← Chapters

ထင်မှတ်မထားသောပြိုင်ဘက်

Vol. 44 Ch. 612

ထင်မှတ်မထားသောပြိုင်ဘက်

Vol. 44 Ch. 612

ပိုင်ကျုံးမှာ အန်လင်း၏ တိုက်ပွဲအား စုချန်းရန်ထံ ပျော်ရွှင်စွာ ပြောပြနေစဉ်မှာပင် စုရှောင်လန်သည် ကိုးဆယ့်ခြောက်ထပ်မြောက်တွင် ဒူးတစ်ဖက်ထောက်ကာ အသက်ပြင်းပြင်း ရှူနေသည်။

သူမသည် မှောင်မိုက်ခြင်းမြစ် ဉာဏ်အလင်းရသူ အင်မော်တယ်အား အနိုင်ရခဲ့ပါသော်လည်း ဆိုးဆိုးရွားရွား ထိခိုက်ကာ သတိလစ်တော့မလို ဖြစ်နေရသည်။ အန်လင်း၏ တိုက်ပွဲအား ကြည့်ရှုလိုသောကြောင့်သာ သတိမလစ်သွားအောင် အားတင်းနေရခြင်း ဖြစ်သည်။

"စီနီယာပိုင်ကျုံး ရှင်ဘယ်မှာလဲ။ ထွက်လာခဲ့တော့။"

စုရှောင်လန် စိတ်မရှည်စွာ အော်ဟစ်လိုက်သည်။

သို့သော် မည်သူမှ ရှိမနေသည့်အလား တိတ်ဆိတ်ခြောက်ကပ်လို့နေသည်။

စုရှောင်လန်: "......"

သူမ လက်ညှိုးတစ်ချောင်း ထုတ်လိုက်သည်နှင့် မည်းနက်နေသော အရည်များ ထွက်ပေါ်လာကာ အသွင်အမျိုးမျိုး ပြောင်းလဲသွားသည်။

ထိုသည်မှာ အဆင့်မြင့် ရေအမျိုးအစား ကျင့်စဉ်ဖြစ်သော မှောင်မိုက်ခြင်းမြစ်ကျင့်စဉ်ပင်။ သူမအတွက် ရလဒ်ကောင်း ထွက်ပေါ်ခဲ့သောကြောင့် စိတ်အခြေအနေမှာ အတော်လေး ကောင်းမွန်နေသည်။ သူမသည် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်မှထွက်ကာ အန်လင်း၏ တိုက်ပွဲကို ကြည့်ရှုလိုပါသော်လည်း ပိုင်ကျုံးအား ရှာမတွေ့ပေ။

ထို့ကြောင့် အသိစိတ် ရှိနေအောင် ကြိုးစားရင်း ကိုးဆယ့်ခြောက်ထပ်မြောက်တွင် အရူးတစ်ယောက်လို ရပ်နေရသည်။ ကောင်းမွန်နေခဲ့သော စိတ်အခြေအနေမှာလည်း ပျက်စီးသွားပြီဟု ဆိုနိုင်သည်။

စုချန်းရန်နှင့် အားပါးတရ အာလူးဖုတ်ပြီးနောက် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်တွင် စမ်းသပ်ခံ ကျောင်းသူနှစ်ဦး ကျန်နေသေးသည်ကို သတိရကာ ကိုယ့်နဖူးကိုယ် ရိုက်မိသွားသည်။

ကံကောင်းထောက်မစွာဖြင့် စောစောစီးစီး သတိရလိုက်သောကြောင့် စုရှောင်လန်အား ခေါ်ဆောင်ရန် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်သို့ သွားလိုက်သည်။

စုချန်းရန်ကြောင့် စိတ်ဒဏ်ရာများ ပျောက်ကင်းသွားသော ပိုင်ကျုံးသည် စုရှောင်လန်၏ မကျေမနပ် ဆူပူသံများကို ဘာမှမခံစားရပေ။ ထိုအစား အမှားကို ဝန်ခံကာ ရိုးရိုးသားသား တောင်းပန်လိုက်သည်။

စုရှောင်လန်သည်ပင် ကြောင်တောင်တောင် ဖြစ်သွားရသည်။

ဒီအဖိုးကြီးက ပွစိပွစိနဲ့ နားမုဒိမ်းကျင့်တတ်တဲ့ ပိုင်ကျုံးရော ဟုတ်ရဲ့လား.....လူစားထိုးထားတာတော့ မဟုတ်ပါဘူးနော်.....

သူမသည်လည်း ဘာမှမပြောနိုင်တော့ပဲ သွေးဝိဉာဉ်ဆေးလုံးအားသောက်ကာ တရားထိုင်နေလိုက်သည်။

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်ခုနစ်ထပ်မြောက်တွင် နှင်းနှင့်ရေခဲများမှာ မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ထက်ရှလှသော ရေခဲချွန်များမှာလည်း လေထဲတွင် တွဲလဲခိုကာ အေးစက်လွန်းသော အရှိန်အဝါကို ပေးစွမ်းနေသည်။

အနီရောင် ခမောက်တစ်လုံးဖြင့် မျက်နှာအား ဖုံးကွယ်ထားသော အနီရောင်ဝတ်စုံနှင့် အမျိုးသားမှာ မီးတောက်လှံဖြင့် လျှိုချင်းဟွမ်၏ ရင်ဘတ်အား ထိုးစိုက်လိုက်သည်။

"နောက်ဆုံးတော့ ရှုံးသွားတာပဲ။"

လျှိုချင်းဟွမ် စိတ်ပျက်သွားသည်။

"စိတ်ဓာတ်မကျပါနဲ့။ ကောင်းကင်ဘုံခုံရုံးရဲ့ သမိုင်းတလျှောက် အထူးချွန်ဆုံး ကျောင်းသူအဖြစ် ကိုယ့်ကိုယ်ကို ဂုဏ်ယူလို့ရပါတယ်။ ရန်ကျန့်တောင်မှ မင်းလောက်အလားအလာ မကောင်းခဲ့ဘူး။ မင်းရဲ့ ကျင့်ကြံရေးအခြေခံက မတည်ငြိမ်သေးတာ နှမြောစရာပဲ။ မဟုတ်ရင် မင်းငါ့ကို နိုင်လောက်တယ်။"

အမျိုးသားမှာ လှံကိုရုတ်သိမ်းရင်း ချီးကျူးလိုက်သည်။

လျှိုချင်းဟွမ် မဲ့ပြုံးပြုံးလိုက်မိသည်။

"အထူးချွန်ဆုံး ကျောင်းသူဟုတ်လား။ ရှင်က အပေါ်ထပ်က တိုက်ပွဲနဲ့ အောက်ထပ်က တိုက်ပွဲကိုမှ မမြင်ရသေးတာ။ အဲ့ဒါကြောင့် ပေါက်ကရတွေ လျှောက်ပြောနေတာပေါ့။"

အနီရောင်ချပ်ဝတ်နှင့်လူမှာ နားမလည်နိုင် ဖြစ်သွားရပါသော်လည်း လျှိုချင်းဟွမ်မှာ သတိလစ်သွားခဲ့လေပြီ။

မကြာမီပင် ပိုင်ကျုံး ရောက်ရှိလာပြီး သူမအား အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက် ပို့ဆောင်ပေးလိုက်သည်။

ထို့ကြောင့် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၌ အန်လင်း တစ်ဦးတည်းသာ ကျန်ရှိတော့သည်။

ကောင်းကင်ဘုံခုံရုံး၏ တသက်စာ စံချိန်အသစ်အား တင်နိုင်ခဲ့သော လူငယ်လေးသည် ကိုးဆယ့်ကိုးထပ်မြောက်အား စိန်ခေါ်တော့မည်ပင်။

တိုက်ပွဲမှာ မစတင်သေးပါသော်လည်း တသက်စာ စံချိန်တင်သွားသော အန်လင်းအကြောင်းမှာ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော် တစ်ခုလုံးထံ ပျံ့နှံ့နေလေပြီ။

ထိုသို့သတင်းပြန့်ရခြင်း၏ လက်သည်တရားခံမှာ အတင်းအဖျင်းကြိုက်သော ပဉ္စမနှစ် ကျောင်းသားများ ဖြစ်သည်။

ဆွဲဆောင်မှုအားကောင်းသော သတင်းကြောင့် ခေတ္တမျှသော အချိန်အတွင်းမှာပင် ကျောင်းသားတိုင်းလိုလို သိရှိသွားကြသည်။ ထို့ကြောင့်ပင် ကျောင်းသားအများစုမှာ အတန်းမတက်ပဲ တိုက်ပွဲသွားကြည့်ရန် တွေးလာကြသည်။

ထိုတိုက်ပွဲသည် သမိုင်းတွင်မည့် တိုက်ပွဲဖြစ်ကြောင်း သံသယရှိစရာ မလိုပေ။

ထိုသည်မှာ ကမ္ဘာပေါ်ရှိ ကျောင်းတော်တွင် နာမည်ကြီး စူပါစတားများ လာရောက်ဖျော်ဖြေနေပါသော်လည်း ကျောင်းသားများမှာ အတန်းတက်နေရသလို ဖြစ်နေသောကြောင့် အဓိပ္ပါယ် မရှိလှချေ။

၎င်းတို့အနေဖြင့် ဖျော်ဖြေပွဲအား ကြည့်ရှုနိုင်ရန် အတန်းကို လက်လွှတ်လိုက်သင့်သည်။

အန်လင်း တရားထိုင်နေသော အချိန်အတွင်း အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်ရှိ ကျောင်းသားဦးရေမှာ ပိုမိုများပြားလာသည်။

"အစ်ကိုကြီး ဓားသိုင်းဆရာက နောက်စာသင်ချိန်ကြရင် ဓားနဲ့ပက်သတ်တဲ့ နည်းစနစ်တွေ ပြပေးတော့မှာ။ အခုလို အတန်းလစ်တာ အဆင်ပြေပါ့မလား။"

ယောင်ရှု စိတ်မသက်မသာဖြစ်ကာ မေးလိုက်သည်။

"ဒါက ငါတို့အိုင်ဒေါလ်ရဲ့ နောက်ဆုံးတိုက်ပွဲလေ။ ဘာပဲဖြစ်ဖြစ် လွတ်သွားလို့ မဖြစ်ဘူး။"

ယောင်မင်ရှီ ဆုံးဖြတ်ထားဟန်ဖြင့် တုံ့ပြန်သည်။

"ပြီးတော့ ဆရာက ငါတို့ဘယ်သွားလဲမေးရင် ဓားတာအို ဉာဏ်အလင်းရလာလို့ အသစ်ရထားတဲ့ ဓားစိတ်ဆန္ဒကို လေ့လာဖို့ တစ်နေရာ သွားနေတာလို့ ပြောလိုက်လို့ ရတာပဲ။"

"အဲ့လိုလုပ်လို့ ဖြစ်ရဲ့လား။"

ယောင်ရှုမှာ အံ့အားသင့်ကာ မျက်လုံးပြူးနေမိသည်။

"ဒါပေမယ့် ညီမတို့ နှစ်ယောက်လုံး ဉာဏ်အလင်းရတယ်ဆိုရင် တိုက်ဆိုင်လွန်းသလို ဖြစ်မနေဘူးလား။"

သူမ အနည်းငယ် ပူပန်နေဆဲပင်။

ယောင်မင်ရှီ ခပ်ဖွဖွ ပြုံးလိုက်သည်။

"တုံးလိုက်တဲ့ ကလေးမကတော့.....ငါဉာဏ်အလင်းရပြီးသွားတော့ အသစ်ရလာတဲ့ ဓားနည်းစနစ်တွေကို စမ်းသပ်ဖို့ လေ့ကျင့်ဖော်တစ်ယောက် လိုမှာပဲလေ။ မင်းကငါ့ရဲ့ လေ့ကျင့်ဖော်ပေါ့။"

ယောင်ရှု စိတ်ကျေနပ်သွားသည်။

"အစ်ကိုကြီးက အတော်ဆုံးပဲ။"

၎င်းတို့နောက်မှ စကားသံတစ်ခု ထွက်ပေါ်လာသည်။

"မင်းတို့ဘာပြောနေကြတာလဲ။"

"ဆရာကို အရူးလုပ်ဖို့ ပြောနေကြတာလေ။"

ယောင်မင်ရှီ တစ်ဖက်သို့ လှည့်လိုက်ပြီးနောက် အမူအရာ ပြောင်းလဲသွားရသည်။

ယောင်ရှုသည်လည်း လှည့်ကြည့်ကာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီလာသည်။

"ဆ....ဆ....ဆ...ဆရာ...."

၎င်းတို့အနောက်တွင် ရှိနေသူမှာ ဓားတာအိုဆရာ ဓားအင်မော်တယ်သုန့်ရီ ဖြစ်သည်။

ဓားအင်မော်တယ်သုန့်ရီမှာ ၎င်းတို့နှစ်ဦးအားကြည့်ကာ ပြုံးလိုက်သည်။

"တိုက်ဆိုင်လိုက်တာနော်။ ငါကမင်းတို့ကို လာနှုတ်ဆက်မလို့ပဲ။ ဒါပေမယ့် မကြားသင့်တာတွေ ကြားမိသွားတယ်။"

ယောင်မင်ရှီနှင့် ယောင်ရှုတို့မှာ ခြေထောက်များတုန်ကာ ဦးနှောက်လည်း အလုပ်မလုပ်တော့သဖြင့် မည်သည့်စကားမှ မပြောနိုင်တော့ပေ။

ချီးပဲ.....ငါတို့တော့သေပြီ....

"တောင်းပန်ပါတယ်ဆရာ....ကျွန်တော်တို့ အခုပဲ အတန်းပြန်ပါ့မယ်။"

ယောင်မင်ရှီ ယောင်ရှု၏လက်အား ဆွဲလိုက်သည်။

"မလိုပါဘူး။"

ဓားအင်မော်တယ်သုန့်ရီ လက်ခါပြသည်။

ယောင်မင်ရှီနှင့် ယောင်ရှုတို့ ဖြူရော်သွားသည်။

ဆရာက ဒီနေရာမှာတင် ဆော်တော့မလို့လား.....

"အတန်းချိန်ကို ဖျက်ပေးထားလိုက်ပြီ။ ငါနဲ့တူတူ တိုက်ပွဲလာကြည့်ကြလေ။ ငါလည်း အိုင်ဒေါလ်ရဲ့ တိုက်ပွဲကြည့်ချင်လို့။"

ဓားအင်မော်တယ်သုန့်ရီ စကားဆိုလိုက်သည်။

ယောင်မင်ရှီနှင့် ယောင်ရှုတို့ ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။

တိုက်ပွဲကြည့်ချင်လို့ ဓားတာအိုအတန်းတောင် ဖျက်လိုက်တာလား.....

ဘုရားရေ.....အတွေးတူနေတာပဲ.....

"ဆရာကလည်း စီနီယာကျောင်းသားအန်လင်းကို အိုင်ဒေါလ်အဖြစ် သတ်မှတ်ထားတာလား။ ကောင်းတာပေါ့။"

ယောင်မင်ရှီ သဘောကျသွားသည်။

"မဟုတ်ဘူး။ အန်လင်းက ငါ့အိုင်ဒေါလ် မဟုတ်ဘူး။"

ဓားအင်မော်တယ်သုန့်ရီ ခေါင်းခါသည်။

ယောင်မင်ရှီနှင့် ယောင်ရှုတို့ အံ့သြသွားပြန်သည်။

"ဟဲဟဲ....ငါ့အိုင်ဒေါလ်က ကိုးဆယ့်ကိုးထပ်မြောက်မှာ။"

ဓားအင်မော်တယ်သုန့်ရီမှာ အလွန်မျှော်လင့်နေပုံ ရသည်။ ထိုသို့သော အမူအရာမျိုးကို ယောင်မင်ရှီနှင့် ယောင်ရှုတို့ မတွေ့ခဲ့ရဖူးပေ။ ထိုသည်မှာ အန်လင်းအား တွေ့သောအခါ ၎င်းတို့ပြုမူပုံနှင့် ဆင်တူလှသည်။

ဘယ်လိုအင်မော်တယ်ကများ ဆရာ့ကို ရူးသွပ်စေတာလဲ......

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်ကိုးထပ်မြောက်တွင် ရှိနေသော အံ့ဖွယ်စိတ်ဆန္ဒအား မည်သူကမှ မမြင်တွေ့ဖူးပေ။

မည်သို့ပင်ဆိုစေကာမူ ဆရာသည် ထိုအင်မော်တယ်အား သိရှိနေသောကြောင့် နှစ်ဦးသား ဆက်ဆံရေးကောင်းပုံရသည်။ ထိုအတွေးကြောင့် ယောင်မင်ရှီနှင့် ယောင်ရှုတို့မှာ သိလိုစိတ်များ ပိုမိုပြင်းပြလာသည်။

အန်လင်းမှာ တရားထိုင်ရာမှထကာ အကြောဆန့်လိုက်ပြီးနောက် လက်ထဲတွင် ရှိနေသော တံဆိပ်ပြားနှင့် ကိုးဆယ့်ကိုးထပ်ထံ သွားလိုက်သည်။

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်တွင် ဆရာများပါ ရောက်ရှိနေပြီး စုစုပေါင်း ပရိသတ် သောင်းနှင့်ချီနေသည်ကို သူမသိသေးပေ။

ကျွီ.....

တံခါးပွင့်သွားပြီးနောက် အန်လင်း အူကြောင်ကြောင် ဖြစ်သွားမိသည်။

ထိုသူအား ပြိုင်ဘက်အဖြစ် တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

All Chapters