← Chapters

ဘုရင်တစ်ပါးမွေးဖွားခြင်း

Vol. 44 Ch. 618

ဘုရင်တစ်ပါးမွေးဖွားခြင်း

Vol. 44 Ch. 618

ဧကရာဇ်ဇီဝေး၏ မန္တာန်၊ ကျင့်စဉ်များ အသုံးပြုရသည်မှာ ပင်ပန်းလာသောကြောင့် အန်လင်းမှာ လက်သီးကိုသာ အစားထိုးတော့သည်။

ရွှေရောင်လက်သီးပုံရိပ်များမှာ ဧကရာဇ်ဇီဝေးပေါ် အဆက်မပြတ် ကျဆင်းလာနေပြီး အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်မှာလည်း ပြင်းထန်စွာ တုန်ခါနေသည်။

ဧကရာဇ်ဇီဝေးမှာလည်း ဒဏ်ရာဒဏ်ချက်များ အပြည့်ဖြစ်နေပြီး ကြည့်ရက်စရာပင် မရှိတော့ပေ။

သူ၏ဘဝတလျှောက်လုံး ယခုကဲ့သို့ အနိုင်ကျင့် နှိပ်စက်ခံရခြင်းမျိုး မကြုံခဲ့ရပေ။ မွေးဖွားလာချိန်မှစ၍ သူကသာ အခြားသူများအပေါ် အပြစ်ပေးခဲ့သူ ဖြစ်သည်။

ယနေ့တွင်မူ အန်လင်းသည် ခုခံနိုင်စွမ်း မရှိပဲ တရစပ် ထိုးနှက်ခံရခြင်း၏ အရသာကို ကောင်းစွာမြည်းစမ်းစေခဲ့သည်။

"ဘယ်လိုနေလဲ....မြေကြီးပေါ် ပိပြားနေအောင် ထိုးခံရတာ ကောင်းရဲ့လား....ဟမ်...."

အန်လင်းမှာ မကျေနပ်ချက်များကို ဖွင့်ထုတ်ကာ လက်သီးပဒေသာ အလှူပေးနေသည်။

အော်....ဝဋ်ကြွေးတွေ ထင်ပါရဲ့.....

ဧကရာဇ်ဇီဝေး တိတ်ဆိတ်စွာ တွေးလိုက်မိသည်။

သူသည် ပြင်းထန်လှသော ထိုးနှက်ချက်များကို မခံစားနိုင်တော့သဖြင့် ခန္ဓာကိုယ်မှာ စတင်ပျောက်ကွယ်လာသည်။

အန်လင်းမှာ အနည်းငယ် ထိတ်လန့်သွားပြီး တိုက်ခိုက်မှုအား ရပ်တန့်လိုက်သည်။

"မင်းနိုင်သွားပါပြီ ကျောင်းသားအန်လင်း..."

ဧကရာဇ်ဇီဝေး နွေးထွေးစွာပြုံးသည်။

သူ၏အခြေအနေမှာ အတော်ဆိုးနေပါသော်လည်း အိန္ဒြေသိက္ခာ ရှိနေသေးသည်။

အန်လင်း တောင်းပန်ကာ အရိုအသေ ပေးလိုက်သည်။

"ဒါက စမ်းသပ်မှု တစ်ခုပဲမို့ ကျွန်တော့်ကို အငြှိုးမထားဖို့ မျှော်လင့်ပါတယ်။"

သူသည် အမှန်တကယ် စိတ်မသက်မသာ ဖြစ်နေမိသည်။ အရာအားလုံးသည် မစ်ရှင်အတွက် ဖြစ်ပါသော်လည်း ဧကရာဇ်ဇီဝေးအား ရိုက်နှက်ခဲ့သည်ဟူသော အချက်အား ဖယ်ရှားမရနိုင်ပေ။ ဧကရာဇ်ဇီဝေးသာ ထိုအတွက် လက်စားချေပါက သူ၏ဘဝမှာ အဆုံးသတ်သွားပေလိမ့်မည်။

"စမ်းသပ်မှုက မင်းရဲ့လုပ်ရပ်တွေကြောင့် ငါဘာအငြှိုးမှ မထားပါဘူး။ ပြီးတော့ မင်းက ရိုးရိုးသားသား အနိုင်ယူသွားတာပဲလေ။"

ဧကရာဇ်ဇီဝေးမှာ မျှော်လင့်နေသော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။

"ငါထင်ထားတာထက်ကို မင်းကပိုတော်နေတာပဲ။ နောက်ကျရင်လည်း မင်းဘာတွေ လုပ်နိုင်ဦးမလဲ စောင့်ကြည့်နေမယ်။"

ဧကရာဇ်ဇီဝေးမှာ လွန်စွာအမျှော်အမြင်ကြီးသည်ဟု ခံစားလိုက်ရသည်။

အန်လင်းသည် ၎င်းအားသေလောက်အောင် ရိုက်နှက်ခဲ့ပါသော်လည်း ပြန်၍ပင် ချီးကျူးနေသေးသည်။

တကယ်လူကြီးလူကောင်းပဲ....

ဧကရာဇ်ဇီဝေး၏ အံ့ဖွယ်စိတ်ဆန္ဒမှာ အလုံးစုံ ပျောက်ကွယ်သွားတော့သည်။

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်ကိုးထပ်မြောက်တွင် တစ်ဦးတည်း ကျန်ရှိနေသော အန်လင်းမှာ စစ်နတ်ဘုရား တစ်ပါးအလား ခန့်ညားထည်ဝါနေသည်။

ပြတင်းပေါက်မှတဆင့် ဖြာကျနေသော နေရောင်ခြည်မှာ အန်လင်း၏ပုံရိပ်အား ပိုမိုတင့်တယ်စေသည်။

"ဧကရာဇ်ဇီဝေး ရှုံးသွားပြီပဲ။ အခုထိတောင် ငါလုံးဝမယုံနိုင်သေးဘူး။ အန်လင်း ဘယ်လိုများ လုပ်လိုက်တာလဲ။"

"နတ်ဘုရားအန် တကယ်နိုင်သွားတာပဲ။"

"အန်လင်းက အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် တစ်ခုလုံးကို သိမ်းပိုက်လိုက်နိုင်တာပဲ။ ကောင်းကင်ဘုံခုံရုံးတင်မက ကိုးပြည်ထောင် တစ်ခုလုံးမှာပါ ဒီအကြောင်းကို ဂုဏ်ပြုတေး ဆိုကြလိမ့်မယ်။"

"တသက်မှာတစ်ခါ မြင်ရဖို့ခက်တဲ့ သမိုင်းဝင် တိုက်ပွဲကြီးကို ကြုံခွင့်ရတာ တကယ်ကံကောင်းတာပဲ။"

"ဒီကိုလာဖို့ ဆုံးဖြတ်လိုက်တာ တဘဝလုံးမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ။"

အချို့သော ကျောင်းသားများမှာ ဖုန်းနှင့် မှတ်တမ်းတင်နိုင်သော ရတနာများထုတ်ကာ အမှတ်တရ ဓာတ်ပုံရိုက်ကြတော့သည်။

"အန်လင်း....အန်လင်း...."

အန်လင်း၏ အမာခံ ပရိသတ်များမှာ အသံဝင်မတက် အော်ဟစ်အောင်ပွဲခံကြသည်။

တဖြည်းဖြည်းနှင့် အော်ဟစ်သံများမှာ မိုးခြိမ်းသံအလား ကျယ်လောင်လာသည်။

"အန်လင်း....အန်လင်း...."

"အန်လင်း"ဟူသော အမည်နာမ တစ်ခုတည်းကသာ ကောင်းကင်နှင့်မြေပြင်တခွင် ပဲ့တင်ထပ်နေသည်။

တုနှိုင်းမဲ့သော အရာများကို အကြိမ်ကြိမ်အခါခါ လုပ်ပြခဲ့သည့် အန်လင်းအား ကျောင်းသားများအားလုံးမှ ဂုဏ်ယူလေးစားကြသည်။

၎င်းတို့၏ နှလုံးသားထဲတွင် အန်လင်းမှာ စစ်နတ်ဘုရားတစ်ပါး ဖြစ်နေလေပြီ။

စုရှောင်လန်မှာ ဘေးပတ်ပတ်လည်တွင် အော်ဟစ်ဂုဏ်ပြုနေသူများကိုကြည့်ရင်း နွေးထွေးစွာ ပြုံးမိသည်။

သူမသည်လည်း အောင်မြင်မှုနှင့် ဂုဏ်ကျက်သရေအား ခံစားနေရသည်။

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ထိပ်ဆုံးတွင် ရှိနေသော အန်လင်းသည်ပင် အော်ဟစ်သံများကို ကြားနေရပြီး သူသည်လည်း စိတ်လှုပ်ရှားလာသည်။

ငါတကယ်နိုင်သွားပြီပဲ.....မဖြစ်နိုင်ဘူး ထင်ရပေမယ့် ဒီလိုပြိုင်ဘက်ကို တကယ်နိုင်ခဲ့ပြီ.....

အစောပိုင်း တိုက်ပွဲများမှာ သူ့အတွက် အမှန်တကယ် အထောက်အကူ ဖြစ်ခဲ့သည်။

သူသည် တာအိုပေါင်းစည်းခြင်း အဆင့်သို့ ရောက်ရှိခါနီး ပုဂ္ဂိုလ်အား တိုက်ခိုက်ခဲ့ပြီးနောက်တွင်မှ အစစ်အမှန် နတ်ဘုရားအား ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ ထိုတိုက်ပွဲများသည် သူ၏တိုက်ပွဲစွမ်းရည်အား တိုးတက်စေရုံသာမက တာအိုစွမ်းအင်၏ ဉာဏ်အလင်း ရရှိစေရန်ပါ အကူအညီ ဖြစ်စေသည်။

အန်လင်း ရုတ်ချည်းဆိုသလို တွေးတောမိသွားသည်။

ကိုးဆယ့်ကိုးထပ်မြောက်က ဧကရာဇ်ဇီဝေးကို နိုင်သွားပြီဆိုတော့ ငါ့ဆုလာဘ်က ဘယ်မှာလဲ.....

ဘုရားရေ.....

ဧကရာဇ်ဇီဝေးက အမွေအနှစ် မပြောနဲ့ ဘာမှကို မပေးပဲ ဒီတိုင်းပျောက်သွားတာလား......

ယီးထဲမှ.....အဲ့ဒါ ဖြစ်သင့်လို့လား.....

ထိုအချိန်မှာပင် အန်လင်းရှေ့သို့ ပိုင်ကျုံး ရောက်ရှိလာသည်။

"သမိုင်းတလျှောက် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် တစ်ခုလုံးကို ပထမဆုံး အနိုင်ရသူ ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ် ကျောင်းသားအန်လင်း။ မင်းက ကောင်းကင်ဘုံခုံရုံးရဲ့ ဒဏ္ဍာရီလာ သူရဲကောင်းပါ။ မင်းအကြောင်း ရေးထားတဲ့ ဂုဏ်ပြုတေးတွေကို ကောင်းကင်ဘုံခုံရုံးတင်မက ကိုးပြည်ထောင် တစ်ခုလုံးကပါ စပ်ဆိုကြလိမ့်မယ်။"

အန်လင်း၏ အမူအရာမှာ မည်းမှောင်နေသည်။

"အဲ့ဒါတွေ ကျွန်တော် ဂရုမစိုက်ဘူး။"

ပိုင်ကျုံး အူကြောင်ကြောင် ဖြစ်သွားရသည်။

"ကျောင်းသားအန်လင်းကိုကြည့်ရတာ တစ်ခုခုကို စိတ်အလိုမကျ ဖြစ်နေသလိုပဲ။"

"ကျွန်တော် မေးချင်တာက ကိုးဆယ့်ကိုးထပ်မြောက်ကို နိုင်သွားတဲ့အတွက် ရမယ့်အမွေအနှစ်က ဘယ်မှာလဲ။"

အန်လင်း မျက်နှာသေနှင့် မေးလိုက်သည်။

ပိုင်ကျုံး၏ ခန္ဓာကိုယ်မှာ တုန်ရီသွားရသည်။

အန်လင်း၏စကား ကြားမှသာ သူလည်းသတိရသွားခြင်း ဖြစ်သည်။ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် တစ်ခုလုံးအား သမိုင်းတလျှောက် ပထမဆုံး အနိုင်ရသူ ဖြစ်သောကြောင့် အမွေအနှစ် မရလျှင်ပင် ဆုလာဘ်များ ရရှိသင့်သည်။

သို့သော် ကိုးဆယ့်ကိုးထပ်အား အနိုင်ရခြင်းအတွက် ပေးအပ်ရမည့် ဆုလာဘ်များ သူ့ထံတွင် ရှိမနေပေ။

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်ရှစ်ထပ်ကိုပင် မည်သူကမှ အနိုင်မရခဲ့ဖူးပေ။

"မေးခွန်းကောင်းပဲ။"

ပိုင်ကျုံး လက်ခုပ်တီးကာ ဟန်လုပ်ပြုံးလိုက်သည်။

အန်လင်း : "......"

"အဲ့တော့....."

အန်လင်း စိတ်မရှည်တော့ပေ။

"အင်း...ဒီအကြောင်းကို နောက်မှဆွေးနွေးကြတာပေါ့။"

ပိုင်ကျုံး နဖူးထက်မှ ချွေးများကိုသုတ်ကာ တုံ့ပြန်သည်။

"ထားလိုက်ပါတော့...."

အန်လင်း သက်ပြင်းသာ ချမိတော့သည်။

"ကျွန်တော့်ကို ဒီကနေ ခေါ်ထုတ်သွားပေးဦး။"

ပိုင်ကျုံး: "......"

သူသည် ရေခဲရေနှင့် ပက်ခံလိုက်ရသလို ခံစားလိုက်မိသည်။

ပိုင်ကျုံး၏ ခံစားချက်များ ပျက်စီးသွားရလေပြီ။

အန်လင်းမှာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက် ရောက်ရှိသွားသည်နှင့် ဘုရင်တစ်ပါးလို ကြိုဆိုခံလိုက်ရသည်။

"နင့်ရင်ဘတ်က ဒဏ်ရာရော ဘယ်လိုနေလဲ။"

စုရှောင်လန်မှာ စိုးရိမ်ပူပန်စွာနှင့် အန်လင်းရှေ့ ရောက်ရှိလာသည်။

အမြဲစိမ်းနည်းစနစ်၏ အကျိုးသက်ရောက်မှုကြောင့် ဒဏ်ရာမှာ သွေးထွက်မနေတော့ပေ။

"စိတ်မပူပါနဲ့....ဒဏ်ရာသေးသေးလေးပါပဲ။"

အန်လင်း နွေးထွေးစွာပြုံးကာ စုရှောင်လန်၏ခေါင်းအား ပုတ်ပေးလိုက်သည်။

"အန်လင်း....မင်းရဲ့ တိုက်ပွဲစွမ်းရည်က အားလုံးထင်ထားတာထက် ကျော်လွန်နေတာပဲ။"

ထန်းရှီမန်မှာလည်း အလွန်အမင်း စိတ်လှုပ်ရှားနေသည်။

သူထက်အတန်းငယ်သူအား လေးစားရိုသေရသောနေ့ ရှိလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

"ရှင်ကသာ ရည်မှန်းချက် နည်းလွန်းနေတာပါ။"

စုရှောင်လန် ပြုံးကာစလိုက်သည်။

"အန်လင်း....မင်းက ပျင်းလွန်းတဲ့ စီနီယာအစ်ကိုကြီးထန်ကို စိတ်အားထက်သန်စေတာပဲ။"

ရွှမ်းယွမ်ချန် ပျော်ရွှင်စွာပြောသည်။

ထန်းရှီမန် မျက်နှာပျက်သွားရသည်။

"ငါကဘယ်တုန်းက ပျင်းလို့လဲ။ စီနီယာအစ်ကိုကြီးကို အခုလို ပြောစရာလား။"

အားလုံး ဝါးခနဲ ရယ်ပွဲကျသွားလေသည်။

ကျောင်းသားများရော၊ ဆရာများပါ စိတ်ကျေနပ်စွာနှင့် ဝေဖန်ဆွေးနွေးနေကြသည်။

ဓားအင်မော်တယ်သုန့်ရီမှာ လေးစားနေသော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုနေသည်။ အန်လင်း၏ လုပ်ရပ်များအား သူမလေးစားပဲ မနေနိုင်ပေ။

ထိုသို့ဖြင့် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် စမ်းသပ်မှုမှာ ဆုံးခန်းတိုင်သွားခဲ့သည်။

သို့သော် တသက်စာ မေ့မရနိုင်မည့် အဖြစ်အပျက်များစွာ ထင်ကျန်ခဲ့လေပြီ။

ရွှမ်းယွမ်ချန်သည် အံ့ဖွယ်စိတ်ဆန္ဒ တစ်ခုအား ဘဝကူးပေးခဲ့သည်။ စုချန်းရန်သည် ဖြည်းဖြည်းမှန်မှန်နှင့် မဆုတ်မနစ် ကြိုးစားခဲ့သည်။ စုရှောင်လန်သည် ထင်မှတ်မထားသော သူရဲကောင်းမလေး ဖြစ်လာသည်။ လျှိုချင်းဟွမ်သည် ထူးခြားသော မိုးကြိုးကပ်ဘေးအား ခံယူခဲ့ပြီး ထန်းရှီမန်မှာလည်း အထပ်နှစ်စာမျှ မတော်တဆ အကူအညီနှင့် တက်ခွင့်ရခဲ့သည်။ ထိုအဖြစ်အပျက်များအား ဘယ်သူကမှ မေ့နိုင်တော့မည် မဟုတ်ပေ။

တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နတ်ဘုရားအား အနိုင်ယူပြီး အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် တစ်ခုလုံးအား အနိုင်ယူခဲ့သည့် လူငယ်အကြောင်းမှာလည်း မပါမဖြစ်ပင်။

သူ၏ဒဏ္ဍာရီလာ အောင်မြင်မှုသည် ထိုက်ချူကုန်းမြေ တစ်ခုလုံးထံ ပျံ့နှံ့သွားတော့မည်ပင် ဖြစ်တော့သည်။

All Chapters