ကြိုးကြာ
Vol. 22 Ch. 306
ရေသူမနှင့် ပင်လယ်နဂါးများ ကနေသည်ကို မြင်သောအခါ စုမင်မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဤမြင်ကွင်းသည် သူ့အတွက် တစ်စုံတစ်ရာ ရင်းနှီးနေခဲ့ပြီး သူ့စိတ်ထဲတွင် မှတ်ဉာဏ်တစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။ နက်မှောင်တောင်အား ဖျက်ဆီးခဲ့သော အနက်ရောင်ဝတ်ရုံနှင့်လူပင် ဖြစ်သည်။ ထိုလူသည်လည်း တိုက်ပွဲအဆုံးတွင် ယခုလိုပညာရပ်တစ်ခုကို ထုတ်ဖော်အသုံးပြုခဲ့ချေသည်။ သူ့ကိုယ်သူ သားရဲအရေတစ်ခုဖြင့် ဖုံးအုပ်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သော သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။
"အဲဒါ သားရဲပုံစံ အသွင်ပြောင်းလဲခြင်း ပညာရပ်လေ။ ရှင် အရင်က အဲအကြောင်းကြားဖူးမှာပေါ့။ အဲဒါက ဘိုးဘေးတွေဆီကနေ အနောက်ပိုင်းပင်လယ်ကလန် ဆက်ခံရရှိခဲ့တဲ့ ပညာရပ်တစ်ခုပဲ။ တောင်ပိုင်းအရုဏ်ဦးကုန်းမြေတစ်ခုလုံးမှာ အနောက်ပိုင်းပင်လယ်ကလန်ကလွဲလို့ အဲဒီပညာရပ်ကို ဘယ်သူမှအသုံးမပြုနိုင်ဘူး" စုမင်အား ပြောပြနေရင်း ကျီရှန်၏ မျက်နှာပေါ်တွင် ဂုဏ်ယူဟန်အမူအယာတစ်ခု ပေါ်လာခဲ့သည်။
စုမင်က တိတ်ဆိတ်ငြိမ်သက်နေဆဲပင် ဖြစ်သည်။
လေလံခန်းမအလယ် စင်မြင့်ပေါ်ရှိ ကျောက်တိုင်ထံမှ ရှေးကျသောအသံထွက်ပေါ်လာပြီးသည်နှင့် ကျောက်တိုင်အပေါ်ရှိ ပင်လယ်ရေများသည် တွန့်လိမ်ပုံပျက်သွားပြီး ကျောက်တိုင်ပေါ်တွင် ရပ်နေသည့် အဘိုးအိုတစ်ဦး ထွက်ပေါ်လာခဲ့သည်။
အဘိုးအိုသည် အပြာရောင်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး ဝတ်ရုံသည် အလွန်ကြီးမားလွန်းသဖြင့် သူ့ခြေထောက်အောက်ရှိ ကျောက်တိုင်မျက်နှာပြင်ကိုပင် ဖုံးအုပ်နေကာ ဝတ်ရုံ၏အချို့အပိုင်းများသည် ကျောက်တိုင်ပေါ်မှပင် ကျဆင်းနေခဲ့သေးသည်။ အဘိုးအို၏ ဆံပင်များသည်လည်း အပြာရောင်ဖြစ်ပြီး သူ၏ အိုမင်းနေသောအသွင်အပြင်ကြောင့်သာ မဟုတ်လျှင် တစ်ချက်ကြည့်လိုက်ရုံနှင့်တော့ သူ့အသက်အား ခန့်မှန်းနိုင်ရန်ခဲယဉ်းပေလိမ့်မည်။
"အေးခဲကောင်းကင်နယ်မြေထဲက မျိုးနွယ်စုဝင်တို့၊ ငါက အနောက်ပိုင်းပင်လယ်ကလန်ရဲ့ ဖုန်းရှောင်ဖုန်းပါ။ ဒီနေရာမှာ ရောက်နေပြီး လေလံပွဲတင်ဆက်သူဖြစ်ရတာ ဝမ်းမြောက်မိပါတယ်။ ဒီတစ်ကြိမ်တော့ အေးခဲကောင်းကင်ကလန်နယ်မြေထဲက မင်းတို့အတွက် အနောက်ပိုင်းပင်လယ်ကလန်က ရှားပါးတဲ့ပစ္စည်းများစွာ ပြင်ဆင်လာခဲ့တယ်။ ငါက စကားပြောမကောင်းလို့ ထပ်မပြောတော့ပါဘူး"
"ပထမဆုံး လေလံတင်ရောင်းချမယ့် ပစ္စည်းကတော့..."
အဘိုးအို စကားစပြောချိန်တွင် ပတ်ဝန်းကျင်၌ ကူးခပ်နေသော ပင်လယ်နဂါးကိုးကောင်၏ ဟိန်းဟောက်သံများ ရပ်တန့်သွားပြီး ရေသူမကိုးကောင်ထံမှ သီချင်းသံများလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ ဧရိယာအတွင်း အဘိုးအို၏အသံများသာ ပဲ့တင်ထပ်နေခဲ့ချေသည်။
အဘိုးအို နောက်ဆုံးဝါကျကို ပြောဆိုပြီးသည်နှင့် ရေသူမတစ်ကောင်သည် အမြီးကိုလှုပ်ယမ်းလျက် အရှေ့သို့ရုတ်တရက် ကူးခတ်လာခဲ့သည်။ လွန်ခဲ့သောအချိန်ခဏလေးအထိ သူမလက်ထဲတွင် မည်သည့်အရာမှ မရှိခဲ့သော်လည်း ယခုတော့ သူမလက်များကြားတွင် ရေဝဲအသေးတစ်ခုဖြစ်ပေါ်လာပြီး သူမလက်များထဲတွင် ခရမ်းရောင်ဦးခေါင်းခွံတစ်ခု ရုတ်တရက်ပေါ်လာချေသည်။ သူမသည် ထိုအရိုးအား လူများသေချာမြင်နိုင်ရန် ခေါင်းပေါ်တွင်မြှောက်ကိုင်၍ ခန်းမအတွင်း လှည့်ပတ်ကူးခတ်လိုက်သည်။
ထိုဦးခေါင်းခွံသည် မာန်စွမ်းအားရှင်မျိုးနွယ်စုမှ လူများ၏ ဦးခေါင်းခွံဟုတ်ဟန်မတူချေ။ ၎င်း၏အရွယ်အစားသည် အင်တုံတစ်ခုစာ အရွယ်အစားရှိပြီး ဦးခေါင်းထိပ်မှ ငေါထွက်နေသော အရိုးအချို့သည် အေးစက်စက်အလင်းတစ်ဖြာ တောက်ပနေသည်။ ထိုအရာက သားရဲဦးခေါင်းခွံတစ်ခုဖြစ်သည်မှာ အရှင်းအလင်းပင်ဖြစ်သည်။
အထူးသဖြင့် ၎င်း၏ မျက်လုံးများအပေါ် မျက်ခုံးနှစ်ခု၏အလယ်တွင် အချိုးညီညီအက်ကြောင်းတစ်ခုရှိနေသဖြင့် ၎င်းတွင် တတိယမျက်လုံးရှိနေသကဲ့သို့ပင်။
အရိုးပေါ်ထွက်လာသည်နှင့် ဝမ်းနည်းပူဆွေးမှုလှိုင်းလုံးကြီး ပျံ့နှံ့လာသည်။ ထိုဝမ်းနည်းပူဆွေးမှုခံစားချက်သည် စစ်မှန်လွန်းသဖြင့် ပင်လယ်ရေများသည်ပင် အေးခဲသွားမည့်အရိပ်အယောင်များ စတင်ထွက်ပေါ်လာခဲ့သည်။ အကယ်၍ ၎င်းကဲ့သို့သာ ဖြစ်ခဲ့လျှင် အဆင်ပြေလိမ့်မည်ဖြစ်သော်လည်း ဦးခေါင်းခွံပတ်လည်ရှိ ပင်လယ်ရေများသည် အေးခဲသွားသည့်လက္ခဏာများ ပေါ်လာခဲ့သည်။ ရေသူမကူးခတ်ဖြတ်သန်းသွားသည့် နေရာများတွင် ရေခဲကွင်းများ ဖြစ်ပေါ်လာခဲ့ချေသည်။
"ထုံးစံအတိုင်းပါပဲ။ ပထမဆုံးပစ္စည်းရဲ့ အသေးစိတ်ဖော်ပြချက်တွေကို ကျွန်တော်တို့မပေးပါဘူး။
အဲဒါရဲ့ တန်ဖိုးကို လူကြီးမင်းတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ ဆုံးဖြတ်ရပါလိမ့်မယ်။ ကျွန်တော်တစ်ခုပြောနိုင်တာကတော့ ဒီသတ္တဝါအသက်ရှင်နေစဉ်တုန်းက ရိုးရေစတေးနယ်ပယ်ကြီးမြတ်သော ပြည့်စုံဆင့်ကလူတွေနဲ့ တူညီတဲ့စွမ်းအားရှိခဲ့တယ် ဆိုတာပါပဲ"
"ဒီအရိုးအတွက် ကြမ်းခင်းဈေးကတော့ ကျောက်ဒင်္ဂါး ၁၀၀၀၀၀ပါ။ လူကြီးမင်းတို့ ဈေးတိုးပေးတဲ့အကြိမ်တိုင်း အနိမ့်ဆုံး ကျောက်ဒင်္ဂါး ၁၀၀၀ တိုးမြင့်ပေးရပါမယ်" အဘိုးအို၏ မျက်လုံးများအတွင်း တောက်ပသောအကြည့်တစ်ခု ဖြစ်ပေါ်လာပြီး သူ့အသံသည် ကျယ်လောင်သော မိုးခြိမ်းသံသဖွယ် ဧရိယာတစ်ခုလုံးအား ပျံ့လွင့်သွားသည်။
လေလံခန်းမအတွင်း လူထောင်ပေါင်းများစွာရှိပြီး ၎င်းတို့အထဲမှ အချို့ဆိုလျှင် မနက်ခင်းအစောကြီးထဲက ဤနေရာသို့ ရောက်နေကြခြင်းဖြစ်သည်။ အဘိုးအို၏ အသံထွက်ပေါ်လာသည်နှင့် အားလုံးတိတ်ဆိတ်ငြိမ်သက်သွားလေသည်။
အချိ့လူများသည် ဤနေရာမျိုးတွင် ဆူညံသံများပြုလုပ်ရသည်ကို သဘောကျကြသော်လည်း ရောက်ရှိလာသူအများစုသည်တော့ တိတ်တိဆိတ်နေရန်သာ ရွေးချယ်တတ်ကြ၏။ ထုတ်ယူလာသောပစ္စည်းသည် ပိုမိုအဖိုးတန်သည်ဆိုလျှင် သံသယဝင်စရာမလိုအောင်ပင် ထိုပစ္စည်းအကြောင်း သိသူ ပိုနည်းပေလိမ့်မည်။ ထို့အပြင် ဤနေရာသို့ဖိတ်ကြားခံရသူများသည်လည်း လွတ်လပ်သောလူများဖြစ်သည်။ ဝယ်သူအနည်းငယ်ခန့်သည်သာ ရေစီးအတိုင်းလိုက်၍ ဈေးတင်ခြင်းများပြုလုပ်ပေလိမ့်မည်။
"၁၁၀၀၀၀" လေလံခန်းမအတွင်းရှိ လူအုပ်ထံမှ အသံတစ်သံထွက်ပေါ်လာသည်။ အသံထွက်ပေါ်လာသည်နှင့် လူများသည် ထိုနေရာသို့ လှမ်းကြည့်လိုက်ကြချေသည်။ ဈေးခေါ်လိုက်သောလူသည် ယောကျ်ားတစ်ဦးဖြစ်သည်။ သို့သော် ခေါင်းပေါ်တွင် ကောက်ရိုးခါးမောက်တစ်လုံး ဆောင်းထားသဖြင့် သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။
ဤဧရိယာထဲတွင် ထိုကဲ့သို့သော ပုံပန်းသွင်ပြင်မျိုးက မရှိသလောက်ပင်ဖြစ်သည်။
"၁၂၀၀၀၀"
"၁၃၀၀၀၀" တစ်စုံတစ်ယောက် စတင်ဈေးခေါ်လိုက်ခြင်းကြောင့် ထင်၏။ တစ်ဖြည်းဖြည်းဖြင့် ပိုမိုများပြားသောအသံများ ပေါ်လာခဲ့လေသည်။
စုမင်သည် နဝမမြောက်အခန်းထဲတွင်ရပ်လျက် ခရမ်းရင့်ရောင် သားရဲအရိုးကို တည်ငြိမ်စွာငေးကြည့်နေခဲ့သည်။
"အစ်ကိုစု ရှင် အဲဒါကိုကြိုက်လား" ထိုအရိုးသည် အေးစက်ခြင်းပင်ကိုယ်သဘာဝရှိသော အစွမ်းထက်သတ္တဝါတစ်ကောင် ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသောအရာဖြစ်သည်။ အနောက်ပိုင်းပင်လယ်ကလန်၏ အကြီးအကဲများထဲမှ တစ်ဦး ခရီးထွက်ချိန်တွင် ရရှိလာခဲ့ခြင်းဖြစ်သည်။ သူ့အဆိုအရဆိုလျှင် ဤသတ္တဝါသည် ရိုးရေစတေးနယ်ပယ်ရှိ မာန်စွမ်းအားရှင်များနှင့် တူညီသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ အဆင့်ချိုးဖျက်တက်ရောက်ရန် ကြိုးစားရင်း ကျရှုံးသွားသဖြင့် အေးခဲမီးတောက်ဖြင့် အရှင်လတ်လတ်လောင်ကျွမ်းခံခဲ့ရသည် ဟူ၍ပင်။ ဤဦးခေါင်းခွံမှအပ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး၊ အသားနှင့် သွေးများအားလုံး ပြာများအဖြစ် လောင်ကျွမ်းသွားခဲ့သည်ဟု ဆိုသည်။
"အဲဒီသတ္တဝါက သူမသေဆုံးခင် သူ့ရဲ့ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုကို ဦးခေါင်းခွံထဲမှာ သိုဝှက်ခဲ့လို့ ထိုဦးခေါင်းခွံက အေးခဲမီးတောက်ရဲ့ ဖျက်ဆီးခြင်းကိုမခံခဲ့ရဘူး။ နယ်မြေရပ်ခြားက ပညာရပ်တွေမှာ ကျွမ်းကျင်တဲ့လူသာ အဲဒါကိုရမယ်ဆိုရင် သူတို့က ဦးခေါင်းခွံအတွက် အာဟာရဖြည့်ဆည်းပေးပြီး အကျိုးကျေးဇူးတွေ ရိတ်သိမ်းနိုင်လိမ့်မယ်"
စုမင်အကြည့်သည် သားရဲအရိုးကို သေချာစူးစမ်းလေ့လာနေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် ခေါင်းခါယမ်းလိုက်တော့သည်။
"၂၁၀၀၀၀" လေလံခန်းမအတွင်းမှ အသံတစ်သံထွက်ပေါ်လာသည်။ ပြောလိုက်သူသည် ကောက်ရိုးဦးထုပ်ဆောင်းထားသော ပထမဆုံးဈေးခေါ်ခဲ့သည့် အမျိုးသားပင်ဖြစ်သည်။
သူဈေးခေါ်လိုက်သည်နှင့် အချိန်အတော်ကြာသည်အထိ မည်သည့်အသံမှ ထပ်ပေါ်မလာတော့ပေ။ အပြာရောင်ဆံပင်ဖြင့် အဘိုးအိုက ခပ်ဖွဖွပြုံးလိုက်သည်။
"၂၁၀၀၀၀... ပစ္စည်းကို အခုဒီက လူကြီးမင်း ပိုင်ဆိုင်သွားပါပြီ"
"ကျွန်တော်တို့ အခု ဒုတိယပစ္စည်းအတွက် ဈေးစခေါ်ကြတာပေါ့။ ဒီတစ်ခုကတော့ အတော်လေးစိတ်ဝင်စားစရာပါပဲ..."
အဘိုးအိုသည် စကားများကို ရပ်တန့်လိုက်ရာ ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသည့် ပင်လယ်နဂါးတစ်ကောင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး အဘိုးအိုထံ ဦးတည်ကူးခတ်သွားခဲ့သည်။ အဘိုးအိုဘေးသို့ ရောက်သောအခါ ၎င်းခန္ဓာကိုယ်က တွန့်လိမ်သွားပြီး လူပုံစံပြန်ပြောင်းသွားချေသည်။ ထိုအမျိုးသားသည် သူ့လက်များကို ခေါင်းပေါ်သို့မြှောက်လိုက်ရာ သူ့လက်များထဲတွင် အနက်ရောင်ကျောက်သားဓားရှည်တစ်ချောင်း ပေါ်လာခဲ့သည်။
ထိုဓားကို အလွန်အကြမ်းထည်ဆန်စွာပြုလုပ်ထားသဖြင့် ဓားတစ်ချောင်း၏ပုံစံအား မရေမရာသာ တွေ့မြင်နိုင်ချေသည်။ ဓား၏ ကိုယ်ထည်က ကြမ်းတမ်းနေရုံသာမက တစ်စုံတစ်ရာထူးခြားပုံလည်း မပေါ်ပေ။
"သားရဲကောင်ကို ခေါ်လာခဲ့" အဘိုးအိုက အသာအယာပြောသည်။
အဘိုးအိုအသံ ထွက်ပေါ်လာသည်နှင့် အနောက်ပိုင်းပင်လယ်ကလန်လူတစ်ယောက်သည် လူအုပ်အတွင်းမှ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ထိုလူက လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်ရာ ခြင်္သေ့နှင့်တူသော သားရဲတစ်ကောင် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ထိုသားရဲ၏ မျက်လုံးများသည် သွေးနီရောင်ရဲနေပြီး ထွက်ပေါ်လာသည်နှင့် ကောင်းကင်သို့ ဦးတည်ဟိန်းဟောက်လိုက်သော်ငြား သူ့မျက်လုံးများသည်တော့ ကြောက်ရွံ့မှုများပြည့်နေခဲ့သည်။ ၎င်းက နောက်ဆုတ်ရန်ပြင်လိုက်စဉ်မှာပင် အဘိုးအိုသည် ကျောက်ဓားရှည်ကို ဆွဲယူလိုက်ပြီး သားရဲကိုညွှန်ပြလိုက်သည်။
ထိုလှုပ်ရှားမှုတစ်ချက်တည်းနှင့်ပင် သားရဲက စူးရှနာကျင်စွာအော်ဟစ်လိုက်ရချေသည်။ ၎င်းခန္ဓာကိုယ်သည် အပြင်းအထန် စတင်တုန်ယင်လာပြီး လူအုပ်အတွင်း ဆွေးနွေးသံများ ထွက်ပေါ်လာချိန်မှာပင် သားရဲ၏ခန္ဓာကိုယ်က သွေးအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်း၏အရိုးများသည်ပင် အရည်ပျော်သွားခဲ့ပြီး သွေးအိုင်ထံမှ အနက်ရောင်သားမွေးတစ်ခုသာ ထွက်ပေါ်လာခဲ့သည်။ ထိုသားမွေးအတွင်း သားရဲ၏ အရိပ်သေးသေးလေးကို ဝေဝေဝါးဝါးမြင်နိုင်ချေသည်။ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းသည် အဘိုးအိုလက်ထဲရှိ ကျောက်သားဓားထံသို့ တည့်တည့်ပျံသန်းလာကာ အတွင်းသို့ဝင်ရောက်ပျောက်ကွယ်သွားချေသည်။
"စိတ်ဝိညာဉ်ခွဲခြား ကျောက်တုံး"
"အဲဒါ စိတ်ဝိညာဉ်ခွဲခြား ကျောက်တုံးပဲ"
"ဘယ်လိုတောင် ဖြုန်းတီးလိုက်တဲ့လူလဲ။ ဓားတစ်ချောင်းလုပ်ဖို့ စိတ်ဝိညာဉ်ခွဲခြားကျောက်တုံးအကြီးကြီးကို သုံးပစ်ခဲ့တယ်တဲ့လား"
လူအုပ်အတွင်းမှ ကျယ်လောင်စွာအော်ဟစ်ဆွေးနွေးသံများ ထွက်ပေါ်လာသည်။ ဓား၏ ပုံပန်းသွင်ပြင်ကြောင့် အသံများမြင့်တက်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ကျောက်တုံး၏ ဂုဏ်သတင်းသည် မယုံနိုင်လောက်အောင်ပင် ကျော်ကြားသော်လည်း ၎င်း၏ ပုံသဏ္ဍာန်ကြောင့် မည်သည့်အရာဖြစ်ကြောင်း အလွယ်တကူ မပြောနိုင်ခဲ့ကြချေ။ ၎င်းသက်ရောက်မှုသည် အလွန်ရှားပါးလွန်းပြီး ထိုကျောက်တုံးတစ်မျိုးတည်းတွင်သာ ယခုလို အကျိုးသက်ရောက်မှုမျိုးရှိခြင်း ဖြစ်သည်။ ထိုအကြောင်းကို လူများစွာသိထားကြသော်လည်း အမှန်တစ်ကယ်မြင်တွေ့ဖူးသူကတော့ အနည်းငယ်မျှသာ ရှိလေသည်။
အဘိုးအိုသည် ပြုံးလိုက်ပြီး ဖြည်းညင်းစွာပြောဆိုလိုက်သည်။ "ဟုတ်ပါတယ်။ ဒါက စိတ်ဝိညာဉ်ခွဲခြားကျောက်တုံးနဲ့လုပ်ထားတဲ့ ဓားပါပဲ။ ကောင်းပြီ၊ ဒီပစ္စည်းအတွက် ကျွန်တော်အများကြီး ပြောပြနေစရာမလိုလောက်တော့ပါဘူး။ ဒါအတွက် ကြမ်းခင်းဈေးကလည်း အတူတူပါပဲ။ ၁၀၀၀၀၀ ပါခင်ဗျာ"
"၂၀၀၀၀၀"
"၂၅၀၀၀၀"
"၂၈၀၀၀၀"
"၃၀၀၀၀၀"
ဈေးခေါ်သံများ ချက်ချင်းထွက်ပေါ်လာပြီး ထိုအသံများကြောင့် ကျောက်ဓားရှည်၏ ဈေးနှုန်းသည် ၎င်း၏မူလကြမ်းခင်းဈေးမှ အဆပေါင်းများစွာ ခုန်တက်သွားခဲ့သည်။
စုမင်သည် လသာဆောင်တွင်ရပ်လျက် ကျောက်ဓားရှည်ကို လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးများအတွင်း စူးရှသောအကြည့်တစ်ခု ဖျတ်ခနဲ ဖြစ်ပေါ်လာခဲ့သည်။ ထိုအဘိုးအိုသည် တည်ငြိမ်နေပုံပေါ်ပြီး သူ့နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ဆင်မြန်းထားဆဲ ဖြစ်သည်။ သူသည် အလွန်သက်သောင့်သက်သာ ဖြစ်နေပုံပေါ်သော်လည်း လေလံပွဲနောက်ကွယ်တွင် လိျှူ့ဝှက်ချက်တစ်ချို့ရှိနေသည်ကို စုမင်ပြောနိုင်၏။
ထိုလျှို့ဝှက်ချက်များကို ခန့်မှန်းကြည့်ရန်မခဲယဉ်းပေ။ အနောက်ပိုင်းပင်လယ်ကလန်က ဖုံးကွယ်ရန်မကြိုးစားခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ အေးခဲကောင်းကင်နယ်မြေအတွင်းရှိ လေလံပွဲနောက်ကွယ်မှ အရာများကို နားလည်သဘောပေါက်သူ အနည်းငယ်သာရှိချေသည်။ သို့သော် ထိုအရာများက စည်းမျဉ်းများဖြစ်နေသဖြင့် သူတို့သိနေလျှင်တောင် ပြောင်းလဲနိုင်ခြင်းမရှိပေ။
'မဆိုးပါဘူး။ ရာစုနှစ်တစ်စု တစ်ကြိမ်ကျင်းပတဲ့ လေလံပွဲမှာ တန်ဖိုးကြီးမားတဲ့ ရတနာတွေအများကြီး ထုတ်ယူအသုံးပြုလိုက်ခြင်းအားဖြင့် သူတို့က လူတွေရဲ့နှလုံးသားထဲမှာရှိတဲ့ လောဘကြီးမှုကို နှိုးဆွပေးလိုက်တာပဲ။ လေလံဆွဲသူတွေ တစ်ဦးနဲ့ တစ်ဦးယှဉ်ပြိုင်ကြရင်း ပဋိပက္ခတွေ ဖြစ်လာကြလိမ့်မယ်။ အမှန်တော့ လေလံပွဲပြီးဆုံးသွားတိုင်း အသတ်ခံရတဲ့လူတွေ ရှိမှာပဲ'
'ရတနာတွေကို ရသွားတဲ့လူတွေက အဲဒီပစ္စည်းတွေကို ရိုးရိုးလေးပိုင်ဆိုင်လိုက်မိရုံနဲ့တောင် သေဒဏ်ကျခံရနိုင်တဲ့ အကြီးမားဆုံးရာဇဝတ်မှုကို ကြီးလွန်မိသလို ဖြစ်သွားလိမ့်မယ်။ သူတို့အသတ်ခံရခြင်းက လွတ်မြောက်လာရင်တောင် တစ်ခြားသူတွေကတော့ မှတ်မိနေဦးမှာပဲ။ တစ်ခြားသူတွေကလည်း အခွင့်အရေး ရလာခဲ့ရင်...'
'ဒီနည်းလမ်းနဲ့ဆိုရင် သူတို့က အေးခဲကောင်းကင်ကလန်ရဲ့ စွမ်းအားကို အားနည်းသွားစေလိမ့်မယ်။ အေးခဲကောင်းကင်ကလန်ကလည်း အနောက်ပိုင်းပင်လယ်ရဲ့ နယ်မြေထဲမှာ လေလံပွဲကျင်းပရင်း အလားတူအရာမျိုး လုပ်နေတာပဲ။ သူတို့ရည်ရွယ်ချက်တွေက အတူတူပဲ'
စုမင် ခေါင်းခါယမ်းလိုက်မိသည်။ လေလံပွဲ၏ ရည်ရွယ်ချက်ကို သိလျှင်တောင် သူထိုအရာကို ပြောင်းလဲမပစ်နိုင်သလို ဤနေရာမှလည်း ထွက်မသွားနိုင်ပေ။ ဤနေရာတွင် သူလိုချင်နေသော အရာတစ်ခုရှိနေခဲ့သည် မဟုတ်ပါလား...
ဝိညာဉ်ခွဲခြားကျောက်ဓားရှည်သည် နောက်ဆုံးတွင် ကျောက်ဒင်္ဂါး ၉၃၀၀၀၀ ဈေးနှုန်းဖြင့် ရောင်းထွက်သွားခဲ့သည်။ ပစ္စည်း၏ တန်ဖိုးအစစ်အမှန်ကို မေ့ထားလျှင်တောင် ထိုပစ္စည်းကိုဝယ်ယူသွားသူသည် ဈေးကွက်တန်ဖိုးထက် လျော့နည်း၍ ရရှိသွားလျှင်လည်း သူ နောက်ဆက်တွဲ အကျိုးဆက်များပေးဆပ်ရပေဦးမည်။ ထိုလူသည် ကျောက်ဒင်္ဂါးများအား အလျင်အမြန်ပေးချေ၍ ထိုဓားနှင့် ဤဧရိယာအတွင်းမှ မည်မျှ မြန်မြန်ထွက်ခွာသွားနိုင်ပါစေ၊ သူ့အားစောင့်ကြိုနေမည့်အရာသည် အဖန်တလဲလဲ ထွက်ပြေးခြင်းနှင့် လွတ်မြောက်ခြင်းတို့ပင်ဖြစ်သည်။
"ဒီတစ်ကြိမ် ကျွန်တော်ထုတ်ပြမယ့်ပစ္စည်းက ကျွန်တော်တစ်ကယ်ကြိုက်တဲ့အရာပါ။ ကျွန်တော်က ဆင်းရဲလို့ အဲဒါကိုမဝယ်နိုင်တာကတော့ စိတ်မကောင်းစရာပါပဲ..."
အပြာရောင်ဆံပင်နှင့် အဘိုးအိုသည် သက်ပြင်းရှည်ကြီးချလိုက်ပြီး ညာလက်ကိုမြှောက်လိုက်သည်။ ဤတစ်ကြိမ် ပစ္စည်းကိုတော့ ရေသူမများ၊ ပင်လယ်နဂါးများ ထုတ်ယူလာခြင်းမဟုတ်ပေ။ ထိုအစား ပစ္စည်းသည် အဘိုးအိုနှင့်အတူရှိနေခဲ့ခြင်းဖြစ်၏။
သူလက်မြှောက်လိုက်သည်နှင့် လူတိုင်း၏အကြည့်က အဘိုးအိုထံသို့ ကျရောက်လာခဲ့သည်။ အဘိုးအို၏ လက်များထဲတွင်တော့ မြက်များဖြင့်ပြုလုပ်ထားသည့် ကြိုးကြာတစ်ကောင်ကို ကိုင်ထားချေသည်။
"ဒီကြိုးကြာက တစ်ခြားကမ္ဘာက ထူးခြားဆန်းကြယ်တဲ့
သတ္တဝါတစ်ကောင်ပါ။ သူ့မှာသိမ်မွေ့ကျိုးနွံတဲ့ စရိုက်သဘာဝရှိပြီး အဲဒီ နေရာက အင်မော်တယ်တွေရဲ့ ကြိုက်နှစ်သက်ခြင်းကိုလည်း ခံရတယ်။ ဒီကြိုးကြာ ဘယ်လိုဖြစ်ပေါ်လာလဲဆိုတာ ကျွန်တော်တို့မစစ်ဆေးနိုင်ပေမယ့်
ဒါက ကျွန်တော်တို့မာန်စွမ်းအားရှင်တွေ လုပ်နိုင်တဲ့အရာမျိုးမဟုတ်တာကတော့ ရှင်းလင်းနေတာပဲလေ"
"ဒီကြိုးကြာပြုလုပ်ဖို့ ဘယ်လိုမြက်မျိုး သုံးခဲ့မှန်း ကျွန်တော် မသိဘူး။ ဒါပေမယ့်..."
အဘိုးအိုသည် ညာလက်ကိုမြှောက်၍ သူ့ရှေ့သို့ဝှေ့ယမ်းလိုက်သည်။ ကြိုးကြာသည် ချက်ချင်းဝဲပျံသွားပြီး သိမ်မွေ့သောအလင်းတစ်ဖြာနှင့်အတူ အစစ်အမှန် အင်မော်တယ်ကြိုးကြာတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် ဧရိယာတစ်ဝိုက် ပျံဝဲလိုက်ပြီး ၎င်း၏ လှပသောလှုပ်ရှားမှုများက လေထုအတွင်း သာယာသောအသံများကို နှိုးဆွလိုက်ပုံရသည်။ ပျံသန်းနေရင်းဖြင့် ၎င်း၏စိတ်ဝိညာဉ်မရှိသောမျက်လုံးများသည် ဧရိယာတစ်ခုလုံးအား ဝေ့ဝဲကြည့်ရှုသွားခဲ့သည်။
၎င်း၏မျက်လုံးများသည် လသာဆောင်ရှိ စုမင်အခန်းပေါ်သို့ ကျရောက်သွားသည့်အခိုက်အတန့်တွင် ၎င်းသည် အနည်းငယ်တုန်ရီသွားသော်လည်း မကြာမီမှာပင် ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး အဘိုးအို၏လက်ထဲသို့ ပြန်လည်ပျံသန်းသွားကာ မြက်ဖြင့်ရက်လုပ်ထားသောအရာတစ်ခုအဖြစ် ပြန်လည်ပြောင်းလဲသွားလေသည်။
"ဒီအရာရဲ့အထဲမှာ ကျွန်တော်တို့မာန်စွမ်းအားရှင်တွေနဲ့ မသက်ဆိုင်တဲ့ပညာရပ်တစ်ခုပါတယ်။ ကျွန်တော့ရဲ့ နားလည်သဘောပေါက်ထားမှုအရ ဆိုရင်တော့ ဒီမြက်တွေက သာမန်မြက်တွေပဲ ဖြစ်ပါလိမ့်မယ်။ ဒီအရာက အစစ်အမှန်ကြိုးကြာအဖြစ် ပြောင်းလဲပြီး ပျံသန်းနိုင်တဲ့ အကြောင်းအရင်းကတော့ တစ်ခြားကမ္ဘာတွေမှာပဲ ရှိတဲ့ စိတ်ဝိညာဉ်တစ်မျိုးကြောင့်ပါပဲ။ အဲဒါကိုတော့... တာအို လို့ခေါ်ပါတယ်"
"အဲဒါရဲ့ စိတ်ဝိညာဉ်ကို နားလည်နိုင်တဲ့သူတွေကိုတော့ ကျွန်တော်ဒီနေရာကနေပဲ ကြိုတင်ဂုဏ်ပြုလိုက်ပါရစေ။ ဒီပစ္စည်းရဲ့ ကြမ်းခင်းဈေးကလည်း အတူတူပါပဲ။ ၁၀၀၀၀၀ ပါခင်ဗျာ" အပြာရောင်ဆံပင်နှင့် အဘိုးအို၏ အသံက ထွက်ပေါ်လာခဲ့သည်။
စုမင်မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ လေထဲတွင် အင်မော်တယ်ကြိုးကြာ ပျံသန်းနေခဲ့ချိန်က သူ့နတ်ဘုရားစိတ်အာရုံက အနည်းငယ်လှုပ်ရှားသွားခဲ့လေသည်။ ထိုအင်မော်တယ် ကြိုးကြာအတွင်းတွင် တူညီသော်လည်း ပိုမိုအားပျော့သည့် နတ်ဘုရားစိတ်အာရုံတစ်ခု ပါဝင်နေပုံပေါ်သည်။ ထိုနတ်ဘုရားစိတ်အာရုံသည်လည်း သူ့ကိုသတိပြုမိပုံပေါ်ပြီး ထို့ကြောင့်သာ ကြိုးကြာသည် စုမင်ထံ လှမ်းကြည့်သွားခဲ့ခြင်းဖြစ်သည်။
"၅၀၀၀၀၀" အမျိုးသမီးတစ်ဦး၏ အသံက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ထိုအမျိုးသမီး၏အသံသည် အလွန်ညင်သာသိမ်မွေ့သော်လည်း သူမအသံထွက်ပေါ်လာသည်နှင့် ထိုအသံပိုင်ရှင်အား လူအများအပြားက ချက်ချင်းမှတ်မိသွားခဲ့ကြသည်။
လူအုပ်အတွင်းတွင် မည်သူကမှအနီးမကပ်ဝံ့သည့် နေရာအချို့ရှိသည်။ အတော်ကျယ်ဝန်းသော နေရာတစ်ခုတွင်တော့ အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ရှည်လျားသောဆံပင်ရှည်များဖြင့် အမျိုးသမီးတစ်ဦး ရပ်နေခဲ့သည်။ သူမသည် ထွက်ပေါ်လာခဲ့သည့် တည်ငြိမ်အေးဆေးသောအသံပိုင်ရှင် ဖြစ်သည်။
သူမသည်ကား ထျန်းလန်မုန်ပင် ဖြစ်၏။
***