← Chapters

လက်ခံနိုင်စရာမရှိသောအောင်မြင်မှု

Vol. 44 Ch. 615

လက်ခံနိုင်စရာမရှိသောအောင်မြင်မှု

Vol. 44 Ch. 615

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်၌

ဧကရာဇ်ဇီဝေးမှ လဲကျနေသော အန်လင်းထံ လျှောက်သွားတော့မည့် အချိန်မှာပင် သလင်းကျောက် မျက်နှာပြင်မှာ ရုတ်ချည်းအမှောင်ကျသွားသည်။

"ယီးထဲမှ....ဘာလို့မည်းသွားရပြန်တာလဲကွာ။"

"တားမြစ်ဧရိယာရဲ့ အစောင့်အရှောက်က ဘာလုပ်နေတာလဲ။ သူ့အလုပ်သူ သေချာမလုပ်နိုင်ဘူးလား။"

"အား.....ပြီးတော့ ကောင်းခန်းရောက်နေပြီကိုကွာ။ စီနီယာပိုင်ကျုံး ခင်ဗျားကိုဘောပဲ။"

ပိုင်ကျုံးအပေါ် မကျေနပ်သံများ ထွက်ပေါ်လာပြန်သည်။

ပိုင်ကျုံးမှာ စိတ်ထိခိုက်လွန်းသောကြောင့် သွေးအန်တော့မလို ထင်မှတ်နေမိသည်။

အန်လင်း၏ တိုက်ခိုက်မှုကြောင့် သလင်းကျောက် မျက်နှာပြင်မှာ မည်းမှောင်သွားရခြင်း ဖြစ်သည်။

အဘယ့်ကြောင့် သူ၏အမှား ဖြစ်သွားရပါသနည်း။

ယခုထက်ပို၍ စော်ကားခံရပါက သူ၏နှလုံးပင် ရပ်တန့်ကာ ဘဝကူးသွားတော့မလို ခံစားနေရသည်။

တိုက်ခိုက်မှု၏ စွမ်းအင်လှိုင်းဂယက်များ ပျောက်ကွယ်သွားပြီးနောက် သလင်းကျောက် မျက်နှာပြင်ပေါ်ရှိ အမှောင်ထုများလည်း ဖယ်ခွာသွားသည်။

အားလုံးမှာ သလင်းကျောက် မျက်နှာပြင်အားကြည့်ရင်း အသက်ရှူသံများ ပြင်းပြနေရလေသည်။

အန်လင်းသည် မတ်တပ်ရပ်ကာ သွေးများစွန်းပေနေသော ဓားတစ်လက်ကို ကိုင်ဆွဲထားသည်။

ဧကရာဇ်ဇီဝေး၏ ရင်ဘတ်မှ သွေးများစီးကျနေပြီး အံ့အားသင့်နေဟန်ဖြင့် အနောက်သို့ ဆုတ်ခွာနေသည်။

"ဘာ....ဧကရာဇ်ဇီဝေးက ဒဏ်ရာရသွားတာလား။"

"အန်လင်းက ဧကရာဇ်ဇီဝေးကို ဆော်ထည့်လိုက်တာလား။ နည်းနည်းတော့ မများလွန်းဘူးလား။"

"ဒါက ရွှေဉာဏ်တော်စူးရောက်လိပ်ရဲ့ တိုက်ခိုက်မှုပုံစံပဲ ဖြစ်ရမယ်။ ရန်သူကျေနပ်တဲ့ထိ အခွံထဲမှာ ပုန်းနေပြီး ထင်မထားတဲ့ အချိန်ကြမှ ကျွေးထည့်လိုက်တာပဲ။"

"နတ်ဘုရားအန် လုပ်နိုင်လိမ့်မယ်လို့ သိသားပဲ။ သူ့ပြိုင်ဘက်က ဧကရာဇ်ဇီဝေး ဖြစ်နေရင်တောင် လက်လျှော့သွားမှာ မဟုတ်ဘူး။"

"အား......မျက်နှာပြင်ကြီး မည်းနေတုန်းက ဘာတွေဖြစ်သွားတာလဲ။ နတ်ဘုရားအန်က ဘယ်လိုလုပ်လိုက်တာလဲ။"

"ဒါတွေအားလုံးက စီနီယာပိုင်ကျုံးရဲ့အမှားတွေကြောင့်ပဲ။"

"ဟုတ်တယ်။ သူက တိုက်ရိုက်ထုတ်လွှင့်မှုလေးကိုတောင် သေချာမလုပ်ပေးနိုင်ဘူး။ မကောင်းတဲ့မှတ်ချက် ပေးပစ်မယ်။"

ပိုင်ကျုံးမှာ ကောင်းကင်ထက်တွင် ရှိနေသော်လည်း ထိုစကားများအားလုံးကို ကြားနေရသည်။

နောက်ထပ်တဖန် ပြစ်တင်ဝေဖန်ခံရသောကြောင့် ဝမ်းနည်းမျက်ရည်များ စီးကျလာတော့သည်။

...........

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်ကိုးထပ်မြောက်၌

ဧကရာဇ်ဇီဝေးမှာ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာအားကြည့်ကာ ခေါင်းညိတ်သည်။

"မင်းငါ့ကို တကယ်ထိခိုက်အောင် လုပ်နိုင်မယ် မထင်ထားဘူး။ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်တာနဲ့ ဆုံးဖြတ်ချက် ပြတ်သားတာက တကယ်အထင်ကြီးစရာပဲ။ မင်းအခု သုံးသွားတဲ့ ကျင့်စဉ်နာမည်ကဘာလဲ။"

အန်လင်းသည် မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်အား ခေတ္တအသုံးပြုခဲ့ပါသော်လည်း ချက်ချင်းဆိုသလို ပြန်လည်ရုတ်သိမ်းခဲ့သည်။

စစ်နတ်ဘုရား ခန္ဓာ၏ စဦးအဆင့် ရောက်ရှိခဲ့ပြီးနောက် မည်သည့်ဆိုးကျိုးမှ မရှိပဲ မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်အား အချိန်အနည်းငယ်မျှ အသုံးပြုနိုင်လာသည်။ တစ်ခုတည်းသော အကျိုးသက်ရောက်မှုမှာ စွမ်းအင်အများအပြား အသုံးပြုရခြင်း ဖြစ်သည်။

"အဲ့ကျင့်စဉ်က စူပါဆိုင်ယန်နှစ် မြှင့်တင်ခြင်းနည်းစနစ်ပဲ။"

အန်လင်း အလေးအနက် တုံ့ပြန်လိုက်သည်။

"စူပါဆိုင်ယန်နှစ် မြှင့်တင်ခြင်းနည်းစနစ်လား။"

ဧကရာဇ်ဇီဝေး မေးဖျားကိုပွတ်ကာ ချီးကျူးလိုက်သည်။

"တော်တော်စိတ်ဝင်စားဖို့ ကောင်းတာပဲ။"

(Super Saiyan 2က Dragon Ball Animeကပါ။ စာရေးသူလည်း မကြည့်ဖူးလို့ သိပ်မသိပါ။)

သတိပြန်ရကာ တိုက်ပွဲအား ကြည့်ရှုနေသော လျှိုချင်းဟွမ်: "......."

"မင်းငါ့ကို ထိခိုက်အောင် လုပ်နိုင်မှတော့ တိုက်ပွဲကို ရပ်လိုက်ကြရအောင်။ ငါ့ကို သွေးထွက်စေနိုင်တာနဲ့တင် အနိုင်ရဖို့ ထိုက်တန်နေပါပြီ။"

ဧကရာဇ်ဇီဝေး ခေါင်းညိတ်ပြသည်။

အန်လင်းမှ အနိုင်ရသည်ထိ တိုက်ခိုက်ရန် မည်သို့မှ မဖြစ်နိုင်သောကြောင့် ယခုအခွင့်အရေးအားယူကာ အနိုငိကြေညာပြီး အမွေအနှစ် ပေးအပ်လိုက်သင့်ပေသည်။

သူသည် အန်လင်းအား အတော်ပင် သဘောကျသောကြောင့် ထိုသို့ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။

ဧကရာဇ်ဇီဝေးသည် အလွယ်တကူ အရှုံးပေးလာလိမ့်မည်ဟု မျှော်လင့်မထားသောကြောင့် အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။

ငါ့ကိုအနိုင်ပေးနေတာလား.....ဘယ်လောက်တောင် သဘောထားကြီးလိုက်လဲ.....

အန်လင်း စနစ်အား စစ်ဆေးလိုက်သောအခါ အထူးမစ်ရှင်မှာ မအောင်မြင်သေးပေ။

ယီးထဲမှ.....တိုက်ပွဲသာ ဒီတိုင်းပြီးသွားရင် ငါတော့တစ်နှစ်လုံး ဖောင်ပြင်နေတော့မယ်......

အန်လင်း တိုက်ပွဲစိတ်ဆန္ဒ ပြင်းပြစွာ ခေါင်းခါပြလိုက်သည်။

"ဧကရာဇ်ဇီဝေး : "....."

သူသည် ကိုယ့်နားကိုယ်ပင် မယုံနိုင် ဖြစ်သွားရသည်။ အနိုင်ရပေးနေပါလျက် အန်လင်းမှာ ငြင်းဆန်နေလေသည်။

အန်လင်း စကားဆက်လိုက်သည်။

"အလှူပေးသလိုပေးတဲ့ နိုင်ပွဲကို လက်မခံနိုင်ဘူး။"

ဧကရာဇ်ဇီဝေးရဲ့ မျက်နှာကိုတောင် မြေကြီးနဲ့ မရိုက်ရသေးဘူး.....ဘယ်လိုလုပ် အနိုင်ယူလို့ ရဦးမှာလဲ.....

သို့သော် ထိုစကားများသည် စောင့်ကြည့်နေသူများအား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေကြောင်း သူမသိလိုက်ပေ။

ဧကရာဇ်ဇီဝေး၏ အရှုံးပေးမှုကြောင့် သောင်းနှင့်ချီသော ပရိသတ်များမှာ အံ့အားသင့်သွားပါသော်လည်း ကောင်းစွာနားလည်ပေးနိုင်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ထိုအရှုံးပေးမှုအား အန်လင်းမှ ငြင်းပယ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။

"အလှူပေးသလိုပေးတဲ့ နိုင်ပွဲကို လက်မခံနိုင်ဘူး။"ဆိုသည့်စကားမှာ အားလုံး၏ သွေးများကို ဆူပွက်လာစေသည်။

"ငါတို့ကျောင်းရဲ့ ဒဏ္ဍာရီလာ သူရဲကောင်းဆိုတာ ဒီလိုမျိုးပါလား။"

ကျောင်းသားတစ်ဦးမှာ လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်လျက် မျက်ရည်အဝဲသားဖြင့် ရေရွတ်လိုက်သည်။

"ဒါကမှ အရှိန်အဝါကြီးတဲ့ ကျင့်ကြံရေးသမားစစ်စစ်ပဲ။ သူ့လိုလူကပဲ ခိုင်မာတဲ့ နှလုံးသားမျိုး ရှိလိမ့်မယ်။"

"စစ်နတ်ဘုရားဆိုတာဘာလဲ။ ဒါမျိုးကိုမှ စစ်နတ်ဘုရားလို့ ခေါ်သင့်တယ်။ မရှုံးဖူးတဲ့သူက စစ်နတ်ဘုရား မဟုတ်ဘူး။ စိတ်ဓာတ်ပြတ်သားတဲ့သူကမှ စစ်နတ်ဘုရားပဲ။ သူက ရှုံးနိမ့်မှာကိုလည်း မကြောက်ဘူး။ အလှူပေးသလိုပေးတဲ့ နိုင်ပွဲကိုလည်း လက်မခံဘူး။"

"နတ်ဘုရားအန်က ဒီတိုက်ပွဲ ရှုံးသွားရင်တောင် ငါတသက်လုံး သူ့ကိုပဲ အားပေးနေဦးမှာ။"

ရွှမ်းယွမ်ချန် မျှော်လင့်ချက်အပြည့်နှင့် ထန်းရှီမန်အား ကြည့်လိုက်သည်။

"စီနီယာအစ်ကိုကြီးထန် အခုနားလည်ပြီလား။"

ထန်းရှီမန်မှာ အသက်ရှူသံများမြန်ကာ စိတ်အလိုမကျ ဖြစ်နေသည်။

"အန်လင်းက ဘာတွေလုပ်နေတာလဲ။ သူသာ အနိုင်ကို လက်ခံလိုက်ရင် ဧကရာဇ်ဇီဝေးရဲ့ အမွေအနှစ်ကို လက်ခံလို့ရပြီ။ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို ရူးနေလို့ လက်လွှတ်ရတာလား။"

ရွှမ်းယွမ်ချန်: "......"

ဓားအင်မော်တယ်သုန့်ရီ ခပ်ဖွဖွပြုံးနေသည်။

"မင်းတို့နှစ်ယောက် ကျောင်းသားအန်လင်းကို အရူးအမူး ဖြစ်နေတာ မထူးဆန်းတော့ပါဘူး။ ငါတောင်သူ့ကို လေးစားမိတယ်။"

ယောင်မင်ရှီနှင့် ယောင်ရှုတို့၏ မျက်ဝန်းများမှာ တလက်လက် တောက်ပနေသည်။ ၎င်းတို့သည် အသက်ကိုပင် အသည်းအသန် ရှူရှိုက်နေရသောကြောင့် ဆရာဖြစ်သူ၏ စကားအား မကြားနိုင်ကြပေ။

ပိုင်ကျုံးမှာလည်း ကျေနပ်အားရနေမိသည်။ သူသည် အန်လင်းအား အကြိမ်ကြိမ်အခါခါ အထင်သေးခဲ့မိပါသော်လည်း ထိုအတွေးများ မှားယွင်းနေကြောင်း သက်သေပြသွားခဲ့လေပြီ။

အန်လင်းသည် ကံကောင်းထောက်မမှုကြောင့် ဤနေရာထိ ရောက်ရှိလာခဲ့ခြင်း မဟုတ်ပဲ မဆုတ်မနစ်သော စိတ်ဓာတ်ကြောင့်သာဖြစ်ကြောင်း သိရှိလိုက်ရသည်။

...........

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်ကိုးထပ်မြောက်၌

ဧကရာဇ်ဇီဝေးမှာ ထင်မှတ်မထားသော တုံ့ပြန်မှုကြောင့် ကြောင်တိကြောင်တောင် ဖြစ်နေမိသည်။

သူသည် အန်လင်းအား သေသေချာချာ ကြည့်ရှုလိုက်ပြီးနောက် စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။

"တကယ်ကို ကောင်းကင်ဘုံခုံရုံးရဲ့ ထိပ်တန်းအဆင့် ပါရမီရှင်ပါပဲလား။ ကောင်းပြီလေ ငါတို့အဆုံးထိ သွားကြတာပေါ့။"

အန်လင်းမှာ မည်သည့်စကားမှ ပြန်မပြောပေ။ ထိုအစား ရွှေရောင်လျှပ်စီးများ ထကြွလာကာ ပုခုံးထက်တွင်လည်း ရွှေရောင်ဝတ်ရုံတစ်ခု ရောက်ရှိလာသည်။

သူ၏အရှိန်အဝါလည်း မြင့်မားလာပြီး သြဇာအာဏာ ကြီးမားသော နတ်ဘုရားတစ်ပါးဟုပင် ထင်မှတ်လာရသည်။

အန်လင်း၏ ခန္ဓာကိုယ်မှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီးနောက် ဧကရာဇ်ဇီဝေးမှာ တစ်နေရာသို့ လက်နှစ်ချောင်း ဆန့်ထုတ်လိုက်သည်။

ပြိုးပြိုးပြက်ပြက် လင်းလက်နေသော ငွေရောင်အလင်းများနှင့်အတူ လေထုသည်ပင် အက်ကွဲသွားရသည်။

"ဟမ်....."

ဧကရာဇ်ဇီဝေး လှည့်ကြည့်လိုက်သောအခါ လျှပ်စီးဓားအား ကိုင်ဆောင်ထားသော အန်လင်းကို တွေ့လိုက်ရသည်။

ထိုသည်မှာ လျှိုချင်းဟွမ်၏ မိုးကြိုးကပ်ဘေးနှင့် အံ့ဖွယ်လျှပ်စီးဓားဖြစ်ပြီး ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒများကို ပိုင်ဆိုင်ထားသည်။ ထိုလျှပ်စီးဓားထံမှ ပြင်းထန်လှသော အဖျက်စွမ်းအင်များ ဖြာထွက်နေသည်။

ဧကရာဇ်ဇီဝေးမှာ လျင်မြန်လှသော အရှိန်ဖြင့် နောက်သို့ဆုတ်ခွာလိုက်သည်။

ဗြိ......

လျှပ်စီးဓားမှာ အဝတ်အစားမှာ ဆုတ်ဖြဲလိုက်နိုင်ပါသော်လည်း ဧကရာဇ်ဇီဝေးမှာ တိုက်ခိုက်မှုအား ရှောင်ရှားလိုက်နိုင်ပြီး တစ်ချိန်တည်းမှာပင် လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ထိုလက်သီးချက်မှာ ရိုးရှင်းသည်ဟု ထင်ရပါသော်လည်း ကြောက်မက်ဖွယ် စွမ်းအင်များ ပါဝင်နေလေသည်။

ဝုန်း.....

ထိုစွမ်းအင်များမှာ အန်လင်းအား ဖိနှိပ်ပစ်လိုက်သည်။

လက်သီးချက်နှင့်အတူ အန်လင်းမှာလည်း ခန္ဓာကိုယ် တစ်ခုလုံး ဆွဲဖြဲခံရသလို ခံစားလိုက်ရသည်။

သူသည် အမြှောက်ဆံတစ်ခုအလား လွင့်ထွက်ကာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်နံရံအား မိတ်ဆက်လိုက်ရပြန်သည်။

ထို့နောက် တိုက်ခိုက်မှုများ အဆက်မပြတ် ကျဆင်းလာပြန်သည်။

ဧကရာဇ်ဇီဝေး၏ လက်ချက်ဖြင့် အန်လင်းမှာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် နံရံပေါ်တွင် ကားယားကြီး ဖြစ်နေရပြန်တော့သည်။

All Chapters