← Chapters

စုမင် ၂

Vol. 22 Ch. 301

စုမင် ၂

Vol. 22 Ch. 301

အချို့လူများအတွက်တော့ လွင်ပြင်ကျယ်များအား ဖြတ်သန်းတိုက်ခတ်လာသည့် နှင်းမုန်တိုင်းအတွင်းမှလေသည် ပဲ့တင်ထပ်နေသော ငိုကြေးမြည်တမ်းသံ တေးတစ်ပုဒ်လိုပင်။ ပိုင်စုအတွက်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။ သူမသည် လည်ပင်းပတ်လည်မှ သားမွေးများကို တင်းတင်းဆွဲစိလိုက်ပြီး သူမအသက်ရှူလိုက်ချိန်တွင် အဖြူရောင်အာငွေ့များ ထွက်လာခဲ့သည်။

လေတိုးသံအား ငိုကြွေးမြည်တမ်းသံကဲ့သို့ သဘောမထားသူအချို့လည်းရှိသည်။ ထိုအစား သူတို့အတွက်တော့ လေတိုးသံသည် တစ်စုံတစ်ဦးသက်ပြင်းချနေသကဲ့သို့ပင် ဖြစ်သည်။

ထိုအရာက စုမင်ကြားနေရသည့်ပုံစံ ဖြစ်သည်။ သူ နှင်းများပေါ်တွင် နင်းဖြတ်၍ လျှောက်လှမ်းခဲ့သည်။ သူ့ခြေထောက်အောက်မှ တချွတ်ချွတ်မြည်သံနှင့် လေတိုးသံများကို နားထောင်ရင်း သူ ရှေ့ဆက်လျှောက်ခဲ့သည်။

သူတို့နှစ်ဦးသည် အလျင်အမြန်လျှောက်နေကြခြင်း မဟုတ်သလို တစ်ဦးနှင့်တစ်ဦးလည်း စကားမပြောခဲ့ချေ။ ဆီးနှင်းများကျနေသောကြားမှ အဝေးသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့ကြလေသည်။

လေပြင်းများနှင့်အတူ ဆီးနှင်းများက သည်းထန်စွာကျဆင်းနေခဲ့သည်။ ကောင်းကင်မှ တဖွဲဖွဲကျဆင်းနေသည့် နှင်းများသည် သူတို့ပုခုံးများ၊ ဆံပင်များနှင့် ခေါင်းပေါ်သို့ ကျရောက်နေခဲ့သည်။

"နင်... နင် အတိတ်တုန်းက နှင်းမုန်တိုင်းထဲမှာ သူမနဲ့အခုလိုမျိုး လျှောက်ခဲ့တာ ဟုတ်တယ်မလား" အချိန်အတော်ကြာပြီးနောက်တွင် ပိုင်စု၏နူးညံ့သော အသံက စုမင်နားထဲဝင်ရောက်လာခဲ့သည်။

"မင်း အဲဒီအကြောင်းကို သိချင်နေတုန်းပဲကို" စုမင်သည် မရပ်တန့်ခဲ့ပေ။ ဆက်လက်လျှောက်လှမ်းနေရင်း စကားပြောလိုက်ချိန်တွင် သူ့အသံက ညည်းတွားနေသကဲ့သို့ပင်ဖြစ်သည်။

"ငါ သိသင့်တယ်မဟုတ်ဘူးလား" ပိုင်စုသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် အမြန်လှမ်းကာ စုမင်ဘေးသို့လျှောက်သွားလိုက်ပြီး ခေါင်းလေးစောင်း၍ စုမင်အားလှည့်ကြည့်လိုက်သည်။

စုမင်က ခဏတာ တိတ်ဆိတ်နေခဲ့ပြီးမှ ညင်သာစွာပြောလာခဲ့သည်။ သူ့မျက်လုံးများထဲတွင်လည်း သတိရလွမ်းဆွတ်မှုများ ပေါ်လာခဲ့၏။ "လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက သူမနဲ့ငါ အခုလိုပုံစံမျိုးနဲ့ပဲ လျှောက်နေခဲ့တာ"

ပိုင်စုသည် ခေါင်းငုံ့လိုက်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။ "ငါတို့က တစ်ကယ်အရမ်းတူတာလား၊ သူမနဲ့ ငါ"

"တစ်ချို့အချက်လေးတွေကလွဲလို့ အရမ်းတူတယ်" စုမင်အသံက လေထဲသို့လွင့်မျောသွားခဲ့သည်။

"ဒီဟာလား" ပိုင်စု ရပ်တန့်၍ သူမရင်ဘတ်ထဲမှ ပစ္စည်းလေးနှစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် စုမင်ရှေ့မှာပင် ၎င်းတို့ကို သူမနား၌ ချိတ်ဆွဲလိုက်ချေသည်။ သူမထံသို့လှည့်ကြည့်နေသော စုမင်အား ပြန်ကြည့်လိုက်ပြီး ပိုင်စု၏နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။

ပိုင်စု၏ နားရွက်များတွင်ချိတ်ဆွဲထားသည့် နားကပ်တစ်စုံကိုမြင်သောအခါ စုမင် တုန်ယင်သွားရပြီး သူ့မျက်လုံးများထဲတွင်လည်း မိန်းမောတွေဝေသော အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုနားကပ်တစ်စုံသည် သူ့မှတ်ဉာဏ်များထဲရှိ ပိုင်လင်းနှင့်သာ သက်ဆိုင်သောအရာတစ်ခု ဖြစ်သည်။

နားကပ်များအား ဝတ်ဆင်လျက် ညအလင်းရောင်အောက်တွင် ရပ်နေသောပိုင်စုနှင့် သူတို့ကြားထဲတွင် လွင့်မျောကျဆင်းနေသော နှင်းများကြောင့် စုမင်စိတ်တို့ ဗလာဖြစ်သွားခဲ့ရသည်။ သူ့ဘဝအတွင်းရှိ လှပခဲ့ဖူးသော နှစ်များအတွင်း နက်မှောင်တောင်ခြေမှ အချိန်အခိုက်အတန့်လေးတစ်ခုအား ပြန်လည်ရောက်ရှိသွားသကဲ့သို့ပင်ဖြစ်သည်။

"စုမင် ငါနဲ့အတူ စက်ဝိုင်းပုံပတ်လျှောက်ပေးမယ်လို့ နင်မပြောခဲ့ဖူးလား..."

ပိုင်စု၏မျက်နှာပေါ်တွင် ရှက်ရွံ့ဟန်အမူအယာတစ်ခု ပေါ်လာခဲ့သော်လည်း စုမင်ကိုသာ တည့်တည့်ကြည့်နေခဲ့ပြီး သူမ ခေါင်းအား ငုံ့မပစ်ခဲ့ပေ။

သူမ ထိုစကားလုံးများကို ပြောလိုက်သောအခိုက်အတန့်တွင် နှင်းမုန်တိုင်းအတွင်းမှ စုမင်သည် အေးခဲသွားသည်ဟု သူမခံစားလိုက်ရသည်။ သူ့အကြည့်များသည်ပင် အေးခဲရပ်တန့်နေခဲ့ချေသည်။

စုမင် ဤကဲ့သို့ဖြစ်သွားသည်ကို မြင်သောအခါ ပိုင်စု သူမကိုယ်သူမ အလွန်အမင်း စိတ်ကျေနပ်သွားခဲ့သည်။ သူမ ဤနေ့အတွက် အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။

'နည်းနည်းလောက်ပဲ ထပ်ပြီး...'

ပိုင်စု သူမကိုယ်သူမ ကျေနပ်အားရနေစဉ်မှာပင် စုမင်သည် မျက်လုံးများကိုပိတ်ကာ သက်ပြင်းဖွဖွချလိုက်သည်။ နောက်တစ်ကြိမ် ပြန်ပွင့်လာချိန်တွင်တော့ သူ့မျက်လုံးများသည် တည်ငြိမ်နေခဲ့ပြီဖြစ်ကာ နောက်လှည့်၍ ရှေ့သို့ဆက်လျှောက်သွားတော့သည်။

ပိုင်စုမျက်လုံးများက ပြူးကျယ်သွားခဲ့သည်။ ထို့နောက် မကျေမနပ်ဖြင့် ခြေဆောင့်လိုက်ပြီးမှ စုမင်ထံသို့ အလျင်အမြန်ပြေးလိုက်လိုက်သည်။

ထိုအခိုက်အတန့်လေးမှာပင် ယာယီမျိုးနွယ်စု၏ ထောင့်တစ်နေရာတွင် တည်ဆောက်ထားသော တဲများကြားမှ ပိုမိုထူးကဲကောင်းမွန်သော တဲတစ်လုံးအတွင်းတွင် ထိုင်နေသော စစ်မာရှင်း၏မျက်လုံးများက ရုတ်တရက်ပွင့်လာခဲ့သည်။

သူ့မျက်လုံးများက အံ့အားသင့်ခြင်း အရိပ်အယောင်တစ်ခုဖြင့် တောက်ပနေခဲ့သည်။

'မှားစရာမရှိဘူး... အခုခဏလေးတင် ဖူးပွင့်လာတော့မယ့် မာန်မျိုးစေ့တစ်ခုကို ငါခံစားမိလိုက်တာပဲ။ အဲဒီ မာန်မျိုးစေ့က မျိုးနွယ်စုအလွန်မှာရှိတဲ့ ဆီးနှင်းလွင်ပြင်တွေဆီကပဲ... အဲဒီမာန်မျိုးစေ့ရဲ့ အတက်အကျက အရမ်းသန်မာလွန်းလို့ ငါ့ရဲ့ အရင် မာန်ကလေးငယ်တွေဆီကဟာထက် ကျော်လွန်နေတယ်။ အဲလူက သေချာပေါက်စုမင်ပဲ'

'ပိုင်စု ငါအောင်မြင်မလား၊ ကျရှုံးမလားဆိုတာကတော့ အခုမင်းအပေါ်မှာ လုံးလုံးမူတည်သွားပြီ...'

စစ်မာရှင်းသည် မူလကတော့ စုမင်ထံ၌ မာန်မျိုးစေ့စိုက်ပျိုးရန် ပိုင်စုအားအသုံးချနေခြင်းအပေါ် လက်လျှော့လိုက်တော့မလို့ပင် ဖြစ်သည်။ ထိုအရာက အောင်မြင်ရန် အလွန်ခက်ခဲလိမ့်မည်ဟု သူတွေးထားခဲ့သဖြင့် ကျီချဲနှင့် ဖြစ်ရပ်ကို အစပျိုးခဲ့ပြီး မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုအား သုံး၍ စုမင်ကိုသတ်ချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းကိစ္စသည်

ထိုပုံစံမျိုးဖြင့် အဆုံးသတ်သွားလိမ့်မည်ဟုတော့ သူထင်မထားမိခဲ့ချေ။

ပိုင်စုအတွက်တော့ စစ်မာရှင်းသည် သူမအပေါ် အလွန်နောင်တရပြီး မုန်းတီးမှုကို ခံစားရသော်လည်း သူမကိုအပြစ်မလုပ်ဝံ့ပေ။ အဆုံးတွင်တော့ အေးခဲကောင်းကင်လှိုဏ်ဂူထဲသို့ ဝင်ရန် သူမအကူအညီကို လိုအပ်နေဆဲပင်ဖြစ်သည်။ အချိန်တစ်ချို့ကုန်ဆုံးသွားပြီး ထိုအကြောင်းနှင့်ပက်သက်၍ သူမည်သည့်သတင်းမှ မရခဲ့သော်လည်း ထိုသတင်းမရခြင်းကပင် သူ့အတွက် မျှော်လင့်ချက်တစ်မျိုး ဖြစ်နေချေသည်။

အကာ်၍ ကောင်းကင်မြူခိုးလူရိုင်းအမဲလိုက်ပွဲ မတိုင်ခင် သူ အေးခဲကောင်းကင်လှိုဏ်ဂူဝင်ခွင့်ကို မရသေးပဲ စုမင်သည်လည်း သူ့မာန်ကလေးငယ် ဖြစ်မလာခဲ့သေးလျှင်တော့ အရင်ဆုံးအနေဖြင့် ရှာမန်တို့၏ ဦးခေါင်းများကို ရရှိရန် ကောင်းကင်မြူခိုင်းလူရိုင်းအမဲလိုက်ပွဲတွင် ပါဝင်မည်ဟု သူမူလက စဉ်းစားထားခဲ့ခြင်းဖြစ်သည်။

အကယ်၍ သူ ၎င်းတို့အထဲမှ တစ်ခုကိုအောင်မြင်ခဲ့လျှင်တော့ တိုက်ပွဲသို့ပါဝင်လိမ့်မည် မဟုတ်ပေ။ ထိုအစား ကောင်းကင်ဘုံတံခါးဝသို့ ဝင်ရောက်ရန် ပြင်ဆင်မှုများ ပြုလုပ်ခြင်းတွင်သာ သူအာရုံစိုက်ထားတော့မှာ ဖြစ်သည်။ ဤည ဖြစ်ပေါ်သွားသော မာန်မျိုးစေ့ဖူးပွင့်လာမည့် လက္ခဏာရပ်များသည် စစ်မာရှင်း၏ နှလုံးသားကို ပျော်ရွှင်မှုဖြင့် ခုန်ပေါက်သွားစေသည်။

သူ မတ်တပ်ထရပ်ကာ တဲရွက်များကို ပင့်တင်လိုက်သည်။ အဝေးရှိလောကကို လှမ်းကြည့်လိုက်မိသည်နှင့် သူ့မျက်လုံးများအတွင်း စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ ပေါ်လာခဲ့သည်။

"ပိုင်စု မင်းက ငါရည်မှန်းထားတဲ့ ဇနီးပဲ။ မင်းသာ ငါ့ကိုဒီကိစ္စ ဖြစ်ပျက်လာအောင် ကူညီပေးရင်၊ ငါမင်းကို လက်ထပ်ပါ့မယ်လို့ ငါအခုချက်ချင်းကျိန်ရဲတယ်" စစ်မာရှင်းသည် တီးတိုးရေရွတ်ကာ လက်သီးများကို တင်းတင်းဆုပ်လိုက်မိ၏။ အကြိမ်အနည်းငယ်ခန့် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်လိုက်ပြီးမှသာ နှင်းပြင်ပေါ်သို့ နောက်တစ်ကြိမ်ပြန်ထိုင်ချလိုက်သည်။

နှင်းမုန်တိုင်းအတွင်း၌ စုမင်သည် ဆီးနှင်းလွင်ပြင်ပေါ်၌ ဆက်လျှောက်နေခဲ့သည်။ ပိုင်စုသည် သူ့အားလိုက်မီလာခဲ့သော်လည်း မကျေနပ်မှုကို ခံစားနေရဆဲ ဖြစ်ပြီး သူမခေါင်းထဲတွင် အတွေးများစွာတွေးလျက် ရံဖန်ရံခါဆိုသလို စုမင်အား ဒေါသတကြီးစိုက်ကြည့်လာတတ်သည်။

ထိုအခိုက်အတန့်တွင် သိပ်မဝေးသောနေရာရှိ မျိုးနွယ်စုအတွင်း တစ်နေရာတွင် စစ်မာရှင်းသည် ငေးကြည့်နေခဲ့ပြီး စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့ကြောင်းကိုတော့ သူမ မသိခဲ့ပေ။

အချိန်များ ကုန်လွန်လာခဲ့ပြီး မကြာမီမှာပင် ညသန်းခေါင်အချိန်သို့ ရောက်ရှိလာခဲ့သည်။ ကောင်းကင်မှကျဆင်းနေသော ဆီးနှင်းများကြောင့် လရောင်က ဖြာကျနေခဲ့သည်။

"နောက်ကျနေပြီ။ မင်းတစ်ခြားလုပ်စရာမရှိတော့ရင် ပြန်ကြရအောင်" စုမင်၏ ခြေလှမ်းမျက ရပ်တန့်သွားပြီး ပိုင်စုအား ပြန်လှည့်ကြည့်လာခဲ့သည်။

ပိုင်စုက တိတ်ဆိတ်ငြိမ်သက်နေပြီး စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။

လေပြင်းနှင့် ဆီးနှင်းများ တိုက်ခတ်နေရင်းမှပင် စုမင် သူမူလ လျှောက်လှမ်းလာခဲ့သည့် လမ်းကြောင်းသို့

ပြန်လျှောက်လိုက်သည်။

"စုမင်" ပိုင်စုသည် ထိုနေရာတွင်သာရပ်နေရင်းမှ စုမင်နာမည်ကို ရုတ်တရက်  ခေါ်လာခဲ့သည်။

စုမင် ပြန်လှည့်ကြည့်လာသည့်အခိုက်အတန့်မှာပင် သူမသည် ရှေ့သို့အလျင်အမြန် လျှောက်သွားလိုက်ပြီး

စုမင်အား သိုင်းဖက်လိုက်ကာ သူမခေါင်းကို စုမင်ရင်ခွင်ထဲသို့ တိုးဝင်နှစ်မြုပ်ထားလိုက်လေသည်။ စုမင် ခဏတာငြိမ်သက်နေမိပြီးနောက် သူ့လက်များကိုမြှောက်၍ ပိုင်စုပုခုံးတို့ကို အသာအယာဆုပ်ကိုင်လိုက်သည်။

ပိုင်စုက သူ့အားမော့ကြည့်လာခဲ့၏။ သူ့အားငေးကြည့်နေသော သူမမျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးနေသော အကြည့်တစ်ခုနှင့် ဖော်ပြ၍မရနိုင်သည့် ဖုံးကွယ်ထားသောရည်ရွယ်ချက်တစ်ခု ရှိနေခဲ့သည်။

"ပြောစမ်းပါ... ငါတို့ နှင်းတွေထဲမှာ ဒီလိုမျိုးလေး ဆက်လျှောက်သွားမယ်ဆိုရင်... ငါတို့ ဆံပင်တွေဖြူသွားတဲ့အထိ... လျှောက်လှမ်းနိုင်ကြမှာလားဟင်..." ပိုင်စုအသံက ညင်သာတိုးညှင်းစွာ ထွက်ပေါ်လာခဲ့ပြီး သူမအသံသည် နှစ်ပရိစ္ဆေဒများစွာ ဖြတ်သန်းလာသကဲ့သို့ပင်။ ထိုစကားများကို ကြားလိုက်ရသောအခါ၊ စုမင်မျက်လုံးများထဲ၌ ဝမ်းနည်းပူဆွေးမှုများ ဖြစ်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် မျိုးနွယ်စုအစွန်ရှိ တဲအတွင်း၌ထိုင်နေသော စစ်မာရှင်းသည်လည်း တုန်ရီသွားခဲ့၏။ သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာခဲ့ပြီး အလွန်တောက်ပလွန်းသဖြင့် လရောင်ခြည်အလင်းဖြင့်ပင် နှိုင်းယှဉ်နိုင်လေသည်။

သူ့နှလုံးသားသည် ရင်ဘတ်မှ ပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်နေသည်။ အဝေးရှိဆီးနှင်းလွင်ပြင်ထဲမှ သန်မာစွာကြီးထွားလာနေသည့် မာန်မျိုးစေ့၏ အရှိန်အဝါကို သူခံစားမိသည်။ နောက်ထပ်နည်းနည်းလောက်သာဆိုလျှင် ထိုအရာက လုံးဝပြီးပြည့်စုံသွားပေလိမ့်မည်။

၎င်းခံစားချက်သည် သူ့အားစိတ်လှုပ်ရှားစေရုံသာမက ကောင်းကင်သို့မော့၍ ကျယ်လောင်စွာ ရယ်မောပစ်လိုက်ချင်သည် အထိပင်ဖြစ်သည်။

'စုမင် စုမင် မင်းက တစ်နေ့ထက်တစ်နေ့ သန်မာကောင်း သန်မာလာလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးလွန်းနေတယ်။ ပိုင်စုရဲ့နှလုံးသားက အမြဲတမ်းငါနဲ့အတူ ရှိနေမှာပဲ။ ငါတောင်းဆိုလိုက်တာနဲ့ သူမက ငါ့ဆန္ဒတွေကို ဖြည့်ဆည်းပေးလိမ့်မယ်'

'မင်းက ငါ့မာန်ကလေးငယ်အဖြစ်သာ အဆုံးသတ်သွားရမှာပဲ' စစ်မာရှင်းသည် အဝေးရှိဆီးနှင်းလွင်ပြင်များထံသို့ စိတ်လှုပ်ရှားစွာငေးကြည့်လိုက်ပြီး စောင့်ဆိုင်းနေလိုက်သည်။

ဆီးနှင်းလွင်ပြင်ပေါ်တွင်တော့ စုမင်သည် ပိုင်စုအသံအား ကြားယောင်ရင်းဖြင့် သူမကိုငေးကြည့်နေခဲ့မိသည်။ သူ့မျက်လုံးအတွင်းရှိ ဝမ်းနည်းမှုများက ပိုမိုသန်မာလာသဖြင့် မျက်လုံးများကို တိတ်ဆိတ်စွာမှိတ်ချလိုက်သည်။

ပိုင်စုမျက်နှာပေါ်ရှိ စိတ်ရှုပ်ထွေးနေသောအမူအယာက ပိုမိုထင်ရှားလာသည်။ စုမင်အား ငေးကြည့်နေရင်းဖြင့်

သူမထံတွင် တွန့်ဆုတ်မှုနှင့် မသေချာမရေရာမှုများ ဖြစ်ပေါ်လာခဲ့သည်။

"ဒါကို အဆုံးသတ်ကြရအောင် ပိုင်စု။ မင်းက သူမ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ထပ်ပြီးခက်ခဲအောင်လုပ်မနေနဲ့တော့" စုမင်၏ အက်ကွဲနေသောအသံက သူမနားထဲသို့ ဝင်ရောက်လာခဲ့သည်။

စုမင်၏ ပြန်ပွင့်လာသော မျက်လုံးများထဲတွင် ဝမ်းနည်းပူဆွေးမှုများအပြင် သနားကရုဏာသက်ခြင်းများကို တွေ့မြင်နိုင်လေသည်။ စုမင် ညာလက်ကို မြှောက်လိုက်သောအခါ သူ့လက်ဖဝါးထဲတွင် လက်အပြည့်နှင်းများရှိနေခဲ့ချေသည်။

"ဒါတွေကို မင်းလက်ထဲမှာဆုပ်ကိုင်ထားပြီး အရည်ပျော်သွားပါစေ။ နှင်းတွေက ရေဖြစ်သွားရင်တောင်

မင်းကတော့ မင်းပဲ ဖြစ်နေဦးမှာ။ မင်းက သူမ မဟုတ်ဘူး"

စုမင်၏ လက်ဖဝါးအတွင်းမှ နှင်းများထံ ပိုင်စုဗလာဟင်းလင်း ငေးကြည့်လိုက်မိသည်။ အချိန်အတော်ကြာပြီးနောက်တွင် သူမကိုယ်တိုင်တောင်မသိသော အကြောင်းအရင်းတစ်ခုကြောင့် သူမသည် သဘာဝလွန်စွမ်းအားအချို့၏ ထိန်းချုပ်ခံလိုက်ရသကဲ့သို့

တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။

"ကျွန်မတို့ ကတိကို မှတ်မိသေးလား၊ စုမင်..."

သူမ ထိုစကားများ ပြောလိုက်သည့်အခိုက်အတန့်မှာပင် စုမင်လက်က သိသိသာသာ တုန်ယင်သွားခဲ့သည်။

"ဒါပေမယ့် ရှင်... ကတိမတည်ခဲ့ဘူး..." ပိုင်စုသည် တီးတိုးရေရွတ်လိုက်ပြီး နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်၍ စုမင်ကိုငေးကြည့်လိုက်သည်။

စုမင်လက်ဖဝါးအတွင်းရှိ နှင်းများက အရည်ပျော်သွားခဲ့ချေပြီ။ သူ ပိုင်စုကိုငေးကြည့်လိုက်ပြီး မပီမသအပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်ပြလိုက်မိသည်။

စုမင်၏ ထိုအပြုအမူကိုမြင်သောအခါ ပိုင်စုသည် သူမနှလုံးသား၌ စူးရှသောနာကျင်မှုတစ်ခုကို ရုတ်တရက်ခံစားလိုက်ရပြီး စုမင်ကိုဆက်လက် ရင်မဆိုင်နိုင်တော့ချေ။ နောက်သို့ ဒယိမ်းဒယိုင်ဆုတ်သွားခဲ့ပြီး သူမမျက်လုံးများအတွင်း စုမင်အားမမြင်ရတော့သည်အထိ အဝေးသို့ တစ်ဖြည်းဖြည်း ထွက်သွားခဲ့သည်။

မျိုးနွယ်စုအတွင်းတွင် စစ်မာရှင်း၏ရယ်မောသံက လေထဲသို့ထွက်ပေါ်လာခဲ့သည်။ သူသည် စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်တော့ပဲ ပျော်ရွှင်ကျေနပ်နေသော အမူအယာဖြင့် မတ်တပ်ထရပ်လိုက်သည်။ ဆီးနှင်းလွင်ပြင်ထံမှ မာန်မျိုးစေ့သည် အောင်မြင်စွာဖွဲ့စည်းသွားခဲ့ပြီဖြစ်ကြောင်း သူခံစားမိခဲ့သည်။ သူနှင့် ထိုမျိုးစေ့ကြားမှ အားပျော့သော ဆက်သွယ်မှုတစ်ခုကိုပင် ခံစားရလေသည်။ ထိုဆက်သွယ်မှုက သူ့အား မာန်မျိူစေ့၏ သေခြင်း၊ရှင်ခြင်းကိုအတွေးတစ်ချက်တည်းဖြင့်ပင် ဆုံးဖြတ်၍ရသည်ဟူသော ခံစားချက်ကိုပေးစွမ်းနေခဲ့သည်။

'စုမင်၊ စုမင် နောက်ဆုံးတော့ မင်းက ငါ့မာန်မျိုးစေ့အဖြစ် အဆုံးသတ်ရတာပါပဲ' စစ်မာရှင်းသည် ကျယ်လောင်စွာ ရယ်မောရင်း တဲအတွင်းမှထွက်ကာ ဆီးနှင်းလွင်ပြင်များထံ ဦးတည်သွားလိုက်ချေသည်။ ယခုအချိန်၌ စုမင်ဘယ်လိုပုံဖြစ်နေမလဲဆိုသည်ကို သူ့ကိုယ်ပိုင်မျက်လုံးများဖြင့် တွေ့မြင်ချင်၏။

ထိုနေရာသို့သွားရာလမ်းတွင် ပိုင်စုသည် ဝိညာဉ်ပျောက်ဆုံးသွားသူကဲ့သို့ ဒယိမ်းဒယိုင်လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသဖြင့် စစ်မာရှင်းတစ်ယောက် ရုတ်ခြည်း ရပ်တန့်သွားမိလေသည်။ ထို့နောက် သူသည် ဝမ်းသာပျော်ရွှင်မှုများနှင့်အတူ ပိုင်စုထံ လျှောက်သွားလိုက်သည်။

"စုအာ၊ မင်းကို ပင်ပန်းအောင်လုပ်ခဲ့မိလို့ စိတ်မကောင်းပါဘူး" စစ်မာရှင်းသည် ပိုင်စုကို ပွေ့ဖက်ရန်ပြင်လိုက်သော်လည်း သူမက သူ့ရင်ခွင်နှင့်ဝေးရာသို့ အလိုလိုရွှေ့သွားခဲ့သည်။ စိတ်ရှုပ်ထွေးနေသော အမူအယာတစ်ခုနှင့် သူမက တိတ်ဆိတ်ငြိမ်သက်နေခဲ့ချေသည်။

"မူလတုန်းကတော့ ငါ့ရဲ့ မာန်ကလေးငယ်အသစ် စုမင်နဲ့ သွားတွေ့ချင်ခဲ့တာ။ ဒါပေမယ့် မင်းက သူ့ထက်ပိုအရေးကြီးတယ်။ ငါ မင်းဘေးမှာပဲနေပြီး သူ့ကို ငါတို့ဆီ လာနှုတ်ဆက်ခိုင်းရမှာပေါ့"

စစ်မာရှင်းသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် ထိုအချိန်တွင်ဖြစ်ပျက်နေသော ပိုင်စုအမူအယာကို စိတ်ထဲထည့်မနေတော့ပေ။ ထိုအစား သူ့စိတ်ထဲတွင်တော့ မာန်မျိုးစေ့အား သူတို့ထံသို့လာတွေ့ရန် အမိန့်ပေးလိုက်လေသည်။

သို့သော် အမိန့်ပေးလိုက်သည့် အခိုက်အတန့်မှာပင် စစ်မာရှင်း၏ အမူအယာက တစ်ဖြည်းဖြည်း စတင်ပြောင်းလဲသွားခဲ့သည်။ ပျော်ရွှင်စိတ်လှုပ်ရှားနေမှုတစ်ဆင့် မသေချာမရေရာမှု၊ ထိုမှတစ်ဆင့် စိတ်ရှုပ်ထွေးမှုများနှင့်အတူ သူ့အမူအယာက ရုတ်တရက်ပင် အပြင်းအထန် ပြောင်းလဲသွားတော့သည်။

စုမင်သည် နှင်းများကျဆင်းနေသော ကောင်းကင်အားမော့ကြည့်လျက် ဆီးနှင်းပြင်ပေါ်တွင်ထိုင်နေခဲ့သည်။ သူ့မျက်နှာပေါ်တွင်တော့ ဝမ်းနည်းပူဆွေးမှုအရိပ်အမြွက်တောင် ရှိမနေတော့ပဲ ရေတွင်းဟောင်းတစ်ခုအတွင်းမှ ရေသေကဲ့သို့ အေးဆေးတည်ငြိမ်မှုများသာ ရှိနေတော့ချေသည်။ သူ ခေါင်းကို အသာအယာခါယမ်းလိုက်သည်။

"ပိုင်လင်း ငါသူမကို အခွင့်အရေးတစ်ခုပေးခဲ့တယ်။ အဲဒါက သူမရဲ့ရွေးချယ်မှုပဲ... အခုကစလို့ သူမက မင်းနဲ့ဘယ်လောက်တူတူ၊ အရမ်းတူလွန်းလို့ မင်းအဖြစ် ပြောင်းလဲသွားခဲ့ရင်တောင် သူမက ငါ့နှလုံးသားအပေါ် သက်ရောက်မှုရှိနိုင်တော့မှာ မဟုတ်ဘူး..."

"ငါ့နှလုံးသားရဲ့... ပထမဆုံးအပြောင်းအလဲနဲ့အတူ အဲဒါက ပြီးဆုံးသွားခဲ့ပြီ"

စုမင်သည် ခေါင်းငုံ့လိုက်ပြီး ညာလက်ကိုဝှေ့ယမ်းလိုက်ရာ ပုံဆွဲကားချပ်တစ်ခု ပေါ်လာခဲ့သည်။ အပြောင်းအလဲ စတင်ခဲ့ချိန်မှစ၍ ယခုအချိန်အထိ သူပထမဆုံးအကြိမ်အဖြစ် ပုံဆွဲကားချပ်ကို တစ်ဖက်သို့ပြန်လှည့်လိုက်ပြီး သူဆွဲသားထားခဲ့သည့် ခြေထောက်အောက်ရှိ မြက်ပင်များနှင့် ညိတွယ်နေသော သူ့ပုံကိုသူ ပြန်ကြည့်လိုက်သည်။ စုမင်မျက်လုံးများထဲတွင်တော့ ပုံဆွဲကားချပ်ပေါ်ရှိ ရုပ်ပုံက... ပြောင်းလဲသွားခဲ့ချေပြီ။

ပုံထဲရှိ သူသည် ခြေထောက်ကိုမြှောက်လိုက်ပြီး သူ့ခြေထောက်အောက်ရှိ မြက်များသည်လည်း လွတ်လပ်စွာ လှုပ်ရှားနေကြချေသည်။ ထို့နောက်တွင်တော့ သူသည် ၎င်းတို့အပေါ်မှ လေပြင်းတစ်ခုသဖွယ် ဖြတ်လျှောက်သွားပြီး နောက်တွင် မည်သည့်သဲလွန်စကိုမှ ချန်မထားရစ်ခဲ့ပေ...

ပန်းချီကား ပြောင်းလဲသွားသည်နှင့် စုမင်ထံမှလည်း အသွင်ပြောင်းလဲခြင်း၏ ထူးခြားသောလက္ခဏာ အရှိန်အဝါများ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။ သူ့ဆံပင်များက လေထဲတွင် လွင့်မျောသွားပြီး သူ့မျက်လုံးများထဲတွင် ကမ္ဘာပေါ်ရှိအရာများအား ဖြတ်သန်းတွေ့ကြုံခဲ့ရသကဲ့သို့ အိုမင်းရှေးကျသည့်အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိနှင်းများသည်လည်း သူ့ထံ ရွေ့လျားလာသည့်ပုံ ပေါ်လာခဲ့သည်။

ပထမဆုံးအကြိမ်အဖြစ် သူ့ကိုယ်ပေါ်ရှိ နက်မှောင်တောင်နှင့် သွေးလွှမ်းလရုပ်ပုံထဲတွင်လည်း၊ နှင်းများ စတင်ကျဆင်းလာခဲ့ချေသည်...

ဆီးနှင်းများ၏ ရုပ်ပုံက သွေးလွှမ်းလနှင့် နက်မှောင်တောင်တို့ကို ဖုံးလွှမ်းသွားခဲ့ချေပြီ။

***

All Chapters