ဒုတိယသခင်လေး
Vol. 22 Ch. 302
စုမင်ခန္ဓာကိုယ်ပေါ်ရှိ မာန်အမှတ်အသားတွင် ဆီးနှင်းများပေါ်လာသည်နှင့် အသွင်ပြောင်းလဲမှု၏ အရှိန်အဝါကလည်း ပိုမိုသန်မာလာခဲ့သည်။ စုမင်၏ ဝတ်ရုံများအောက်ရှိ မာန်အမှတ်အသားသည် အသက်ဝင်လာသကဲ့သို့ သူ့ခန္ဓာကိုယ် တစ်ခုလုံးတွင် စတင်လှုပ်ရှားလာကြသည်။ စုမင်ခန္ဓာကိုယ်အတွင်းမှ လေပွေတစ်ခု ပျံ့နှံ့ထွက်ပေါ်လာပြီး သူ့ပတ်ဝန်းကျင်ရှိ ဆီးနှင်းများအား အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားစေသည်။
စုမင်ဆံပင်များသည် လေမတိုက်ပါပဲလျက် လှုပ်ရှားသွားပြီး တစ်ဖြည်းဖြည်းဖြင့် သူ့ဆံပင်အနက်ရောင်များသည် ခရမ်းရောင်အဖြစ် စတင်ပြောင်းလဲလာကြသည်။ အဖြူရောင်နှင်းများနှင့်ယှဉ်လျှင် ခရမ်းရောင်အရိပ်သည်
ဖော်ပြ၍ မရနိုင်သည့် ထူးခြားဆန်းကြယ်မှုတစ်ခုနှင့်အတူ
ဆွဲဆောင်မှုရှိသည့် ညှို့ဓာတ်ပါသော ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့သည်။
စုမင်မျက်နှာပေါ်ရှိ တောင်ထိပ်ငါးခုပါ နက်မှောင်တောင်ကြီးသည် ဆေးမင်ကြောင်တစ်ခုသဖွယ် မှိန်ဖျော့ဖျော့အလင်းတစ်ဖြာ ထုတ်လွှတ်လာပြီး သူ့ရင်ဘတ်ပေါ်မှ နက်မှောင်တောင်အောက်ခြေရှိ မျိုးနွယ်စုအတွင်းတွင်ရှိသော အိမ်များ၊ သစ်ပင်များ၊ မြက်များပေါ်တွင်လည်း ဆီးနှင်းအလွှာတစ်ခု စုဝေးလာခဲ့သည်။
မာန်အမှတ်အသားအတွင်းရှိ ကောင်းကင်မှ သွေးလွှမ်းလလည်း ထွက်ပေါ်လာခဲ့သည်။ ထိုသွေးလွှမ်းလက စုမင်၏ညာမျက်လုံးပင်ဖြစ်သည်။ ထိုအချိန်တွင် စုမင်၏မျက်လုံးနှစ်ဘက်လုံးက ပိတ်ထားခဲ့သည်ဆိုသော်ငြား သူ့ညာမျက်လုံးအတွင်းမှ တောက်ပလာသည့် အနီရောင်အလင်းကိုတော့ ဖုံးကွယ်မထားနိုင်ခဲ့ပေ။
မာန်အမှတ်အသားထဲတွင် နှင်းများစတင်ကျဆင်းလာခဲ့ပြီး ၎င်းတို့က အစစ်အမှန်ကဲ့သို့ပင်။ ၎င်းတို့သည် စုမင်၏အမှတ်အသားထဲတွင် အစတည်းက ရှိခဲ့သော်လည်း စုမင်သည် ယခုမှသာ ၎င်းတို့ကိုလက်ခံရရှိ၍ ထွက်ပေါ်လာသကဲ့သို့ပင်ဖြစ်သည်။
မာန်အမှတ်အသားထဲတွင် နှင်းများပေါ်လာပြီး သွေးလွှမ်းလနှင့် နက်မှောင်တောင်တို့အား ဆီးနှင်းဖုံးလွှမ်းနေသည့် ရုပ်ပုံ ဖြစ်ပေါ်လာချိန်တွင် စုမင်မျက်လုံးများ ပြန်ပွင့်လာခဲ့သည်။ မျက်လုံးများပွင့်လာသည်နှင့် သူ့ညာမျက်လုံးအတွင်းရှိ သွေးလွှမ်းလထံမှ သန်မာသောအရှိန်အဝါတစ်ခု တိုးထွက်လာသည်။ စုမင်သည် လက်များကို ဘေးသို့ဖြန့်ကားလိုက်သည်။
"နက်မှောင်တောင်" စုမင် တီးတိုးရေရွတ်လိုက်ပြီး သူ့အသံက ဆီးနှင်းနှင့် လေပြင်းများ၏ အသံတို့ဖြင့်ရောနှောသွားသည်။ မည်သူကမှ သူ့စကားများကို ရှင်းရှင်းလင်းလင်း မကြားနိုင်သော်လည်း သူ့အသံထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် သူ့အထက်ရှိ ကောင်းကင်သည် စတင်၍ တွန့်လိမ်ပုံပျက်လာပြီး စုမင်၏ မှတ်ဉာဏ်များအတွင်းမှ ဧရာမတောင်ကြီးက ကောင်းကင်တွင် ထွက်ပေါ်လာခဲ့သည်။
၎င်းသည် ခမ်းနားထည်ဝါသော တောင်ထိပ်ငါးခုပါ တောင်ကြီးဖြစ်သည်။ တောင်ထွတ်ငါးခုသည် လေဟာနယ်ကို ထိုးခွဲဖြတ်ကျော်လိုဟန်ဖြင့် ဖြန့်ကားထားသော လူ့ဘီလူးကြီးတစ်ကောင်၏ လက်မှ လက်ငါးချောင်းကဲ့သို့ပင်ဖြစ်သည်။
ဤတစ်ကြိမ်တွင်တော့ ထင်ရှားလာသော နက်မှောင်တောင်ရုပ်ပုံကြီးသည် မယုံနိုင်လောက်အောင်ပင် အစစ်အမှန်တစ်ခုနှင့်တူနေပြီး ပုံရိပ်ယောင်တစ်ခုဖြစ်သည်ဟူသော အရိပ်အယောင်တစ်ခုတောင် မတွေ့ရပေ။ ၎င်းသည် ဤနေရာတွင် အစတည်းက တည်ရှိနေသကဲ့သို့ပင် ဖြစ်သည်။
နက်မှောင်တောင် ပေါ်လာသောအခါ ဝမ်းနည်းပူဆွေးမှုတစ်ခုသည် စုမင်ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ ထိုဝမ်းနည်းမှု ရောက်ရှိသွားသောနေရာတိုင်းတွင် လေပြင်းနှင့် ဆီးနှင်းများရပ်တန့်သွားသည်။ ၎င်းဖြတ်သန်းသွားသော နေရာတိုင်းတွင် မြေပြင်ကတုန်ခါသွားသည်။ ၎င်းပျံ့နှံ့သွားသော အရပ်မျက်နှာတိုင်းတွင် ရာသီဥတုများပြောင်းလဲသွားသည်။
သိပ်မဝေးသောနေရာရှိ အနောက်ပိုင်းပင်လယ်ကလန်မှ လေလံပွဲအတွက် တည်ဆောက်ထားသော မျိုးနွယ်စုထဲတွင် မြေပြင်ထက်တွင် ဓားများစိုက်ထူထားသကဲ့သို့ ဓား-သင်္ဘောပေါင်းစပ်ပုံစံ အဆောက်အဦး တစ်ဒါဇင်ကျော်ရှိသည်။ ၎င်းတို့တစ်ခုစီတိုင်း၏ အတွင်းတွင် လူအိုကြီးများ များစွာထိုင်နေခဲ့သည်။
သို့သော် ထိုအခိုက်အတန့်လေးမှာပင် လူအိုကြီးများအားလုံးသည် မျက်လုံးများကိုဖွင့်၍ စုမင်ရှိနေသော နေရာဆီသို့ တောက်ပနေသောအကြည့်များဖြင့် လှမ်းကြည့်လိုက်ကြချေသည်။
"ဘာ မာန်အမှတ်အသားကြီးလဲ"
"အဲဒီ ကလေးကဘယ်သူလဲ"
"စစ်မာရှင်းရဲ့ တပည့်လား..."
"အဲဒါက သာမန်တောင်တန်းအမှတ်အသားလေး တစ်ခုပဲကို သူက ရာသီဥတုကို ဒီလိုပြောင်းလဲသွားစေတယ်... ကြည့်ရတာတော့ အဲဒီမာန်အမှတ်အသားက သေချာပေါက်ကို မြင်နေရသလို မရိုးရှင်းလောက်ဘူး။ တစ်ခြား တစ်ခုခုရှိရဦးမယ်"
ဓား-သင်္ဘောအဆောက်အဦး တစ်ခုစီတိုင်းထံမှ ဒါဇင်ကျော် နတ်ဘုရားစိတ်ဆန္ဒများ ထွက်ပေါ်ပျံ့နှံ့လာသည်။ စုမင်၊လုပ်ရပ်များသည် အေးခဲကောင်းကင်၏ နယ်မြေထဲသို့ရောက်လာကြသော အနောက်ပိုင်းပင်လယ်ကလန်မှ အစွမ်းထက်မာန်စွမ်းအားရှင်များ၏ အာရုံကိုဖမ်းစားသွားခဲ့သည်။
"တိတ်ကြစမ်း" ထိုလူများသည် နတ်ဘုရားစိတ်ဆန္ဒများကို သုံး၍ အချင်းချင်းဆက်သွယ်ပြောဆိုနေကြချိန်တွင် အခြားမည်သူမှမကြားနိုင်ပဲ သူတို့သာ ခံစားမိသည့် အေးစက်စက်နတ်ဘုရားစိတ်ဆန္ဒတစ်ခုသည် သူတို့စိတ်ထဲသို့ မုန်တိုင်းတစ်ခုသဖွယ် ဝင်ရောက်ရိုက်ခတ်သွားခဲ့သည်။
"အဲဒါက ရုပ်နယ်လွန်နယ်ပယ်က ကလေးငယ်လေးတစ်ယောက်ရဲ့ သာမန်မာန်အမှတ်အသားတစ်ခုပဲကို မင်းတို့က ဒီလိုဖြစ်နေကြတယ်လား"
"မင်းမှားနေပြီ ကလန်အကြီးအကဲဟိုင်။ ဒီကလေးက စစ်နတ်ဘုရားတစ်ယောက်ဆိုတာ မင်းမြင်ခဲ့ပြီးသားဖြစ်မှာပါ။ ပြီးတော့ သူ့အမှတ်အသားကလည်း သေချာပေါက်ကို ရှုပ်ထွေးတဲ့အမျိုးအစားပဲ။ သူက အခုတောင်တန်းအမှတ်အသားကိုပဲ ထုတ်ပြသေးပေမယ့် အမှတ်အသားရဲ့ သက်ရောက်မှုက ထိတ်လန့်ဖို့ကောင်းနေပြီ။ ဒီလိုအရည်အချင်းမျိုးနဲ့ ထူးချွန်တဲ့ကလေးကတောင်... မင်းရဲ့အာရုံစူးစိုက်မှုနဲ့ မထိုက်တန်သေးဘူးလား"
ဧရိယာတစ်ခုလုံးအား ထိုအေးစက်စက် နတ်ဘုရားစိတ်ဆန္ဒ ပျံ့နှံ့ပြီးသွားသည်နှင့် ၎င်းနှင့် အဆင့်တူတူလောက်တွင် ရှိနေသည့် အခြားနတ်ဘုရားစိတ်ဆန္ဒတစ်ခုသည် ဓား-သင်္ဘောအဆောက်အဦးတစ်ခုထဲမှ ထပ်မံထွက်ပေါ်လာခဲ့သည်။
အေးစက်စက် နတ်ဘုရားစိတ်ဆန္ဒသည် 'ဟမ့်'ခနဲ အေးစက်စက်လှောင်ပြောင်သံတစ်သံ ပြုလုပ်လိုက်သည်။
"အဲဒါက ရှုပ်ထွေးရင်တောင်... ဟမ်" သို့သော် ထိုနတ်ဘုရားစိတ်ဆန္ဒသည် စကားဆုံးအောင်မပြောနိုင်ခင်မှာပင် သူ့စကားများက အံ့အားသင့်မှုကြောင့် ရပ်တန့်သွားခဲ့သည်။
သူ့အံ့အားသင့်မှု၏ အရင်းအမြစ်သည် လေပွေတစ်ခုနှင့် လွင့်မျောနေသော ဆီးနှင်းများ၏ အလယ်ဗဟိုရှိ ဆီးနှင်းပြင်ထက်တွင် လက်များဖြန့်၍ ထိုင်နေသော စုမင်၏ပါးစပ်မှထွက်ပေါ်လာသည့် စကားတစ်ခွန်းပင် ဖြစ်သည်။
"မျိုးနွယ်စု..."
စုမင်ပါးစပ်မှ 'မျိုးနွယ်စု'ဟူသော စကားလုံးထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် ကောင်းကင်ပေါ်ရှိ ဧရာမနက်မှောင်တောင်ကြီး၏ အောက်တွင် ပန်းချီကားလိပ်တစ်ခုအား ဖွင့်လိုက်သကဲ့သို့
သစ်ပင်များ၊ အိမ်များဖြင့်ပြည့်နေသော နက်မှောင်တောင်မျိုးနွယ်စုကြီးသည် အံ့အားသင့်ဖွယ် ပုံစံမျိုးဖြင့် ထွက်ပေါ်လာခဲ့သည်။ ၎င်းက မာန်အမှတ်အသားများအကြောင်း နားလည်ထားသူများအားလုံးကို စိတ်ဝိညာဉ်ထဲမှပင် တုန်လှုပ်သွားစေခဲ့သည်။
ထိုအချိန်၌ မည်သူမဆိုခေါင်းမော့ကြည့်လိုက်မည်ဆိုလျှင် မည်သည့်နေရာတွင် ကောင်းကင်နှင့်မြေပြင်တို့ရှိနေသည်ကို ပြောနိုင်တော့မည်မဟုတ်ပဲ သူတို့သည် တံလျှပ်တစ်ခုအား ကြည့်နေရသကဲ့သို့ ခံစားရပေလိမ့်မည်။ သို့သော် ထိုအပင်များ၊ အိမ်များ၏ပုံစံသည် အလွန်စစ်မှန်နေခဲ့သဖြင့် ၎င်းတို့ကို စကားလုံးများဖြင့် ဖော်ပြရန်မစွမ်းနိုင်ချေ။
လေလံပွဲကျင်းပရန် တည်ဆောက်ထားသော မျိုးနွယ်စု၏ ထောင့်တစ်နေရာတွင် သားမွေးဝတ်ရုံတစ်ထည်အား ဝတ်ဆင်ထားသော ထျန်းလန်မုန်သည် သုမ၏တဲအတွင်းမှ လျှောက်လှမ်းထွက်လာခဲ့သည်။ ထို့နောက် တဲအပြင်တွင်ရပ်လိုက်ပြီး သူမ၏လှပသောမျက်ဝန်းများကတော့ စူးစမ်းလိုသည့်အကြည့်တစ်ခုနှင့်အတူ စူးလဲ့တောက်ပနေချေသည်။ သူမသည် ကောင်းကင်ရှိ နက်မှောင်တောင်နှင့် နက်မှောင်တောင်မျိုးနွယ်စုကြီးတို့အား ကြည့်လိုက်ရင်း တအံ့တသြဖြစ်သွားခဲ့ရသည်။
"ဒါက... သူ့ မာန်အမှတ်အသားပဲ..."
ထျန်းလန်မုန်၏ ပတ်ဝန်းကျင်ရှိ တဲမ်ားထံမွ ပိုမိုများပြားသောလူများ ထွက်ပေါ်လာပြီး ကောင်းကင်သို့မော့ကြည့်လိုက်ကြချေသည်။ ဧရိယာအတွင်းရှိ မာန်စွမ်အားရှင်များအားလုံး လေထုအတွင်းမှ ဝမ်းနည်းပူဆွေးမှုကို ခံစားမိကြချေသည်။
ပိုအရေးကြီးသည်မှာ ထိုဝမ်းနည်းပူဆွေးမှုသည် စတင်ထွက်ပေါ်လာချိန်မှစ၍ ပျောက်ကွယ်သွားခဲ့ခြင်းမရှိပဲ ထိုအစား အချိန်တို့ကုန်လွန်လာသည်နှင့်အမျှ ပိုမိုသန်မာလာခဲ့ခြင်းပင်။ လေလံပွဲသို့လာသော ယာယီမျိုးနွယ်စုအတွင်းမှ လူများအားလုံးသည် တဲများအပြင်သို့ထွက်၍ ကောင်းကင်သို့မော့ကြည့်လိုက်ကြသည်။ ၎င်းတို့ထဲမှ အများစုသည် အေးခဲကောင်းကင်ကလန်မှ လာခြင်းဖြစ်၍ အချို့လူများသည် စစ်မာရှင်းနှင့်စုမင်တို့ကြားမှ တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ဖူးသဖြင့် ထိုအချိန်က စုမင်ထုတ်ဖော်ခဲ့သည့် မာန်အမှတ်အသားကိုလည်း မြင်ဖူးကြလေသည်။
ကောင်းကင်မှ ထူးဆန်းသောမြင်ကွင်းကို မြင်သောအခါ ထိုလူများသည် ချက်ချင်း အံ့သြတကြီး အော်ဟစ်မိသွားကြသည်။
"ဒါ... ဒါက စုမင်ရဲ့ မာန်အမှတ်အသားပဲ"
"မှားစရာ မရှိဘူး။ အဲဒီတောင်နဲ့ တောင်အောက်က မျိုးနွယ်စုကို ငါမှတ်မိတယ်။ အေးခဲကောင်းကင်ကလန်တစ်ခုလုံးက လူတွေထဲ စုမင်မှာပဲ အဲဒီမာန်အမှတ်အသားရှိတာ"
"အဲဒါက စုမင်ရဲ့ မာန်အမှတ်အသားလား..."
မျိုးနွယ်စုအတွင်းမှ ထွက်ပေါ်လာသော ဆူညံသံများက ပိုမိုကျယ်လောင်လာခဲ့သည်။ ကောင်းကင်ရှိ မြင်ကွင်းအားကြည့်နေရင်း လူများသည် သူတို့သိရှိထားသော သတင်းအချက်အလက်များကို ပြောပြနေချိန်တွင် မျိုးနွယ်စုအတွင်းရှိ သာမန်ပုံစံ တဲတစ်လုံး၏အပြင်ဘက်တွင် အနက်ရောင်ဝတ်ရုံများဖြင့် လူတစ်ဦး မတ်တပ်ရပ်နေခဲ့သည်။ ထိုလူ့မျက်နှာက တည်ငြိမ်နေပြီး သူက ခေါင်းကိုပင် မော့မထားခဲ့ချေ။ သူ့ပတ်ဝန်းကျင်၌ ဘာပဲဖြစ်နေပါစေ၊ မည်သည့်အရာကမှ သူ့စိတ်ဝင်စားမှုကို မရရှိနိုင်သကဲ့သို့ပင် ဖြစ်သည်။
သူသည် ထိုနေရာတွင်သာ ငြိမ်သက်စွာရပ်လျက် သူ့အနောက်ဘက်ရှိ တဲအတွင်းမှ ထွက်ပေါ်လာမည့်အမိန့်ကို စောင့်ဆိုင်းနေခဲ့သည်။ အကယ်၍ စုမင်သာ ထိုနေရာတွင်ရှိနေခဲ့လျှင် တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ထိုလူနှင့် ကျီချဲတို့ကြားမှ တူညီမှုအချို့ကို ပြောနိုင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူနှင့် ကျီချဲတို့သည် တူညီသည့်လူစားမျိုး ဖြစ်နေသောကြောင့်ပင်။
"စိတ်ဝင်စားစရာပဲ။ ဦးလေးချန်း၊ အေးခဲကောင်းကင်ကလန်ထဲမှာ ဒီလိုမျိုးလူတစ်ယောက် ရှိနေလိမ့်မယ်လို့ ကျွန်တော်မထင်ထားမိဘူး" ရယ်မြူးရိပ်စွက်နေသော အသံတစ်သံသည် တဲအတွင်းမှ ထွက်ပေါ်လာခဲ့၏။
ထိုအသံ ထွက်ပေါ်လာသည့်အခိုက်အတန့်မှာပင် လေပြင်းတစ်ခုသည် ဖြတ်သန်းတိုက်ခတ်သွားပြီး တဲရွက်နှင့် မြေပြင်ပေါ်ရှိနှင်းများကို ပင့်မြှောက်သွားခဲ့သည်။
ထိုတဲသည် အပြင်ဘက်မှကြည့်လျှင် ကြီးမားပုံမပေါ်သော်လည်း အတွင်းထဲတွင်တော့ နန်းတော်တစ်ခုသဖွယ် ကြီးမားလှချေသည်။ ထိုနေရာတွင် တဲအပြင်ရှိ လူကဲ့သို့ပင် အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားသည့် လူဒါဇင်ကျော် ငြိမ်သက်စွာရပ်နေကြသည်။
ထိုလူများကို ခေါင်းငုံ့လျက် ကျောက်ရုပ်များကဲ့သို့ ရပ်နေကြသော်လည်း ရိုးရေစတေးနယ်ပယ်နှင့်သာ သက်ဆိုင်သော အရှိန်အဝါသည် ၎င်းတို့တစ်ဦးချင်းစီတိုင်းထံမှ ထွက်ပေါ်နေခဲ့သည်။
ရိုးရေစတေးနယ်ပယ်ရှိ သာမန်မာန်စွမ်းအားရှင်များသည် နှိုင်းယှဉ်နိုင်ရန်ခက်ခဲသည့် အလွန်သန်မာသောအရှိန်အဝါရှိသူ အချို့ပင် ရှိနေသည်။ တဲ၏ အလယ်ဗဟိုသည် အခြားလောကတစ်ခုသဖွယ်ပင် ဖြစ်ပြီး ထိုနေရာရှိစားပွဲတွင် နဂါးနက်တစ်ကောင်ပုံ ထိုးထားသည့် အစိမ်းရောင်ဝတ်ရုံရှည်အား ဝတ်ဆင်ထားသော လူငယ်တစ်ဦးထိုင်နေပြီး ထိုလူငယ်သည် သူ့လက်ထဲတွင်ကိုင်ထားသော ဝိုင်ခွက်ထဲမှ တစ်ငုံသောက်လိုက်ချေသည်။
ထိုလူငယ်သည် အသက်ကြီးပုံမပေါ်သေးသော်လည်း သူမျက်တောင်ခတ်လိုက်ရုံနှင့်ပင် သူ့မျက်လုံးများအတွင်း ကြောက်လန့်ဖွယ်ဖိအားတစ်ခု ထွက်ပေါ်လာပြီး သူ့ထံတွင် ထူးခြားသောစိတ်နေစိတ်ထားမျိုးလည်း ရှိနေချေသည်။ ထိုစိတ်ထားသည်ကား လူတိုင်း၏အထက်တွင် ရပ်နိုင်သူများထံတွင်သာရှိတတ်သော စိတ်ထားမျိုးဖြစ်သည်။ သူ့စကားတစ်ခွန်းတည်းဖြင့်ပင် နယ်မြေတစ်ခုလုံးအား ဘေးအန္တရာယ် ကျရောက်သွားစေနိုင်လေသည်။ သူ့စကားတစ်ခွန်းတည်းဖြင့် မရေမတွက်နိုင်သော မျိုးနွယ်စုပေါင်းများစွာကို ပြာဖြစ်သွားအောင်လုပ်နိုင်၏။ သူ့စကားတစ်ခွန်းတည်းဖြင့်ပင် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေ၏ထက်ဝက်က သူ့အတွက် တိုက်ခိုက်ပေးကြပေလိမ့်မည်။
ထိုအရာက လူတိုင်းအပေါ် အာဏာရှိသူများ၏ သက်ရောက်နိုင်စွမ်းပင်ဖြစ်သည်။
ထိုစိတ်နေစိတ်ထားသည် အလွန်သန်မာခြင်းမရှိသေးပဲ စတင်ဖြစ်တည်လာပုံ ပေါ်နေလျှင်တောင် ထိုအရာက ဖြည်းဖြည်းချင်း တည်ဆောက်ထားခဲ့ပြီးချေပြီ။ တစ်နေ့တွင် သူသည် တောင်ပိုင်းအရုဏ်ဦးကုန်းမြေတစ်ခုလုံးရှေ့၌ သူ့ကိုယ်သူ ကြေညာပေလိမ့်မည်။
"ဒုတိယသခင်လေး၊ ဒီလူ့အဆင့်အတန်းက တော်တော်ထူးခြားတယ်။ သူက အေးခဲကောင်းကင်ကလန်ကဆိုပေမယ့် တစ်ချိန်တည်းမှာပဲ အဲလိုလည်းဟုတ်မနေပြန်ဘူး" အိုမင်းသောအသံတစ်သံသည် လူငယ်ရှေ့မှထွက်ပေါ်လာခဲ့သည်။ စားပွဲ၏ တစ်ဖက်ခြမ်းတွင်တော့ ဆံပင်ဖြူအဘိုးအိုတစ်ဦးက လူငယ်နှင့်အတူ သောက်နေခဲ့ချေသည်။ ထိုနေရာတွင်ထိုင်နေသည့် အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အဘိုးအို၏အသံက အက်ကွဲနေခဲ့သည်။ သူ့အင်္ကျီလက်ပေါ်တွင်တော့ အဖြူရောင်တိမ်စိုင်ရှစ်ခုပုံ ထိုးထားချေသည်။
ကောင်းကင်ဘုံတံခါးဝနှင့် အကျွမ်းတဝင်ရှိသော အေးခဲကောင်းကင်ကလန်မှ မည်သူမဆို ထိုတိမ်စိုင်ရှစ်ခုကို မြင်လိုက်မည်ဆိုလျှင် သူတို့သည် သေချာပေါက် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဒူးထောက်သွားကြလိမ့်မှာ ဖြစ်သည်။ ဤလူသည် ကောင်းကင်ဘုံတံခါးဝ၏ အဋ္ဌမအလွှာမှ ဖြစ်ကြောင်း ထိုအဖြူရောင်တိမ်စိုင်ရှစ်ခုက ဆိုလိုနေသောကြောင့်ပင်။
ကောင်းကင်ဘုံတံခါးဝတွင် ဘုံကိုးခုရှိပြီး ၎င်းတို့အကြား၌ အဋ္ဌမအလွှာက မယုံနိုင်လောက်အောင်ပင် မြင့်မားသော အဆင့်အတန်းရှိသည်။ ထိုနေရာတွင် နေထိုင်နိုင်သူများသည်ကား အပြင်သို့ထွက်လာပြီး မြေပြင်သို့ဆောင့်နင်းလိုက်ရုံနှင့်ပင် အေးခဲကောင်းကင်တစ်ခုလုံး တုန်ခါသွားအောင် ပြုလုပ်နိုင်ကြသူများ ဖြစ်သည်။
"အိုး..." လူငယ်သည် လက်အတွင်းမှ ဝိုင်ခွက်ကိုပြန်ချလိုက်ပြီး အဘိုးအိုထံသို့ အပြုံးတစ်ခုဖြင့်လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်မှ ထူးဆန်းသောမြင်ကွင်းကို မျက်တောင်မခတ်တမ်းကြည့်နေခဲ့သည့် မျိုးနွယ်စုအတွင်းရှိ လူအုပ်အပြင် မျိုးနွယ်စုအပြင်ဘက် ဆီးနှင်းပြင်ပေါ်တွင် မတ်တပ်ရပ်နေသူ တစ်ဦးလည်း ရှိနေသေးသည်။ ထိုသူက သူ့ခန္ဓာကိုယ်အား စုမင်ထံမှ ပျံ့နှံ့လာသော ဝမ်းနည်းမှုများဖြင့် ဖုံးအုပ်ခံထားရသည့် စစ်မာရှင်းပင်ဖြစ်သည်။ သူသည် စိတ်ကယောင်ချောက်ချား ဖြစ်နေသကဲ့သို့ ပိုင်စုအား ဆတ်ခနဲဖမ်းကိုင်လိုက်ပြီး သွေးနီရောင်မျက်လုံးများဖြင့် ရူးသွပ်စွာအော်ဟစ်လိုက်သည်။
"ငါ အောင်မြင်သွားပြီကို ဘာလို့ ဒီလိုဖြစ်လာရတာလဲ။ ပြောစမ်း။ ဒါတွေ ဘာကြောင့်ဖြစ်လာရတာလဲ"
စစ်မာရှင်း ဤအမှန်တရားကို လက်ခံနိုင်ခြင်းမရှိပေ။
သူ အချိန်ကြာမြင့်စွာ ဆန္ဒရှိခဲ့သည့်အပြင် အောင်မြင်ခဲ့သော အရာတစ်ခုက ပိုမုဆိုးရွားသည့် အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့သည်။ ဤအရာက သူလုံးဝပြင်ဆင်မထားခဲ့သော အရာပင်ဖြစ်သည်။
အကယ်၍ သူသည် မူလတည်းက ၎င်းကို တစ်ခါမှမရရှိခဲ့လျှင်တောင် ပိုကောင်းပေလိမ့်ဦးမည်။ သို့သော် သူ ထိုအရာကိုခဏတာရရှိခဲ့လေသည်။ ဤခံစားချက်မျိုးသည် တစ်စုံတစ်ခုအား သူ့လက်ထဲမှ အတင်းအဓမ္မဆွဲထုတ်ခံလိုက်ရသလိုပင်ဖြစ်၍ စစ်မာရှင်းကိုယ်တိုင်ပင် သူ့လုပ်ရပ်များကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။
ပိုင်စုမျက်နှာက ဖြူရော်သွားသည်။ စစ်မာရှင်းတင်းကြပ်စွာ ဆုပ်ကိုင်ထားသော သူမလက်မောင်းများထံမှ စူးရှသောနာကျင်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ထိုရုပ်ပိုင်းဆိုင်ရာ နာကျင်မှုသည် သူမနှလုံးသားစုတ်ပြဲသွားသကဲ့သို့ နာကျင်မှုနှင့်တော့ နှိုင်းယှဉ်၍ပင် မရချေ။
ပိုင်စု စစ်မာရှင်းကိုအက်ကွဲစွာ ပြုံးပြလိုက်မိသည်။ ရုတ်တရက်ဆိုသလိုပင် သူမ ဤယောကျ်ားအား အရာအားလုံးထွင်းဖောက်မြင်သွားရသည်။ ဤချောမောခန့်ညား၍ အမြဲတစေ ကြင်နာတတ်သော သူမ၏ အစ်ကိုကြီးစစ်မာသည်... ယခုတော့ လူပျက်တစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။ ရူးသွပ်စွာပေါက်ကွဲနေသော ဒေါသများမှအပ သူ့တွင် အခြားမည်သည့်အရာကိုမှ လုပ်နိုင်သည့်သတ္တိရှိပုံ မပေါ်ချေ။
"မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး"
စစ်မာရှင်းသည် ဝမ်းနည်းပူဆွေးမှုကို ခံစားမိခဲ့သည်။ ကောင်းကင်ရှိ နက်မှောင်တောင်နှင့် မျိုးနွယ်စုတို့အား တွေ့လိုက်ရပြီး စုမင်အရှိန်အဝါက အလွန်လျင်မြန်စွာ သန်မာလာသည်ကိုလည်း ခံစားလိုက်ရချေသည်။ ဤအရာက သူ့အား အလွန်နောင်တရသွားစေသဖြင့် ရူးသွပ်သွားရလုနီးပါးပင် ဖြစ်သည်။
***