← Chapters

လေလံပွဲ

Vol. 22 Ch. 304

လေလံပွဲ

Vol. 22 Ch. 304

ထျန်းရှဲ့ကျီ၏ အသံသည် နတ်ဘုရားစိတ်ဆန္ဒဖြင့် ပြုလုပ်ထားခြင်းဖြစ်သောကြောင့် လူတိုင်းမကြားနိုင်ချေ။

စွမ်းအင်အဆင့်တစ်ခုသို့ ရောက်ရှိနေသူများသာ ထိုအရာကို အာရုံခံနိုင်သဖြင့် မျိုးနွယ်စုအတွင်းရှိ လူအနည်းငယ်သာ ထိုအသံကို ကြားလိုက်ရချေသည်။

စုမင်အား အန္တရာယ်ပြုချင်ခဲ့သော အဘိုးအို သေလုမျောပါး ဖြစ်သွားပြီးသည်နှင့်  ဒါဇင်ကျော် ဓား-သင်္ဘောအဆောက်အဦးများထံမှ မည်သည့်နတ်ဘုရားစိတ်ဆန္ဒမှ ထွက်ပေါ်မလာတော့ပေ။

သူတို့အားလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားကြသည်။

မျိုးနွယ်စုအတွင်းရှိ အနက်ရောင်ဝတ်စုံဝတ်လူများ ကာကွယ်နေသည့် သာမန်ပုံစံတဲအတွင်းမှ လူငယ်၏ မျက်လုံးများအတွင်း အံ့အားသင့်သော အမူအယာတစ်ခု ဖြစ်ပေါ်လာပြီး သူ့အသက်ရှူသံက လျင်မြန်သွားခဲ့သည်။

"ထျန်းရှဲ့ကျီလား..."

"အဲဒါ သူပဲ" လူငယ်အရှေ့တွင် ထိုင်နေသောအဘိုးအိုက

အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ပြလာ၏။

"အကယ်၍ ငါ့ကိုသာ အဲဒီလိုအစွမ်းထက်တဲ့ လူတစ်ယောက်က အမှုထမ်းမယ်ဆိုရင်..." ထိုလူငယ်သည် ဝါကျ၏ နောက်ဆုံးစကားလုံးများကို ပြောမိပြီးသွားချိန်တွင် ခေါင်းခါယမ်းလိုက်ပြီး ဝိုင်ခွက်ထဲမှ တစ်ငုံခန့်သောက်လိုက်သည်။

"ဒုတိယသခင်လေး၊ အဲအကြောင်းကို ထပ်မစဉ်းစားနဲ့တော့။ အဲဒါ မဖြစ်နိုင်တဲ့အရာပဲ... တောင်ပိုင်းအရုဏ်ဦး ကုန်းမြေရဲ့ အစွမ်းထက်ဆုံးလူသုံးဦးထဲက တစ်ယောက်ဖြစ်တဲ့သူက မျိုးနွယ်စုကြီးတွေကြားက စစ်ပွဲမှာ သေချာပေါက်ဝင်ပါမှာ မဟုတ်ဘူး"

"နာမည်ကျော်ကြားပြီး အခုလောလောဆယ် အနောက်ပိုင်းပင်လယ်ကလန်မှာ နေထိုင်နေတဲ့ ဂုရုလီလုံက လွဲလို့ အစွမ်းထက်ဆုံးမာန်စွမ်းအားရှင် သုံးဦးထဲက တစ်ခြားလူနှစ်ယောက်အကြောင်းကို သိတဲ့လူမရှိသလောက်ပဲ။ အကယ်၍ သူတို့က သိခဲ့ရင်တောင် သတင်းဖြန့်မှာ မဟုတ်ဘူး"

"ဘာကြောင့်ဆို ဒီလိုအစွမ်းထက် မာန်စွမ်းအားရှင်တွေက သူတို့နေထိုင်ချင်တဲ့ဘဝကို ရွေးချယ်ခွင့်ရှိလို့ပဲ။ စီနီယာ ထျန်းရှဲ့ကျီလိုပေါ့။ သူ့စိတ်နေစိတ်ထားက ထူးဆန်းပြီး တစ်ခါတစ်လေ အရူးတစ်ယောက်လိုပဲ။ အေးခဲကောင်းကင်ကလန်ထဲမှာ သူ့ရဲ့တစ်ကယ့်အဆင့်အတန်းကို သိတဲ့လူက ဆယ်ယောက်တောင်မရှိဘူး။ အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးထဲမှာတောင် မင်းတို့လို အကြီးအကဲသွေး ပိုင်ဆိုင်ထားသူတွေကပဲ အရွယ်ရောက်လာပြီးတဲ့နောက် ဒီလျှို့ဝှက်ချက်ကို သိခွင့်ရှိတာ"

"ဒါကြောင့်ပဲ တပည့်တွေနဲ့ အပြင်လူအများကြီးက ထျန်းရှဲ့ကျီအဆင့်အတန်းနဲ့ ပက်သက်ပြီး ကိုယ်ပိုင်ယူဆချက်တွေရှိနေကြတာ။ ဒါပေမယ့် အများစုက အနုတ်သဘောဆောင်နေကြတာပါပဲ... ငါတို့လည်း သူဘယ်သူလဲဆိုတာကို မဖော်ထုတ်ရဲဘူး။ အဲလိုမှမဟုတ်ရင် သူသာ အေးခဲကောင်းကင်ကလန်ကို စွန့်ခွာသွားတာနဲ့ ငါတို့သူ့ကိုပြန်ရဖို့ ခက်ခဲလိမ့်မယ်" အဘိုးအိုက မပီမသအပြုံးတစ်ခုဖြင့် ပြောသည်။

"သူ့တပည့်တွေရော အဲဒီအကြောင်းကို မသိဘူးလား" လူငယ် အံ့အားသင့်သွားခဲ့သည်။

အဘိုးအိုက ခဏတာတွန့်ဆုတ်နေပြီးနောက်မှ ညင်သာစွာပြောလာခဲ့၏။ "နိုင်းလီမျိုးနွယ်စုရဲ့ အဲလူကလွဲလို့... တစ်ခြားတပည့်တွေက ဒီအကြောင်းကို မသိလောက်ဘူး"

လူငယ်၏ မျက်လုံးများ တောက်ပသွားသည်။ ခဏတာ စဉ်းစားတွေးတောနေပြီးမှ အဘိုးအိုထံ လှမ်းကြည့်လိုက်သည်။

"စုမင်လို့ခေါ်တဲ့လူကို တရားဝင်လေလံပွဲပြီးရင် ကျင်းပမယ့် အနောက်ပိုင်းပင်လယ်ကလန်ရဲ့ လျှို့ဝှက်လေလံပွဲကို ဖိတ်လိုက်... သူဘာပဲ ဝယ်ချင်ပစေ ငါပေးမယ်"

"ဒါပေမယ့်... ဒီအကြောင်းကို မင်းအစ်ကိုသိသွားရင်..."

"ငါက သူငယ်ချင်းဖြစ်အောင် လုပ်ရုံပါပဲ။ ငါ စုမင်နဲ့ တစ်ကယ်သူငယ်ချင်းဖြစ်ချင်တာလေ။ ပြီးတော့ ငါက သူ့အကူအညီကို တောင်းနေတာမှမဟုတ်တာ။ အခုတော့ လူတွေက ငါမိတ်ဆွေဖွဲ့တာကိုတောင် တားဆီးနေကြပြီလား" လူငယ်က ပြုံးလိုက်သော်လည်း အဘိုးအိုအား လှမ်းကြည့်လိုက်သည့် သူ့မျက်လုံးများအတွင်း အေးစက်စက် အကြည့်စူးစူးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အဘိုးအိုသည် ခဏတာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက်မှ ခေါင်းညိတ်ပြလိုက်သည်။

"လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းက ဖြစ်ပွားခဲ့တဲ့ မဟာမာန်စွမ်းအားရှင် သုံးဦးနဲ့ ရှာမန်တွေရဲ့ မဟာဘိုးဘေးကြားက တိုက်ပွဲအကြောင်းကို ငါကလေးဘဝတုန်းက ကြားဖူးခဲ့တယ်..." လူငယ်သည် တီးတိုးရေရွတ်လိုက်ပြီး သူ့မျက်လုံးများအတွင်း စွဲလမ်းမှုများ ပေါ်လာခဲ့သည်။

အပြင်ဘက် ဆီးနှင်းလွင်ပြင်တွင်တော့ လေမုန်တိုင်းက ဆက်လက်အော်မြည်တိုက်ခတ်နေဆဲဖြစ်ပြီး ပိုမို၍တောင် သန်မာလာခဲ့သည်။ ၎င်း၏ အလယ်ဗဟိုတွင်တော့ စုမင်သည် သူ့အရှိန်အဝါများ တိုးလာသည်ကို ခံစားမိနေ၏။

"နှင်းမုန်တိုင်း..." သူ တီးတိုးရေရွတ်လိုက်သည်။ စုမင်ပါးစပ်မှ ထိုစကားလုံး ထွက်ပေါ်လာသည်နှင့် နက်မှောင်တောင်၊ မျိုးနွယ်စုနှင့် သွေးလွှမ်းလတို့ ဝန်းကျင်တစ်ဝိုက်ရှိ ကောင်းကင်တွင် အဆုံးမရှိသောဆီးနှင်းများ ထွက်ပေါ်လာခဲ့သည်။

ထွက်ပေါ်လာသော ဆီးနှင်းများသည် ဧရိယာအတွင်း မူလတည်းကရှိနေခဲ့သော ဆီးနှင်းများဖြင့် တစ်ခုနှင့်တစ်ခု ခွဲခြားမရတော့သည်အထိ ပေါင်းစပ်သွားသည်။ ၎င်းတို့ အပြည့်အဝပေါင်းစည်းသွားသည်နှင့် ကောင်းကင်တွင်ပေါ်လာသော မြင်ကွင်းသည် ဆီးနှင်းများ ဖုံးလွှမ်းနေသော သွေးလွှမ်းလနှင့် နက်မှောင်တောင် ရုပ်ပုံကြီးပင်ဖြစ်သည်။

ထိုရုပ်ပုံပေါ်လာသည်နှင့် တစ်ပြိုင်နက် စုမင်သည် ကောင်းကင်သည့် မော့၍ ရှည်လျားသော ဟိန်းဟောက်အော်ဟစ်သံကြီး ပြုလုပ်လိုက်သည်။ သူ့ကိုယ်အတွင်းမှ အရှိန်အဝါသည် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး သူ့ကိုယ်အတွင်းရှိ သွေးများသည်လည်း အလွန်လျင်မြန်စွာ စတင်လှည့်ပတ်စီးဆင်းလာကြသည်။

ရုပ်နယ်လွန်စွမ်းအားများသည်လည်း အံ့အားသင့်စရာကောင်းလောက်အောင်ပင် စတင်မြင့်တက်လာခဲ့သည်။

ထိုသို့ မြင့်တက်လာသည်နှင့် စုမင်ကိုယ်အတွင်းမှ အရိုးများအချင်းချင်းပွတ်တိုက် ကျိူးကြေနေသကဲ့သို့ တဖျောက်ဖျောက်မြည်သံများ ထွက်ပေါ်လာခဲ့သည်။ နောက်ဆုံး စုမင်ခေါင်းထဲတွင် ဘန်း ခနဲ ကျယ်လောင်သံကြီး ဖြစ်ပေါ်လာသည်အထိ ထိုစွမ်းအားများက ဆက်လက်တိုးမြင့်လာနေခဲ့သည်။

သူ ရုပ်နယ်လွန်နှောင်းပိုင်းအဆင့်သို့ ရောက်တော့မည့် အချိန်စက္ကန့်လေးမှာပင် ကောင်းကင်ပေါ်ရှိ ဆီးနှင်းများဖုံးလွှမ်းနေသော သွေးလွှမ်းလနှင့် နက်မှောင်တောင်ရုပ်ပုံသည် လေမုန်တိုင်းအတွင်း ဆွဲသွင်းခံလိုက်ရသော ပန်းချီကားလိပ်တစ်ခုသဖွယ် စုမင်ထံတိုးဝင်လာကြသည်။ ၎င်းက လေထဲမှာပင် တွန့်လိမ်သွားပြီး လေမုန်တိုင်းနှင့်အတူ စုမင်ထံပျံသန်းလာခဲ့သည်။

သူ့မျက်နှာပေါ်ရှိ တောင်တန်းအမှတ်အသား၊ မျက်လုံးအတွင်းရှိ အနီရောင်လ၊ ရင်ဘတ်ပေါ်ရှိ မျိုးနွယ်စုကြီးနှင့် သူ့ခန္ဓာကိုယ်တစ်ဝိုက်မှ ဆီးနှင်းများ...

ထိုအခိုက်အတန့်တွင် စုမင်စွမ်းအားက နောက်တစ်ကြိမ်တိုးမြင့်သွားပြန်သည်။ ဟန်တောင်တန်းဘိုးဘေးထံမှ ရရှိခဲ့သော သူ့ကိုယ်အတွင်းမှ မာန်အရိုးအပိုင်းအစသည် လျင်မြန်စွာ စတင်အရည်ပျော်လာခဲ့သည်။ မာန်စွမ်းအားရှင်မျိုးနွယ်စုအတွင်းရှိ လူများနှင့်သာသက်ဆိုင်သော စွမ်းအားတစ်ခုသည် ပျံ့နှံ့လာပြီး ၎င်းသည် စုမင်ပိုင်ဆိုင်သော ရုပ်နယ်လွန်နယ်ပယ်စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။

စုမင်နှလုံးသားသည် ရင်ဘတ်မှပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်နေချိန် ၎င်းစွမ်းအားများသည် သူ့ချီများနှင့်ပေါင်းစပ်သွားပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးသို့ ပျံ့နှံ့သွားသည်။

မာန်အမှတ်အသား၏ ပြည့်စုံသွားမှုနှင့်အတူ စုမင်ခန္ဓာကိုယ်သည်လည်း ကမ္ဘာတုန်လောက်ဖွယ် အပြောင်းအလဲတစ်ခုကို တွေ့ကြုံခဲ့ရသည်။ သူ့မူလ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဍာန်ကို ဆက်လက်ထိန်းသိမ်းထားရင်း သူပိုမိုအားကောင်းလာခဲ့ချေသည်။ သူ့စွမ်းအားသည် ဆက်လက်မြင့်တက်လာပြီး ရုပ်နယ်လွန်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားပြီးချိန်တွင် နှောင်းပိုင်းအဆင့်၏ အထွတ်အထိပ်သို့ပင် ဆက်လက်ရောက်ရှိသွားခဲ့သည်။ စုမင်အတွက် ရုပ်နယ်လွန်ကြီးမြတ်သော ပြည့်စုံဆင့်သို့ရောက်ရန် အနည်းငယ်သာ လိုအပ်ပေတော့သည်။

သူ ထိုအကွာအဝေးလေးကို ဖြတ်ကျော်၍ ရုပ်နယ်လွန်ကြီးမြတ်သော ပြည့်စုံဆင့်ကိုသာ ရောက်ရှိပြီးသွားလျှင် အစွမ်းထက်မာန်စွမ်းအားရှင်များနှင့်သာ သက်ဆိုင်သည့်... ရိုးရေစတေးဟူသော နယ်ပယ်အား တင်ရောက်ရန်ကြိုးစားခြင်းကို အောင်မြင်နိုင်လိမ့်မည်ဟု စုမင်ခံစားမိနေသည်။

သူ့ကျောရိုး၏ အပိုင်းအစတစ်ခုကို စစ်မှန်သောမာန်အရိုးအဖြစ် သန့်စင်ရပေလိမ့်မည်။ ထို့နောက် မျိုးရိုးဆက်ခံခြင်းမှတစ်ဆင့် ရှေးဘိုးဘေးများထံမှ မာန်အရိုးပြန်ပေါ်လာပေလိမ့်မည်။ ထိုအရိုးကို သန့်စင်နိုင်မှသာ ရိုးရေစတေးနယ်ပယ်သို့ ရောက်ပြီဟု ပြောဆိုနိုင်ပေလိမ့်မည်။

သူ့အရိုးများအားလုံးကို ရှေးဟောင်းအရိုးများအဖြစ် ပြောင်းလဲနိုင်သည့်နေ့သို့ ရောက်လာခဲ့လျှင် သူသည် ကောင်းကင်နှင့်မြေပြင်ကို ခွဲခြမ်းနိုင်လာပြီး ကောင်းကင်ရှိ နေ၊ လနှင့် ကြယ်တာရာများကို ခူးဆွတ်နိုင်လိမ့်မည်ဖြစ်ကာ သူ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားများက လေ နှင့် တိမ်စိုင်များကိုပင် ခေါ်ဆိုခိုင်းစေနိုင်သည်အထိ လုံလောက်လာပေလိမ့်မည်။

အကယ်၍ သူသာ ခြေတစ်လှမ်းပိုလှမ်းနိုင်ပြီး ရိုးရေစတေးနယ်ပယ် ကြီးမြတ်သောပြည့်စုံဆင့်သို့ ရောက်ရှိပြီးနောက်တွင် ကြီးမားသောအခက်အခဲများအား ဖြတ်ကျော်၍ မာန်ဝိညာဉ်နယ်ပယ်ရှိ လူအနည်းငယ်ထဲမှ တစ်ဦးဖြစ်လာခဲ့မည်ဆိုလျှင်တော့ မာန်စွမ်းအားရှင်မျိုးနွယ်စုအတွင်းရှိ စစ်မှန်သော အစွမ်းထက်မာန်စွမ်းအားရှင်များအနက်မှ တစ်ယောက်ဟု သူ့ကိုယ်သူခေါ်ဆိုနိုင်ပေလိမ့်မည်။

ထိုအရာက ရှည်လျားလှသော လမ်းကြောင်းကြီးဖြစ်သော်ငြား စုမင်လိုလားတောင့်တသော အရာလည်းဖြစ်သည်။

စုမင်မျက်လုံးများကို အလျင်အမြန်ဖွင့်လိုက်ရာ သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသော မာန်အမှတ်အသားက တောက်ပသွားခဲ့သည်။ စုမင်မျက်ဝန်းများအတွင်း အေးဆေးတည်ငြိမ်မှုများ ပြည့်နေသော်လည်း ၎င်းတို့အောက်တွင် စိတ်မကောင်းဖြစ်ခြင်း အရိပ်အယောင်တစ်ခုကို ဖုံးကွယ်ထားချေသည်။

သူ ကြိုးစားခဲ့သော်လည်း သူ့အား ရုပ်နယ်လွန်ကြီးမြတ်သောပြည့်စုံဆင့်သို့ ပို့ဆောင်ပေးနိုင်မည့် ထိုခြေလှမ်းကို အနည်းငယ်မျှသာ ရှေ့တိုးနိုင်ခဲ့သည်။ သူဖြတ်ကူးနိုင်ခြင်းမရှိသဖြင့် အဆုံးမရှိသော စွမ်းအားများကို စုဆောင်းရင်း ရုပ်နယ်လွန်နှောင်းပိုင်းအဆင့်တွင်သာ နေရဦးမည်ဖြစ်သည်။

'ဘာလိုနေလဲဆိုတာ ငါသိတယ်...'

စုမင် တိတ်ဆိတ်စွာ မတ်တပ်ထရပ်လိုက်သည်။ ထရပ်လိုက်သည်နှင့် သူ့ပတ်လည်ရှိလေမုန်တိုင်းသည် ပျောက်ကွယ်သွားပြီး ကမ္ဘာလောကကြီးက ၎င်း၏ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

ကောင်းကင်မှ နှင်းများလည်း ဆက်လက်ကျဆင်းလာသည်။

ဤတစ်ကြိမ် မတ်တပ်ထရပ်ချိန်တွင်တော့ စုမင် ရုပ်သေးသားရဲပေါ်တွင် မှိခိုစရာမလိုတော့ပဲ သူ့ကိုယ်ပိုင်ခြေထောက်များဖြင့် ထရပ်လိုက်ခြင်းဖြစ်သည်။ သူ့စွမ်းအားတိုးလာသည်နှင့်အမျှ ရုပ်ခန္ဓာကိုယ်၏ ခွန်အားသည်လည်း အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။ ရေခဲကွင်းဆယ့်ခြောက်ခုက သူ့လှုပ်ရှားမှုများကို ကန့်သတ်ထားနိုင်စွမ်းမရှိတော့ချေ။

'ငါ့မာန်အမှတ်အသားမှာ အသက်ဘဝတွေ လိုအပ်နေတာပဲ... မျိုးနွယ်စုက ဗလာဖြစ်နေတယ်။ ဒါပေမယ့် ငါ့မှာလည်း မျိုးနွယ်စုထဲကလူတွေကို ဆွဲသားနိုင်စွမ်းမရှိဘူး။ ငါ့မာန်အမှတ်အသားကို ဖုံးအုပ်ပြီး ငါ့အိမ်အပြန်လမ်းကို ရှာဖွေဖို့ ခေါ်သွားပေးနိုင်အောင်... ငါ့မှတ်ဉာဏ်တွေထဲက ရွှင်းနဲ့တီးခတ်ရတဲ့ သီချင်းသံကို လိုအပ်တယ်...'

စုမင်မျက်လုံးများကို ပိတ်လိုက်သည်။ အေးချမ်းသောမျိုးနွယ်စုလေးဆီသို့ ထျန်းရှဲ့ကျီခေါ်သွားပေးသော အမှတ်တရက သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ထိုမျိုးနွယ်စုအတွင်းမှ အလင်းရောင်ကိုမမြင်နိုင်သော ရွှင်းပြုလုပ်သူ မျက်မမြင်အဘိုးအိုကိုလည်း သတိရသွားမိသည်။

'အချိန်ကောင်းကိုရှာပြီး... ငါရွှင်း ပြန်သွားယူသင့်တယ်' စုမင် တီးတိုးရေရွတ်လိုက်ပြီး ကိုယ်ပေါ်ရှိ နှင်းများကို ခါချလိုက်ကာ အဝေးရှိ အနောက်ပိုင်းပင်လယ်ကလန်၏ ယာယီမျိုးနွယ်စုဆီသို့ လျှောက်သွားလိုက်သည်။

ကျီချဲသည် ပေထောင်ပေါင်းများစွာအဝေးမှ ပြေးလာခဲ့သည်။ စုမင်ကို မြင်လိုက်သောအခါမှသာ သူ့မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများက ပျောက်ကွယ်သွားခဲ့သည်။ စုမင် သူ့အား အပြုံးဖြင့် ခေါင်းညိတ်ပြလာသောအခါ မျိုးနွယ်စုထံသို့ စုမင်နောက်မှ အတူတူ ဖြည်းညင်းစွာပြန်လိုက်လာခဲ့သည်။

သူတို့နှစ်ဦး မျိုးနွယ်စုဆီရောက်ရှိ၍ အတွင်းသို့လျှောက်ဝင်သွားသောအခါ တဲများအပြင်တွင် ထွက်ရပ်နေကြသူများအားလုံး စုမင်ထံငို့ တစ်ချိန်တည်းလိုလို လှမ်းကြည့်လာကြသည်။

စကားပြောဆိုခြင်းများမရှိ၊ လှုပ်လှုပ်ရှားရှားဖြစ်ခြင်းများ မရှိပဲ စုမင်ထံ လှမ်းကြည့်လိုက်ပြီးချိန်တွင် ထိုလူအားလုံး ခေါင်းငုံ့သွားခဲ့ကြသည်။ စုမင်သည် ရပ်တန့်ခြင်းအလျင်းမရှိပဲ သူတို့အား တည်ငြိမ်စွာဖြတ်လျှောက်လာခဲ့သည်။ သူ့တဲဆီသို့ ပြန်သွားပြီး ကိုယ်ကိုငုံ့ကိုင်းကာ တဲအတွင်းသို့ ဝင်ရောက်သွားခဲ့၏။

ညအချိန် ကုန်လွန်သွားခဲ့ချေပြီ။ တိုက်ဆိုင်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း စုမင် တဲအတွင်းသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်မှာပင် အဝေး၌ နေမင်းကြီး စတင်ထွက်ပေါ်လာခဲ့လေသည်...

နေ့သစ်တစ်နေ့သို့ ရောက်ရှိလာခဲ့ချေပြီ။ ဤနေ့သည် အနောက်ပိုင်းပင်လယ်ကလန်မှ ကျင်းပမည့်လေလံပွဲ၏ ပထမဆုံးနေ့ဖြစ်သည်။

တဲအတွင်း နှစ်နာရီခန့် အနားယူပြီးချိန်တွင် ချန်ယီသည် ရှုပ်ထွေးနေသော စိတ်ခံစားချက်များနှင့်အတူ အတော်လေး ယဉ်ကျေးသော သွင်ပြင်လက္ခဏာဖြင့် စုမင်၏တဲသို့ ရောက်ရှိလာခဲ့ကာ စုမင်အား လေလံပွဲခန်းမဆီသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်ပေးလေသည်။

"ဂုဏ်ယူပါတယ် ညီနောင်စု။ မင်းအစွမ်း တိုးတက်သွားပြီပဲ။ ငါ့ရဲ့ ရိုးရေစတေးကနဦးဆင့် စွမ်းအားနဲ့တောင် မင်းရှေ့မှာရပ်တဲ့အချိန် ဖိအားနည်းနည်းခံစားနေရတယ်" ချန်ယီသည် စုမင်ဘေးမှလျှောက်နေရင်း လက်သီးလက်ဝါးထပ်ကာ ပြောဆိုလိုက်သည်။

စုမင် ခပ်ဖွဖွပြုံးလိုက်ပြီး လက်သီးလက်ဝါးထပ်ကာ ပြန်လည်နှုတ်ဆက်သည်။ သို့သော်လည်း သူအများကြီး ရှင်းပြမနေတော့ပေ။

ကျီချဲသည် သူတို့နောက်မှ တိတ်ဆိတ်စွာလိုက်ပါလာခဲ့၏။ သို့သော် သူ့မျက်လုံးများသည်တော့ ရံဖန်ရံခါဆိုသလို ပတ်ဝန်းကျင်ကို သတိထား၍ လေ့လာစစ်ဆေးနေခဲ့သည်။

မကြာမီမှာပင် သူတို့သုံးဦးသည် မျိုးနွယ်စု၏ အရှေ့ဘက်ကျဆုံးအပိုင်းသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် ကြီးမားသောအဆောက်အဦးကြီးတစ်ခုရှိသည်။ ၎င်းအား လက်စွပ်ကွင်းပုံစံ တည်ဆောက်ထားပြီး မယုံနိုင်လောက်အောင်ပင် ကြီးကျယ်ခမ်းနားသောပုံဟန်ရှိသည်။ ၎င်းအတွင်း၌ ထောင်ပေါင်းများစွာသောလူများအား နေရာချထားနိုင်ပေသည်။

အတွင်းဘက် အလယ်တည့်တည့်တွင်တော့ စက်ဝိုင်းပုံစင်မြင့်တစ်ခုရှိသည်။ ထိုနေရာက လေလံတင်ရောင်းချမည့်ပစ္စည်းများ ထုတ်ယူလာမည့် နေရာဖြစ်နိုင်လောက်သည်။ စင်မြင့်ပတ်လည်တွင် လက်စွပ်ပုံ စင်မြင့်များရှိသည်။ သီးသန့်ခန်းများစွာအဖြစ် ပိုင်းခြားတည်ဆောက်ထားသော ထိပ်ဆုံးအလွှာမှအပ အောက်ဘက်ရှိ အခြားအလွှာများကိုတော့ ဝန်းရံနေသော စင်မြင့်ငယ်များပေါ်တွင် စားပွဲ၊ ကုလားထိုင်များစွာဖြင့် အလှဆင်ထားသည်။ ထိုနေရာများတွင် ထိုင်၍ လေလံပွဲစတင်မည်ကို စောင့်ဆိုင်းနေကြသူ အချိူ့ပင် ရှိနေချေပြီ။

နေရာတစ်ခုလုံး ဆူညံသံများဖြင့် ပြည့်နေသည်။ ရံဖန်ရံခါတွင် တစ်ယောက်ယောက်ဝင်လာပြီး တစ်ခါတစ်ရံတွင် လူအချိူ့သည် သူတို့သူငယ်ချင်းများကိုရှာ၍ စကားပြောရန်အတွက်  သူတို့ထိုင်ခုံများမှထသွားတတ်ကြသည်။ အနောက်ပိုင်းပင်လယ်ကလန်တပည့်များစွာသည်လည်း နေရာတစ်ဝိုက် ကင်းလှည့်နေကြပြီး လေလံပွဲလာသူများအား အေးစက်သောအမူအယာများဖြင့် စောင့်ကြည့်နေခဲ့သည်။

"လေလံပွဲ စတင်တော့မယ်။ ညီနောင်စု ဒီလမ်းကကြွပါ။

ကလန်အကြီးအကဲ ပိုင်ကျူံးဟိုင်က ထိပ်ဆုံးအလွှာရဲ့ နဝမမြောက်အခန်းကို မင်းအတွက် အထူးသီးသန့်မှာပေးထားတယ်" ချန်ယီက ရိုသေလေးစားစွာ ပြောသည်။ သူ့လေးစားမှုသည် စုမင်အစွမ်းတက်သွားချိန် ဖြစ်ပေါ်လာသော ဖိအားကြောင့်သာ မဟုတ်ပဲ ယခုမနက် သူ ရရှိခဲ့သော သတင်းအချိူ့ကြောင့်လည်း ဖြစ်သည်။

ကလန်အကြီးအကဲဟိုင်သည် ထိပ်ဆုံးအလွှာရှိ အခန်းတစ်ခန်းကို စုမင်အတွက် ချန်ထားရန် စကားပို့လာခဲ့သည်။

ထိပ်ဆုံးအလွှာတွင် အခန်းများစွာမရှိသလို ၎င်းတို့ကိုလည်း မာန်ဝိညာဉ်နယ်ပယ်မှ အစွမ်းထက်မာန်စွမ်းအားရှင်များအတွက် ချန်ထားခြင်းဖြစ်သည်ဟု ပြောဆိုနိုင်သည်။ သာမန်လူများအနေဖြင့် အတွင်းသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ ထို့အပြင် ထိပ်ဆုံးအလွှာရှိ အခန်းများသည် မူလက ပြည့်နေခဲ့ခြင်းဖြစ်၍ နဝမမြောက်အခန်းကို ယနေ့မနက်မှ တည်ဆောက်လိုက်ခြင်းဖြစ်သည်။

လူတစ်ယောက်အတွက် သူတို့ ထပ်တိုးအခန်းတစ်ခု တည်ဆောက်ပေးခဲ့ရသည်။ ဤအရာသည် ချန်ယီအတွက် စိတ်ကူးကြည့်ရန်ပင် ခဲယဉ်းသောအရာဖြစ်သည်။ ထို့ကြောင့်ပင် စုမင်သည် သူနှင့် ကလန်မတူသော်ငြား သူပို၍ ရိုသေလေးစားစွာဆက်ဆံရန် လိုပေသည်။

စုမင်မျက်လုံးများ စူးရှတောက်ပသွားသော်လည်း ထိုအခန်းကိုတော့ မငြင်းဆန်ခဲ့ပေ။ ခေါင်းညိတ်ပြလိုက်ပြီး ချန်ယီ၏ ဦးဆောင်မှုအောက်၌ ထိပ်ဆုံးအလွှာသို့သွား၍ နဝမမြောက်အခန်းထဲသို့ ဝင်ရောက်လိုက်သည်။

အခန်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် ညှို့ငင်ဆွဲဆောင်နိုင်စွမ်းရှိသည့် ခန္ဓာကိုယ်အမို့အမောက်များနှင့် မယုံနိုင်လောက်အောင် လှပသော အမျိုးသမီးတစ်ဦးသည် အခန်းတွင်းရှိကုလားထိုင်မှ ထရပ်လိုက်သည်ကို တွေ့လိုက်ရသည်။ သူမက စုမင်ကိုပြုံးပြလာပြီး ထိုအပြုံးထဲတွင် ညှို့ငင်မှုများ၊ ထူးခြားသောကျက်သရေရှိမှုများ ပြည့်နေခဲ့သည်။

"ကျွန်မက ကျီရှန်ပါ။ ကျွန်မဆရာက ဟိုင်ယွင်လန်ပါ။ ဆရာ့အမိန့်အရ လေလံတင်ရောင်းချမယ့် ပစ္စည်းတွေအကြောင်း ရှင်းပြရင်း လာစီစဉ်ပေးတာပါ"

စုမင်မျက်ခုံးများ မသိမသာတွန့်ချိူးသွားသည်။ မနေ့ညက ဘာဖြစ်ခဲ့မှန်း သူမသိသော်လည်း ဟိုင်အမည်ရှိလူသည် အနည်းငယ်ထူးဆန်းနေကြောင်းကိုတော့ သူပြောနိုင်၏။ သူသည် စုမင်အတွက် အခန်းတစ်ခန်းကို သူကိုယ်တိုင်ပြင်ဆင်ပေးခဲ့ပြီး သူ့တပည့်ကိုလွှတ်၍ ရှင်းလင်းချက်တွေပေးခိုင်းကာ ကိုယ်တိုင်လာရောက် ဧည့်ခံစေခဲ့သည်။ ကလန်အကြီးအကဲ ဟိုင်သုံ့ကျူံးလိုလူမျိုး၏ အဆင့်အတန်းနှင့် ဤအရာမျိုးလုပ်ခြင်းသည် အတော်ပဟေဋ္ဌိ ဆန်နေချေသည်။ သူ့တွင် အခြားအစီအစဉ်များ ရှိနေခြင်းမဟုတ်လျှင်တော့ စုမင်အား တောင်းဆိုရန် တောင်းဆိုချက်တစ်ခု ရှိနေရပေမည်။

စုမင်မျက်လုံးများအတွင်း စူးရှသောအကြည့်တစ်ခု ဖြစ်ပေါ်လာပြီး ဖြည်းဖြည်းချင်းမေးလိုက်သည်။ "ဒါ အကုန်ပဲလား"

***

All Chapters