← Chapters

စုမင် ၁

Vol. 22 Ch. 300

စုမင် ၁

Vol. 22 Ch. 300

မျိုးနွယ်စု၏ မြောက်ဘက်ခြမ်းသည် အတော်အတန်ကျယ်ဝန်းသော ဆီးနှင်းပြင်တစ်ခုဖြစ်သည်။ ထိုဆီးနှင်းပြင်ထဲရှိ တဲတစ်လုံးထဲတွင် စုမင်သည် ဆီးနှင်းပြင်ပေါ် ဖြန့်ခင်းထားသော သားရဲအရေပေါ်တွင် ထိုင်နေခဲ့သည်။ ထိုသားရဲအရေသည် ဆီးနှင်းပြင်ထံမှ အအေးကိုတားဆီးပေးထားသဖြင့် ၎င်းအပေါ်တွင်ထိုင်နေသူအား အေးစက်မှုကိုမခံစားရစေချေ။

တဲအတွင်းတွင် နီရဲစွာတောက်လေယက်နေသည့် မီးဖိုအိုးတစ်ခုရှိသည်။ ထိုမီးဖိုအိုးထံမှ ထွက်ပေါ်လာနေသော အပူရှိန်ကြောင့် မြေပြင်ပေါ်ရှိဆီးနှင်းများက လျင်မြန်စွာအရည်ပျော်နေကြသည်။ တဲအတွင်းရှိနှင်းများ လုံးဝအရည်ပျော်သွားပြီးလျှင်တော့ တဲသည် အနွေးဓာတ်များဖြင့် ပြည့်သွားပေလိမ့်မည်။

မီးဖိုအိုးအတွင်း တောက်လောက်နေသော မီးများ၏ တဖျစ်ဖျစ်မြည်သံများမှအပ ဧရိယာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ထိုင်နေဆဲဖြစ်သော စုမင်၏မျက်လုံးများအတွင်း စူးရှသောအကြည့်တစ်ခု ဖြစ်ပေါ်လာပြီး သူ့နှုတ်ခမ်းများထက်တွင်တော့ အေးစက်စက်လှောင်ပြုံးတစ်ခု၏ အရိပ်အယောင်များကို တွေ့မြင်နိုင်ပေသည်။

သူသည် ရုပ်သေးအားရည်ရွယ်ချက်ရှိရှိ ပြိုကွဲသွားစေခဲ့ခြင်းဖြစ်ပြီး သို့မှသာ တောင်တစ်လုံးကဲ့သို့အလေးချိန်ရှိသော သူ့ခန္ဓာကိုယ်က ထိုအခိုက်အတန့်တွင် ကျယ်လောင်သောမြည်ဟည်းသံနှင့်အတူ မြေပေါ်ပြုတ်ကျသွားလိမ့်မှာ ဖြစ်သည်။ ဤနည်းလမ်းဖြင့် အနောက်ပိုင်းပင်လယ်ကလန်မှ လူများအကြား ကြောက်စိတ်ကိုတွန်းအားပေးနိုင်ခဲ့သဖြင့် သူ့အား ညံ့ဖျင်းစွာမဆက်ဆံရဲတော့ပဲ တည်းခိုရာနေရာအား ပြောင်းလဲပေးခဲ့ကြခြင်းဖြစ်သည်။

စုမင်သည် ဤကိစ္စနှင့်ပက်သက်၍ အသေးအမွှားလေးကအစ ရေးကြီးခွင်ကျယ်လုပ်လိုခြင်း၊ သဘောထားသေးသိမ်ညံ့ဖျင်းခြင်းတို့ကြောင့် မဟုတ်ပေ။ ထိုအစား ဤတစ်ကြိမ်တွင် သူသည် သူ့ကိုယ်သူသာ ကိုယ်စားပြုနေခြင်းမဟုတ်တော့သောကြောင့် ဖြစ်သည်။ အချိန်အများစုတွင် သူ့ကိုယ်သူမိတ်ဆက်သောအခါ သူ့နာမည်ရှေ့၌ နဝမတောင်ထွတ်ကို ထည့်သွင်းဖော်ပြတော့မှာ ဖြစ်သည်။

သူသည် နဝမတောင်ထွတ်မှ တစ်ယောက်ဖြစ်သည်။ သူ့ဂုဏ်သတင်းက နဝမတောင်ထွတ်၏ ဂုဏ်သတင်းဖြစ်သည်။ အကယ်၍ သူသာ လူနေထူထပ်၍ ဆူညံနေသော မျိုးနွယ်စုအတွင်း အမှန်တစ်ကယ် တည်းခိုနေထိုင်ခဲ့မည်ဆိုလျှင် လူများက နဝမတောင်ထွတ်အပေါ် နှိမ့်ချရှုမြင်ကြပေလိမ့်မည်။

ဤအရာက စုမင်လက်မခံနိုင်သောအရာဖြစ်ပြီး အထူးသဖြင့် အေးခဲကောင်းကင်ကလန်ပိုင်နက်အတွင်း ဖြစ်၍ သူ များစွာနှိမ့်ချနေရန် မလိုအပ်သော အချိန်လည်းဖြစ်ပေသည်။

ထို့အပြင် စုမင်ယခုလိုလုပ်ခဲ့ရခြင်းအတွက် အခြားအကြောင်းပြချက်တစ်ခုလည်း ရှိသေးသည်။ သူ့အပေါ် မလိုမုန်းထား စိတ်ရှိသူများအား အံ့အားသင့်မင်သက်သွားစေလိုခြင်းကြောင့် ဖြစ်ပြီး အထူးသဖြင့်... စစ်မာရှင်းနှင့် ထျန်းလန်မုန်တို့ပင် ဖြစ်သည်။

ဖိတ်ကြားလွှာရရှိပြီးနောက် သူတိတ်ဆိတ်စွာစဉ်းစားတွေးခေါ်နေခဲ့သည့် ရက်အနည်းငယ်အတွင်း ဤလေလံပွဲနှင့် ဖြစ်ပျက်နေသာအရာများကို သူသဘောပေါက်နားလည်လာခဲ့သည်။ သူ့တွင် အတွေ့အကြုံမရှိသောကြောင့် အရာရာအား လျင်မြန်စွာ နားလည်သဘောပေါက်နိုင်သည့် ကြောက်မက်ဖွယ် ဉာဏ်များမှုမျိုး မပိုင်ဆိုင်သေးပေ။ သို့သော် သူသည် ဖြစ်ပျက်နေသောအရာများကို နှစ်နာရီအတွင်းနားမလည်လျှင် တွေးခေါ်စဉ်းစားရန် လေနာရီအသုံးပြုလိုက်မှာဖြစ်သည်။ အကယ်၍ လေးနာရီက မလုံလောက်သေးဘူးဆိုလျှင် သူတစ်နေ့လုံးအသုံးပြုပေလိမ့်မည်။ ထို့ကြောင့် ရက်များစွာ ကုန်လွန်သွားခဲ့ပြီးနောက်တွင် ဖြစ်ပျက်နေသောအရာများကို စုမင်ရှင်းရှင်းလင်းလင်း နားလည်လာခဲ့လေသည်။

စုမင် ဖိတ်ကြားလွှာရရှိခဲ့ခြင်းတွင် စစ်မာရှင်းက ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ခြင်းမဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် စစ်မာရှင်းတွင် သူ့အားကူညီရန် အနောက်ပိုင်းပင်လယ်ကလန်အား ပြောဆိုနိုင်သောစွမ်းရည်ရှိသည်ဟု စုမင်မထင်သောကြောင့်ဖြစ်သည်။

ထို့အပြင် ဖိတ်ကြားလွှာက ဤလေလံပွဲတွင် နဝမတောင်ထွတ်မှ လူများပါဝင်ဆင်နွှဲရန် ဖိတ်ကြားထားခဲ့ခြင်းဖြစ်သည်။ အနည်းငယ်တွေးတောပြီးနောက် ဖိတ်ကြားလွှာထဲတွင်တော့ မည်သည့်ထောင်ချောက်မှရှိနေသည်ဟု စုမင်မထင်ခဲ့ပေ။

သို့သော် အကယ်၍ နဝမတောင်ထွတ်တောင် ဖိတ်ကြားလွှားလက်ခံရနိုင်သည်ဆိုလျှင် စစ်မာရှင်း၏ ကျော်ကြားမှုကြောင့် သူသည်လည်း လေလံပွဲကို သေချာပေါက်တက်ရောက်လိမ့်မှာ ဖြစ်သည်။ ထျန်းလန်မုန်နှင့် အခြားသူများသည်လည်း ရောက်လာကြလိမ့်မည်မှာ သံသယဝင်စရာမလိုပေ။

ထို့ကြောင့်ပင် စုမင်သည် နှိမ့်ချမနေတော့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုအစား လေလံပွဲကော်မတီမှ တည်ဆောက်ထားသော ယာယီမျိုးနွယ်စုအတွင်းသို့ လှမ်းဝင်လိုက်သည့်အချိန်မှာပင် နဝမတောင်ထွတ်ရဲ့ စုမင်အဖြစ် သူရောက်ရှိလာခြင်းအား ထိုနေရာရှိလူများအားလုံးကို မောက်မာစွာကြေညာခဲ့ခြင်းဖြစ်သည်။

စစ်မာရှင်းအား အံ့အားသင့်စေခြင်းက စုမင် ဤနေရာတွင်မတိုက်ခိုက်လိုသောကြောင့် သူ မဆင်မခြင်လှုပ်ရှားမှုများ မပြုလုပ်မိစေရန် ဖြစ်သည်။ စစ်မာရှင်းနှင့်ယှဉ်လျှင် ကောင်းကင်မြူခိုးလူရိုင်းအမဲလိုက်ပွဲအပေါ် စုမင်များစွာပိုမိုစိုးရိမ်ပေသည်။

သို့သော် စစ်မာရှင်းသည် စုမင်၏ ကောင်းမွန်သောဆန္ဒဖြင့် ပြုလုပ်ခဲ့သည့် အပြုအမူကို လျစ်လျူရှုခဲ့မည်ဆိုလျှင်တော့ စုမင်ကလည်း သူ့ကို ပြန်လည်တုန့်ပြန်ပေးမည်ဖြစ်သည်။

"ငါ့ကို ခွင့်လွှတ်ပါ..."

ထျန်းလန်မုန်အတွက်တော့ စုမင်သည်သူမကိုလည်း အံ့အားသင့်စေလိုသော်ငြား စစ်မာရှင်းနှင့် လုံးဝကွဲပြားသော ရည်ရွယ်ချက်ဖြင့်ဖြစ်သည်။

ထျန်းလန်မုန်ထံတွင် သူ့အပေါ် တောင်းဆိုချက်တစ်ခု တောင်းဆိုနိုင်ခြင်းရှိ၍ သူမရှေ့တွင် စုမင်ပိုမိုသန်မာစွာနေပြလေလေ၊ သူတို့အကြား ဆက်ဆံရေးက ပိုမိုရှုပ်ထွေးလေလေပင်ဖြစ်သည်။

ထိုကဲ့သို့လုပ်ခြင်းအားဖြင့် သူသည် ဤအမျိုးသမီးအား ယာယီမဟာမိတ်အဖြစ် ပြောင်းလဲနိုင်ပါက ဤလေလံပွဲအတွင်း ကိစ္စရပ်များက စုမင်အတွက် ပိုမိုလွယ်ကူသွားပေလိမ့်မည်။ သူ အန္တရာယ်ကြုံလျှင်ဖြစ်စေ၊ ပစ္စည်းများဝယ်ရာတွင်ဖြစ်စေ သူမက သူ့အတွက် အကူအညီကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

'အဆုံးမှာတော့ ငါ့ဆီမှာ ကျောက်ဒင်္ဂါးတွေ အများကြီးမရှိဘူးလေ...'

စုမင်သည် မေးကိုမော့လိုက်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဤအရာသည် သူအမှတ်မထင် လုပ်လိုက်မိသောအရာတစ်ခုဖြစ်သည်။

နဝမတောင်ထွတ်တွင် နေထိုင်ခြင်းသည် သူ့ပင်ကိုယ်စရိုက်အား မသိမသာအနည်းငယ် ပြောင်းလဲစေခဲ့သည်။ ဥပမာ သူအေးခဲကောင်းကင်ကလန်သို့ မရောက်ခင်ကဆိုလျှင် ဤအစီအစဉ်မျိုးကို လုံးဝစဉ်းစားမိလိမ့်မည်မဟုတ်ပေ။

အခြားဥပမာတစ်ခုသည် စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုအတွင်း သူ့ပစ္စည်းများ၏ 'ပျောက်ဆုံးမှု'ကို ပြန်လည် သတိရခြင်းဖြစ်သည်။ ဤအရာများသည် စုမင်အတိတ်အချိန်က လုံးဝမပြုလုပ်ခဲ့ဖူးသော အရာများဖြစ်သည်။ သူ နဝမတောင်ထွတ်သို့ ရောက်လာခဲ့ပြီးချိန်တွင် အစ်ကိုနှစ်၊ ဟူကျီနှင့်... ထျန်းရှဲ့ကျီတို့ကြောင့် တစ်ဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီး ဤအရာများအားလုံး ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။

စုမင်သည် ဆက်လက်ဖြစ်ပျက်မည့် အရာများကို တွေးတောနေရင်းမှ ခေါင်းကိုရုတ်တရက်မော့လိုက်ချေသည်။ တဲအတွင်းရှိ မီးဖိုအိုးထံမှအပူချိန်ကြောင့် မြေပေါ်ရှိဆီးနှင်းများအားလုံး အရည်ပျော်သွားခဲ့ချေပြီ။ သားရဲအရေအောက်ရှိ မြေသားသည် ကျေနပ်ဖွယ် ပူနွေးနေပြီဖြစ်၍ တဲအပြင်ရှိ မြေပြင်ထက်တွင် ဖုံးအုပ်ထားသောဆီးနှင်းများနှင့် ယှဉ်လျှင် အခြားကမ္ဘာတစ်ခုကဲ့သို့ပင်ဖြစ်သည်။

စုမင် ခေါင်းမော့လိုက်ပြီး မကြာခင်မှာပင် တစ်စုံတစ်ယောက်က တဲတံခါးကို အသာအယာပုတ်လိုက်ပြီး မကြာမီမှာပင် ကျီချဲအသံက တဲအတွင်းသို့ ပျံ့လွင့်လာခဲ့ချေသည်။

"ဆရာဦးလေး... အနောက်ပိုင်းပင်လယ်ကလန်က လေလံတင်ပစ္စည်းတွေရဲ့ ရုပ်ပုံစာရင်းပို့လိုက်ပါတယ်"

စုမင်သည် ညာလက်ကိုဝှေ့ယမ်းလိုက်ရာ တဲတံခါးရွက်များက ချက်ချင်းမြောက်တက်သွားခဲ့သည်။

အေးစက်သောလေပြင်းတစ်ခုက တဲအတွင်းသို့ တိုးဝင်လာခဲ့သည်။ အပြင်ဘက်တွင် မှောင်မည်းနေပြီဖြစ်သော်လည်း မြေပြင်ပေါ်ရှိ ဆီးနှင်းများ၏ အဖြူရောင်အလင်းကြောင့် ပြင်ပလောကသည် အလွန်မှောင်မည်းပုံ မပေါ်သေးပဲ

မြေပေါ်သို့ ကျဆင်းနေသော ဆီးနှင်းများကိုတောင် သူမြင်နေရဆဲဖြစ်သည်။

အပြင်ဘက်တွင် နှင်းကျနေခဲ့သည်။

ကျီချဲသည် ဝင်ပေါက်တွင် လေးလေးစားစားရပ်နေခဲ့သည်။ သူသည်ဝတ်ရုံရှည်အား ဝတ်ဆင်ထားပြီး သူ့ဆံပင်များအား နှင်းများဖုံးအုပ်နေချေသည်။  သူ့လက်များထဲတွင်တော့ လေလံတင်ပစ္စည်းများ၏ ရုပ်ပုံစာရင်းကို ကိုင်ထားခဲ့သည်။ ၎င်းသည် အမှန်တစ်ကယ်တော့ သားရဲအရေခွံများစွာဖြင့်ပြုလုပ်ထားသော စာအုပ်တစ်အုပ်ပင်ဖြစ်သည်။

တဲရွက်များ မြောက်တက်သွားသည်နှင့် ကျီချဲသည် အတွင်းသို့ လျှောက်ဝင်လာခဲ့ပြီး ရုပ်ပုံပစ္စည်းစာရင်းကို စုမင်ရှေ့တွင် လေးလေးစားစား ချပေးလိုက်သည်။ ထို့နောက် အနောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားသည်။ စုမင် အခြားအမိန့်များမပေးသည်ကို တွေ့လိုက်ရသည်နှင့် နောက်လှည့်လိုက်ပြီး ထွက်သွားတော့မည့်အချိန်မှာပင်...

"အပြင်မှာ အေးနေတယ်။ ငါ မင်းကို တဲထဲမှာ နွေးနွေးထွေးထွေးလာနေဖို့ ပြောခဲ့သင့်တယ်။ ဒါပေမယ့် မင်းရဲ့ကျင့်ကြံခြင်းနည်းလမ်းက အအေးဓာတ်နဲ့ ဆက်နွှယ်နေတယ်။ ဒီလိုရာသီဥတုမျိုးက မင်းလေ့ကျင့်ဖို့ သင့်တော်တယ်။ ငါ မင်းရဲ့အစွမ်းကို လေ့လာနေခဲ့တာအချိန်အတော်ကြာပြီ။ ပြီးတော့ အဲဒီအထဲမှာ တစ်ခုခုလိုနေတယ်လို့ ငါထင်တယ်။ ဆီးနှင်းတွေရဲ့အသံကို... နားထောင်ဖို့ ငါမင်းကိုအကြံပေးချင်တယ်"

စုမင်သည် ခေါင်းမော့မကြည့်ခဲ့ပေ။ သားရဲအရေများဖြင့် ပြုလုပ်ထားသော ရုပ်ပုံစာရင်း၏ စာရွက်များကို လှန်နေရင်း အေးအေးဆေးဆေးပြောလာခဲ့ချေသည်။

ကျီချဲခြေလှမ်းများ တုန့်ဆိုင်းရပ်တန့်သွားခဲ့သည်။ နားလည်သဘောပေါက်သွားဟန်ဖြင့် ထိုနေရာတွင်ခဏတာ ရပ်နေခဲ့ပြီးမှ စုမင်ထံ လေးလေးနက်ဦးညွှတ်လိုက်ပြီး တဲအတွင်းမှ ထွက်ခွာသွားခဲ့သည်။

ရုပ်ပုံစာရင်း၏ စာမျက်နှာအချို့အား လှန်လိုက်ပြီးနောက်တွင် စုမင်မျက်လုံးများအတွင်း တောက်ပသောအလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ စာမျက်နှာတစ်ခုပေါ်တွင် ဆေးကျိူအိုးတစ်ခုရှိနေပြီး ၎င်းဆေးအိုးပေါ်တွင် မီးခိုးငွေ့အစုအဝေးအချို့ကို ရေးဆွဲထားခဲ့သည်။

"အမည်မဲ့ ဘာရန်ဆေးပေါင်းအိုး" စုမင်တီးတိုးရေရွတ်လိုက်သည်။ ထိုစာမျက်နှာပေါ်မှာပင် ၎င်းစကားလုံးလေးလုံးကို ရေးသားထားချေသည်။

၎င်းဇာစ်မြစ်၏ ရိုးရှင်းသောဖော်ပြချက်အဖြစ် အိုး၏အမည်အပြင် ရေးသားထားသော စကားလုံးအချို့ရှိသည်။ သို့သော် ၎င်း၏လုပ်ဆောက်ချက်များအတွက် အသေးစိတ်ဖော်ပြချက်များတော့ ရေးသားထားခြင်းမရှိပေ။

"ဘာရန်ဆေးအိုးသည် မဟာယုပြည်ထောင်မှ မျိုးနွယ်ပိုင်ပစ္စည်းတစ်ခုဖြစ်သည်။ ထို့ကြောင့် အိုးအားပုံဖော်ထားသော ပစ္စည်းများအားလုံးသည် အလွန်ရှားပါးသော်လည်း မယုံနိုင်ဖွယ်စွမ်းအားများ ပါဝင်နေသည်။ ဤဆေးအိုးအား လူရိုင်းများ၏နယ်မြေထဲရှိ မျိုးနွယ်စုတစ်စုထံမှ ယူဆောင်လာခဲ့ခြင်းဖြစ်ပြီး ထိုမျိုးနွယ်စု၏ အထွတ်အမြတ်ပစ္စည်းအဖြစ် သတ်မှတ်ခံထားခဲ့ရသော အရာဖြစ်သည်။ ၎င်းသည် နောက်ပိုင်းတွင် မာန်စွမ်းအားရှင်မျိုးနွယ်စုထံ ရောက်ရှိလာခဲ့ပြီး အနောက်ပိုင်းပင်လယ်ကလန်ထံ ကမ်းလှမ်းခံခဲ့ရသည်"

စုမင်သည် ဆေးအိုးကို ခဏတာငေးကြည့်နေပြီးနောက် စာရင်းအတွင်းရှိ ကျန်စာမျက်နှာများကို ဆက်လှန်လိုက်သည်။ သူ့အဓိကပစ်မှတ်သည် ဆေးအိုးဖြစ်သဖြင့် အခြားအရာများကို ဂရုမစိုက်ခဲ့ပေ။ အထူးသဖြင့် ဤစာရင်းထဲတွင်လည်း လေလံတင်မည့်ပစ္စည်းအားလုံး ပါဝင်ခြင်းမရှိချေ။ မှတ်တမ်းမတင်ရသေးသည့် အရာတစ်ချို့ရှိနေဆဲဖြစ်သည်။

စုမင်သည် နောက်ဆုံးစာမျက်နှာသို့ရောက်၍ ၎င်းစာမျက်နှာပေါ်မှ ပစ္စည်းအားကြည့်လိုက်မိသောအခါ သူ့မျက်လုံးများထဲတွင် အာရုံစူးစိုက်ဟန်အမူအယာတစ်ခု ဖြစ်ပေါ်လာပြီး စာရင်းအား အနီးကပ်သေချာစစ်ဆေးကြည့်လိုက်သည်။ ထိုအရာအား ပိုလေ့လာမိလေလေ၊ သူ့မျက်လုံးများ ပိုတောက်ပလာလေလေပင်ဖြစ်သည်။

'ဒီဟာက...'

စုမင်မျက်လုံးများထဲတွင် စူးရှသောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဤအရာသည် သူထင်နေသောအရာဖြစ်နိုင်ကြောင်း သူလုံးဝနီးပါးသေချာနေချေသည်။

ထိုအရာက လူတစ်ဦးထက်ရှည်သော ကျောက်တုံးတစ်ခုဖြစ်သည်။ ၎င်းက အရောင်အဆင်းမဲ့ပြီး ထွင်းဖောက်မြင်နိုင်ချေသည်။ သို့သော် ထိုကျောက်တုံးထဲတွင် လုံးဝနက်မှောင်နေသော ထိုင်နေသည့်ပုံစံဖြင့် လူတစ်ဦးကဲ့သို့ အရာတစ်ခုပါဝင်နေသည်။

ထိူလူပုံစံအရာဝတ္ထုသည် အစစ်အမှန်လူတစ်ဦးကဲ့သို့ပုံမျိုးပင် ဖြစ်သည်။ ၎င်းတွင် ခြေလက်လေးချောင်း၊ လက်တစ်ဖက်စီတွင် လက်ချောင်းငါးချောင်း၊ ဦးခေါင်းတစ်လုံးနှင့် လူတစ်ဦး၏ အခြားထူးခြားချက်များအားလုံး ပါရှိနေခဲ့သည်။

ဒူးပေါ်တွင်တင်ထားသော ထိူလူပုံစံအရာဝတ္ထု၏လက်များကို စုမင်ငေးကြည့်နေမိသည်။ ရုပ်ပုံဖော်ပြထားခြင်းသည် အကြမ်းထည်ဖြစ်၍ စုမင် အရမ်းရှင်းရှင်းလင်းလင်း မမြင်ရပေ။ အသေးစိတ်အချက်အလက်များကိုလည်း တိကျစွာဖော်ပြထားခြင်း မရှိချေ။

"ဒါက အဲဒီအရာဖြစ်နိုင်တယ်" စုမင် တီးတိုးရေရွတ်လိုက်သည်။

နတ်မင်းကြိုဆိုဖန်တီးရန်အတွက် သူ့ထံတွင် ခြေကိုးချောင်းပင့်ကူ၏ ကိုးချောင်းမြောက်ခြေချောင်းကို ရရှိထားပြီဖြစ်သော်လည်း အခြားပစ္စည်းနှစ်ခု လိုအပ်နေဆဲ ဖြစ်သည်။ အကယ်၍ ဤအရာသည်သာ ၎င်းတို့အထဲမှ တစ်ခုဆိုလျှင် သူ့ထံ၌ နတ်မင်းကြိုဆိုဖန်တီးရန် တစ်ခုသာလိုအပ်ပေတော့မည်... စပါးအုံးမြွေ၏ အမြီးမှ အကြေးခွံ။

သို့သော် ထိုအကြေးခွံသည် သာမန်စပါးအုံးမြွေအမြီးမှ အကြေးခွံနှင့် မတူကွဲပြားသည်ကို စုမင်မှတ်မိနေသည်။

ထိုအကြေးခွံပေါ်တွင် ထောင့်စွန်းသုံးခု ရှိနေ၏။

သို့သော် မည်သို့ပင်ဖြစ်စေ၊ ထိုကျောက်တုံးအတွင်းမှ လူပုံစံအရာလေးကသာ စုမင်လိုအပ်နေသော အရာဆိုလျှင် သူ့အတွက် ထိုအရာကိုရရှိရန် အလွန်အရေးကြီးပေလိမ့်မည်။ အထူးသဖြင့် နတ်မင်းကြိုဆိုတစ်ခုတည်းသည်သာ  ထူးဆန်းသောကမ္ဘာ၏ တံခါးများပေါ်တွင် မည်သည့်ကမ်းလှမ်းစတေးမှုမှ မလိုအပ်သည့် တစ်ခုတည်းသောဆေးလုံး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

ဤဆေးလုံးအားပြုလုပ်ရန် မယုံနိုင်လောက်အောင် ခက်ခဲလိမ့်မည်ဟု ဆိုလိုနေခဲ့ခြင်းဖြစ်သည်။ သို့သော် အလားတူပင် ထိုဆေးလုံး၏ စွမ်းအားသည်လည်း စိတ်ကူး၍ပင်မရနိုင်သည့် အဆင့်တစ်ခုသို့ ရောက်ရှိလိမ့်မည်ဟု ဆိုလိုနေခဲ့ခြင်းဖြစ်သလို ၎င်းသည် ဝိညာဉ်လုယက်၏အစွမ်းထက်ပင် သာလွန်နေနိုင်လောက်သည်။

စုမင်သည် သားရဲအရေစာမျက်နှာကို ငေးကြည့်နေပြီးနောက် စာအုပ်ကိုဖြည်းညှင်းစွာပိတ်လိုက်သည်။

'ဒီလေလံပွဲက အတော်စိတ်ဝင်စားစရာပဲ...'

စုမင်သည် မျက်ခုံးများအလယ်သို့ ပွတ်သပ်လိုက်ပြီး နက်ရှိုင်းစွာ တွေးတောခြင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။

စုမင် အတွေးထဲသို့ နစ်မြုပ်နေရင်း မကြာမီမှာပင် တစ်စုံတစ်ဦးသည် တဲရွက်များကို မ တင်လိုက်သဖြင့် တဲအတွင်းသို့ လေအေးများဝင်ရောက်လာခဲ့သည်။ ထိုလူက ဘယ်သူမှန်းသိရန် စုမင်မော့ကြည့်စရာတောင် မလိုခဲ့ပေ။ သူတို့လမ်းအား ကျီချဲပိတ်ဆို့တားဆီးခြင်းမရှိပဲ ဝင်လာနိုင်သူတစ်ဦးသာ ရှိပေသည်။

"စုမင် ငါအိပ်လို့မရဘူး" ပိုင်စုသည် အဖြူျရောင်သားရဲအရေအင်္ကျီကို ဝတ်ဆင်ထားပြီး ဆံပင်များက ပုခုံးပေါ်ဝဲဖြာကျဆင်းနေခဲ့သည်။ သူမသည် သမ်းဝေလျက် စုမင်ဘေးသို့လှမ်းလာခဲ့သည်။

စုမင်သည် သူမအားလျစ်လျူရှုထားပြီး လေလံပွဲနှင့်ပက်သက်သော ကိစ္စရပ်များကိုစဉ်းစားရင်း မျက်လုံးများကိုတစ်ဝက်ပိတ်ထားခဲ့ချေသည်။

"စုမင် ဆွံ့အ နားမကြားတဲ့ လူလိမ်ကောင်။ နင်က အမြဲဒီအတိုင်းပဲ။ ငါ အိပ်လို့မရပါဘူးဆို။ နင် ငါနဲ့ စကားပြောကိုပြောပေးရမယ် မဟုတ်လို့ကတော့ နင် အေးအေးချမ်းချမ်းမနေရဘူးမှတ်" ပိုင်စုသည် စုမင်အား စူးရဲသွာစိုက်ကြည့်လိုက်ပြီး သူ့ရှေ့တွင်ရပ်လိုက်သည်။

"မင်းကသာ မရမကရောက်လာတဲ့လူလေ" စုမင် ပိုင်စုကိုတည်ငြိမ်စွာကြည့်လိုက်သည်။

ပိုင်စုခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာပြီး ပြောဆိုလိုက်သည်။ "ငါ ဂရုမစိုက်ဘူး။ ငါအိပ်လို့မရဘူး။ အပြင်ထွက်ပြီး နှင်းသွားကြည့်ချင်တယ်"

စုမင် ပိုင်စုကိုကြည့်၍ ခဏတာငြိမ်သက်သွားပြီးမှ မေးလိုက်သည်။ "မင်းက နှင်းတွေကို ကြည့်ချင်တာလား"

"ဟုတ်တယ်။ ငါနှင်းတွေ သွားကြည့်ချင်တယ်။ ငါနဲ့လိုက်ခဲ့ပေး" ပိုင်စုသည် သူမ၏ဆံနွယ်အချို့ကို လက်ချောင်းလေးဖြင့် လိမ်လိုက်ပြီး စုမင်အားပြုံးပြလိုက်သည်။

"ကောင်းကင်မြူခိုးလူရိုင်းအမဲလိုက်ပွဲ စတော့မယ်... ငါတို့ ဒါကိုအဆုံးသတ်ရတော့မယ့် အချိန်ပဲ" စုမင် တီးတိုးရေရွတ်လိုက်သည်။ ပိုင်စုက သူ့အသံကိုမကြားနိုင်ခဲ့ချေ။ ဆုံးဖြတ်ချက်ချရတော့မည်ဖြစ်ကြောင်း စုမင်တစ်ဦးတည်းကသာ ရှင်းရှင်းလင်းလင်းသိနေခဲ့ချေသည်။

"ကောင်းပြီ"

စုမင် မတ်တပ်ထရပ်ကာ တဲဝင်ပေါက်ထံ လျှောက်သွားလိုက်သည်။ သူ တဲရွက်ကို မလိုက်သည်နှင့် ညကောင်းကင်အောက်မှ ငွေရောင်ကုန်းမြေကြီးကို တွေ့လိုက်ရသည်။ နှင်းများထံမှ ရောင်ပြန်ဟပ်နေသော ငွေရောင်အလင်းသည် သူ့အား ကုန်းမြေအဆုံးသို့ မမြင်ရစေရုံသာမက ရင်းနှီးကျွမ်းဝင်သော ခံစားချက်တစ်မျိုးလည်း ပေးစွမ်းနေခဲ့သည်။

"သွားကြစို့" စုမင် ညင်သာစွာပြောလိုက်သည်။ မတ်တပ်ထရပ်လိုက်သည့် ကျီချဲအားနောက်သို့လိုက်ပါမလာရန် လက်ကိုဝှေ့ယမ်းကာ အချက်ပြလိုက်ပြီး အပြင်သို့ လျှောက်လှမ်းထွက်လိုက်ရာ သူ့အပေါ်သို့ နှင်းများကျဆင်းလာခဲ့သည်။

ပိုင်စုသည် အားရကျေနပ်နေသော အမူအယာဖြင့် စုမင်နောက်မှ အလျင်အမြန်လိုက်ပါလာခဲ့သည်။ လွန်ခဲ့သော လအနည်းငယ်အတွင်း ထိုထူးဆန်းသောအိပ်မက်ထဲသို့ သူမအကြိမ်ကြိမ်ရောက်သွားခဲ့သည်။ သို့သော် ထိုအိပ်မက်များက မှုန်ဝါးနေပြီး ၎င်းတို့အထဲမှအများစုကို ရှင်းရှင်းလင်းလင်း မမြင်ရပါချေ။ စုမင် အတိတ်အချိန်တွင် တွေ့ဆုံးခဲ့သည့် သူမနှင့် ထပ်တူ တူညီနေသော ထိုမိန်းကလေးအကြောင်းကို သူမအမှန်တစ်ကယ်သိချင်နေခဲ့သည်။

ထိုအခိုက်အတန့်တွင်တော့ သူမ၏ သတိမဲ့သောလုပ်ရပ်က စုမင်နှင့် စစ်မာရှင်းတို့အကြား မာန်မျိုးစေ့တိုက်ပွဲကို အမြင့်တစ်ခုသို့ ရောက်ရှိသွားစေခဲ့မှန်း သူမ မသိခဲ့ချေ။

စစ်မာရှင်းသည် စုမင်၏နှလုံးသားထဲတွင် ပိုင်စု၏ပုံရိပ်ကို ချန်ထားချင်ပြီး သူမနှင့် ရင်းနှီးကျွမ်းဝင်မှုအား စုမင်နှလုံးသားထဲတွင် အတွေးများတိုးပွားဖြစ်ပေါ်လာရန် အသုံးပြုချင်ခဲ့သည်။ ထို့နောက်ပိုင်စုနှင့် သူ၏ဆက်ဆံရေးကို အသုံးချကာ ထိုအတွေးကို မာန်မျိုးစေ့အဖြစ် ပြောင်းလဲပစ်လိုက်ပေမည်။

စုမင်ကတော့ ထိူအရာနှင့် ဆန့်ကျင်ဘက်အတိုင်း ပြုလုပ်လိုခြင်းဖြစ်သည်။ သူသည် ပိုင်စုအား ပိုင်လင်းအဖြစ် လုံးဝပြောင်းလဲပစ်ချင်ခဲ့သည်။  သူ့စိတ်ဝိညာဉ်နှင့် နှလုံးသားတစ်ခုလုံးကို ထိုအရာထဲသို့ သွန်းလောင်းပြုလုပ်မည်ဖြစ်ပြီး သူထွက်သွားချိန်တွင်တော့ နေရာတစ်ခုအား ဖြတ်သန်းသွားသော လေကဲ့သို့

သဲလွန်စတစ်ခုတောင် ချန်ထားခဲ့လိမ့်မည်ဟုတ်ပေ။

***

All Chapters