နဝမတောင်ထွတ်ရဲ့ စုမင်
Vol. 22 Ch. 298
ရုပ်သေးသားရဲသည် အနက်ရောင်ဖြစ်ပြီး ၎င်း၏ခန္ဓာကိုယ်တွင် သားမွေးများမရှိပေ။ ၎င်းသည် အရှေ့သို့ ဦးတည်ပြေးနေသည့် ဧရာမဘီလူးကြီးတစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။ အတိအကျဆိုရလျှင် ၎င်း၏ ထူးဆန်းသောပုံပန်းသွင်ပြင်ကြောင့် သူတို့အားလမ်းတွင် တွေ့သူများသည် အကြည့်များကို ဘေးသို့လွှဲသွားကာ ရှောင်ရှားသွားကြသည်။
ဤရက်ပိုင်းများအတွင်း နဝမတောင်ထွတ်၏ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုထံ သွားရောက်တိုက်ခိုက်ခဲ့သော အဖြစ်အပျက်သည် နဝမတောင်ထွတ်အကြောင်း ပျံ့နှံ့နေသည့် ကောလဟာလများစွာထဲမှ တစ်ခုဖြစ်လာခဲ့သည်။ ၎င်းအကြောင်းအရာကို မယုံကြည်သူများစွာ ရှိနေသေးသော်လည်း ဤကိစ္စသည် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု၏ ဂုဏ်သိက္ခာနှင့်ပက်သက်နေပြီး မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုကလည်း ထိုအကြောင်းနှင့်ပက်သက်၍ မည်သည့်အရာမှ မပြောဆိုခဲ့သဖြင့် ကောလဟာလအပေါ် ယုံကြည်မှုများက တိုးပွားလာခဲ့သည်။
အထူးသဖြင့် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုမှ လူများနှင့် သိကျွမ်းသူအချို့သည် ထိုအကြောင်းကိုမေးမြန်းခဲ့ကြပြီး ပြန်လည်ရရှိခဲ့သောအဖြေက သူတို့ကိုဆွံ့အသွားစေခဲ့လေသည်။ ထိုအဖြစ်အပျက် အစစ်အမှန်လားဆိုသည်မှာ အရေးမပါတော့ပေ။ သူတို့၏ နဝမတောင်ထွတ်အပေါ် သဘောထားများကတော့ ထိုအရာကြောင့် ပြောင်းလဲသွားခဲ့ချေသည်။
ထိုပြောင်းလဲမှုက သူတို့သည် နဝမတောင်ထွတ်နှင့် ထိတွေ့ဆက်ဆံလိုလာခဲ့ခြင်းမဟုတ်ပဲ နဝမတောင်ထွတ်အား ကပ်ရောဂါသဖွယ် ရှောင်ရှားလာကြခြင်းပင် ဖြစ်သည်။
စုမင်အား တစ်ခါမှမမြင်ခဲ့ဖူးသူများသည်ပင် ကျီချဲအားတွေ့လိုက်သောအခါ သူ့ဘေးတွင်ထိုင်နေသည့် မျက်နှာပေါ်တွင် အမာရွတ်နှင့်လူငယ်သည် နဝမတောင်ထွတ်၏ စုမင်ဖြစ်ကြောင်း တစ်ချက်ကြည့်လိုက်ရုံနှင့် ပြောနိုင်ကြချေသည်။
မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုထံသို့ ပြင်းထန်စွာသွားရောက်တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာမရှိပဲ ပေါ်လာခဲ့ပြီး စစ်မာရှင်းကိုပင် ဆန့်ကျင်တိုက်ခိုက်နိုင်သည့် ထိုစုမင်...
စုမင်သည်တော့ ရုပ်သေးသားရဲ၏ကျောပေါ်တွင် မျက်လုံးများကိုမှိတ်လျက် ငြိမ်သက်စွာထိုင်နေခဲ့သည်။ သူ့ခန္ဓာကိုယ်အား ရေခဲကွင်းဆယ့်ခြောက်ခု၏ အလေးချိန်နှင့် အသားကျစေရန် ရသမျှ အချိန်အားလုံးကို အသုံးပြုနေရသဖြင့် သူအချိန်တစ်ခဏတာလေးကိုတောင် ဖြုန်းတီးမပစ်ချင်ပေ။
သူ ပုံမှန်အတိုင်းပြန်လည်လှုပ်ရှား ပျံသန်းနိုင်သွားပြီးနောက် ထိုရေခဲကွင်းများကို ချွတ်လိုက်ပြီးသည်နှင့် သူ့အမြန်နှုန်းသည် ပိုမိုလျင်မြန်လာလိမ့်မည်ဖြစ်ကြောင်း စုမင် ယုံကြည်၏။
နောက်ပိုင်းကျလျှင် ထိုရေခဲကွင်းများကို သူ့ခြေထောက်များပေါ်တွင်သာ မတင်သင့်တော့ဟု စုမင်တွေးတောနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သာဆက်လုပ်မည်ဆိုလျှင် သူ့ခန္ဓာကိုယ်ကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ခက်ခဲသွားပေလိမ့်မည်။ ဤအလေးချိန်ဖြင့် သူအသားကျသွားသည်နှင့် ရေခဲကွင်းများအား သူ့ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများတွင် ထပ်ပေါင်းထည့်ရပေမည်။ သို့မှသာ သူ့ခန္ဓာကိုယ်လှုပ်ရှားမှုအား ထိန်းချုပ်ရာတွင် မျှခြေတစ်မျိုးဖြစ်ပေါ်လာပေလိမ့်မည်။
'ကောင်းကင်မြူခိုးလူရိုင်းအမဲလိုက်ပွဲမတိုင်ခင် အချိန်နည်းနည်းပဲကျန်တော့တာ စိတ်မကောင်းစရာပဲ။ အချိန်က နှစ်လတောင်မကျန်တော့ဘူး...'
စုမင်သည် မျက်လုံးများကို မှိတ်၍ သူ့အတွေးများထဲတွင် နစ်မြုပ်နေချိန် ကျီချဲသည် သူ့ဘေးတွင်တည်ငြိမ်စွာ ထိုင်နေခဲ့သည်။ လမ်းတွင်တွေ့ခဲ့သောလူများသည် သူတို့အား ရှောင်ရှားသွားကြရင်းမှ အာရုံစိုက်နေကြခြင်းကို ကျီချဲလုံးဝစိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။ ရံဖန်ရံခါ သူ့နားထဲသို့ တိုးဝင်လာသော တီးတိုးဆွေးနွေးသံများနှင့် ပက်သက်၍လည်း သူစိတ်အနှောင့်အယှက် မဖြစ်ချေ။
သို့သော် သူသည် အမြဲလိုလို နိုးနိုးကြားကြားရှိနေပြီး ပတ်ဝန်းကျင်အား ရံဖန်ရံခါစစ်ဆေးကြည့်တတ်သည်။ အကယ်၍ စုမင်အား အန္တရာယ်ဖြစ်စေနိုင်မည့် အရာတစ်ခုခုပေါ်လာခဲ့လျှင် သူထိုအရာကိုရှာတွေ့သည်နှင့် စုမင်ရှေ့တွင်ချက်ချင်းထွက်ရပ်လိုက်မှာ ဖြစ်သည်။
ပိုင်စု၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုအရိပ်အမြွက် ရှိနေသည်။ ခရီးသွားလာချိန်တွင် သူမအားအခြားသူများက ရှောင်ဖယ်သွားပြီး ရံဖန်ရံခါတွင် သူမအား ကြည့်ရှုလေ့လာသလို လှမ်းကြည့်တတ်သည်မှာ အချိန်အတော်ကြာမြင့်စွာတည်းကပင် ဖြစ်သည်။ ဤအရာမျိုးသည် သူမစစ်မာရှင်းနှင့် ခရီးသွားတုန်းက ဖြစ်ပျက်ဖူးပေသည်။
စုမင်ဘေး၌ ရှိနေချိန်တွင်လည်း ဤကဲ့သို့အရာမျိုးဖြစ်ပေါ်လာလိမ့်မည်ဟု သူမထင်မထားခဲ့မိပေ။
ဆက်ဆံခံရပုံသည် တူညီပုံပေါ်သော်လည်း အမှန်စင်စစ်တွင် ထိုအရာနှစ်ခုက သူမအတွက် မတူကွဲပြားသော အတွေ့အကြုံနှစ်ခုပင် ဖြစ်သည်။ သူမ စစ်မာရှင်းနှင့် အတူရှိနေစဉ် လူတို့၏ စစ်မာရှင်းအပေါ်အကြည့်များသည် လေးစားမှုများ၊ သဘောကျမှုများနှင့် ရိုသေမှုများနှင့် ပြည့်နေခဲ့သည်။
သူတို့သည် လမ်းမှဖယ်ပေးလျှင်တောင် လေးလေးစားစားပြုလုပ်ကြခြင်း ဖြစ်သည်။ စစ်မာရှင်းသည်လည်း ကျေးဇူးတင်ဟန်ဖြင့် သူတို့အားပြန်လည်ပြုံးပြ၊ ခေါင်းညိတ်ပြပေလိမ့်မည်။
သူမအတွက်တော့ စစ်မာရှင်း၏ဘေးတွင် ပြုံးနေရန်လိုပြီး အလားတူ ကိုယ်နေဟန်ထားမျိုးကို ထိန်းသိမ်းထားရကာ စစ်မာရှင်းကဲ့သို့ပင် ထိုလူများအား အပြုံးလေးတစ်ခုဖြင့် ရင်ဆိုင်ရလေသည်။ ဤအရာသည် အတော်လေးကောင်းမွန်သည်ဟု သူမ မူလကတွေးထင်ခဲ့သော်လည်း ထိုအရာနှင့် နှိုင်းယှဉ်လျှင်...
ယခုအခြေအနေက လုံးဝကွဲပြားနေခဲ့သည်။ သူတို့ထံသို့ အကြည့်များတွင် သံသယများ၊ စုမင်နှင့်အခြားလူများကို မပက်သက်ချင်သည့် အရိပ်အယောင်များသာ ပါဝင်နေခဲ့သည်။ အကြိမ်အများစုတွင် ၎င်းတို့သည် လမ်းမှဖယ်ပေးလိုက်ကြသော်လည်း ရိုသေလေးစားခြင်းကြောင့် မဟုတ်ပဲ မကြာသေးမီက ထွက်ပေါ်ခဲ့သည့် နဝမတောင်ထွတ်အကြောင်း ကောလဟာလများကြောင့် ဖြစ်သည်။
ပိုင်စုသည် အပြုံးကိုထိန်းသိမ်းထားရန် မိမိကိုယ်ကို အတင်းအကြပ်စေခိုင်းစရာ မလိုခဲ့ပေ။ လမ်းတွင် သူမတို့ကို ရှောင်ဖယ်သွားကြသူများအား သူမအလိုရှိသလောက် စူးစိုက်ကြည့်လို့ရသည်။ အကယ်၍ သူမ သဘောမကျလျှင် ထိုသူတို့ဘက်သို့ပင်လှည့်၍ ထွီခနဲပြုလုပ်လို့ရသေးသည်။ ဤအရာက သူမအား စိတ်သက်သောင့်သက်သာ ရှိစေပြီး စစ်မာရှင်းနှင့် အတူရှိနေခဲ့စဉ် အချိန်ထက်စာလျှင် ဤအရာကို များစွာပိုမိုနှစ်သက်ပေသည်။
ပိုင်စုအကြည့်သည် စုမင်အပေါ်ကျရောက်သွားသည်။ မျက်လုံးများပိတ်လျက် ထိုင်နေသော သူ့အားကြည့်နေရင်းဖြင့် ပိုင်စုမျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ထိုအပြုံးသည် အလွန်ဆိုးရွားလှပြီး သူမခေါင်းထဲတွင် တွေးတောကြံစည်နေသော အရာအား မည်သူကမျှ မသိနိုင်ပေ။
ရုပ်သေးသားရဲ၏ အရှိန်သည် နှေးကွေးခြင်းမရှိပေ။ လေးရက်မြောက်နေ့၏ နေဝင်ရီတရောအချိန် ရောက်သောအခါ သူတို့အရှေ့ရှိ ဆီးနှင်းပြင်ပေါ်တွင်
ယာယီတည်ဆောက်ထားသော တဲများစွာစုဝေးဖြစ်ပေါ်နေသည့် မျိုးနွယ်စုတစ်ခုကို မြင်လိုက်ကြရသည်။
ထိုမျိုးနွယ်စုသည် အလွန်ကြီးမားပြီး ၎င်း၏အလယ်တည့်တည့်တွင်တော့ သစ်သားများဖြင့် စင်မြင့်ကြီးတစ်ခု တည်ဆောက်ထားလေသည်။ ၎င်း၏ ပတ်လည်တွင် လူတစ်ထောင်နီးပါးထိုင်နေကြသည်။ ထိုအရာသည် ကြီးကျယ်ခမ်းနားသော မြင်ကွင်းဖြစ်သည်။ ကြည့်လိုက်ရုံနှင့်ပင် ထိုနေရာမှထွက်ပေါ်လာနေသည့် အင်အားကြီးမားမှုကို ခံစားမိပေလိမ့်မည်။
ထိုမျိုးနွယ်စုအတွင်းရှိ တဲများတွင် ဝင်ထွက်သွားလာနေကြသည့် မာန်စွမ်းအားရှင်ပေါင်းများစွာ ရှိသည်။ ထို့အပြင် အေးစက်သော အမူအယာများဖြင့် ထိုဧရိယာအတွင်း ကင်းလှည့်နေကြသော ချပ်ဂတ်များဝတ်ဆင်ထားသည့် အစွမ်းထက်သော ယောကျ်ားများလည်း ရှိသည်။
သူတို့၏ အဝတ်အစားများသည် ကုန်သွယ်ရေးရင်ပြင်ထံ သွားရောက်သူများနှင့် လုံးဝကွဲပြားခြားနားနေသည်။ ၎င်းတို့၏ အဝတ်အစားများတွင် 'ပင်လယ်ပြင်မိုးကုပ်စက်ဝိုင်းမှ ထွက်ပေါ်လာနေသည့် နေတစ်စင်း' ပုံသင်္ကေတရှိနေသည်။ ၎င်းသည် ထူးခြားသောသင်္ကေတတစ်ခုဖြစ်၍ မြင်လိုက်ရသူတိုင်းသည် ထိုအရာကို သေချာပေါက်သတိရနေပေလိမ့်မည်။
ပင်လယ်ပြင်မှ ထွက်ပေါ်လာသောနေသည် သွေးနီရောင်ဖြစ်နေသဖြင့် ကြည့်လိုက်မိသူတိုင်းသည် သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခုအား ခံစားလိုက်မိသောကြောင့် ဖြစ်သည်။
မျိုးနွယ်စု၏ ပတ်ဝန်းကျင်တွင် မြေပြင်ထက်သို့ ဓားများထိုးစိုက်ထားသည့်ပုံစံ ထူးဆန်းသော အဆောက်အဦးအချို့လည်း ရှိသည်။ သို့သော် ထိုဓားများသည် ပေ၁၀၀၀ခန့်မြင့်မားသည့် သင်္ဘောများ၏ အရွယ်အစားခန့်ရှိချေသည်။ ၎င်းတို့သည် ထိုဧရိယာအတွင်း မြင့်မားစွာတည်ရှိနေကြသည်။ အကယ်၍ မည်သူမဆိုဂရုစိုက်ရေတွက်ကြည့်မည်ဆိုလျှင်
ရင်ပြင်တွင် ထိုအဆောက်အဦးမျိုး ဆယ့်ရှစ်ခုရှိကြောင်း တွေ့ရပေလိမ့်မည်။
ရုပ်သေးသားရဲကြီးကြောင့် စုမင်၊ကျီချဲနှင့် ပိုင်စုတို့၏ ရောက်ရှိလာမှုသည် ဧရိယာအတွင်းရှိ လူများ၏အာရုံကို ဖမ်းယူသွားခဲ့သည်။ ကင်းလှည့်နေသောအဖွဲ့ထဲမှ လူသုံးဦးသည် ဦးတည်လာနေသော ရုပ်သေးသားရဲကြီးထံ ချက်ချင်းပျံသန်းလာကြသည်။
"ရပ်စမ်း"
ကင်းလှည့်နေသော အစောင့်သုံးယောက်သည် အလျင်အမြန်ရောက်ရှိလာပြီး ရုပ်သေးသားရဲရှေ့တွင် ပိတ်ရပ်လိုက်ကြသည်။ စုမင်နှင့် အခြားသူများထံကြည့်နေသော သူတို့မျက်လုံးများက အေးစက်နေပြီး ရန်လိုမုန်းတီးမှုများပင် ပါဝင်နေခဲ့သည်။
စစ်ဆေးကြည့်ရှုနေသကဲ့သို့ သူတို့မျက်လုံးများသည် ရုပ်သေးသားရဲပေါ်တွင်သာ ကျရောက်နေခဲ့သည်။
သူတို့အထဲမှ တစ်ဦးသည် ကျီချဲထံသို့ လှမ်းကြည့်လိုက်ပြီးနောက် ကျန်သုများကို ဆက်ကြည့်လိုက်ကာ မကြာမီမှာပင် ရင်ဘတ်ထဲမှ သားရဲအရေစာလိပ်တစ်ခုကို ထုတ်ယူလိုက်ပြီး ထိုအရာကိုဖွင့်ကြည့်လိုက်သည်။
"အနောက်ပိုင်းပင်လယ်ကလန် လေလံပွဲကော်မတီက အေးခဲကောင်းကင်ကလန် ဒုတိယတောင်ထွတ်ရဲ့ ကျီချဲနဲ့ သတ္တမတောင်ထွတ်ရဲ့ မိန်းကလေးပိုင်စုတို့ကို ကြိုဆိုပါတယ်"
သားရဲအရေစာလိပ်အား စစ်ဆေးနေသူသည် ခေါင်းမော့လာပြီး သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ကျီချဲနှင့် ပိုင်စုတို့အား လက်သီးလက်ဝါးထပ်လျက် နှုတ်ဆက်ကာ ပြောဆိုလိုက်ရင်း ရုပ်သေးသားရဲပေါ်တွင် မျက်လုံးများမှိတ်လျက် ထိုင်နေဆဲဖြစ်သည့် စုမင်ထံသို့ သူ့အကြည့်က ရောက်ရှိသွားသည်။ သူ့မျက်နှာပေါ်တွင် မသေချာမရေရာမှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
ကျီချဲ မျက်လုံးများကျဉ်းမြောင်းသွားသည်။ အနောက်ပိုင်းပင်လယ် ကလန်က သူ့နာမည်အားသိနေခြင်းအပေါ် သူမအံ့သြမိပေ။ ဤတစ်ကြိမ် မျိုးနွယ်စုကြီးနှစ်ခု၏ လေလံပွဲနေရာများ ဖလှယ်ခဲ့ခြင်းသည် ပစ္စည်းများ ရောင်းချရုံသာမက မျိုးနွယ်စုနှစ်ခု တစ်ခုနှင့်တစ်ခု လေ့လာခွင့်ရရန်လည်း ဖြစ်သည်။
ထိုသူတို့သည် ဤနေရာသို့မလာခင် အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပေလိမ့်မည်။ ကျီချဲနှင့် ပိုင်စုတို့ကိုမှတ်မိနေခြင်းသည် မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်။ မင်းကို ဘယ်လိုများခေါ်ရမလဲ" ကျီချဲ လက်သီးလက်ဝါးထပ်ကာ ပြန်လည်နှုတ်ဆက်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
သူတို့ထံလာသောလူ သုံးဦးအနက် သားရဲအရေစာလိပ် ကိုင်ထားသူသည် ခေါင်းဆောင်ဖြစ်မှန်း တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ကျီချဲပြောနိုင်၏။ ထိုလူက အားမနည်းပေ။ သူက ရုပ်နယ်လွန်အလယ်ဆင့်လောက်တွင် ဖြစ်နိုင်ပေသည်။
ကျန်နှစ်ဦးက ရုပ်နယ်လွန်ကနဦးဆင့်တွင် ဖြစ်သည်။
"ငါက အနောက်ပိုင်းပင်လယ်ကလန်ထဲမှာ သိပ်မကျော်ကြားပါဘူး။ မင်းငါ့နာမည်ကို အရမ်းမသိချင်လောက်ပါဘူးနော်။ လေလံပွဲက မနက်ဖြန်ကျင်းပပါလိမ့်မယ်။ ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့ပါ။ မင်းတို့အနားယူရမယ့်နေရာတွေဆီ ခေါ်သွားပေးပါ့မယ်"
သားရဲအရေစာလိပ်ကိုင်ထားသူက ပြုံးပြလာသည်။ ထိုသူက နာမည်အား မပြောကြားလိုသကဲ့သို့ ခေါင်းခါယမ်းကာ ပြောဆိုလိုက်ပြီး သူ့မျက်လုံးများထဲတွင် စူးရှတောက်ပသော အကြည့်တစ်ခုဖြစ်ပေါ်လာကာ စုမင်ထံလှမ်းကြည့်လိုက်သည်။
"ညီနောင် မင်းပုံစံက အတော်လေး မရင်းနှီးဘူးဖြစ်နေတယ်။ မင်းမှာ ဖိတ်ကြားလွှာကဒ်ပြားမရှိရင် ဒီနေရာကို ဝင်လို့မရပါဘူး" ထိုသူက ပြောဆိုပြီးသည်နှင့် သူ့ဘေးရှိလူနှစ်ဦး၏ အမူအယာများက အေးစက်သွားပြီး စုမင်ထံလှမ်းကြည့်လာကြသည်။
ကျီချဲ မျက်မှောင်ကြုတ်သွားမိသည်။ သူ ရှေ့သို့တစ်လှမ်းတက်လိုက်ကာ စကားပြောတော့မည့်အချိန်မှာပင် စုမင်မျက်လုံးများက ပွင့်လာခဲ့သည်။
ရုပ်သေးသားရဲရှေ့တွင် ရပ်နေသူသုံးဦးထံ လှမ်းကြည့်လိုက်သော စုမင်အကြည့်က အေးဆေးတည်ငြိမ်နေသည်။ ထို့နောက် ညာလက်အား တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် သူ၏ ဖိတ်ကြားလွှာကဒ်ပြားသည် သားရဲအရေကိုင်ထားသောလူထံ အလင်းတန်းတစ်ခုပုံစံဖြင့် ချက်ချင်းပျံသန်းထွက်သွားခဲ့သည်။
ထိုဖိတ်ကြားလွှာကဒ်ပြားသည် လေဟာနယ်ကိုပင် ဖြတ်သန်းလာသကဲ့သို့ လေထုအားထိုးခွင်းသံနှင့်အတူ အလွန်လျင်မြန်စွာ ပျံသန်းလာခဲ့သည်။ ထိုအရာကြောင့် သားရဲအရေကိုင်ထားသောလူ၏ အမူအယာက ပြောင်းလဲသွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်သော်လည်း သူနောက်သို့ခြေလှမ်းအနည်းငယ် မဆုတ်နိုင်ခင်မှာပင် ဖိတ်ကြားလွှာကဒ်ပြားသည် အရှိန်နှေးသွားမည့်အရိပ်အယောင်မရှိပဲ သူ့မျက်ခုံးများ၏
အလယ်သို့ဦးတည်၍ ပျံသန်းရောက်ရှိလာခဲ့သည်။ ၎င်း၏ပုံသဏ္ဍာန်အရ ထိုလူ၏မျက်ခုံးများအလယ်သို့ ထွင်းဖောက်သွားချင်သကဲ့သို့ပင် ဖြစ်သည်။
ထိုလူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ အနောက်သို့ဆုတ်နေရင်းမှပင် သူ့ခန္ဓာကိုယ်မှ သန်မာသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။ သူ့ခန္ဓာကိုယ်အား အနက်ရောင်အခိုးအငွေ့များ ဝန်းရံသွားပြီး စုမင်၏ချပ်ဝတ်နှင့်တူသော်လည်း အသေးစိတ်ပုံစံလေးများ ကွဲပြားနေဆဲဖြစ်သည့် ချပ်ဝတ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုသို့ဆိုလျှင်တောင် ၎င်းချပ်ဝတ်သည် စစ်မှန်သော စစ်နတ်ဘုရားချပ်ဝတ်ဖြစ်နေဆဲပင် ဖြစ်သည်။ ချပ်ဝတ်ပေါ်လာသည့် အခိုက်အတန့်မှာပင် ထိုသူ့ထံမှ သန်မာသောအရှိန်အဝါတစ်ခု ပျံ့နှံ့ထွက်ပေါ်လာပြီး သူ့ဆံပင်များက လေမတိုက်ပဲလွင့်မျောသွားကြသော်လည်း ထိုသူ့မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုတစ်ခုကို တွေ့မြင်နိုင်ချေသည်။
ဖိတ်ကြားလွှာကဒ်ပြားသည် အမျိုးသား၏ မျက်ခုံးများအလယ်ဗဟိုနှင့် သုံးလက်မအဝေးတွင် ရုတ်တရက်ရပ်တန့်သွားသည်။ ၎င်းက ထိုနေရာတွင် လှုပ်ရှားခြင်းမရှိ လွင့်မျောနေသဖြင့် သားရဲအရေကိုင်ထားသော အမျိုးသား၏ ပြင်ဆင်ထားမှုများအားလုံးကို အလဟသ ဖြစ်သွားစေခဲ့သည်။ သူ ဘာမှမလုပ်ပဲ ငြိမ်နေခဲ့လျှင်တောင် ထိုဖိတ်ကြားလွှာကဒ်ပြားက သူ့ကိုဘာမှလုပ်မှာ မဟုတ်ပေ။
ရုပ်သေးသားရဲပေါ်မှ သူ့အားတည်ငြိမ်စွာကြည့်နေသည့် စုမင်ထံသို့ သူမည်းမှောင်နေသော အမူအယာဖြင့်လှမ်းကြည့်လိုက်သည်။ အကြည့်များတွေ့ဆုံးသွားသည်နှင့် သားရဲအရေကိုင်ထားသော အမျိုးသား၏ခေါင်းထဲတွင် ပေါက်ကွဲဆူညံသံများ မြည်ဟည်းသွားပြီး နောက်သို့ခြေလှမ်းအနည်းငယ်ခန့် ဒယိမ်းဒယိုင်ဆုတ်လိုက်ရချေသည်။
ဤအရာများအားလုံးသည် ခဏအတွင်း ဖြစ်ပျက်သွားခြင်းဖြစ်ပြီး အလွန်လျင်မြန်လွန်းသဖြင့် ထိုအမျိုးသား၏အဖော်နှစ်ယောက်က ထိုအရာကို တုန့်ပြန်ချိန်မရခဲ့ပေ။ ထိုအရာများပြီးဆုံးသွားသည်နှင့် ၎င်းတို့၏မျက်နှာများပေါ်တွင် ဒေါသများပေါ်လာသော်ငြား ဖိတ်ကြားလွှာကဒ်ပြား၏ အရှိန်ကြောင့်လည်း ထိတ်လန့်နေခဲ့လေသည်။
ကျီချဲသည်လည်း ထိတ်လန့်သွားခဲ့ရသည်။ ထိုသာမန်ပုံစံဖြင့်လူက စစ်နတ်ဘုရားတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့မည်ဟု သူမထင်ထားခဲ့မိပေ။ ထိုသူသည် အနောက်ပိုင်းပင်လယ်ကလန်အတွင်း အမှန်တစ်ကယ်ကို မကျော်ကြားသူမဟုတ်လျှင်... သူ့အစစ်အမှန်အဆင့်အတန်းကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်၍ ကင်းလှည့်အဖွဲ့ထဲမှနေ၍ အေးခဲကောင်းကင်ကလန်၏ တပည့်များကို လျှို့ဝှက်လေ့လာနေခဲ့ခြင်းပင် ဖြစ်သည်။
သို့သော် စုမင်နှင့် တိုးသွားခဲ့သည်မှာတော့ စိတ်မကောင်းစရာပင်။
"အဲဒါ ဖိတ်ကြားလွှာကဒ်ပြားပဲ" စုမင်သည် အေးဆေးတည်ငြိမ်စွာပင် ပြောလိုက်ပြီး သူ့အသံက မြန်ခြင်း၊နှေးခြင်းမရှိ ထွက်ပေါ်လာခဲ့သည်။
သားရဲအရေကိုင်ထားသူ၏ မျက်နှာက ဖြူရော်သွားသည်။ ခဏတာ တိတ်ဆိတ်သွားသော်လည်း အဆုံးတွင်တော့
ဖိတ်ကြားလွှာကို မထိခဲ့ပေ။ ထိုအစား စုမင်ထံသို့လျှောက်လာပြီး လက်သီးလက်ဝါးထပ်ကာ နှုတ်ဆက်လာခဲ့သည်။
"ငါက အနောက်ပိုင်းပင်လယ်ကလန်ရဲ့ အောင်းချန်းထိုက်ပါ။ မင်းကို ဘယ်လိုခေါ်ရမလဲ သိပါရစေ"
"နဝမတောင်ထွတ်ရဲ့ စုမင်" စုမင် သူ့ပုံစံအစစ်အမှန်ကို ဖုံးကွယ်ထားခဲ့ခြင်းမပြုပေ။ ထိုအစား အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
အောင်းချန်းထိုက်၏ အမူအယာက ပြောင်းလဲသွားသည်။ စုမင်အား သေချာစူးစမ်းလေ့လာကြည့်လိုက်ပြီး စကားပြောတော့မည့်အချိန်မှာပင် မြေပြင်ထက်ရှိ ရွှေရုပ်ပုံများဖြင့် တန်ဆာဆင်ထားသော တဲများထဲမှ လူကြီးတစ်ဦး လျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။ ထိုလူကြီးသည် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တင့်တယ်သောအသားအရောင်ရှိ၍ သူ့မျက်လုံးများက လျှပ်စီးကဲ့သို့ တောက်ပနေသည်။ ထိုသူက လေထဲသို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး သူရောက်မလာခင်မှာပင် စုမင်တို့နားများထဲသို့ သူ့ရယ်မောသံက ရောက်ရှိလာခဲ့သည်။
"ဒီတော့ ဒါက နဝမတောင်ထွတ်က ဧည့်သည်တစ်ယောက်ပေါ့။ ချန်းထိုက် နောက်ဆုတ်။ နဝမတောင်ထွတ်က လူတွေကို ငါကိုယ်တိုင်လက်ခံရမှာပေါ့"
***