ခင်ဗျားမျက်ခွက်ကိုမြေကြီးနဲ့ရိုက်ပစ်မယ်
Vol. 44 Ch. 617
အန်လင်းမှာ စိတ်ထဲတွင်ရှိနေသော စကားအား ထုတ်ပြောလိုက်ပြီး ဧကရာဇ်ဇီဝေး၏ အမူအရာလည်း ပြောင်းလဲသွားရသည်။
သူသည် ထိုသို့သော တိုက်ခိုက်မှု အနည်းငယ်အား အသက်မထွက်ပဲ ခံနိုင်ရည် ရှိဦးမည်ပင်။
ခင်ဗျား ကျွန်တော့်ကို မနိုင်ပါဘူး.....
ရိုးရှင်းသော စကားလေးတစ်ခွန်းသာ ဖြစ်ပါသော်လည်း တုနှိုင်းမမှီသော ယုံကြည်ချက်များ ပါဝင်နေသည်။ အန်လင်းထံတွင် ဆုံးဖြတ်ချက် ပြတ်သားသော တိုက်ပွဲစိတ်ဆန္ဒများ မရှိပဲ ထိုသို့ပြောနိုင်မည် မဟုတ်ပေ။
သူသည် တာအိုပေါင်းစည်းခြင်း အဆင့်ရှိသော အစစ်အမှန် နတ်ဘုရားဖြစ်သည့် ဧကရာဇ်ဇီဝေးအား ပြောနေခြင်း ဖြစ်သည်။
ဧကရာဇ်ဇီဝေးမှာ အန်လင်းအားကြည့်ကာ ပျော်ရွှင်စွာ ပြုံးလိုက်သည်။
"ဟားဟားဟား......အဲ့လိုစကားမျိုး နားမထောင်ရတာ ဘယ်လောက်တောင် ကြာနေပြီလဲ။ အခု မင်းဆီကနေ ကြားလိုက်ရတော့ ငါသွေးတောင်ဆူသွားတယ်။"
အန်လင်းမှာ လေတောင်ပံများ ဖြန့်ကားလျက် ဧကရာဇ်ဇီဝေးထံ ပျံဝဲသွားသည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်လှသော ဓားစိတ်ဆန္ဒများ ပါဝင်နေသည့် လျှပ်စီးဓားလေးလက်မှာလည်း ရုပ်လုံးပေါ်လာလေသည်။
"မင်းတိုက်တာ မလောလွန်းဘူးလား။"
ဧကရာဇ်ဇီဝေး ခပ်ဖွဖွပြုံးကာ လက်ချောင်းများ လှုပ်ရှားလိုက်သည်နှင့် ရွှေရောင်ကုဗတုံးတစ်ခုမှာ ၎င်း၏ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်။
ဝုန်း.....ဝုန်း.....ဝုန်း....
အဖြူရောင် လျှပ်စီးဓားများမှာ ရွှေရောင်ကုဗတုံးတွင် စိုက်ဝင်သွားပြီး ကြမ်းတမ်းသော ပေါက်ကွဲတုန်ခါမှုများ ဖြစ်ပေါ်လာသည်။
လျှပ်စီးများ ပေါက်ကွဲနေပါသော်လည်း လျှပ်စီးဓား လေးလက်မှာ အဆုံးထိတိုင် ဧကရာဇ်ဇီဝေး၏ ခုခံကာကွယ်ရေးအား မထိုးဖောက်နိုင်ခဲ့ပေ။
ဧကရာဇ်ဇီဝေးမှာ အန်လင်းဘက်သို့လှည့်၍ စကားဆိုတော့မည့် အချိန်မှာပင် အန်လင်း၏ မျက်ခုံးနှစ်ခုကြားမှ ရွှေရောင်မျက်လုံးတစ်ခုကို တွေ့လိုက်ရသည်။
အံ့ဖွယ်အဓမ္မလုယူခြင်းနည်းစနစ်.....
လျှပ်စီးဓားများသည် ဧကရာဇ်ဇီဝေးနားသို့ ကပ်နိုင်ရန်အတွက် ဟန်ပြတစ်ခုသာ ဖြစ်သည်။
အန်လင်း၏ အစစ်အမှန် တိုက်ခိုက်မှုမှာ အံ့ဖွယ်အဓမ္မလုယူခြင်းနည်းစနစ်ပင်။
အံ့ဖွယ်အဓမ္မလုယူခြင်းနည်းစနစ်သည် တိုက်ပွဲအခြေအနေအား ပြောင်းလဲပေးရန် မသေချာပါသော်လည်း အန်လင်းအနေဖြင့် ကံတရားကို ပုံအပ်ထားရန်သာ ရှိတော့သည်။
ဧကရာဇ်ဇီဝေးသည် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်ပြီး အင်မော်တယ်မန္တာန်ဘိုးအေကြီးဟူသော အမည်နာမကို ရရှိထားသူလည်း ဖြစ်သည်။ ထို့ကြောင့် ၎င်းထံတွင် မရေမတွက်နိုင်သော မန္တာန်၊ ကျင့်စဉ်များ ရှိနေနိုင်သည်။ အန်လင်းမှာ ခေါင်းတစ်ခုလုံး ပေါက်ကွဲမသွားစေရန်အတွက် ကျပန်းရွေးချယ်ရုံသာ ရှိတော့သည်။
ရွှေရောင်အလင်းတန်းများသည် ကုဗတုံးထဲ ဝင်ရောက်လာကာ ဧကရာဇ်ဇီဝေး၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်။
အန်လင်းမှာ ကျပန်းရွေးချယ်ရန် စီစဉ်ထားပါသော်လည်း ထိုသို့လုပ်ဆောင်ရန် မလိုအပ်ကြောင်း သတိပြုလိုက်မိသည်။
ထင်မှတ်ထားသလို မရေမတွက်နိုင်သော ကျင့်စဉ်များ ရှိမနေပဲ ခိုးယူရန်အတွက် အရာနှစ်ခုသာ ရှိနေလေသည်။
တစ်ခုမှာ အသင်္ချေ ဆန်းကြယ်သော အရာများနှင့် ပေါင်းစပ်ဖွဲ့စည်းထားသော တာအိုစိတ်ဆန္ဒခန္ဓာဖြစ်ပြီး ကျန်တစ်ခုမှာ အလွန်အားကောင်းသော စိတ်ဝိဉာဉ်စွမ်းအင်များ ဖြာထွက်နေသည့် စွမ်းအင်လုံးတစ်ခုပင်။
အန်လင်းမှာ ထိုသည်ကို မြင်လိုက်ရချိန်မှသာ သူသည် ဧကရာဇ်ဇီဝေးထံမှ ကျင့်စဉ်ခိုးယူနေခြင်း မဟုတ်ပဲ ၎င်း၏ စိတ်ဝိဉာဉ် အပိုင်းအစ တစ်ခုထံမှသာ ခိုးယူနေခြင်းဖြစ်ကြောင်း အမှတ်ရမိသွားသည်။
အသင်္ချေ ဆန်းကြယ်သော အရာများနှင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် တာအိုစိတ်ဆန္ဒ ခန္ဓာတွင် ဧကရာဇ်ဇီဝေး၏ မန္တာန်၊ ကျင့်စဉ်များအားလုံး ပါဝင်နေပြီး စွမ်းအင်လုံးသည် ဧကရာဇ်ဇီဝေး၏ အံ့ဖွယ်စိတ်ဆန္ဒ ဖြစ်ပေလိမ့်မည်။
စွမ်းအင်လုံးကိုသာ ခိုးယူလိုက်ပါက ဧကရာဇ်ဇီဝေး၏ အံ့ဖွယ်စိတ်ဆန္ဒမှာ ပျောက်ကွယ်သွားမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အန်လင်းမှာ ထိုသည်ကို ရွေးချယ်မည် မဟုတ်ပေ။
ဧကရာဇ်ဇီဝေး၏ မျက်နှာအား မြေပြင်နှင့် မရိုက်ရသေးသောကြောင့် ထိုသို့လုပ်ရန် မဖြစ်နိုင်ပေ။
ဟဲဟဲ.....အဲ့ဒါဆိုလည်း ရွေးစရာက တစ်ခုပဲ ရှိတော့တာပေါ့.....
ဧကရာဇ်ဇီဝေး၏ မျက်နှာအား မြေပြင်နှင့် မိတ်ဆက်ပေးရန် အခွင့်အရေး ရလာတော့မည်ပင်။
အသင်္ချေ ဆန်းကြယ်သော အရာများနှင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် တာအိုစိတ်ဆန္ဒခန္ဓာအား လုယူခြင်း.....
ဧကရာဇ်ဇီဝေးမှာ တစ်စုံတစ်ခု ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။
ထိုအချိန်တွင် အန်လင်းမှာ ရွှေရောင်လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
"ဟာလာပြင်တိမ်ထုလက်ဝါး....."
ဧကရာဇ်ဇီဝေးမှာလည်း လက်ဝါးနှင့် ခုခံသည်။
ဖြန်း.....
သို့သော် အန်လင်း၏ နောက်လက်တစ်ဖက်နှင့် ရိုက်ထုတ်ခြင်း ခံလိုက်ရသည်။
ဧကရာဇ်ဇီဝေး မျက်လုံးအပြူးသား ဖြစ်ရလေပြီ။
ထိုအချိန်မှာပင် အန်လင်း၏ လက်သီးမှာ ကျဆင်းလာတော့သည်။
ဝုန်း......
ရွှေရောင်အလင်းတန်းများ ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ် စွမ်းအင်များမှာ ဧကရာဇ်ဇီဝေး၏ မျက်နှာပေါ် ရောက်ရှိလာသည်။
ဧကရာဇ်ဇီဝေးမှာ မြေပြင်ပေါ် လဲကျသွားရပြီး နားမလည်နိုင်စွာပင် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။
သူပြန်ထတော့မည့် အချိန်တွင် အန်လင်းမှာ လေထုအား ဖမ်းဆုပ်လိုက်သည်နှင့် မှော်သင်္ကေတများ တလက်လက်ထနေသော ရွှေရောင်ကုဗတုံးတစ်ခု ဖြစ်ပေါ်လာသည်။
ပြင်းထန်လှသော ချိပ်ပိတ်စွမ်းအင်များကြောင့် ဧကရာဇ်ဇီဝေးမှာ မြေပြင်ပေါ်မှ မထနိုင် ဖြစ်သွားသည်။
အန်လင်း၏ ခြေဖဝါးအောက်တွင် လျှပ်စီးများ ပေါ်ထွက်လာပြီး လျင်မြန်လှသောအရှိန်ဖြင့် ဧကရာဇ်ဇီဝေးထံသွားကာ လက်သီးတစ်လုံး ကျွေးလိုက်ပြန်သည်။
ဝုန်း....
ဧကရာဇ်ဇီဝေးမှာ ကြယ်များလများမြင်ကာ သွေးအန်လိုက်ရသည်။
"လစန္ဒာနဂါးလက်သီး....."
အန်လင်း ဟစ်ကြွေးလိုက်သည်နှင့် သူ၏လက်သီးမှ သန့်စင်လွန်းသော ယင်းစွမ်းအင်များ ဖြာထွက်ကာ အဖြူရောင် နဂါးခေါင်းပုံရိပ်ကြီး ဖြစ်ပေါ်လာပြီးနောက် ဧကရာဇ်ဇီဝေး၏ မျက်နှာပေါ် ကျဆင်းသွားသည်။
သန့်စင်သော ယင်းစွမ်းအင်များ ပေါက်ကွဲသွားသည်နှင့်အတူ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်ကိုးထပ် တစ်ခုလုံး အဖြူရောင် နယ်ပယ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဧကရာဇ်ဇီဝေးမှာ လှုပ်မရတော့ပေ။
"မဟာသူရိန်ဓား...."
အန်လင်းမှာ လက်အားဆုပ်လိုက်သည်နှင့် ကောင်းကင်ကိုပင် ပြာချပစ်နိုင်သည်ဟု ထင်မှတ်ရလောက်အောင် လောင်ကျွမ်းအရှိန်အဝါများ ပါဝင်သော ရွှေရောင်ဓားရှည်တစ်လက် ရုပ်လုံးပေါ်လာသည်။
ရွှေရောင်ဓားရှည်မှာ ဧကရာဇ်ဇီဝေး၏ ရင်ဘတ်ထဲ ဖောက်ဝင်သွားတော့သည်။
"မိစ္ဆာအသင်္ချေလက်ဝါး...."
"မိုးပြာရောင်နဂါးဟိန်းသံ....."
"လျှပ်စီးကြယ်ပျံလက်ချောင်း..."
အဆုံးမသတ်သော တိုက်ခိုက်မှုများမှာ ဧကရာဇ်ဇီဝေးပေါ် မိုးစက်မိုးပေါက်များအလား ကျဆင်းလာသည်။
ဧကရာဇ်ဇီဝေးမှာ ကိုယ့်ရှူးကိုယ်ပက်သလို ဘာမှမလုပ်နိုင်ပဲ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် နံရံတွင် ကားယားကြီး ဖြစ်နေလေသည်။
"ခင်ဗျားလည်း ကျွန်တော့်ကို ဆော်တုန်းက ပျော်နေတယ်မလား။ အခုရော ဘယ်လိုနေလဲ။"
"နံရံမှာ ကားယားကြီးဖြစ်နေတာ နေလို့မှ ကောင်းရဲ့လား။"
အန်လင်းမှာ ကျင့်စဉ်များစွာ အသုံးချနေရင်း ပိုပိုပြီး စိတ်လှုပ်ရှားလာသည်။
တာအိုပေါင်းစည်းခြင်း အဆင့်ရှိတဲ့ အစစ်အမှန် နတ်ဘုရားကို ဆော်ပလော်တီးရတာ ဒီလိုမျိုးပါလား...... ဒီလိုအတွေ့အကြုံကို ခံစားဖူးတဲ့လူ သိပ်မရှိလောက်ဘူး..... ဧကရာဇ်ဇီဝေးကိုယ်တိုင်က သူ့ကိုချကွာလို့ ပြောရင်တောင် တော်ရုံတန်ရုံလူက ဘယ်လုပ်ရဲမှာလဲ......
ဘာပဲဖြစ်ဖြစ် ငါကတော့ မတူဘူး.....
ခုနကတင် သေအောင်ဆော်ခံထားရတာ.....အခွင့်အရေး ရလာတုန်း လက်လွှတ်လိုက်စရာ အကြောင်းကို မရှိတာ.....
အခုခံစားနေတာကို ပြောရရင်တော့ အရမ်းအရမ်းကို စိတ်ကျေနပ်တယ်......
ဟုတ်တယ်.....သေလောက်အောင် စိတ်ကျေနပ်တယ်.....
အန်လင်းမှာ လက်နက်အသစ်များကို စမ်းသပ်နေသည့်အလား မတူညီသော မန္တာန်၊ ကျင့်စဉ်များကို ဧကရာဇ်ဇီဝေးအပေါ် တရစပ် အသုံးပြုနေသည်။
ဧကရာဇ်ဇီဝေးမှာ ဖြစ်ပျက်နေသည်များကို နားလည်သွားရလေပြီ။
အော်...ငါ့ကျင့်စဉ်တွေ အန်လင်း ခိုးသွားပြီပဲ....
အားကောင်းတဲ့ ခန္ဓာကိုယ်ကလွဲရင် ငါ့မှာဘာမှ မကျန်တော့ပါလား.....
ပိုင်ကျုံးမှာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်တွင် ရပ်နေရင်း ကြောင်တောင်တောင် ဖြစ်နေမိသည်။
သလင်းကျောက် မျက်နှာပြင်မှတဆင့် စောင့်ကြည့်နေသူများမှာလည်း အိမ်မက်မက်နေသလို ခံစားနေရသည်။
ဖြစ်ပျက်နေသော အကြောင်းအရာများမှာ ယုံကြည်ရန် ခက်ခဲလွန်းလှသည်။
အစောပိုင်းကပင် အန်လင်းမှာ သေမလို သမခံနေရပါသော်လည်း ယခုတွင်မူ ဧကရာဇ်ဇီဝေးမှာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်တွင် ကားယားကြီး ဖြစ်နေရပြန်သည်။ အပြောင်းအလဲများ လျင်မြန်လွန်းလှသောကြောင့် ၎င်းတို့မှာ မည်သို့မည်ပုံ ဖြစ်သွားရသည်ကိုပင် မသိတော့ပေ။
တိတ်ဆိတ်မှုအား ကျောင်းသားတစ်ဦးမှ ဖြိုခွင်းလိုက်သည်။
"ကြီးမြတ်တဲ့ ဧကရာဇ်ဇီဝေးက ဘယ်လိုတွေတောင် အဆော်ခံနေရတာလဲ။ သူ့နှာခေါင်းက သွေးတွေစီးကျနေတယ်။"
"အိမ်မက်မက်နေတာလား။ အန်လင်းက ဧကရာဇ်ဇီဝေးကို တကယ်ကို သမနေတာလား။"
"ဧကရာဇ်ဇီဝေး ဘာမှပြန်မလုပ်နိုင်အောင် တစ်ခုခု လုပ်ထားပုံပဲ။"
"ကြည့်ရတာ ခိုးချလို့ရတဲ့နည်းလည်း သုံးထားတယ်ထင်တယ်။ အန်လင်း သုံးသမျှက ဧကရာဇ်ဇီဝေး ကျင့်စဉ်တွေချည်းပဲ။"
"ကောင်းကင်ဘုံခုံရုံးရဲ့ ဧကရာဇ်တစ်ပါးတောင် ကားယားကြီး ဖြစ်နေတာ။ အန်လင်းက သောက်ရမ်းကြမ်းတယ်ဟေ့။"
"အန်လင်းက ဧကရာဇ်ဇီဝေးကို အားရပါးရ သမနေတာကို ငါတသက်လုံး မေ့နိုင်မယ် မထင်ဘူး။"
"မြင်လား.....အားလုံး မြင်ကြရဲ့လား....အဲ့ဒါ ငါတို့ရဲ့ နတ်ဘုရားအန်ပဲ။ ဘယ်သူ ပရိသတ်အဖွဲ့ထဲ ဝင်ချင်လဲ။ ဒီမှာ လာတန်းစီကြနော်။"
.....
သလင်းကျောက် မျက်နှာပြင်တွင် မြင်နေရသော တိုက်ရိုက်ထုတ်လွှင့်မှုမှာ ရင်သက်ရှုမောဖွယ်ရာပင်။
ကျောင်းသားများမှာ တစ်ဦးကိုတစ်ဦး မပြီးဆုံးနိုင်အောင် ဆွေးနွေးဝေဖန်နေကြသည်။
စုရှောင်လန်တို့သည်ပင် ကူကယ်ရာမဲ့စွာ ငေးမောနေမိကြသည်။ ၎င်းတို့၏ နှလုံးသားထဲတွင် အန်လင်း၏ ပုံရိပ်မှာ ပိုမိုမြင့်မားလာပြီ ဖြစ်သည်။
"ဘုရားရေ.....တွေတောင်မတွေးရဲတဲ့ဟာမျိုးကို အန်လင်းက လုပ်နေတာပဲ။"
ထန်းရှီမန် ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
ရွှမ်းယွမ်ချန် နွေးထွေးစွာပြုံးသည်။
"စီနီယာအစ်ကိုကြီးထန် နားလည်သွားပြီလား....စိတ်သာရှိရင် အရာအားလုံး ဖြစ်နိုင်တယ်ဆိုတာ...."
အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အနီးရှိ ကောင်းကင်အရှင်သခင်မှာလည်း ကြောင်တောင်တောင် ဖြစ်နေသည်။ ဧကရာဇ်ဇီဝေးအား ထိုကဲ့သို့ တွေ့မြင်ရလိမ့်မည်ဟု စိတ်ပင်မကူးခဲ့ဖူးပေ။
ထိုသည်မှာ ရှားမှရှား မြင်ကွင်းမျိုးပင်။
ကောင်းကင်အရှင်သခင်မှာ နောင်များတွင်လည်း စိမ်ပြေနပြေ ပြန်ကြည့်နိုင်ရန်အတွက် မှတ်တမ်းတင် သလင်းကျောက်လုံးအား တိတ်ဆိတ်စွာ ထုတ်ယူလိုက်တော့သည်။