← Chapters

ကာကွယ်သူ

Vol. 22 Ch. 303

ကာကွယ်သူ

Vol. 22 Ch. 303

သူ နောင်တရမိသည်။ အလွန်အမင်းကို နောင်တရမိခြင်းဖြစ်သည်။

အတိတ်အချိန်က စုမင် အေးခဲကောင်းကင်ကလန်သို့ မဝင်ရောက်နိုင်ခင် ကြိုတင်သတ်ပစ်ရန် သူလုပ်နိုင်သမျှ အရာအားလုံး မလုပ်မိခဲ့ခြင်းကို နောင်တရသည်။

သူ နောင်တရမိသော်လည်း မည်မျှပင်တွေးတေစဉ်းစားနေပါစေ အရေးမကြီးတော့ချေ။  သူနောင်တရနိုင်သည့် တစ်ခုတည်းသောအခွင့်အရေးသည် စုမင်နှင့်ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့သောအချိန်အတွက်သာ ဖြစ်သည်။ ထိုတစ်ကြိမ်မှအပ သူ စုမင်အားတိုက်ခိုက်ရန် အခြားမည်သည့်အခွင့်အရေးကိုမှ ရှာမတွေ့ခဲ့ပေ။

အေးခဲကောင်းကင်ကလန်အတွင်း သူတို့နှစ်ဦးပထမဆုံး တွေ့ဆုံချိန်က သူတို့အကြားမှ တိုက်ပွဲသည် အလွန်ပြင်းထန်ခဲ့သော်ပြီး သူ စုမင်ကို သတ်ရန်ကြံရွယ်ခဲ့သော်ငြား တားဆီးခံခဲ့ရလေသည်။ သူ အပြင်းအထန်တိုက်ခိုက်ခဲ့လျှင်တောင် အောင်မြင်လိမ့်မည် မဟုတ်သလို သူ့ထံသို့ပင် ကပ်ဆိုးကြီး ပြန်လည်ကျရောက်လာပေလိမ့်ဦးမည်။

ထိုအချိန်က သူဤအရာကို နားမလည်ခဲ့သော်လည်း ယခုတော့ နဝမတောင်ထွတ်အပေါ် နားလည်သဘောပေါက်သွားမှုကြောင့် မယုံနိုင်ဖွယ်ထင်ရှားသည့် အဖြစ်အပျက်ဆိုးကြီး ကြုံတွေ့ရလိမ့်မည်ဖြစ်ကြောင်း သူသိခဲ့ရချေပြီ။ အဆုံးတွင်တော့ သူသည် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုအတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခုလုံးကို သိထားခဲ့သူ အနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။

"စစ်မာရှင်း ရှင်က ကျွန်မကိုနာကျင်အောင်လုပ်နေတာပဲ"  စစ်မာရှင်းတစ်ယောက် ရူးသွပ်မှုများအတွင်း ပိတ်မိနေစဉ် သူ့နားထဲသို့ အေးစက်စက်အသံတစ်သံ ဝင်ရောက်လာခဲ့သည်။

ထိုအသံသည် ပိုင်စုထံမှဖြစ်ပြီး သူမသည် စစ်မာရှင်းအား အေးစက်စွာစိုက်ကြည့်နေခဲ့ချေသည်။ သူမ ဤလူကို ထွင်းဖောက်မြင်နိုင်သွားချေပြီ။ အမှန်စင်စစ်တွင် အချိန်ကြာမြင့်စွာတည်းကပင် သူမ မြင်တွေ့ခဲ့သင့်သော်ငြား မမြင်လိုခဲ့ခြင်းဖြစ်သည်။ သူမသည် အချစ်ဟုခေါ်သော မျက်နှာဖုံးကြောင့် မျက်စိကန်းနေခဲ့ရ၏။

သူမ စုမင်နှင့်တွေ့ဆုံ၍ အချိန်နှင့်အမျှ ထိတွေ့ဆက်ဆံခဲ့ပြီးနောက် ထိုမျက်နှာဖုံးသည် တစ်ဖြည်းဖြည်း အရောင်ပြောင်းလာခဲ့ပြီး နောက်ဆုံးတော့ သူမ၏ အာရုံခံစားမှုများ ပြန်လည်ရရှိလာကာ စစ်မာရှင်းထံမှ နိုးထနိုင်လာခဲ့သည်။

သို့သော် သူမသည် ထိုအချိန်အထိ နိုးတစ်ဝက်-အိပ်တစ်ဝက်အခြေအနေတွင်သာ ပိတ်မိနေဆဲဖြစ်သည်။ သူမ မသေချာမရေရာဖြစ်နေခဲ့ပြီး ဘာလုပ်ရမည်မှန်း မသိခဲ့သလို၊ သူမကိုယ်ပိုင်ဆုံးဖြတ်ချက်များကို မည်သို့ချရမည်မှန်းလည်း သူမ မသိခဲ့ချေ။ သူမ စုမင်ကိုချန်ထားရစ်ခဲ့ပြီး စစ်မာရှင်းရှေ့တွင် ရပ်လိုက်မိသောအခါမှသာ သူမ ရုတ်တရက်အပြည့်အဝ နိုးထသွားရခြင်းဖြစ်သည်။

သူမ နိုးထလာသည်နှင့် နှလုံးသားအား ဆုတ်ဖြဲခံလိုက်ရသလို နာကျင်မှုတစ်ခုက သူမမျက်နှာကို ဖြူဖျော့သွားစေသည်။ စစ်မာရှင်း၏ ထိုအေးစက်စက်အကြည့်အောက်တွင် ဖုံးကွယ်ထားသည့် နက်ရှိုင်းသောနောင်တတရားများကိုလည်း တွေ့မြင်ခဲ့ရ၏။

စုမင်နှင့် စစ်မာရှင်း။ မတူညီသော လူနှစ်ဦး၊ မတူညီသော အတွေ့အကြုံများ...

စစ်မာရှင်းသည် ပါရမီရှင်တပည့် ဖြစ်လာပြီး သူ့အလိုကျဆောင်ရွက်ပေးမည့် လောကတစ်ခုအား နှစ်ပေါင်းများစွာပိုင်ဆိုင်ထားခဲ့ခြင်းက သူသည် သာမန်လူတစ်ဦးမဟုတ်ကြောင်း ဆိုလိုနေသည်။ ဖော်ပြ၍ မရနိုင်သည့် ဒေါသနှင့် ရူးသွပ်မှုများအကြား ပိတ်မိနေခဲ့လျှင်တောင် ထိုအခိုက်အတန့်တွင် ၎င်းစိတ်ခံစားချက်များကို အတင်းအကျပ်ထိန်းချုပ်လိုက်နိုင်ဆဲ ဖြစ်သည်။

သို့သော် ဤဒေါသများသည် ပျောက်ကွယ်မသွားပဲ ပိုမိုသန်မာလာခဲ့ချေသည်။ အကယ်၍ မာန်ကလေးငယ်သည် မာန်မျိုးစေ့နှင့်အတူ မကြီးထွားခဲ့လျှင် ထိုသူက ထိခိုက်ဒဏ်ရာရလိမ့်မည်မဟုတ်သလို၊ အကယ်၍ မာန်မျိုးစေ့ စိုက်ပျိုးဖြစ်ပေါ်လာသော်ငြား စုမင်ကဲ့သို့အခြေအနေမျိုးသာ ဖြစ်ပျက်ခဲ့မည်ဆိုလျှင်လည်း ထိုအရာက စစ်မာရှင်းအား ပျက်စီးစေနိုင်သည့် ကပ်ဘေးတစ်ခုဖြစ်လာပေလိမ့်မည်။

မာန်မျိုးစေ့၏ တန်ပြန်သက်ရောက်မှု။ သူသည်ပင် စုမင်၏ မာန်မျိုးစေ့အဖြစ် ပြန်လည်ပြောင်းလဲသွားနိုင်ချေ မြင့်မားပေသည်။ စုမင်သည် ကြီးမြတ်သော အကြင်နာမဲ့မာန်မျိုးစေ့ ပညာရပ်ကိုမသိလျှင်တောင် သူ၏တစ်ခုတည်းသော မာန်မျိုးစေ့ကို ရရှိသွားနိုင်၏။

စုမင်အတွက်တော့ ဤတစ်ခုတည်းသော မာန်မျိုးစေ့သည် သူ့ဘဝအတွင်းရှိ လေပြင်းတစ်ခုသက်သက်သာ ဖြစ်လိမ့်မည် ဖြစ်သော်လည်း စစ်မာရှင်းအတွက်တော့ ထိုအရာသာ တစ်ကယ်ဖြစ်လာခဲ့လျှင် ၎င်းက... သူ့တစ်ဘဝလုံးကို ဆိုလိုနေချေသည်။

ဤအရာက ဖြစ်နိုင်ချေတစ်ခုသက်သက်သာဖြစ်သည်။ မည်သည့်အပြောင်းအလဲမျိုးဖြစ်ပေါ်လာမည်ကို စစ်မာရှင်းသိနိုင်သည့် နည်းလမ်းမရှိသလို၊ အတိအကျဆိုရလျှင် သူကြောက်နေသဖြင့် မသိလိုခြင်းဖြစ်သည်။ သူရူးသွပ်သွားမည်ကို အလွန်ကြောက်လန့်နေမိ၏။

"စုစု ငါ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ဖြစ်သွားတယ်..."

စစ်မာရှင်းသည် ဖြူဖျော့သွားပြီး ပိုင်စုပုခုံးများကို လွှတ်ပေးလိုက်မိသည်။

သူလုပ်ခဲ့သောအရာများကို ပြန်သတိရသွားသောအခါ နောက်တစ်ကြိမ်နောင်တရသွားမိပြန်သည်။ ပိုင်စုသည် မအောင်မြင်ခဲ့သော်လည်း ဤမိန်းကလေးက သူ့အတွက်အသုံးဝင်နေဆဲ ဖြစ်သည်။ အမှန်စင်စစ်တော့ သူမသည် စစ်မာရှင်းကိုယ့်ကိုယ်ကို ကယ်တင်နိုင်မည့် မရှိသလောက်နည်းပါးသော နည်းလမ်းများထဲမှ တစ်ခုဟုပင် ပြောနိုင်သည်။

"စုစု မင်းအဖေနဲ့တွေ့ပါရစေ။ ငါ့ကိုကူညီဖို့ ပြောပေးပါ..." စစ်မာရှင်းသည် ထိုစကားကိုပြောလိုက်ပြီးနောက် ပိုင်စုမျက်လုံးများအတွင်းရှိ အေးစက်မှုကိုတွေ့လိုက်ရသောအခါ သူ့နှလုံးသားတစ်ခုလုံး နစ်မွန်းသွားရသည်။ "စုစု စောစောက ငါမှားသွားပါတယ်။ ဒါပေမယ့် ဘာကြောင့် ငါအဲလိုလုပ်မိသွားလဲဆိုတာ မင်းနားလည်မှာမဟုတ်ဘူး။ စုမင်စွမ်းအားသာ ဒီတစ်ကြိမ်တိုးတက်သွားပြီး သူအောင်မြင်သွားတာနဲ့ ငါသေရလိမ့်မယ်"

"ဒါက ပထမဆုံးအကြိမ်အဖြစ် ကြီးမြတ်သောအကြင်နာမဲ့ မာန်မျိုးစေ့ပညာရပ်ကို အသုံးပြုတဲ့နေရာမှာ မအောင်မြင်ခဲ့တာပဲ။ ပြီးတော့ အဲဒါရဲ့ရလဒ်တွေက ငါစဉ်းစားနိုင်တာထက်တောင် အများကြီးပိုကြောက်ဖို့ကောင်းနေတယ်။ အခုကစလို့... ငါက စုမင်ရဲ့ရုပ်သေးတောင် ဖြစ်သွားနိုင်တယ်... စုစု၊ အဲဒါကြောင့် ငါကိုယ့်ကိုယ်ကို မထိန်းနိုင်ဖြစ်သွားခဲ့တာ"

ပိုင်စု တိတ်ဆိတ်ငြိမ်သက်နေမိသည်။ သူမမျက်တောင်များက တဖျတ်ဖျတ်လှုပ်ခတ်သွားပြီး မျက်လုံးများကို မှိတ်ချလိုက်သည်။

သူမ မျက်လုံးမှိတ်လိုက်သည့်အခိုက်အတန့်မှာပင် စစ်မာရှင်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့်အသိတစ်ခု ဖြစ်ပေါ်လာခဲ့သော်ငြား သူက ထိုအရာကို အလျင်အမြန် ပြန်လည်ဖုံးကွယ်ပစ်လိုက်ချေသည်။ ထို့နောက် ပျံ့နှံ့နေသော ဝမ်းနည်းပူဆွေးမှုများ အသန်မာဆုံးဖြစ်နေခဲ့သည့် စုမင်ရှိနေသောအရပ်သို့ လှည့်ကြည့်လိုက်သည်။

'နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတယ်။ ငါ ဒီအခွင့်အရေးကိုသုံးပြီး စုမင်ကိုသတ်ပစ်ရမယ်။ သူ့ကိုသတ်လိုက်ရင် ဒါတွေအားလုံးဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်'

သို့သော် စစ်မာရှင်း တွန့်ဆုတ်နေခဲ့သည်။ မြောက်ပိုင်းနယ်စပ်နှင့် အဖြစ်အပျက် မတိုင်ခင်ကဆိုလျှင်တော့ သူ့တွင် စုမင်ကိုသတ်ရန် ယုံကြည်ချက်တစ်အောင်စခန့် ရှိနေခဲ့သေး၏။ သို့သော် ထိုနေရာတွင် ဖြစ်ပျက်ခဲ့သောအရာက သူနှင့်စုမင်ကြားမှ ကွာဟချက်ကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားစေခဲ့သည်။

အထူးသဖြင့် အနောက်ပိုင်းပင်လယ်ကလန်နှင့် အေးခဲကောင်းကင်ကလန် နှစ်ခုလုံးရှေ့တွင် သူစုမင်ကိုအနိုင်တိုက်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။

အကယ်၍ သူသာ စုမင်ကိုဤနေရာတွင် တိုက်ခိုက်မည်ဆိုလျှင် သူ့အားစောင့်ကြိုနေမည်မှာ အလွန်ပြင်းထန်သော အပြစ်ဒဏ်ဖြစ်သည်။ သူ စုမင်ကိုသတ်နိုင်ခဲ့လျှင်တောင်... ထိုပြင်းထန်သောအပြစ်ဒဏ်အပြင် နဝမတောင်ထွတ်၏ ရူးသွပ်မှုနှင့်လည်း ရင်ဆိုင်ရပေလိမ့်ဦးမည်။

ထိုအပြစ်ဒဏ်နှင့် ရူးသွပ်မှုတို့ဖြင့်ဆိုလျှင် အကယ်၍ စစ်မာရှင်းသည် အေးခဲကောင်းကင်ကလန်အား သစ္စာဖောက်ခဲ့လျှင်တောင် လူရိုင်းများ၏နယ်မြေထဲသို့ ထွက်မပြေးသရွေ့... တောင်ပိုင်းအရုဏ်ဦးကုန်းမြေထဲတွင်တော့ သူလွတ်မြောက်လိမ့်မည်မဟုတ်ပေ...

'ငါ ဘာလုပ်သင့်လဲ... ငါဘာလုပ်သင့်လဲ...' စစ်မာရှင်း တုန်လှုပ်နေပြီး သူ့မျက်လုံးများထဲတွင် စိတ်ပျက်မှုများ ပေါ်လာခဲ့သည်။

"ဒါကို ယူပြီး အေးခဲကောင်းကင်ကလန်ကို ပြန်ရောက်ရင် ကောင်းကင်ဘုံတံခါးဝအောက်မှာ အဲဒါကိုကမ်းလှမ်းလိုက်... ကျွန်မအဖေရဲ့တပည့်တွေက ရှင့်ကိုလက်ခံလိမ့်မယ်... စစ်မာရှင်း ဒါကရှင့်ကို နောက်ဆုံးအကြိမ် ကူညီတာပဲ။ အခုကစလို့ ကျွန်မကိုထပ်မနှောင့်ယှက်ပါနဲ့တော့"

ပိုင်စုသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ဝါးစာလိပ်တစ်ခုကို ထုတ်ယူကာ မြေပြင်ထက်သို့ပစ်ချလိုက်သည်။ ထို့နောက် အဝေးသို့လှည့်ထွက်သွားတော့သည်။ သူမ၏ နောက်ကျောသည် အထီးကျန်မှု၊ နက်ရှိုင်းစွာ အမြစ်တွယ်နေသော နောင်တတရားများကို ဖော်ပြနေသကဲ့သို့ တစ်ချိန်တည်းမှာပင် လွတ်လပ်သွားမှုကိုလည်း တွေ့နိုင်ချေသည်။

သူမ စုမင်ကိုသွားတွေ့ချင်သော်လည်း အောက်နှုတ်ခမ်းကိုသာ နာနာဖိကိုက်လိုက်မိသည်။ သူမအရေပြားအား ထိုးဖောက်၍ သွေးများစတင်စီးကျလာလျှင်တောင် သူမစုမင်ကိုရင်ဆိုင်နိုင်သည့် သတ္တိမရှိသေးပေ။ စိတ်ပျက်အားလျော့စွာ ထွက်ခွာသွားရန်သာ သူမရွေးချယ်နိုင်ပေသည်။

သူမ စတင်ရောက်သွားခဲ့ချိန်က ပျော်ရွှင်စွာရယ်မောလျက် စုမင်နှင့်စကားများပြောဆိုခဲ့ပြီး ရံဖန်ရံခါတွင် မျက်နှာထက်၌ မကောင်းသောအကြံအစည်များနှင့်အတူ စုမင်ထံလှမ်းကြည့်တတ်ခဲ့သည်။ သို့သော် သူမထွက်ခွာလာချိန်တွင်တော့ နှလုံးသားနှင့် စိတ်ဝိညာဉ်ပျောက်ဆုံးသွားသကဲ့သို့ အလွန်စိတ်ဓာတ်ကျ ဝမ်းနည်းနေခဲ့သည်။ ဒဏ်ရာရသားရဲငယ်တစ်ကောင်လိုပင် တစ်ကောင်တည်းနေ၍ သူမ၏ဒဏ်ရာများကိုသာ လျှာဖြင့် တိတ်ဆိတ်စွာ လျက်နေချင်သည်။

သူမ အမှားတစ်ခု... ခွင့်လွှတ်၍မရနိုင်သော အမှားတစ်ခု လုပ်ခဲ့ကြောင်း သူမသိသည်။ ကံကောင်းထောက်မ၍ ထိုအမှားသည် ယခုသူမနှလုံးသားထဲရှိ လူအတွက် ပြန်လည်ပြုပြင်၍ မရနိုင်သည့် အပျက်အစီးမျိုးတော့ မဖြစ်သွားခဲ့ပေ...

လေပြင်းနှင့် ဆီးနှင်းများကြားတွင် သူမ ခေါင်းငိုက်စိုက်ချလျက် ထွက်ခွာလာခဲ့တော့သည်။

သူမအနောက်ရှိ ကောင်းကင်တွင်တော့ နက်မှောင်တောင်နှင့် မျိုးနွယ်စုကြီး၌ ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ စုမင်အသံသည် နှင်းမုန်တိုင်းအတွင်း ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

"သွေးလွှမ်းလ..."

အချိန်က ရောင်နီလာပေတော့မည်။ ကောင်းကင်သည် နက်မှောင်နေခဲ့သင့်သော်လည်း ဆီးနှင်းများပေါ်တွင် တောက်ပနေသော အလင်းကြောင့် လောကကြီးသည် မှောင်မည်းမနေပဲ မှုန်မှိုင်းနေပုံပေါ်နေခဲ့သည်။ စုမင်စကားသံ ထွက်ပေါ်လာပြီးသည်နှင့် နက်မှောင်တောင်အထက်ရှိ ကောင်းကင်၏အမြင့်ဆုံးနေရာတွင် သွေးလွှမ်းလတစ်ခုထွက်ပေါ်လာခဲ့သည်။

သွေးလွှမ်းလထွက်ပေါ်လာသည်နှင့် ဝမ်းနည်းပူဆွေးဖွယ်ခံစားချက်သည် အလွန်သန်မာသွားပြီး လေမုန်တိုင်းတစ်ခုအသွင် ပြောင်းလဲပျံ့နှံ့သွားကာ  ကောင်းကင်နှင့်မြေပင်အား တုန်ခါလှုပ်ရှားသွားစေခဲ့သည်။

စုမင် ပတ်ဝန်းကျင်တွင်စုဝေးနေသော အရှိန်အဝါသည်လည်း ပိုမိုသန်မာလာပြီး ဆက်လက်၊ ဆက်လက်၍ သန်မာလာခဲ့သည်။

စုမင် နှင့် ပေထောင်ပေါင်းများစွာအဝေးတွင် ကျီချဲသည်

ထိုဖိအားကို ကြံ့ကြံ့ခံလျက် ရပ်နေခဲ့သော်ငြား နောက်သို့ဆက်လက်၍ တွန်းထုတ်ခံနေရဆဲ ဖြစ်သည်။ နောက်သို့ပြန်ဆုတ်နေသည့် သူ့အရှိန်ကိုသာ နှေးအောင်ပြုလုပ်နေရချေသည်။ ယခုအချိန်တွင် သူထိုနေရာ၌နေ၍ စုမင်အားကာကွယ်ပေးချင်သည်။

သု ပိုင်စုအား မမြင်သလို စုမင်ထံတွင် ယခုလိုအပြောင်းအလဲမျိုး ဖြစ်ပေါ်လာရသည်အထိ မည်သည့်အရာများဖြစ်ပျက်သွားသည်ကို မသိသော်လည်း ကျီချဲအတွက်တော့ သူသည် နဝမတောင်ထွတ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စုမင်သည်ကား နဝမတောင်ထွတ်၏ တပည့်တစ်ဦး ဖြစ်သည်။

စုမင်အရှိန်အဝါ ပိုမိုသန်မာလာသည်နှင့်အမျှ ဓား-သင်္ဘောပုံစံ အဆောက်အဦးများအတွင်းမှ နတ်ဘုရားစိတ်ဆန္ဒများသည်လည်း အချင်းချင်း နောက်တစ်ကြိမ် စကားပြောလိုက်ပြန်သည်။

"ဘယ်လို မာန်အမှတ်အသားကြီးလဲ... အနည်းဆုံးတော့ သူ့ကိုပါရမီရှင်တစ်ယောက်အဖြစ် ယူဆလို့ရတယ်။ ဒါပေမယ့် သူက ဘယ်လိုလုပ်ပြီးတော့များ အနောက်ပိုင်းပင်လယ်ကလန်အပြင်ဘက်မှာ အဆင့်ချိုးဖျက်တက်ရောက်ရဲတာလဲ။ ငါတို့က သူ့ကိုမတိုက်လိမ့်ဘူးလို့များ သူတစ်ကယ်ထင်နေတာလား"

"ကလန်အကြီးအကဲဟိုင် မဆင်မခြင်မလုပ်ပါနဲ့။ အဲဒီကလေးက ထျန်းရှဲ့ကျီရဲ့ တပည့်နော်"

"ထျန်းရှဲ့ကျီလား။ အဲဒီ ရူးနေတဲ့အရူးကောင်လား။ ငါသူ့ကို အရင်ကဆုံဖူးတယ်။ မင်းမပြောရင် မေ့တော့မလို့ ဒါပေမယ့် အခုမင်းလည်းရှိနေမှတော့ အဲဒီထျန်းရှဲ့ကျီက ဘယ်လောက်အစွမ်းထက်လဲဆိုတာ တွေ့ချင်မိတယ်"

ထိုနတ်ဘုရားစိတ်ဆန္ဒသည် လူအနည်းငယ်သာကြားနိုင်သည့် စူးရှသော လေတိုးသံတစ်ခုအဖြစ် ပြောင်းလဲကာ မျိုးနွယ်စုအပြင် တိုးထွက်သွားသည်။ မိုးကြိုးလျှပ်စီးတန်းတစ်ခုလိုပင် ၎င်းသည် မြည်ဟည်းသံတစ်သံနှင့်အတူ စုမင်ကြောင့်ဖြစ်ပေါ်နေသည့် လေမုန်တိုင်းကို ဖြတ်သန်းသွားခဲ့သည်။

သူ၏ နတ်ဘုရားစိတ်ဆန္ဒသည် လေမုန်တိုင်းအား ထက်ခြမ်းခွဲလျက် အတွင်းတွင်ရှိနေသော စုမင်အားတစ်ချက်တည်း သတ်ပစ်လိုသည့် ချွန်ထက်သော ဓားရှည်တစ်ချောင်းကဲ့သို့ပင်ဖြစ်သည်။

ထိုလူ၏ နတ်ဘုရားစိတ်ဆန္ဒတိုးထွက်သွားသည့် အခိုက်အတန့်မှာပင် မျိုးနွယ်စုအတွင်းရှိ အလွန်နည်းပါးသောလူအချို့က ၎င်းကိုသတိပြုမိသွားခဲ့ကြသည်။ ဝတ်စုံနက်ဝတ်လူများ ရပ်နေသည့် သာမန်ပုံစံတဲအတွင်းရှိ စားပွဲတွင်ထိုင်နေသော ဆံပင်ဖြူအဘိုးအိုသည် သူ့ရှေ့မှ လူငယ်နှင့် စကားအေးအေးဆေးပြောနေခဲ့သည်။

"ဘာလို့ဆို သူက နဝမတောင်ထွတ်ရဲ့ အစိတ်အပိုင်းလေ..." နောက်ဆုံးစကားလုံးကို ပြောလိုက်ပြီးသည့် အခိုက်အတန့်မှာပင် သူ့အမူအယာက ရုတ်တရက်ပြောင်းလဲသွားပြီး ခေါင်းကို အလျင်အမြန်မော့ကြည့်လိုက်သည်။

လူငယ်သည်လည်း မျက်မှောင်ကြုတ်သွားပြီး ထိုလုပ်ရပ်က သူ၏လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါကို ထွက်ပေါ်သွားစေသည်။

ထိုလူနှစ်ဦး သတိပြုမိချိန်တွင် နတ်ဘုရားစိတ်ဆန္ဒမှ ဖြသ်ပေါ်လာသည့် ချွန်ထက်သောဓားရှည်သည် ဆီးနှင်းလွင်ပြင်အား ဖြတ်ကျော်သွားခဲ့ပြီးဖြစ်ကာ စုမင်ကြောင့်ဖြစ်ပေါ်နေသည့် လေမုန်တိုင်းအပြင်တွင် ပေါ်လာခဲ့သည်။ ၎င်းက လေမုန်တိုင်းကို ပိုင်းဖြတ်ပေတော့မည်။

သို့သော် ထိုတစ်ခဏမှာပင် နတ်ဘုရားစိတ်ဆန္ဒမှ ဖြစ်ပေါ်လာသည့်အသံတစ်သံသည် လေထုအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသည့်ပုံစံဖြင့် ထွက်ပေါ်လာခဲ့သည်။ အမှန်တစ်ကယ်တွင် ထိုအသံသည် အေးခဲကောင်းကင်ကလန် ဆီးနှင်းဖုံးလွင်ပြင်များပေါ်ရှိ နဝမတောင်ထွတ်အတွင်းမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး မိုးခြိမ်းသံကဲ့သို့ ကြုံးဝါးသံတစ်ခုနှင့်အတူ ဒီရေလှိုင်းလုံးကြီးသဖွယ် တိုးဝင်လာခဲ့သည်။

"ချီးပဲ ဘယ်ကောင်က ငါ့တပည့်ကိုတိုက်ရဲတာလဲကွ။ ငါ မင်းတို့မျိုးနွယ်စုကို သတ်ပစ်မယ်။ မင်းတို့ကလန်တစ်ခုလုံးကို သတ်ပစ်မယ်။ မင်းရဲ့ပြန်လည်ဝင်စားခြင်းအားလုံးကို သတ်ပစ်မယ်ကွ"

ထိုအသံထဲတွင် ဖော်ပြ၍ပင် မရနိုင်လောက်အောင် ဆိုးရွားပြင်းထန်သော စကားများဖြင့်ပြည့်နေခဲ့သည်။ ၎င်းအသံထွက်ပေါ်လာချိန်မှာပင် ပိုင်းဖြတ်တော့မည့် နတ်ဘုရားစိတ်ဆန္ဒဓားရှည်ကြီးသည် ထိုအသံ၏ တိုက်ခိုက်မှုကို ခံလိုက်ရသကဲ့သို့ အပြင်းအထန်တုန်ယင်သွားပြီး ဝုန်းခနဲ ပြိုကွဲပျက်ဆီးသွားတော့သည်။ ပျက်စီးပြန့်ကျဲသွားသော နတ်ဘုရားစိတ်ဆန္ဒများသည်လည်း ကြောက်ရွံ့စွာ  နောက်သို့ပြန်ဆုတ်သွားခဲ့သည်။

အသံအတွင်းမှ သတ်ဖြတ်ခြင်းအရှိန်အဝါသည် ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်ခါသွားစေခဲ့သည်။ ၎င်းအသံသည် လေထဲတွင် ပဲ့တင်ထပ်နေစဉ် သတ်ဖြတ်ခြင်းအရှိန်အဝါသည် နောက်ပြန်ဆုတ်နေသည့် ပြန့်ကျဲနေသော နတ်ဘုရားစိတ်ဆန္ဒများကို ဖုံးအုပ်ဝန်းရံ၍ လုံးဝချေမွပစ်လိုက်သည်။

အားပျော့သော နာကျင်စွာအော်ဟစ်သံတစ်သံ ပျံ့လွင့်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် မျိုးနွယ်စုအတွင်းရှိ ဓား-သင်္ဘောပုံစံ အဆောက်အဦးတစ်ခုအတွင်းရှိ အနီရောင်ဆံပင်နှင့်အဘိုးအိုတစ်ဦးသည်လည်း တုန်ယင်သွားခဲ့သည်။ သူ့မျက်လုံးများကို အလျင်အမြန်ဖွင့်လိုက်ပြီး သွေးတစ်လုပ်အန်ထုတ်လိုက်ရချေသည်။ သူ့မျက်နှာက ချက်ချင်းဖြူဖျော့သွားပြီး သူ့ဆံပင်များသည်ပင် မှုန်မှိုင်းခြောက်သွေ့သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ခေါင်းတုံးပြောင်ကြီးဖြစ်သွားတော့သည်။ ပိုမိုထိတ်လန့်ဖွယ်ကောင်းသော အရာမှာ သူ့ဆံပင်များ ပြတ်ကျပြီးသွားသည်နှင့် သူ့အသားအရေများသည်လည်း အလျင်အမြန် စတင်ညှိူးခြောက်လာခဲ့ခြင်းဖြစ်သည်။

ထို့နောက် အသက်တစ်ကြိမ်ရှူစာအတွင်းမှာပင် အရိုး၊ အရေသာကျန်သည့် လူတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

သူ့ရင်ဘတ်ပေါ်ရှိ ပင်လယ်ပြင်မိုးကုပ်စက်ဝိုင်းမှ နေထွက်လာသော ပုံအား ထွင်းထုထားသော ကျောက်စိမ်းထံမှ စူးရှစွာ တောက်ပနေသည့် အလင်းကြောင့်သာ မဟုတ်လျှင် သူသေချာပေါက်သေဆုံးသွားခဲ့ပေလိမ့်မည်။

လေထဲတွင် အက်ကွဲသံများပဲ့တင်ထပ်သွားပြီး ကျောက်စိမ်းသည်လည်း ထိုတိုက်ခိုက်မှုမှ သယ်ဆောင်လာသည့် စွမ်းအားများအားလုံးကို ချေဖျက်ပြီးသည်နှင့် ပြိုကွဲပျက်စီးသွားချေသည်။ ၎င်းပျက်စီးသွားသည်နှင့် အဘိုးအိုသည်လည်း နောက်တစ်ကြိမ် ထပ်မံသွေးအန်လိုက်ရသည်။ သူ့မျက်လုံးများထဲတွင် သေခြင်းတရားထံမှ ကပ်သီလေးလွတ်မြောက်လာရသကဲ့သို့ အမူအယာမျိုး ဖြစ်ပေါ်လာခဲ့ပြီး သူ့မျက်နှာပေါ်တွင်တော့ ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်သွားခဲ့သည်။ လွန်ခဲ့သော အချိန်အခိုက်အတန့်က သူသည် သေခြင်းတရား၏ တံခါးဝအား လမ်းတစ်ဝက်ခန့် ဖြတ်သန်းပြီးသွားခဲ့သည်မှာ သံသယဝင်စရာတောင်မလိုပေ။

"ထျန်းရှဲ့ကျီ..." အဘိုးအို တုန်လှုပ်သွားခဲ့ရချေသည်။

***

All Chapters