စစ်နတ်ဘုရားခန္ဓာပျက်စီးခြင်း
Vol. 44 Ch. 616
အန်လင်း၏ အခြေအနေမှာ အတော်ဆိုးနေသည်။
မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်အား အသုံးမပြုပါက ဧကရာဇ်ဇီဝေးအား ထိခိုက်စေနိုငိမည့်ပုံ မပေါ်ပေ။
တိုက်ပင်မတိုက်ခိုက်နိုင်ပဲ ၎င်း၏မျက်နှာအား မြေပြင်နှင့် မည်သို့ရိုက်ရပါမည်နည်း။
ရှင်းထျန်းအား သုံးခဲ့သောနည်းကို ပြန်သုံးသင့်သည်လော။
သူ၏အရေထူမှုကို အသုံးချကာ ရန်သူမောသေသည်အထိ လုပ်သင့်သည်လော။
အင်မော်တယ်ကြယ်စင်လက်ဝါးနှင့် တွေ့လိုက်ရချိန်တွင် သူသေတော့မလို ခံစားခဲ့ရသည်။
ထိုသည်ကိုပင် ခန္ဓာကိုယ်တွင် ခြစ်ရာကလေးမျှ မထင်ခဲ့သောကြောင့် သူကိုယ်တိုင်သည်ပင် အံ့သြခဲ့မိလေသည်။
ထို့ကြောင့် စစ်နတ်ဘုရား ခန္ဓာအပေါ် မှီခိုသင့်သည်လော။
အဆက်မပြတ်သော တိုက်ခိုက်မှုများမှာ သူ့အပေါ် တရစပ် ကျဆင်းလာနေသည်။
အန်လင်းမှာလည်း ရူးသွပ်တော့မလို အော်ဟစ်နေရသည်။ သူ၏ခန္ဓာကိုယ်သည် မာကြောလွန်းလှပါသော်လည်း နာကျင်မှုအား ကောင်းစွာခံစားနိုင်သည်။
တိုက်ခိုက်မှုမှာ ရပ်တန့်သွားသောကြောင့် ကြည့်ရှုလိုက်သောအခါ ဧကရာဇ်ဇီဝေးမှာ အသက်ဝအောင် ရှူနေသည်ကို တွေ့လိုက်ရသည်။
ယီးထဲမှ.....သူက ထပ်တိုက်မလို့ ပြင်နေတာဟ....
ထက်ရှလှသော သက်တန့်ရောင်လှံတစ်ခုနှင့်အတူ ဧကရာဇ်ဇီဝေး၏ မျက်ဝန်းထဲတွင် ရွှေရောင်မှော်သင်္ကေတများ ပေါ်ထွက်လာသည်။
သက်တန့်ရောင်လှံသည် တလက်လက် တောက်ပနေပြီး ငေးမောချင်စရာ ကောင်းလောက်အောင် လှပပါသော်လည်း တလောကလုံးကိုပင် ဇောက်ထိုးမိုးမျှော် ဖြစ်စေနိုင်လောက်သည့် အဖျက်စွမ်းအင်များ ပါဝင်နေသောကြောင့် အန်လင်းမှာ အသက်ရှူပင် ကြပ်လာရသည်။
"ဒါကို တာအိုပျက်သုန်းခြင်းလှံလို့ခေါ်တယ်။ ဒီလှံနဲ့ ကမ္ဘာနှစ်ခုကို ထိုးဖောက်ပြီး နှစ်လောကလုံးမှာရှိတဲ့ တာအိုပေါင်းများစွာကို ဖျက်စီးပစ်ခဲ့ဖူးတယ်။"
ဧကရာဇ်ဇီဝေး၏ မျက်ဝန်းများမှာ ရေပြင်အလား တည်ငြိမ်နေပါသော်လည်း သက်တန့်ရောင်လှံ၏ စွမ်းအင်ကို မထိန်းချုပ်နိုင်သည့်အလား လက်မှာတုန်ရီနေသည်။
ကောင်းကင်အရှင်သခင်သည် အသက်ရှူသံများ မြန်လာပြီး တည်တည်ငြိမ်ငြိမ် ဆက်ကြည့်မနေနိုင်တော့ပဲ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်နားသို့ သွားလိုက်မိသည်။
"ဧကရာဇ်ဇီဝေးက ရူးသွားပြီလား။ အန်လင်းကို သတ်မိသွားရင် ဘယ်လိုလုပ်မလဲ။"
ဧကရာဇ်ဇီဝေးမှာလည်း ကောင်းကင်အရှင်သခင် ရောက်ရှိလာသည်ကို အာရုံခံမိသောကြောင့် အသံလှမ်းပို့လိုက်သည်။
"စိတ်မပူပါနဲ့....အန်လင်းက အဲ့လောက်မပျော့ညံ့ဘူး။"
ဧကရာဇ်ဇီဝေးမှာ လှံကိုအသင့်ပြင်ထားသည်။
"ဂရုစိုက်...."
ချက်ချင်းဆိုသလို ကောင်းကင်နှင့်မြေပြင်မှာ အန်လင်းအတွက် လှောင်အိမ်တစ်ခု ဖြစ်လာပြီး တွန်းကန်မရနိုင်သော စွမ်းအင်များကြောင့် ရှောင်ရှားဆုတ်ခွာရန်ပင် မဖြစ်နိုင်တော့ကြောင်း သိလိုက်ရသည်။
တစ်ချိန်တည်းမှာပင် အင်မော်တယ်ကြယ်စင်လက်ဝါးအား ရင်ဆိုင်ခဲ့ရသလို ပြင်းထန်လှသော စွမ်းအင်ဖိအားများသည် သူ၏ဆဲလ်တစ်လုံးချင်းစီကို တုန်ရီနေစေသည်။
မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်.....
အံ့ဖွယ်မီးတောက်ချပ်ဝတ်.....
အံ့ဖွယ်မီးတောက် လေးခုမှာ ကြီးကျယ်ခမ်းနားလှသော ချပ်ဝတ်တန်ဆာတစ်ခုအသွင် ဖြစ်ပေါ်လာပြီး အန်လင်းအား မီးလျှံဧကရာဇ်တစ်ပါးသဖွယ် တင့်တယ်သွားစေသည်။
အန်လင်းမှာ လေးလေးနက်နက် မခုခံပါက ဒုက္ခရောက်သွားနိုင်သည်ဟု ခံစားနေမိသည်။
သူသည် ရွှေရောင်ဟာလာပြင်လျှပ်စီးအား ထုတ်ဖော်ရန် ကြိုးစားလိုက်ပါသော်လည်း အခွင့်အရေး မရလိုက်ခင်မှာပင် သက်တန့်ရောင်လှံမှာ ရောက်ရှိလာသည်။
သက်တန့်ရောင်လှံ၏ ကြောက်မက်ဖွယ် အဖျက်စွမ်းအင်များနှင့်အတူ ကောင်းကင်နှင့်မြေပြင်မှာလည်း ရောင်စဉ်ခုနစ်သွယ် ဖြာလဲ့သွားရသည်။
အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်ရှိ သလင်းကျောက် မျက်နှာပြင်မှာလည်း သက်တန့်ရောင်အဖြစ် ပြောင်းလဲသွားလေသည်။
ရောင်စဉ်ခုနစ်သွယ်သာ ကြီးစိုးနေသောကြောင့် သလင်းကျောက် မျက်နှာပြင်တွင် မည်သည်ကိုမှ မမြင်ရတော့ပေ။
အန်လင်းမှာ လက်သီးဖြင့် ခုခံလိုက်ပါသော်လည်း သက်တန့်ရောင်လှံသည် ရွှေရောင်လက်သီးပုံရိပ်အား တို့ဖူးသဖွယ် ထိုးဖောက်သွားပြီး အံ့ဖွယ်မီးတောက်ချပ်ဝတ်ထံ ရောက်ရှိလာသည်။
သက်တန့်ရောင်လှံနှင့် ထိတွေ့သွားသည်နှင့် စွမ်းအင်များ ပျောက်ကွယ်ကုန်သည့်အလား အံ့ဖွယ်မီးတောက် လေးခုမှာ တုန်ခါလာသည်။
အန်လင်းမှာ အလွန်အမင်း ထိတ်လန့်သွားစေကာမူ ဘာမှမတတ်နိုင်တော့သည့်အတွက် သက်တန့်ရောင်လှံမှ ရင်ဘတ်ထံ ရောက်ရှိလာသည်ကိုသာ ကြည့်နေလိုက်ရသည်။
"အား....."
နာနာကျင်ကျင် အော်ဟစ်သံနှင့်အတူ လှံ၏ဖိအားများကြောင့် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ နံရံတွင် ကားယားကြီး ဖြစ်သွားရပြန်သည်။
ကြမ်းတမ်းလှသော အဖျက်စွမ်းအင်များမှာ အန်လင်း ပတ်ပတ်လည်ရှိ လေထုကိုပင် အက်ကွဲရာများ ထင်ဟပ်နေစေသည်။
အန်လင်းမှာ ခန္ဓာကိုယ် တစ်ခုလုံး သေလောက်အောင် နာကျင်နေပြီး အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ အကာအကွယ် ဝင်္ကပါများမှာလည်း ခံနိုင်ရည်စွမ်း ကုန်ခမ်းတော့မည်ပင်။
ဖျက်စီးမရနိုင်သော စစ်နတ်ဘုရား ခန္ဓာသည်ပင် စတင်ကွဲအက်လာသည်။
ခရက်.....
မရဏခေါ်သံအလား ခပ်တိုးတိုး အက်ကွဲသံမှာ လေထုထဲ ပျံ့နှံ့လာသည်။
သက်တန့်ရောင်လှံမှာ စစ်နတ်ဘုရား ခန္ဓာနှင့်အတူ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်နံရံနှင့် အကာအကွယ် ဝင်္ကပါကိုပါ ဖျက်စီးခဲ့လေပြီ။ အဆုံးတွင်မူ အဝေးသို့ ဆက်လက်ပျံဝဲသွားပြီး သက်တန့်ရောင်စဉ်များကိုသာ ချန်ရစ်ထားခဲ့သည်။
"ဖူး....."
အကာအကွယ် ဝင်္ကပါများအား ထိန်းသိမ်းရန် ကြိုးစားနေသော ပိုင်ကျုံးသည်ပင် သွေးပွက်ပွက် အန်သွားရသည်။
သလင်းကျောက် မျက်နှာပြင်မှာ ပေါက်ကွဲသွားပြီးနောက် စောင့်ကြည့်နေသူများသည်ပင် ကြောက်မက်ဖွယ် စွမ်းအင်များကို ခံစားလိုက်ကြရသည်။
၎င်းတို့သည် ကောင်းကင်ထက်မှ သက်တန့်ရောင်စဉ်အားကြည့်ကာ အန်လင်း မည်မျှအထိ နာကျင်နေမည်ကို တွေးမမှီနိုင် ဖြစ်သွားကြသည်။
"စုရှောင်လန်...."
ရွှမ်းယွမ်ချန် အော်ဟစ်ကာ ဓားပေါ်ခုန်တက်လိုက်သည်။
စုရှောင်လန်မှာ ဓားအားစီးကာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်ကိုးထပ်သို့ ပျံသန်းသွားနေလေပြီ။
စုချန်းရန်နှင့် အခြားသူများလည်း လျင်မြန်စွာ လိုက်ပါသွားကြသည်။
စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့်နှင့် ထိုအဆင့်ထက်မြင့်သော စောင့်ကြည့်သူများသည်လည်း ကောင်းကင်ထက် ရောက်ရှိလာသည်။
တာအိုခန္ဓာအဆင့် ကျောင်းသားများမှာမူ ပျက်စီးသွားသော သလင်းကျောက် မျက်နှာပြင်အားကြည့်ကာ စီနီယာပိုင်ကျုံးကို အော်ဟစ်ဆဲဆိုနေသည်။
"ဒီကနေ ဝေးဝေးနေကြ။ ဒီမှာမလုံခြုံဘူး။ တိုက်ရိုက်ထုတ်လွှင့်မှုကို အမြန်ဆုံး ပြန်ရအောင် လုပ်ပေးမယ်။"
ပိုင်ကျုံး ခက်ထန်စွာ အော်ဟစ်လိုက်သည်။
"စီနီယာပိုင်ကျုံး ရှင်အဆင်ပြေရဲ့လား။"
စုချန်းရန် စိုးရိမ်ပူပန်စွာမေးသည်။
ပိုင်ကျုံး၏ နှလုံးသားများ နွေးထွေးသွားကာ ညင်သာစွာ ပြုံးလိုက်မိသည်။
"အဆင်ပြေပါတယ်။ တိုက်ပွဲက ထင်ထားတာထက် ကြမ်းနေတာလေး တစ်ခုပဲ။"
တားမြစ်ဧရိယာ၏ အစောင့်အရှောက်မှ ခွင့်မပြုသောကြောင့် အားလုံးမှာ မြေပြင်ပေါ် ပြန်လည်ဆင်းသက်လိုက်ကြသည်။
ပိုင်ကျုံးမှာ လုပ်နေကျ အလုပ်တစ်ခုအလား အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ အကာအကွယ် ဝင်္ကပါနှင့် သလင်းကျောက် မျက်နှာပြင်များကို ချောမွေ့စွာ ပြုပြင်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုလည်း ပြန်လည်ကောင်းမွန်သွားပြီး ခန္ဓာကိုယ်မှ သွေးများစီးကျကာ ဒူးတစ်ဖက်ထောက်နေသော အန်လင်းအား တွေ့လိုက်ကြရသည်။
"အန်လင်း....."
စုရှောင်လန်မှာ အန်လင်း၏ပုံရိပ်အားကြည့်ကာ နှလုံးသားများ နာကျင်လာရသည်။
အန်လင်း၏ ရင်ဘတ်တွင် အပေါက်တစ်ခု ရှိနေလေသည်။
"အန်လင်းရဲ့ ခုခံကာကွယ်ရေး အစွမ်းတောင် ပျက်သွားတာလား။"
"ဧကရာဇ်ဇီဝေးရဲ့ တိုက်ခိုက်မှုက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ မြင်လိုက်ရဲ့လား။ ဘယ်အစွမ်းက အဲ့ဒါကို ခံနိုင်မှာတဲ့လဲ။"
"ဧကရာဇ်ဇီဝေးက အန်လင်းကို သတ်ချင်နေတယ် ထင်တာပဲ။"
"ငါလည်း ဧကရာဇ်ဇီဝေးက အရမ်းလွန်တယ်လို့ ခံစားရတယ်။ အန်လင်းသာ အဲ့တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိခဲ့ရင် ဘဝတောင် ကူးသွားလောက်ပြီ။"
ကျောင်းသားများမှာ ၎င်းတို့၏ အိုင်ဒေါလ်ဖြစ်သူ ဖိနှိပ်ခံနေရသောကြောင့် ဧကရာဇ်ဇီဝေးအပေါ် မကျေမနပ် ဖြစ်နေကြသည်။
ထိုအချိန်တွင် ကောင်းကင်အရှင်သခင်မှာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။ တာအိုပျက်သုန်းခြင်းလှံသည် လွန်စွာကြောက်မက်ဖွယ်ကောင်းပြီး ဧကရာဇ်ဇီဝေး၏ စိတ်ဝိဉာဉ် အပိုင်းအစမှ ထုတ်ဖော်လိုက်ခြင်း ဖြစ်ပါသော်လည်း ဟင်းလင်းပြင်သို့အပြန် အဆင့်များ၏ တိုက်ခိုက်မှုများနှင့် တူညီသည်ဟု ဆိုနိုင်သည်။ ထိုသည်ကိုပင် အန်လင်းမှာ ရင်ဘတ်တွင် အပေါက်တစ်ခုသာဖြစ်ပြီး လွတ်မြောက်ခဲ့လေသည်။ သူသည် အန်လင်း၏ ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲသွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
အန်လင်းမှာ စွမ်းအင်အား တစ်ရာခိုင်နှုန်းထိ လျှော့ချခံထားရသည်ကိုလည်း မမေ့သင့်ပေ။
စွမ်းအင်အပြည့်အဝသာ ရရှိနေပါက သူ၏ခုခံကာကွယ်ရေးမှာ မည်မျှပင် အားကောင်းနေမည်နည်း။
အန်လင်းသည် ထိုမျှမပျော့ညံ့ကြောင်း ဧကရာဇ်ဇီဝေး ပြောပြထားသည်ကို ပြန်လည်အမှတ်ရမိသည်။
မှန်ပေသည်။ အန်လင်းသည် တွေးထင်ထားသည်ထက် အဆပေါင်းများစွာ သန်မာနေသည်။
သူသည် အန်လင်းအား လျှော့တွက်မိခဲ့ပုံပင်။
ဧကရာဇ်ဇီဝေး၏ စကားကသာ အမှန်ဖြစ်ပေလိမ့်မည်။
..........
အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်ကိုးထပ်မြောက်၌
အန်လင်းမှာ ရင်ဘတ်အားဖိကာ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။
"ငါ့အစွမ်းရဲ့ သုံးပုံတစ်ပုံ သုံးလိုက်တာတောင် မင်းကနည်းနည်းပါးပါးပဲ ထိခိုက်သွားမယ်လို့ ထင်မထားဘူး။"
ဧကရာဇ်ဇီဝေး အံ့အားသင့်နေသည်။
အန်လင်း ခပ်ဖွဖွပြုံးသည်။
"ကျွန်တော့်ခန္ဓာကိုယ်က ဒီလိုထိခိုက်သွားမယ်လို့ မထင်ထားခဲ့ဘူး။"
ဧကရာဇ်ဇီဝေး: "......"
အန်လင်းမှာ ဒဏ်ရာများ ပြန်လည်ကောင်းမွန်စေရန် အမြဲစိမ်းနည်းစနစ်ကို လည်ပတ်ထားစေသည်။
"အဲ့တိုက်ခိုက်မှုက အစွမ်းသုံးပုံတစ်ပုံတောင် သုံးလိုက်ရတာ စိတ်မကောင်းပါဘူး။"
အန်လင်း ယုံကြည်ချက်ရှိသော မျက်ဝန်းများဖြင့် ဧကရာဇ်ဇီဝေးအား စူးစိုက်ကြည့်ရှုလိုက်သည်။
"ခင်ဗျား ကျွန်တော့်ကို နိုင်မှာမဟုတ်ဘူး။"