← Chapters

သေရေရှင်ရေးကြားမှပြန်လည်တိုက်ခိုက်မှု

Vol. 44 Ch. 614

သေရေရှင်ရေးကြားမှပြန်လည်တိုက်ခိုက်မှု

Vol. 44 Ch. 614

အန်လင်း ဖိနှိပ်ခံနေရပါသော်လည်း အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်မှ ကျောင်းသားများမှာ အံ့အားသင့်ခြင်း မရှိကြပေ။ ယှဉ်မရနိုင်သော ပြိုင်ဘက်အား တိုက်ခိုက်နေရသောကြောင့် အနည်းငယ်သာ မျှော်လင့်ထားကြသည်။

တစ်ဖက်လူသည် အစစ်အမှန် နတ်ဘုရား ဖြစ်နေသောကြောင့် အန်လင်း ရှုံးနိမ့်ခဲ့လျှင်ပင် အပြစ်တင်စရာ မရှိပေ။

စုရှောင်လန်မှာ သလင်းကျောက် မျက်နှာပြင်အားကြည့်ရင်း လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

ကောင်းကင်အရှင်သခင်မှာလည်း အလေးအနက် အာရုံစိုက်နေသည်။

သူသည် သလင်းကျောက် မျက်နှာပြင်အား မကြည့်ပဲ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ နံရံကိုဖောက်ကာ တိုက်ပွဲအား တိုက်ရိုက်ကြည့်ရှုနေခြင်း ဖြစ်သည်။

အန်လင်းမှာ မတ်တပ်ရပ်ရန်ပင် ခက်ခဲနေပြီး ပြိုင်ဘက်အားကြည့်ကာ ဦးနှောက်တစ်ခုလုံး အလုပ်မလုပ်တော့သလို ခံစားနေရသည်။

သို့သော် ဧကရာဇ်ဇီဝေးသည် အန်လင်းအား တွေးတောချိန်ပင် မပေးပဲ အနက်ရောင် ဓားပုံရိပ်များ ထွက်ပေါ်စေကာ တိုက်ခိုက်လိုက်သည်။

ဓားပုံရိပ်များမှာ ရှောင်ရှားရန်အတွက် များပြားလွန်းလှသောကြောင့် အန်လင်းသည် စစ်နတ်ဘုရား ခန္ဓာအား ပုံအပ်ကာ ထိပ်တိုက်ရင်ဆိုင်ရုံသာ ရှိသည်။

ဓားပုံရိပ်နှင့် ထိတွေ့သွားသည်နှင့် အန်လင်းမှာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်နံရံထံ လွင့်ထွက်သွားပြီး ကျန်ရှိနေသော ဓားပုံရိပ်များမှာလည်း မိုးစက်မိုးပေါက်များအလား ဆက်တိုက်ဆိုသလို ကျဆင်းလာသည်။

ဝုန်း....ဝုန်း.....ဝုန်း...

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်မှာ ပြင်းထန်စွာ တုန်ခါလာသည်နှင့် ပိုင်ကျုံးမှာ သတိလက်လွတ် မနေရဲပဲ အကာအကွယ် ဝင်္ကပါများအား စောင့်ကြည့်ပြုပြင်နေရသည်။

အကာအကွယ် ဝင်္ကပါများသည် ထိုမျှပြင်းထန်သော စွမ်းအင်လှိုင်းဂယက်များကို ခံနိုင်ရည်စွမ်း မရှိသောကြောင့် ပိုင်ကျုံးမှာ သူ၏ကိုယ်ပိုင်စွမ်းအင်ကိုပါ အသုံးပြုနေရသည်။

ထိုသို့လုပ်ဆောင်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်နေသောကြောင့် ပိုင်ကျုံးအတွက် မလွယ်ကူလှပေ။

"အိုး....မင်းအရေပြားက တော်တော်ထူတာပဲ။ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ထက်တောင် သာနေပြီ။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ အများစုတောင် အဲ့လိုခုခံကာကွယ်ရေး အစွမ်းမျိုး ရှိမှာမဟုတ်ဘူး။"

ဧကရာဇ်ဇီဝေး ရယ်မောကာ ချီးကျူးပြီးသည့်နောက် ရွှေခရမ်းရောင် ကျိုင်းတုတ်တစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် နံရံပေါ်တွင် ကားယားကြီးကပ်နေသော အန်လင်းထံ လွှဲပစ်လိုက်သည်။

ဝုန်း.....

လေထုသည်ပင် တွန့်လိမ်ကာ အဖျက်စွမ်းအင်များ ဖြာထွက်လာသည်။

အန်လင်း၏ ခန္ဓာကိုယ်မှာ အဖြူရောင် အခိုးအငွေ့များအဖြစ် ပြောင်းလဲပြီး ထိုနေရာမှ ပျောက်ကွယ်သွားသည်။

ရွှေခရမ်းရောင် ကျိုင်းတုတ်မှာ နံရံတွင် စိုက်သွားသောကြောင့် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်မှာ ပြင်းထန်စွာ တုန်ခါလာပြန်သည်။

"အိုး.....စိတ်ဝင်စားစရာပဲ။ အဲ့ဒါ ရှောင်ယန်ရဲ့ ကျင့်စဉ်လား။"

ဧကရာဇ်ဇီဝေး၏ မျက်ဝန်းထဲတွင် ကြယ်စင်များ ဖြစ်ပေါ်လာပြီးနောက် လေဟာပြင် တစ်နေရာအား လှမ်းဆွဲလိုက်သည်။

အကန့်အသတ်မဲ့ ချိပ်ပိတ်စွမ်းအင်များ ပါဝင်နေသော ရွှေရောင်ကုဗတုံးတစ်ခု ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ် စွမ်းအင်များ၏ ဖိအားကြောင့် အန်လင်းမှာ ပြန်လည်ပေါ်ထွက်လာရသည်။

အန်လင်း တုန်လှုပ်ကာ လေတောင်ပံများကို ချက်ချင်းဖြန့်ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရောင်စဉ်လေးခု နတ်ဘုရားမီးလျှံဓားလည်း ဖြစ်ပေါ်လာကာ ရွှေရောင်ကုဗတုံးအား ထိုးစိုက်သွားသည်။

သူ၏လျင်မြန်လှသောအရှိန်ကြောင့် နတ်ဘုရားမီးလျှံဓားမှာ ရွှေရောင်ကုဗတုံးအား အပေါက်ဖြစ်သွားစေသည်။ သို့သော် ထိုနေရာမှ လွတ်မြောက်လာခါစမှာပင် ဒြပ်စင်ငါးခု၏ အစွမ်းများ ပါဝင်နေသော လက်သီးပုံရိပ်ကို မိတ်ဆက်လိုက်ရသည်။

ဝုန်း......

လက်သီးပုံရိပ်ကြီး ကျဆင်းလာပြီးနောက် အန်လင်းမှာ အမြှောက်ဆံအလား လွင့်ထွက်ကာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်နံရံနှင့် ရိုက်မိသွားပြန်သည်။

ရင်းနှီးနေတဲ့ မြင်ကွင်းပဲ.....

အန်လင်း အော်ဆဲချင်စိတ်များ တဖွားဖွား ဖြစ်လာသည်။

ဒီလောက်အဆင့်ကွာနေတာကို ဧကရာဇ်ဇီဝေးမျက်ခွက်ကို မြေကြီးနဲ့ ဘယ်လိုဆောင့်ရပါ့မလဲ....အိမ်မက်ထဲမှာပဲ ဖြစ်နိုင်လိမ့်မယ်.....

အခုတော့ ဧကရာဇ်ဇီဝေးကချည်း ငါ့ကိုနံရံနဲ့ ရိုက်နေတာ မဟုတ်ဘူးလား.....

ထို့နောက် တိုက်ခိုက်မှုများ အဆက်မပြတ် ကျဆင်းလာသောကြောင့် အန်လင်းမှာ နံရံတွင် ကားယားကြီး ဖြစ်နေသည်။

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်ရှိ ကျောင်းသားများမှာ ဆက်တိုက်ဆိုသလို ဖိနှိပ်ခံနေရသော အန်လင်းအတွက် စိတ်မကောင်း ဖြစ်မိလာရသည်။

ကျောင်းသူအချို့မှာ ကြည့်ပင်မကြည့်ရက်တော့ပဲ မျက်နှာအား လက်ဝါးဖြင့်အုပ်ကာ လက်ချောင်းများကြားမှသာ ချောင်းကြည့်ကြတော့သည်။

"သူက လုံးဝကို ပြန်မချနိုင်ဘူးပဲ။ သနားစရာ နတ်ဘုရားအန်လေး....."

"ကြည့်ရတာ ခန္ဓာကိုယ် အားကုန်တဲ့ထိ အဆော်ချည်း ခံနေရမယ်ဆိုရင် အရေထူတာက သိပ်မကောင်းပါဘူး။"

"ဘာလို့လဲ မသိပေမယ့် ဒီလိုကြည့်ရတာ ကျေနပ်မိတယ်။"

ထိုစကားအား ပြောလိုက်သော ကျောင်းသားအနီးတွင် ရှိနေသူများမှာ အဝေးသို့ ဖယ်ခွာသွားကြသည်။

............

အန်လင်းမှာ မူးနောက်နောက်ပင် ဖြစ်နေလေပြီ။

သူမျက်လုံးဖွင့်လိုက်သည်နှင့် ဧကရာဇ်ဇီဝေး၏ တိုက်ခိုက်မှုနှင့် တွေ့လိုက်ရသည်ချည်းသာ ဖြစ်နေသည်။

ဧကရာဇ်ဇီဝေး လက်သင်္ကေတများ ပြောင်းလဲလိုက်သည်နှင့် ကြယ်ရောင်စုံသော ညဉ့်ကောင်းကင်ယံတစ်ခု ဖြစ်ပေါ်လာကာ ကိုးဆယ့်ကိုးထပ် တစ်ခုလုံး ဖုံးလွှမ်းသွားသည်။ ကြယ်စင်များ၏ ကြောက်မက်ဖွယ် အစွမ်းများထံမှ ကြီးမားလှသော လက်ဝါးကြီးတစ်ခု ရုပ်လုံးပေါ်လာသည်။

ထိုလက်ဝါးထဲတွင် စကြာဝဠာ တစ်ခုလုံး ပါဝင်နေသယောင် ထင်မှတ်ရသည်။

အန်လင်းမှာ ကြောက်လွန်းလှသဖြင့် သေးထွက်ကျတော့မလို ခံစားနေမိသည်။

ယီးထဲမှ.....တော်တော်ကြမ်းတာပဲ....ဧကရာဇ်ဇီဝေးက ငါ့ကိုသတ်ချင်နေတာလား.....

ဧကရာဇ်ဇီဝေးသည် အန်လင်း အရေထူမှုကို စမ်းသပ်လိုသောကြောင့် အကောင်းဆုံး ကျင့်စဉ်များထဲမှ တစ်ခုအား ထုတ်သုံးလိုက်ခြင်းပင်။

"အင်မော်တယ်ကြယ်စင်လက်ဝါး...."

လက်ဝါးကြီး ကျဆင်းလာသည်နှင့် သန်းခေါင်ယံညအလား ကောင်းကင်နှင့်မြေပြင်မှာ မှေးမှိန်သွားရသည်။

ကြယ်စင်များ၏ အဖျက်စွမ်းအင်ကြောင့် အန်လင်းမှာ စကြာဝဠာ တစ်ခုလုံး ခန္ဓာကိုယ်ပေါ် ပြိုကျလာသလို ခံစားလိုက်ရသည်။

ဝုန်း....

ချက်ချင်းဆိုသလို ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းဂယက်များ ဖြာထွက်လာကာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် နံရံအား ရိုက်ခတ်သွားသည်။

ဘန်း..... ခရက်....

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ အကာအကွယ် ဝင်္ကပါများ အက်ကွဲကာ ပိုင်ကျုံးမှာလည်း အဝေးသို့ လွင့်ထွက်သွားရသည်။

သလင်းကျောက် မျက်နှာပြင်မှာလည်း ကွဲအက်သွားပြန်သည်။

ပိုင်ကျုံးသည် အကာအကွယ် ဝင်္ကပါများအား ထိန်းထားရန် အကောင်းဆုံး ကြိုးစားခဲ့ပါသော်လည်း ရူးလောက်စရာ စွမ်းအင်ပေါက်ကွဲမှုများကြောင့် အရာမထင်ခဲ့သဖြင့် စိတ်ဓာတ်ကျလာရသည်။

ကျောင်းသားများအားလုံး: "......"

ပိုင်ကျုံးမှာ အကာအကွယ် ဝင်္ကပါအား ချက်ချင်းပြင်ဆင်လိုက်ပြီးနောက် ကျားလိုက်နေသလို အရှိန်ဖြင့် သလင်းကျောက် မျက်နှာပြင်ကိုပါ ပြန်ပြင်လိုက်သည်။

ဖုန်မှုန့်များ ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီးနောက် မြေပြင်ပေါ်တွင် လဲကျနေသော ပုံရိပ်တစ်ခုအား တွေ့လိုက်ကြရသည်။

စုရှောင်လန်နှင့် အခြားသူများမှာ စိုးရိမ်ပူပန်နေဟန်ဖြင့် ထိုပုံရိပ်အား ကြည့်ရှုနေသည်။

ဧကရာဇ်ဇီဝေးမှာလည်း သိလိုစိတ်ပြင်းစွာနှင့် အန်လင်းထံ လျှောက်သွားလိုက်သည်။

"အရေဘယ်လောက်ထူထူ တော်တော်ထိသွားမှာ သေချာတယ်။"

"အမ်....ကြည့်ရတာ...."

စကားမဆုံးသေးခင်မှာပင် ကောင်းကင်နှင့်မြေပြင်မှာ ရုတ်ချည်းမှောင်ကျသွားသည်။

မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်.....

စစ်နတ်ဘုရား ခုတ်ချက်ခြောက်ချက်: ကျားအရိပ်...

အမှောင်ထုထဲတွင် အန်လင်း၏ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာပြီး ဧကရာဇ်ဇီဝေးထံ ပြေးဝင်ကာ ရင်ဘတ်အား ဓားဖြင့်ထိုးလိုက်သည်။

ဧကရာဇ်ဇီဝေးသည် အမှောင်ထုထဲ နစ်ဝင်သွားပါသော်လည်း အံ့ဖွယ်စိတ်ဆန္ဒအား ဖြန့်ကျက်ကာ အန်လင်း၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။

ထိုအချိန်မှာပင် အန်လင်းမှာ လေထုအား လက်ဖြင့်ဆုပ်လိုက်သည်။

အကွာအဝေးခဲခြင်း....

တစ်ချိန်တည်းမှာပင် စက်ဝိုင်းသဏ္ဍာန် တွင်းနက်ကြီးတစ်ခုလည်း ထွက်ပေါ်လာသည်။

အသူရာတွင်းနက် ဆွဲငင်အား.....

ကြောက်မက်ဖွယ် ချိပ်ပိတ်ခြင်းစွမ်းအင်နှင့် ပြင်းထန်လှသော ဆွဲငင်အားတို့ ပေါင်းစည်းသွားသည်။

ဧကရာဇ်ဇီဝေး၏ လှုပ်ရှားမှုအား အပြည့်အဝ မကန့်သတ်နိုင်ပါသော်လည်း အန်လင်းအတွက် လုံလောက်သည်အထိ အချိန်ခေတ္တမျှ ရသွားသည်။

သူ၏ဓားမှာ လေထုအား ဖြိုခွင်းကာ ဧကရာဇ်ဇီဝေး၏ ရင်ဘတ်ထဲသို့ ဖောက်ဝင်သွားတော့သည်။

All Chapters