလေသည်။
ဧရာမ မြို့တော်ကြီးတစ်ခုက မျက်စိရှေ့မှောက်တွင် ချက်ချင်းပေါ်လာပြီး မြို့ရိုးမှာ အနည်းဆုံး ပေထောင်ချီမြင့်မားကာ ကြီးမားခမ်းနားသော တောင်ကြီးတစ်တောင်ပမာ မြေကြီးနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ ထင်မှတ်ရပေသည်။
တစ်ချိန်တည်းမှာပင် မြို့ရိုး၏ အရှည်မှာလည်း စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေပြီး မိုင်ပေါင်းတစ်သိန်းကျော်အထိ သွယ်တန်းနေလေသည်။ ဤကဲ့သို့သော မြို့ရိုးကြီးရှေ့တွင် လူသားတို့မှာ အလွန်တရာ သေးငယ်လွန်းလှသည်ဟု ခံစားရသည်။
မြို့ရိုးပေါ်တွင် အလွန်သိပ်သည်းလှသော ကန့်သတ်အစီအရင်များကို တစ်ထပ်ပြီးတစ်ထပ် ရေးထွင်းထားရာ မြို့ရိုးကို အဆုံးစွန်သော လက်နက်များတပ်ဆင်ထားသကဲ့သို့ ဖြစ်နေပြီး ထူထဲသော အကာအကွယ်နယ်ပယ်တစ်ခု ဖြစ်ပေါ်နေကာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ပျံ့နှံ့နေတော့၏။
မည်သို့ပင်ဖြစ်စေ မြို့ရိုးပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အက်ကွဲကြောင်းများ ကျန်ရစ်နေဆဲဖြစ်ပြီး လက်သည်းရာများ၊ ဓားချက်များနှင့် ချိုင့်ခွက်များကဲ့သို့ ဖြစ်နေရာ မြို့ရိုးကြီးသည် အတိတ်က မရေမတွက်နိုင်သော တိုက်ခိုက်မှုများကို ခံခဲ့ရကြောင်း သိသာထင်ရှားလှပေသည်။
သို့သော်ငြား ယနေ့တိုင်အောင် ယိမ်းယိုင်မသွားဘဲ မားမားမတ်မတ် ရပ်တည်နေဆဲ ဖြစ်၏။ ထို့အပြင် ဤမြို့တော်ကြီးမှာ တည်ထောင်ခဲ့သည်မှာ နှစ်တစ်ထောင်ခန့်သာ ရှိသေးသော်လည်း မည်မျှများပြားသော သားရဲရိုင်းများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်ကိုမူ မသိနိုင်ချေ။
ထို့ကြောင့် လူသားမျိုးနွယ်များ မြို့ပြတည်ထောင်ရာတွင် မည်မျှခက်ခဲကြမ်းတမ်းပြီး စိတ်ဝိညာဉ်ဘုံ၌ ရှင်သန်ရပ်တည်ရန် မည်မျှခက်ခဲကြောင်း မှန်းဆကြည့်နိုင်ပေသည်။
မြို့တော်တစ်ခုကို တည်ထောင်တိုင်း အရင်းအမြစ်မြောက်မြားစွာ၊ အချိန်များစွာနှင့် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ သွေးများကို စတေးခဲ့ရလေသည်။ သို့သော် ဤသည်မှာလည်း မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စရပ်ပင် ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်များ၏ လူဦးရေမှာ အဆက်မပြတ် တိုးပွားနေသောကြောင့်ပင်။
မူလမြို့ဟောင်းများသည် အလွန်တရာ ပြည့်ကျပ်နေသဖြင့် ဤမျှများပြားသော လူဦးရေကို လက်မခံနိုင်တော့ပေ။ ထို့ကြောင့် သဘာဝကျစွာပင် တိုးပွားလာသော လူဦးရေကို လက်ခံနိုင်ရန် မြို့သစ်များ လိုအပ်လာခြင်း ဖြစ်၏။
ဤသည်မှာ လူသားမျိုးနွယ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မဖြစ်မနေ ဖြတ်သန်းရမည့်လမ်းကြောင်းဟု ဆိုနိုင်ပေသည်။
"အံ့ချီးဖွယ်ကောင်းတယ်မလား...”
"ဒါက ကျွန်မတို့ လူသားမျိုးနွယ်တွေရဲ့ ဖုန်းရှီးမြို့တော်ပဲ...”
"တည်ထောင်ထားတာ နှစ်တစ်ထောင်ပဲ ရှိသေးပေမဲ့ လူဦးရေက သန်းငါးထောင်ကျော်နေပြီ...”
"လူဦးရေက အဆက်မပြတ် တိုးလာနေတာဆိုတော့လေ...”
"နောင်တစ်ချိန်ကျရင် ဒီမြို့တော်ရဲ့ လူဦးရေက သန်းတစ်သောင်းကျော်သွားလောက်တယ်...”
ပိုင်စုကျဲ့က သက်ပြင်းချလျက် ပြောလိုက်လေသည်။
"ဒီလောက် ကြီးမားတဲ့ မြို့တော်ကြီးကို ဘယ်လိုများ တည်ဆောက်ထားတာလဲ...”
ကျိုးစွေ့မှာ အလွန်တရာ အံ့အားသင့်သွားတော့၏။
ဤကဲ့သို့သော ဧရာမစီမံကိန်းကြီးသည် တစ်ညတည်းဖြင့် လုပ်ဆောင်နိုင်သော ကိစ္စမဟုတ်ကြောင်း သူ ခံစားလိုက်ရသည်။ အကယ်၍ လူသားမျိုးနွယ်များ၏ မြို့တော်တိုင်းသည် ဤကဲ့သို့ဖြစ်နေပါက စိတ်ဝိညာဉ်ဘုံရှိ လူသားမျိုးနွယ်များ၏ အခြေခံအုတ်မြစ်သည် အမှန်တကယ်ပင် အတိမ်အနက်ကို ခန့်မှန်း၍မရနိုင်လောက်အောင် နက်ရှိုင်းနေပေလိမ့်မည်။
အခန်း (၇၀၀) - ဆက်တိုက်ပွင့်လန်းလာသော မက်မွန်ပွင့်များ၊ ‘ချစ်ခြင်းမေတ္တာကူ’၏ စွမ်းအား၊ ပထမဆုံးအကြိမ်အတွက် လက်တွဲဖော်အဖြစ် အရည်အချင်းပြည့်မီခြင်း(၂)။
"ဒါကတော့ ထုံးစံအတိုင်း ကျွန်မတို့ လူသားမျိုးနွယ်မင်းဆက် စက်မှုယန္တရားဌာနရဲ့ အကောင်းဆုံး လက်ရာပေါ့...”
"စက်မှုယန္တရားမြို့တော်လို့ ခေါ်တယ်...”
“အရင်တုန်းက လူသားမျိုးနွယ်ရဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေဟာ မြို့တော်ကို မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်ဖို့အတွက် လက်နက်ဖန်တီးခြင်း သခင်ကြီးတွေ အများကြီးနဲ့ ပူးပေါင်းခဲ့ကြတယ်...”
“အဲဒီကနေတစ်ဆင့် ဒီလို စက်မှုယန္တရားမြို့တော်မျိုးကို ဖန်တီးနိုင်ခဲ့တာပဲ...”
“ဒီလိုမြို့တော်ရဲ့ အကြီးမားဆုံး ထူးခြားချက်ကတော့ အစိတ်အပိုင်းတွေ ခွဲထုတ်လို့ရတာပဲ၊ မှော်ရတနာတစ်ခုလို အဆက်မပြတ် တပ်ဆင်နိုင်ပြီး ချဲ့ထွင်နိုင်တယ်...”
“အစတုန်းကဆိုရင် ဖုန်းရှီးမြို့တော်က မိုင်တစ်ရာလောက်ပဲ ကျယ်တာ...”
“လူဦးရေ အဆက်မပြတ် တိုးလာတာနဲ့အမျှ ဖုန်းရှီးမြို့တော်က မိုင်တစ်သောင်း၊ မိုင်တစ်သိန်းအထိ ကျယ်ပြန့်လာခဲ့တယ်...”
“နောက်ပိုင်း လက်နက်ဖန်တီးသူတွေက ဝင်ရောက်လုပ်ကိုင်ရုံနဲ့ မြို့တော်အစိတ်အပိုင်းတွေကို တစ်ခုပြီးတစ်ခု ဖန်တီးနိုင်ပြီး အဆက်မပြတ်တပ်ဆင်လို့ မြို့တော်ကို ချဲ့ထွင်နိုင်တာပေါ့...”
ပိုင်စုကျဲ့က ရှင်းပြလိုက်၏။
ယေဘုယျအားဖြင့် ဆိုရလျှင် ဖုန်းရှီးမြို့တော်သည် ကြီးမားလှသော မြို့တော်မှော်ရတနာကြီး တစ်ခုဖြစ်ပြီး တစ်သားတည်းပေါင်းစပ်နေခြင်း ဖြစ်ပေသည်။
အမှန်တကယ်တွင် လူသားမျိုးနွယ်တို့၏ မြို့တော်တိုင်းသည် ဤအတိုင်းပင် ဖြစ်၏။
အန္တရာယ်များ ပြည့်နှက်နေသော စိတ်ဝိညာဉ်ဘုံ၌ ဤသို့ မြို့တော်တည်ဆောက်ခြင်းဖြင့်သာ လူသားမျိုးနွယ်များအနေဖြင့် နေရာတစ်ခုတွင် လျင်မြန်စွာ အခြေချနိုင်မည် ဖြစ်ပေသည်။
ထို့သို့မဟုတ်ပါက မြို့တော်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
“အထင်ကြီးစရာပဲ...”
ဤစကားကို ကြားသောအခါ ကျိုးစွေ့မှာလည်း အလွန်တရာ အံ့ဩချီးကျူးသွားတော့၏။
သိသာထင်ရှားစွာပင် စိတ်ဝိညာဉ်ဘုံ၏ မှော်ရတနာနည်းပညာနှင့် ရုပ်သေးနည်းပညာများသည် ကျင့်ကြံခြင်းလောကထက် အဆပေါင်းမည်မျှ ပိုမိုအားကောင်းနေသည်ကို မသိနိုင်ချေ။
နှစ်ခုမှာ လုံးဝအဆင့်မတူဘဲ ကွာဟချက်မှာ အလွန်တရာ ကြီးမားလှသည်။
“ဒါပေမဲ့ ဖုန်းရှီးမြို့တော် တစ်ခုလုံးကို အကာအကွယ်ပေးထားတာက သတ္တမအဆင့်အထွတ်အထိပ် အစီအရင်တစ်ခုပဲ…”
“သူ့နာမည်က ကိုးရောင်ခြည်နေမင်း အစီအရင်ကြီးလို့ ခေါ်တယ်…”
“ဒီသတ္တမအဆင့် အစီအရင်ကြီးက နေမင်းရဲ့စွမ်းအားကို ထိန်းချုပ်နိုင်ပြီး နေကိုးစင်းရဲ့ စွမ်းအားတွေကို စုစည်းပေးနိုင်တယ်…”
“တစ်ကြိမ် ပေါက်ကွဲထွက်လာပြီဆိုရင်တော့ ကောင်းကင်နဲ့မြေကြီးကိုတောင် ဖျက်ဆီးပစ်နိုင်ပြီး အရပ်ရှစ်မျက်နှာကို လောင်ကျွမ်းပစ်နိုင်တယ်…”
“ဒီသတ္တမအဆင့် အစီအရင်ကို အားကိုးပြီးမှပဲ ကျွန်မတို့က မိုးကြိုးတောင်တန်းအနီးမှာ အခြေချနိုင်တာပေါ့…”
“ဒီလိုမှမဟုတ်ရင် ကျွန်မတို့ရဲ့ မြို့တော်က မရေမတွက်နိုင်တဲ့ သားရဲရိုင်းတွေရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရတာ ကြာလောက်ပြီ…”
ပိုင်စုကျဲ့က သက်ပြင်းချလျက် ပြောလိုက်လေသည်။
သတ္တမအဆင့်အထွတ်အထိပ် အစီအရင်ကြီးတဲ့လော…။
ဤစကားကို ကြားသောအခါ ကျိုးစွေ့၏ မျက်လုံးများ လင်းလက်သွားပြီး အလွန်တရာ စိတ်လှုပ်ရှားသွားတော့၏။
အမှန်အတိုင်းဆိုရလျှင် သူ၏ခန္ဓာကိုယ်တွင်းရှိ ‘အစီအရင်နှလုံးသားကူ’ သည် ပဉ္စမအဆင့်အထွတ်အထိပ်တွင် ရပ်တန့်နေခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး အဆင့်တက်ရန် မည်သည့်နည်းလမ်းမှ မရှိခဲ့ပေ။
အကြောင်းရင်းမှာ အလွန်ရိုးရှင်းလှသည်၊ ကျင့်ကြံခြင်းလောကတွင် အမြင့်ဆုံးအဆင့်မှာ ပဉ္စမအဆင့်အထွတ်အထိပ် အစီအရင်သာ ရှိသောကြောင့်ပင် ဖြစ်၏။
‘အစီအရင်နှလုံးသားကူ’ ကို ဆဋ္ဌမအဆင့်သို့ အဆင့်တက်စေချင်ပါက ဆဋ္ဌမအဆင့် အစီအရင်ကို အရင်ရှာတွေ့မှသာ ဖြစ်နိုင်ပေမည်။
ပြဿနာမှာ ကျင့်ကြံခြင်းလောကတွင် ဆဋ္ဌမအဆင့် အစီအရင်ဆိုသည်မှာ အဘယ်မှာ ရှိပါမည်နည်း။
ယခုမူ မတူညီတော့ပေ။
စိတ်ဝိညာဉ်ဘုံသို့ ယခုလေးတင်မှ ကောင်းကင်တက်လှမ်းနိုင်ခဲ့သည်ဆိုသော်လည်း သတ္တမအဆင့် အစီအရင်တစ်ခုကို သူ ရှာတွေ့သွားခဲ့ချေပြီ။
ဤသည်မှာ အမှန်တကယ်ပင် ‘အစီအရင်နှလုံးသားကူ’ ၏ အစာအာဟာရပင် ဖြစ်တော့သည်။
မှန်ပေသည်၊ ‘အစီအရင်နှလုံးသားကူ’ ၏ စွမ်းအားဖြင့် သတ္တမအဆင့် အစီအရင်ကြီးတစ်ခုကို ထိန်းချုပ်ရန်မှာ အတန်ငယ် ခက်ခဲသောအရာပင် ဖြစ်၏။
သို့သော် သူ၌ အလျှံပယ်ရှိနေသည်မှာ အချိန်ပင် မဟုတ်ပါလော။ ထို့ကြောင့် ‘အစီအရင်နှလုံးသားကူ’ ဖြည်းဖြည်းချင်း ကြီးထွားလာသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနိုင်သည်။ အနှေးနှင့်အမြန် သူသည် သတ္တမအဆင့် အစီအရင်ဆရာတစ်ဦး ဖြစ်လာလိမ့်မည်သာ။
ရွှစ်…။
ထိုအချိန်တွင် ပိုင်စုကျဲ့၏ ဦးဆောင်မှုအောက်၌ နောက်ဆုံးတွင် ဖုန်းရှီးမြို့၏ မြို့တံခါးသို့ ရောက်ရှိလာလေတော့သည်။ မြို့တံခါးတွင် စောင့်ကြပ်နေသော စစ်သည်များစွာရှိနေပြီး အနည်းဆုံး အခြေတည်အဆင့်ကျင့်ကြံသူများ ဖြစ်ကြကာ အဖွဲ့ငယ်ခေါင်းဆောင်မှာ ရွှေအမြုတေအဆင့် ဖြစ်ပေသည်။
ခေါင်းဆောင်မှာ ဝိညာဉ်သန္ဓေသားအဆင့် ဖြစ်၏။ မြို့ရိုးစောင့်တပ်မှူးမှာမူ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်လေသည်။
၎င်းတို့သည် ဖုန်းရှီးမြို့၏ မြို့တံခါးကို စောင့်ကြပ်ရန်နှင့် ရန်သူများ ကျူးကျော်လာမှုကို ကာကွယ်ရန် တာဝန်ယူထားရခြင်းပင် ဖြစ်၏။ တစ်ဦးချင်းစီမှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး ကိုယ်ပေါ်မှ သတ်ဖြတ်လိုသော အရှိန်အဝါများမှာလည်း လွှမ်းခြုံနေချေသည်။
“သခင်မပိုင်… မမျှော်လင့်ဘဲ မိုးကြိုးတောင်တန်းကနေ ဒီလောက်အမြန် ပြန်ရောက်လာတာပဲ… ဒီတစ်ခေါက်တော့ အကျိုးအမြတ်တွေ အများကြီး ရခဲ့ပုံပဲ…”
ပိုင်စုကျဲ့တို့ ပြန်ရောက်လာသည်ကို မြင်သောအခါ နတ်ဘုရားအသွင်ပြောင်းအဆင့် တပ်မှူးက နှုတ်ဆက်လိုက်လေသည်။ မှန်ပေသည်၊ နှစ်ဖက်လုံးမှာ အလွန်ရင်းနှီးနေကြခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ပိုင်စုကျဲ့မှာ ဖုန်းရှီးမြို့တွင် အလွန်နာမည်ကြီးသော အလှပဂေးတစ်ဦးဖြစ်ပြီး ဤမြို့တော်တစ်ခုလုံးတွင် သူမကို မသိသူမရှိသလောက် ဖြစ်သောကြောင့်ပင် ဖြစ်၏။
“အဲဒါကို ပြောကိုမနေပါနဲ့တော့၊ တကယ့်ကို ကံဆိုးလွန်းလို့… မမျှော်လင့်ဘဲ မီးလျှံနီရွှေခြင်္သေ့သားရဲနဲ့ တိုးပြီး မိုးကြိုးတောင်တန်းမှာ သေလုနီးပါး ဖြစ်ခဲ့ရတယ်… ကံကောင်းလို့ ကျိုးတာအိုရောင်းရင်း ကူညီပေးလို့သာပေါ့… မဟုတ်ရင် ကျွန်မတို့တွေအားလုံး သွားပြီ… အဲဒါကြောင့်ပဲ ဒီတစ်ခေါက်တော့ စောစောပြန်လာခဲ့တာ…”
ပိုင်စုကျဲ့က သက်ပြင်းချရင်း ပြောလိုက်သည်။ သူမသည် ရှေ့တွင် မြို့တံခါးစောင့်ကြပ်နေသော နတ်ဘုရားအသွင်ပြောင်းအဆင့် တပ်မှူးကို သိလေသည်။ သူ၏အမည်မှာ ထောင်ရှောင်မင် ဖြစ်ပေသည်။
“ကျိုးတာအိုရောင်းရင်းလား… ဒါပေမဲ့ ဒီရောင်းရင်းရဲ့ပုံစံက တော်တော်လေး စိမ်းနေသလိုပဲ… အရင်က တစ်ခါမှ မတွေ့ဖူးဘူး… ဒီရောင်းရင်းက တခြားမြို့ကနေလာတဲ့ လူသားမျိုးနွယ် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူလား…”
တပ်မှူးထောင်ရှောင်မင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။ စိတ်ဝိညာဉ်လောကတွင်ပင် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများသည် အလယ်အလတ်နှင့် အဆင့်မြင့်အင်အားစုများအဖြစ် သတ်မှတ်ခြင်း ခံရသည်။
၎င်းတို့မှာ စိတ်ဝိညာဉ်လောက လူသားမျိုးနွယ်၏ အမာခံအင်အားစုများ ဖြစ်ကြပြီး အရေအတွက်မှာလည်း များလွန်းခြင်းမရှိသလို နည်းလွန်းခြင်းလည်း မရှိပေ။
အခြေခံအားဖြင့် ဖုန်းရှီးမြို့တစ်မြို့လုံးရှိ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများမှာ လက်တစ်ဆုပ်စာမျှသာ ရှိပေသည်။ ထို့အပြင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ၏ မှတ်ဉာဏ်စွမ်းအားအရ တစ်ဦးနှင့်တစ်ဦးမှာ အလွန်ရင်းနှီးနေကြပြီ ဖြစ်သည်။
ထို့ကြောင့် သူသည် ကျိုးစွေ့ကို မြင်သည်နှင့် ကျိုးစွေ့မှာ ဖုန်းရှီးမြို့၏ ဒေသခံနေထိုင်သူ မဟုတ်ကြောင်း ချက်ချင်း သိလိုက်ခြင်းပင် ဖြစ်ပေသည်။
“အဲလို မဟုတ်ပါဘူး… ကျိုးတာအိုရောင်းရင်းက အောက်ဘုံကနေ အခုလေးတင် တက်လှမ်းလာတဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူပါ… ဖုန်းရှီးမြို့အနီးအနားကို ရောက်လာတာနဲ့ အမှတ်တမဲ့ ဆုံခဲ့ကြတာ… ဒါကြောင့် ဖုန်းရှီးမြို့မှာ နေထိုင်သူအဖြစ် လာရောက်စာရင်းသွင်းချင်နေတာ…”
ပိုင်စုကျဲ့က ဝင်ပြောလိုက်လေသည်။
“ဘာ… ကျိုးတာအိုရောင်းရင်းက အထက်ဘုံတက်လှမ်းသူ ဖြစ်နေတာလား… ဒါကြောင့်ပဲ ရောင်းရင်းရဲ့အရှိန်အဝါက သာမန်နဲ့မတူဘူးလို့ ကျွန်တော် ခံစားနေရတာ… အောက်ဘုံကနေ တက်လှမ်းလာတဲ့ ကျင့်ကြံသူ ဖြစ်နေတာကိုး… ဖုန်းရှီးမြို့ကို မဖြစ်မနေ ဝင်ရောက်ပေးပါ… ဒီနေရာက ကျင့်ကြံသူတွေအတွက်တော့ တကယ့်ကို နိဗ္ဗာန်ဘုံပါပဲ...”
ဤစကားကို ကြားသောအခါ တပ်မှူးထောင်ရှောင်မင်၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားပြီး အလွန်နွေးထွေးသော သဘောထားမျိုး ပြသလာတော့၏။
အဘယ်ကြောင့်ဆိုသော် အထက်ဘုံတက်လှမ်းသူများ၏ ကျော်ကြားမှုမှာ အလွန်ကြီးမားလှသောကြောင့်ပင် ဖြစ်၏။ ၎င်းတို့သည် သန်းပေါင်းများစွာသော လူများထဲမှ ရွေးချယ်ခံရသည့် ထူးချွန်ထက်မြက်သူများနှင့် တူညီပေသည်။
မသေဆုံးခဲ့လျှင် ထိုသူများ၏ အနာဂတ်မှာ အကန့်အသတ်မရှိ တောက်ပနေမည်ဖြစ်၏။ ထိုကဲ့သို့သော ပါရမီရှင်မျိုးကို သဘာဝကျစွာ သူက ရင်းနှီးအောင် ကြိုတင်ကြိုးစားမည်သာ။ ရင်းနှီးသော မိတ်ဆွေများ မဖြစ်နိုင်လျှင်ပင် ရန်သူဖြစ်ရန်တော့ မသင့်ပေ။
“ကဲပါ ရပါပြီ… ကျွန်မ ကျိုးတာအိုရောင်းရင်းကို အခွန်နှင့် ဘဏ္ဍာရေးဌာနမှာ စာရင်းသွင်းဖို့ ခေါ်သွားရဦးမယ်… ရှင်နဲ့ အကြာကြီး စကားမပြောနိုင်တော့ဘူး”
ပိုင်စုကျဲ့က လက်ဝေ့ယမ်းပြပြီး ကျိုးစွေ့ကို ဆွဲကာ ဖုန်းရှီးမြို့အတွင်းသို့ ဝင်သွားလေသည်။ ထိုသို့ဖြင့် လူတစ်စုသည် ဖုန်းရှီးမြို့အတွင်းသို့ ချက်ချင်း ရောက်ရှိသွားကြတော့၏။
“ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေက တကယ့်ကို သိပ်သည်းလှတာပဲ…”
မြို့အတွင်းသို့ ရောက်ရှိသွားသည်နှင့် ကျိုးစွေ့သည် လေထုအတွင်းရှိ သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များကို ချက်ချင်း ခံစားလိုက်ရလေသည်။
အနည်းဆုံး တတိယအဆင့် ဝိညာဉ်ကြော၏ အဆင့်အတန်းမျိုး ဖြစ်နေသည်မှာ အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းလှသည်။ ဤနေရာမှာ မြို့တော်၏ သာမန်နေရာတစ်ခုမျှသာ ဖြစ်သော်လည်း တတိယအဆင့် ဝိညာဉ်ကြော၏ သိပ်သည်းဆမျိုး ရှိနေချေပြီ။
သာမန်လူသားများပင် ဤကဲ့သို့သော နေရာမျိုးတွင် ကျင့်ကြံမည်ဆိုလျှင် အရှိန်အဟုန်ဖြင့် တိုးတက်လာမည်သာ ဖြစ်၏။ စိတ်ဝိညာဉ်လောကရှိ လူသားမျိုးနွယ်တွင် အစွမ်းထက်ကျင့်ကြံသူများက တိမ်တိုက်သဖွယ် များပြားနေသည်မှာ မထူးဆန်းတော့ပေ။
“အံ့ဩဖို့ကောင်းတယ် မဟုတ်လား… ဖုန်းရှီးမြို့ရဲ့ ဝိညာဉ်စွမ်းအင်တွေ ဒီလောက်ထိ သိပ်သည်းနေရတာက ဒီမြို့က သတ္တမအဆင့် ဝိညာဉ်ကြောကြီးတစ်ခုပေါ်မှာ တည်ရှိနေလို့ပဲ… ဝိညာဉ်စွမ်းအင်အနည်းငယ် ယိုစိမ့်ထွက်လာတာတောင်မှ တတိယအဆင့် ဝိညာဉ်ကြောရဲ့ အဆင့်အတန်းကို ရောက်နေတာလေ…
မြို့စားမင်းစံအိမ်နဲ့ နီးကပ်လေလေ ဝိညာဉ်စွမ်းအင် သိပ်သည်းဆက ပိုမြင့်လေလေပဲ… အဲဒါကြောင့် စံအိမ်တွေရဲ့ ဈေးနှုန်းကလည်း ပိုပြီး ကြီးမြင့်လှတာပေါ့… မြို့ထဲမှာတော့ အဆင့်တက်ဖို့ ပြင်ဆင်နေတဲ့ ကျင့်ကြံသူတွေအတွက် ငှားရမ်းနိုင်တဲ့ ကျင့်ကြံရေးဂူတွေ အများကြီး ရှိပါတယ်… အဲဒီ ယာယီဂူတွေက သိပ်သည်းလှတဲ့ ဝိညာဉ်စွမ်းအင်တွေကို ပေးစွမ်းနိုင်ပြီး ကျင့်ကြံသူတွေ အဆင့်တက်နိုင်ဖို့ အထောက်အကူ ဖြစ်စေတာပေါ့…”
ပိုင်စုကျဲ့က ပြုံးလိုက်ပြီး ကျိုးစွေ့၏အတွေးကို တစ်ချက်တည်းနှင့် သိမြင်နေသည့်အလားပင်။ သူမသည် ဖုန်းရှီးမြို့၏ ထူးခြားချက်အချို့ကို စတင်မိတ်ဆက်ပေးလေသည်။
သိသာထင်ရှားသည်မှာ ဤသည်ကား ကျင့်ကြံသူများ၏မြို့တော် သို့မဟုတ် ကျင့်ကြံသူများ၏နိုင်ငံတစ်ခုသဖွယ် ဖြစ်နေပြီး နယ်မြေအကျယ်အဝန်းမှာလည်း စိတ်ကူးမယဉ်နိုင်လောက်အောင်ပင် ကြီးမားလှပေသည်။