← Chapters

အနောက်ပိုင်းပင်လယ်၏ နိဒါန်းပျိုးခြင်း

Vol. 22 Ch. 305

အနောက်ပိုင်းပင်လယ်၏ နိဒါန်းပျိုးခြင်း

Vol. 22 Ch. 305

စုမင်သည် ပိုမိုရင့်ကျက်လာခဲ့ပြီဖြစ်ကာ သူ့ပတ်ဝန်းကျင်ရှိအရာများကို မသိသည့် နက်မှောင်တောင်မှ ကောင်လေးတစ်ယောက် မဟုတ်တော့ပေ။ သူ့မျိုးနွယ်စုအတွင်းရှိ အပြောင်းအလဲ၊ တောင်ပိုင်းအရုဏ်ဦးကုန်းမြေတွင် နိုးထလာရခြင်း၊ ဟန်တောင်တန်းမြို့တော်အတွင်း အဆင့်အတန်းမြင့်မားလာခြင်း၊ လူရိုင်းများ၏ နယ်မြေဆီသို့ ခရီးစဉ်နှင့် အေးခဲကောင်းကင်ကလန်အတွင်း ဖြတ်သန်းခဲ့ရသော အရာများကြောင့် စုမင်ဉာဏ်ရည်က အဆက်မပြတ် ပိုမိုတိုးတက်လာခဲ့သည်။

သူသည် မွန်းစတားများကဲ့သို့ ဉာဏ်နီဉာဏ်နက်မများသေးလျှင်တောင် အတွေ့အကြုံနုနယ်သူတစ်ဦးတော့ မဟုတ်တော့ပေ။

ဤအနေအထားက ဥပမာပင်။ အကယ်၍ သူသာ နက်မှောင်တောင်တွင် နေခဲ့သည့် အတိတ်တုန်းက သူဖြစ်နေမည်ဆိုလျှင် ဤလူတွေအား သူတို့မျက်နှာသို့ တည့်တည့်ကြည့်၍ ဘာလိုချင်တာလဲဆိုသည်ကို သေချာပေါက်မေးပေလိမ့်မည်။

အကယ်၍ မျိုးနွယ်စုအတွင်းရှိ အပြောင်းအလဲပြီးနောက် ဟန်တောင်တန်းမြို့တော်ထံသို့ စတင်ရောက်ခါစ သူဆိုလျှင်တော့ မတူညီသောရွေးချယ်မှုတစ်ခုကို ပြုလုပ်လောက်ပေမည်။ သူ့အရှေ့ရှိအမျိုးသမီးကို မြင်သည်နှင့် အခန်းအပြင်သို့ ပြန်ထွက်သွားပေလိမ့်မည်။ ထို့နောက် ထောင့်နေရာတစ်ခုကိုရှာ၍ လေလံပွဲအား ထိုနေရာမှ ပါဝင်ဆင်နွှဲကာ တစ်ကိုယ်တည်းသီးသန့်နေရင်း ထိုလူတို့၏ အစီအစဉ်များကို ပျက်စီးသွားစေပေလိမ့်မည်။

သို့သော် ယခုတော့ စုမင်သည် ပိုမိုအတွေ့အကြုံရင့်လာပြီဖြစ်၍ သူ့ရွေးချယ်မှုက နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့ချေပြီ။ အဖြေကို မေးလိမ့်မည်မဟုတ်သလို တစ်ဦးတည်းထွက်ခွာ၍ ဆိတ်ဆိတ်နေလိမ့်မည်လည်း မဟုတ်ပေ။ ထိုအစား အခြားနည်းလမ်းတစ်ခုကိုသာ သုံးရန် ရွေးချယ်ခဲ့သည်။ သူတို့ထံမှ တစ်စုံတစ်ရာကို အတင်းအကြပ်ညှစ်ယူသကဲ့သို့ ပြုမူခြင်းအားဖြင့် သူတို့၏ မျက်လုံးများ၊ အမူအယာများနှင့် အခြားအသေးစိတ်အချက်အလက်လေးများမှ တစ်ဆင့် ပြဿနာကို ရှာဖွေတွေ့ရှိကာ သူဆုံးဖြတ်ချက်ချနိုင်ပေလိမ့်မည်။

"ဘာကိုဆိုလိုတာများလဲ အစ်ကိုစု" ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်နှင့် အမျိုးသမီး ကျီရှန်သည် စုမင်စကားကိုကြားပြီးနောက်မှာပင် သစ်ခွများကဲ့သို့ ချိူမြိန်သောအသံဖြင့် အေးအေးဆေးဆေးပြုံးပြလာခဲ့သည်။

စုမင် ဘာမှပြန်မပြောခဲ့ပေ။ ထိုအစား အမျိုးသမီးထံ တည်ငြိမ်စွာ လှမ်းကြည့်လိုက်ပြီး နောက်သို့လှည့်ကာ သူ့အနောက်တွင် အံ့အားသင့်မင်သက်စွာရပ်နေသည့် ချန်ယီအား ဖြတ်ကျော်လာခဲ့သည်။ စုမင်၏လုပ်ရပ်များအရ သူသည် နဝမမြောက်အခန်းမှ ထွက်ခွာလိုသည့်ပုံစံပင်ဖြစ်သည်။

ကျီချဲသည် စုမင်ဘေးမှတိတ်ဆိတ်စွာ လိုက်ပါလာသည်။

ထိုအခိုက်အတန့်မှာပင် ကျီရှန်၏ မျက်လုံးများအတွင်း စူးရှသောအကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ သူမက ချက်ချင်းစကားမပြောခဲ့ပဲ စုမင်သည် အခန်းအပြင်သို့တစ်ဝက်ခန့်ရောက်သွားပြီး အမှန်တစ်ကယ်ထွက်ခွာရန် ရည်ရွယ်ချက်ရှိပုံ ပေါ်နေသောအခါမှသာ သူမအသံတိုးတိုးက စုမင်နားထဲသို့ ရောက်လာခဲ့သည်။

"ကျွန်မကိုမြင်ပြီးတာနဲ့ ချက်ချင်းထွက်သွားဖို့ ရွေးချယ်ရအောင် ကျွန်မက သားရဲရိုင်းတစ်ကောင်နဲ့တူနေလို့လား"

သူမအသံက အလွန်သာယာနေပြီး သူမအား သနားဏရုဏာသက်ဖွယ် ကောင်းနေစေခဲ့သည်။ သူမအသံထဲတွင် နားဝင်ချိူစေသည့် အရည်အသွေးတစ်ချို့ပါဝင်နေပြီး အခြားသူများအား ဆက်လက်နားထောင်ချင်နေအောင် ပြုလုပ်နေသော်လည်း စုမင်ကတော့ ထိုလူများထဲမှ တစ်ဦးမဟုတ်ပေ။ ခြေတစ်လှမ်းတည်းဖြင့် အခန်းအပြင်သို့ လုံးဝထွက်လိုက်ပြီး ပြန်လှည့်ကြည့်ခြင်းမရှိပဲ ရှေ့သို့ဆက်လျှောက်လိုက်သည်။

သူ အခန်းနှင့် ခြေသုံးလေးငါးလှမ်းခန့်သာ ဝေးသေးချိန်မှာပင် ကျီရှန်အသံက အခန်းအတွင်းမှ နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့သည်။

"အစ်ကိုစု ကျေးဇူးပြုပြီး စောင့်ပါဦး။ ဒါပေါ့ ဒါတွေက ဘယ်အကုန် ဟုတ်ပါ့မလဲ။ တောင်းပန်မှုအနေနဲ့ ဆရာကပြောခဲ့ပါတယ်။ ဒီတစ်ကြိမ် လေလံတင်ရောင်းချမယ့် ပစ္စည်းတွေထဲက တစ်ခုကိုတော့ ရှင်ရွေးချယ်မှာပဲတဲ့။ ဆရာက အဲဒါကို ရှင့်အတွက်ဝယ်ပေးပါလိမ့်မယ်"

ကျီရှန်သည် စကားပြောနေရင်း အခန်းအပြင်သို့ လျှောက်ထွက်လာကာ စုမင်အား ပြုံးပြလာခဲ့သည်။

သူမမျက်နှာပေါ်ရှိ အပြုံးသည် အလွန်လှပသဖြင့် နှလုံးခုန်သံများကိုပင် လျင်မြန်သွားအောင် ပြုလုပ်နိုင်သည်။

အနည်းဆုံးတော့ ထိုအရာက ချန်ယီ၏ပုံစံကို မသက်မသာဖြစ်သွားစေခဲ့သည်။

စုမင် ရပ်တန့်လိုက်သည်။ မျက်နှာထက်တွင် အပြုံးတစ်ခုနှင့်အတူ ကျီရှန်အားပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက် အခန်းဆီသို့ လျှောက်သွားခဲ့သည်။ ကျီရှန်သည် နောက်သို့ခြေတစ်လှမ်းခန့် အလိုလိုဆုတ်လိုက်မိပြီး စုမင်ကမူ အခန်းတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် ဘေးရှိကုလားထိုင်တွင် ထိုင်ချလိုက်ချေသည်။

ကျီချဲသည် သူ့နောက်တွင် သစ်သားတုံးတစ်တုံးသဖွယ် ငြိမ်သက်စွာရပ်နေခဲ့သည်။ သူ့မျက်လုံးများကို ပိတ်ထားသည်ဆိုလျှင်တောင် ပတ်ဝန်းကျင်အား သတိထားနေမှုကတော့ လျော့ကျမသွားခဲ့ပေ။ သူ့အာရုံစူးစိုက်မှုများအားလုံးကို ပတ်ဝန်းကျင်ရှိ လှုပ်ရှားတိုင်းအပေါ် အချိန်နှင့်မလပ် စူးစိုက်ထားခဲ့ခြင်းဖြစ်သည်။

ကျီရှန်သည် အခန်းတံခါးကိုပိတ်လိုက်ပြီး အတွင်းသို့ပြန်လျှောက်လာခဲ့သည်။ စုမင်နှင့် မျက်စောင်းထိုးနေရာတွင် ထိုင်ချလိုက်သည်။ သူမ၏ လှပသောမျက်လုံးများသည် စုမင်နောက်တွင်ရပ်နေသော ကျီချဲထံ လေ့လာကြည့်ရှုပြီးသွားသည်နှင့် စုမင်အား ပြန်ကြည့်ကာ ပြုံးပြလိုက်ပြီးမှ စကားပြောလာခဲ့သည်။

"အစ်ကို စု၊ ရှင်က နဝမတောင်ထွတ်ရဲ့တပည့်ဆိုတဲ့ အမည်နဲ့အညီ နေထိုင်တာပဲ။ ခရီးထွက်နေချိန် နောက်လိုက်တစ်ယောက်တောင် ခေါ်လာသေးတယ်။ ကျွန်မတော့ ဒီကိစ္စမှာ ရှင်နဲ့ နှိုင်းယှဉ်နိုင်ဖို့ မမျှော်လင့်မိတော့ပါဘူး"

စုမင်၏ နေရာမှဆိုလျှင် အနီးရှိ ပြူတင်းပေါက်အားဖြတ်၍ အောက်ဘက်ရှိ လေလံခန်းမ၏ အလယ်ဗဟိုကို ရှင်းလင်းစွာမြင်နိုင်ချေသည်။ ထိုအချိန်တွင် အောက်ဘက်ဧရိယာသည် စိတ်လှုပ်ရှားစွာတွတ်ထိုးပြောဆိုသံများနှင့်အတူ ခန်းမအတွင်းသို့ လူများအဆက်မပြတ် ဝင်ရောက်လာနေကြသည်။

"သူက ငါ့နောက်လိုက်မဟုတ်ဘူး။ ငါ့တူတပည့်" စုမင် ညင်ညင်သာသာပင် ပြန်ချေပလိုက်သည်။

"သိပြီ။ ဘာကြောင့် ဒီအစ်ကိုကိုကြည့်ရတာ ရင်းနှီးနေသလိုဖြစ်နေရတာလဲလို့ ကျွန်မကသိချင်နေတာ။

အခုရှင်ပြောလိုက်မှပဲ မှတ်မိသွားတယ်။ သူက အေးခဲကောင်းကင်ကလန်ရဲ့ ကြီးမြတ်သော ဆီးနှင်းဖုံးလွင်ပြင်များ အဆင့်ဇယားမှာ အဆင့်၁၀အတွင်းဝင်လို့ နာမည်ကြီးတဲ့ ကျီချဲမဟုတ်လား"  ကျီရှန်သည် ယခုမှသတိပြုမိသွားသကဲ့သို့ အံ့အားသင့်သွားသည့်အမူအယာဖြင့် သူမ၏ချစ်စဖွယ်ပါးစပ်လေးကို လက်ဖြင့်ပိတ်လိုက်သည်။

ကျီချဲသည် တိတ်ဆိတ်နေဆဲပင်ဖြစ်ပြီး သူမကို တုန့်ပြန်မှုတစ်ခုတောင် မပေးခဲ့ပေ။ ဤကဲ့သို့ လှောင်ပြောင်သရော်မှုမျိုးနှင့် သူအကျွမ်းတဝင်ဖြစ်နေခဲ့ချေပြီ။ သူသည် နဂိုကတော့ အရှက်ရခဲ့သော်လည်း ဤအရာများအားလုံးကို စိတ်ထဲမထားပင် နေနိုင်နေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နဝမတောင်ထွတ်မှ လူများသည် အခြားနေရာများတွင် သူတွေ့ကြုံရလိမ့်မည်မဟုတ်သော ပုံစံမျိုးဖြင့် သူ့နှလုံးသားကို လှုပ်ခတ်စေခဲ့သောကြောင့်ပင်။

ကျီရှန်သည် ထိုစကားများကိုပြောပြီးသည်နှင့် စုမင်ထံ အလိုလိုလှမ်းကြည့်လိုက်ပြီး စုမင်၏ အမူအကျင့်များအတွင်း အက်ကြောင်းများကို စတင်ရှာဖွေလိုက်သည်။

စုမင်သည် အေးဆေးတည်ငြိမ်နေဆဲ ဖြစ်ပြီး  မည်သည့်အပြောင်းအလဲမျိုးမှ ရှိမနေပေ။ အဆုံးတွင်တော့ သူသည် စိတ်ရှင်းလင်းခြင်း ပညာရပ်ကိုလေ့ကျင့်ထားသဖြင့် သူ့စိတ်ကိုရှင်းလင်းထားပြီးချိန်တွင် သူ့အပြုအမူများသည်လည်း တည်ငြိမ်နေသည်မှာ ပုံမှန်ပင်။ မြေခွေးအိုကြီးများအတွက်တော့ သူ့လုပ်ရပ်များသည် အနည်းငယ်အတွေ့အကြုံနုပုံ ပေါ်နေနိုင်၏။ သို့သော် ယခု သူ့နှလုံးသားအတွင်း သဘောမကျမှုများဖြင့် ဆူပွက်နေလျှင်တောင် အရှေ့ရှိ အမျိုးသမီးသည်တော့ သူ့အမူအကျင့်များအတွင်း မည်သည့်အက်ကြောင်းကိုမှ အလွယ်တကူ ရှာတွေ့လိမ့်မည် မဟုတ်ပေ။

စုမင်သည် မျက်လုံးများကိုမှိတ်၍ အမျိုးသမီး၏ စကားများကို လျစ်လျူရှုထားကာ အသက်မှန်မှန်ရှူလျက်

လေလံပွဲ စတင်မည်ကို စောင့်ဆိုင်းနေခဲ့သည်။ အတိတ်တုန်းက ပိုင်စုသည် စုမင်၏ ဤအမူအကျင့်ကို အများဆုံးမြင်တွေ့ခဲ့ရပြီး လျစ်လျူရှုခံရမှုကြောင့် အကြိမ်ကြိမ်ဒေါသထွက်ခဲ့ရသည့် တစ်ဦးတည်းသာ လူဖြစ်သည်။ စုမင်ထံမှ တုန့်ပြန်မှု ပြန်လည်ရရှိရန် သူမလုပ်နိုင်မည့်အရာအားလုံးကို စဉ်းစားခဲ့သော်လည်း ၎င်းတို့အထဲရှိ မည်သည်ကမှ ရလဒ်မကောင်းခဲ့ပေ။

ထိုအရာမှနေ၍ စုမင်၏ ဤပုံမှန်အမူအကျင့်သည် အမျိုးသမီးများအတွက် အတော်ရိုက်ခတ်မှုရှိကြောင်း တွေ့မြင်နိုင်သည်။

ကျီရှန်သည် စုမင်အား အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။ ယခုလိုအမူအကျင့်မျိုးဖြင့် သူအား သူမပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ သူသည် သူမအား အဆင်တန်ဆာတစ်ခုလိုသာ ဆက်ဆံနေချေသည်။ သူမ မတည်ရှိသကဲ့သို့ ဟန်ဆောင်နေခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအရာက ပါးစပ်ဖျားသို့ စကားလုံးများရောက်နေပြီဖြစ်သော ကျီရှန်အား သူမလျှာကိုကိုက်ကာ စကားလုံးများကို ပြန်မျိူချမိသွားစေခဲ့သည်။

"အစ်ကိုစု ရှင့်မှာ တစ်ကယ့်ကို ဟန်ပန်အမူအယာကောင်း ရှိတာပဲ..." အချိန်အတော်ကြာပြီးနောက်တွင် ကျီရှန်သည်

အလွန်မကျေမနပ်ဖြစ်နေဟန်ဖြင့် နောက်တစ်ကြိမ် မှတ်ချက်ပြုလိုက်သည်။ သို့သော် စုမင်သည် သူမအားမကြားသကဲ့သို့ မျက်လုံးများမှိတ်ထားဆဲပင် ဖြစ်သည်။

ကျီရှန်သည် စုမင်အား ခဏတာကြည့်နေလိုက်ပြီးမှ သူမလည်း မျက်လုံးများကို မှိတ်လိုက်ကာ ထပ်မံဂရုစိုက်မနေတော့ပေ။

ထိုသို့လုပ်လိုက်ခြင်းဖြင့် အခန်းအတွင်း တိတ်ဆိတ်မှုအလွှာတစ်ခု ကျဆင်းလာပြီး အပြင်ဘက်ရှိ ဆူညံမှုများနှင့်ယှဉ်လျင် အခန်းနှင့် အခြားအရာများသည် မတူကွဲပြားသော လောကနှစ်ခုကဲ့သို့ပင် ဖြစ်သည်။

သို့သော် စုမင်နှင့် ယှဉ်လျှင် ကျီရှန်၌ လိုအပ်နေသော အရာတစ်ခုရှိနေဆဲ ဖြစ်သည်။ သူမသည် စိတ်ကိုရှင်းလင်းအောင် မကြိုးစားနိုင်ပဲ ရံဖန်ရံခါဆိုသလို မျက်လုံးဖွင့်၍ စုမင်ထံလှမ်းကြည့်လေ့ရှိသည်။ တစ်ဖြည်းဖြည်းဖြင့် သူမ မျက်မှောင်ကြုတ်လာခဲ့ရသည်။

'ဒီလူက အမှန်တစ်ကယ် တည်တည်ငြိမ်ငြိမ် နေနိုင်တယ်ဆိုတာ ငါမယုံဘူး။ သူက သေချာပေါက်ဟန်ဆောင်နေတာပဲ။ သူတို့ကိုယ်သူတို့ ရှုပ်ထွေးတဲ့ဇာတ်ကောင်တွေလိုမျိုး ဟန်ဆောင်ရတာကြိုက်တဲ့ ဒီလိုလူမျိုးတွေ ငါအများကြီးမြင်ဖူးတယ်' ကျီရှန်သည် သူမနှလုံးသားအတွင်း လှောင်ပြောင်သရော်လိုက်သည်။

အခန်းအတွင်းရှိ တိတ်ဆိတ်မှုအလယ်တွင် အချိန်များ ဖြည်းညင်းစွာကုန်လွန်သွားသည်။ အတိအကျဆိုရလျှင် အမွှေးတိုင်တစ်တိုင်ထွန်းစာခန့် ကြာပြီးနောက် လေလံခန်းမအလယ်ရှိ စင်မြင့်ထံမှ ဗုံတီးသံများ ထွက်ပေါ်လာခဲ့သည်။

ထိုဗုံသံများသည် ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်ခါသွားစေနိုင်သည့် မိုးခြိမ်းသံများကဲ့သို့ပင် ဖြစ်သည်။

ထိုအသံများသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ကြားလိုက်ရသူတိုင်း၏ နှလုံးသားများကို တုန်ယင်သွားစေခဲ့သည်။

ဗုံတီးသံများ ထွက်ပေါ်လာသည်နှင့် တေးသံများလည်း လျင်မြန်စွာ ထွက်ပေါ်လာပြီး ဗုံသံများနှင့် ရောနှောသွားခဲ့သည်။ သို့သော် ၎င်းအသံမျသည် ပိုမိုစူးရှပြီး ပရိသတ်အားလုံး၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

ဗုံတီးသံနှင့် တေးသံများသည် လေလံခန်းမအတွင်းရှိ လူထောင်ပေါင်းများစွာကို တိတ်ကျသွားစေသည်။ သူတို့အားလုံး၏ အကြည့်များသည် ခန်းမအလယ်ရှိ စင်မြင့်ပေါ်သို့ ကျရောက်သွားကြသည်။

ထိုအချိန်တွင် စုမင်လည်း မျက်လုံးများကိုပြန်ဖွင့်လိုက်သည်။ လေလံပွဲအလယ်စင်မြင့်ပေါ်တွင် ထွားကြိုင်းသန်မာသော ယောကျ်ားကိုးဦးရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူများသည် ၎င်းတို့အရှေ့ရှိ သားရဲအရေဗုံများကို လက်နှစ်ဖက်ဖြင့် တီးခတ်နေကြသည်။

ဗုံတီးသံများသည် လေထဲသို့ ပျံ့လွင့်လာပြီး အတူတကွ ရောနှောပေါင်းစပ်သွားကြသည်။ ထိုယောကျ်ားကိုးဦး၏ ဘေးတွင် အဖြူရောင်ဝတ်ရုံရှည်များ ဝတ်ဆင်ထားသည့် ချောမောလှပသော အမျိုးသမီးကိုးဦးလည်း ထွက်ပေါ်လာခဲ့သည်။

အမျိုးသမီးတစ်ဦးချင်းစီ၏ လက်တိုင်းတွင် ဧရာမခရုသင်းတစ်ခုဆီ ကိုင်ဆောင်ထကြသည်။ စူးရှသောတေးသံများသည် ၎င်းခရုသင်းများထံမှ ထွက်ပေါ်လာနေခြင်းဖြစ်သည်။

ဗုံသံများနှင့် ခရုသင်းများထံမှ တီးမှုတ်သံများ အမြင့်ဆုံးသို့ ရောက်ရှိသွားသည့်အခိုက်အတန့်တွင် မြေပြင်ကတုန်ခါသွားသည်။ အလယ်ဗဟိုရှိ စင်မြင့်တွင် အက်ကြောင်းတစ်ခုပင် ပေါ်လာခဲ့ချေသည်။ အက်ကြောင်းသည် ၎င်း၏ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားစဉ်မှာပင် အမျိုးသားနှင့် အမျိုးသမီးများသည် စင်မြင့်အစွန်းမှ အောက်သို့ဆင်းသွားကြသည်။ သူတို့ဆင်းသွားသည်နှင့် အက်ကြောင်းအတွင်းမှ ဧရာမကျောက်တိုင်ကြီးတစ်ခု မြင့်တက်ထွက်ပေါ်လာခဲ့သည်။

ထိုကျောက်တိုင်သည် ပေ၁၀၀ခန့် မြင့်တက်လာပြီးသည်နှင့် ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့သည်။ မည်သူမျှမကြားနိုင်သော တိုးညှင်းသည့်အသံများစတင်ထွက်ပေါ်လာပြီး ထို့နောက် နေရာတိုင်းအား ထိုးဖောက်သွားသည့် ကျယ်လောင်စွာ

အော်ဟစ်သံများ လိုက်ပါထွက်ပေါ်လာခဲ့သည်။

ထိုအသံပေါ်လာသည်နှင့် ဧရာမလေလံခန်းမကြီး၏  ပွင့်နေသော လေဟာနယ် အပေါ်ဘက်ကောင်းကင်တွင် အံ့အားသင့်ဖွယ် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ တောက်ပသောကောင်းကင်တွင် လှိုင်းဂယက်ငယ်များ ဖြစ်ပေါ်လာပြီး လီသိန်းပေါင်းများစွာအကွာအဝေးသို့ ပျံ့နှံ့ဖုံးအုပ်သွားသည်။

"အနောက်ပိုင်းပင်လယ်ကလန်..." ကောင်းကင်မှ အိုမင်းရှေးကျသော အသံတစ်သံထွက်ပေါ်လာသည်။ ထိုအသံထွက်ပေါ်လာသည်နှင့် လှိုင်းဂယက်ငယ်များ ပိုမိုများပြားလာပြီး လီသိန်းပေါင်းများစွာ ဖုံးအုပ်ထားသော လှိုင်းဂယက်များသည် အံ့သြဖွယ် ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်။

ထိုအခိုက်အတန့်တွင် လီသိန်းပေါင်းများစွာဧရိယာသည် အေးခဲကောင်းကင်ကလန်နှင့် သက်ဆိုင်ခြင်း မရှိတော့ပဲ အနောက်ပိုင်းပင်လယ်ကလန်၏ ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ပင်လယ်ရေများသည် ကောင်းကင်အမြင့်အတိုင်းရှိပြီး ပင်လယ်ရေ၏ လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော လှိုင်းဂယက်များကိုပင် တွေ့မြင်နိုင်ချေသည်။ လေလံခန်းမတည်ရှိရာ မြေပြင်သည်တော့ ပင်လယ်ကြမ်းပြင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

စုမင်မျက်လုံးများအတွင်း တောက်ပသောအလင်းတစ်ဖြာ ထွက်ပေါ်လာသည်။ မတ်တပ်ထရပ်ကာ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး လသာဆောင်အစွန်းတွင်ရပ်လျက် အပြင်သို့လှမ်းကြည့်လိုက်သည်။ သူတစ်ဦးတည်းသာ ထိုသို့ပြုလုပ်ခဲ့ခြင်းမဟုတ်ပေ။ ထိုအချိန်တွင် လေလံခန်းမအတွင်းရှိ လူပေါင်းများစွာသည်လည်း ကမ္ဘာလောကကြီး၏ ပြောင်းလဲသွားသော ထိုမြင်ကွင်းကို ထရပ်ကြည့်လိုက်ကြပြီး သူတို့အမူအယာများက ပြောင်းလဲသွားခဲ့သည်။

ဤအရာသည် သာမန်ရိုးရိုး ပုံရိပ်ယောင်တစ်ခုကဲ့သို့မဟုတ်ပဲ မယုံနိုင်လောက်အောင် စစ်မှန်နေသည့် အံ့အားသင့်ဖွယ် အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ ယခုအခါ စုမင်ပတ်ဝန်းကျင်သည် ပင်လယ်ပြင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်ဖြစ်ပြီး မရေမတွက်နိုင်သော ရောင်စုံအကိုင်းအခင်များ ပေါ်လာသည်ကိုပင် သူတွေ့လိုက်ရချေသည်။ ရေထဲတွင် ကူးခပ်နေသည့် ငါးအမျိုးမျိုးအားလည်း တွေ့လိုက်ရသည်။ အချို့က အုပ်စုဖွဲ့ကူးခပ်နေကြပြီး အချို့က တစ်ကောင်တည်းဖြစ်သည်။ စုမင်ပါးစပ်ဟလိုက်သောအခါ  သူ့ပါးစပ်မှလေပူဖောင်းလေးများ ထွက်လာသည်ကိုပင် တွေ့လိုက်ရချေ၏။

"အဲဒါ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက အနောက်ပိုင်းပင်လယ်ကလန် တီထွင်ခဲ့တဲ့ အစီအရင်တစ်ခုပဲ။ အစ်ကိုစုရော အဲဒါကို ဘယ်လိုထင်လဲ" ကျီရှန်သည် အပြုံးလေးတစ်ခုဖြင့် သူ့ဘေးတွင်လာရပ်လိုက်သည်။ သူတို့သည် အမှန်တစ်ကယ် ပင်လယ်ထဲရောက်နေသကဲ့သို့ သူမစကားပြောလိုက်ချိန်တွင်လည်း သူမပါးစပ်မှ လေပူဖောင်းလေးများထွက်ပေါ်လာခဲ့သည်။

ကျီရှန်သည် စုမင်ကြည့်နေသောအရာကို သတိပြုမိလိုက်ပြီး ရယ်သံလွင်လွင်ဖြင့် ရှင်းပြလာသည်။ "အဲဒီ ရောင်စုံအရာကို သန္တာကျောက်လို့ ခေါ်တယ်"

ကျီရှန်ပြောပြနေစဉ်မှာပင် လေလံခန်းမအလယ်ရှိ စင်မြင့်အစွန်းတွင်ရပ်နေသော အတော်အတန်လှစ်ဖော်ပြထားသည့် အဖြူရောင်ဝတ်ရုံများဖြင့် အမျိုးသမီးကိုးဦးသည် အဖြူရောင်အကြေးခွံတစ်ခုစီ ထုတ်ယူလာခဲ့၏။ သူတို့သည် အကြေးခွံများကို နံဖူးထက်တွင်ကပ်လိုက်ပြီး လေထဲသို့လွင့်မျောလာခဲ့သည်။ သူတို့၏ ခြေဗလာများသည် ငါးအမြီးများအဖြစ် ပြောင်းလဲသွားပြီး သူတို့သည် လေလံခန်းမအတွင်း ကူးခပ်နေသည့် ရေသူမကိုးယောက်အဖြစ် ချက်ချင်းပြောင်းလဲသွားသည်။ သူတို့၏ ချိူသာသော သီချင်းသံများသည် ပင်လယ်ရေအတွင်း ပျံ့လွင့်လာပြီး ကြားလိုက်ရသူများကို မိန်းမောသွားစေသည်။

ရေထဲတွင် ရေသူမများ စကလိုက်သည့်အချိန်မှာပင် ထွားကြိုင်းသန်မာသော ယောကျ်ားကိုးဦးသည်လည်း အပြာရောင်သားရဲအရေများကို ထုတ်ယူကာ ၎င်းတို့ကိုယ်ပေါ်သို့ ကပ်လိုက်သည်။ ထိုသို့လုပ်လိုက်သည်နှင့် သူတို့ခန္ဓာကိုယ်များ စတင်တွန့်လိမ်ပုံပျက်သွားပြီး ခဏအကြာတွင် ဟိန်းဟောက်သံများထွက်ပေါ်လာကာ ယောကျ်ားကိုးဦးသည် ရိုင်းစိုင်းကြမ်းကြုတ်သော ပင်လယ်နဂါးကိုးကောင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့၏ ဟိန်းဟောက်သံမျသည် ပင်လယ်တစ်ခုလုံး ပျံ့နှံ့သွားပြီး ရေသူမများ၏ သီချင်းသံနှင့် ပေါင်းစပ်ကာ လူတိုင်း၏ နှလုံးသားများကို တုန်ယင်သွားစေသည့် မြင်ကွင်းတစ်ခု ဖန်တီးထားခဲ့သည်။

ထိုအချိန်မှာပင် အိုမင်းနေသောအသံသည် ကျောက်တိုင်ထံမှ ရုတ်တရက်ထွက်ပေါ်လာပြန်သည်။ "ရှည်ကြာလှတဲ့ နှစ်ပေါင်းတစ်ရာကြာပြီးတဲ့နောက် အနောက်ပိုင်းပင်လယ်ကလန်ရဲ့ လေလံပွဲကို အေးခဲကောင်းကင်ရဲ့နယ်မြေထဲမှာ နောက်တစ်ကြိမ်ပြန်လည်ကျင်းပပါတော့မယ်"

***

All Chapters